တည်ငြိမ်သောရေစီးကြောင်း
Vol. 61 Ch. 1033
မိုနီကာ၏ မျက်လုံးများလှုပ်ရှားသွားပြီးနောက် ဖြည်းညှင်းစွာပြောလာသည်၊၊
"ဘူမိအပူစွမ်းအင်တွေ လျော့နည်းသွားပြီ။ ဒါက ကျွန်မတို့တွေ ရေအောက်မီးတောင်တွေနဲ့ အဝေးကို ရောက်လာပြီဆိုတာပြနေတာပဲ"
အနန္တရထား၏ တွဲအချို့မှာ သိသိသာသာပုံပျက်ပန်းပျက်ဖြစ်နေပြီး အတွင်းပိုင်းမှ ကြည့်လျှင် ပရက်ဇယ်မုန့်ကဲ့သို့ တွန့်လိမ်နေသော်လည်း အပြင်ဘက်ဖိအားဒဏ်ခံကိုယ်ထည်မှာမူ စုတ်ပြဲသွားခြင်းမရှိချေ။ ဤအခြေအနေမှာ လင်းရှန်အနေဖြင့် နဂိုအတိုင်း ပြန်လည်ပြင်ဆင်နိုင်စွမ်းမရှိသည့်တိုင် စတင်ကတည်းက အဆက်မပြတ်ပြုပြင်လာခဲ့ခြင်းကြောင့် ရထားကိုယ်ထည်တွန့်လိမ်သွားရုံသာဖြစ်နေခြင်းဖြစ်သည်။
သို့သော် ဤအရာများက လင်းရှန်အတွက် ပူပန်စရာမဟုတ်ပေ။ ရထားတွဲများ ပေါက်ပြဲမသွားသရွေ့ နောက်မှသာ ဖြည်းဖြည်းချင်း ပြန်လည်ပြုပြင်နိုင်သည်။
ရထားတွဲများအတွင်း၌မူ ထိုဒဏ်ကြောင့် ပိုက်လိုင်းအမြောက်အမြားပေါက်ပြဲနေပြီး တွဲ ၄ နှင့် ၃ အတွင်းရှိ သိပ္ပံသုတေသနခန်းများမှာ လုံးဝဖရိုဖရဲဖြစ်ကာ ပြင်းထန်စွာ ပျက်စီးနေပြီး သိပ္ပံနည်းပညာသုံးကိရိယာများနှင့် ဓာတ်ခွဲခန်းစားပွဲများစွာ ပျက်စီးဆုံးရှုံးသွားခဲ့သည်။
ဆေးကုသဆောင်အတွင်း၌ ချန်ဆီရွှမ်၊ တင်းကျန်းရီ၊ ရှောင်ယွမ်နှင့် မြောင်လုတို့ စုဝေးနေကြသည်။ လက်ရှိတွင် ကုတင်ပေါ်၌ ကီကီက လဲလျောင်းနေပြီး ဘက်စုံသုံးဆေးကုသခန်းက သူမကို စကင်ဖတ်စစ်ဆေးပေးနေသည်။
"ရူဂျီလိုပါပဲ။ ကြီးကြီးမားမားထိခိုက်မိတာမရှိဘူး။ အားလုံးက စိတ်ဝိဉာဉ်စွမ်းအား အလွန်အမင်းသုံးလိုက်ရလို့ဖြစ်သွားတာပါ။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှုအနည်းငယ်တော့ရှိလိမ့်မယ်"
ထို့နောက် တင်းကျန်းရီသည် သေတ္တာတစ်ခုထဲမှ အေးခဲ-အမှောင်ဆေးရည်နှစ်ခုကို ထုတ်ယူကာ ရှောင်ယွမ်ထံ ကမ်းပေးလိုက်သည်၊၊
"တစ်လုံးကို ရူဂျီကိုပေးလိုက်။ နောက်တစ်လုံးကိုတော့ ကီကီကို ထိုးပေးလိုက်။ ဒါဆို တော်တော်လေး သက်သာသွားလိမ့်မယ်"
"ပြီးတော့" သူမက မြောင်လုကို လှည့်ပြောလိုက်သည်၊၊
"သွေးကပ်ဘေးပန်းက တွဲ ၆ ဆီ ယူသွားပေး။ အခုသွေးကပ်ဘေးပန်းကနေ ထွက်နေတဲ့ စွမ်းအင်က တော်တော်လေးများတယ်။ ကျွန်းပေါ်က ပေါက်ကွဲမှုနဲ့ သမုဒ္ဒရာနတ်ဘုရားကြီးပေါ်လာတာတွေဆီကနေ စုပ်ယူပြီး အသွင်ပြောင်းလိုက်တာဖြစ်နိုင်တယ်။ အဲဒီမှာထားလိုက်ရင် အားလုံးသက်သာလာဖို့ ပိုမြန်လိမ့်မယ်"
"ကောင်းပါပြီ" ရှောင်ယွမ်နှင့် မြောင်လုတို့ နှစ်ဦးလုံးက ပြန်ပြောလိုက်သည်။
ချန်ဆီရွှမ်သည် ကီကီ၏အခြေအနေတည်ငြိမ်သွားသည်ကို မြင်သည်နှင့် ထိန်းချုပ်ခန်းဆီ ချက်ချင်းထွက်လာခဲ့သည်။ လင်းရှန်သည် ထိုင်ခုံတွင်ထိုင်ကာ ရေသောက်ရင်း ရှေ့ရှိ မှောင်မိုက်သောပင်လယ်ရေစီးကြောင်းကို ကြည့်နေသည်။ မီးမောင်းအလင်းက တွင်းနက်ကြီးကို ထိုးဖောက်ထားသော်လည်း အဆုံးသတ်ကိုမမြင်ရဘဲ အဆုံးမဲ့ပင်လယ်ရေများကိုသာမြင်တွေ့နေရသည်။
ရှီဇီက အခြားထိုင်ခုံတစ်ခုတွင် ထိုင်ကာ လက်ကိုမြှောက်၍ လင်းရှန်ထံ စိတ်ဝိဉာဉ်သန့်စင်ခြင်းစွမ်းအားကို တည်ငြိမ်စွာ ပို့လွှတ်ပေးနေပြီး ထိုနေရာတွင် ထူးဆန်းသောအစိမ်းရောင်အလင်းများက တဖျတ်ဖျတ်လင်းလက်နေသည်။
"ငါတို့ အဲဒီပင်လယ်ပြင်ကနေ လွတ်လာပြီ။ အနည်းဆုံး ရေမိုင် ၁၀၀လောက်တော့ ဝေးသွားပြီ"
ချန်ဆီရွှမ် ဝင်လာသည်ကို မြင်သော်လည်း လင်းရှန်က ခေါင်းမလှည့်ဘဲ ပြောလိုက်သည်။
ချန်ဆီရွှမ်က လင်းရှန်၏ ဘေးနားသို့ လျှောက်သွားပြီး ရှီဇီကို တစ်ချက်ကြည့်ကာ ရှုပ်ထွေးသောအမူအရာဖြင့် ရှေ့ကို မျှော်ကြည့်လိုက်သည်၊၊
"ဒီပင်လယ်ရေစီးကြောင်းက ဘယ်ကို ဦးတည်နေတာလဲ။ အခုက ညဘက်တောင်ရောက်နေပြီ။ တခြားသတ္တဝါဆန်းတွေနဲ့ ထပ်တိုးရင် ဒုက္ခတွေ့မှာပဲ"
"လောလောဆယ်တော့ မရှိနိုင်သေးပါဘူး"
လင်းရှန်က မျက်လုံးကို အသာမှိတ်လိုက်ရာ အမူအရာက ပြေလျော့သွားသည်၊၊
"ပင်လယ်ကျောက်ဆောင်ကျွန်းမှာ သတ္တဝါကြီးတွေ အများကြီးစုဝေးနေကြတာက အာရုဏ်ဦးမြို့တော်ထက်တောင် စည်ကားနေဦးမယ်။ ရေမိုင်ရာဂဏန်းအတွင်းမှာရှိတဲ့ သတ္တဝါတွေ အားလုံး အဲဒီကို ဆွဲဆောင်ခံလိုက်ရပြီ ထင်တယ်။ ကျန်ခဲ့တဲ့ကောင်တွေက ပင်လယ်အောက်ခြေကောင်တွေ ဒါမှမဟုတ် S-Class ကောင်တွေပဲ ဖြစ်လိမ့်မယ်။ ငါတို့တွေ ဒီလောက်အထိ ကံဆိုးခဲ့ပြီးပြီပဲ။ ထပ်တော့ မတိုးလောက်တော့ပါဘူး"
ချန်ဆီရွှမ်က မပြုံးဘဲမနေနိုင်တော့ဘဲ လင်းရှန်ကို ပြောလိုက်သည်၊၊
"ရှင်ဒီလောက်အထိ အကောင်းမြင်နေတာမျိုးကို ပထမဆုံးမြင်ဖူးတာပဲ"
လင်းရှန်က မျှော်လင့်ချက်ကင်းမဲ့နေသည့်အကြည့်ဖြင့် သက်ပြင်းချလိုက်သည်။
"အခုတော့ ဘာမှ မထူးတော့ပါဘူး။ ငါ့မှာ တကယ် စွမ်းအင်သိပ်မကျန်တော့ဘူး။ ဒီပင်လယ်ရေစီးကြောင်းရဲ့ ဦးတည်ချက်က အရှေ့နဲ့ အနောက်ဘက်ဖြစ်နေတယ်။ ပင်လယ်ရေကြောင်းလမ်းကနေ သွေဖည်နေပေမဲ့ သတ္တဝါဆန်းတွေနဲ့တော့ တိုက်ရိုက်တိုးမှာမဟုတ်ဘူး။ ဘယ်ကိုပဲရောက်ရောက်သွားကြတာပေါ့"
သူက ဗိုင်အိုလာကို လှည့်ကြည့်လိုက်သည်။
ဗိုင်အိုလာသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အနန္တရထား၏ ဦးနှောက်နှင့် ပဲ့ထိန်းသူကဲ့သို့ ဆောင်ရွက်နေပြီး အတွင်းပိုင်းထိန်းချုပ်မှုများနှင့် အာရုံခံကိရိယာအားလုံးမှာ သူမ၏ တွက်ချက်မှုအောက်တွင် ရှိနေသည်။
[အချက်အလက်တွေအရ ဒီကျင်းယွမ်ဝဲဂယက်လမ်းကြောင်းက အရှေ့ပင်လယ်ကုန်းပြင်မြင့်တစ်လျှောက် အရှေ့မြောက်ဘက်ကို အဓိကစီးဆင်းနေပါတယ်။ ဘုရင်မကျွန်းရဲ့တောင်ဘက်ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီးနောက် အရှေ့ဘက်ကို ကျယ်ပြန့်သွားမှာဖြစ်လို့ ကျွန်မတို့တွေ ဒီတည်ငြိမ်တဲ့ရေစီးကြောင်းအတိုင်းလိုက်သွားရင် ၃ နာရီလောက်အတွင်း ဘုရင်မကျွန်းပင်လယ်ပြင်ကို ရောက်နိုင်ပါတယ်။ ဒါက ရီပက်ဘလစ်ကန်ကျွန်းစုကနေ အတည့်တိုင်းရင် ရေမိုင် ၁၁၀၀ အကွာအဝေးမှာ ရှိပါတယ်]
[ဒါ့အပြင် ကျွန်မရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ တခြားပင်လယ်ရေစီးကြောင်းတွေ ဒါမှမဟုတ် ရေနွေးစီးကြောင်းတွေနဲ့မတူဘဲ သူက အထူးအကြောင်းရင်းကြောင့်ဖြစ်ပေါ်လာတာမို့ ဒီဝဲဂယက်လမ်းကြောင်းက စီးဆင်းနှုန်းမြန်ပြီး လမ်းကြောင်းကျဉ်းပါတယ်။ ဒေါင်လိုက်အနက်ကလည်း ပါးလွှာတာကြောင့် ထူးဆန်းတဲ့ သတ္တဝါတွေက ဒီလိုရေစီးကြောင်းမျိုးမှာ ပေါ်လာမှာမဟုတ်ပါဘူး။ ပြီးတော့ ကျွန်မတို့တွေက မြန်မြန်ရွေ့လျားနေတာမို့ ရထားကိုယ်ထည်ပျက်စီးမှုပြဿနာကလွဲရင် တခြားအရာတွေထက် အများကြီးပိုပြီး စိတ်ချရပါတယ်။ ဒါပေမဲ့ အရှေ့ပင်လယ်ကုန်းပြင်မြင့်ထဲ ရောက်သွားရင်တော့ ဒီဝဲဂယက်က အများကြီးကျယ်ပြန့်သွားပြီး စီးဆင်းနှုန်းလည်း နှေးသွားပါလိမ့်မယ်]
"အဲဒီအချိန်ကျရင်တော့ ငါတို့တွေ ရေစီးကြောင်းထဲကနေ ထွက်ပြီး ရေမျက်နှာပြင်ပေါ် တက်မလား ဒါမှမဟုတ်... မိုးလင်းတဲ့အထိ ပင်လယ်ကြမ်းပြင်မှာပဲ နေမလားဆိုတာ ဆုံးဖြတ်ရမယ်" လင်းရှန်က သူ၏ အစီအစဉ်ကို ပြောလိုက်သည်။
ချန်ဆီရွှမ်က ခေါင်းညိတ်ရင်း အပြင်ရှိ မှောင်မိုက်သောတွင်းနက်ကြီးကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်၊၊
"ကျွန်မတို့တွေ ဒီလောက် ကြောက်စရာကောင်းတဲ့ဝဲဂယက်ထဲကနေ အသက်ရှင် လွတ်မြောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ကီကီနဲ့ ရူဂျီရဲ့ ကျေးဇူးကြောင့်ပဲ"
လင်းရှန်က လေကို ပြင်းပြင်းရှူထုတ်လိုက်သည်၊၊
"စိတ်စွမ်းအားရှင်နှစ်ယောက်သာမပါရင် ဘာလုပ်ရမှန်း တကယ်သိမှာမဟုတ်ဘူး။ ငါတို့အားလုံးသေမှာပဲ"
စကားပြောပြီးနောက် လင်းရှန်က ရုတ်တရက် မတ်တတ်ထရပ်ကာ မထင်မှတ်ထားသော စကားကို ပြောလာသည်၊၊
"ကဲ... အိပ်ကြစို့"
"အိပ်မယ်"
ချန်ဆီရွှမ်က လင်းရှန်ကို လှည့်ကြည့်လိုက်သည်။ လင်းရှန်၏ ပင်ပန်းနွမ်းနယ်မှုအတွက် စိတ်မကောင်းဖြစ်မိသော်လည်း လက်ရှိတွင် အနန္တရထားမှာ ဖရိုဖရဲဖြစ်နေပြီး ပင်လယ်ကြမ်းပြင်ရေစီးကြောင်း၏ မီတာထောင်ချီအနက်တွင်ရောက်နေကာ အပြင်ဘက်တွင်လည်း တွင်းနက်လှိုင်းထန်မှုများရှိနေသည်။ လင်းရှန်၏ မူလပင်ကိုယ်စရိုက်အရဆိုလျှင် ဤအခြေအနေမျိုးတွင် အလွန်သတိကြီးစွာထားရမည် ဖြစ်သော်လည်း အဘယ်ကြောင့် အခုမှ ရုတ်တရက် အိပ်မည်ဟုပြောနေခြင်းက သူမအတွက် ထူးဆန်းနေလေသည်၊၊
"ဗိုင်အိုလာ... မင်းကိုပဲ လွှဲခဲ့တော့မယ်"
လင်းရှန်က ထရပ်ကာ တွဲ ၁ ရှိ အိပ်ခန်းဆီသို့ လျှောက်သွားရင်း ချန်ဆီရွှမ်ကို ပြောလိုက်သည်၊၊
"ငါတို့နောက်မှာ မီးတောင်ပေါက်ကွဲတာတွေ သမုဒ္ဒရာနတ်ဘုရားကြီးက အမဲလိုက်နေတာတွေ ရှိနေတယ်။ အပြင်မှာလည်း အမှတ် ၈ တွင်းနက်ဒီရေရှိနေပြီး ပင်လယ်အထက်နဲ့ အောက်မှာ ထူးဆန်းမှုတွေ အပြည့်ပဲ၊၊ ရှေ့မှာလည်း ဘာရှိမှန်း မသိရသေးဘူး။ အခြေအနေက ဒီလိုဖြစ်နေမှတော့ ဒီအခွင့်အရေးကို ယူပြီး... ကောင်းကောင်းအိပ်လိုက်တာကပဲ အကောင်းဆုံးပဲ"
လင်းရှန်သည် ရက်ပေါင်းများစွာ မျက်စိမမှိတ်ရသေးချေ။ ယခုလေးတင် စိတ်ဝိဉာဉ်စွမ်းအားကုန်ခမ်းမှုဒဏ်ကိုပါ ခံစားခဲ့ရသည်။ သူက သူ၏ မျက်လုံးထဲတွင် ပြသနေသော အချိန်ရေတွက်မှုကို ကြည့်လိုက်သည်
၁၄:၁၉:၁၁၊၊
စိတ်ထဲတွင် ခံစားချက်မျိုးစုံဖြစ်ပေါ်လာသည်။ ဤအချိန်ရေတွက်မှုက မည်သည့်အခြေအနေမျိုးတွင်မဆို မရပ်မနားဘဲ ဦးခေါင်းထက်တွင် ဆွဲထားသော အတိတ်နိမိတ်ဆိုးတစ်ခုကဲ့သို့ရှိနေသည်။ လင်းရှန် တစ်ခါက တွေးဖူးသည်မှာ အကယ်၍ သူသေဆုံးသွားခဲ့လျှင် ဤအချိန်ရေတွက်မှုက ဆက်ရှိနေဦးမည်လား သို့မဟုတ် ဤအချိန်ရေတွက်မှုမဆုံးမချင်း သူ သေ၍မရနိုင်ခြင်းမျိုး ဖြစ်နိုင်ခြေ ရှိ၊မရှိပင်ဖြစ်သည်။
ဤအတွေးဝင်လာသည်နှင့် လင်းရှန်တစ်ယောက် ချွေးစေးများပင်ပြန်လာသဖြင့် ဆက်ပြီးမတွေးတော့ရန်သာရွေးချယ်လိုက်သည်။ လက်ရှိအခြေအနေတွင် အကောင်းဆုံးလုပ်ဆောင်ချက်မှာ ရေစီးကြောင်းအတိုင်းလွှတ်ထားလိုက်ခြင်းသာဖြစ်သည်ဟု သူခံစားမိသည်။ ဤကျင်းယွမ်ဝဲဂယက်လမ်းကြောင်းက ရေအောက်အဝေးပြေးလမ်းမကြီးတစ်ခုကဲ့သို့ဖြစ်ပြီး ထိတ်လန့်တကြားထွက်ပြေးရခြင်းထက် ပို၍ဘေးကင်းသည်။ ယခုအချိန်တွင် ရေမျက်နှာပြင်ပေါ်တက်သွားလျှင်လည်း ကုန်းမြေကိုရှာတွေ့နိုင်မည်မဟုတ်သလို ကောင်းကင်အမိုးခုံးရထားဖြင့်လည်း ပျံတက်နိုင်မည်မဟုတ်ချေ။ သဘာဝတရား၏အလိုအတိုင်းသာထားလိုက်ခြင်းက ပို၍ပညာရှိရာကျပေလိမ့်မည်။ ထို့ပြင် သူကလည်း လူရောစိတ်ပါ နွမ်းနယ်နေပြီဖြစ်သည်။ အနန္တရထားနှင့် ပိုင်ဖုန်း-၀၉ တို့တွင် အသေအပျောက်မရှိသည်ကပင် စိတ်သက်သာရာရစရာဖြစ်နေသဖြင့် သူ အိပ်စက်ရန် ဆုံးဖြတ်လိုက်သည်။
လင်းရှန်၏ စိတ်က ပို၍ ရဲတင်းလာသည်။ အပြင်ဘက်တွင် တွင်းနက်ကြီးရှိနေသော်လည်း သူ သေချာပေါက်အိပ်ပျော်သွားနိုင်မည်ဟု ယုံကြည်နေသည်။
မထင်မှတ်ထားဘဲ လင်းရှန် တွဲ ၁ ဆီ ဦးတည်လိုက်ချိန်တွင် ရှီဇီက အနောက်မှ အပြေးအလွှားလိုက်လာခဲ့သည်။ ဆေးပုလင်းကိုင်ထားသည့် သူနာပြုတစ်ယောက်ကဲ့သို့ တကောက်ကောက်လိုက်ရင်း လင်းရှန် ပြန်လည်ကောင်းမွန်လာစေရန် သူမ၏ ကုသခြင်းစွမ်းရည်ကို အဆက်မပြတ်အသုံးပြုပေးနေသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လင်းရှန်က ခြေစုံရပ်ကာ လှည့်ပြောလိုက်သည်၊၊
"ငါ ခဏလောက် အနားယူဦးမယ်။ ရှီဇီ... မင်းက တခြားလူတွေကို သွားကူညီလိုက်ပါ"
ရှီကျိက ခေါင်းခါလိုက်သည်၊၊
"ဟင့်အင်း... ရှင့်ရဲ့ စိတ်ဝိဉာဉ်မှာ တစ်ခုခုမှားယွင်းနေတာကို ကျွန်မအာရုံရနေတယ်။ ရှင့်ကို အပြည့်အဝပြန်ကောင်းလာအောင်လုပ်ပေးရမယ်လို့ ကျွန်မအသိစိတ်ကပြောနေတယ်"
"စိတ်ဝိဉာဉ်ပြဿနာဟုတ်လား"
လင်းရှန်က မျက်မှောင်ကြုတ်ရင်း ချန်ဆီရွှမ်ကိုကြည့်လိုက်သည်၊၊
"ငါ့မှာ ပြဿနာရှိနေတယ်လို့ မင်းရော ထင်လား"
ချန်ဆီရွှမ်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းသွားသည်၊၊
"ကျွန်မနဲ့ ဗိုင်အိုလာက ဒီမှာစောင့်ကြည့်နေမှာမို့ ရှင်က ရှီဇီရဲ့စကားကို နားထောင်လိုက်တာပိုကောင်းလိမ့်မယ်"