← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း(၁၇၉)

သူ တကယ်ပဲ သိက္ခာကျသွားသလို ခံစားလိုက်ရတယ်။ ဒီလိုအရှက်ကွဲတာမျိုးက မာရူးနဲ့သူ နှစ်ယောက်တည်းကြားမှာတင် ဖြစ်ခဲ့တာဆိုရင် အခုလောက်အထိ အနေရခက်မှာ မဟုတ်ဘူး၊ ပြဿနာက သူတို့ရဲ့ ဂျူနီယာလေးက သူ့နောက်မှာ မတ်တတ်ရပ်ကြည့်နေတာပဲလေ။

သူကိုယ်တိုင်က အောက်ခြေအဆင့်လို့ သတ်မှတ်ပြီး အထက်စီးကနေ အမြဲနှိမ်ဆက်ဆံခဲ့တဲ့ အရာတစ်ခုရဲ့ ရှေ့မှောက်မှာ အခုလို အရှက်ခွဲခံလိုက်ရတာကို တွေးမိတိုင်း သူ ဘာနဲ့မှမလဲနိုင်အောင်ကို ဒေါသထွက်မိတယ်။ သူက ဘတ်စ်ကားမှတ်တိုင်ဘေးက အမှိုက်ပုံးကို အားနဲ့ ကန်ပစ်လိုက်တယ်၊ အမှိုက်တွေ လျှံကျလာတာကို မြင်လိုက်ရတော့မှပဲ သူ့စိတ်ထဲ နည်းနည်း နေသာထိုင်သာ ရှိသွားတော့တယ်။

“ဟေ့ကောင်... နင်”

သူ အဲဒီနေရာကနေ လှည့်ထွက်ခါနီးမှာပဲ သူ့နောက်ဘက်ကနေ ခပ်ပြတ်ပြတ် ထွက်လာတဲ့ အသံကြီးတစ်သံကို ကြားလိုက်ရတယ်။ ကြည့်လိုက်တော့ ကြောက်စရာကောင်းတဲ့ ရုပ်မျိုးနဲ့ အဘိုးကြီးတစ်ယောက် ဖြစ်နေတာကြောင့် ဂွန်ဆော့လည်း အဘိုးကြီးကို ခိုးကြည့် ခိုးကြည့် လုပ်ရင်းနဲ့ ပြန့်ကျဲသွားတဲ့ အမှိုက်တွေကို ချက်ချင်းပဲ ပြန်ကောက်ထည့်လိုက်ရတော့တာပေါ့။

“ကျွန်တော် မှားသွားလို့ပါ အဘိုး၊ တမင်လုပ်တာ မဟုတ်ပါဘူးခင်ဗျာ”

“တကယ်လား”

အဘိုးကြီးက သူ့ကို အကဲခတ်တဲ့ အကြည့်နဲ့ စိုက်ကြည့်နေတော့ ဂွန်ဆော့လည်း အူကြောင်ကြောင်နဲ့ပဲ အတင်းအကြပ် ပြုံးပြနေရတယ်။ စိတ်ထဲမှာတော့ ရှိသမျှ ဆဲသံမျိုးစုံနဲ့ တတွတ်တွတ် ဆဲရေးနေမိပေမဲ့ အပြင်ပန်းမှာတော့ ဒါကို လုံးဝ ထုတ်မပြရဲဘူးလေ၊ ဒီနေ့တော့ တကယ့်ကို ကံဆိုးတဲ့နေ့ပဲ။

အိမ်ပြန်ရောက်တော့ ဂွန်ဆော့တစ်ယောက် မျက်မှောင်ကြီးကြုတ်ပြီး အိမ်တံခါးကို ဖွင့်လိုက်တယ်၊ ဖိနပ်ကို ခြေထောက်နဲ့ ကန်ချွတ်ပြီး အထဲဝင်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ... ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတဲ့ အဖေဖြစ်သူကို မြင်လိုက်ရတာနဲ့ ချက်ချင်းပဲ ကိုယ်ကို မတ်လိုက်ပြီး ချွတ်ပစ်ခဲ့တဲ့ ဖိနပ်တွေကို သေသေသပ်သပ် ပြန်စီထားလိုက်ရတော့တာပေါ့။

“စောစောစီးစီး ပြန်လာသားပဲ”

“အာ... ဟုတ်ကဲ့ပါ အဖေ”

“စာကျက်နေတာလား”

“ကျောင်းသုံးဗလာစာအုပ်တစ်အုပ် အိမ်မှာ ကျန်ခဲ့လို့ လာယူတာပါ”

သူ့အဖေက ခေါင်းတစ်ချက်ပဲ ငြိတ်ပြပြီး မျက်လုံးကတော့ သတင်းစာပေါ်ကနေ မခွာသေးဘူး။

“ဂွန်ဆော့”

“ဟုတ်ကဲ့ အဖေ”

“ငါ နင့်ကို သင်တန်းကျောင်းတစ်ခုမှာ အပ်ပေးထားတယ်၊ အဲဒီကို သွားတက်”

“ဗျာ...”

“တရုတ်စာသင်တန်းကျောင်းပဲ၊ အခုခေတ်မှာ အင်္ဂလိပ်စာတစ်မျိုးတည်းနဲ့ မလောက်တော့ဘူး။ အင်္ဂလိပ်စာကို အခြေခံအဖြစ် တတ်ထားပြီး တရုတ်စာကိုတော့ ဒုတိယဘာသာစကားအဖြစ် ထပ်တတ်ထားရမယ်”

“ဟို... လေ... အဖေ”

ဂွန်ဆော့က ကိုယ့်ဘာသာ လေ့လာရင်တင် လုံလောက်ပါတယ်လို့ ပြောဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ၊ သူ့အဖေက ဖတ်လက်စ သတင်းစာကို ဖြည်းဖြည်းချင်း ခေါက်သိမ်းလိုက်ပြီး သူ့ကို တည့်တည့်ကြီး စိုက်ကြည့်လာတယ်။ ရွှေကိုယ်ထည်မျက်မှန်နောက်ကနေ တောက်ပနေတဲ့ အဖေ့ရဲ့ မျက်လုံးတွေထဲမှာ စိတ်ပျက်ရိပ်တွေ အပြည့် ဖြစ်နေတာကို မြင်လိုက်ရတော့ ဂွန်ဆော့လည်း ချက်ချင်းပဲ ပါးစပ်ပိတ်သွားရတော့တာပေါ့။

“အခုတင် နင် လုပ်လိုက်တဲ့ မျက်နှာပေးက ‘အဲဒီကောင်’ ရဲ့ ပုံစံနဲ့ တူနေတာပဲ”

‘အဲဒီကောင်’... သူ့အဖေက ‘ကောင်’ လို့ သုံးနှုန်းပြီး ခေါ်လေ့ရှိတဲ့လူတွေ အများကြီး ရှိပေမဲ့ ‘အဲဒီကောင်’ လို့ အမည်တပ်လိုက်ရင်တော့ တစ်ယောက်တည်းကိုပဲ ဆိုလိုတာ။ ဂွန်ဆော့ရဲ့ အစ်ကိုဖြစ်သူပေါ့။

“ဘာလဲ... နင်ကလည်း အဲဒီကောင်လိုမျိုး ငါပြောသမျှ အရာရာကို အာခံပြီး အိမ်ပေါ်ကနေ ဆင်းသွားချင်လို့လား”

“မ... မဟုတ်ပါဘူး အဖေ”

“ဒါဆိုရင် နင့်ဆီက ထွက်လာရမယ့် အဖြေက ဘာဖြစ်ရမလဲ”

“သင်တန်းကျောင်းကို သွားတက်ပါ့မယ်”

“အေး... အဲလို ဖြစ်ရမယ်”

အဲဒီတော့မှပဲ သူ့အဖေက အကြည့်ကို လွှဲသွားတော့တယ်၊ သူ့အဖေက သတင်းစာကို သေသေချာချာ ခေါက်လိုက်ပြီး အိတ်ကပ်ထဲကနေ ပိုက်ဆံအိတ်ကို ထုတ်လိုက်တယ်။

“ရော့... ဒါ ယူထားလိုက်။ ပထမနှစ်ကျောင်းသားတွေအားလုံးထဲမှာ ပထမဆု ရခဲ့တဲ့အတွက် မုန့်ဖိုးဆုလာဘ်လို့ သဘောထားပေါ့”

သူ့အဖေက ကတ်ပြားတစ်ခု ကမ်းပေးလာတယ်၊ ကတ်အမည်းကြီးတစ်ခုပေါ့။

“ဉာဏ်ကောင်းတဲ့ ကလေးတွေနဲ့ ပေါင်းချင်သင်းချင်ရင် ပိုက်ဆံ အများကြီး လိုလိမ့်မယ်။ သူတို့ကို ဘာမှ စိုက်မခိုင်းနဲ့၊ နင်ကပဲ အမြဲတမ်း အကုန်အကျခံပြီး ရှင်းပေးလိုက်။ အဲဒါမှ သူတို့နဲ့ နင်နဲ့ကြားမှာ အဆင့်အတန်း ကွဲပြားသွားမှာ။ လူမှုပတ်ဝန်းကျင်ထဲကို တကယ် ခြေစုံပစ်ဝင်နိုင်တော့မှပဲ တကယ့် သူငယ်ချင်းစစ်ဆိုတာကို ရှာတွေ့နိုင်တာ။ ကျောင်းက သူငယ်ချင်းတွေလား... အဲဒါမျိုးတွေက ကမ္ဘာပေါ်မှာ မရှိဘူး။ ကျောင်းမှာ မင်းတွေ့နိုင်တာက ပြိုင်ဘက်တွေချည်းပဲ၊ မင်း ကျော်ဖြတ်ပြီး အနိုင်ယူရမယ့်လူတွေ။ အောင်နိုင်သူတွေ တည်ဆောက်ထားတဲ့ လူမှုအသိုင်းအဝိုင်းထဲကို ရောက်အောင် တက်လှမ်းပြီး ကိုယ့်နေရာကိုယ် ခိုင်ခိုင်မာမာ ရအောင်လုပ်၊ အဲဒီအချိန်ကျမှပဲ သူငယ်ချင်းဆိုတာကို ရှာ။ မဟုတ်မဟတ် စိတ်ခံစားမှုတွေနောက် လိုက်ပြီး အချိန်တွေ အကုန်မခံနဲ့၊ အဲဒီကောင်လိုမျိုး ဘဝပျက်မသွားချင်ရင်ပေါ့”

ဂွန်ဆော့က အဲဒီကတ်ပြားကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ လှမ်းယူလိုက်တယ်။ ကတ်ပြားက သူ့အတွက် ပိုပြီး လွတ်လပ်ခွင့်တွေ ပေးနိုင်တာမှန်ပေမဲ့ ဘာဖြစ်လို့ စိတ်ထဲမှာတော့ သံကြိုးတွေနဲ့ အချည်ခံလိုက်ရသလိုမျိုး ခံစားနေရတာပါလိမ့်။

‘ဒါပေမဲ့လည်း ငါ ဘာမှ မတတ်နိုင်ဘူးလေ။ အေးလေ... ဖြစ်သမျှအကြောင်း အကောင်းပေါ့။ ငါလည်း ဒီအတိုင်းပဲ ဆက်ပြီး ရှင်သန်သွားရုံပေါ့’

သူ ခါးညွတ် အရိုအသေပေးလိုက်ပြီး သူ့အခန်းဆီ ပြန်လျှောက်လာခဲ့တယ်။ လွယ်အိတ်ကို ချလိုက်တာနဲ့တင် သက်ပြင်းအရှည်ကြီး တစ်ချက် အလိုလို ထွက်လာတော့တာပဲ။

“တောက်... ချီးပဲ”

တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ နေ့တစ်နေ့ပဲ။ ကြည့်ရတာ အဖေ စိတ်တိုနေတာက ဟန်မာရူးကြောင့် ဖြစ်ရမယ်။ အဲဒီကောင်သာ သူ့လမ်းမှာ ဝင်မရှုပ်ခဲ့ရင်၊ ဂွန်ဆော့တစ်ယောက် စိတ်တိုတိုနဲ့ သူ့လက်သည်းတွေကို ကိုက်ရင်း ဖုန်းကို ထုတ်လိုက်တယ်၊

ဆူယွန်းရဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီး ဖုန်းခေါ်လိုက်တယ်။ ဆူယွန်းက သူတို့ သင်ခန်းစာကို နှစ်ရက်လောက် ရွှေ့ဆိုင်းထားပြီးကတည်းက လုံးဝ အဆက်အသွယ် ပြတ်နေခဲ့တာ။ နောက်ရက်ကျရင်တော့ ပြန်ဆုံနိုင်လိမ့်မယ်လို့ သူ ထင်ထားခဲ့ပေမဲ့ သူမဆီကနေ ဘာစာတစ်စောင်မှ ရောက်မလာခဲ့ဘူး။

“ဟယ်လို၊ ဘယ်သူလဲရှင်”

“ဟို... ဆရာလားခင်ဗျာ”

“အေး... ဘာကိစ္စလဲ”

ဆူယွန်းက အသည်းအသန် အသက်ရှူသံတွေ ပြင်းပြင်းထန်ထန် ထွက်နေရှာတယ်။ ဂွန်ဆော့လည်း မျက်လုံး အဝိုင်းသားနဲ့ စဉ်းစားရင်း စကားကို ဆက်ပြောလိုက်တယ်။

“ကျွန်တော့်ကို ဘယ်တော့လောက် သင်ခန်းစာ ပြန်သင်ပေးနိုင်မလဲ သိချင်လို့ပါ”

သူ့စိတ်ထဲမှာ အရာရာကို စိတ်မရှည် ဖြစ်နေတာကြောင့် ဆူယွန်းနဲ့ တွေ့လိုက်ရရင်ပဲ အဲဒီစိတ်အနှောင့်အယှက်တွေ အကုန် ပျောက်ကွယ်သွားလိမ့်မယ်လို့ သူ ခံစားနေရတာ။ ဆူယွန်းက သူမရဲ့ ရင့်ကျက်မှုတွေနဲ့ သူ့ကို ခါတိုင်းလိုပဲ ကောင်းကောင်းလေး နှစ်သိမ့်ပေးနိုင်မှာပဲလေ။ ဒါပေမဲ့...

“ငါ လောလောဆယ်တော့ ဘာသင်ခန်းစာမှ လုပ်ဖို့ အစီအစဉ် မရှိသေးဘူး။ နင်က အရည်အချင်း ရှိတဲ့သူပဲ၊ ဒါကြောင့် ကိုယ့်ဘာသာကိုယ်ပဲ ခဏလောက် လေ့လာထားလိုက်ဦး”

“ဗျာ... ဘာဖြစ်လို့လဲ ဆရာမ၊ ဘာကို ဆိုလို...”

“ငါ အလုပ်ရှုပ်နေလို့၊ ဒါပဲနော်”

အဲဒီလိုပြောပြီးတာနဲ့ ဖုန်းက ချက်ချင်း ကျသွားတော့တယ်။ ဖုန်းမကျခင်လေးတင် တစ်ဖက်ကနေ အဘိုးကြီးတစ်ယောက်ရဲ့ အသံကို ဂွန်ဆော့ လှမ်းကြားလိုက်ရသေးတယ်။

ဝုန်း

ဂွန်ဆော့ ဒေါသတကြီးနဲ့ သူ့စာရေးစားပွဲကို လက်သီးနဲ့ ထိုးချပစ်လိုက်တယ်။ ပြီးမှ လန့်ဖျပ်သွားပြီး အခန်းတံခါးဆီ ချက်ချင်း လှည့်ကြည့်မိတာပေါ့။ အဖေ ကြားသွားတာ မဟုတ်ဘူးမလား သူ တံခါးမှာ နားကပ်ပြီး စိုးရိမ်တကြီးနဲ့ နားစွင့်နေမိတယ်။ ကံကောင်းချင်တော့ အပြင်ကနေ ဂန္ထဝင်တေးသီချင်းသံ ညည်းညည်းလေးပဲ ကြားနေရတယ်။ အသက်ရှူချောင်သွားသလို သက်ပြင်းတစ်ချက်ချပြီးမှ ခုတင်ပေါ်မှာ ထိုင်ချလိုက်မိတော့တယ်။ ဒီနေ့တော့ လုပ်သမျှ အရာရာတိုင်း တလွဲတွေချည်း ဖြစ်နေတာပဲ။ သူ့ဘဝတစ်ခုလုံးမှာ အဆိုးဝါးဆုံးနေ့တွေထဲက တစ်နေ့လို့ ပြောရင်တောင် ရတယ်။

‘ဟန်မာရူး... အဲဒီခွေးသူတောင်းစား... သူ ငါ့အကြောင်းကို သွားတိုင်ပြောမှာတော့ မဟုတ်ဘူးမလား’

အကယ်၍ အဖေသာ သူ သရုပ်ဆောင်လုပ်နေတဲ့အကြောင်း သိသွားရင်တော့... ဖြစ်လာမယ့် အကျိုးဆက်ကို သူ စိတ်ကူးနဲ့တောင် မတွေးရဲဘူး။ သူ အတိတ်က အဖြစ်အပျက်တစ်ခုကို ကောင်းကောင်း မှတ်မိနေသေးတယ်၊ တက္ကသိုလ်တက်နေတုန်း အိမ်ပြန်လာတဲ့ အစ်ကိုဖြစ်သူရဲ့ ပါးကို အဖေက အားရပါးရ ဖြန်းခနဲနေအောင် ရိုက်ပစ်လိုက်တာလေ။

အဲဒီတုန်းက အဖေက ဂွန်ဆူကို သွေးဆာနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး ကြိမ်းမောင်းခဲ့တဲ့ ပုံစံကို တွေးမိတိုင်း ဂွန်ဆော့တစ်ယောက် ရင်ဘတ်ထဲက နှလုံးပါ ရပ်သွားမတတ် ကြောက်လန့်မိတယ်။

“အဖေ လုံးဝ သိလို့မဖြစ်ဘူး”

ဂွန်ဆော့မှာ အစီအစဉ် ရှိပြီးသားပဲ၊ ဂျွန်မင်းက သူ သုံးနှစ်မြောက်အထိ ရလဒ်ကောင်းတွေ ပြနိုင်မယ်ဆိုရင် ဆုလာဘ်တွေ ပေးမယ်လို့ ကတိပေးထားတာလေ။ ပညာသင်ဆု အပြည့်အဝ ရမှာက တစ်ပိုင်း၊ နောက်ပြီး နာမည်ကြီး သရုပ်ဆောင်တွေနဲ့ လက်တွဲခွင့်အပြင် ဧရာမ ပရောဂျက်ကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခွင့် ရအောင် လုပ်ပေးမယ်လို့လည်း ကတိပြုထားတာ။

ဂွန်ဆော့က အဲဒီကတိကဝတ်ထဲမှာ သူ့ရဲ့ အနာဂတ်ကို မြင်နေရတာ၊ သူက တခြားသူတွေထက် ပိုပြီး တောက်ပတဲ့ ကြယ်တစ်ပွင့် ဖြစ်လာမှာပေါ့။ ပိုက်ဆံ၊ မိန်းကလေးတွေနဲ့ ကျော်ကြားမှုတွေက အလိုလို သူ့နောက်ကို လိုက်လာကြတော့မှာ။

သူ့အဖေက ဘဝမှာ ဘယ်လမ်းကြောင်းကို လျှောက်ရမယ်လို့ အတိအကျ ညွှန်ပြလေ့မရှိပေမဲ့ သူ့ဆီကနေ မျှော်လင့်တာက အောင်မြင်မှုတစ်ခုတည်းပဲ။ သူ့အဖေအတွက်တော့ အောင်မြင်ဖို့ အလွယ်ကူဆုံးနည်းလမ်းက စာကျက်တာပဲလေ။

ဂွန်ဆော့ရဲ့ အစ်ကိုက အဲဒီအတွေးအခေါ်ကို အာခံပြီး အိမ်ပေါ်က ဆင်းသွားခဲ့တုန်းကတောင် အဖေက မျက်တောင်တစ်ချက်မျှ မခတ်ခဲ့ဘူး။ တကယ်တော့ အဖေက အဲဒီကောင် ရက်ပိုင်းအတွင်းမှာတင် ဒူးထောက်ပြီး အိမ်ပြန်လာလိမ့်မယ်လို့တောင် ပြောခဲ့သေးတာ။ အခုဆို ဆယ်နှစ်တောင် ကုန်လွန်သွားခဲ့ပြီ၊ အစ်ကိုကတော့ အခုထိ နာမည်မရှိတဲ့ သာမန်သရုပ်ဆောင်အဆင့်မှာပဲ ရှိနေတုန်း။

အဖေပြောတာ မှန်တယ်၊ အဓိပ္ပာယ်မရှိတဲ့ စွန့်စားမှုတွေက ဘာတန်ဖိုးမှ မရှိဘူး။ အကယ်၍ အောင်မြင်မှုက ကျိန်းသေပေါက် ရမယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးပေါ့၊ အဲဒါကြောင့်ပဲ သူက ဂျွန်မင်းရဲ့ စာချုပ်နဲ့ အဖေ့ကို နားချနိုင်လိမ့်မယ်လို့ တွေးထားခဲ့တာ။

ဂျွန်မင်းက ဖျော်ဖြေရေးလောကမှာ တကယ့်ကို နာမည်ကြီးတဲ့သူ၊ ကုမ္ပဏီကြီးအများစုနဲ့ အဆက်အသွယ် ရှိတဲ့သူလေ။ အကယ်၍ ဂျွန်မင်းကသာ သူ့နောက်ကနေ ကျောထောက်နောက်ခံ ပေးထားမယ်ဆိုရင် အဖေလည်း သူ့ရဲ့လုပ်ရပ်တွေကို လက်ခံပေးလာမှာ ဖြစ်နေလို့ပဲ။

ဒါပေမဲ့ အခုချိန်က အဲဒီလိုလုပ်ဖို့ အချိန်မဟုတ်သေးဘူး။ အခုလောလောဆယ် ဂွန်ဆော့မှာ ပြသစရာ ဘာအောင်မြင်မှုမှ မရှိသေးဘူးလေ။ အကယ်၍ အဖေသာ သူ အခုချိန်မှာ သရုပ်ဆောင်လုပ်နေတာ သိသွားရင်တော့ ‘အဲဒီအချိန်တွေကို စာကျက်တဲ့နေရာမှာပဲ သုံးလိုက်စမ်း’ လို့ ပြောမှာ ကျိန်းသေတယ်။

သေချာတာပေါ့၊ ဂွန်ဆော့ကိုယ်တိုင်ကလည်း သရုပ်ဆောင်အလုပ်အပေါ် သံယောဇဉ်ကြီးလှတာတော့ မဟုတ်ပါဘူး။

သူက သရုပ်ဆောင်လောကထဲပဲ ဇောက်ချဝင်ဝင်၊ စာပဲ အသေအလဲလုပ်လုပ် ဘာမှ ထူးထူးခြားခြား ပြဿနာမရှိပေမဲ့ ဒုတိယလမ်းကြောင်းကို ရွေးလိုက်ရင်တော့ လူတွေရဲ့ အာရုံစိုက်မှုကို ခံရမှာ မဟုတ်တော့ဘူး။ သူက ပိုက်ဆံအများကြီး ရှာနိုင်တာထက် လူတွေရဲ့ အသိအမှတ်ပြုမှုကို ပိုပြီး လိုချင်တာလေ။ အခုပဲ ကြည့်လေ၊ အခုလို အနေအထားမှာတင် သူက ဆူယွန်းလိုမျိုး လှပပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ အတူတူ ရှိနေနိုင်ပြီ မဟုတ်လား။ ဒီလိုလောကထဲကနေ ထွက်သွားလိုက်ရင် ဆုံးရှုံးရမယ့်အရာတွေက တော်တော်လေးကို များလွန်းနေတယ်။

‘ဒီတစ်ကြိမ်တော့ ငါ ငြိမ်ငြိမ်လေးပဲ နေလိုက်ရမယ်’

သူ ခဏလောက် ငြိမ်နေလိုက်ရင် မာရူးလည်း စိတ်အေးသွားမှာပါ။ အဲဒီအချိန်ကျမှ ဂျူနီယာတွေကို သုံးပြီး မာရူးကို ပြန်တိုက်ခိုက်ရုံပဲ၊ အဲဒီငတုံးက ခါတိုင်းလိုပဲ တရားမျှတမှုရဲ့ အစောင့်အရှောက် ဘာညာဆိုပြီး ဝင်ပါရင်းနဲ့ ပေါက်ကွဲသွားမှာ သေချာတယ်။

“ဟုတ်ပြီ... ငါ ဒီတစ်ကြိမ်ပဲ အောင့်အီးသည်းခံလိုက်မယ်။ ဒါဆို ရပြီ”

မာရူးနဲ့ သူ့နောက်မှာ ပုန်းနေတဲ့ ကောင်မလေး၊ သူတို့ကို စင်မြင့်နောက်ကွယ်က အလုပ်ကြမ်းသမားနေရာတွေဆီပဲ နှင်ထုတ်ပစ်လိုက်ရင် ရပြီ။ အမှန်အတိုင်းပြောရရင် အဲဒီကောင်မလေးကို သူ ပိုပြီး ဒေါသထွက်မိတာ။

သူမသာ ပါးစပ်ပိတ်နေခဲ့ရင် မာရူးနဲ့ သူ အခုလို ရန်ဖြစ်စရာ အကြောင်းမှ မရှိတာလေ။ အဲဒီအချိန်မှာပဲ အိမ်ရှေ့တံခါး ပွင့်သွားတဲ့ အသံကို သူ ကြားလိုက်ရတယ်။ မေမေ ပြန်လာဖို့က အချိန်စောလွန်းသေးတယ်၊ မဖြစ်နိုင်ဘူး။ အဖေက အစားအသောက်တစ်ခုခု ပါဆယ်မှာလိုက်တာလား စိတ်ထဲမှာ သိချင်စိတ်တွေ ဝင်လာတာနဲ့ စကားပြောသံတစ်ခုကို သူ ကြားလိုက်ရတော့တယ်။

“အဖေ မတွေ့ရတာ တော်တော်ကြာပြီနော်”

တက်ကြွပြီး ပျော်ရွှင်နေတဲ့ အသံမျိုး၊ သူ့အစ်ကို ဖြစ်နေတာပဲ။ ဂွန်ဆော့ရဲ့ မျက်နှာက ချက်ချင်း တွန့်ကွေးသွားတော့တယ်။ အိမ်ပေါ်ကနေ အနှင်ထုတ်ခံထားရတဲ့သူက ဘယ်လိုများ ဒီလောက်အထိ ပျော်ပျော်ရွှင်ရွှင် အော်ဟစ်နိုင်ရတာလဲ လာပြီး ကြွားဝါနေတာလား စိတ်ပျက်စရာကောင်းလိုက်တာ။ ခဏနေရင် အဖေ အော်ဟစ်ဆဲဆိုတော့မှာပဲ။ ဒါမှမဟုတ် အစ်ကို နောက်တစ်ခါ ပါးထပ်အရိုက်ခံရဦးမလား။

ဒါပေမဲ့ အပြင်ဘက်ကနေ တိတ်ဆိတ်မှုပဲ ပြန်ကြားနေရတယ်။ ဘာဖြစ်နေတာပါလိမ့် အဖေက ဒီလိုအခြေအနေမျိုးကို အကြာကြီး သည်းခံနေတတ်တဲ့သူ မဟုတ်တာ အသေအချာပဲ။

“ကျွန်တော်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်တော် တအား လေးစားရတဲ့ စီနီယာ လီဂျွန်မင်းပါ အဖေ။ ကြည့်ရတာ အဖေနဲ့ အသက်အရွယ်ချင်း တူတူလောက်ပဲ ထင်တယ်နော်”

“ဟေ့ကောင်... ဂွန်ဆူ၊ စကားကို သေသေချာချာ ပြောစမ်း”

“ရပါတယ် စီနီယာရဲ့၊ ကျွန်တော်က မူလကတည်းက ဒီလိုပုံစံမျိုးမို့လို့ အဖေကလည်း နားလည်ပေးမှာပါ။ ဟုတ်တယ်မလား အဖေ”

ဂွန်ဆော့ မျက်လုံးအဝိုင်းသား ဖြစ်သွားရတယ်၊ ဂျွန်မင်း ဟုတ်လား သူ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး တံခါးကြားကနေ အပြင်ကို လှမ်းချောင်းကြည့်လိုက်တော့ တကယ်ပဲ ဂျွန်မင်း ဖြစ်နေတာ။ သူ့လက်ထဲမှာ အဖေ အမြဲတမ်း အကြိုက်ဆုံးဖြစ်တဲ့ ခရမ်းချဉ်သီးဖျော်ရည်ဘူးကို ကိုင်ထားသေးတယ်။

“မင်းက ဘယ်သူလဲ” လို့ သူ့အဖေက ခပ်ပြတ်ပြတ် မေးလိုက်တယ်။

ဒါလည်း မဆန်းပါဘူး၊ အဖေက အစ်ကို့ရဲ့ အပေါင်းအသင်းတွေကို ဘယ်တော့မှ မျက်နှာသာပေးပြီး ကြည့်မယ့်သူ မဟုတ်တာ။

“ကျွန်တော့်နာမည် လီဂျွန်မင်း လို့ ခေါ်ပါတယ်ခင်ဗျာ။ ဖျော်ဖြေရေးလောကထဲမှာ အလုပ်လုပ်နေတာပါ။ ဂွန်ဆူက အဖေ့ဆီ လာခဲ့ပါဦးလို့ ခဏခဏ အတင်းအကျပ် ပူဆာနေတာနဲ့ပဲ ကျွန်တော် လိုက်လာခဲ့ရတာပါ။ အခုလို အမှတ်မထင် ဝင်လာခဲ့မိတာကို ခွင့်လွှတ်ပါဦးခင်ဗျာ”

သူ့အဖေက ဂျွန်မင်းကို ခဏလောက် စိုက်ကြည့်နေပြီးမှ နေရာမှာ ဝင်ထိုင်ဖို့ ပြောလိုက်တယ်။ သူတို့ ထိုင်လိုက်ကြတာနဲ့ ဂျွန်မင်းက သူ့အိတ်ထဲကနေ စာရွက်တစ်စောင် ထုတ်လိုက်တာပေါ့။

“ဒီကောင်လေးက အဖေ့ကို ဒီစာချုပ်လေး သေသေချာချာ ပြရမယ်ဆိုပြီး ထူးထူးဆန်းဆန်းတွေ လာပြောနေလို့လေ”

“ဒါက ဘာလဲ”

“ကျေးဇူးပြု၍ ဖတ်ကြည့်ပေးပါဦးခင်ဗျာ”

ဂွန်ဆော့က သူ့အဖေ အဲဒီစာချုပ်ကို ဖြည်းဖြည်းချင်း ဖတ်နေတာကို မြင်နေရတယ်။ ဘာအကြောင်းအရာတွေများလဲ ကမ္ဘာဦးကာလလောက်အထိ ကြာမြင့်သွားသလို ခံစားရပြီးတဲ့နောက်မှာတော့ အဖေက အဲဒီစာရွက်ကို စားပွဲပေါ် ဖြည်းဖြည်းချင်း ပြန်ချလိုက်တယ်။

“မိုက်မဲလှတဲ့ ကျွန်တော့်ရဲ့ သားကြောင့် မောင်ရင်လည်း တော်တော်လေး စိတ်ဒုက္ခရောက်ခဲ့ရမှာပဲ”

“ဟုတ်ပါတယ်ခင်ဗျာ။ သူက ဒီအရွယ်အထိ ကလေးဆန်တုန်းပဲလေ”

ဂွန်ဆော့ အံ့ဩမှင်တက်သွားရတယ်၊ အဖေက... အခု တကယ်ကြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ရယ်မောနေတာပဲ။ သူ့အဖေက မျက်မှန်ကို ချွတ်လိုက်ပြီး စကားကို ဆက်ပြောတယ်။

“သိတဲ့အတိုင်းပဲ... ငါက ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာကို လုံးဝ ဥဿုံ မုန်းတီးတဲ့သူ။ ငါ့ဘဝကို မြို့ပြရဲ့ ရေဆိုးမြောင်းတွေထက်တောင် ပိုပြီး ဆိုးဝါးတဲ့ နေရာကနေ စတင်ခဲ့ရတာ၊ လမ်းမပေါ်မှာ ပီကေရောင်း၊ ဖိနပ်တိုက်ပြီး အသက်မွေးခဲ့ရတဲ့သူပေါ့။ အဲဒီတုန်းက ငါ တွေးခဲ့တာ တစ်ခုပဲ ရှိတယ်။ အောင်မြင်မှုနဲ့ ပိုက်ဆံ”

အဖေက စာချုပ်ကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်တယ်၊ မျက်နှာပေါ်က အပြုံးတွေက ပိုပြီးတော့တောင် ကျယ်ပြန့်လာသေးတယ်။

“သူများတွေ ဘယ်လိုပဲ ပြောပြော... ပိုက်ဆံက အရာရာရဲ့ ရှေ့မှာ ရှိနေတာပဲ။ ဘာလို့လဲဆိုတော့ ပိုက်ဆံမရှိရင် မင်းက ဘာတန်ဖိုးမှ မရှိတဲ့သူ ဖြစ်နေလို့ပဲ”

“မှန်ပါတယ်ခင်ဗျာ”

“ငါ အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်ခဲ့ပါတယ်၊။ အဲဒီရွှေမှုန်ကဲတဲ့ ရုန်းကန်မှုတွေကြားထဲမှာ မီးသွေးခဲကို ခဲတံအဖြစ် သုံးပြီး စာသင်ခဲ့ရတာ။ ငါ့ဘဝရဲ့ ပထမဆုံး ခဲတံလေးဆိုရင် လက်ထဲမှာ ကြေမွသွားတဲ့အထိ သုံးခဲ့ရတယ်။ ငါ အခုလို နေရာမျိုးကို ရောက်လာဖို့ အသေအလဲ စာကျက်ခဲ့ရတာ။ ငါ့အတွက်တော့ စာကျက်တာက အောင်မြင်ဖို့ အလွယ်ကူဆုံး နည်းလမ်းပဲ။ အဲဒါကြောင့်ပဲ အဲဒီကောင်က သရုပ်ဆောင်အလုပ်နဲ့ အောင်မြင်အောင် လုပ်ပြမယ်လို့ လာပြောတုန်းက ငါ အရမ်း ဒေါသထွက်ခဲ့တာ၊ ဘာလို့လဲဆိုတော့ သူက မိုက်မဲတဲ့သူ မဟုတ်မှန်း ငါ သိနေလို့ပဲ။ စာကျက်ဖို့ ဘယ်လောက်ပြောပြော သူက လုံးဝ နားမထောင်ခဲ့ဘူး”

“သူက အဲဒီတုန်းကတည်းက ခေါင်းမာခဲ့တာကိုးခင်ဗျာ”

“ဟုတ်တယ်။ အဲဒီလို ကောင်စားမျိုးပဲ။ သူ အိမ်ပေါ်က ဆင်းသွားတုန်းက အခြေအနေကို အခုထိ မှတ်မိနေသေးတယ်။ သရုပ်ဆောင်အလုပ်နဲ့ အောင်မြင်အောင် လုပ်ပြမယ်လို့ သူ ငါ့ကို ပြောခဲ့တာ။ အဲဒီအချိန်တုန်းက သူက ငါ့ဘဝတစ်ခုလုံးကို ငြင်းပယ်လိုက်သလိုမျိုး ငါ ခံစားခဲ့ရတယ်။ အဓိပ္ပာယ်မရှိတာ။ သရုပ်ဆောင်အလုပ်နဲ့ အောင်မြင်ဖို့ဆိုတာ လွယ်လို့လား... လုံးဝ မလွယ်ဘူး။ ငါ့အမြင်အရတော့ ဒီနိုင်ငံမှာ အနုပညာနဲ့ အောင်မြင်ဖို့ဆိုတာ မယုံနိုင်လောက်အောင် ကြိုးစားအားထုတ်မှုတွေအပြင် ကံတရားလည်း အများကြီး လိုတာ။ မောင်ရင်ကော အဲလို မထင်ဘူးလား”

“တကယ်ကို မှန်ပါတယ်ခင်ဗျာ”

“အဲဒါကြောင့်ပဲ သူ ငါ့အိမ်ကို ဒူးထောက်ပြီး ပြန်လာမယ့်အချိန်ကို ငါ စောင့်နေခဲ့တာ။ စာပြန်ကျက်ဖို့ ပြန်လာလိမ့်မယ်လို့ ငါ ယုံကြည်ထားခဲ့တာ။ ဒါပေမဲ့ သူ ပြန်မလာခဲ့ဘူး။ ဆယ်နှစ်ကြာတဲ့အထိတောင်မှပေါ့”

ဂွန်ဆော့ရဲ့ အစ်ကိုက တောက်ပစွာ ပြုံးရင်း ဝင်ပြောတယ်။

“အတိအကျပြောရရင် ဆယ့်နှစ်နှစ် ရှိပါပြီ အဖေ။ အခု ကျွန်တော့်အသက် ၃၁ နှစ် ရှိပြီလေ”

“မင်းက ဒီလောက်အထိ အသက်ကြီးသွားပြီလား”

“ဒါပေါ့ အဖေရယ်။ ကျွန်တော့်မှာလည်း အဖေ့လိုမျိုး အရေပြားတွေ တွန့်ပြီး အရေးအကြောင်းတွေတောင် စပေါ်နေပြီ”

သူတို့နှစ်ယောက်ကြားမှာ မထင်မှတ်ထားတဲ့ နောက်ပြောင်စကားတွေအထိ ဖလှယ်နေကြတော့တာပဲ။ ဘယ်အချိန်ဖြစ်ဖြစ် ဒေါသတကြီးနဲ့ ထဆဲတော့မယ့် အဖေက အခုတော့ အကျေနပ်ကြီး ကျေနပ်ပြီး ပြုံးနေရှာတယ်။ ဂျွန်မင်း ရှိနေလို့လား... မဟုတ်ဘူး။ ဂွန်ဆော့ရဲ့ အဖေက သူ စိတ်တိုလာရင် ဘေးက ဘယ်သူကြည့်နေကြည့်နေ ဂရုစိုက်တတ်တဲ့သူမျိုး မဟုတ်တာ သူ ကောင်းကောင်းသိတယ်။

“၁၂ နှစ်... အဲဒီနှစ်တွေအကြာကြီး ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူ နောက်ဆုံးတော့ အောင်မြင်မှုကို အိမ်ကို ယူလာနိုင်ခဲ့ပြီပေါ့”

“ဘယ်လိုလဲခင်ဗျာ။ အခုလို အခြေအနေနဲ့ဆိုရင် သူ ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းခဲ့တယ်လို့ ပြောလို့ရတယ် မဟုတ်လား။ ပိုက်ဆံဆိုတာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို တိုင်းတာတဲ့ တစ်ခုတည်းသော စံနှုန်းမဟုတ်ပေမဲ့ မဆိုးတဲ့ စံနှုန်းတစ်ခုတော့ ဖြစ်တာပေါ့”

“မှန်ပါတယ်။ အသက် ၃၀ ကျော်အစောပိုင်းမှာ ဒီလိုမျိုး အောင်မြင်မှုမျိုး ရနိုင်တဲ့သူက သိပ်ပြီး အများကြီး မရှိပါဘူး။ ဒါက အောင်မြင်မှုစစ်စစ်ပါပဲ၊ အသေအချာပဲ”

အဖေက စာချုပ်ကို ဂျွန်မင်းဆီ ပြန်တွန်းပေးလိုက်တယ်။ ဂွန်ဆူကပဲ အဲဒီစာချုပ်ကို လှမ်းယူလိုက်တာပေါ့။

“ဒါဆို ကျွန်တော်တို့ သွားတော့မယ်နော် အဖေ”

သူ့အစ်ကိုက နေရာကနေ ထရပ်လိုက်တော့ ဂျွန်မင်းက နည်းနည်း ဇဝေဇဝါ ဖြစ်သွားပုံရတယ်။

“အခုပဲ ပြန်တော့မလို့လား”

“ပြန်မှာပေါ့။ အဖေ... ကျွန်တော် သွားလို့ရပြီ မဟုတ်လား”

သူ့အဖေက မျက်မှန်ကို ပြန်တပ်လိုက်ပြီးမှ ပြန်ဖြေတယ်၊ မျက်နှာပေါ်က စောစောက အပြုံးတွေကတော့ လုံးဝ ပျောက်ကွယ်သွားပြီ။

“သွားတော့။ ငါ မင်းမျက်နှာကို နောက်တစ်ခါ ထပ်မမြင်ချင်တော့ဘူး”

“အနည်းဆုံးတော့ ဒီနေ့ ပါးအရိုက်မခံရဘူးလေ။ ဒါလည်း ကျွန်တော့်မှတ်တမ်းမှာတော့ အောင်မြင်မှုတစ်ခုပဲ”

သူ့အစ်ကိုက ပြုံးဖြဲဖြဲနဲ့ လှည့်ထွက်သွားတယ်။ အဲဒီအချိန်မှာပဲ ဂွန်ဆော့ရဲ့ အကြည့်က အစ်ကိုဖြစ်သူရဲ့ အကြည့်နဲ့ ဆုံသွားတာပေါ့။ သူ့အစ်ကိုက ပခုံးတွန့်ပြပြီး အပြင်ဘက်ကို လျှောက်သွားတော့တယ်။

“ရှေ့လျှောက်လည်း သူ့ကို သေသေချာချာ စောင့်ရှောက်ပေးပါဦးခင်ဗျာ”

သူ့အစ်ကို အပြင်ရောက်သွားတော့ အဖေက ဂျွန်မင်းကို ခါးညွတ်ပြီး အရိုအသေပေးလိုက်တယ်။ အဖေက... ခါးညွတ်ပြီး အရိုအသေပေးတာလား ဂွန်ဆော့တစ်ယောက် ခေါင်းထဲမှာ ဗလာကျင်းသွားသလို ခံစားလိုက်ရတယ်၊ သူ့ဘဝသက်တမ်းတစ်လျှောက်မှာ ဒါမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။

“ပြောနေဖို့တောင် မလိုပါဘူးခင်ဗျာ။ ဂွန်ဆူက တကယ့်ကို အတွေးအခေါ် ရှိပြီး တော်တဲ့ ကောင်လေးပါ”

“ဟုတ်ပါလိမ့်မယ်။ သူက ငယ်ငယ်ကတည်းက တကယ့်ကို လွတ်လွတ်လပ်လပ် နေတတ်တာ။ အရာရာကို ကိုယ့်ဘာသာကိုယ်ပဲ လုပ်ခဲ့တာလေ။ အဲဒါကြောင့်ပဲ ငါ သူ့ကို သဘောမကျခဲ့တာ။ ဘာလို့လဲဆိုတော့ သူက ငါ့ရဲ့ လက်ခုပ်ထဲကနေ အမြဲတမ်း ထွက်ပြေးဖို့ ကြိုးစားနေခဲ့လို့ပဲ”

“ဒါပေမဲ့လည်း အခုလိုမျိုး သူ အောင်မြင်နေတာကို မြင်ရတော့ အဖေတစ်ယောက်အနေနဲ့ ဂုဏ်ယူမိတယ် မဟုတ်လား”

“သားသမီးတွေ အောင်မြင်တာကို မြင်ရလို့ စိတ်မကောင်းဖြစ်မယ့် မိဘဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ အကူအညီမပါဘဲ သူ အောင်မြင်သွားတာကို မြင်ရတော့ နည်းနည်းတော့ စိတ်တိုမိတာပေါ့။ အခုဆို သူက ငါ့လက်ထဲကနေ လုံးလုံးလျားလျား လွတ်မြောက်သွားပြီလို့ ခံစားရလို့လေ”

“ယောင်္ကျားလေးတွေဆိုတာ အိမ်ပေါ်က ဆင်းသွားမှ မိဘတွေကို သတိရတတ်ကြတာပါ။ ဒီနေ့လည်း သူ့ကို တစ်ယောက်တည်း လွှတ်မလို့ပဲ၊ ဒါပေမဲ့ သူက တအား ရှက်နေလို့လေ”

“ဟားဟား... နှစ်တွေအကြာကြီး ငါ့ကို စိတ်ဒုက္ခပေးခဲ့ပြီးမှ အခုကျမှ ရှက်နေရတယ်လို့လား။ တကယ့်ကို ဆိုးတဲ့ ကလေးပဲ”

“ကြည့်ရတာ ခင်ဗျားရဲ့ ဗီဇကို လိုက်တာ ထင်ပါတယ်”

“ငါ့ဗီဇ ဟုတ်လား”

“ခင်ဗျား ငယ်ငယ်တုန်းက ရှိခဲ့တဲ့ ခေါင်းမာမှုနဲ့ ခွန်အားတွေက ဘယ်ရောက်သွားမလဲ။ သူကိုယ်တိုင်လည်း စာကျက်တာက အောင်မြင်ဖို့ ဘေးကင်းတဲ့ လမ်းကြောင်းဆိုတာ သိမှာပါ။ ဒါပေမဲ့ သူက အဲဒါကို ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့ရုံ သက်သက်ပဲ ဖြစ်မှာပါ”

ဂျွန်မင်းက နေရာက ထရပ်လိုက်တော့ ဂွန်ဆော့ရဲ့ အဖေလည်း လိုက်ထတာပေါ့။

“ဒါ ကျွန်တော့်ရဲ့ လိပ်စာကတ်ပြားပါ။ နောက်မှ အတူတူ သောက်ကြတာပေါ့။ ကျွန်တော်တို့ တော်တော်လေး စကားပြောလို့ ကောင်းမယ့်ပုံပဲ”

“ဖျော်ဖြေရေးလောကထဲက လူတစ်ယောက်ဆီကနေ လိပ်စာကတ်ပြား ရဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ”

“တကယ့်ကို ဂုဏ်ယူမိပါတယ်ခင်ဗျာ”

လူကြီးနှစ်ယောက်လုံးက သူငယ်ချင်းဟောင်းကြီးတွေလိုမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ အိမ်ရှေ့တံခါးဝဆီ လျှောက်သွားကြတယ်။ ဂွန်ဆော့တစ်ယောက် တုန်ရင်နေတဲ့ လက်နဲ့ တံခါးကို ပြန်ပိတ်လိုက်မိတယ်။ ဒါ မဟုတ်သေးဘူး၊ အစ်ကိုက အဖေ့ရဲ့ အသိအမှတ်ပြုမှုကို ရသွားရမယ့်သူ မဟုတ်ဘူးလေ။

“ဪ... ဒါနဲ့၊ ခင်ဗျားရဲ့ ဒုတိယသားလေးအကြောင်း ပြောရဦးမယ်”

အပြင်ကနေ ဂျွန်မင်းရဲ့ အသံ တိုးတိုးလေး ထွက်လာတာကို သူ ကြားလိုက်ရတယ်။ ဂွန်ဆော့တစ်ယောက် ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုမျိုး ချက်ချင်း ဖြစ်သွားရတာပေါ့။

“ဂွန်ဆော့ လား”

“ဟုတ်ပါတယ်။”

“မောင်ရင်က ဘယ်လိုလုပ်ပြီး...”

“ခင်ဗျား မသိဘူးလား။ အဲဒီကောင်လေးက အခု လောလောဆယ် ကျွန်တော့်ဆီမှာ သရုပ်ဆောင်သင်တန်း တက်နေတာလေ”

“ဪ... အော်၊ အဲလိုလား”

“အချိန်ရရင် သူ့ကိုခေါ်ပြီး ကျွန်တော့်ရဲ့ ပြဇာတ်ရုံဆီ လာလည်ခဲ့ပါဦး။ ခင်ဗျား တကယ် သဘောကျမှာပါ”

“နားလည်ပါပြီ။ အချိန်ရအောင် ကြိုးစားပြီး လာခဲ့ပါ့မယ်”

“ဒါဆို ကျွန်တော် သွားပြီနော်”

ဂွန်ဆော့ အိမ်ရှေ့တံခါး ပိတ်သွားတဲ့အသံကို ကြားလိုက်ရတယ်၊ သူ တုန်ရင်နေတဲ့ လက်မောင်းတွေနဲ့ သူ့အခန်းတံခါးလက်ကိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတာပေါ့။ အဲဒီအချိန်မှာပဲ တံခါးက ဝုန်းခနဲ ပွင့်လာတယ်။ သူ့အဖေက အေးစက်စက် မျက်နှာပေးနဲ့ သူ့ကို စိုက်ကြည့်နေတာ။

“မင်း ငါ့ကို လိမ်ခဲ့တာပဲ”

“ဟု... ဟို... အဖေ”

“မင်းအစ်ကိုက ငါ့ကို အာခံခဲ့ပေမဲ့ အနည်းဆုံးတော့ သူ လိမ်မပြောခဲ့ဘူး”

“အဖေ၊ အဖေ”

ဂွန်ဆော့ နေရာမှာတင် ဒူးထောက်ချပစ်လိုက်တယ်။ သူ့အဖေက အခန်းထဲကို တိတ်တိတ်ဆိတ်ဆိတ် ဝင်လာပြီး သူ့နောက်က တံခါးကို ဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်တာပေါ့။

“ငါတို့တွေ စကားပြောကြရအောင်”

ဂျောက်။ တံခါး ဂျိတ်ကျသွားတဲ့ အသံနဲ့အတူ သူတို့နှစ်ယောက်ကြားထဲမှာ တံခါး ပိတ်သွားပါတော့တယ်။

* * * * * * * * *

အခန်း(၁၈၀)

ဆူယွန်း နိုးနိုးချင်း ပထမဆုံး မြင်လိုက်ရတာကတော့ ပြတင်းပေါက်ဘောင်ပေါ်မှာ တစ်ခါမှမမြင်ဖူးတဲ့ ပိုးကောင်တစ်အုပ်ကြီးပဲ။ ဆူးချွန်သေးသေးလေးတွေနဲ့ ဆန်းပြားတဲ့အကွက်တွေပါတဲ့ ခူကောင်တွေရော၊ ပုရစ်အကြီးစားကြီးနဲ့တူတဲ့ အကောင်တစ်ကောင်ပါ ရှိနေတယ်လေ။ တစ်ခါတုန်းကဆို ပြတင်းပေါက်မှာ ငှက်တစ်ကောင် လာနားနေတာလားဆိုပြီး လှမ်းကြည့်မိသေးတယ်၊ တကယ်တမ်းကျတော့ သူမလက်ဖဝါးထက်တောင် ပိုကြီးတဲ့ ဆင်လိပ်ပြာကြီး ဖြစ်နေတာပေါ့။

ဆူယွန်း ပထမထပ်ကို ဆင်းလာခဲ့တယ်၊ ဒါဟာ ဗီလာမှာ သူမကုန်ဆုံးရတဲ့ စတုတ္ထမြောက် မနက်ခင်းပဲ။ တည်နေရာရှာဖွေရေးမန်နေဂျာ၊ ရုပ်ရှင်ဒါရိုက်တာ၊ တည်းဖြတ်သူနဲ့ စတိုရီဘုတ်ဆွဲတဲ့သူတွေအကုန်လုံး ပထမဆုံးနေ့မှာတင် ထွက်သွားကြပြီလေ။ အခု ဒီမှာကျန်ခဲ့တာက မွန်ဂျောင်၊ ဂျွန်မင်း၊ ဂွန်ဆူနဲ့ သူမအခုထိ နာမည်တောင်မသိသေးတဲ့ အဲဒီစာရေးဆရာပဲ ရှိတော့တယ်။

တကယ်တော့ ဂျွန်မင်းနဲ့ ဂွန်ဆူက မနေ့မနက်ကတင် ဆိုးလ်ကို ခဏပြန်သွားကြတာဆိုတော့ အိမ်မှာ သူတို့သုံးယောက်တည်း ရှိနေတာပေါ့။ အဲဒါကြောင့် ဆူယွန်းတစ်ယောက် မနက်စာ ပြင်ဆင်ရမယ့်သူ ဖြစ်လာခဲ့ရတယ်။ မျှော်လင့်ချက်လေး နည်းနည်းနဲ့ မီးဖိုချောင်ဘက်ကို လျှောက်လာခဲ့ပေမဲ့ ထုံးစံအတိုင်း ဘယ်သူမှ ရှိမနေပါဘူး။

“ဟင်း... မိန်းကလေးတစ်ယောက်တည်းက လူသုံးယောက်စာအတွက် ပင်ပင်ပန်းပန်း ချက်ပြုတ်နေရတာကို အဲဒီလူကတော့ အခန်းထဲကနေ လုံးဝမထွက်ဘူးပေါ့၊ ဟုတ်လား”

အဲဒီစာရေးဆရာအကြောင်း တွေးလိုက်ရုံနဲ့တင် သူမ တကယ့်ကို စိတ်တိုလာရတယ်။ လွန်ခဲ့တဲ့ရက်တွေကလည်း သူ့ကို စကားအဖက်လုပ်ပြောဖို့ အသေအလဲ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမဲ့ တစ်ချိန်လုံး လျစ်လျူရှုခံခဲ့ရတာချည်းပဲ။

သူက ပေါင်းသင်းဆက်ဆံရေး မရှိတာလား၊ ဘာလား မသိဘူး။ ပိုပြီး အံ့ဩဖို့ကောင်းတာက အဲဒီလူမှာ ရည်းစားရှိတယ်ဆိုတဲ့ အချက်ပဲ။ အဲဒါထက် ပိုအံ့ဩဖို့ကောင်းတာက သူက သူ့ရည်းစားအပေါ်မှာလည်း အဲဒီလိုမျိုး အေးစိမ့်စိမ့် ဆက်ဆံတာပဲလေ။ သူ့ရည်းစားက ဘယ်လိုလူမျိုးမို့လို့ အဲဒီလို အပြုအမူမျိုးကို သည်းခံနိုင်ရတာလဲ၊ ဘုရားလောင်းများ ဖြစ်နေမလား။

“ငါ့ကို ထမင်းချက်အဒေါ်ကြီးလို ဆက်ဆံနေတာပေါ့၊ ဟုတ်လား။ အေးလေ... ရတာပေါ့”

သူမ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ဟင်းချက်ဖို့ ပြင်လိုက်တယ်၊ မွန်ဂျောင်အတွက် ရေညှိဟင်းရည်နဲ့ ကြက်ဥလိပ်လေး လုပ်ပေးဖို့ စိတ်ကူးထားတာ။ သူမတစ်ယောက်တည်း နေလာတာ ၇ နှစ်ရှိပြီဆိုတော့ ဟင်းချက်တဲ့နေရာမှာတော့ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ယုံကြည်မှု ရှိတာပေါ့။ စားပွဲပေါ်မှာ ဟင်းတွေကို သေသေချာချာ ပြင်ဆင်ပြီးတဲ့နောက် အပေါ်ထပ်ကို ပြန်တက်လာခဲ့တယ်။

“ဆရာ... မနက်စာ သုံးဆောင်လို့ရပါပြီ”

တံခါးကို ခေါက်ပြီး သိပ်မကြာခင်မှာပဲ မွန်ဂျောင် ထွက်လာခဲ့တယ်။

“သမီးကလည်း... ငါ့အတွက် အထူးတလည် လုပ်နေစရာ မလိုပါဘူး”

“မလုပ်လို့ ဘယ်ဖြစ်မလဲ ဆရာရဲ့”

သူမက မြေးမလေးတစ်ယောက်လိုမျိုး သူ့လက်ကို သဘာဝကျကျ တွဲလိုက်တယ်၊ မွန်ဂျောင်ကလည်း ခေါင်းညိတ်ပြပြီး မီးဖိုချောင်ဘက်ကို လျှောက်လာခဲ့တော့တယ်။

“အိုး... သမီးက ဟင်းချက် တော်သားပဲ။ သမီးနဲ့ လက်ထပ်ရမယ့်သူကတော့ တကယ့်ကို ကံကောင်းမှာပဲနော်”

“အဲလိုကြီးလည်း မပြောပါနဲ့ ဆရာရယ်။ သမီးအတွက် လူကောင်းတစ်ယောက်လောက် မိတ်ဆက်ပေးပါဦးလား”

သူတို့ စကားပြောနေတုန်းမှာပဲ စာရေးဆရာလည်း မီးဖိုချောင်ထဲကို ဖြည်းဖြည်းချင်း ဝင်လာခဲ့တယ်။ သူက မွန်ဂျောင်ကို ခေါင်းတစ်ချက်ပဲ ဆိတ်ငြိတ်ပြပြီး စားပွဲမှာ ဝင်ထိုင်တယ်။ ဆူယွန်းက အဲဒီလူအတွက်တော့ ထမင်းပန်းကန် ပြင်မပေးထားဘူး၊ ဒါက သူ့ရဲ့ ဆိုးဝါးတဲ့အပြုအမူတွေအတွက် သူမရဲ့ သေးငယ်တဲ့ လက်စားချေမှုပေါ့။ အဲဒီလူ အံ့ဩသွားမယ့် မျက်နှာကြီးကို တွေးကြည့်ရုံနဲ့တင် သူမ စိတ်ထဲမှာ ကျေနပ်နေပြီလေ။

စာရေးဆရာက စားပွဲပေါ်ကို ကြည့်ပြီး မျက်တောင်ခတ်နေတာ မြင်တော့ ဆူယွန်း ပြုံးလိုက်မိတယ်။ မနက်စာ စားချင်ရင်တော့ သူက စပြီး စကားပြောရမှာပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူက ရေခဲသေတ္တာဆီ လျှောက်သွားပြီး နို့နဲ့ စီရီရယ်ကို အေးအေးဆေးဆေး ထုတ်လိုက်တာပဲ။

“ဘာလို့ ထမင်းပူပူလေး မစားတာလဲ” မွန်ဂျောင်က လှမ်းမေးတယ်။

“ဟိုအမျိုးသမီးက ကျွန်တော့်ကို ကျွေးချင်တဲ့ပုံ မရှိလို့ပါ။ မလိုလားတဲ့သူ ချက်ကျွေးတဲ့ ထမင်းကို စားရင် ရင်ပြည့်တတ်တယ်လို့ ပြောကြတယ် မဟုတ်လား၊ အဲဒါကြောင့် ဒါပဲ စားလိုက်ပါ့မယ်”

မွန်ဂျောင်က ဆူယွန်းကို ကြည့်ပြီး တိုးတိုးလေး ရယ်တယ်၊ ဆူယွန်းကတော့ သွားကြိတ်ပြီး ပြန်ပြောလိုက်တာပေါ့။

“ဘာတွေ ပြောနေတာလဲ။ ကျွန်မက အခုပဲ ပန်းကန်ထဲ ထည့်ပေးမလို့ လုပ်နေတာကို”

“ရပါတယ်၊ ကျွန်တော် ရေညှိဟင်းရည် မကြိုက်ဘူး”

“ဆန်းလိုက်တာ။ လွန်ခဲ့တဲ့ရက်က ဆရာဂွန်ဆူ လုပ်ပေးတုန်းကတော့ မြိန်မြိန်ယှက်ယှက် စားနေတာကို မြင်လိုက်ရသလိုပဲ”

“စကားလုံး ပြန်ပြင်ပြောပါ့မယ်။ ကျွန်တော်က အရသာမရှိတဲ့ ရေညှိဟင်းရည်ကို မကြိုက်တာပါ”

စာရေးဆရာက အဲဒီစကားပဲ ပြောပြီး ဘာမှထပ်မပြောဘဲ စီရီရယ်ကို ငြိမ်ငြိမ်လေး စားနေတော့တယ်။ မွန်ဂျောင်က ပြုံးပြီး သူ့ထမင်းသူ ဆက်စားတယ်၊ သူကတော့ ဒီအခြေအနေကို တော်တော်လေး သဘောကျနေတဲ့ပုံပဲ။

“အဲဒီလူက ဘာလို့ ကျွန်မကို ဒီလောက်တောင် မုန်းနေရတာလဲ မသိဘူး။ ဆရာ သိလားဟင်”

“ဘယ်သူသိမှာလဲ သမီးရယ်။ ယောက်ျားနဲ့ မိန်းမကြားက အကြောင်းအရာတွေကိုတော့ ဘုရားသခင်တောင် မသိနိုင်ဘူးလို့ ပြောကြတာပဲ။ ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါလည်း စဉ်းစားလို့တောင် မရပါဘူး”

“ဟူး... ဆရာရယ်... သူ့နာမည်လေးဖြစ်ဖြစ် ပြောပြပါဦးလား။ သူကလည်း ပြန်မဖြေတော့ မေးနေရတာ မေးတဲ့သူက အရူးကျနေတာပဲ။ ပြီးတော့ စာအုပ်ပေါ်က နာမည်ကလည်း ကလောင်နာမည်ပဲ ဆိုလား”

“သူက အရှက်သည်းလို့ပါ သမီးရဲ့။ အချိန်လေး နည်းနည်း ပေးလိုက်ပါဦး”

မွန်ဂျောင်လည်း ထမင်းစားပြီးသွားတော့ နေရာကနေ ထလိုက်တယ်။ ဆူယွန်းကတော့ သက်ပြင်းချရင်း စားပွဲကို ပြန်သိမ်းရတာပေါ့၊ သူမလည်း ဒီဘဝကြီးကို တော်တော်လေး အသားကျနေပါပြီ။ အစကတော့ တစ်ရက်တည်းနဲ့ အိမ်ပြန်ရမယ် ထင်ခဲ့တာ၊ အခုဆို ဒီမှာ ငါးရက်မြောက်နေ့ကို ဦးတည်နေပြီလေ။

‘ဒါပေမဲ့ အနည်းဆုံးတော့ အများကြီး ရလိုက်တာပဲ’

စာရေးဆရာနဲ့ ဖြစ်နေတဲ့ တင်းမာမှုက သိပ်ပြီး အရေးကြီးတဲ့အရာ မဟုတ်ပါဘူး၊ သူမရဲ့ တကယ့်ရည်ရွယ်ချက်က မွန်ဂျောင်ကို အနီးကပ် စောင့်ကြည့်လေ့လာဖို့ပဲလေ။ မွန်ဂျောင်က များသောအားဖြင့် မနက်စာစားပြီးရင် စာရေးဆရာနဲ့အတူ လမ်းလျှောက်ထွက်လေ့ရှိတယ်။ ဒီနေ့လည်း ထုံးစံအတိုင်းပါပဲ။ မွန်ဂျောင်က စာရေးဆရာနဲ့အတူ ဗီလာအပြင်ဘက်ကို ထွက်လာခဲ့တယ်။

“ကျွန်မလည်း လိုက်မယ်လေ”

ဆူယွန်းက လက်ထဲမှာ စာအုပ်ကို ကိုင်ပြီး အပြင်ကို လိုက်လာခဲ့တယ်၊ သူတို့ သုံးယောက်သား အဆောက်အဦးနောက်ဘက်က ဥယျာဉ်လမ်းလေးအတိုင်း လျှောက်လာခဲ့ကြတာပေါ့။ မိနစ်အနည်းငယ်လောက် တိတ်ဆိတ်စွာ လျှောက်ပြီးတဲ့နောက် မွန်ဂျောင်က ဆွေးမြည့်နေတဲ့ သစ်ပင်တစ်ပင်ရှေ့မှာ ရပ်လိုက်တယ်။

“ဒုတိယသားက ဘေ့စ်ဘောတုတ်နဲ့ အသတ်ခံရတဲ့ ဇာတ်ဝင်ခန်းတစ်ခု ရှိတယ် မဟုတ်လား”

“ဟုတ်ကဲ့” စာရေးဆရာက ပြန်ဖြေတယ်။

“အဲဒီအချိန်တုန်းက သူ ဘယ်လို ခံစားရမယ်လို့ မင်း ထင်လဲ”

“မူလကတည်းက သူ့အပိုင်ဖြစ်ခဲ့တဲ့ အရာတွေကို သူ ပြန်ယူလိုက်တဲ့ သဘောပေါ့”

“မူလကတည်းက သူ့အပိုင် ဟုတ်လား”

“ဟုတ်ကဲ့။ အဲဒီရူးသွပ်နေတဲ့ အဖိုးကြီးရဲ့ စရိုက်ကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ စာသားက ‘ငါ့ဘဝကို အစာအဖြစ် သုံးပြီး တောခွေးတွေကို လေ့ကျင့်ပေးတာ ဘာမှာ မှားလို့လဲ’ ဆိုတာပဲလေ။ အဖိုးကြီးက သူ့သားတွေကို မူလကတည်းက သူပေးခဲ့တာတွေကို အခု ပြန်သိမ်းရုံသက်သက်ပဲလို့ ခံစားခဲ့ရတာပါ”

“ပြန်သိမ်းတယ်၊ အင်း...”

စပြီပေါ့၊ ဆူယွန်းက သူတို့နောက်ကနေ ငြိမ်ငြိမ်လေး လိုက်လာခဲ့တယ်။ သူတို့ ဒီနေရာကို ရောက်နေရတဲ့ အကြောင်းရင်းက ရုပ်ရှင်အတွက် နေရာကောင်း ရှာဖို့တင် မဟုတ်ဘူး၊ မွန်ဂျောင်ရဲ့ ဇာတ်ကောင်စရိုက်ကို ပုံဖော်ဖို့လည်း ပါတာကိုး။ ဒီနည်းလမ်းကို စာရေးဆရာက တောင်းဆိုခဲ့တာလို့ ကြားတယ်။ သရုပ်ဆောင်နဲ့ သေသေချာချာ အသေးစိတ် ဆွေးနွေးခွင့် မရရင် သူ့စာအုပ်ကို ရုပ်ရှင်အဖြစ် ပြောင်းလဲခွင့်မပြုနိုင်ဘူးလို့ သူက ပြောခဲ့လို့၊ ဂျွန်မင်းက ဒီနေရာကို ပြင်ဆင်ပေးခဲ့တာလေ။

တချို့နေရာတွေမှာ ကြည့်ရင် အဲဒီစာရေးဆရာက တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ပဲ။ ဒါက သူ့ရဲ့ ပထမဆုံး လက်ရာပဲ ရှိသေးတာကို အဲဒီလိုမျိုး တောင်းဆိုရဲတဲ့ သတ္တိ ဘယ်ကနေ ရလာပါလိမ့်။

‘ဒါပေမဲ့လည်း သူက လေကြီးနေတာတော့ မဟုတ်ဘူးပေါ့’

သူသာ အတွေ့အကြုံမရှိတဲ့ အပျော်တမ်းစာရေးဆရာဆိုရင်တော့ ချက်ချင်း အပယ်ခံရမှာ သေချာတယ်၊ ဒါပေမဲ့ သူ့စာအုပ်က တကယ့်ကို အစစ်အမှန်ကြီးလေ။ ပထမဆုံး လက်ရာဖြစ်ရက်သားနဲ့ကို စာဖတ်သူကို ဆွဲခေါ်သွားနိုင်စွမ်းက တကယ့်ကို အံ့မခန်းပဲ။ ဆူယွန်း အဲဒီစာအုပ်ကို ရတဲ့ညက ဆိုရင် မနက် ၄ နာရီအထိ မအိပ်ဘဲ ထိုင်ဖတ်ခဲ့ရတာ။ ဖတ်ပြီးသွားတော့လည်း ကြက်သီးထစရာကောင်းလွန်းလို့ ချက်ချင်း အိပ်လို့တောင် မရခဲ့ဘူး။

အဖိုးကြီးရဲ့ ရူးသွပ်မှုတွေ၊ လူသားတွေရဲ့ ရွံရှာဖွယ်ကောင်းတဲ့ အမှောင်ခြမ်းတွေ၊ ပြီးတော့ အဲဒီကြားထဲမှာ ရှိနေသေးတဲ့ လူသားချင်း စာနာထောက်ထားမှုတွေ... အဲဒီစာအုပ်ထဲမှာ အရာအားလုံး ရှိနေတာ။ သူမသာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဆိုရင်လည်း ဒီစာအုပ်ကို ရုပ်ရှင်ရိုက်ဖို့အတွက် ပိုက်ဆံတွေ အကုန်ထုတ်ပေးမိမှာ သေချာတယ်၊ အဲဒီလောက်အထိ ကောင်းလွန်းလို့လေ။

“သူက တကယ့်ကို သနားဖို့ကောင်းတဲ့ လူသားတစ်ယောက်ပါပဲ”

“ပြဿနာက ကမ္ဘာပေါ်မှာ သူ့လိုလူမျိုးတွေ အများကြီး ရှိနေတာပဲလေ”

“သူ့ကို စွန့်ပစ်ခဲ့တဲ့ သားဖြစ်သူကို ပြန်သတ်တယ်... ဒါကို တွေးမိတိုင်း တကယ့် တရားမျှတမှုဆိုတာ ဘာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိတယ်”

“အဲဒါကြောင့်ပဲ ကျွန်တော်တို့ ဒါကို ဆက်ပြီး ဆွေးနွေးနေဖို့ လိုတာပေါ့။ ဆရာနဲ့ စကားပြောရင်းနဲ့တောင် ကျွန်တော့်ရဲ့ အမြင်အချို့ ပြောင်းလဲလာခဲ့ပြီ။ ဒါရိုက်တာနဲ့ ထပ်ပြီး တိုင်ပင်ရဦးမှာဖြစ်ပေမဲ့ ရုပ်ရှင်ထဲက အချို့သော အမှောင်ခြမ်း ခံစားချက်တွေကိုတော့ နည်းနည်း လျှော့ချပစ်ချင်တယ်”

“ဒါဆို မင်းက လူသတ်မှုကို သာမန်ဖြစ်ရပ်တစ်ခုလိုမျိုး ပုံဖော်ချင်တာပေါ့”

“အဲလို သဘောပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ ရောက်သွားမှာပါ”

“အေးပါ၊ အေးပါ။ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းမှာတော့ ငါက သိပ်ပြီး ဝင်ပြောပိုင်ခွင့် မရှိပါဘူး၊ မင်း သဘောရှိသာ လုပ်ပါ”

သူတို့ နှစ်ယောက် ပြန်ပြီး လမ်းလျှောက်လာကြတယ်၊ ဆူယွန်းလည်း ရှေ့ကို လှမ်းလိုက်ရင်း အတွေးတွေကို သေသေချာချာ ပြန်စုစည်းနေမိတယ်။ သူမရှေ့က လူနှစ်ယောက်ဟာ ရုပ်ရှင်တစ်ခုလုံးရဲ့ အခြေခံအဆောက်အအုံကို တည်ဆောက်နေကြတာလေ။ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ထုတ်လုပ်သူတွေကအစ မွန်ဂျောင်ရဲ့ အမြင်ကို အလေးထားကြရတာဆိုတော့ သူတို့ရဲ့ စကားဝိုင်းက တကယ့်ကို အရေးကြီးတာပေါ့။

အထူးသဖြင့် အဲဒီစာရေးဆရာကို ကြည့်လေလေ ဆူယွန်းအတွက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းလေပဲ။ သူက ဒီမှာ ဆွေးနွေးခဲ့တာတွေကို သုံးပြီး နောက်ပိုင်း ဇာတ်ညွှန်းရေးဆရာနဲ့ ထပ်ပြီး ညှိနှိုင်းမယ်လို့ ပြောထားတာကိုး။ ပြီးတော့ ဒီကရတဲ့ စိတ်ကူးတွေနဲ့ သူ့ရဲ့ နောက်ထပ်လက်ရာအတွက်ပါ ပြင်ဆင်နေတဲ့ပုံပဲ၊ အဲဒါကြောင့် ဆူယွန်းက သူ့ရဲ့ နောက်ထပ်လက်ရာတွေအပေါ် အများကြီး မျှော်လင့်ထားမိတယ်။

ဂျွန်မင်းကလည်း အဲဒီလူကို အကြီးအကျယ် ဖြစ်မြောက်အောင် လုပ်ပေးချင်နေတဲ့ပုံပဲ၊ မဟုတ်ရင်တော့ စာရေးဆရာ ဖြစ်ချင်တိုင်းဖြစ်အောင် ခွင့်ပြုထားမှာ မဟုတ်ဘူးလေ။ ဒါဟာ အဲဒီစာရေးဆရာရဲ့ နောက်ထပ်ဝတ္ထုတွေကလည်း ဒရမ်မာ ဒါမှမဟုတ် ရုပ်ရှင်အဖြစ် ပြောင်းလဲဖို့ အခွင့်အလမ်း အများကြီး ရှိတယ်ဆိုတဲ့ သဘောပဲ။

သူမသာ သူ့ကို စိတ်ကူးကောင်းလေးတွေ ပေးနိုင်မယ်ဆိုရင် သူက သူမကို အခြေခံပြီး ဇာတ်ကောင်တစ်ခုခု တောင် ဖန်တီးပေးနိုင်တယ်လေ။ အဲဒါဆိုရင်တော့ သူမက တခြားသူတွေထက် အလိုလို ခြေတစ်လှမ်း သာသွားမှာပေါ့။

လေညင်းက တဖြည်းဖြည်း ပိုပြီး အေးလာခဲ့တယ်။ လူကြီးနှစ်ယောက်က တောင်ပေါ်လမ်းထဲကို ပိုပြီး နက်နက်ဝင်လာခဲ့ကြတယ်၊ မွန်ဂျောင်က ထင်ရှူးပင်တစ်ပင်နားကနေ ဖြတ်သွားရင်း ကောင်းကင်ကြီးကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ်။

“လူတစ်ယောက်ကို သတ်တာက တကယ်ပဲ အဲဒီလောက်အထိ ဆိုးရွားတဲ့ အလုပ်လား”

ဆူယွန်း တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းခနဲ ထသွားရတယ်၊ အဲဒီလူရဲ့ တည်ငြိမ်မှုက တကယ့်ကို ကြောက်စရာပဲ။ ဆူယွန်း ဒီကို ရောက်ကတည်းက မွန်ဂျောင်က သူ့ရဲ့ ဇာတ်ကောင်စရိုက်ကို ဘယ်လိုမျိုး ဖမ်းဆုပ်ဖို့ ကြိုးစားနေလဲဆိုတာကို အမြဲ စောင့်ကြည့်နေခဲ့တာ။

သူ့ရဲ့ နည်းလမ်းက ရိုးရိုးလေးပဲ၊ ဇာတ်ကောင်စရိုက်ထဲ လုံးလုံး စီးမျောတာပေါ့။ ပြဿနာက အချိန်ကြာလာတာနဲ့အမျှ မွန်ဂျောင်က ဝတ္ထုထဲက အဖိုးကြီးနဲ့ ပိုပိုပြီး တူလာတာပဲ။ ကြောက်စရာကောင်းတဲ့ စကားလုံးတွေကို ဒီလောက်အထိ တည်တည်ငြိမ်ငြိမ် ပြောနိုင်တာ မြင်တိုင်း သူမ မနာလိုဖြစ်ရုံတင်မကဘဲ သူ့ရဲ့ စွမ်းရည်ကို တကယ်ပဲ အံ့ဩမိတယ်။ သူ့ရဲ့ အလေ့အကျင့် နည်းလမ်းတွေကိုတောင် ခိုးယူချင်စိတ် ပေါက်လာရတဲ့အထိပဲ။

ဒါပေမဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံကနေပဲ ရနိုင်တဲ့အရာကို ခိုးယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူမ လုပ်နိုင်တဲ့ အကောင်းဆုံးအရာက ဘေးကနေ သင်ယူဖို့ပဲ၊ မွန်ဂျောင် အာရုံစိုက်ဖို့ ဘာတွေလုပ်လဲဆိုတာကိုပဲ စောင့်ကြည့်နေရုံပေါ့။

“မဟုတ်တာ... လူတစ်ယောက်ကို သတ်တာကတော့ မှားတာပေါ့”

“ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်၊ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ဝေခွဲမရတဲ့ အခြေအနေတွေ ရှိတတ်ကြတယ်လေ။ အကယ်၍ သားကောင်ရဲ့ မိသားစုက အဲဒီလူသတ်သမားကို ပြန်သတ်ခဲ့မယ်ဆိုရင်... အဲဒါက တကယ်ပဲ မှားတဲ့အလုပ်လား”

“ဒါကတော့ ကိုယ်ကျင့်တရားနဲ့ တရားမျှတမှုဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်လိမ့်မယ် ထင်တယ်”

“ကျွန်တော် တစ်ခါတလေ စဉ်းစားမိတယ်၊ ဥပဒေဆိုတာက လူသားမဆန်လွန်းဘူးလို့။ ဥပဒေမှာ မေတ္တာတရား မရှိဘူးလေ။ ကိုယ်ပိုင်ကလဲ့စားချေမှုကို ပိတ်ပင်ထားတဲ့ ဒီခေတ်ကြီးထဲမှာ နေထိုင်နေရလို့ပဲ ရုပ်ရှင်တွေထဲက အကြမ်းဖက်မှုတွေကို လူတွေက စိတ်ကူးယဉ် အလှဆင်နေကြတာပေါ့”

“အဲဒီအဖိုးကြီးရဲ့ လုပ်ရပ်က တကယ်ပဲ မှန်ခဲ့တာလား”

“အဲဒါကို ဆရာကပဲ ပုံဖော်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားတာပါ။ လောလောဆယ်တော့ ကျွန်တော့်မှာ ဘာခံစားချက်မှ ထွက်မလာသေးဘူး”

သူတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိရှိ ခေါင်းညိတ်ပြရင်း ရှေ့ကို ဆက်လျှောက်သွားကြတယ်။ ဆူယွန်းကတော့ သူတို့ကို ကြည့်ပြီး အတွေးတစ်ခုပဲ ပေါ်လာတော့တယ်၊ တကယ့် အရူးတစ်စုပဲ။

‘ဒါပေမဲ့ အဲဒါကြောင့်ပဲ သူတို့က ဆွဲဆောင်မှု ရှိနေတာပေါ့’

ကမ္ဘာကြီးက သာမန်လူတွေကို မလိုချင်ဘူး၊ အရူးတွေကိုပဲ လိုချင်တာ။ ဆူယွန်း ဒီနေ့လည်း သူတို့ပြသနေတဲ့ ရူးသွပ်မှုအချို့ကို တုပနိုင်ဖို့ မျှော်လင့်ရင်း သူတို့နောက်ကနေ ငြိမ်ငြိမ်လေးပဲ လိုက်လာခဲ့တော့တယ်။

* * * * * * * * *

“ဒါတွေအားလုံး မင်းကြောင့် ဖြစ်ရတာ”

ဂွန်ဆော့က ဘာမှမဟုတ်ဘဲ ရုတ်တရက်ကြီး လာပြောတော့ မာရူး ဘာပြန်ပြောရမှန်းကို မသိဘဲ မိနစ်အနည်းငယ်လောက် စဉ်းစားနေမိတယ်။

“မင်း အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ။ ချီးပဲကွာ”

ဂွန်ဆော့က အဲဒီစကားပဲ ပြောပြီး သူ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားတယ်၊ မာရူးလည်း နောက်ရက်ကျမှ တေးဆစ်ဆီကနေတစ်ဆင့် ဂွန်ဆော့တစ်ယောက် ကလပ်ကနေ ထွက်သွားပြီဆိုတာကို သိလိုက်ရတာ။

“သူ ကလပ်ပြောင်းသွားတာလား”

“စာပေလေ့လာရေးကလပ်ကို ပြောင်းသွားတာလေ၊ ဟုတ်တယ်”

“ဘာလို့ ရုတ်တရက်ကြီး...”

“သူက သရုပ်ဆောင်ရတာ ပျင်းလာပြီလို့ ပြောတာပဲ”

“ပျင်းလာပြီ ဟုတ်လား”

မာရူး ဘယ်လိုမှ နားမလည်နိုင်တာမို့ နေ့လယ်စာစားချိန်မှာ ဂွန်ဆော့ဆီကို သွားခဲ့တယ်။ သူ ကောင်လေးကို စကားပြောဖို့ ကြိုးစားခဲ့ပေမဲ့ လုံးဝဥဿုံ ငြိမ်သက်ခြင်းနဲ့ပဲ တုံ့ပြန်ခံခဲ့ရတာပေါ့၊ နံရံတစ်ခုကို စကားသွားပြောရတာကမှ ပိုပြီး နေလို့ကောင်းဦးမယ်။

“မင်းတို့ ငါမပါဘဲ ဘယ်လောက်အထိ အောင်မြင်အောင် လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့”

နောက်ဆုံးတော့ ဂွန်ဆော့က အဲဒီစကားတစ်ခွန်းပဲ ပြောခဲ့တယ်။ မာရူးလည်း အဲဒီလို မဲ့ပြုံးကြီးကို ပြန်ပြီး တုံ့ပြန်နေဖို့ အကြောင်းမရှိတာမို့ ဒီအတိုင်းပဲ လှည့်ထွက်လာခဲ့လိုက်တယ်။

“ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ”

“မင်းရယ်၊ ငါရယ်၊ ဘန်ဂျူးရယ်၊ ဂျီယွန်းရယ်ပေါ့။ ပြီးတော့ တတိယနှစ် စီနီယာ လေးယောက် ရှိမယ်”

“ငါတို့ လူနှစ်ယောက် ထပ်လိုသေးတယ်”

ဒေးမြောင်ရဲ့ မျက်နှာက စိတ်ပျက်လက်ပျက် ဖြစ်နေရှာတယ်။ သူတို့ အတန်းနောက်ဘက်က ပြက္ခဒိန်ကို လှမ်းကြည့်လိုက်ကြတော့ ဒီနေ့က စနေနေ့ ဖြစ်နေတယ်။ ကျောင်းသားတွေ ကလပ်ရွေးချယ်ရမယ့် နောက်ဆုံးရက်ပေါ့။ အကယ်၍ ဒီနေ့အထိ စာရင်းမသွင်းနိုင်ရင် သူတို့ရဲ့ ကလပ်ခန်းကို ဆုံးရှုံးရတော့မှာ။

“ရုပ်ရှင်ဗီဒီယိုကလပ်က သူတို့အတွက် ကိုယ်ပိုင်အခန်း လိုချင်လို့ တောင်းဆိုထားတယ်လို့ ကျောင်းသားကောင်စီ ဒုဥက္ကဋ္ဌက ငါ့ကို ပြောပြတယ်”

သူငယ်ချင်းတစ်ယောက်ကြောင့် ကျောင်းထဲက သတင်းအချို့ကို သူတို့ သိလိုက်ရတာ။ ဒီအတိုင်းသာဆိုရင် ရုပ်ရှင်ဗီဒီယိုကလပ်က သူတို့ရဲ့ ကလပ်ခန်းကို လာသိမ်းတော့မှာပေါ့။

“ဒါဆိုရင်တော့ ကြုံတဲ့သူ နှစ်ယောက်လောက်ကို အတင်းဆွဲခေါ်ရတော့မှာပဲ”

“အေးလေ... တခြားနည်းလမ်း မရှိတော့ဘူး”

“အဓိကက ကလပ်ခန်းကို အရင်ဆုံး ထိန်းထားနိုင်ဖို့ပဲလေ။ နောက်အပတ်ကျမှပဲ ပြန်ပြီး ပြင်ဆင်ကြတာပေါ့”

နောက်အပတ်ကျမှ ပထမနှစ် ကျောင်းသားတွေကို စည်းရုံးဖို့ကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူး။ မာရူးက နေရာကနေ ထလိုက်ပြီး အတန်းရှေ့က ကျောက်သင်ပုန်းဆီ လျှောက်သွားတယ်၊ ပြီးတော့ ကျောက်သင်ပုန်းကို ဒုန်းခနဲ ရိုက်ပြီး လူတိုင်းရဲ့ အာရုံကို ဖမ်းစားလိုက်တာပေါ့။

“ဟေ့... အချိန်ပိုင်းအလုပ် လုပ်ချင်တဲ့သူ ရှိလား”

ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်တော့ ကလပ်အဖွဲ့ဝင် ရဖို့က ပထမဆုံး အရေးကြီးဆုံးအလုပ်ပဲလေ။

* * * * * * * * *

All Chapters