← Chapters

နက်ရှိုင်းသောပင်လယ်ပြင်အောက်ခြေကို ဖြတ်ကျော်ခြင်း (၂)

Vol. 61 Ch. 1031

နက်ရှိုင်းသောပင်လယ်ပြင်အောက်ခြေကို ဖြတ်ကျော်ခြင်း (၂)

Vol. 61 Ch. 1031

“အဲ့ဒါ ဘာလဲ”

[ဆန်းစစ်ချက်အရ ဒါက ကျင်းယွမ်ဝဲဂယက်လမ်းကြောင်းရဲ့ ဗဟိုဧရိယာမှာဖြစ်ပေါ်တဲ့ စူပါကာဗီတေးရှင်း ပူဖောင်းတွေ ဖြစ်ပါတယ်၊၊ အရှိန်ပြင်းပြင်း ရွေ့လျားနေတဲ့ ရေစီးကြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အထူးဖြစ်စဉ်တစ်ခုပါ]

ဤအခိုက်အတန့်တွင် ဗိုင်အိုလာသည် ကာကွယ်သူနတ်ဘုရားတစ်ပါးကဲ့သို့ လင်းရှန်၏ မေးခွန်းကို တည်ငြိမ်စွာ ပြန်လည်ဖြေကြားပေးခဲ့သည်။

[စူပါကာဗီတေးရှင်း ပူဖောင်းတွေက သတ္တုမျက်နှာပြင်ပေါ်မှာ သေးငယ်တဲ့ ပေါက်ကွဲမှုတွေကို ဖြစ်စေပြီး စွမ်းအင်နဲ့ မြင့်မားတဲ့ အပူချိန်တွေကို ထုတ်လွှတ်ပါတယ်၊၊ ဒါကြောင့် ဖိအားဒဏ်ခံကိုယ်ထည်ကို တိုက်စားစေတဲ့ အကျိုးသက်ရောက်မှုဖြစ်ပေါ်စေတာပါ၊၊ ဒါက ရေအောက်မှာ ရေငုပ်သင်္ဘောတွေ ရင်ဆိုင်ရလေ့ရှိတဲ့ ဒုက္ခတွေထဲက တစ်ခုပဲဖြစ်ပါတယ်၊၊ အခု ကျွန်မတို့ ကြုံတွေ့နေရတဲ့ စူပါကာဗီတေးရှင်းပူဖောင်းတွေက ပင်မတည်ဆောက်ပုံကို ပိုပြီးပြင်းထန်တဲ့ တိုက်စားပျက်စီးမှုတွေ ဖြစ်စေပါလိမ့်မယ်]

“ဘာ” ကီကီက အံကြိတ်ရင်း မေးလိုက်သည်၊၊

“တည်ငြိမ်တဲ့ ရေစီးကြောင်းထဲရောက်ဖို့ ဘယ်လောက်လိုသေးလဲ”

[တည်ငြိမ်တဲ့ ရေစီးကြောင်းဆီ ရောက်ဖို့ အနည်းဆုံး ၁.၄ ရေမိုင် လိုပါသေးတယ်၊၊ ဝဲဂယက်ဗဟိုချက်ထဲမှာဆိုရင်တော့ နောက်ထပ် ၃ မိနစ်လောက်ကြာမယ်လို့ ခန့်မှန်းပါတယ်၊၊ ဒါပေမဲ့ ပြဿနာက ဒီစူပါကာဗီတေးရှင်း ပူဖောင်းတွေရဲ့ ရိုက်ခတ်မှုအောက်မှာ ကျွန်မတို့က ၁ မိနစ်တောင် ခံနိုင်မှာမဟုတ်ပါဘူး၊၊ ဝဲဂယက်အလွှာရဲ့ ရေစီးနှုန်းကလည်း တစ်စက္ကန့်ကို ၃၉ မီတာအထိ ရောက်သွားနိုင်ပါတယ်]

“ကျွန်မတို့ ဘာလုပ်ကြမလဲ လင်းရှန်”

ကီကီက လင်းရှန်ကို မေးလိုက်သည်။

ဝုန်း

အနန္တရထားတစ်ခုလုံးတွင် သတ္တုဝန်ပိမှုကြောင့် စူးရှသောမြည်ဟည်းသံများထွက်ပေါ်လာပြီး တည်ဆောက်ပုံတစ်ခုလုံးရှိ ဖိအားဒဏ်ခံအမိုးများထံမှ ပြိုကွဲသံများ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် လင်းရှန်သည် ထိတ်လန့်ဖွယ်ဝန်ပိမှုကို အောင့်ခံရင်း ဖန်သားပြင်ပေါ်ရှိ အချက်အလက်များကို ကြည့်ရန် မျက်လုံးများကို တစ်ဝက်မှိတ်လိုက်သည်။

ပတ်လည်ဒီဂရီ ၂၇၄၊ အနက် ၂၄၂၀ မီတာ…

“နည်းလမ်း... ရှိတယ်”

လင်းရှန်က မည်းမှောင်နေသော မျက်နှာဖြင့် ကီကီကို အော်ဟစ်လိုက်သည်၊၊

“တည်ငြိမ်တဲ့ ထောင့်တစ်ခုကိုရှာပြီး အနန္တရထားကို ဗဟိုချက်ထဲရောက်အောင်ပစ်လွှတ်ပေး”

“ဟင်”

[ဒီအစီအစဉ်ကို အကြံမပြုပါဘူး၊၊ ဝဲဂယက်ဗဟိုချက်ထဲကို အလျားလိုက်အတင်းဝင်ရောက်မယ်ဆိုရင် အလွန်ကြီးမားတဲ့ သမုဒ္ဒရာရေစီးကြောင်းရဲ့ ဖြတ်တောက်အားတွေ၊ ရေထုမငြိမ်သက်မှုတွေနဲ့ ညှပ်ဖိအားတွေကို ရင်ဆိုင်ရမှာဖြစ်ပြီး အနန္တရထားကို ချက်ချင်း ပြိုကွဲသွားစေပါလိမ့်မယ်]

ဗိုင်အိုလာက ချက်ချင်း သတိပေးလိုက်သည်။

“ရထားတစ်စင်းလုံးကို AT ဒိုင်းကာနဲ့ လွှမ်းခြုံထားလိုက်ရင်ကော”

“ရထားတစ်စင်းလုံးကိုလား”

ကီကီက မေးလိုက်သည်၊၊

“ရှင် ထိန်းနိုင်ပါ့မလား”

“ပြဿနာမရှိဘူး”

“ရိုင်ယန်ရဲ့ နျူကလီးယားရေငုပ်သင်္ဘောကော”

“သူလည်း ခံနိုင်ရည်ရှိတယ်”

ကီကီက စကားပြောရင်း မျက်လုံးများတည်ငြိမ်သွားကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်၊၊

“ကောင်းပြီ”

“ရူဂျီ ငါပြောတာကြားလား”

လင်းရှန်က အော်ဟစ်လိုက်သည်၊၊

“ခဏနေရင် မင်းလည်း ကီကီလိုပဲ ပိုင်ဖုန်း ၀၉ ကို လှမ်းဆွဲထားပေး”

“စိတ်ချပါ… ငါ့အပေါ် ထားတဲ့ ယုံကြည်မှုကို မပျက်စေရဘူး” ရူဂျီ၏ အက်ရှရှအသံထွက်ပေါ်လာသည်။

“ကောင်းပြီ… စမယ်”

လင်းရှန်သည် အံတင်းတင်းကြိတ်ထားပြီး စူပါကာဗီတေးရှင်းပူဖောင်းများကြားတွင် အနန္တရထား၏ တိုက်စားခံရမှုများကို တစ်ပြိုင်နက်တည်း ခုခံကာကွယ်ရင်း အဆက်မပြတ်ပြုပြင်ကာ သူ၏ သတိကို မြဲမြံစွာ ထိန်းထားလိုက်သည်။ သူသည် ပတ်လည်ဒီဂရီအရ အနန္တရထား၏ တွဲတစ်ခုချင်းစီ၏ ဆက်သွယ်မှုထောင့်ကို အဆက်မပြတ်ချိန်ညှိနေသည်ကို စောင့်ကြည့်နေသည်။

၂၇၅၊ ၂၇၆

တွဲ ၃ နှင့် တွဲ ၄ ကို ချိန်ညှိပြီးသွားပြီ။

၂၇၇၊ ၂၇၈

တွဲ ၇ နှင့် တွဲ ၈ တို့၏ အဆက်နေရာတည်ငြိမ်သွားပြီ။

၂၇၉၊ ၂၈၀

ပတ်လည်ထောင့် ဒီဂရီ ၂၈၀ သို့ ရောက်ရှိသွားသောအခါ လင်းရှန်က ရုတ်တရက် အော်ဟစ်လိုက်သည်။

“လုပ်တော့”

ကီကီသည် အမိန့်ကို ကြားသည်နှင့် တုံ့ဆိုင်းမနေဘဲ မာန်သွင်းအော်ဟစ်လိုက်ကာ သူမ၏ စွမ်းအားအကုန်ထုတ်ဖော်လိုက်ပြီး ရူဂျီနှင့်အတူ စိတ်စွမ်းအင်ကိုအသုံးပြု၍ အနန္တရထားနှင့် ပိုင်ဖုန်း ၀၉ တို့ကို လွှမ်းခြုံကာ ဝဲဂယက်၏ စူပါဂလက်ဆီဗဟိုချက်ဆီသို့ တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်တော့သည်။ တစ်ခဏချင်းတွင်ပင် စိတ်စွမ်းအင်ဖြင့် လွှမ်းခြုံထားသော ရေနက်ရေငုပ်သင်္ဘောနှစ်စင်းသည် ပြင်းထန်လှသော ဝဲဂယက်ရေစီးကြောင်းများကို ဖြတ်ကျော်ကာ မြားတစ်စင်းကဲ့သို့ သမုဒ္ဒရာရေစီးကြောင်းများကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။

“အား”

အသက်ရှူတစ်ကြိမ်စာမျှသာ ကုန်လွန်သွားသော်လည်း ကီကီသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ရပြီး ရူဂျီ၏ အခြေအနေမှာလည်း ပို၍ကောင်းမွန်ခြင်းမရှိပေ။ လူသားတစ်ဦးချင်းစီ၏ စွမ်းအားများက မည်မျှပင်သန်မာစေကာမူ သဘာဝတရား၏ ကြီးမားလှသော စွမ်းအားများရှေ့တွင် ပိုးစုန်းကြူးမျှသာဖြစ်သည်၊၊ သမုဒ္ဒရာရေနက်ပိုင်း မီတာ ၂၅၀၀ တွင် စူပါဝဲဂယက်၏ အရှိန်မှာ တစ်စက္ကန့်လျှင် ၄၀ မီတာနီးပါး ရောက်ရှိနေပေသည်၊၊

ထိတ်လန့်ဖွယ်သဘာဝစွမ်းအားများသည် ထိုသူနှစ်ဦးကို ချက်ချင်းပင် အားအင်ကုန်ခမ်းသွားစေပြီး စိတ်ဝိဉာဉ်စွမ်းအားများ ပြိုလဲသွားကာ စွမ်းအားဝတ်စုံမျက်နှာဖုံးအတွင်း သွေးများအန်ထွက်လျက် သတိလစ်သွားကြတော့သည်။

ထိုတိုတောင်းလှသော အခိုက်အတန့်တွင်ပင် လူတင်ဆောင်ထားသော ကြီးမားလှသော ရေငုပ်သင်္ဘောနှစ်စင်းသည် ရေစီးကြောင်းများကို ဖြတ်သန်း၍ အတော်ဝေးဝေးသို့ ပြေးဝင်သွားခဲ့ပြီဖြစ်သည်။

[လက်ရှိရေစီးနှုန်းက တစ်စက္ကန့်ကို ၄၂ မီတာ ရောက်နေပြီ သတိပေးချက်- ဝဲဂယက်လမ်းကြောင်းထဲ ဝင်သွားပြီ၊၊ ဗဟိုချက်ထဲကို ထပ်ပြီး အတင်းတိုးမဝင်ပါနဲ့]

ကီကီနှင့် ရူဂျီတို့ သတိလစ်သွားသည်နှင့် အနန္တရထားနှင့် ပိုင်ဖုန်း ၀၉ တို့၏ သတ္တုဖိအားခံကိုယ်ထည်များပေါ်မှ စိတ်စွမ်းအင်များပျောက်ကွယ်သွားတော့သည်။ အနန္တရထား၏ ထိန်းချုပ်ခန်းထဲတွင် လင်းရှန်သည် ရုတ်တရက်မျက်လုံးများကို ဖွင့်လိုက်ပြီး စက်ရုပ်လက်တံ ခြောက်ချောင်းသည် လျှပ်စစ်စွမ်းအင်များ တုန်ခါလျက် ယန္တရားလည်ပတ်မှုကို စတင်လိုက်သည်။

ဤအခိုက်အတန့်တွင် ရေနက်ရေစီးကြောင်းများကြား၌ အနန္တရထား၏ ဝေးလ် 03E အကြီးစားဓာတ်ငွေ့တာဘိုင်စက်ခေါင်း၊ Skystar 5C နျူကလီးယားစွမ်းအင်စက်ခေါင်းနှင့် Gemini 11R နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ရထားစက်ခေါင်းဟူသော စွမ်းအင်အရင်းမြစ်သုံးခုစလုံးသည် ရုတ်တရက် စွမ်းအားများဖြင့် ဟိန်းဟောက်လာကြပြီး စူပါစထရင်းနူဓာတ်ပြုအဆင့်သက်တန့်ကွင်း သုံးခုစလုံး အပြည့်အဝပွင့်သွားကာ ကီလိုဝပ် ၅ သိန်းနီးပါးရှိသော စွမ်းအင်များသည် သူ၏ ထံသို့ ပြင်းထန်စွာ စုစည်းသွားတော့သည်။

တစ်ခဏချင်းတွင်ပင် လင်းရှန်သည် ရာပေါင်းများစွာသော လျှပ်စစ်စီးကြောင်းများဖြင့် တောက်ပလာပြီး သူ၏ မျက်ဝန်းများမှ စွမ်းအင်တန်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

“AT ဒိုင်းကာ စတင်မယ်”

လင်းရှန်က ပြင်းထန်စွာ အော်ဟစ်လိုက်ရာ အဖြူရောင် AT စွမ်းအင်အကာကွယ်နယ်ပယ်သည် သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက်တုန်ခါထွက်ပေါ်လာပြီး ကီလိုဝပ်သန်း ၅၀ရှိသော ထိတ်လန့်ဖွယ်စွမ်းအင်များနှင့်အတူ အချင်းတစ်ကီလိုမီတာကျော်ရှိသော ဗဟုဂံပုံစံဒိုင်းကာကြီးတစ်ခုအလားပွင့်ထွက်သွားကာ အနန္တရထားနှင့် ပိုင်ဖုန်း ၀၉ နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်းလုံးကို လွှမ်းခြုံထားလိုက်သည်။ ထို့နောက် ၎င်းသည် သမုဒ္ဒရာအောက်ခြေရှိ ဖျက်ဆီးအားပြင်းလှသော ရေငြိမ်ဖိအားနှင့် စူပါဝဲဂယက်၏ အရှိန်ပြင်းလှသော တုန်ခါမှုများနှင့် တိုက်မိသွားတော့သည်။

တစ်ခဏချင်းတွင်ပင် လင်းရှန်သည် သူ၏ နားထဲတွင် ရုတ်တရက်တိတ်ဆိတ်သွားသလို ခံစားလိုက်ရပြီး သူ၏ အသိစိတ်အနက်ရှိုင်းဆုံးတွင် စူးရှသောမြည်သံတစ်ခုသာကျန်ရှိတော့ကာ သူ၏ ဖြစ်တည်မှုတစ်ခုလုံးမှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုကဲ့သို့ ဖြစ်သွားသည်။ သူ၏ အမြင်တွင်မူ မှောက်ခုံဖြစ်နေသော ပြတင်းပေါက်ပြင်ပရှိ အပြာရောင်ရေစီးကြောင်းများသည် အလင်းတန်းများအဖြစ် တစ်ပြိုင်နက်ပြောင်းလဲသွားပြီး ရထားတစ်စင်းလုံးသည် ယခင်က မြင့်မားလှသော ကောင်းကင်စင်္ကြံလမ်းတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားရကာ စွမ်းအင်မြင့်အရှိန်မြှင့်တင်မှုကို စတင်လိုက်တော့သည်။

အရာအားလုံးသည် တိတ်ဆိတ်သောကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနန္တရထားနှင့် ပိုင်ဖုန်း ၀၉ နျူကလီးယားရေငုပ်သင်္ဘောတို့သည် ရိုက်ခတ်မှုလှိုင်းကြောင့် ပေါက်ကွဲသွားသော ကျည်ဆန်ထိပ်ဖူးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဝဲဂယက်ဗဟိုချက်သို့ ဝင်ရောက်သွားသော အခိုက်အတန့်တွင် ၎င်းတို့သည် ဝဲဂယက်၏ မွှေနှောက်မှုကို ခံလိုက်ရပြီး သမုဒ္ဒရာထဲသို့ ဝေးကွာစွာဆန့်တန်းနေသော ကွေ့ကောက်လှသည့် သမုဒ္ဒရာစမ်းချောင်းတစ်ခုထဲသို့ တွန်းပို့ခြင်း ခံလိုက်ရသည်၊၊ ၎င်းမှာ အပြာရောင် အဏုဇီဝသက်ရှိများကြောင့် လင်းထိန်နေသော စူပါရေစီးကြောင်းကြီးဖြစ်ပြီး ကျင်းယွမ်ဝဲဂယက်လမ်းကြောင်းဟု လူသိများသည်။

[လက်ရှိရေစီးနှုန်းက တစ်စက္ကန့်ကို ၃၀ မီတာအထိ ကျဆင်းသွားပြီ]

[တည်ငြိမ်တဲ့ ရေစီးကြောင်းထဲ ဝင်သွားပြီ]

[ရေစီးကြောင်းဆုံမှတ် အနေအထားကို ချိန်ညှိနေပြီး ကြိုတင်သတ်မှတ်ထားတဲ့ တိမ်းမှောက်မှုဒဏ်ခံတောင်ပံတွေကို ဖြန့်ကျက်နေပါတယ်]

[အတွင်းပိုင်း အောက်ဆီဂျင်ဖိအားကို မြှင့်တင်နေပါတယ်]

လင်းရှန်၏ နားထဲတွင် ဗိုင်အိုလာ၏ အသံမှာ တစ်ခါတစ်ရံဝေးလိုက်နီးလိုက်ဖြစ်နေပြီး သူ၏ မျက်လုံးများကို ဖွင့်ရန် ကြိုးစားလိုက်သောအခါ သူ၏ စွမ်းအားဝတ်စုံမျက်နှာဖုံးပေါ်တွင် သူ့ပါးစပ်မှ ထွက်လာသော သွေးမြူများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်၊၊ သူ၏ ဦးခေါင်းနောက်ဘက်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားနေရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စစ်စီးကြောင်းကြောင့် လောင်ကျွမ်းသွားသော အနံ့များထွက်နေသည်။ ထိုအခိုက်အတန့်တွင် သူ၏ အခြေအနေကမည်သို့ရှိနေမှန်း သူမသိသော်လည်း ဗိုင်အိုလာ၏ အကြောင်းကြားချက်အရ သူ၏အစီအစဉ်က ၁၀၀%အောင်မြင်သွားခဲ့ပြီမှန်း သူသိလိုက်ရသည်။

အနည်းဆုံးတော့ အနန္တရထား၏ ထိန်းချုပ်ခန်းထဲကို ရေမဝင်ခဲ့ချေ။

All Chapters