ပင်ကိုယ်သိစိတ် (၂)
Vol. 61 Ch. 1027
“လူတိုင်း ဘယ်လိုလဲ” လင်းရှန်က ချက်ချင်း လှမ်းမေးလိုက်သည်။
“တွဲ ၃ အဆင်ပြေပါတယ်” ရှောင်ယွမ်နှင့် မြောင်လုတို့၏ အသံများ ထွက်ပေါ်လာသည်။ သူတို့သည် စောစောပိုင်းက တင်းကျန်းရီ၏ အစိမ်းရောင်နွယ်ပင်ဖြင့် စွမ်းအားဝတ်စုံနှင့်အတူ လုံခြုံရေးခါးပတ်ကဲ့သို့ ကာကွယ်ခြင်းခံထားရသည်။ လေဆင်နှာမောင်းထဲရောက်သွားသလို ရမ်းခါသွားခဲ့သော်လည်း ဒဏ်ရာမရရှိခဲ့သဖြင့် လင်းရှန်၏ မေးသံကိုကြားရသောအခါ ပျို့အန်ချင်စိတ်ကို အမြန်အောင့်အည်းကာ ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။
“ဒါက တွဲ ၅ ပါ လူတိုင်းအဆင်ပြေပါတယ်”
တာလို့က နားကြပ်ကို ဖိပြီး ပြန်ဖြေလိုက်သည်၊၊ တွဲ ၅ အတွင်းမှာ ပရမ်းပတာဖြစ်နေသော်လည်း ရူဂျီ၏ ကြားဝင်ကူညီမှုကြောင့် စွန်းယုကျန်း၊ လို့ရှားရှားနှင့် အခြားလူများလည်း အဆင်ပြေကြသည်။ လမ်းတစ်လျှောက်လုံး တည်ငြိမ်အောင် ကြိုးစားနေခဲ့သည့် လုရှင်းချန်တစ်ယောက်သာ ယခုအခါ အတော်လေးဖရိုဖရဲဖြစ်နေခဲ့သည်။ သူ၏ လက်ဖက်ရည်ခုံသည် ကြမ်းပြင်ပေါ်တွင် မှောက်လျက်သားဖြစ်နေပြီး ဆူပွက်နေသော ရေနွေးအိုးသည် သူ၏လည်ပင်းတွင် ချိတ်နေကာ မျက်နှာတစ်ခုလုံးလည်း လက်ဖက်ခြောက်ဖတ်များ ပေပွနေခဲ့သည်။
“ရေနက်ပိုင်းက ဘာမှမဟုတ်ပါဘူး… ကျွမ်းကျင်သူတစ်ယောက် ပင်လယ်ဓားပြသင်္ဘောပေါ် ရောက်နေသလိုပဲ… မဟုတ်သေးဘူး... ဝေါ့”
စကားမဆုံးခင်မှာပင် လုရှင်းချန်က ရုတ်တရက် အန်ထွက်သွားလေသည်။
“ဒီဘက်မှာလည်း အားလုံးအဆင်ပြေပါတယ်… တစ်ယောက်တော့ ဒဏ်ရာအနည်းငယ်ရသွားတယ်”
နောက်ဆုံးတွဲမှ နန်ကျင်းက အခြေအနေကို လှမ်းအစီရင်ခံသည်။ ဤတွဲသည် လူဒါဇင်ပေါင်းများစွာ စုဝေးနေသဖြင့် ဒုက္ခအများဆုံးနေရာဖြစ်ခဲ့သည်။ နန်ကျင်းနှင့် ချီလီတို့၏ စွမ်းအားရှင်အဖွဲ့က ဗန်နက်ဆာ၏ အကာအကွယ်ကို အရှိန်မြှင့်ပေးခဲ့သော်လည်း အစောပိုင်းက အသားကြိတ်စက်ကဲ့သို့ ရမ်းခါမှုကြောင့် လူအတော်များများအထိနာသွားခဲ့သည်။ စွမ်းအားဝတ်စုံက ကာကွယ်ပေးထားသည့်တိုင် အချို့မှာ ခေါင်းမူးနောက်သွားကြပြီး နံရိုးအချို့ ကျိုးသွားခဲ့သည်။ ရှုချင်း၊ လုချန်နှင့် ရှီဇီတို့သည် ဒဏ်ရာရသူများကို အရေးပေါ်ပြုစုပေးနေကြသည်။
“စောစောက အဲဒီအရာက ဘာကြီးလဲ… သမုဒ္ဒရာနတ်ဘုရားကြီး မဟုတ်ဘူးလား” ဗန်နက်ဆာက သူမ၏လည်ပင်းကို ပွတ်သပ်ရင်း တုန်လှုပ်နေသောအမူအရာဖြင့် လျှောက်လာကာ ပြောလိုက်သည်၊၊
“အဲဒါ တကယ်အန္တရာယ်များတယ်”
“တကယ်လို့ လင်းရှန်သာ ပြတ်ပြတ်သားသားနောက်မဆုတ်ခဲ့ရင် ငါတို့ ခြေမွခံလိုက်ရလောက်တယ်”
ချီလီက သူ၏ခေါင်းပေါ်တွင် တင်ရန် ရေခဲအိတ်တစ်ခုကို ထုတ်လိုက်ရင်း တွဲအတွင်းရှိ ဖရိုဖရဲအခြေနေများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ဆိုဖာပေါ်တွင် ထိုင်နေသော မိုနီကာသည် သူမ၏ နာနိုစွမ်းအားဝတ်စုံကို ချွတ်လိုက်ပြီး မျက်နှာအနည်းငယ် ဖြူလျော်နေလျက် ရင်ထဲတွင် တလှပ်လှပ်တုန်ခါနေသည်ကို ပြန်လည်ချိန်ညှိရင်း ပြောလိုက်သည်၊၊
“ကျွန်းပေါက်ကွဲမှုက ဒီအရာကို ရေနက်ပိုင်းကနေ ဆွဲဆောင်လိုက်ပုံရတယ်၊၊ ဒီမိစ္ဆာကြီးက ဒီနေရာမှာတင်ရှိနေလိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး၊၊ ဝါးမျိုခံရတာ ဒါမှမဟုတ် အမှတ်အသားလုပ်မခံရတာက ကျွန်မတို့ တော်တော်ကံကောင်းတာပဲ”
“တကယ်ပဲ... ဒီလောက်အဆင်ပြေသွားတာလား” ချီလီက အနည်းငယ် အံ့သြသွားသည်။
“ရိုင်ယန် ရိုင်ယန်” ဗန်နက်ဆာသည် ထိုအချိန်တွင် ရိုင်ယန်တို့ဘက်သို့ ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။
ခဏမျှ ကြန့်ကြာပြီးနောက် ရိုင်ယန်၏အသံသည် ဆက်သွယ်ရေးလိုင်းပေါ်တွင် ပေါ်လာခဲ့သည်။
“ဂျစ်... ငါတို့ ဘေးကင်းပါတယ်၊၊ အတွင်းပိုင်းပိုက်အချို့ပေါက်သွားလို့ အက်ဇ်လန်နဲ့ တခြားလူတွေကို အရေးပေါ် ပြုပြင်ခိုင်းထားတယ်၊၊ မင်းတို့အားလုံးရော အဆင်ပြေကြလား”
အနန္တရထားနှင့် နှိုင်းယှဉ်ပါက ရိုင်ယန်တို့၏ အခြေအနေက ပိုကောင်းသည်။ သူတို့သည် ကမ်းပါးပင်လယ်ကြမ်းပြင်နားမရောက်ခင် လင်းရှန်၏ အမိန့်ကြောင့် ချက်ချင်းပင် အဝေးသို့ ဆုတ်ခွာခဲ့ကြသည်။ ပြင်းထန်စွာမြင့်တက်လာသည့် ရေစီးကြောင်းကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရသော်လည်း သူတို့၏ ပိုင်ဖုန်း-၀၉ မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောက ပို၍ခိုင်ခံ့သဖြင့် ပြင်ပတည်ဆောက်ပုံမှာ ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ပေ။
ဆက်သွယ်ရေးလိုင်းမှ အသံကို ကြားရသောအခါ ဗန်နက်ဆာ စိတ်သက်သာရာရသွားသည်။ မကြာသေးမီက ကြုံတွေ့ခဲ့ရသော အကျပ်အတည်းမှာ အလွန်အမင်းအန္တရာယ်များလှပြီး အမှားအယွင်းအနည်းငယ်ရှိရုံဖြင့် ကပ်ဘေးဆိုက်သွားနိုင်သည်။ ထိုအချိန်တွင် သူမသည် လင်းရှန်၏ ချက်ချင်း ဆုံးဖြတ်နိုင်သော ကွပ်ကဲမှုကို ချီးကျူးမိသွားသည်။
“လင်း… နင်က တကယ်တော်တယ်၊၊ အန္တရာယ်ကို ကြိုသိနေတဲ့ နင့်ရဲ့ ပင်ကိုယ်သိစိတ်က အရမ်းတိကျတယ်၊၊ ငါ နင့်ကို အကြိမ်တစ်ထောင်လောက် လေးစားသွားပြီ”
ဗန်နက်ဆာက သူမ၏ ချီးကျူးမှုကို မဖုံးကွယ်ဘဲ ပြောလိုက်သည်။
“အောင်ပွဲခံဖို့ စောလွန်းသေးတယ်”
ထိုအချိန်တွင် လင်းရှန်၏ အသံသည် အဓိကဆက်သွယ်ရေးလိုင်းတွင် ပေါ်လာသည်။ သူသည် ထိန်းချုပ်ခန်းထဲတွင် ရပ်နေပြီး ပျက်စီးသွားသော အနန္တရထား၏ တွဲအချို့တွင် သတိပေးသံများမြည်နေဆဲဖြစ်သည်။ သူသည် ပျက်စီးသွားသော တည်ဆောက်ပုံကို ပြုပြင်ရန် ယန္တရားနှလုံးသားကို အမြန်လည်ပတ်လိုက်သည်။
လင်းရှန်၏ ယန္တရားစွမ်းရည်သည် နတ်ဘုရားဖန်ဆင်းထားသည့်အလား ရေနက်ပိုင်းတွင် ဖိအားခံကိုယ်ထည်ကို ပြုပြင်နိုင်ခြင်းက ရှင်သန်နိုင်ခြေကို မြှင့်တင်ပေးကာ လျှို့ဝှက်အန္တရာယ်များကို လျှော့ချပေးသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
“ဟူးး… လန့်သေတော့မှာပဲ၊၊ လင်းရှန် အဲဒီအရာက ဒီနေရာမှာ ပေါ်လာလိမ့်မယ်လို့ ရှင်ဘယ်လိုသိတာလဲ” ကီကီက ရထားကို အပြည့်အဝပြုပြင်နေသော လင်းရှန်ကို ကြည့်ရင်း မေးလိုက်သည်။
လင်းရှန်က ပါးစပ်ဟလိုက်ပြီး စဉ်းစားကာ ပြောလိုက်သည်၊၊
“ဒါက ပင်ကိုယ်သိစိတ်တစ်မျိုးပဲ၊၊ မိုနီကာလည်း ပြောခဲ့တယ်လေ… ကျွန်းရဲ့ ဘူမိအပူစွမ်းအင်တွင်းပေါက်ကွဲမှုက ဒီသတ္တဝါရဲ့ အာရုံစိုက်မှုကို ခံရမှာ အသေအချာပဲ၊၊ ဂါလန်မီးတောင် တောင်တန်းအတိုင်း ဦးတည်နေတဲ့ ကမ်းပါးအောက်က ဝဲဂယက်စီးကြောင်းနဲ့ ပေါင်းစပ်လိုက်ရင် ဒီသတ္တဝါ ဒီမှာရှိနေတာက သိပ်ပြီးအံ့သြစရာမဟုတ်တော့ဘူး”
“ကျွန်မတို့ အာရုံစိုက်မှုကို မခံရသင့်ဘူး”
တင်းကျန်းရီက ထိုအချိန်တွင် လှည့်ကြည့်လိုက်ကာ “အမှတ်အသား အလုပ်မခံရပုံပဲ”
“ကျွန်မတို့ ထွက်ပြေးမယ့် လမ်းကြောင်းကို ပြောင်းသင့်သလား”
ချန်ဆီရွှမ်သည် သူမ၏ ပြင်းထန်နေသော နှလုံးခုန်သံကို ထိန်းချုပ်ကာ တည်ငြိမ်ချင်ယောင်ဆောင်ရင်း “ဒါက ကျွန်မတို့အတွက် အခွင့်အရေးဖြစ်နိုင်တယ်၊၊ အချိန်က သိပ်မရှိဘူး” ဟု ဆိုသည်။
[ရှေ့တွင် ဧရာမ သက်ရှိပုံစံကို ရှာဖွေတွေ့ရှိပါသည်]
သူတို့ စကားပြောပြီးရုံရှိသေး… ဗိုင်အိုလာက တည်ငြိမ်သော လေသံဖြင့် ပြောကာ သူတို့၏ စိတ်ကူးကို ဖျက်စီးလိုက်လေသည်၊၊
[ကျွန်မရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ကျွန်းရဲ့ နျူကလီးယားပေါက်ကွဲမှုက ဂါလန်မီးတောင်ရဲ့ လှုပ်ရှားမှုကို ပိုမိုသက်ရောက်မှု ရှိစေပြီး သန္ဓေပြောင်းမွန်းစတားအမြောက်အမြားက ဒီလမ်းကြောင်းဆီကို ဦးတည်နေပါတယ်၊၊ သမုဒ္ဒရာနတ်ဘုရားကြီးက ထွက်ပေါ်လာခဲ့ပြီဖြစ်လို့ အခုလောလောဆယ် အမဲလိုက်နေတာလားဆိုတာ မသေချာသေးပါဘူး၊၊ လက်ရှိအခြေအနေအရ ကျွန်မတို့မှာ အကောင်းဆုံးရွေးချယ်စရာနှစ်ခုရှိပါတယ်]
[ပထမတစ်ခုက ငြိမ်ငြိမ်နေပါ။ သမုဒ္ဒရာနတ်ဘုရားကြီး အမဲလိုက်နေတယ်လို့ယူဆရင် ဒီပင်လယ်ပြင်ဧရိယာက အလွန်အန္တရာယ်များလာပါလိမ့်မယ်၊၊ စောင့်ကြည့်ထားတဲ့ အချက်အလက်တွေအရ မွန်းစတားကြီးတွေရဲ့ ပုံမှန်မဟုတ်တဲ့ အုပ်စုလိုက်လှုပ်ရှားမှုကို အတည်ပြုနိုင်ပါတယ်၊၊ လက်ရှိမှာ ကျွန်မတို့က မီးတောင်ရဲ့သက်ရောက်မှုကို မခံရသေးသလို သမုဒ္ဒရာနတ်ဘုရားကြီး ဒါမှမဟုတ် တခြားအမှောင်သတ္တဝါတွေရဲ့ ပစ်မှတ်ထားခြင်းကို မခံရသေးတဲ့အတွက် ကျွန်မတို့ရဲ့ တည်နေရာက ဘေးကင်းတယ်လို့ ယူဆနိုင်ပါတယ်၊၊ ငြိမ်သက်စွာနေခြင်းက ရှာဖွေစူးစမ်းဖို့နဲ့ တုံ့ပြန်ဖို့ အချိန်ပိုရစေပါလိမ့်မယ်]
[ဒုတိယက အရင်အစီအစဉ်အတိုင်း ဆက်သွားပါ၊၊ လက်ရှိလမ်းကြောင်းအတိုင်း ကျင်းယွမ်ဝဲဂယက်ရေလက်ကြားထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ငုပ်လျှိုးပါ...]
“ဒုတိယအချက်ကို ရွေးမယ်”
လင်းရှန်က ဗိုင်အိုလာ၏ ခွဲခြမ်းစိတ်ဖြာချက်ကို ပြတ်သားစွာ ကြားဖြတ်ပြောလိုက်သည်။
“ဟင်” ကီကီက ရှာဖွေရေးကိရိယာကို ထောက်ပြသည်၊၊
“အဲဒီသတ္တဝါက ကမ်းပါးရဲ့ အရှေ့တည့်တည့်အောက်မှာ ရှိနေတာလေ… ကျွန်မတို့က ပိုပြီး နက်နက်ရှိုင်းရှိုင်း ငုပ်လျှိုးရဦးမှာလား”
လင်းရှန်က ခေါင်းညိတ်ပြသည်၊၊
“ဟုတ်တယ်၊၊ ဒီထက်ကောင်းတဲ့ ရွေးချယ်စရာမရှိဘူး၊၊ ဒီမှာ ဆက်ရှိနေတာက အဓိပ္ပာယ်မရှိဘူး၊၊ အဲဒီသတ္တဝါ ပေါ်လာတာနဲ့ ဒီပင်လယ်ပြင်ဧရိယာက ကသောင်းကနင်းဖြစ်လာမှာ အသေအချာပဲ၊၊ ငါတို့ ဒီမှာကြာကြာနေလေ… သေလမ်းနီးလေပဲ”
သူသည် ဗိုင်အိုလာ၏ ရှာဖွေရေးကိရိယာကိုသာ စူးစိုက်ကြည့်နေခဲ့သည်၊၊ မျက်နှာပြင်ပေါ်တွင် ကမ်းပါးအရှေ့ဘက်၌ ပင်လယ်ပြင်ကြမ်းပြင်မှ ထွက်ပေါ်လာသော ဧရာမတောင်ကြီးတစ်ခုကဲ့သို့ လုံးဝဖုံးလွှမ်းနေသော ပုံရိပ်ကို ပြသနေပြီး အဆုံးကိုမမြင်နိုင်ဘဲ ကြီးမားလှသော ဖိအားကြောင့် ဦးရေပြားပင် ကျိန်းစပ်မတတ် ခံစားရစေသည်။
“ဒီအရာက... ငါတို့ကို ကြည့်မနေဘူး၊၊ အဲဒါက ငါတို့အတွက် အခွင့်အရေးပဲ၊၊ သူ့မျက်စိအောက်ကနေ ထွက်ပြေးတာက အားသာချက်တစ်ခုရှိတယ်”
“ဘေးပတ်ပတ်လည်မှာ တခြားမွန်းစတားတွေ ရှိမနေနိုင်ဘူး” တင်းကျန်းရီက ပြောလိုက်သည်။
“အတိအကျပဲ” လင်းရှန်က လေးနက်စွာဖြင့် ပြောလိုက်သည်၊၊
“အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးပဲ၊ ဒီကောင်က ပေါ်လာပြီးပြီ၊၊ ငါတို့က ရေမျက်နှာပြင်ကို တတ်လို့လည်း မရဘူး… နောက်ဆုတ်မလား ကျွန်းက ပျက်စီးနေပြီ… ရှေ့တိုးမလား ဒီသတ္တဝါက ပိတ်ဆို့ထားတယ်၊၊ တခြားလမ်းကြောင်းက မွန်းစတားတွေကလည်း ဒီနေရာကို စုပြုံလာနေကြပြီ၊၊ ဒီအတိုင်းဆိုရင် ငါတို့မှာ ပိုပြီး နက်နက်ရှိုင်းရှိုင်းငုပ်လျှိုးဖို့ပဲ ရွေးချယ်စရာရှိတယ် ဟုတ်တယ်မလား”
ဤစကားများကို ကြားပြီးနောက် ဆက်သွယ်ရေးလိုင်းပေါ်ရှိ လူတိုင်းတိတ်ဆိတ်သွားကြသည်။