အမှောင်စွမ်းအင်ပေါက်ကွဲခြင်း (၂)
Vol. 61 Ch. 1035
"ကျေးဇူးပဲ"
လင်းရှန်က တိုးညှင်းစွာပြောလိုက်ပြီးနောက်ထကာ ထိုမိန်းကလေးငယ်ကို ဘေးနားရှိ ဆိုဖာကုလားထိုင်ဆီသို့ အသာအယာပွေ့ချီသွားပြီး စောင်ခြုံပေးလိုက်သည်။
အားလုံး ပြီးစီးသွားသောအခါ သူသည် ထိန်းချုပ်ခန်းဆီသို့သွားရန် တံခါးအပြင်သို့ ထွက်ခဲ့သည်။ သို့သော် အိပ်ခန်းတံခါးကို ဖွင့်လိုက်သောအခါ ရထားတွဲအတွင်းရှိ မီးများအားလုံး ပိတ်ထားပြီး လူသွားလမ်းရှိ မီးရောင်ငယ်များကသာ ရထားတွဲနှင့် စင်္ကြန်လမ်း၏ ပုံရိပ်ကို ဖော်ပြနေသည်ကို တွေ့လိုက်ရသည်။
လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး ထိန်းချုပ်ခန်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။ ထိုအခါ ချန်ဆီရွှမ်သည် ထိုင်ခုံတွင် မှီ၍ အိပ်ပျော်နေပြီး ဗိုင်အိုလာတစ်ယောက်တည်းသာ လက်ပိုက်လျက် ထိန်းချုပ်ခုံရှေ့တွင်ရပ်ကာ စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။
"ဘာလို့ အားလုံးအိပ်ပျော်နေကြတာလဲ"
လင်းရှန်၏ အမူအရာက ရှုပ်ထွေးသွားသည်၊၊
"ပြီးတော့ ငါတို့တွေ ပင်လယ်ရေစီးကြောင်းထဲကနေ ထွက်လာခဲ့ပြီလား။ ငါ့ကို ဘာလို့အကြောင်းမကြားတာလဲ"
[စိတ်ချပါ... ရှင် ပေးထားတဲ့ အစီအစဉ်အတိုင်း ကျွန်မ ဆောင်ရွက်ခဲ့တာမို့ လောလောဆယ်တော့ အားလုံးပုံမှန်ပါပဲ]
ဗိုင်အိုလာက ခေါင်းလှည့်၍ လင်းရှန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်၊၊
[ကျွန်မတို့ရဲ့ ယာဉ်တန်းဟာ လွန်ခဲ့တဲ့ ၅ နာရီနဲ့ ၃၂ မိနစ်လောက်က ဘုရင်မကျွန်းရဲ့တောင်ဘက် ရေစီးကြောင်းနယ်ပယ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီနယ်ပယ်ရဲ့ ပျမ်းမျှအနက်က မီတာ ၃၃၀၀ ရှိပါတယ်။ ခွဲခြမ်းစိတ်ဖြာပြီး စမ်းသပ်စစ်ဆေးပြီးတဲ့နောက် မစ္စချန်ဆီရွှမ်က ရီပက်ဘလစ်ကန်ကျွန်းစုဆီကို အရှိန်လျှော့ပြီး တိတ်တဆိတ်ရှေ့တိုးမယ့် ကျွန်မရဲ့ အဆိုပြုချက်ကို သဘောတူခဲ့ပါတယ်။ လုံခြုံရေးအတွက် ကျွန်မက ယာဉ်တန်းရဲ့ ခရီးစဉ်အရှိန်ကို ရေမိုင် ၁၅ နှုန်းမှာ သတ်မှတ်ထားပြီး အနက်ကို မီတာ ၁၅၀၀ မှာ ထိန်းထားပါတယ်။ ဒီအနက်က လေ့လာစောင့်ကြည့်မှု ပုံစံအကာအကွယ်အတွက် လူမဲ့ရေငုပ်ကိရိယာတွေကို ဖြန့်ကျက်ဖို့ လုံလောက်တဲ့အနက်ဖြစ်ပါတယ်]
လင်းရှန်က ပြန်ပြောလိုက်သည်၊၊
"ဒါဆို ငါတို့တွေ ရီပက်ဘလစ်ကန်ကျွန်းစုဆီကို ဦးတည်ပြီး ခရီးနှင်နေခဲ့တာ ၅ နာရီတောင် ရှိပြီပေါ့"
[ဟုတ်ပါတယ်... အန္တရာယ်ရှိတဲ့ နယ်ပယ်ကနေ ထွက်လာပြီးနောက် ရထားထဲက အဖွဲ့သားတွေလည်း တဖြည်းဖြည်းအနားယူလာကြပါတယ်။ ကျွန်းပေါ်ကနေ ထွက်ပြေးလွတ်မြောက်လာရတာ စွမ်းအင်တွေအများကြီးကုန်ခမ်းသွားခဲ့ပုံရတာကြောင့် လောလောဆယ် အဖွဲ့ဝင်အများစုက နှစ်ခြိုက်စွာ အိပ်ပျော်နေကြပါတယ်။ ဒါက အကာအကွယ်နဲ့ ဆင့်ကဲပြောင်းလဲမှုပုံစံတစ်မျိုးလို့ ကျွန်မ ယူဆတာကြောင့် မိုးလင်းတဲ့အထိ အားလုံး အေးအေးဆေးဆေးအနားယူနိုင်အောင် ရထားတွဲရဲ့ မီးအလင်းအမှောင်ကို ချိန်ညှိပေးထားတာပါ]
“စွမ်းအင်တွေ အများကြီးကုန်ခမ်းသွားတာမဟုတ်ဘူး။ သွေးကပ်ဘေးပန်းက သန့်စင်တဲ့ အမှောင်စွမ်းအင်တွေ အများကြီးထုတ်လွှတ်လိုက်လို့ပဲ”
လင်းရှန်သည် ရထားတွဲအတွင်း ပြည့်နှက်နေသော အလင်းပိတ်လုနီးပါးဖြစ်နေသည့် အစိမ်းရောင်စွမ်းအင်များကို လှည့်ကြည့်ရင်း မျက်မှောင်အနည်းငယ်ကုတ်ကာ တိုးတိုးလေးရေရွတ်လိုက်သည်၊၊
“ဒီလောက်အများကြီးပဲ... ဘာတွေဖြစ်နေတာလဲ”
မည်သည့် ထူးဆန်းသောသတ္တဝါများနှင့်မျှ ရင်ဆိုင်ခဲ့ရခြင်းမရှိပါဘဲ သေားကပ်ဘေးပန်းက အဘယ်ကြောင့် ဤမျှလောက်များပြားသည့် အမှောင်စွမ်းအင်များကို စုပ်ယူထားနိုင်ခဲ့သည်ကို လင်းရှန် နားမလည်နိုင်ဖြစ်နေရသည်။ သူ အနောက်ဘက် ရထားတွဲများဆီသို့ လျှောက်လှမ်းသွားရာ အမှောင်စွမ်းအင်များက ပိုမိုသိပ်သည်းလာသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင်အတွေးတစ်ခုချက်ချင်းဝင်လာခဲ့သည်။
အမှောင်စွမ်းအင်တွေ အများကြီးစုပ်ယူမိတာက ဘေးထွက်ဆိုးကျိုး ရှိနိုင်တယ်။ လူတွေအများကြီး အိပ်ပျော်ကုန်တာက စိုးရိမ်စရာပဲ။
သို့သော် လင်းရှန် တွဲ ၁ ဆီသို့ ပြန်အလှည့်တွင် သူ၏ ရှေ့၌ အလင်းမျက်နှာပြင်တစ်ခုရုတ်တရက်ပေါ်ထွက်လာသည်။
[ယန္တရားမဟုတ်သော စွမ်းအင်ကို ပြောင်းလဲပြီးပါပြီ။ ယန္တရားရင်းမြစ်အမှတ် ၁၀၀၀ ရရှိသည်]
“တကယ်ပဲ... ကုဗတုံးက ငါ့အတွက် ယန္တရားရင်းမြစ်အမှတ်တွေကို ထပ်ပြီး ပြောင်းလဲပေးနေတာပဲ...”
[ယန္တရားမဟုတ်သော စွမ်းအင်ကို ပြောင်းလဲပြီးပါပြီ။ ယန္တရားရင်းမြစ်အမှတ် ၁၀၀၀ ရရှိသည်]
နောက်တစ်လှမ်း လှမ်းလိုက်သည့်အချိန်တွင်လည်း အလင်းမျက်နှာပြင်က ဆက်တိုက်ပေါ်ထွက်လာနေဆဲဖြစ်သည်။
လင်းရှန် ခြေစုံရပ်သွားမိသည်။ ထိုအချိန်တွင် ယန္တရားနှလုံးသား၏ အလင်းမျက်နှာပြင်သည် နောက်ကျမှ တက်လာသည့် အကြောင်းကြားစာများကဲ့သို့ တစ်ခုပြီးတစ်ခုဆက်တိုက်ပေါ်လာနေသဖြင့် လင်းရှန်ကို ခြေလှမ်းများပင် ရပ်တန့်သွားစေသည်။
[ယန္တရားမဟုတ်သော စွမ်းအင်ကို ပြောင်းလဲပြီးပါပြီ။ ယန္တရားရင်းမြစ်အမှတ် ၁၀၀၀ ရရှိသည်]
၃၀၀၀...
၄၀၀၀...
အလင်းမျက်နှာပြင်များ ဆက်တိုက်ပေါ်ထွက်လာနေစဉ် လင်းရှန်သည် သူ၏ ယန္တရားနှလုံးသားအတွေ့အကြုံအဆင့်ဂဏန်းများ အဆက်မပြတ်ပြောင်းလဲနေသည်ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေမိသည်။ အလင်းမျက်နှာပြင်မှာလည်း ရပ်တန့်မည့် အရိပ်အယောင်မရှိဘဲ အဆုံးမရှိ ပေါ်လာနေခဲ့သည်။
၅၀၀၀...
၇၀၀၀...
၁၀၀၀၀...
[ယန္တရားမဟုတ်သော စွမ်းအင်ကို ပြောင်းလဲပြီးပါပြီ။ ယန္တရားရင်းမြစ်အမှတ် ၄၀၀ ရရှိသည်]
နောက်ဆုံး ယန္တရားရင်းမြစ်အမှတ်ပေါ်ထွက်လာပြီးသည့် အချိန်တွင်မှ သူ၏ ယန္တရားနှလုံးသားအဆင့်မှာ ယခင်က ဒရက်နော့တ်အဆင့်ပျက်စီးနေသောသင်္ဘောဗားရှင်းထံမှ ရခဲ့သော ၂၂၂၂၀ အမှတ်မှနေ၍ ၃၉၈၀၀ အမှတ်အထိ တဟုန်ထိုးတက်လှမ်းသွားခဲ့ပြီဖြစ်ကြောင်း လင်းရှန် ရုတ်တရက်ရှာဖွေတွေ့ရှိလိုက်သည်။
အမှတ်တွေ အများကြီးပဲ။
“ဘာတွေဖြစ်ကုန်တာလဲ။ သွေးကပ်ဘေးပန်းက ဆေးမှားသောက်မိလို့လား”
ဤအခိုက်အတန့်တွင် လင်းရှန်၏ စိတ်ထဲ၌ အကြီးအကျယ်တုန်လှုပ်သွားရပြီး အနောက်ဘက်ရထားတွဲများဆီသို့ အပြေးအလွှားလျှောက်သွားခဲ့သည်။
တွဲ ၂ တွင် ကီကီသည် ပြန်လည်ကောင်းမွန်လာပြီး သတင်းအချက်အလက်စင်တာ၏ ကုလားထိုင်ပေါ်၌ အိပ်ပျော်နေသည်။ စောင့်ကြည့်ရေးမျက်နှာပြင်တွင် ရထားတွဲအသီးသီး၏ ပြင်ပအခြေအနေများကို ပြသနေသော်လည်း ထိုမိန်းကလေးငယ်၏ နှုတ်ခမ်းတွင် စိတ်စွမ်းအားအလွန်အမင်းသုံးစွဲခဲ့ရခြင်းကြောင့်ဖြစ်ပေါ်တတ်သည့် နွမ်းနယ်မှု သို့မဟုတ် နာကျင်မှုအရိပ်အယောင်မျိုး လုံးဝမရှိချေ။ ထို့ပြင် သူမသည် ဆုံလည်ကုလားထိုင်ပေါ်တွင် ပက်လက်လှန်လျက် သကြားစုပ်လုံးကို ကိုက်ထားဆဲဖြစ်သည်။
လင်းရှန်က အနားသို့ တည့်တည့်သွားကာ ကီကီ၏ ပါးစပ်ထဲမှ စုပ်လုံးတုတ်ချောင်းကို ဆွဲထုတ်လိုက်သည်။ သကြားလုံးက လုံးဝအရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။ သူက ကီကီကို အသာအယာပွေ့ချီကာ ကုတင်ပေါ်သို့ သွားတင်ပေးလိုက်ရာ အပေါ်ဘက် ကုတင်ထက်တွင်လည်း ရှားရှားသည်လည်း နှစ်ခြိုက်စွာအိပ်ပျော်နေသည်ကိုတွေ့ရသည်။
တွဲ ၃ ရှိ ပရမ်းပတာဖြစ်နေသော ဓာတ်ခွဲခန်းမှာ သပ်ရပ်အောင်သိမ်းဆည်းပြီးသားဖြစ်နေသည်။ လင်းရှန်က အနားယူတွဲတံခါးကို ဖွင့်ကြည့်လိုက်ရာ တင်းကျန်းရီသည် စည်းစနစ်တကျအိပ်ပျော်နေသည်ကို တွေ့ရသဖြင့် တံခါးကို အမြန်ပြန်ပိတ်လိုက်သည်။ တွဲ ၄ ရှိ သီးသန့်အနားယူနေရာတွင်မူ ဒါရိုက်တာတင်း၏ လက်ထောက်များဖြစ်ကြသော ရှောင်ယွမ်နှင့် မြောင်လုတို့ရှိနေပြီး သူတို့သည်လည်း နှစ်ခြိုက်စွာအိပ်ပျော်နေကြသည်။
နောက်ထပ် ရထားတွဲဖြစ်သည့် တွဲ ၅ တွင်မူ တာလို့၊ မီးတောက်၊ ရူဂျီနှင့် မာရှောင်ထန်းတို့အားလုံး အိပ်ပျော်နေကြသည်။ တွဲ ၆ ရှိ စားသောက်တွဲတွင်မူ လော့ယန်၊ လုချန်နှင့် ချီလီတို့က ဆိုဖာပေါ်တွင် ငိုက်မြည်းနေကြပြီး တွဲ ၇ နှင့် ၈ ရှိ လူပေါင်းဒါဇင်ကျော်မှာလည်း နှစ်ခြိုက်စွာအိပ်ပျော်နေကြသည်။
ရထားတစ်စင်းလုံး အိပ်ပျော်နေကြခြင်းဖြစ်သည်။
လင်းရှန် လိုက်ကြည့်လေလေ… အခြေအနေက ပိုပြီးမူမမှန်ဟု ခံစားရလေဖြစ်လာသည်။ သူသည် အနောက်ဘက်ဆုံးရှိ တွဲ ၁၀ ဆီသို့ အမြန်ဦးတည်လိုက်ရင်း တစ်ပြိုင်နက်တည်းမှာပင် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ပိုင်ဖုန်း-၀၉ ကို ဆက်သွယ်လိုက်သည်။
“ရိုင်ယန်... ငါပြောတာကြားရလား”
“အ အင်း... ဘာဖြစ်လို့လဲလင်း”
ကံကောင်းထောက်မစွာဖြင့် ရိုင်ယန်၏ အသံက ချက်ချင်း ပြန်လည်တုံ့ပြန်လာသည်။
“ရထားပေါ်က လူတွေအားလုံး အိပ်ပျော်ကုန်ကြပြီ။ ဒါက နည်းနည်းထူးဆန်းမနေဘူးလား”
ဤအခိုက်အတန့်တွင် ပိုင်ဖုန်း-၀၉ နျူကလီးယားရေငုပ်သင်္ဘော၏ ကွပ်ကဲမှုခန်းမအတွင်း၌ နားကြပ်တပ်ထားသော ရိုင်ယန်သည် အလယ်ဗဟိုတွင် မတ်တတ်ရပ်နေသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် ရေငုပ်သင်္ဘောမောင်းနှင်သူ တစ်ဒါဇင်ခန့်သာ တိတ်ဆိတ်စွာ စောင့်ကြပ်နေကြပြီး အခြားအခန်းများတွင်မူ အိပ်ပျော်နေသော လူများဖြင့် ပြည့်နှက်နေသည်။ သူက ချက်ချင်းပင် ပြောလိုက်သည်၊၊
“စိတ်မပူပါနဲ့ လင်း။ မင်းတို့ ရထားပေါ်မှာ ငါတို့ရဲ့ အမှောင်စွမ်းအင်ကြေးနီလုံးနဲ့ ဆင်တူတဲ့ တားမြစ်ပစ္စည်းတစ်ခုရှိနေတာ ဖြစ်ရမယ်။ ဒါက အမှောင်စွမ်းအင်တွေကို အများကြီးစုပ်ယူမိပြီးတဲ့နောက် ဖြစ်တတ်တဲ့ဘေးထွက်ဆိုးကျိုးပဲ။ အောက်ဆီဂျင်အဆိပ်သင့်တာမျိုးနဲ့ တူလိမ့်မယ်။ အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမဲ့ အားလုံးအတွက် ရရှိမယ့် အကျိုးကျေးဇူးကတော့ အများကြီးပဲ”
ရိုင်ယန်၏ စကားကို ကြားရသဖြင့် လင်းရှန်သည် တွဲအမှတ် ၉ ရှိ မိုနီကာ၏ အခန်းတံခါးကို ဖွင့်ရန် ပြင်နေသည့် လက်ကို ခေတ္တရပ်တန့်လိုက်ပြီး ပြောလိုက်သည်၊၊
“ဒီလောက်အများကြီးကို တစ်ပြိုင်နက်တည်း စုပ်ယူမိတာက ခန္ဓာကိုယ်ကို ထိခိုက်မှုဖြစ်စေနိုင်မလား”
ရိုင်ယန်က ပြန်ပြောသည်၊၊ “ငါသိသလောက်တော့ အဲဒီစွမ်းအင်က သန့်စင်ပြီးသားဆိုရင် ပြဿနာသိပ်မရှိပါဘူး။ အနည်းဆုံးတော့ အေးခဲ-အမှောင်ဆေးရည်တွေ သုံးတာထက် ပိုကောင်းပြီး အသီးအနှံဖျော်ရည်တွေ ဒါမှမဟုတ် နေပူစာလှုံစရာမလိုတော့ဘူးပေါ့”
ထို့နောက် သူက အသက်ပြင်းပြင်းရှူလိုက်ရင်း “ဒါပေမဲ့ ဒါက နည်းနည်းများလွန်းတယ်လို့လည်း ငါ ထင်တယ်။ ဒါပေမဲ့ ငါတို့တွေမှာ ဒါကို ဖြန့်ထုတ်ပစ်ဖို့ နည်းလမ်းမရှိဘူးလေ။ ဒီစွမ်းအင်တွေ အပြင်ထွက်သွားအောင် ပြတင်းပေါက်ဖွင့်ပစ်လို့မှမရတာ”
“ဒီလို အခြေအနေမျိုးလည်း ရှိတာပဲလား...”
လင်းရှန် ခေတ္တမျှ စကားဆွံ့အသွားရပြီး လက်ရှိအခြေအနေက ကောင်းသလား… ဆိုးသလား မဝေခွဲနိုင်ဖြစ်နေသည်။ သို့သော် သူ၏ ထူးဆန်းသောကုဗတုံးမှတစ်ဆင့် ယန္တရားရင်းမြစ်အမှတ် ၂၀၀၀၀ နီးပါး ရရှိခဲ့သည်ကို ခြုံငုံကြည့်လျှင် ဤသည်မှာ သူ ယန္တရားနှလုံးသားကို ရရှိခဲ့ပြီးကတည်းက အပြင်းထန်ဆုံးသော အဆင့်တက်လှမ်းမှုဖြစ်သည်။ ထို့ကြောင့် အခြားအဖွဲ့သားများရလိုက်သည့် အမှောင်စွမ်းအင်ပမာဏမှာ မည်မျှအထိ ကြီးမားစွာ ဝန်ပိနေမည်ကို ခန့်မှန်းနိုင်ပြီး သူတို့အားလုံး သစ်တုံးကြီးတွေလို အိပ်ပျော်ကုန်ကြသည်မှာ မဆန်းတော့ချေ။
“ရိုင်ယန်”
ဤအခိုက်အတန့်တွင် လင်းရှန်၏ အကြည့်များက ရှုပ်ထွေးသွားပြီး မေးလိုက်သည်၊၊
“ငါတို့တွေ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ရင်ဆိုင်ခဲ့ရတာမျိုးလည်းမရှိဘဲ ဘယ်လိုဖြစ်လို့ ဒီလောက်အများကြီးဖမ်းယူရရှိခဲ့တာလဲ”
“ဒါက မဆန်းပါဘူး”
ရိုင်ယန်က ချက်ချင်း ပြန်ဖြေသည်၊၊
“အဲ့ဒီကောင်ကြီးက အမဲလိုက်နေတာလေ။ ငါ မင်းကို အစောပိုင်းကပြောခဲ့တဲ့ အစီအစဉ်ကို မှတ်မိလား”
ထိုစကားကို ကြားသောအခါ လင်းရှန် မျက်မှောင်ကုတ်လိုက်သည်၊၊
“မင်း ရိတ်သိမ်းလိုက်နိုင်တာလား”
“ငါတို့ ရေငုပ်နေတုန်းက ဆွဲယူလာတဲ့ ဆိုနာလှိုင်းနဲ့အတူ...” ရိုင်ယန်က သက်ပြင်းချရင်း မတတ်နိုင်သလို ပြန်ပြောသည်
“အမှန်တော့ လွတ်မြောက်ဖို့က ပထမဦးစားပေးမို့လို့ ငါသိပ်ပြီးမျှော်လင့်မထားခဲ့ပါဘူး။ ဒါပေမဲ့...”
“ဘယ်လောက်တောင် ရလိုက်တာလဲ”
လင်းရှန်က မေးလိုက်သည်။
“အဆင့် ၄ သွေးပဲစေ့ ၉၈ လုံး... အဆင့် ၃ သွေးပဲစေ့... ၁၂၉၅ လုံးနဲ့ အဆင့် ၂ အချို့ ရလိုက်တယ်”
လင်းရှန် ကြားလိုက်ရသဖြင့် မှင်တက်သွားရသည်၊၊
“မင်း ဘာပြောလိုက်တယ်...”
“လင်း... အံ့ဩမနေပါနဲ့။ ဒါတွေအားလုံးက မင်းကြောင့်ပါ။ ရိတ်သိမ်းမှုတွေကို မင်းပဲ စီမံခွဲဝေနိုင်ပါတယ်” ရိုင်ယန်က အေးအေးဆေးဆေးပြောလိုက်သည်၊၊
“မင်းတို့အားလုံး သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုလုပ်ဖို့အတွက် လုံလောက်ပါတယ်”
“အံ့ဩစရာပဲ”
လင်းရှန်၏ စိတ်ထဲ၌ အကြီးအကျယ်တုန်လှုပ်သွားရသည်။ ရိုင်ယန်က ဆိုနာလှိုင်းကို အသုံးပြုပြီး မထင်မှတ်ဘဲ ဤမျှကြီးမားသော ရိတ်သိမ်းမှုများကို ရရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ယူနီဂါ-၁ ကို အသုံးပြုပြီး အကျိုးအမြတ်ရှာဖွေသည့် ဤလူ၏ ရူးသွပ်သောနည်းလမ်းက တကယ်ပဲ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။