အမှောင်စွမ်းအင်ပေါက်ကွဲခြင်း (၁)
Vol. 61 Ch. 1034
လင်းရှန် ရှီဇီကို ကြည့်လိုက်ရာ ထိုမိန်းကလေးငယ်၏ ပြတ်သားသောအမူအရာကို မြင်သဖြင့် ဘာမှမပြောတော့ဘဲ ထိန်းချုပ်ခန်းထဲမှ ထွက်လာခဲ့သည်။ တွဲ ၁ ရှိ အိပ်ခန်းထဲသို့ဝင်ကာ စွမ်းအားဝတ်စုံကို ချွတ်လိုက်ပြီး အိစက်နေသည့် ကုတင်ပေါ်သို့ ပက်လက်လှန်လှဲချလိုက်ရင်း သက်ပြင်းချကာ မျက်နှာကြက်ကို ငေးကြည့်နေမိသည်။ အိပ်ခန်းတွင် ကြယ်မှုန်သလင်းမှန်ပြတင်းပေါက် ပါရှိသဖြင့် သူ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အပြာရောင်တောက်ပသော ရေမျောအဏုဇီဝပိုးများ၏ အရိပ်အယောင်ကို မတွေ့ရတော့ဘဲ မှောင်မိုက်ခြင်းသာကျန်ရှိတော့သည်။ ရထားအတွင်းမှ အလင်းရောင်တစ်ခုတည်းကသာ အပြင်ဘက်ကို လင်းထိန်စေသည်။
တိတ်ဆိတ်ခြင်းနှင့် ဘာမှမရှိခြင်း... သို့သော်လည်း ကြီးမားလှသည့် အရှိန်ပြင်းပင်လယ်ရေစီးကြောင်းကြီး၏ ဝန်းရံခြင်းကို ခံထားရသည်။ အပြင်ဘက်တွင်မူ အောက်ခြေမရှိသည့် တွင်းနက်ကြီးတည်ရှိနေပြီး ငါး သို့မဟုတ် ပုစွန်တစ်ကောင်မျှပင် မြင်ကွင်းထဲတွင်မရှိချေ။
အထီးကျန်ခြင်း... သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်း... အသက်ရှူကျပ်ခြင်း... အဆုံးမဲ့သော မသိနိုင်ခြင်းနှင့် ရေနက်ပိုင်းဆိုင်ရာကြောက်ရွံ့မှုတို့ ဖြစ်သည်။
ရှီဇီက လင်းရှန်၏ အနောက်မှ အိပ်ခန်းထဲသို့လိုက်ဝင်လာပြီး ကုတင်ဘေးရှိ ကုလားထိုင်တစ်ခုတွင် ထိုင်လိုက်သည်။ အနည်းငယ်နွမ်းနယ်နေသော်လည်း လင်းရှန်ကို အစမှ အဆုံးအထိ စကားတစ်ခွန်းမျှမဆိုဘဲ မမောမပန်း ကုသပေးနေဆဲဖြစ်သည်။
"ရထားစီးပြီး ရေနက်ပိုင်းထဲ ခရီးသွားရလိမ့်မယ်လို့ မင်းတွေးဖူးလား"
လင်းရှန်၏ စကားလုံးများက ရှီဇီကို ရည်ရွယ်ပြောနေသကဲ့သို့ရှိသော်လည်း တစ်ကိုယ်တည်းရေရွတ်နေသကဲ့သို့လည်း ဖြစ်နေသည်။
ရှီဇီက ခေါင်းညိတ်လိုက်သော်လည်း လင်းရှန်ကမူ မမြင်လိုက်ချေ။ မည်သည့်တုံ့ပြန်မှုမျှမရှိသကဲ့သို့ပင်ဖြစ်နေသည်။
"ရှီဇီ... အပြင်မှာအန္တရာယ်တွေက နေရာတိုင်းမှာ ဝန်းရံနေတယ်… မင်းမကြောက်ဘူးလား"
လင်းရှန်က ပြတင်းပေါက်ပြင်ပရှိ အမှောင်ထုကိုကြည့်ရင်း မေးလိုက်သည်။
"မကြောက်ပါဘူး" ရှီဇီက တိုးညှင်းစွာ ပြောလိုက်သည်။
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့..."
ရှီဇီက ခေတ္တမျှ တွေးလိုက်သည်၊၊
"ရှင်းဂျီ တစ်ခါက ပြောဖူးတယ်။ အပြာရောင်ဂြိုလ်ကြီးမရှိတော့ရင်တောင်... လေထုကြီး ပျောက်ကွယ်သွားပြီး သမုဒ္ဒရာတွေ ခမ်းခြောက်သွားရင်တောင် တိတ်ဆိတ်မြို့တော်က ကြယ်တာရာတွေကြားထဲ ပျံသန်းနေလိမ့်မယ်တဲ့။ သူက ကျွန်မတို့နဲ့အတူ ကြယ်စင်တန်းတွေကြားထဲ ခရီးနှင်ရင်း ဘေးကင်းတဲ့ ခိုလှုံရာတစ်ခုကို ဖန်တီးပေးလိမ့်မယ်တဲ့။ ကျွန်မတို့တွေ ဘယ်လိုအန္တရာယ်ကိုမဆို ကြံ့ကြံ့ခံနိုင်တယ်... ဘာလို့လဲဆိုတော့ တိတ်ဆိတ်မြို့တော်က ကျွန်မတို့ရဲ့ အိမ်မို့လို့ပဲ။ ဒီခံစားချက်က... အရမ်းကိုအံ့ဩဖို့ကောင်းတာပဲ"
လင်းရှန် ဤစကားကို ကြားပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်၊၊
"အင်း... နားထောင်လို့ တကယ်ကောင်းတာပဲ။ ငါလည်း အဲဒီလိုအတွေးမျိုး တွေးဖူးတယ်"
ခိုင်ခံ့တောင့်တင်းသည့် သံမဏိရထားကြီးတစ်စင်းကို တည်ဆောက်ရန်... လူနေတွဲများ... ရင်းမြစ်တွဲများ... ဆေးကုသတွဲ... စိုက်ပျိုးရေးတွဲ... စွမ်းအင်တွဲနှင့် ထုတ်လုပ်ရေးတွဲကဲ့သို့သော ဘက်စုံတွဲများကို ခံတပ်ရထားကြီးတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းကာ အပြည့်အဝလက်နက်တပ်ဆင်ပြီး မည်သည့်အရာကမျှ တားဆီး၍မရစေဘဲ ကီလိုမီတာ ၃၂၀၀၀၀ ရှိသည့် ဂြိုဟ်ပတ်ရထားလမ်းအတိုင်း အရှေ့ဘက်သို့မောင်းနှင်သွားမည်။ လမ်းခုလတ်တွင် ရပ်တန့်သွားခဲ့လျှင်ပင် ခံတပ်ကဲ့သို့ ခိုင်ခံ့သည့် သံချပ်ကာကို အားကိုး၍ အမှောင်ထုထဲမှ ဖုတ်ကောင်အုပ်ကြီးများနှင့် ထူးဆန်းသော တည်ရှိမှုများ၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်လိမ့်မည်။
ဒါက လုံလောက်တဲ့ စိတ်ကူးယဉ်ဆန်မှုဖြစ်သလို လုံလောက်တဲ့ ရူးသွပ်မှုလည်းဖြစ်သည်။
အတိတ်ကို ပြန်တွေးကြည့်လျှင် ရှင်းဂျီ၏ အတွေးအခေါ်က သူ့ကို ကြီးမားသောစိတ်ကူးစိတ်သန်းပေးခဲ့သည်ဟု လင်းရှန် ခံစားမိသည်။ သူ၏ ယန္တရားစွမ်းအားကြီးက ဤဦးတည်ချက်အတိုင်း ချီတက်သင့်သည်ဟုထင်၏။
ဥပမာအားဖြင့်...
သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာထဲက အဲဒီအရာက ဘာလဲ...
တိုက်တန်ဂြိုဟ်လား။
လင်းရှန် မျက်လုံးများကို မှိတ်လိုက်ရာ နွမ်းနယ်မှုများက ဒီရေကဲ့သို့ လှိမ့်ဝင်လာသည်။ ကျိအန်းမြို့မှ စတင်ထွက်ခွာစဉ်က အနန္တရထားပေါ်တွင် ဖုတ်ကောင်ကပ်ဘေးမှ လွတ်မြောက်အောင်ပြေးခဲ့ရချိန်နှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင်မူ သူ၏ စိတ်အာရုံက မောပန်းနွမ်းနယ်မှုများကြောင့် ပို၍ ဝေဝါးနေခဲ့ပြီဖြစ်သည်။
လွင့်မျောနေသော အလောင်းကြီးမှသည် ကောင်းကင်မှိုမျှော်စင်အထိ... ထူးဆန်းသော လူသားသန္ဓေပြောင်းလဲမှုများမှသည် အမှောင်ကျူးကျော်မှုအထိ...
ယနေ့တိုင်အောင် လူသားမျိုးနွယ်သည် မည်သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်နေရသည်ကို ရေရေရာရာမသိရသေးချေ။
ကမ္ဘာပျက်ကပ်နေ့တွင် အဆုံးမဲ့ဖုတ်ကောင်အုပ်ကြီးများ၊ ကျူးကျော်ဝင်ရောက်လာသော သန္ဓေပြောင်းလဲမှုများ၊ အမှောင်ဒီရေ၊ ဝင်ရိုးစွန်းညနှင့် ထူးဆန်းသည့် သတ္တဝါများရှိခဲ့ပြီး... တဖြည်းဖြည်းနှင့် တွင်းနက်ကြီး၏ ချဲ့ထွင်မှု၊ S-Class အသိစိတ်ချိတ်ဆက်ခြင်းနှင့် တောင်ဘက်ကောင်းကင်ဂိတ်၏ နေရောင်ခြည်စွမ်းအင်သုံးတောင်ပံမျက်နှာပြင်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော စာသားများအထိ ပေါ်ပေါက်လာခဲ့သည်။ လင်းရှန်သည် အဆက်မပြတ်ထွက်ပြေးတိမ်းရှောင်ရင်း စစ်ပွဲများဆင်နွှဲနေရခြင်းဖြင့် လူသားမျိုးနွယ်သည် အမှောင်ထဲမှ အရာအားလုံးကို တဖြည်းဖြည်းနားလည်လာလိမ့်မည်ဟု တစ်ခါက ထင်မှတ်ခဲ့ဖူးသည်။
အမှောင်အမှတ်အသား၊ အေးခဲ-အမှောင်အမှုန်များ၊ အမှောင်စွမ်းအင်ဟန်ချက်ညီခြင်းနှင့် မှိုမျှင်ဦးနှောက်စက်ပစ္စည်းတို့ကို ရှာဖွေတွေ့ရှိခဲ့သကဲ့သို့ပင်…
လူသားမျိုးနွယ်အပေါ် ကြောက်မက်ဖွယ်ရာမြူဆိုင်းမှုကြီးကို ဖယ်ခွာတော့မည်ဟုခံစားရသည့်အချိန်တိုင်းတွင်... နောက်ထပ်ရောက်ရှိလာသည့် အမှောင်ညဦးသည် မျှော်လင့်ချက်မဲ့နေဆဲပင်ဖြစ်သည်။
ယခုတစ်ကြိမ်တွင် လင်းရှန်ကို စိတ်မသက်မသာဖြစ်စေသည့်အရာမှာ ငွေနဂါးဆယ်ဆပန်း၏ အာကာသဒိုင်မေးရှင်းဖြစ်တည်မှု တွင်းနက်ကြီး ဖြစ်သည်။ အာကာသအတိုင်းအတာများ၏ အချိန်ဖြစ်စဥ်ကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့ရပြီးနောက် လင်းရှန်သည် သူ၏ ကမ္ဘာ့အမြင်နှင့် အကောင်းမြင်စိတ်များမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။
ပျက်စီးခြင်းဆိုသည်မှာ မလွှဲမရှောင်သာသော ရလဒ်တစ်ခုဖြစ်ရန်မလိုကြောင်း သူသဘောပေါက်သွားခဲ့သည်။ မြင့်မားသော ဒိုင်မေးရှင်းများတွင်မူ ပျက်စီးခြင်းကိုယ်တိုင်ကဖြစ်ရပ်တစ်ခု၏ ပြသမှုမျှသာဖြစ်သည်။ ဤအတွေးက လုံးဝဥဿုံမှန်ကန်ချင်မှ မှန်ကန်မည်ဖြစ်ပြီး ထပ်မံတွေးတောရန်လိုအပ်ဦးမည်ဖြစ်သော်လည်း... ၎င်းက သူ့ကို ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားစေဆဲဖြစ်သည်။
အကယ်၍ အချိန်သည် ဒြပ်ထုတစ်ခုဖြစ်နေမည်ဆိုလျှင်... သူ၏ မျက်လုံးထဲရှိ အချိန်ရေတွက်မှုက သူသည် သတ်မှတ်ထားသောဖြစ်ရပ်လမ်းကြောင်းတစ်ခုပေါ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်းပြသနေခြင်းလော။ လက်ရှိ လုပ်ဆောင်ချက်များနှင့် ကြိုးပမ်းမှုအားလုံးသည်လည်း နောက်ဆုံးတွင် ထိုကဲ့သို့သော ရလဒ်ဆီသို့သာ ဦးတည်သွားမည်လော...
လင်းရှန် မတွေးရဲတော့ချေ။ သို့သော် ယခုလေးတင် သူသည် အဖွဲ့သားများ၏ ဘေးဒုက္ခကံကြမ္မာကို အမှန်တကယ်ပြောင်းလဲပေးနိုင်ခဲ့သည်။
"ငွေနဂါးဆယ်ဆပန်းနှင့် အဲဒီအချိန်ရေတွက်မှုအကြောင်းကို ဒါရိုက်တာတင်းနဲ့ ဆွေးနွေးသင့်လား..."
လင်းရှန် ခေတ္တမျှ တွေးတောပြီးနောက် ထိုအတွေးကို ဖျောက်ဖျက်လိုက်သည်။ တစ်ညလုံးအိပ်စက်ပြီးနောက် မနက်ဖြန်မနက်ကျမှ ချူယန်နှင့် ဖီးနစ်အဖွဲ့အစည်းကို ဆက်သွယ်ရန် သူ ကြိုးစားကြည့်နိုင်သည်။
...
ဒုတ်... ဒုတ်...
နားထဲတွင် ကြားနေရသော ရေဖိအား၏ အသံဗလံများကြောင့် လင်းရှန်သည် မိမိကိုယ်မိမိ ဟင်းရည်အိုးထဲတွင်ထည့်ပြီး ပြုတ်ထားသကဲ့သို့ခံစားရစေသည်။ အောက်ဆီဂျင်ပေးစက်နှင့် လေထုစနစ်တို့က ရထားတွဲအတွင်းကို လတ်ဆတ်သော်လည်း သံသတ္တုနံ့များစွက်နေသော အနံ့အသက်များဖြင့် ပြည့်နှက်စေသည်။ ၎င်းက ရထားကြီးသည် လေညင်းများကြားတွင် ကျယ်ပြောလှသော ကုန်းပြင်မြင့်ကြီးကို ဖြတ်သန်းမောင်းနှင်နေသည်ဟု ထင်မှတ်မှားစေသော်လည်း... အမှန်တကယ်တွင်မူ အနန္တရထားသည် ပစိဖိတ်သမုဒ္ဒရာ၏ မီတာထောင်ချီ အနက်တွင် လွင့်မျောနေသော တစ္ဆေတစ်ကောင်လိုရှိနေဆဲဖြစ်ကြောင်း လင်းရှန် ခန့်မှန်းမိသည်။
မျက်လုံးကို ဖွင့်လိုက်သောအခါ မြင်တွေ့ရသည်မှာ ရထားပေါ်ရှိ ကိရိယာများမှ ထွက်ပေါ်နေသော တိုးညှင်းသည့် အချက်ပြမီးရောင်များသာ လင်းထိန်နေသည့် မှိန်ပျပျအိပ်ခန်းကြီးဖြစ်သည်။ လင်းရှန်သည် ကုတင်ပေါ်တွင် ပက်လက်လှန် လဲလျောင်းနေပြီး... နားထဲတွင် သံလမ်းပေါ်တွင် ခုတ်မောင်းနေသည့် ဘီးများ၏ တဂျိန်းဂျိန်းမြည်သံကို မကြားရချေ။ ရထား၏ ငြိမ့်ညောင်းမှုက တိမ်တိုက်များပေါ်တွင် မျောလွင့်နေသကဲ့သို့ ခံစားရစေသည်။ ရေနက်ပိုင်းရှိ ရေဖိအားအသံသာမရှိလျှင် မိမိအိမ်ရှိ အိပ်ခန်းထဲတွင် သန်းခေါင်ယံအချိန်နိုးလာခဲ့ခြင်းဖြစ်သည်ဟု သူ ထင်မှတ်မိလိမ့်မည်။
တိတ်ဆိတ်ခြင်း၊ အေးမြခြင်း၊ သက်တောင့်သက်သာရှိခြင်း... ရထားတွဲအောက်ခြေရှိ တွင်းနက်ကြီးအကြောင်းကို မတွေးမိသရွေ့တော့ ဤအခြေအနေက တော်တော်လေးမွေ့လျော်စရာကောင်းလှသည်။
တီ... တီ...
လက်ပတ်နာရီမှ နှိုးစက်သံ ထွက်ပေါ်လာရာ လင်းရှန် ချက်ချင်း မျက်မှောင်ကုတ်သွားပြီး အချိန်ကို စစ်ဆေးရန် လက်ကို မြှောက်ကြည့်လိုက်သည်။
၈:၀၀၊၊
သူ ၉ နာရီနီးပါး အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
"သေစမ်း..."
သူ အတော်လေးအိပ်ပျော်သွားခဲ့သည်။
လင်းရှန် ချက်ချင်းပင်ထရန် ပြင်လိုက်သော်လည်း သူ မတ်တတ်ထိုင်လိုက်သည့်အချိန်တွင် မိမိအပေါ်၌ တစ်စုံတစ်ယောက် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူက အံ့ဩတုန်လှုပ်စွာဖြင့် မီးကို ဖွင့်၍ ကြည့်လိုက်သောအခါ ထိုသူမှာ ရှီဇီဖြစ်နေသည်ကိုမြင်လိုက်ရသည်။ ထိုမိန်းကလေးငယ်သည် စွမ်းအားဝတ်စုံကို မဝတ်ဆင်ထားဘဲ နွမ်းနယ်စွာဖြင့် လင်းရှန်၏ ဗိုက်ပေါ်တွင် မှောက်လျက် အိပ်ပျော်နေခဲ့ခြင်း ဖြစ်သည်။ လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ထားဆဲဖြစ်ပြီး သူမ၏ စွမ်းအားကို လှုံ့ဆော်နေသည့်ပုံစံအတိုင်းရှိနေသေးသည်။
"ဒီမိန်းကလေး... တစ်ညလုံး သူ့ရဲ့ စွမ်းအားကို သုံးနေခဲ့တာလား"
လင်းရှန်၏ မျက်လုံးများလှုပ်ရှားသွားသည်။ သူက ရှီဇီ၏ နဖူးလေးကို အသာအယာမတင်ကြည့်လိုက်ရာ သူမ လုံးဝအိပ်ပျော်နေကြောင်း တွေ့လိုက်ရသည်။ သူမ၏ မျက်နှာလေးက အနည်းငယ်နွေးနေပြီး ဆံပင်များကလည်း အိပ်ယာပေါ်တွင် ဖိမိနေခြင်းကြောင့် မျက်နှာပေါ်တွင် အရာများထင်ကျန်နေခဲ့သည်။
ဤသည်ကို မြင်သောအခါ လင်းရှန်က တိုးညှင်းစွာ သက်ပြင်းချလိုက်သည်၊၊
"ငါ ဒီလောက်အထိ အကြာကြီးအိပ်ပျော်သွားတာ မဆန်းတော့ပါဘူး"
ရှီဇီ၏ စွမ်းအားသည် စိတ်ဝိဉာဉ်စွမ်းအား ကုသခြင်းတွင် အံ့မခန်းအစွမ်းထက်လှသည်။ အမှတ် ၅ တွင်းနက်အတွင်း၌ ပြင်းထန်သော အမှောင်ကျူးကျော်မှုစွမ်းအားများကို ဆန့်ကျင်ပြီး သူမသည် အားလုံးကို သန့်စင်ပေးကာ ကုသပေးနိုင်ခဲ့သည်။ သူမသည် အလွန်ရှားပါးလှသည့် စွမ်းအားရှင်တစ်ဦးဖြစ်သည်။ သူမ၏ တစ်ညလုံး ပြုစုစောင့်ရှောက်မှုကို ခံခဲ့ရသဖြင့် လင်းရှန်သည် နွမ်းနယ်မှုများမရှိတော့ရုံသာမက တစ်ကိုယ်လုံး လန်းဆန်းနေပြီး စိတ်အာရုံစူးစိုက်မှုပင် သိသိသာသာကောင်းမွန်လာသည်ဟု ခံစားရသည်။