← Chapters

နက်ရှိုင်းသောပင်လယ်ပြင်အောက်ခြေကို ဖြတ်ကျော်ခြင်း (၃)

Vol. 61 Ch. 1032

နက်ရှိုင်းသောပင်လယ်ပြင်အောက်ခြေကို ဖြတ်ကျော်ခြင်း (၃)

Vol. 61 Ch. 1032

ဝူး ဝူး ဝူး ဝူး

မတူညီသော ပြင်းထန်လှသော သတိပေးသံများ မြည်ဟည်းနေစဉ် လင်းရှန်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး စွမ်းအားဝတ်စုံ၏ မျက်နှာဖုံးကို ဖယ်ရှားလိုက်ကာ ရှေ့တွင် ရှိနေသော အက်ကွဲနေသည့် ကြယ်မှုန်သလင်းမှန်ပြတင်းပေါက်နှင့် ပြင်ပရှိ တောက်ပစွာ လည်ပတ်နေသော နက်ပြာရောင်သမုဒ္ဒရာလှိုင်းများကို မော့ကြည့်လိုက်သည်။ ထိန်းချုပ်ခန်းအတွင်းရှိ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မီးအလင်းများသည် သူ၏ အသက်ရှူသံများနှင့်အတူလိုက်ပါနေပြီး သဲနာရီထဲမှ သဲများစီးကျနေသကဲ့သို့ဖြစ်နေကာ သူ၏ အကြည့်ကို လွှဲလိုက်ရာ ရိုက်ခတ်မှုဒဏ်နှင့် ပြင်းထန်လှသော ဝန်ပိမှုကြောင့် သတိလစ်နေကြသော ကီကီ၊ ချန်ဆီရွှမ်နှင့် တင်းကျန်းရီတို့ကို မြင်လိုက်ရသည်။ သူက ဗိုင်အိုလာကို ခေါ်ရန် မနည်းရုန်းကန်လိုက်ရသည်။

“ဗိုင်အိုလာ”

[အရန်ဆေးဘက်ဆိုင်ရာဒရုန်းတွေအားလုံးကို ရထားတစ်စင်းလုံးမှာ ကယ်ဆယ်ရေးလုပ်ဖို့ စေလွှတ်ထားပြီးပါပြီ၊၊ စိတ်ချပါ၊၊ မစ္စရှီဇီနဲ့ ချီလီတို့က ကူညီပေးနေပါတယ် ]

လင်းရှန်သည် ဖြည်းညှင်းစွာ နောက်သို့ လှည့်ကြည့်လိုက်ရာ သွေးကပ်ဘေးပန်း၏ အမှောင်စွမ်းအင်လှိုင်းများနှင့်အတူ အစိမ်းရောင်ကုသမှုစွမ်းအားများတိုးထွက်လာပြီး ကွေးကောက်နေသော တွဲစင်္ကြံလမ်းတွင် ရှိနေသည်ကို မြင်လိုက်ရသည်၊၊ ထိုနေရာတွင် ထိုအထူးစွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော ရှီဇီသည် အာကာသထဲက အာကာသယာဉ်မှူးတစ်ဦးကဲ့သို့ လျင်မြန်စွာ ခုန်ကူးလာခဲ့သည်။

“လင်း… တောင့်ထားဦး” ရှီဇီ၏ စိုးရိမ်တကြီး အော်ဟစ်သံ သူ၏ နားထဲသို့ ရောက်ရှိလာသည်။

အလွန်အေးမြလှသော စွမ်းအားတစ်ခု လင်းရှန်၏ အတွင်းကလီစာများနှင့် ဦးနှောက်ထဲသို့ တိုးဝင်လာသောအခါ သူ၏ ရူးသွပ်လှသော အစီအစဉ်သည် နောက်တစ်ကြိမ် အောင်မြင်သွားခဲ့ပြန်ပြီမှန်းနှင့် သူ နောက်တစ်ကြိမ် အသက်ရှင်ကျန်ရစ်ခဲ့ပြီမှန်း သူသိလိုက်ရသည်။

ရထားပေါ်ရှိ စွမ်းအင်အရင်းအမြစ်သုံးခုစလုံးမှ ရရှိသော စုပေါင်းစွမ်းအင်နှင့် သူ၏ စူပါစထရင်းနူဓာတ်ပြုစနစ်တို့ ပေါင်းစပ်လိုက်ပါက မည်မျှအထိဖြစ်လာမည်ကို သူ မသိခဲ့ချေ၊၊ အနည်းဆုံးတော့ သူ သိသည်မှာ လွန်ခဲ့သောအချိန်က မြူမီးခိုးအသုံးပြုခဲ့ဖူးသော စွမ်းအားနယ်ပယ်၏ အတိုင်းအတာကို သူ ခဏမျှ ခံစားလိုက်ရပြီး ၎င်းမှာ တိုင်းတာ၍မရနိုင်လောက်အောင် အလွန်အမင်းအစွမ်းထက်လှသည်။

“သလင်းကျောက်လား” လင်းရှန်သည် တွေးနေမိသည်။

မဟုတ်ဘူး... ငါ့အတွက်တော့ စွမ်းအင်ပါဝါကသာ တကယ့်အစစ်အမှန် ဖြစ်ရမယ်…

လင်းရှန်အပါအဝင် အနန္တရထား သို့မဟုတ် ပင်လယ်လင်းယုန်အုပ်စုမှ မည်သူမျှ ရထားတစ်စင်းသည် မီတာထောင်ချီနက်သော ပင်လယ်ရေအောက်ခြေ၌ ကြယ်သင်္ဘောတစ်စင်းကဲ့သို့ ဖြတ်သန်းမောင်းနှင်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။

ပင်လယ်ကျောက်ဆောင်၏ အရှေ့ဘက်အရပ်မျက်နှာရှိ မီတာ ၂၆၅၀ နက်သော ပစိဖိတ်သမုဒ္ဒရာထဲတွင် အလင်းရောင်မှန်သမျှသည် ရေနက်ပိုင်းကြောင့် ကွယ်ပျောက်နေသော်လည်း ကြီးမားလှသော သေခြင်းတရားအငွေ့အသက်များပြည့်နှက်နေသည့် ဤမှောင်မိုက်သော ပင်လယ်ပြင်ထဲ၌ ကြယ်ရောင်ဖဲကြိုးတစ်မျှင်အလား ကွေ့ကောက်နေသော ရေစီးကြောင်းအလင်းလမ်းကြောင်းတစ်ခုရှိနေသည်။ ၎င်းမှာ ပြင်းထန်လှသော အပူစီးဆင်းမှုနှင့် ဖိအားကွာခြားချက်များကြောင့် ဖြစ်ပေါ်လာသည့် သမုဒ္ဒရာအောက်ခြေရေစီးဆင်းမှုဖြစ်ပြီး အရှိန်ပြင်းလှသော ရေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုကဲ့သို့ အံ့ဩဖွယ်အရှိန်နှုန်းဖြင့် စီးဆင်းနေသည်။

ပုံမှန်အားဖြင့်မူ ဤထိတ်လန့်ဖွယ်ရေနက်ရေစီးကြောင်းသည် ကမ္ဘာပျက်ကပ်မတိုင်မီက အလွန်နည်းပါးလှသော အဏုဇီဝသက်ရှိများနှင့် တော်ပီဒိုများမှလွဲ၍ လူသားတို့၏ ရေငုပ်ယာဉ်များအတွက် အန္တရာယ်ရှိသော ရေပြင်အခြေအနေဖြစ်ကာ သေမင်းတမန်လမ်းတစ်ခုကဲ့သို့ သတ်မှတ်ထားကြသဖြင့် ဤကဲ့သို့အသုံးပြုနိုင်လိမ့်မည်ဟု ပုံမှန်အားဖြင့် မတွေးဝံ့စရာပင်ဖြစ်သည်။

လက်ရှိတွင်မူ တောက်ပနေသော ဤရေစီးကြောင်းဇုန်ထဲ၌ ရထားတစ်စင်းနှင့် နျူကလီးယားရေငုပ်သင်္ဘောတစ်စင်းတို့သည် ပြင်းထန်လှသော ရေစီးအားကြောင့် ရှေ့သို့ လျင်မြန်စွာပါရှိသွားပြီး မှောင်မိုက်သောပင်လယ်ပြင်ကို ဖြတ်သန်းနေကြသည်။

အနန္တရထားနှင့် ပိုင်ဖုန်း ၀၉ ပေါ်တွင်မူ သေနတ်သံ သို့မဟုတ် ပေါက်ကွဲသံများမထွက်ပေါ်ခဲ့သော်လည်း ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရသကဲ့သို့ ခံစားနေကြရသည်။ ထိန်းချုပ်ခန်းများအတွင်း ပရမ်းပတာဖြစ်နေပြီး ပင်မတည်ဆောက်ပုံများ ကောက်ကွေးနေသည်၊၊ ပြတင်းပေါက်မှန်များအက်ကွဲနေလျက် နေရာအနှံ့တွင် အပျက်အစီးများပြန့်ကျဲနေကာ လေထုထဲ၌ သွေးညှီနံ့များလှိုင်နေသည်။ အသက်ရှင်ကျန်ရစ်သူအမြောက်အမြားမှာ ဦးခေါင်းတွင် ဒဏ်ရာများရကာ သွေးထွက်နေကြပြီး တိုက်မိမှုကြောင့် မေ့လဲသွားသူများမှာ ရေခဲတောင်၏ အဖျားမျှသာရှိသေးကာ အရိုးကျိုးခြင်းနှင့် ပြတ်ရှဒဏ်ရာများရခြင်းက အလွန်ပင်များပြားနေသည်၊၊

ခုနက ကြုံတွေ့ခဲ့ရသော ထိတ်လန့်စရာအခြေအနေမှာ အရှိန်ပြင်းလှသော ဗဟိုခွာစက်ထဲတွင် ပိတ်မိနေသကဲ့သို့ဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် လူတိုင်းက အချိန်တိုင်းမှာ တစ်နှစ်ခန့် ရှည်လျားနေသကဲ့သို့ ခံစားခဲ့ရကာ ငရဲတံခါးဝမှ မည်မျှအခြေအနေများစွာ လွတ်မြောက်ခဲ့ရမှန်း မသိချေ။ အကယ်၍ ထိုထက်သာ ပိုပြီး ကြာမြင့်သွားခဲ့ပါက အသက်ရှင်လျက်ဘယ်လိုဆုတ်ဖြဲခံရမည်ကို မည်သူမျှ မသိနိုင်ချေ။

ပိုင်ဖုန်း ၀၉ အတွင်းရှိ အခြေအနေမှာ အတော်ပင်ဆိုးရွားနေပြီဖြစ်ရာ အနန္တရထားကိုမူ ပြောနေစရာပင် မလိုတော့ချေ။ ဤကဲ့သို့ သွယ်လျသော ရထားအသွင်ပြောင်း ရေငုပ်ယာဉ်သည် ဤမျှပြင်းထန်လှသော ဝဲဂယက်ထဲတွင် ပြိုကွဲမသွားခဲ့ခြင်းမှာ လင်းရှန်က ယုံကျန်းဆိပ်ကမ်းတွင် သေချာရွေးချယ်ခဲ့သော ကြယ်သင်္ဘောအဆင့် အထူးသံမဏိဖိအားခံကိုယ်ထည်ကြောင့်လည်းကောင်း၊ လင်းရှန်နှင့် ကီကီတို့၏ ပြုပြင်မှု အားထုတ်မှုများကြောင့်လည်းကောင်းဖြစ်ပြီး ဤကြီးမားလှသော သတ္တုတုံးကြီးကို ကျိုးပြတ်ပျက်စီးမသွားအောင် ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အခြေအနေအဆိုးရွားဆုံးမှာ တွဲ ၈ နှင့် တွဲ ၉ တို့ ဖြစ်ပြီး ပင်လယ်လင်းယုန်အဖွဲ့ဝင် ဆယ်ဂဏန်းခန့် ဒဏ်ရာရရှိခဲ့ကြသည်၊၊ အနန္တရထားဘက်တွင်မူ ရူဂျီနှင့် ကီကီတို့က ဒဏ်ရာရကာ သတိလစ်နေကြပြီး အခြားသူများမှာမူ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြသည်။ ၎င်းတို့ကို လင်းရှန်က ကြယ်တာယာအဆင့် စွမ်းအားဝတ်စုံများ ထောက်ပံ့ပေးထားသဖြင့် ပင်လယ်လင်းယုန်အဖွဲ့၏ သာမန်ကာကွယ်ရေးနှင့် နှိုင်းယှဉ်ပါက အလွန်ဘေးကင်းနေသည်။ သို့သော်လည်း ဤမျှ ပြင်းထန်သော ဝန်ပိမှုအကျိုးသက်ရောက်မှုများကြောင့် မြောင်လု၊ ရှောင်ယွမ်၊ လုချန်၊ မာရှောင်ထန်း၊ စွန်းယုကျန်းအပါအဝင် ရှားရှားနှင့် လော့ယန်တို့ပါ မရပ်မနားအန်နေကြရပြီး သတိလွတ်ကာ ၎င်းတို့၏ မျက်နှာများမှာ တစ္ဆေသရဲများကဲ့သို့ ဖြူလျော်နေလေသည်။

ဗန်နက်ဆာမှာမူ အတော်ပင်သက်သာလှပြီး ရှုချင်း၊ လူအိုကြီးမိုတို့နှင့်အတူ အဖွဲ့ဝင်များကို စတင်ကူညီပေးနေပြီဖြစ်သည်။

မိုနီကာသည် သူမ၏ စွမ်းအားဝတ်စုံကို ချွတ်လိုက်ပြီးနောက် နောက်တွဲထဲမှ ယိမ်းထိုးလျက်ထွက်လာကာ တည်ငြိမ်အောင်ကြိုးစားနေသော်လည်း သိသာစွာပင် အခြေအနေမကောင်းလှပေ။ အစောပိုင်းက သူမ၏ စွမ်းအားများကို အလွန်အကျွံအသုံးပြုခဲ့ရပြီး ရထား၏ နောက်ဆုံးတွဲတွင်ရှိနေခဲ့ခြင်းမှာ ကမ္ဘာပျက်ကပ်စတင်ကတည်းက သူမအတွက် အဆိုးရွားဆုံးအတွေ့အကြုံများထဲကတစ်ခုဖြစ်လာခဲ့သည်။

“မင်း ရပ်နိုင်သေးတာပဲ၊၊ အထင်ကြီးစရာပဲ”

ချီလီက တွဲ ၆ ရှိ ဆိုဖာကို မှီထားရင်း မောဟိုက်စွာပြောလိုက်သည်။ အစောပိုင်းက သူသည် တွဲ၏ မီးသတ်သမားတစ်ဦးအလား ရွှေရောင်အလင်းတန်းများနှင့်အတူ လူများကို ကယ်ဆယ်ရန်နှင့် မီးငြှိမ်းသတ်ရန် အကြိမ်ကြိမ်ပြေးလွှားခဲ့ရသည်။ သူသည် အားအင်ကုန်ခမ်းနေသော်လည်း သူ၏အခြေအနေမှာ ရထားတစ်စင်းလုံးတွင်ရပ်နေနိုင်သူများထဲမှ တစ်ယောက်ဖြစ်သည်။ အမြန်နှုန်းစွမ်းအားရှင်တစ်ဦးဖြစ်သည့်အားလျော်စွာ ပြင်းထန်လှသော ဝန်ပိမှုမှာ သူ့အတွက်တော့ စာမဖွဲ့လောက်ချေ။

“သေသွားတာကမှ သက်သာဦးမယ်”

မိုနီကာက အနားသို့ တိုးလာပြီး ဆိုဖာအစွန်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ သူမ၏ အကြည့်ကို ပတ်ဝန်းကျင်သို့ လွှဲလိုက်သည်။ ရူဂျီသည် ဆိုဖာပေါ်တွင် လှဲလျက် သတိလစ်နေစဉ်မှာပင် မျက်နှာဖုံးကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ ရှားရှားမှာမူ သူမ၏ နဖူးပေါ်တွင် ရေခဲအိတ်တစ်ခုတင်ထားပြီး မျက်လုံးများကို ဂဏှာမငြိမ်ဖြစ်နေသည်။ စွန်းယုကျန်းက မာရှောင်ထန်းနှင့် လော့ယန်တို့၏ ပြတ်ရှဒဏ်ရာများကို ဆေးထည့်ပေးနေသည်။

တစ်ဦးတည်းသော မတ်တပ်ရပ်နေသူမှာ ရှောင်ချင်းဖြစ်ပြီး သူမ၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိသော်လည်း မျက်ခုံးများကို ပြင်းထန်စွာ တွန့်ချိုးထားလျက် အရပ်မျက်နှာတစ်ခုသို့ ကြည့်နေသည်၊၊ ထိုနေရာရှိ ဆိုဖာထောင့်တွင် လုရှင်းချန် ထိုင်နေပြီး အမှိုက်ပုံးကို ဖက်ကာ မကြာခဏဆိုသလို ပြင်းထန်စွာ ထိုးအန်နေလေသည်၊၊ သူ၏ မျက်နှာမှာ ညိုမည်းနေကာ ပုံမှန်ရှိတတ်သော မီးနတ်ဘုရား၏ အရှိန်အဝါမျိုး လုံးဝပျောက်ဆုံးနေတော့သည်။

“လင်းရှန်တို့ရောအခြေအနေဘယ်လိုလဲ”

မိုနီကာက ထိုအခိုက်အတန့်တွင် မေးလိုက်သည်။

ချီလီက သူ၏ မေးစေ့ကို ပင့်လိုက်သည်၊၊

“ရှီဇီက ကုသပေးနေတယ်၊၊ လင်းရှန်ကတော့ ရူးသွပ်တဲ့စွမ်းဆောင်မှုတစ်ခုကို ထပ်လုပ်လိုက်ပြန်ပြီ၊၊ ရှီဇီပြောတာတော့ သူက စိတ်စွမ်းအားတွေ မစုစည်းနိုင်တော့တဲ့အထိ အားအင်ကုန်ခမ်းသွားတာတဲ့… ဒါပေမဲ့ သိပ်ပြီးတော့တော့ မပြင်းထန်ပါဘူး၊၊ ငါတို့ ကပ္ပတိန်က အလကား အလှပြပန်းအိုးမှမဟုတ်တာ… သူက တကယ့်ကို အစွမ်းထက်တယ်”

“ဘုရားရေ…”

ရှားရှားက သူမ၏ ကိုက်ခဲနေသော ဦးခေါင်းကို ကိုင်ကာ လေးနက်စွာ ရေရွတ်လိုက်သည်၊၊

“ကျွန်မတော့ သေလုမျောပါးကိုလန့်သွားတာပဲ၊၊ ခုနက ကျွန်မတို့ သေပြီလို့တောင် ထင်လိုက်မိတယ်”

“သေချာပေါက်မဟုတ်ဘူး”

နန်ကျင်းက ဆိုဖာပေါ်တွင် ထိုင်ကာ သူမ၏ နားထင်များကို နှိပ်နယ်ရင်း ဆက်ပြောလိုက်သည်၊၊

“အဆိုးဆုံးအခြေအနေမှာ ရထားကိုယ်ထည် ပြိုကွဲသွားခဲ့ရင်တောင် ငါတို့ စွမ်းအားဝတ်စုံတွေနဲ့ ဖောက်ထွက်နိုင်ရမှာပါ”

ချီလီက သူ၏ ဦးခေါင်းကို ခါယမ်းကာ ရယ်မောလိုက်သည်၊၊

“အဲဒီလောက်မလွယ်ဘူး၊၊ မစ္စနန်ကျင်း”

“ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရုတ်တရက် ပေါက်ကွဲသွားမယ်ဆိုရင် ကြယ်တာယာအဆင့်စွမ်းအားဝတ်စုံရဲ့ ကာကွယ်မှုရှိနေရင်တောင် ဘယ်သူမှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး၊၊ မင်းမြင်တဲ့အတိုင်းပဲလေ”

သူက ရူဂျီဘက်သို့ လက်ဟန်ပြလိုက်ရင်း “ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ကီကီနဲ့ ငါ၊ ပြီးတော့ သွေးစွမ်းအားရှင်ဖြစ်တဲ့ တာ့လိုတို့ကတော့ ခံနိုင်ရည်ရှိကောင်းရှိလိမ့်မယ်၊၊ ဒါပေမဲ့ အခြားသူတွေကတော့ အခွင့်အရေးရဖို့ ခက်ခဲလိမ့်မယ်၊၊ ဖြည်းဖြည်းချင်း နစ်မြုပ်တာနဲ့ ရုတ်တရက်ပေါက်ကွဲတာက လုံးဝကို ကွဲပြားခြားနားတယ်၊၊ ဒီစူပါဝဲဂယက်ထဲမှာဆိုရင်တော့ ပြောနေစရာတောင်မလိုတော့ဘူး”

“ကောင်းပြီ၊၊ ကျွန်မက သမုဒ္ဒရာရဲ့ စွမ်းအားကို လျှော့တွက်မိသွားပုံရတယ်” နန်ကျင်းက ထိုအချက်ကို ပြန်လည်တုံ့ပြန်လိုက်သည်။

“ကြည့်လိုက်ဦး”

ထိုအခိုက်အတန့်တွင် မာရှောင်ထန်းက ပြတင်းပေါက်ပြင်ပသို့ ကြည့်ရင်း အော်ဟစ်လိုက်သည်၊၊

“အလင်းရောင်တွေ မှိန်သွားပြီ”

ထိုစကားကြောင့် လူတိုင်းအံ့ဩသွားကြပြီး ပြတင်းပေါက်ပြင်ပသို့ လှမ်းကြည့်လိုက်ကြရာ အစောပိုင်းက အလင်းတန်းတစ်ခုထဲတွင် သွားလာနေသကဲ့သို့ဖြစ်နေသော ရေစီးကြောင်းမှာ ယခုအခါ အတော်ပင်မှိန်သွားသည်ကို မြင်လိုက်ရသည်။ ပင်လယ်ရေများသည် တဖြည်းဖြည်း မှောင်မိုက်လာပြီး ထိုမှိန်ဖျော့လှသော အပြာရောင်အလင်းတန်းများသည်လည်း တဖြည်းဖြည်းကျဲပါးသွားခဲ့သည်။

All Chapters