နက်ရှိုင်းသောပင်လယ်ပြင်အောက်ခြေကို ဖြတ်ကျော်ခြင်း (၁)
Vol. 61 Ch. 1030
နက်ရှိုင်းသော ပင်လယ်ပြင်အောက်ခြေ၌ ကျယ်ပြောလှပပြီး တောက်ပနေသော ဂလက်ဆီပင်လယ်ပြင်ကြီးကို မြင်တွေ့လိုက်ရသဖြင့် လူတိုင်းမှာ ထူးဆန်းလှသော ရေစီးကြောင်းကြောင့် စိုးရိမ်စိတ်နှင့်အတူ ကြောက်ရွံ့စိတ်များပါ ဝင်ရောက်လာကြသည်။
လင်းရှန်၏ အမိန့်ပေးမှုနှင့်အတူ အနန္တရထားနှင့် ပိုင်ဖုန်း ၀၉ တို့သည် ချက်ချင်းပင် တွန်းကန်အားကို စတင်လိုက်ကြသည်။ ထိုအချိန်တွင် ငရဲဘုံမှထွက်ပေါ်လာသကဲ့သို့ မီးတောင်ချော်ရည်များသည်ရေနက်ပိုင်းမှ အထက်သို့တိုးဝှေ့တက်လာသည်။ ရေနက်ရေစီးကြောင်းများကြားတွင် အလွန်သေးငယ်လှသော ရေငုပ်သင်္ဘောနှစ်စင်းသည် ဂလက်ဆီဝဲဂရက်ဆီသို့ ဦးတည်ရွေ့လျားသွားတော့သည်။ ပန်ကာများကို အမြင့်ဆုံးစွမ်းအားအနေထားအထိ မြှင့်တင်ထားပြီး အဖွဲ့ဝင်အားလုံးမှာ စိုးရိမ်စိတ်ဖြင့်တင်းကြပ်နေကြသည်။ စွမ်းအားဝတ်စုံများကို အပြည့်အဝပြင်ဆင်ထားပြီး ကြိုတင်ကာကွယ်မှုအားလုံးကိုပြုလုပ်ကာ လက်လှမ်းမီသမျှ ကိုင်တွယ်စရာမှန်သမျှကို မြဲမြံစွာဆုပ်ကိုင်ထားကြသည်။
နန်ကျင်း၊ ချီလီနှင့် အနန္တရထားမှ အခြားထိပ်သီးအထူးအဖွဲ့ဝင်များသည် တွဲ၈၊ ၉ တွင် စုဝေးနေကြသည်။ အနန္တရထားပေါ်ရှိ ပင်လယ်လင်းယုန်အဖွဲ့ဝင်များကို ကာကွယ်ရန် ဗန်နက်ဆာကလည်း ပူးပေါင်းပါဝင်ထားသည်။
တစ်ဖက်တွင်လည်း ပိုင်ဖုန်း ၀၉ ပေါ်ရှိ အပိုင်းတစ်ခုချင်းစီသည် ရန်သူနှင့် ရင်ဆိုင်ရတော့မည့်အလားပြင်ဆင်နေကြသည်။ ကလေးငယ်များကို တိမ်းမှောက်မှုဒဏ်ခံကလေးပုခက်များထဲတွင် မြဲမြံစွာထည့်သွင်းထားပြီး နားနေဆောင်ရှိ လူတိုင်းသည်လည်း လက်များကို တင်းကြပ်စွာတွဲထားကြသည်။ လေထုမှာ လုံးဝငြိမ်သက်နေပြီး စိုးရိမ်တုန်လှုပ်နေသော အသက်ရှူသံများသာ ထွက်ပေါ်နေလေသည်။
အနန္တရထားသည် ဝဲဂယက်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်ကို ကြည့်နေရင်း ရိုင်ယန်သည် နေကာမျက်မှန်ကို ချွတ်လိုက်ကာ ခါးသီးပြတ်သားမှုဖြင့် အံကြိတ်လျက် အော်ဟစ်လိုက်သည်၊၊
“ဒါက တကယ့်ကို သောက်ကျိုးနဲပဲ…. ရှေ့ကို အရှိန်ကုန်မောင်းကြ”
အနန္တရထား၏ ထိန်းချုပ်ခန်းထဲတွင် ချန်ဆီရွှမ်နှင့် တင်းကျန်းရီတို့သည် ၎င်းတို့၏ ထိုင်ခုံများ၌ ခါးပတ်များကို တင်းကြပ်စွာ ပတ်ထားကြသည်။ ကီကီသည် လေထဲတွင် ဝဲပျံနေရင်း သူမ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နေသည်။ စိတ်စွမ်းအင်သည် မမြင်နိုင်သော အမြှေးပါးတစ်ခုကဲ့သို့ အနန္တရထားကို ညင်သာစွာလွှမ်းခြုံထားပြီး နောက်မှလိုက်ပါလာသော ပိုင်ဖုန်း ၀၉ ကို စောင့်ရှောက်ရန်အတွက် ရူဂျီက ညှိနှိုင်းဆောင်ရွက်ပေးနေသည်။
[ရေစီးနှုန်း တစ်စက္ကန့်လျှင် ၉ မီတာ... ၁၂ မီတာ... ၁၅ မီတာ တည်ငြိမ်မှုထိန်းချုပ်ခြင်း ပျက်ကွက်သွားပါပြီ၊၊ တိမ်းမှောက်မှုဒဏ်ခံတောင်ပံများကို ပြန်ရုပ်သိမ်းရန် ပြင်ဆင်ပါ၊၊ ဝဲဂယက်၏ အပြင်ဘက်စက်ဝိုင်းသို့ စတင်ဝင်ရောက်နေပြီ]
ဝူး ဝူး ဝူး
အနန္တရထားအတွင်းရှိ သတိပေးကိရိယာများသည် ဆက်တိုက်မြည်ဟည်းနေလေသည်။ ပြင်ပရေစီးနှုန်းမြန်ဆန်လာသည်နှင့်အမျှ အနန္တရထားသည် ပြင်းထန်သောရေစီးကြောင်း၏ဝါးမျိုခြင်းကို ခံလိုက်ရပြီး လူးလှိမ့်တိမ်းစောင်းကာ ဝဲဂရက်ထဲသို့ စတင်ဝင်ရောက်သွားတော့သည်။
“သေမလား… ရှင်မလားဆိုတာကတော့ အခုကစပြီးလောင်းကြေးထပ်ရတော့မယ်”
ပြတင်းပေါက်အပြင်ဘက်ရှိ ပိုမိုသိပ်သည်းလာသော အပြာရောင်ရေစက်များကို ကြည့်ရင်း လင်းရှန်၏ မျက်လုံးများက တောက်ပနေသည်။ ဖိအားဒဏ်ခံကိုယ်ထည်ထံမှ စူးရှသောမြည်ဟည်းသံများထွက်ပေါ်လာရာ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ နာနိုစွမ်းအားဝတ်စုံနောက်ကျောကို ပင့်ကူခြေထောက်ကဲ့သို့ စက်ရုပ်ခြေထောက်ခြောက်ချောင်း ချက်ချင်းပြောင်းလဲကာ မိမိကိုယ်ကိုယ်တည်ငြိမ်အောင်ထိန်းထားလိုက်သည်။ ထို့နောက် ယန္တရားနှလုံးသားကို အစွမ်းကုန်လည်ပတ်စေလိုက်သည်။
ဤအခိုက်အတန့်တွင် သူ၏ ယန္တရားနှလုံးသားသည် ထိန်းချုပ်မှုအားလုံးကို လုံးဝစွန့်လွှတ်လိုက်ပြီး ပျက်စီးလွယ်နေသော သတ္တုများကို ပြုပြင်ရန်ဟူသော ရည်မှန်းချက်တစ်ခုတည်းကိုသာ အာရုံစိုက်ထားလိုက်တော့သည်။
ဝုန်း ဝုန်း ဝုန်း
[ရေစီးနှုန်း တစ်စက္ကန့်လျှင် ၁၈ မီတာ... ၂၀ မီတာ... ၂၂ မီတာ]
သတိပေးသံများကြားတွင် ဗိုင်အိုလာ၏ တည်ငြိမ်သောအသံမှာ အလွန်စူးရှစွာထွက်ပေါ်လာသည်။ လင်းရှန်နှင့် အခြားသူများ၏ နားထဲတွင် ဆူညံသော အသံများပြည့်နှက်သွားပြီး ဆက်သွယ်ရေးစနစ်တွင် ဆူညံသံများသာကျန်ရှိတော့သည်။ အနန္တရထားသည် အလွန်ကြီးမားလှသော သမုဒ္ဒရာအဝတ်လျှော်စက်ကြီးထဲသို့ ပစ်ထည့်လိုက်သော အကြွေစေ့တစ်စေ့ကဲ့သို့ဖြစ်နေသည်။ အပြင်ဘက်ရှိ နက်ရှိုင်းသော ပင်လယ်ရေများသည် ဗဟိုခွာအားကြောင့် ရုတ်တရက်ပျောက်ကွယ်သွားပြီး အဆုံးမဲ့အပြာရောင်အစင်းတန်းများအဖြစ် ပြောင်းလဲသွားကာ တွင်းနက်ကြီးကို ဖြတ်သန်းလျက် တောက်ပသောဖဲကြိုးတစ်မျှင်အလားဆန့်တန်းသွားတော့သည်။
စူပါဝဲဂယက်ဗဟိုချက်သို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။
[လက်ရှိအရှိန်အရ ပန်ကာများသည် လွတ်မြောက်နိုင်စွမ်းအားဆုံးရှုံးသွားပါပြီ၊၊ ရေစီးနှုန်းသည် တစ်စက္ကန့်လျှင် ၂၅ မီတာသို့ ရောက်ရှိနေပါပြီ၊၊ တွဲ ၃၊ ၄၊ ၅၊ ၆၊ ၇ တို့တွင် သတ္တုများစတင်ပုံပျက်နေပါပြီ]
ဝူး
“ငါသိတယ်”
လင်းရှန်၏ အော်ဟစ်သံသည် သတ္တုများ၏ အော်မြည်သံများကြားတွင် နစ်မြုပ်သွားသည်။ နောက်ဘက်ရှိ ဖြောင့်တန်းနေသောစင်္ကြံလမ်းသည် ပရက်ဇယ်မုန့်ကဲ့သို့ ကွေးကောက်သွားပြီး ပြင်းထန်စွာ ပုံပျက်တွန့်လိမ်သွားတော့သည်။
“ကီကီ အနန္တရထားကို ကွဲထွက်မသွားစေနဲ့”
“သိပြီ”
ဤအခိုက်အတန့်တွင် ကီကီသည် သူမ၏ သွားများကို ဖိကြိတ်ထားပြီး မျက်လုံးများမှာ ပြင်းထန်သော လျှပ်စစ်စီးကြောင်းကဲ့သို့ တောက်ပနေသည်။ သူမ၏ ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းများထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို တုန်ခါစေလျက် အနန္တရထား၏ ဖိအားခံကိုယ်ထည်ပြင်ပကို ခိုင်မာအောင် အာရုံစိုက်ထားသည်။ အပြင်ကိုယ်ထည် သေချာပေါက်ဆုတ်ပြဲမသွားသရွေ့ လင်းရှန်သည် သူ၏ စွမ်းအားဖြင့် သတ္တုပျက်စီးမှုများကို အဆက်မပြတ်ပြုပြင်နိုင်ပြီး တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သည်။
ချန်ဆီရွှမ်သည် သူမ၏ မျက်လုံးများကို မှိတ်ထားပြီး ပြင်းထန်သောဝန်ပိမှုကို အံကြိတ်ခံနေသည်။ တစ်ဖက်တွင်မူ တင်းကျန်းရီသည် သူမ၏ အနီးတွင် မေ့လဲလုနီးပါးဖြစ်နေသည်။ တိုက်ပွဲအတွေ့အကြုံမရှိသဖြင့် သူမ၏ မျက်နှာမှာဖြူလျော်နေပြီး ထိုင်ခုံခါးပတ်ကြောင့် ထိုင်ခုံတွင် ကပ်နေကာ သတိလွတ်နေသောအခြေအနေဖြင့် တိုးတိုးလေးရေရွတ်နေသည်။
“လင်းရှန်... ငါ့ရဲ့ စွမ်းအားက... ကူညီပေးနိုင်မလား”
လင်းရှန်က သူမ၏ နားနားတွင် ကပ်၍ အော်လိုက်သည်၊၊
“မင်းကိုယ်မင်းကာကွယ်ဖို့ပဲ အာရုံစိုက်ထား ကျန်တာတွေကို စိတ်မပူနဲ့”
[ရေစီးနှုန်းသည် တစ်စက္ကန့်လျှင် ၃၂ မီတာသို့ ရောက်ရှိနေပြီး ဝဲဂယက်ဗဟိုချက်သို့ နီးကပ်နေပြီ ဗဟိုချက်၏ ရေစီးနှုန်းသည် တစ်စက္ကန့်လျှင် မီတာ ၅၀ ကျော်လွန်လိမ့်မည်ဟု ခန့်မှန်းပါတယ်၊၊ အထူးသတိပေးချက် အကယ်၍ တစ်စက္ကန့်လျှင် ၃၅ မီတာသို့ ရောက်ရှိပါက ဖိအားဒဏ်သည် ဖိအားဒဏ်ခံကိုယ်ထည်၏ ကန့်သတ်ချက်ကို ကျော်လွန်သွားလိမ့်မည်]
တစ်စက္ကန့်လျှင် ၃၂ မီတာဟူသောနှုန်းသည် အဆင့် ၁၇ ရှိသော တိုင်ဖုန်းမုန်တိုင်း၏ လေတိုက်နှုန်းနီးပါးရောက်ရှိနေသော်လည်း သူတို့ပိတ်မိနေသည်မှာ တိုင်ဖုန်းမုန်တိုင်းထဲတွင်မဟုတ်ဘဲ အမှန်တကယ် ပြင်းထန်လှသော ရေနက်ရေစီးကြောင်းကြီးထဲတွင်ဖြစ်သည်။
ဘန်း
တွဲ ၃ တွင် ရှောင်ယွမ် ကာကွယ်ထားသော မျိုးစေ့ထုပ်သည် နွယ်ပင်များဖြင့် ကာကွယ်ထားသော တိုင်အတွင်း၌ ပေါက်ကွဲသွားသည်။ မျိုးစေ့များသည် တွဲတစ်ခုလုံးတွင် ပျံ့နှံ့သွားပြီး တွဲ ၅ တွင် တာလို့၏ အနက်ရောင်နဂါးဝတ်စုံသည် မာရှောင်ထန်းနှင့် ရှားရှားတို့ကို ဝဲယာနှစ်ဖက်မှ ကာကွယ်ပေးထားသည်။ နားနေတွဲတွင်လည်း စည်သွပ်ဗူးအမျိုးမျိုးက ပေါက်ကွဲကုန်ပြီး အတွင်းပိုင်းတွင် လွင့်စင်နေကာ နောက်ဘက်ရှိ တွဲများမှ လူအများအပြားသည် ထိတ်လန့်ဖွယ် ဝဲဂယက်နှင့်အတူ လည်ပတ်နေကြရသဖြင့် စိုးရိမ်ဖွယ်အခြေအနေသို့ ဆိုက်ရောက်နေကြသည်။
အနန္တရထားတစ်ခုလုံးသည် ဝဲဂယက်၏ ထိတ်လန့်ဖွယ်ဗဟိုခွာအားအောက်တွင် ရိုက်ခတ်ခံနေရသော သံမဏိကြိုးတစ်ချောင်းကဲ့သို့ဖြစ်နေသည်။ အရှိန်ပြင်းလှသော ရေစီးကြောင်းကြောင့် ဖိအားခံကိုယ်ထည်မှ ပူပြင်းလှသော အပူလှိုင်းများ ထွက်ပေါ်လာပြီး ရေနွေးငွေ့ပူဖောင်းများသည် အနန္တရထားကို လွှမ်းခြုံထားသည်။ တစ်ချိန်တည်းတွင် ဂါလန်မီးတောင်မှ ပေါက်ကွဲထွက်လာသော ချော်ရည်များသည် ငရဲဘုံမှ အထက်သို့ တက်လာသကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်လာသည်။ ကြီးမားလှသော ချော်ရည်တိုင်များသည် အထက်သို့ ထိုးတက်သွားပြီး ဤဝဲဂယက်ဂလက်ဆီတွင် အနီရင့်ရောင်တိုင်ကြီးများအဖြစ် ဖြစ်ပေါ်နေသည်။
အနန္တရထားနှင့် ပိုင်ဖုန်း ၀၉ နှစ်စင်းလုံးသည် ၎င်းတို့ကြားရှိ ကြီးမားလှသောရေစီးကြောင်းလည်ပတ်မှုထဲတွင် အလိုအလျောက်ပိတ်မိနေကြသည်။ ၎င်းတို့သည် ဦးတည်ချက်နှင့် ယိမ်းထိုးမှုကို မထိန်းချုပ်နိုင်သလို လွတ်မြောက်အောင်လည်း မစွမ်းဆောင်နိုင်ကြချေ။ ၎င်းတို့ ပြုလုပ်နိုင်သည်မှာ တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ဖိအားဒဏ်ခံကိုယ်ထည် ဆုတ်ပြဲမသွားစေရန် ဆုတောင်းနေရုံသာဖြစ်သည်။
အနန္တရထားနှင့် နှိုင်းယှဉ်ပါက ပိုင်ဖုန်း ၀၉ ၏ အခြေအနေမှာ အနည်းငယ်ပိုကောင်းသည်။ ဖက်ဒရေးရှင်း၏ ခေတ်မီနည်းပညာပေါင်းစပ်ထားသော တွင်းနက်အဆင့် နျူကလီးယားရေငုပ်သင်္ဘောဖြစ်သည့်အားလျော်စွာ ၎င်း၏ ဖိအားဒဏ်ခံနိုင်ရည်မှာ အနန္တရထားထက် ပိုမိုသာလွန်သည်။ ရေနက်ပိုင်းငုပ်လျှိုးမှုအပိုင်းကို တီထွင်စဉ်အတွင်း လင်းရှန်နှင့် ရှင်းဂျီတို့သည် ဒီဇိုင်းနှင့် ကုန်ကြမ်းပစ္စည်းများအတွက် အတော်ပင်အားစိုက်ထုတ်ခဲ့ကြသော်လည်း အနန္တရထားသည် နောက်ဆုံးတွင် ကုန်းတွင်းပိုင်းသွားရထားတစ်စင်းသာဖြစ်ပြီး အပေါ်ယံအခွံဖြင့်သာ ဖုံးအုပ်ထားခြင်းဖြစ်သောကြောင့် ၎င်း၏ တည်ဆောက်ပုံဆိုင်ရာခိုင်ခံ့မှုတွင် အားနည်းချက်များရှိနေဆဲဖြစ်သည်။
အနန္တရထားပေါ်တွင်မူ လင်းရှန်နှင့် ကီကီတို့သည် တိုး၍ပြင်းထန်လာသော စူပါဝဲဂယက်ကြောင့် ရထားကိုယ်ထည်ဆုတ်ပြဲမသွားစေရန် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ်၌သာ အားကိုးနေကြရသည်။ ထိုအခိုက်အတန့်တွင် လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုကို ဆင့်ခေါ်ပြီး အလိုအလျောက်ပြုပြင်ခိုင်းချင်စိတ်များ တဖွားဖွားပေါ်နေမိသော်လည်း ၎င်းမှာ မဖြစ်နိုင်မှန်းသူသိလေသည်။ သူ့၏ စိတ်စွမ်းအားကိုသာ အားကိုးပြီးရထား၏ ပင်မတည်ဆောက်ပုံကို အဆက်မပြတ်စကင်ဖတ်ကာ ၎င်းကို ပြုပြင်ရန် စွမ်းအင်များကို ရူးသွပ်စွာလောင်းထည့်နေတော့သည်။
အမိုးပေါ်ရှိ ပျားလပို့ပုံစံထောက်တိုင်များ၏ သတ္တုဝန်ပိမှုကြောင့် စူးရှသောမြည်သံတစ်ခု ထွက်ပေါ်လာပြီး တွဲ ၃ ၏ အဆက်နေရာတွင် လက်ဝါးဝက်ခန့် ကျယ်သော အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ ထိုနေရာသို့ တိုးဝင်လာသော ဖိအားမြင့်ရေတိုင်လုံးကို ကီကီ၏ စိတ်စွမ်းအားဖြင့် အတင်းဆွဲထိန်းထားပြီး လင်းရှန်၏ စွမ်းအားဖြင့် ဂဟေဆက်လိုက်ရသည်။ ရေစီးနှုန်းသည် တစ်စက္ကန့်လျှင် ၃၅ မီတာ ကျော်လွန်သွားသည်နှင့်အမျှ ရထားတစ်စင်းလုံး ရုတ်တရက်နိမ့်ဆင်းသွားပြီး လူတိုင်းလည်း ရင်ဘတ်ကို ၁၀ပေါင်တူကြီးဖြင့် အထုခံလိုက်ရသလို ခံစားနေရသည်။ လင်းရှန်သည် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကိုသာ ကြားလိုက်ရပြီး ပြတင်းပေါက်အပြင်သို့ ကြည့်လိုက်ရာ အပြင်ဘက်တွင် အလွန်ထူးဆန်းစွာ တောက်ပနေသည် အပြာရောင်ပူဖောင်းပေါင်းများစွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။