စူပါဝဲဂယက် (၂)
Vol. 61 Ch. 1029
“ကောင်းပြီ”
မိုနီကာ၏ အသံကို ကြားရသောအခါ လင်းရှန်သည် တုံ့ဆိုင်းမနေဘဲ အနန္တရထားကို ပိုမိုနက်ရှိုင်းစွာ မောင်းနှင်နိုင်ရန်အတွက် ဗိုင်အိုလာကို အသေးစိတ်ထိန်းချုပ်မှုအချို့ လွှဲပြောင်းပေးလိုက်သည်။
ဝူး... ဝူး...
သူတို့ ဆင်းသက်မှုပြီးဆုံးခါနီးအချိန်မှာပင် ရှေ့ဘက်ရှိ ရေပြင်သည် ရုတ်တရက် ပြင်းထန်စွာတုန်ခါသွားခဲ့သည်။ ပြင်းထန်သော ရေအောက်စီးကြောင်းတစ်ခုက ရေပြင်ကို ဖြတ်သန်းသွားပြီး လင်းရှန်အနေဖြင့် ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် ကီလိုမီတာရာနှင့်ချီ မြင့်မားသော တောင်ကြီးတစ်လုံးကဲ့သို့ ဆလင်ဒါပုံစံ ဧရာမ အစိတ်အပိုင်းကြီးတစ်ခု သူတို့အပေါ်မှ ဖြတ်ကျော်သွားသည်ကို မြေမျက်နှာသွင်ပြင် စကင်ဖတ်မှုတွင် မြင်လိုက်ရသည်။
၎င်းမှာ သမုဒ္ဒရာနတ်ဘုရားကြီး၏ လက်တံတစ်ခုပင်…
ထိုခဏ၌ လူတိုင်း ရင်ဘတ်ထဲ မွန်းကြပ်သွားကြပြီး ချန်ဆီရွှမ်၏ လက်သည်းများမှာ ထိုင်ခုံထဲသို့ စူးစိုက်ဝင်သွားခဲ့ကာ မျက်နှာတစ်ခုလုံးဖြူလျော်ပြီး အသက်ရှူရပ်မတတ်ဖြစ်သွားခဲ့သည်။
ထိန်းချုပ်ခန်းအတွင်း၌ တင်းကျန်းရီတစ်ယောက်သာ အတော်အတန်တည်ငြိမ်နေပုံရသော်လည်း သူမသည်လည်း အလွန်တင်းမာနေကာ တိုင်းတာရေးကိရိယာများကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။
အသံလုံသော ရေငုပ်ယာဉ်၏ ကြယ်မှုန်သလင်းမှန်ပြတင်းပေါက်၏ အပြင်ဘက်တွင်မူ မင်ရည်ကဲ့သို့ မည်းမှောင်နေသော ပင်လယ်ရေများသည် မည်သို့မျှ အလင်းမပေါက်နိုင်အောင် ထူထပ်လွန်းနေခဲ့သည်။
အနန္တယာဉ်သည် မီတာ ၆၀၀၀အနက်ရှိသော ချောက်နက်ကြီးထဲသို့ ဆက်တိုက်ဆင်းသက်နေခဲ့ပြီး ပန်ကာ ၁၁ ခုသည် အနိမ့်ဆုံးအကြိမ်ရေဖြင့် တိတ်တဆိတ် လည်ပတ်နေကာ ရေနက်ပိုင်းဖိအားကြောင့် ဖြစ်ပေါ်လာသော ရေပူဖောင်းများကို အသံတစ်ချက်မျှ မထွက်စေဘဲ ဖြိုခွဲပေးနေခဲ့သည်။
ပင်လယ်သမုဒ္ဒရာနတ်ဘုရားကြီး၏ လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာသော ထူးဆန်းသည့် ရေစီးကြောင်းများသည် အနန္တရထားကို လေပြင်းနှင့်တိုးသည့် ငှက်မွေးတစ်ခုကဲ့သို့ မငြိမ်မသက်ဖြစ်စေခဲ့သည်။ ကီကီနှင့် ရူဂျီတို့၏ ပြင်းထန်သော စိတ်စွမ်းအင် အကာကွယ်၊ ရိုင်ယန်၏ ပိုင်ဖုန်း-၀၉ကို တိကျသောထိန်းချုပ်မှုတို့ကြောင့်သာ သူတို့ကို ထိုသတ္တဝါကြီးက သတိမထားမိခြင်းဖြစ်သည်။
“ခုနစ်နာရီ… လက်ဝဲဘက်မှာ ပွတ်တိုက်သံကြားရတယ်”
မိုနီကာ၏အသံက တစ်ဖန်ထွက်ပေါ်လာပြန်သည်။
လင်းရှန်က ဘယ်ဘက်သို့ ကြည့်လိုက်ရာ ရှာဖွေရေးမီး၏ အားနည်းသော အလင်းတန်းအောက်တွင် မီးခိုးရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော ဧရာမနံရံကြီးတစ်ခု ဖြည်းညှင်းစွာ နိမ့်ဆင်းသွားသည်ကို မြင်လိုက်ရသည်။ ပင်လယ်သမုဒ္ဒရာနတ်ဘုရားကြီး၏ ကိုယ်ထည် အရေးအကြောင်းများကြားတွင် အလင်းဖြာနေသော အင်းဆက်အုပ်စုများသည် အသက်ရှူနေသကဲ့သို့ တဖျတ်ဖျတ်လင်းလက်နေကြသည်။
လင်းရှန် အံကြိတ်လျက် အနန္တရထားကို ထိုဧရာမနံရံကြီး၏ ဘေးတွင် ခေတ္တမျှရပ်တန့်ထားလိုက်ပြီးနောက် အခြားနောက်ကျိနေသော ရေနက်ပိုင်းထဲသို့ ဆက်လက်မောင်းနှင်ခဲ့သည်။
ရထားလုံးကြီးသည် ပင်လယ်ရေစီးကြောင်း၏ တွန်းပို့မှုကြောင့် တောင်ကြီး၏ အရိပ်အောက်သို့ ကြွေကျလာသော သစ်ရွက်တစ်ရွက်ကဲ့သို့ တိတ်တဆိတ်လျှောဆင်းသွားခဲ့သည်။
“အပေါ်ကို ဆွဲတင်နေတဲ့ ဝဲဂယက် ရှိတယ်”
ရွှပ်... ရွှပ်... ရွှပ်...
နောက်တစ်စက္ကန့်တွင် ချွန်ထက်သော အရိုးဆူးများက နောက်ကျိနေသော ရွှံ့နွံများကို ဖြတ်သန်းကာ ရထားလုံး၏ ဖိအားဒဏ်ခံ ကိုယ်ထည်ကို လာရောက်ပွတ်တိုက်သွားခဲ့သဖြင့် သတ္တုချင်းပွတ်တိုက်သည့် စူးရှရှအသံများ ထွက်ပေါ်လာပြီး လူတိုင်းကို ထိတ်လန့်သွားစေသည်။ အကယ်၍ ကိုယ်ထည်သာ ပျက်စီးသွားပါက အတွင်းရှိ လူအများစုမှာ ရေဖိအားကြောင့် ချက်ချင်းပင် သွေးမြူများအဖြစ် ကြေမွသွားကြပေလိမ့်မည်။
မိနစ်အနည်းငယ်သာ ကုန်ဆုံးသွားသော်လည်း လင်းရှန်အတွက်မူ နာရီပေါင်းများစွာ ကြာမြင့်သွားသကဲ့သို့ ခံစားရသည်။ သူသည် ယခင်က ထိုမျှရင်ထိတ်စရာကောင်းသော အခြေအနေမျိုးကို တစ်ခါမျှမကြုံဖူးချေ။ ဤသတ္တဝါကြီး၏ ရှေ့မှောက်တွင် သူတို့၏ စွမ်းအားများနှင့် နည်းလမ်းအားလုံးမှာ အဓိပ္ပာယ်မရှိသလောက်ဖြစ်နေသဖြင့် သတိကြီးစွာဖြင့် ထွက်ပြေးခြင်းကသာ တစ်ခုတည်းသောရွေးချယ်စရာဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ရေငုပ်ယာဥ်နှစ်စင်းသည် ငရဲပြည်တံခါးဝတွင် မျောပါနေသကဲ့သို့ တွင်းနက်ကြီးထဲ၌ ဆက်လက်ဖြတ်သန်းနေခဲ့ကြရသည်။
ဝုန်း...
[လက်ရှိ အနက်၊ ၁၇၉၀ မီတာ]
ဗိုင်အိုလာ၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် အနန္တရထားနှင့် ပိုင်ဖုန်း-၀၉ တို့သည် နောက်ကျိနေသော ပင်လယ်ပြင်မှ ရေနက်ပိုင်းထဲသို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ အနန္တရထား၏ ရှာဖွေရေးမီးက ကမ်းပါးအောက်ခြေရှိ အက်ကွဲကြောင်းကို နောက်ဆုံးတွင် လင်းထိန်သွားစေသည့်အခါ လင်းရှန်က ဗိုင်အိုလာကို မောဟိုက်စွာဖြင့် မေးလိုက်သည်။
“မြေမျက်နှာသွင်ပြင်ကို ပြန်စစ်ပေးဦး”
[ဆိုနာရှာဖွေမှုအရ ဂါလန်ကျွန်းရေအောက်လမ်းကြောင်းကို တွေ့ရှိရပါတယ်၊၊ ရေစီးကြောင်းအချက်အလက်တွေနဲ့ ကိုက်ညီမှုရှိပါတယ်၊၊ ကျွန်မတို့ရဲ့ လက်ရှိအနက်က ၁၇၉၀ မီတာဖြစ်ပြီး ကမ်းပါးနဲ့ အကွာအဝေးက ၄၇၈၂ မီတာ ရှိပါတယ်။ စကင်ဖတ်ချက်အရ ကျွန်မတို့က ပင်လယ်သမုဒ္ဒရာနတ်ဘုရားရဲ့ နယ်မြေကနေ ထွက်ခွာနိုင်ခဲ့ပါပြီ]
တီ။
မှောင်မိုက်နေသော တွင်းနက်ကြီးထဲတွင် အနန္တရထားနှင့် ပိုင်ဖုန်း-၀၉ တို့၏ ရှာဖွေရေးမီးများသည် ကြယ်ပွင့်များအလား သေးငယ်ပြီး တိတ်ဆိတ်နေခဲ့ကြသည်။
မိမိတို့သည် ပင်လယ်သမုဒ္ဒရာနတ်ဘုရား၏ ခြေဖဝါးအောက်ရှိ တွင်းနက်ကြီးထဲသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ထိုသတ္တဝါကြီး၏ ပိုင်နက်မှ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည့်အခါ အနန္တရထားနှင့် ပိုင်ဖုန်း-၀၉ ပေါ်ရှိ အဖွဲ့ဝင်များအားလုံး သက်ပြင်းချနိုင်ခဲ့ကြသည်။ သူတို့သည် ထိုမိနစ်ပိုင်းအတွင်းမှာပင် တစ်သက်လုံးစာ ချွေးပြန်ခဲ့ကြရလေသည်။
“ဘုရားရေ... ငါတို့ အဲဒီသတ္တဝါကြီးရဲ့ နှာခေါင်းအောက်ကနေ တကယ်ပဲ လွတ်မြောက်လာတာလား”
“ဒါက မယုံနိုင်စရာပဲ”
“ပျော်ဖို့စောပါသေးတယ်”
ဆက်သွယ်ရေးလိုင်းများ ပြန်ကောင်းလာသည်ကို ကြားရသောအခါ လင်းရှန်သည် အနည်းငယ်စိတ်အေးသွားသော်လည်း သတိကြီးစွာဖြင့် ပြောလိုက်သည်။
“အားလုံးပဲ... ငါတို့က ဒီတွင်းနက်အောက်က စူပါဝဲဂယက်အစီအစဥ်ဆီကို မကြာခင်ရောက်ရှိတော့မယ်၊၊ အဲဒါက အပန်းဖြေခရီးထွက်ရသလို လွယ်ကူမှာ မဟုတ်ပါဘူး။ အခြေအနေကို အားလုံးမြင်ခဲ့ပြီးကြပြီပဲ၊၊ တွဲအသီးသီးမှာ အသင့်ပြင်ထားကြပါ”
လင်းရှန်၏ စကားကြောင့် ရာနှင့်ချီသော လူများမှာ တစ်ဖန် ပြန်လည် တင်းမာသွားကြသည်။
စူပါဝဲဂယက်အစီအစဥ်— ထိုစကားလုံးများက လူတိုင်းအတွက် မလုံခြုံမှုကို ပေးစွမ်းနေခဲ့သည်။
“ကျွန်မတို့ ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်းရောက်လာပြီးပြီပဲ— ကြောက်ရွံ့နေဖို့လည်း အဓိပ္ပာယ်မရှိတော့ပါဘူး”
ချန်ဆီရွှမ်၏၏ မျက်နှာအရောင်အသွေးမှာ သိသိသာသာကောင်းမွန်လာခဲ့ပြီး သူမက သက်ပြင်းချကာ လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ကျွန်မတို့ ရဲရဲဝံ့ဝံ့ရှေ့ဆက်သွားဖို့ပဲ ရှိတော့တယ်”
“ဒါပေါ့… အသက်ဘေးက လွတ်မြောက်လာတဲ့သူတွေဟာ နောက်ပိုင်းမှာ ကောင်းချီးတွေ ရတတ်ကြပါတယ်၊၊ ကျွန်မတို့ အန္တရာယ်အရှိဆုံးအချိန်တွေကို ဖြတ်ကျော်ခဲ့ပြီးပြီပဲ”
ကီကီက ဆိုနာရှာဖွေရေးကိရိယာကို သူမ၏ လက်ညှိုးဖြင့် ပုတ်လိုက်ရင်း ပြောသည်၊၊
“အဲဒီသတ္တဝါကြီးက ရုတ်တရက် လှည့်ပြီး ကျွန်မတို့ကို လိုက်မဖမ်းသရွေ့တော့ စိုးရိမ်စရာမရှိပါဘူး”
လင်းရှန် ခေါင်းညိတ်လိုက်သည်။ ဤပင်လယ်ပြင်တွင် အဓိကစိုးရိမ်စရာက ထိုပင်လယ်သမုဒ္ဒရာနတ်ဘုရားကြီးသာဖြစ်သည်။ ယခုမူ ထိုကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီး၏ အောက်မှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သောကြောင့် ဝဲဂယက်လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ထိုသတ္တဝါကြီးနှင့် ပြန်လည်ဆုံတွေ့မည်ကို စိုးရိမ်နေရန်မလိုတော့ပေ။
ဤအချက်ကို သိရှိသွားပြီးနောက် လင်းရှန်သည် တုံ့ဆိုင်းမနေဘဲ ရိုင်ယန်ကို အရှိန်မြှင့်ရန် တိုက်ရိုက်အကြောင်းကြားလိုက်ပြီး ရေငုပ်ယာဉ်နှစ်စင်းလုံးသည် ပိုမိုနက်ရှိုင်းသော တွင်းနက်ကြီးထဲသို့ ဦးတည်မောင်းနှင်သွားကြသည်။
ရေအနက်မှာ မီတာ ၂၂၀၀ သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ပြီး အနန္တရထား၏ အလင်းတန်းသည် မှောက်မိုက်နေသော အောက်ခြေနှင့် အနားသတ်များကို မလင်းထိန်စေနိုင်တော့ပေ။
“ကိုဩဒိနိတ်တွေအရဆိုရင် ကျွန်မတို့ ဝဲဂယက်လမ်းကြောင်းနားကို ရောက်နေရမှာမဟုတ်လား… ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိသေးဘူး”
ကီကီက ကွန်ပျူတာကို ရိုက်ရင်း ဗိုင်အိုလာ၏ ကိုဩဒိနိတ်အချက်အလက်များနှင့် နှိုင်းယှဉ်ကာ မေးလိုက်သည်။
[အာရုံခံကိရိယာတွေအရ အခုဒီနေရာမှာ ပင်လယ်ရေစီးကြောင်းရဲ့ အရှိန်က တစ်စက္ကန့်ကို ၈ မီတာကနေ ၉ မီတာအထိ ရှိနေပါတယ်၊၊ အပူချိန်ပြောင်းလဲမှုတွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်တွေကို နှိုင်းယှဉ်ကြည့်ရင် ဧရာမ ရေအောက်စီးကြောင်းတစ်ခုရှိနေနိုင်ပါတယ်]
ဗိုင်အိုလာ၏ ခွဲခြမ်းစိတ်ဖြာချက်က တည်ငြိမ်နေဆဲပင်၊၊
[လမ်းကြောင်းပေါင်းစုံကနေ ရှာဖွေနိုင်ဖို့အတွက် အဝေးထိန်းရေငုပ်ယာဉ်ငယ်တစ်စင်းကို စေလွှတ်ဖို့ အကြံပြုအပ်ပါတယ်]
“ရှာဖွေရေးကိရိယာလား… ကျွန်မတို့က ရှာဖို့လိုသေးလို့လား” ကီကီက မေးလိုက်သည်။
“မလိုဘူး”
ဤတစ်ကြိမ်တွင် လင်းရှန်၏အသံထွက်ပေါ်လာခဲ့သည်။ သူသည် ပြတင်းပေါက်နားတွင် ရပ်လျက် အပြင်ဘက်ရှိ ပင်လယ်နက်ကြီးဆီသို့ စိုက်ကြည့်ရင်း ပြောလိုက်သည်။
“အဲဒါက ငါတို့ ရှေ့တည့်တည့်မှာရှိနေပြီ”
ထိုစကားကြောင့် လူတိုင်း၏ အကြည့်များမှာ ပြတင်းပေါက်ဆီသို့ ရောက်ရှိသွားကြသည်။ တင်းကျန်းရီ ဇဝေဇဝါဖြစ်နေခဲ့သည်။ သို့သော် လင်းရှန်၏စကားကြောင့် သူမသည် ချက်ချင်းပင် သံသယများကို ပယ်ဖျောက်ကာ သူ၏ဘေးသို့ အမြန်လာရောက်ကြည့်ရှုလိုက်သည်။ နောက်တစ်စက္ကန့်တွင် ထိုတည်ငြိမ်သော သိပ္ပံပညာရှင်မလေး၏ မျက်မှောင်များကျုံ့သွားခဲ့ပြီး အလွန်အမင်းအံ့ဩတုန်လှုပ်သွားသည့် မျက်နှာအမူအရာ ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရိုင်ယန်၊ အဲရစ်ကာ၊ အက်ဇ်လန်နှင့် ပိုင်ဖုန်း-၀၉ ပေါ်ရှိ ဂေဒီတို့အပါအဝင် လူအားလုံးသည်လည်း ပြတင်းပေါက်များသို့ တိုးဝှေ့လျက် အပြင်ဘက်သို့ အံ့ဩတကြီး စိုက်ကြည့်နေခဲ့ကြသည်။
အနန္တယာဉ်နှင့် ပိုင်ဖုန်း-၀၉ တို့၏ ရှာဖွေရေးမီးများသည် အမှောင်ထု၏ ဝါးမျိုခြင်းကို ခံခဲ့ရသော်လည်း ရှေ့ဘက်တွင်မူ မှောက်မိုက်နေသော တွင်းနက်ကြီးထဲ၌ အားနည်းသော အလင်းရောင်များစတင်ပေါ်ပေါက်လာခဲ့ပြီး ပိုမိုကျယ်ပြန့်ကာ ကြီးမားလာခဲ့ရာ အဆုံးမဲ့အလင်းပင်လယ်ကြီးတစ်ခုအလားဖြစ်နေခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်တွင် မြင်တွေ့နေရသည်မှာ အမှောင်ဟင်းလင်းပြင်မဟုတ်ဘဲ မရေမတွက်နိုင်သော မီးစုန်းအဏုဇီဝသက်ရှိများဖြင့် ဖွဲ့စည်းထားသည့် စီးဆင်းနေသောဂလက်ဆီတစ်ခုဖြစ်နေပြီး တွင်းနက်ကြီးထဲသို့ ကြေမွနေသော ဂလက်ဆီတစ်ခုကို သွန်းလောင်းထားသကဲ့သို့ပင်။
အလင်းဖြာထွက်နေသော အဏုဇီဝသက်ရှိများသည် ရေစီးကြောင်းများကြောင့် သိပ်သည်းသော အမျှင်တန်းများအဖြစ် ဆွဲငင်ခြင်းခံနေရပြီး ယခင်က မမြင်ရသော ရေအောက်စူပါဝဲဂယက်ကြီးကို သမုဒ္ဒရာ၏ မျက်လုံးကြီးတစ်ခုကဲ့သို့ ရေအောက်ဂလက်ဆီကြီးအဖြစ် ထင်ထင်ရှားရှားလင်းထိန်စေခဲ့သည်။
လူတိုင်းသည် ထိုမြင်ကွင်းကို တိတ်တဆိတ်ငေးကြည့်နေကြသည်။ ပင်လယ်နက်ကြီးထဲတွင် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
“ဒါကို အရမ်းလှတယ်လို့ ပြောရမလား၊၊ ဒါမှမဟုတ် အရမ်းကြောက်ဖို့ကောင်းတယ်လို့ ပြောရမလား”
မိုနီကာက တိတ်တဆိတ် ငေးကြည့်ရင်း ပြောလိုက်သည်။ ထိုဂလက်ဆီဝဲဂယက်ကြီးမှာ သေခြင်းတရား၏ အလှတရားကို ဆောင်ကျဉ်းထားသကဲ့သို့ ရှိနေပြီး သဘာဝတရား၏ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကိုလည်း ဖော်ပြနေကာ လူအများအပြားမှာ ထိုမြင်ကွင်းကို အလွန်ရှုပ်ထွေးသောစိတ်ခံစားမှုများဖြင့် ကြည့်နေခဲ့ကြသည်။
“မျက်စိနဲ့ မြင်နိုင်တဲ့ ရေအောက်စီးကြောင်းပဲ”
ကီကီက လင်းရှန်ကို လှမ်းကြည့်လိုက်သည်၊၊
“လင်းရှန်... ဒါက ငါတို့ကို လာကယ်တဲ့ သက်တံ့တံတားကြီးနဲ့ မတူဘူးလား”
ဝုန်း... ဝုန်း... ဝုန်း...
ပြင်းထန်သော မြေမျက်နှာသွင်ပြင်လှုပ်ရှားမှုများကြောင့် အောက်ခြေမှ သိပ်သည်းသော ရေပူဖောင်းများ မြင့်တက်လာခဲ့သည်။ ၎င်းမှာ ဂါလန်မီးတောင်သည် ဆူပွက်လာခဲ့ပြီဖြစ်ကြောင်း သမုဒ္ဒရာကြီးလှုပ်ခတ်လာပြီး ကမ္ဘာ့အပေါ်ယံလွှာမှ ချော်ရည်များသည် ရွှေနီရောင်ဧရာမမြွေကြီးတစ်ကောင်ကဲ့သို့ ပင်လယ်ကြမ်းပြင် ကျောက်လွှာများကို ဖောက်ထွက်လာခဲ့ပြီဖြစ်ကြောင်း အချက်ပေးနေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော ရေငွေ့များသည် ဆာလ်ဖာအငွေ့များနှင့် ရောနှောကာ ကီလိုမီတာရာချီမြင့်မားသော ဆူနာမီတံတိုင်းကြီးအဖြစ် သောင်းကျန်းနေခဲ့ပြီ ဖြစ်သည်။
လင်းရှန်လည်း ရေပြင်၏ ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင်အမိန့်ပေးလိုက်သည်။
“ဗိုင်အိုလာ... ဝဲဂယက်ထဲကို ဝင်တော့၊ အားလုံးပဲ... ထိခိုက်မှုကို ခုခံဖို့ အသင့်ပြင်ကြ”