အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
အခန်း(၁၈၁)
“လောလောဆယ်တော့ မှတ်ပုံတင်ဖောင်တွေ ရလာပြီ ဆရာ"
မာရူးက ဖောင်တွေကို တေးဆစ်ဆီ ကမ်းပေးလိုက်တယ်။ အဲဒီထဲမှာ နာမည်ခံသက်သက်ပဲ ရှိနေတဲ့ တတိယနှစ် ကျောင်းသား လေးယောက်၊ ပထမနှစ် ကျောင်းသားသစ် နှစ်ယောက်နဲ့ ဒုတိယနှစ် ကျောင်းသား လေးယောက် ပါဝင်နေတာပါ။
“အို... ဒါ ငါတို့အတန်းထဲက ကလေးသစ်တွေပဲပဲ"
“ဟုတ်ကဲ့၊ အခုလောလောဆယ်တော့ လူဦးရေပြည့်အောင် ထည့်ထားချင်လို့ပါ"
ကျောင်းသား ဆယ်ယောက်မပြည့်တဲ့ ကလပ်အသင်းတွေကျတော့ ကလပ်ခန်း သီးသန့်ရလေ့မရှိတာကြောင့် မာရူးက နာမည်ခံအဖွဲ့ဝင်တွေကို သုံးပြီး လူဦးရေစာရင်း ပြည့်အောင် လုပ်လိုက်တာဖြစ်တယ်။
“မင်း နောက်အပတ်ကျမှ တခြားအဖွဲ့ဝင်အစစ်တွေကို ထပ်ရှာဖို့ စဉ်းစားထားတာ နေမှာပေါ့"
တေးဆစ်က စိတ်ညစ်ညူးပုံနဲ့ ခုံကို နောက်မှီလိုက်တယ်။
“တစ်ခုခု အဆင်မပြေတာ ရှိလို့လား ဆရာ"
“စည်းကမ်းတွေ ပြောင်းသွားပြီလေ၊ ကံမကောင်းချင်တော့။ ပြီးခဲ့တဲ့ရက်က ကျောင်းသားတစ်ယောက်ဆီက တောင်းဆိုချက် ရောက်လာပြီးတဲ့နောက် ကျောင်းက ဒီကိစ္စနဲ့ပတ်သက်လို့ အစည်းအဝေးတစ်ခု လုပ်ခဲ့ကြတယ်"
တေးဆစ်က နေရာကနေ ထပြီး ဆရာကြီးများနားနေခန်းထဲကနေ ထွက်သွားတာကြောင့် မာရူးလည်း သူ့နောက်ကနေ လိုက်ခဲ့ပါတယ်။ တေးဆစ်က ကျောင်းမုန့်ဆိုင်ဘေးက အလိုအလျောက်စက်ထဲကနေ ကော်ဖီနှစ်ခွက် နှိပ်ယူလိုက်ပြီး ထောင့်တစ်နေရာဆီ လျှောက်သွားတယ်။
“ကျောင်းစဖွင့်ကတည်းက တချို့ကလပ်တွေ ဘာလို့ ကလပ်ခန်း ရထားသလဲဆိုတာကို ဆရာတွေအားလုံး ဆွေးနွေးခဲ့ကြတယ်။ ကျောင်းအုပ်ကြီးက ဘာကြောင့်လဲမသိဘူး၊ ဒီအကြောင်းအရာကို ဆွေးနွေးဖို့ တော်တော်လေး စိတ်အားထက်သန်နေပုံပဲ။ ပုံမှန်ဆို သူက ဒီလိုကိစ္စမျိုးတွေကို ကျောင်းသားကောင်စီဆီပဲ လွှဲပေးထားတတ်တာ"
“... ဒါဆို ဖြစ်နိုင်တာက ...”
“ကျောင်းသားကောင်စီက တခြားကလပ်တွေကိုလည်း ကလပ်ခန်းရဖို့ အခွင့်အရေးပေးသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဆရာတွေကလည်း သဘောတူခဲ့ကြတယ်။ ဒါကြောင့် ငါးနှစ်ထက်မနည်း ကလပ်ခန်း ရထားတဲ့ အသင်းတွေအားလုံးကို စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။ အာ... ဆော်ရီးပဲ၊ သူတို့က စစ်ဆေးတာတွေ အကုန်ပြီးသွားလို့ ဆုံးဖြတ်ချက်တောင် ချလိုက်ပြီ"
“ဒါဆို ပြဇာတ်ကလပ်က ဘာဖြစ်သွားမလဲ ဆရာ"
“ငါတို့ ကလပ်ခန်း ဖယ်ပေးရတော့မယ်။ စာဖတ်ကလပ်၊ ဂီတကလပ်နဲ့ အားကစားကလပ်တွေကတော့ နိုင်ငံအဆင့် ပြိုင်ပွဲအသီးသီးမှာ ရလဒ်ကောင်းတွေ ပြနိုင်ခဲ့လို့ ကလပ်ခန်း ဆက်ထားခွင့်ရပေမဲ့ ငါတို့ကတော့ မရဘူး"
“ဒါဆို ဆောင်းရာသီပြိုင်ပွဲတုန်းက ရလဒ်က လူကြီးတွေ သဘောကျလောက်တဲ့အထိ ဆွဲဆောင်မှုမရှိခဲ့ဘူးပေါ့"
တေးဆစ်က ခေါင်းညိတ်ပြတယ်။
“တခြားကျောင်းသားတွေကိုလည်း ကလပ်ခန်းရဖို့ အခွင့်အရေးပေးချင်ပါတယ်ဆိုတဲ့ ကျောင်းရဲ့သဘောထားကို ငါ ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ အထူးသဖြင့် သူတို့ပြောတာက မှန်နေတာကိုး"
တေးဆစ်က အေးစက်နေတဲ့ ကော်ဖီကို မော့သောက်လိုက်သလို မာရူးလည်း သူ့ကော်ဖီခွက်ကို တစ်ငုံတည်းနဲ့ အပြတ်မော့ချလိုက်တယ်။
“ကျွန်တော်တို့မှာ အချိန် ဘယ်လောက်ရသေးလဲ ဆရာ"
“မတ်လရဲ့ တတိယပတ်အထိပဲ"
“ပစ္စည်းတွေအကုန်လုံး ရွှေ့ဖို့ဆိုရင် အချိန် တော်တော်ပေးရလိမ့်မယ်"
“ပိုဆိုးတာက ဒါတွေအကုန်လုံးကို ဘယ်မှာ သွားသိမ်းရမလဲဆိုတာပဲ"
“ဆရာ့မှာ တစ်နေရာရာမှာ သိမ်းထားစရာ ဂိုဒေါင်လိုမျိုး မရှိဘူးလား"
“မရှိပါဘူးကွာ၊ ဘာဖြစ်လို့ ရှိရမှာလဲ"
“မျှော်လင့်ချက်လေးနဲ့ အလကား မေးကြည့်တာပါ"
မြေပိုင်ရှင်က အိမ်ငှားခ တိုးတောင်းတုန်းက အခြေအနေကို မာရူး ပြန်သတိရသွားမိတယ်။ အဲဒါက မြေပိုင်ရှင်အတွက်တော့ သဘာဝကျတဲ့ ဆုံးဖြတ်ချက် ဖြစ်မှာပေမဲ့ မာရူးအတွက်တော့ အဲဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားသလို ခံစားခဲ့ရတာကို ပြန်မှတ်မိနေတုန်းပဲ။ အဲဒီအိမ်က ဘယ်တုန်းကမှ သူ့အပိုင် မဟုတ်ခဲ့တာတောင်မှ ကိုယ့်အိမ်က ကိုယ့်ကို ပြန်သစ္စာဖောက်လိုက်သလိုမျိုး ခံစားခဲ့ရတာ။ အခု ကျောင်းကိစ္စလည်း ထပ်တူပါပဲ၊ ကလပ်ခန်းက တကယ်တော့ သူတို့အပိုင် မဟုတ်ဘူး။ အဲဒါ ကျောင်းပိုင်ပစ္စည်းဖြစ်ပြီး ကျောင်းရဲ့ ဆုံးဖြတ်ချက်ကို သူတို့ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။
“ပထမဆုံး နေရာအသစ်တစ်ခု အရင်ရှာရမယ်"
“ငါလည်း တတ်နိုင်သမျှ ကူညီပေးပါ့မယ်"
“ကျောင်းက မသုံးဘဲ ပစ်ထားတဲ့ ဂိုဒေါင်နေရာမျိုး ဆရာ သိတာရှိလား"
“မသိဘူး၊ လိုက်ကြည့်ပေးပါ့မယ်"
“ကျေးဇူးပါ ဆရာ"
တေးဆစ်နဲ့ စကားပြောပြီးနောက် မာရူး အတန်းထဲ ပြန်ရောက်တော့ ဒေးမြောင်က ဝမ်းသာအားရ ပြုံးပြီး လာကြိုတယ်။
“ဘယ်လိုလဲ၊ အဆင်ပြေခဲ့လား။ ရခဲ့လား"
“ဟင့်အင်း၊ ဖယ်ပေးရတော့မယ်"
“ဘာ... တကယ်ကြီးလား"
“စည်းကမ်းတွေ ပြောင်းသွားလို့လေ။ ဘာမှတတ်နိုင်မှာမဟုတ်ဘူး၊ ဖယ်ပေးရမှာပဲ"
အတန်းဖော်တွေဆီကနေ စုထားတဲ့ မှတ်ပုံတင်ဖောင်တွေကို မာရူး ပြန်ပေးလိုက်တယ်။
“ဘာကြီးလဲ၊ ဒါဆို မင်းတို့တွေ ဘာဆက်လုပ်ကြမလဲ” လို့ ဒိုဂျင်က စိုးရိမ်တကြီး မေးလာတယ်။
“ဒုက္ခရောက်ပြီပေါ့၊ ကြည့်ရုံနဲ့ သိသာနေတာပဲကို"
“... ငါ ထွက်သွားခဲ့လို့ အခုလို ဖြစ်ရတာလား"
“မင်း တစ်ယောက်တည်းနဲ့တော့ ဒီလို ဆုံးဖြတ်ချက်မျိုးကို မလွှမ်းမိုးနိုင်ပါဘူး၊ ဒါကြောင့် စိတ်မပူပါနဲ့။ တခြားသူတွေကိုလည်း ရှင်းပြပေးလိုက်ပါဦး။ ကျောင်းက ခိုင်းလို့ ငါတို့ ဖယ်ပေးရတာပါ၊ မင်းတို့ ထွက်သွားလို့ မဟုတ်ပါဘူး"
အရင်အဖွဲ့ဝင်ဟောင်းတွေကို ဒီကိစ္စအပေါ် အပြစ်မကင်းသလိုမျိုး မခံစားစေချင်ဘူး၊ သူတို့က ကိုယ့်လမ်းကိုယ် လျှောက်ဖို့ ထွက်သွားကြတာပဲလေ။ မာရူးအနေနဲ့ သူတို့အပေါ် မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ မတင်ပေးချင်ပါဘူး။
“ဒါဆို ဘာလို့ ဒီကိစ္စက ဘာမဟုတ်တာကနေ ရုတ်တရက်ကြီး ဖြစ်လာရတာလဲ"
“အင်း... အဲဒါကတော့ ထူးဆန်းတာပဲ"
ကျောင်းအုပ်ကြီးက ကျောင်းသားကောင်စီရဲ့ အကြံပြုချက်ကို သဘောကျသွားတာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလူကြီးက ပြဇာတ်ကလပ်ကို မူလကတည်းက မကြည်တာကိုး။ ဒါပေမဲ့ ကျောင်းသားကောင်စီက ဘာဖြစ်လို့ အစကတည်းက ဒီလိုမျိုး ကန့်ကွက်စကား ပြောလာရတာလဲ။ မာရူးက ဒုဥက္ကဋ္ဌရဲ့ သူငယ်ချင်းကို မေးကြည့်ပေမဲ့ ရေရေရာရာ အဖြေမရခဲ့ဘူး။
“ဒီအကြံဉာဏ် ထွက်လာပြီး ကျောင်းအုပ်ကြီးနားထဲ ရောက်သွားတယ်ဆိုတာလောက်ပဲ ငါ သိတာ"
ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား။
“နေ့လယ်စာစားပြီးရင် ကလပ်ခန်းဆီ သွားကြရအောင်။ ပစ္စည်းတွေအကုန်လုံး အပြင်ရွှေ့ဖို့ဆိုရင် အစီအစဉ်တစ်ခုတော့ လိုလိမ့်မယ်"
“ဒါဆို ငါတို့ တကယ်ကြီး ထွက်သွားရတော့မှာပေါ့နော်” လို့ ဒေးမြောင်က သက်ပြင်းချတယ်။
ဒါက အတည်ဖြစ်သွားပြီမို့ သူတို့ ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် အစီအစဉ်ဆွဲထားတာကမှ ပိုကောင်းလိမ့်မယ်။ စတုတ္ထအချိန်ပြီးလို့ ထမင်းစားဆောင်ကို အသွားလမ်းမှာ တေးဆစ်နဲ့ ဆုံမိကြတယ်။
“ကျောင်းထဲမှာတော့ အဆင်ပြေမယ့် နေရာတစ်ခုမှ မရှိဘူးတဲ့ဟ"
သတင်းဆိုးဆိုတာ တစ်ခုတည်း လာလေ့မရှိဘူး မဟုတ်လား။ ကျောင်းထဲမှာ သုံးလို့ရမယ့် ဂိုဒေါင်အလွတ် တစ်ခန်းလေးတောင် မရှိဘူးတဲ့လေ။
“လိုက်ရှာပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ"
“ကလပ်ခန်း ဖယ်ပေးချင်တဲ့ အသင်းများ ရှိမလားလို့ ငါ လိုက်မေးနေတုန်းပဲ၊ ဒါပေမဲ့ ဒါကလည်း မလွယ်ဘူး"
“ဘယ်သူမှ ဖယ်ပေးမှာ မဟုတ်ဘူး ဆရာ၊ လူတွေက ကိုယ်ရထားတဲ့အရာကို လက်လွတ်ရမှာ မုန်းကြတာပဲဥစ္စာ"
“မှန်တာပေါ့။ ဒါပေမဲ့ ငါ လောလောဆယ်တော့ မျှော်လင့်ချက် ထားနေတုန်းပါပဲ"
“နေ့လယ်စာစားပြီးရင် ကလပ်ခန်းကို ရှင်းကြမလို့ ဆရာ။ တံခါးနဲ့နီးတဲ့ လေးတဲ့ပစ္စည်းတွေကနေ စပြီး ရှင်းရမယ်"
“ပြီးခဲ့တဲ့ နှစ်လကတင် ပစ္စည်းတွေအကုန်လုံး ရွှေ့ထားရသေးတာကို"
“မတတ်နိုင်ဘူးလေ ဆရာ။ ထမင်း ကောင်းကောင်းစားပါဦး"
“မင်းတို့လည်း ကောင်းကောင်းစားကြဦး"
ကျောင်းပြင်ပမှာဆိုရင်တော့... မာရူး စိတ်ထဲမှာ အဆင်ပြေမယ့် နေရာမျိုး သိပ်မရှိဘူး။ မျက်မှောင်ကြီးကုတ်ပြီး လျှောက်လာနေတုန်းမှာပဲ ဖြောင်းခနဲ ဖြတ်ရိုက်သံနဲ့အတူ သူ့ကျောပြင်ကြီးက ရုတ်တရက် ပူခနဲ ဖြစ်သွားတယ်။ သူ လှည့်ကြည့်လိုက်တော့ ယွန်းဂျုံက သူ့နောက်မှာ အားနာသလိုပုံစံနဲ့ ပြုံးနေတာကို တွေ့လိုက်ရတယ်။
“အာ... အများကြီး နာသွားလား"
သူမက မာရူး မျက်မှောင်ကုတ်နေတဲ့ အကြောင်းရင်းကို အထင်လွဲသွားပုံရတယ်။
“ရပါတယ်၊ တစ်ခုခုကို စဉ်းစားရင်း မျက်မှောင်ကုတ်မိသွားတာပါ။ ဒီကို ကိစ္စရှိလို့လား"
“... ကလပ်ခန်းအကြောင်း သတင်း ကြားလို့ပါ"
“ဟုတ်တယ်"
“နေစရာ နေရာ ရှာရပြီလား"
“ဆရာတေးဆစ်လည်း အဆင်ပြေမယ့်နေရာ ရှာမတွေ့ဘူးဖြစ်နေလို့ ငါ နည်းနည်းတော့ တိုင်ပတ်နေတယ်။ အပြင်ကိုပဲ ရွှေ့ရတော့မယ် ထင်တယ်"
“အပြင် အပြင် ဘယ်နေရာလဲ"
“အဲဒါကပဲ ပြဿနာ ဖြစ်နေတာ"
မာရူးက သူ့မျက်ခုံးကို ကုတ်လိုက်မိတယ်။ ကျောင်းဘေးနားမှာ လူနေအိမ်တွေပဲ ရှိတာ၊ ပစ္စည်းတွေ သိမ်းထားနိုင်မယ့် အဆောက်အအုံမျိုး အနီးအနားမှာ ရှိပါ့မလား။
“တဲထိုးရင်ကော” လို့ ယွန်းဂျုံက လက်ညှိုးလေး အပေါ်ထောင်ပြီး မေးလာတယ်။
တဲတစ်လုံးပေါ့၊ ဟုတ်လား။
“ကွန်တိန်နာသေတ္တာတစ်လုံး ဝယ်လို့ရတာပဲ"
“ကွန်... ကွန်တိန်နာ ဟုတ်လား"
“အဟောင်းဆိုရင် ဝမ်နှစ်သန်းလောက်ပဲ ကျမှာဆိုတော့ ရေတိုအတွက်တော့ အဆင်ပြေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်မှာပါ။ အို... အခုအချိန်ဆို ပိုတောင် ဈေးသက်သာနိုင်သေးတယ်"
အဲဒီနည်းလမ်းကို သူ ထပ်ပြီး စဉ်းစားနေတုန်းမှာပဲ ယွန်းဂျုံက အံ့သြတကြီး ရေရွတ်လိုက်သံကို ကြားလိုက်ရတယ်။
“မင်းကတော့ တကယ်ကို အကုန်သိတာပဲ မာရူးရယ်"
“အင်း... ဒါကတော့ ဒီလိုပါပဲ"
“မင်းပဲ ဥက္ကဋ္ဌ လုပ်ခဲ့သင့်တာ"
“အင်း... အခြေအနေတွေက ဒီလို ဖြစ်သွားတာကိုး"
“တကယ်ကြီးလား။ ဒါဆို ဂွန်ဆော့ကကော"
“သူ့မှာ ကိစ္စတစ်ခုရှိလို့ ထွက်သွားပြီ"
“တကယ်ကြီး”
ယွန်းဂျုံက မျက်လုံးအဝိုင်းသား ဖြစ်သွားပြီးတော့ အဲဒီကောင်လေးနဲ့ စကားသွားပြောဦးမယ်ဆိုပြီး ထွက်သွားတယ်။
“သူကတော့ ခါတိုင်းလိုပါပဲလား"
“သူက အမြဲတမ်း ဒီလောက်ကြီး တက်ကြွမနေဘူးဆိုရင် ယောကျာ်းလေးတွေကြားထဲမှာ တော်တော်လေး ရေပန်းစားမှာပဲ” လို့ ဒိုဂျင်က ပြောတာကို မာရူး ခေါင်းပဲ ညိတ်ပြနိုင်ပါတော့တယ်။
“ဒါပေမဲ့ ကွန်တိန်နာ ဟုတ်လား။ အဲဒါကို ဝယ်လို့တောင် ရလို့လား” လို့ ဒေးမြောင်က မေးတယ်။
“ရောင်းတဲ့နေရာတွေ အများကြီးရှိပါတယ်။ လူမှန်ရင် အိမ်တိုင်ရာရောက် အလကားတောင် လာပို့ပေးကြသေးတာ။ ငါတို့လိုချင်တာက ရေလုံတဲ့အမျိုးအစား သက်သက်ပဲဆိုရင် ပိုတောင် ဈေးသက်သာဦးမယ်"
“ဝ... ဝယ်မယ် ဟုတ်လား။ မင်းပဲ ဝမ်နှစ်သန်းကျော်မယ် ဆို"
“ကျောင်းကသာ ခွင့်ပြုချက်ရရင် မဝယ်စရာ အကြောင်းမရှိပါဘူး"
“ပိုက်ဆံကကော ဘယ်ကရမှာလဲ"
မာရူးက ဒေးမြောင်ကို ကြည့်ပြီး ပြုံးပြလိုက်တယ်။
“ကဲ... နည်းလမ်းတစ်ခုတော့ တွေ့ပြီဆိုတော့ ထမင်းသွားစားကြရအောင်"
“မဟုတ်ဘူးလေ၊ ပိုက်ဆံက ဘယ်ကရမှာလဲလို့"
“သွားစို့၊ နေ့လယ်စာက ခေါက်ဆွဲပဲ"
“ပိုက်ဆံက ဘယ်ကရမှာလဲလို့”
ဒေးမြောင်က ဇဝေဇဝါမျက်နှာပေးနဲ့ မာရူးနောက်ကနေ တကောက်ကောက် လိုက်လာခဲ့တယ်။
“နေ့လယ်စာစားတုန်းက လာတွေ့တဲ့ ကောင်မလေးက ဘယ်သူလဲ။ ချောသားပဲ"
“ငါ့ကို စိတ်ဝင်စားနေတဲ့ တစ်ယောက်လေ"
“တကယ်ကြီးလား"
ဂွန်ဆော့က သူ့သူငယ်ချင်းကို ကြည့်ပြီး ပခုံးတွန့်ပြလိုက်တယ်။ နေ့လယ်စာစားချိန်တုန်းက ယွန်းဂျုံက သူ ဘာလို့ ထွက်သွားတာလဲဆိုတာကို လာမေးခဲ့တာပါ။ မေးခွန်းတွေ အများကြီး လာမေးနေလို့ သူ စိတ်ပျက်ပျက်နဲ့ပဲ ကလပ်က စိတ်ပျက်စရာကောင်းလို့ ထွက်လိုက်တာလို့ ပြောလိုက်တယ်။
သူ ကလပ်ကို ပြန်လာဖို့ တောင်းပန်နေတဲ့ ပုံစံလေးက ချစ်စရာကောင်းနေတာမို့ သူ နည်းနည်းတော့ ကစားလိုက်သေးတယ်၊ ဒါပေမဲ့ ပြန်သွားဖို့တော့ စိတ်ကူးမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူ ပြန်သွားလို့ရတာမှ မဟုတ်တာ။ သူ့အဖေက ခွင့်ပြုမှာ မဟုတ်ဘူးလေ။
ကံကောင်းထောက်မစွာနဲ့ သူ့အဖေ သိသွားတဲ့နေ့မှာ ဘာပြဿနာမှတော့ အကြီးအကျယ် မတက်ခဲ့ပါဘူး။ ဒါပေမဲ့ ပြဇာတ်အလုပ်ကို လုံးဝ လက်လွှတ်လိုက်ဖို့တော့ အပြောခံခဲ့ရတယ်။ သူ့အဖေရဲ့ စိတ်ကူးကို သူ ဘယ်လိုမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာ ဂွန်ဆော့ ကောင်းကောင်းသိတာပေါ့။
“ဟေး... ဟောင်ဂွန်ဆော့"
ကျောင်းသားကောင်စီခန်း အရှေ့တည့်တည့်မှာတင် သူ့သူငယ်ချင်းဖြစ်တဲ့ ကောင်စီရဲ့ ဒုဥက္ကဋ္ဌနဲ့ တိုးတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူက အဲဒီသူငယ်ချင်းကို အကြံပြုချက်လေးတစ်ခု ပေးခဲ့တာပါ။ ကလပ်တွေ ပိုပြီး ကလပ်ခန်း သုံးနိုင်အောင် စည်းကမ်းတွေကို ပြောင်းလဲပစ်ဖို့ဆိုတာကိုပေါ့။
“မင်း တောင်းဆိုထားတာ အောင်မြင်သွားပြီ"
“တကယ်ကြီးလား"
“စီနီယာက တော်တော် သဘောကျသွားတာ။ ကျောင်းအုပ်ကြီးလည်း အကြိုက်တွေ့သွားတယ်"
ဂွန်ဆော့ ပြုံးလိုက်မိတယ်။
“ကောင်းတာပေါ့"
“မင်းက ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလိုအပြောင်းအလဲမျိုးကို တောင်းဆိုရတာလဲ"
“ဒီတိုင်းပဲလေ၊ တရားမျှတမှု ရှိအောင်လို့ ထင်တာပဲ"
“မင်း ဘာတွေ ပြောနေတာလဲကွာ။ အာ... ငါ ကောင်မလေးအချို့နဲ့ ချိန်းထားတာ ရှိတယ်၊ လိုက်မလား"
“ဘယ်တော့လဲ"
“မနက်ဖြန်"
“ရတယ်လေ၊ ငါ ကျွေးမယ်"
သူ စိတ်အခြေအနေ တော်တော်လေး ပြန်ကောင်းသွားပြီ။ အသေးစိတ်ကိုတော့ စောင့်နားထောင်ရဦးမှာဖြစ်ပေမဲ့ ဒီကိစ္စကြောင့် ပြဇာတ်ကလပ်ကတော့ အပြင်ကို ဖယ်ပေးရတော့မှာ သေချာသလောက်ပဲ။ ဂွန်ဆော့က အလယ်လှေကားကနေတစ်ဆင့် စတုတ္ထထပ်ဆီ လျှောက်လာခဲ့တယ်။ ပြဇာတ်ကလပ်ရဲ့ တံခါး ပွင့်နေတာကို သူ သတိထားမိလိုက်တယ်။ အထဲကို လှမ်းကြည့်လိုက်တော့ ကလပ်အဖွဲ့ဝင်တွေက ပစ္စည်းကိရိယာအချို့ကို ရွှေ့ပြောင်းနေကြတာ တွေ့ရတယ်။
“ဘာလုပ်နေကြတာလဲ” လို့ ဂွန်ဆော့က ရယ်ချင်စိတ်ကို အောင့်အီးရင်း မေးလိုက်တယ်။
“ပစ္စည်းတွေ သိမ်းနေတာ"
“သိမ်းနေတာ ဘာဖြစ်လို့လဲ"
“ဖယ်ပေးရမယ်လို့ ပြောလို့လေ၊ ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ ကူညီမလို့လား"
“မင်းတို့လို ငါ့ကို အားနေတဲ့လူလို့ ထင်နေတာလား"
သူ အော်ရယ်မိတော့မလို့ ဖြစ်သွားတာကြောင့် ဂွန်ဆော့က သူတို့ကို ကံကောင်းပါစေလို့ပဲ နှုတ်ဆက်ပြီး လှည့်ထွက်ခဲ့တယ်။ သူတို့တွေ အလုပ်ရှုပ်နေတာကို ကြည့်ပြီး သူ စိတ်ထဲမှာ တော်တော်လေး ကျေနပ်သွားမိတယ်၊ အဲဒီပစ္စည်းတွေအကုန်လုံးကို ရွှေ့ဖို့ဆိုတာ အားအင် တော်တော်စိုက်ရမှာကိုး။
‘အစကတည်းက ငြိမ်ငြိမ်ကုပ်ကုပ် နေခဲ့ရမှာ၊ စောက်ကောင်’
ဂွန်ဆော့က ပြဇာတ်ကလပ် ဆိုင်းဘုတ်ကို တစ်ချက်လှမ်းကြည့်ပြီး လှေကားကနေ ဆင်းလာခဲ့တယ်။ ပြဇာတ်လုပ်ရတာ တော်တော်တော့ ပျော်စရာကောင်းသား။ အဲဒီကနေ ထွက်လာခဲ့ရတာကို နောင်တ သိပ်မရှိပေမဲ့ သူ့မှာ ကိုယ်ပိုင်ဆွဲဆောင်မှုတော့ ရှိသားပဲ။ သူ့အဖေက ခွင့်မပြုတာ ကံဆိုးတာပေါ့၊ ဘာပဲဖြစ်ဖြစ် သူက အဖေ့ကို ပြန်ပုန်ကန်နိုင်တဲ့လူမှ မဟုတ်တာ။
သူ့အစ်ကိုလို ရူးကြောင်ကြောင်လူမျိုးတွေပဲ အဲဒီလို လုပ်ရဲတာ၊ အစ်ကို့အကြောင်း စဉ်းစားမိရုံနဲ့တင် ဂွန်ဆော့ ရင်ထဲမှာ ဗြောင်းဆန်သွားသလို ခံစားရတယ်။ သူ့အစ်ကိုက အသိအမှတ်ပြုခံရအောင် လုပ်နိုင်ခဲ့တယ်ဆိုတာက ရွံစရာကောင်းလှတယ်။ အစ်ကို့ရဲ့ အရိပ်ကိုတောင် လိုက်မမှီခဲ့တဲ့လူက အခုတော့ အဖေ့ရဲ့ အသိအမှတ်ပြုခြင်းကို ရနေပြီတဲ့။
“မင်းတို့တွေ အကုန်လုံး ကျရှုံးသွားတာပဲ မြင်ချင်တာ၊ အကုန်လုံးကိုပဲ"
ဂွန်ဆော့က ခါးသက်သက် မျက်နှာပေးနဲ့ ရှေ့ကို ဆက်လျှောက်သွားခဲ့တယ်။
* * * * * * * * *
“မင်းက ဒီလိုမျိုး ရုတ်တရက်ကြီး ဆက်သွယ်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး"
“ကျွန်တော့်မှာ အချိန်လည်း ရနေတာနဲ့၊ တိုက်တိုက်ဆိုင်ဆိုင် စိတ်ပူစရာ သတင်းအချို့လည်း ကြားမိတာနဲ့ပါ"
ဟောင်ဂျန်ဟဲက အဆင့်မြင့် စားပွဲထိုးမလေး လာချပေးတဲ့ ဆန်ပြုတ်ကို တစ်ငုံ သောက်လိုက်တယ်။ ဒီ အထပ်ပေါင်းများစွာရှိတဲ့ တရုတ်စားသောက်ဆိုင်က သိပ်တော့မကြီးပေမဲ့ နာမည်ကြီး အနုပညာရှင်တွေ ခဏခဏ လာတတ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဂျန်ဟဲအနေနဲ့ ဒီနေရာမှာ ထိုင်ခုံတစ်ခု ရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကောင်းကောင်း သိတာပေါ့။
“ဂွန်ဆူ ပြောတာတော့ မင်းက တရုတ်အစားအစာ သဘောကျတယ် ဆို"
“ဟုတ်တယ်၊ တော်တော်လေး ကြိုက်ပါတယ်။ ဒီနေရာကို လာဖို့ စဉ်းစားနေတာလည်း တော်တော် ကြာပြီ။ အခုလို အခြေအနေမျိုးနဲ့ ပထမဆုံးအကြိမ် ရောက်လာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"
သူက ဒီနေ့ ဂျွန်မင်းရဲ့ ဖိတ်ကြားချက်ကြောင့် ရောက်လာတာဖြစ်ပြီး၊ ဂျန်ဟဲက ဒီနေရာရဲ့ အစားအစာနဲ့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကို သဘောကျနေတာပါ။
“အရက် သောက်တတ်လား"
“သောက်ပါတယ်"
ဂျွန်မင်းက အဲဒီစကားကို ကြားတော့ အော်ဒါမှာလိုက်တာကြောင့် ခဏအကြာမှာ ရွှေရောင်အရက်ပုလင်းတစ်ပုလင်း ရောက်လာတယ်။
“ကဲ... သောက်ပါဦး"
သူက ဂျွန်မင်းဆီကနေ ဖန်ခွက်ကို လှမ်းယူလိုက်တယ်။ စားသောက်ဆိုင်ရဲ့ လိမ္မော်ရောင်မီးလင်းပုံက အရက်ကို ပိုပြီး ထူးခြားဆန်းပြားတဲ့ အရသာမျိုး ပေါက်စေသလိုပါပဲ၊ ဂျန်ဟဲကလည်း ဂျွန်မင်းအတွက် တစ်ခွက် ပြန်ငှဲ့ပေးလိုက်တယ်။
“ဒီအရက်က အမြည်းအနေနဲ့ သောက်ရတာ ကောင်းတယ်။ ထမင်းစားပြီးမှ စကားပြောကြရအောင်"
“ကောင်းသားပဲ"
ဂျန်ဟဲလည်း ငြင်းမနေပါဘူး၊ သူ ဗိုက်ဆာနေတာကိုး။ သူက ဟင်းပွဲတွေကို တစ်ပွဲချင်း အေးအေးဆေးဆေး မြည်းစမ်းနေခဲ့တယ်။ ကျောက်စိမ်းရောင် ပန်းကန်ပြားထဲက တန်တန်ခေါက်ဆွဲကတော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ။ ထမင်းစားလို့ ပြီးသွားတဲ့အခါမှာတော့ ဂျွန်မင်းက စကားစပြောလာပါတယ်။
“ဂွန်ဆော့ ပြဇာတ်ကလပ်ကနေ ထွက်သွားပြီလို့ ကြားတယ်"
ဂျန်ဟဲက ခေါင်းညိတ်ပြတယ်။
“ငါပဲ ထွက်ခိုင်းလိုက်တာ။ ဂွန်ဆူကတော့ တော်တော် ခေါင်းမာတဲ့ ကောင်လေးလေ။ အဲဒါကြောင့် ငါ သူ့ကို တားလို့မရခဲ့ပေမဲ့ ဂွန်ဆော့ကတော့ မတူဘူး။ သူက ငါ့စကားကို သေချာနားထောင်တယ်။ စကားအနည်းငယ် ပြောလိုက်ရုံနဲ့တင် သူ သွားသင့်တဲ့ လမ်းမှန်ပေါ်ကို ပြန်ရောက်လာတာပဲ"
“အော်... ဒါကြောင့်ကိုး"
ဂျန်ဟဲက ခုနတင် ကိုင်ထားတဲ့ ဖန်ခွက်ကို ပြန်ချလိုက်တယ်။ သူ ဆက်ကြားရမယ့် စကားတွေကို သဘောကျမှာမဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ဝင်လာလို့ပဲ။
“ငါက အပိုစကားတွေ ပြောရတာ မကြိုက်ဘူး"
“ငါလည်း တူတူပါပဲ။ ဒါကြောင့် လိုရင်းကိုပဲ တည့်တည့်ပြောပါ့မယ်"
ဂျွန်မင်းက သူ့လက်နှစ်ဖက်ကို စားပွဲပေါ် တင်လိုက်တယ်။
“ဂွန်ဆော့ကို ပြဇာတ် ဆက်လုပ်ခွင့်ပေးဖို့အပေါ် ခင်ဗျား ဘယ်လို ထင်လဲ"
* * * * * * * * *
အခန်း(၁၈၂)
“သရုပ်ဆောင်ရမယ် ဟုတ်လား၊ ငါ့သားကလား”
“ဟုတ်ပါတယ်၊ မှန်တာပေါ့”
“အလိုဗျာ၊ ငါ နည်းနည်းတော့ လန့်သွားတာပဲ”
သူ့သားကို သူ့အစ်ကိုကြီးလို လမ်းမလွဲစေနဲ့လို့ ပြောခဲ့တာ ဘယ်နှရက်မှတောင် မရှိသေးဘူးလေ။
“ငါ့မှာတော့ လမ်းမှားရောက်နေတဲ့ သားတစ်ယောက်ရှိနေတာနဲ့တင် လုံလောက်ပါပြီလို့ တွေးထားတာ”
“ကျွန်တော်က အတင်းအကျပ် လုပ်ခိုင်းနေတာ မဟုတ်ပါဘူးဗျာ။ သားဖြစ်သူကို နောက်ထပ် နှစ်နှစ်လောက် သရုပ်ဆောင်အလုပ်ကို စမ်းလုပ်ခိုင်းကြည့်ဖို့ အခွင့်အလမ်းလေးတစ်ခု လမ်းဖွင့်ပေးပါလို့ပဲ တောင်းဆိုတာပါ။ ကောင်လေးအတွက် အောင်မြင်ဖို့ ရွေးချယ်စရာ လမ်းစတွေ ရှိသွားအောင်လို့လေ”
“အောင်မြင်မှု ဟုတ်လား... မင်းအထင် ဂွန်ဆော့ မှာ သရုပ်ဆောင်အလုပ်နဲ့ အောင်မြင်နိုင်မယ့် အရည်အချင်း တကယ်ရှိတယ်လို့ ထင်လို့လား”
“လောလောဆယ်တော့ ရှိတယ်လို့ ပြောရမှာပဲ”
“လောလောဆယ် ဟုတ်လား”
“ခင်ဗျားလည်း သိတဲ့အတိုင်းပဲလေ၊ ဂွန်ဆော့ မှာက တိကျတဲ့ လုပ်ငန်းစဉ်ရယ်လို့ တကယ်တမ်း မရှိသေးဘူး။ အောင်မြင်ချင်တဲ့ စိတ်ဆန္ဒတော့ ရှိရဲ့သားနဲ့ သူ တကယ်ဘာလုပ်ချင်လဲဆိုတာကို သူကိုယ်တိုင် သေချာမသိသေးတာ”
“သူက အသက်ငယ်သေးတော့ မရင့်ကျက်သေးလို့ နေမှာပေါ့”
“အဲဒါကြောင့်မို့လည်း ကျွန်တော်က အခုလို တောင်းဆိုနေရတာပေါ့ဗျာ။ ကျွန်တော် သိထားသလောက်တော့ ဂွန်ဆော့ က သရုပ်ဆောင်နေတဲ့ အချိန်မှာတောင် ကျောင်းစာကို ပေါ့ပေါ့တန်တန် မလုပ်ခဲ့ဘူး မဟုတ်လား”
ဂျန်ဟဲ က ဂုဏ်ယူတဲ့အပြုံးလေးနဲ့ ခပ်ဖွဖွ ပြုံးလိုက်တယ်။
“သူက အမြဲတမ်း ပထမ ရတာလေ”
“ခင်ဗျား သိ၊ မသိတော့ မပြောတတ်ဘူး၊ ပြီးခဲ့တဲ့ အမျိုးသားအဆင့် သရုပ်ဆောင်ပြိုင်ပွဲမှာ ဂွန်ဆော့ တာဝန်ယူခဲ့တဲ့ အဖွဲ့က ယဉ်ကျေးမှုဆိုင်ရာ အသိအမှတ်ပြုဆု ရခဲ့တယ်လေ”
“ဒါမျိုး ငါ တစ်ခါမှ မကြားမိပါလား”
“ပထမဆုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သရုပ်ဆောင်ကလပ်အတွက် နှစ်အတော်ကြာအတွင်း ပထမဆုံးအကြိမ် ဆုရအောင် သူ လုပ်ပေးနိုင်ခဲ့တာပေါ့”
“ဟိုး... ဟုတ်လို့လား”
“ဟုတ်ပါတယ်ဗျာ”
“ဒါဆို သူက တကယ်ပဲ ပါရမီပါတာ ဖြစ်နိုင်တာပေါ့”
ဂျန်ဟဲ က အူးလောင်းလက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း ဂျွန်မင်း တစ်ယောက် အခု ဘာတွေ တွေးနေလဲဆိုတာကို သိချင်နေမိတယ်။ သူ့ရဲ့ သားငယ်လေးမှာ အဲဒီလောက်အထိ ပါရမီတွေ ရှိနေလို့လား။
“ကျောင်းစာကို မထိခိုက်သရွေ့တော့ သူ့ကို သရုပ်ဆောင်အလုပ် လုပ်ခွင့်ပေးလိုက်ရင် ဘယ်လိုလဲ”
“ငါကတော့ အဲဒီအချိန်တွေကို ကျောင်းစာထဲမှာပဲ ပိုသုံးစေချင်သေးတာပဲ”
“အမှတ်တွေဆိုတာ အချိန်အများကြီး ပေးလိုက်ရုံနဲ့ တန်းစီပြီး တက်လာတာမျိုး မဟုတ်ပါဘူးဗျာ။ ထိရောက်မှုရှိဖို့ကိုပဲ စဉ်းစားတာ အကောင်းဆုံးပဲ”
“မင်း ဆိုလိုတာက...”
“ခင်ဗျားသာ ခွင့်ပြုမယ်ဆိုရင် ဂွန်ဆော့ အတွက် ဆရာကောင်းတစ်ယောက် ကျွန်တော် စီစဉ်ပေးပါ့မယ်။ နိုင်ငံခြားမှာ ပညာသင်ခဲ့တဲ့သူတွေမို့ လူကြီးမင်းလည်း သဘောကျမှာ သေချာပါတယ်”
“ကိုယ်ပိုင် ကျူရှင်ဆရာ ဟုတ်လား”
ဂျွန်မင်း က ဘာမှထပ်မပြောတော့ဘဲ ဖိုင်တွဲအသေးလေးတစ်ခု ထုတ်ပေးလိုက်တယ်။ အထဲမှာတော့ နာမည်ကြီး နိုင်ငံခြားတက္ကသိုလ်တွေကနေ ဘွဲ့ရထားတဲ့သူ တချို့ရဲ့ အသေးစိတ် အချက်အလက်တွေ ပါနေတာပေါ့။
“ဒါက ဂွန်ဆော့ ရဲ့ ကျောင်းစာအမှတ်တွေကို ဆိုးဆိုးဝါးဝါး ထိခိုက်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံပါတယ်”
ဂျန်ဟဲ က ဖိုင်တွဲကို ပိတ်လိုက်ပြီး ဂျွန်မင်း ကို စိုက်ကြည့်လိုက်တယ်။ သူက ပိုပြီးတော့တောင် သံသယဝင်လာပြီလေ။ ဒီလူက ဘာဖြစ်လို့ ဂွန်ဆော့ ကို သရုပ်ဆောင်တစ်ယောက် ဖြစ်စေချင်လို့ အသည်းအသန် ဖြစ်နေရတာပါလိမ့်။
“ဂွန်ဆော့ က တကယ်ပဲ အခုလို အရင်းအနှီး အမြောက်အမြား စိုက်ထုတ်ရလောက်အောင် တန်ဖိုးရှိလို့လား”
“သူက အဲဒီလောက် တန်ဖိုးရှိတာ သေချာပါတယ်။ ဒါပေမဲ့ တခြားအကြောင်းပြချက်လည်း ရှိသေးတာပေါ့”
“တခြားအကြောင်းပြချက် ဟုတ်လား”
“ဟုတ်ပါတယ်။ ခင်ဗျား အမြင်အရတော့ လူတစ်ယောက် ကြီးပြင်းလာတဲ့အခါမှာ ဘာကို အလိုအပ်ဆုံးလို့ ထင်ပါသလဲ”
ဂျန်ဟဲ က ဘာမှတုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်တယ်။
“လောကဓံ အခက်အခဲတွေပေါ့”
“မှန်တာပေါ့၊ ကျွန်တော်လည်း သဘောတူပါတယ်”
“မင်းအထင် ငါ့သားက တခြားတစ်ယောက်အတွက် အခက်အခဲအတားအဆီး ဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား”
“အတည့်လင်းလင်း ပြောရရင်တော့ ဟုတ်ပါတယ်ဗျာ။ ဒါပေမဲ့ ဒါက မကောင်းတဲ့ စာချုပ်မျိုးတော့ မဟုတ်ပါဘူး။ ဂွန်ဆော့ သာ ကျွန်တော့်ရဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သေချာလိုက်လုပ်ပြီး အထက်တန်းပြီးတဲ့အခါ သရုပ်ဆောင်လောကထဲ ဝင်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော့်ဘက်က အပြည့်အဝ ပံ့ပိုးပေးဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော့်မှာရှိတဲ့ နည်းလမ်းမှန်သမျှ သုံးပြီး သူ့ကို ပျိုးထောင်ပေးမယ်လို့ ကတိပေးပါရစေ။ ဒါကို ပြောရမှာ နည်းနည်းတော့ ရှက်ဖို့ကောင်းပေမဲ့... ကျွန်တော့်ရဲ့ နာမည်ဂုဏ်သတင်းနဲ့ဆိုရင် လူကြီးမင်းရဲ့သားကို အဓိက ရုပ်သံလိုင်းကြီးတွေ အားလုံးမှာ ပါဝင်ခွင့်ရအောင် လုပ်ပေးဖို့က သိပ်ပြီး မခက်ခဲပါဘူး”
“အင်း...”
ဂျန်ဟဲ က သူ့မေးစေ့ကို ပွတ်သပ်လိုက်တယ်။ အားလပ်ချိန်တွေမှာ ဒီ လီဂျွန်မင်း အကြောင်းကို သူ အချိန်ယူပြီး စုံစမ်းထားခဲ့တာမို့ ဒီလူ အခုလို ကြွားဝါနေတာ မဟုတ်ဘူးဆိုတာ သူ ကောင်းကောင်းကြီး သိတာပေါ့။
“ပြီးတော့ ဂွန်ဆော့ က သရုပ်ဆောင်အလုပ်ကို စိတ်မဝင်စားတော့ဘူးဆိုရင်တောင် သူ့ရဲ့ ပညာရေးအတွက် ကျွန်တော့်ရဲ့ ထောက်ပံ့မှုကို ဖြတ်တောက်မှာ မဟုတ်ပါဘူး။ ဘယ်လိုလဲ၊ သူ့ရဲ့ လောလောဆယ် တန်ဖိုးနဲ့ဆိုရင် ဒါက မဆိုးတဲ့ အရောင်းအဝယ်တစ်ခု မဟုတ်ဘူးလား”
“မဆိုးရုံတင် ဘယ်ကမလဲ။ အံ့ဩစရာကောင်းလှတာပေါ့။ ဒါပေမဲ့ ငါ တစ်ခုတော့ သိချင်မိသား။ ငါ့သားကို နင်းခြေပြီး တက်လှမ်းမယ့် အုတ်ခဲတစ်ခဲလို သုံးဖို့အတွက် မင်းက ဘယ်သူ့ကို ပျိုးထောင်ဖို့ ပြင်ဆင်နေတာလဲ”
ဂျန်ဟဲ က ခဏလောက် အသက်ရှူရပ်ပြီးမှ ဆက်ပြောလိုက်တယ်။
“ပြီးတော့ ငါ့သားကသာ ရလဒ်ကို ပြောင်းပြန်လှန်ပစ်လိုက်ရင် မင်း ဘာလုပ်မှာလဲ”
“အဲဒီလိုဆိုရင်လည်း ကျွန်တော်က ဂွန်ဆော့ ကိုပဲ ဆက်ပြီး ပျိုးထောင်ပေးရုံပေါ့ဗျာ။ အဲဒီလောက်အထိ အဝေးကြီး တွေးပူနေဖို့ မလိုပါဘူး”
“မင်းက တခြားတစ်ဖက်ကို ပိုပြီး ဂရုစိုက်လို့ ငါ့သားကို စတေးပြီး အနစ်နာခံခိုင်းဖို့ ကြံစည်နေတာ မဟုတ်ဘူးလား”
“အနစ်နာခံခိုင်းတာ ဟုတ်လား၊ မဟုတ်ရပါဘူးဗျာ။ ကျွန်တော် ဂွန်ဆော့ ကို သဘောကျပါတယ်။ ကျွန်တော့်ပိုက်ဆံကို ယူပြီး ဘာမှမလုပ်နိုင်တဲ့သူမျိုးထက် တန်ဖိုးရှိတဲ့သူတွေကိုပဲ ကျွန်တော် သဘောကျတာပါ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး မတက်လှမ်းနိုင်ဘူးဆိုရင်တော့ နင်းခြေခံရမှာပဲလေ။ ကျွန်တော်ကတော့ ထက်မြက်ပြီး တက်လှမ်းနိုင်စွမ်းရှိတဲ့သူတွေကိုပဲ ဦးဆောင်ပေးချင်တာပါ”
ဂျန်ဟဲ တစ်ယောက် ဂျွန်မင်း အပေါ် ထားရှိတဲ့ သူ့ရဲ့အမြင်ကို ပြောင်းလဲပစ်လိုက်ရပြီ။ ပြီးခဲ့တဲ့အကြိမ်တုန်းကတော့ ဒီလူက ဖျော်ဖြေရေးကုမ္ပဏီတစ်ခုရဲ့ သဘောကောင်းပြီး ယဉ်ကျေးတဲ့ ကိုယ်စားလှယ်တစ်ယောက်ပဲလို့ သူ ထင်ခဲ့တာလေ။ အခု မြင်နေရတဲ့သူကတော့ လုံးဝကို အေးစက်ပြီး တွက်ချက်မှု တိကျလွန်းတဲ့ လူတစ်ယောက်အဖြစ် ကွဲပြားနေခဲ့ပြီ။ အောင်မြင်မှုရထားတဲ့ ဂွန်ဆူ အပေါ်ကျတော့ သူ့ရဲ့ ကြင်နာတတ်တဲ့ အရည်အချင်းတွေကို ပြသပြီး၊ ဂွန်ဆော့ အပေါ်ကျတော့ အေးစက်ပြနေတာပေါ့။ ဂျန်ဟဲ က သူ့ဖန်ခွက်ထဲက အရက်ကို အကုန်မော့ချလိုက်ပြီး ဂျွန်မင်း ကို ထပ်ငှဲ့ခိုင်းလိုက်တယ်။
“ကောင်းပြီလေ။ ဒါဆိုလည်း လုပ်ကြတာပေါ့”
“မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါဗျာ”
“သူ့ကို သေချာလေး စောင့်ရှောက်ပေးပါဦး။ ဂွန်ဆော့ က နည်းနည်းတော့ စိတ်ပျက်စရာကောင်းပေမဲ့ သူ အာရုံစိုက်လိုက်ပြီဆိုရင်တော့ ရလဒ်ကောင်းတွေ ထွက်လာတတ်တာမို့လို့ပါ”
“ကျွန်တော် ကောင်းကောင်းကြီး သိတာပေါ့”
ဂျန်ဟဲ က အသစ်ငှဲ့လိုက်တဲ့ အရက်ခွက်ကို ချက်ချင်းပဲ ထပ်ပြီး မော့ချလိုက်ပြန်တယ်။
* * * * * * * * *
ဂျွန်မင်း က ဂျန်ဟဲ နဲ့ တွေ့ပြီးတဲ့နောက် သူ့ဖုန်းကို ထုတ်လိုက်တယ်။
“ဂွန်ဆူ”
“ဟုတ်ကဲ့၊ အစ်ကိုကြီး”
“မင်း ဘယ်မှာလဲ”
“မာရူး ကို သွားကြိုမလို့ သူ့ကျောင်းကို ရောက်နေတာ။ ဒါပေမဲ့ အချိန်နည်းနည်းတော့ ကြာဦးမယ် ထင်တယ်”
“ဘာကိစ္စရှိလို့လဲ”
ဂျွန်မင်း က ဖုန်းထဲကနေတစ်ဆင့် မာရူး ရဲ့ အခြေအနေကို ကြားသိလိုက်ရတယ်။
“ကောင်းပြီ၊ အဲဒါကို ငါပဲ အဆင်ပြေအောင် လုပ်လိုက်ပါ့မယ်။ ဒါကြောင့် မာရူး ကို အဲဒီကို အမြန်ဆုံး ခေါ်လာခဲ့လိုက်ပါ။ အခုချက်ချင်း ထွက်လာရင်တော့ မိုးမလင်းခင် အဲဒီကို ရောက်မှာပဲ”
“အစ်ကိုကြီးက သူ့ကို တော်တော် ဂရုစိုက်တာပဲနော်”
“ငါ မင်းကို ဂရုစိုက်ခဲ့သလောက်ပဲ သူ့ကိုလည်း ဂရုစိုက်တာပေါ့။ အနည်းဆုံးတော့ သူက တခြားတစ်ယောက်လိုမျိုး အိမ်ပေါ်က ဆင်းမပြေးဘူးလေ။ ပြားတစ်ချပ်မှမရှိဘဲ ထွက်ပြေးသွားတဲ့ တခြားတစ်ယောက်ထက်စာရင် သူ့ကို ပိုပြီး ဂရုစိုက်မိတာကတော့ ဘာမှတတ်နိုင်ဘူးလေ”
“ဝိုး၊ တကယ့်ကို အရူးတစ်ယောက်လိုပဲနော်။ အစ်ကိုကြီး ပြောနေတာ ယန်ဂန်ဟွမ် ကို မဟုတ်လားၑ
“တိတ်စမ်း၊ မြန်မြန်ပဲ လာခဲ့ပါ။ ဆရာလည်း စောင့်နေလောက်ပြီ”
“ဟုတ်ကဲ့၊ နားလည်ပါပြီ”
ဂျွန်မင်း က သူ့ရဲ့ မှတ်စုစာအုပ်ကို ထုတ်ပြီး သူ့ရဲ့ အလုပ်အချိန်ဇယားကို စစ်ဆေးလိုက်တယ်။ တော်သေးတာပေါ့၊ နောက်အပတ် ပိတ်ရက်အထိ သူ အားနေတာပဲ။
“ကဲ... ဒါဆိုရင်တော့”
ဂျွန်မင်း က ဖုန်းကို ပြန်ထုတ်ပြီး ရှေ့နေ ပတ် ဆီကို ဖုန်းခေါ်လိုက်တယ်။ အသံချန်ထားခဲ့ပါဆိုတဲ့ မက်ဆေ့ခ်ျ ပေါ်လာတာနဲ့ သူ ချက်ချင်းပဲ ဖုန်းချပစ်လိုက်တာပေါ့။ မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ရှေ့နေ ပတ် ဆီကနေ ဖုန်းပြန်ဝင်လာတယ်။
“ဘာကိစ္စရှိလို့လဲ”
“မင်း အချိန်ရလား”
“အချိန် ဟုတ်လား၊ အချိန်ရလားဆိုတာ ဘာကို ဆိုလိုတာလဲ”
“မာရူး ကိစ္စကြောင့် အထက်တန်းကျောင်းတစ်ခုရဲ့ ဥက္ကဋ္ဌနဲ့ တွေ့ခဲ့တာ မင်း မှတ်မိသေးတယ် မဟုတ်လား”
“ဥက္ကဋ္ဌ ဟုတ်လား၊ အော်... ဝူဆောင်း အထက်တန်းကျောင်းကလား။ မှတ်မိတာပေါ့ဗျာ။ ကျွန်တော်တို့ အတူတူ တော်တော်တောင် သောက်လိုက်သေးတယ်လေ”
“ဒီနေ့ သူ့ကို တွေ့လို့ရမလားလို့ ငါ သိချင်လို့ပါ။ အကူအညီတစ်ခု တောင်းချင်လို့လေ”
“အကူအညီ ဟုတ်လား။ မင်းက အခု ကျောင်းတွေဘက်အထိပါ ခြေဆန့်ဖို့ ကြံစည်နေတာလား”
“မဟုတ်ရပါဘူးဗျာ။ လောလောဆယ် ယုံဂျောင်စားသောက်ဆိုင်ကိုပဲ လာခဲ့လိုက်ပါ။ မင်း အဲဒီဆိုင်က ထမင်းကြော်ကို ကြိုက်တယ် မဟုတ်လား”
“မင်းက ငါ့ကို လာကြွားနေတာလား။ ထမင်းကြော်လေး စားဖို့အတွက်နဲ့ အဲဒီလိုနေရာမျိုးမှာ တွေ့ကြမယ်ပေါ့လေ”
“ဒါဆို မင်း မလာဘူးပေါ့”
“မဟုတ်ပါဘူး၊ လာမှာပေါ့ဗျာ။ ဒါနဲ့ စကားမစပ်၊ ငါသာ မင်းဆီမှာ အမြဲတမ်း ရှေ့နေအဖြစ် ငှားရမ်းထားတဲ့ စာချုပ်မရှိရင် မင်း ဘာလုပ်မလဲ။ မင်းက ငါလိုလူမျိုးကို မွန်းလွဲပိုင်းကြီးမှာ ဒီလိုပဲ အလွယ်တကူ ခေါ်ထုတ်လို့ရတယ်လို့ ထင်နေတာလား”
“မင်း အခုကိုင်ထားတဲ့ အမှုက သိပ်မရှုပ်ဘူးဆိုတာ ငါ သိနေတာမို့ မြန်မြန်ပဲ လာခဲ့စမ်းပါ။ လက်ရှိအလုပ်တွေကို မင်းအောက်ကလူတစ်ယောက်ဆီ လွှဲထားခဲ့လိုက်ပေါ့”
“ဟူး... ဒါဆို မင်းက အဲဒီဥက္ကဋ္ဌနဲ့ အခု တွေ့ဖို့ စီစဉ်နေတာပေါ့”
“ငါ ဆိုလိုတာက အခုက ညစာစားရမယ့် အချိန်ပဲလေ။ ဒီမှာပဲ တစ်ခါတည်း တွေ့လိုက်တာ ပိုကောင်းတာပေါ့”
“ဒါဆို ငါ သူ့ကို လှမ်းမေးကြည့်လိုက်ပါ့မယ်”
“မမေးနဲ့၊ သူ့ကို ဒီကို ရောက်အောင် ခေါ်ခဲ့လိုက်”
“မင်းကတော့ အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ တောင်းဆိုမှုတွေကိုပဲ လုပ်တတ်တာ ငါ တကယ် မုန်းတာပဲ”
“ဒါပေမဲ့ မင်းက အမြဲတမ်း လုပ်ပေးနေကြပဲဟာကို”
ဂျွန်မင်း က ဖုန်းပိတ်ပြီး စောင့်နေလိုက်တယ်။ ရှေ့နေ ပတ် က ပွင့်ပွင့်လင်းလင်းရှိလှတဲ့ လူတစ်ယောက်ဖြစ်ပြီး သူ လုပ်နိုင်တာနဲ့ မလုပ်နိုင်တာကို အမြဲတမ်း အပြတ်ပြောတတ်သူလေ။ ဒီလူက အခုလိုမျိုး နောက်ပြောင်ပြီး ပြန်ပြောနေတယ်ဆိုရင်တော့ သူ လုပ်ပေးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။
ဂျွန်မင်း က စောင့်နေရင်း ဝန်ထမ်းပေးသွားတဲ့ လက်ဖက်ရည်ကို သောက်နေလိုက်တယ်။ မိနစ်သုံးဆယ်လောက် ကြာပြီးတဲ့နောက်မှာတော့ ရှေ့နေ ပတ် က အခန်းထဲကို ဝင်လာတာပေါ့။ သူက ကုတ်အင်္ကျီကို ချက်ချင်းချွတ်ပြီး ကုလားထိုင်ပေါ်မှာ ချိတ်လိုက်တယ်။
“ပူလိုက်တာဗျာ။ နွေဦးတောင် ရောက်လာပြီ ထင်တယ်”
“အခုမှ မတ်လပဲ ရှိသေးတာလေ။ နွေဦးရောက်ဖို့က လိုသေးတာ မဟုတ်ဘူးလား”
“ကျွန်တော်က အပူဒဏ် မခံနိုင်လို့ပါ”
“ဒါနဲ့... ဥက္ကဋ္ဌကကော”
“သူ မကြာခင် လာလိမ့်မယ်။ သူက JA production ရဲ့ စီအီးအိုဆိုတာ ဘာကို ဆိုလိုမှန်း မသိတာနဲ့ပဲ ဖျော်ဖြေရေးလောကမှာ နာမည်ကြီးတဲ့သူတစ်ယောက်လို့ပဲ ငါ ပြောလိုက်ရတယ်”
ရှေ့နေ ပတ် က ရေအေးတစ်ငုံ သောက်ပြီးတာနဲ့ စားစရာ ဘာမှမရှိသေးတာကို ချက်ချင်းပဲ ညည်းညည်းညူညူ လုပ်တော့တာပဲ။
“ဥက္ကဋ္ဌ ရောက်လာရင်တော့ အပြည့်အစုံ မှာပေးမှာမို့လို့ ခဏလောက် သည်းခံစမ်းပါဦး”
နောက်ထပ် မိနစ်နှစ်ဆယ်လောက် စောင့်ပြီးတဲ့နောက်မှာတော့ ဥက္ကဋ္ဌလည်း ရောက်လာခဲ့ပြီ။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ သူ့ရဲ့ စိတ်ရင်းအမှန်ကို ဖုံးကွယ်မထားနိုင်ပါဘူး။ ဂျွန်မင်း က ပြုံးပြုံးရွှင်ရွှင်နဲ့ ဆီးကြိုနှုတ်ဆက်ဖို့ ထရပ်လိုက်တယ်။
“မင်္ဂလာပါဗျာ။ ကျွန်တော့်နာမည်က လီဂျွန်မင်း လို့ ခေါ်ပါတယ်”
“တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ကျွန်တော်ကတော့ ချာအီလ်ထယ်လို့ ခေါ်ပါတယ်”
ဥက္ကဋ္ဌ ထိုင်လိုက်တာနဲ့ ဂျွန်မင်း က စားစရာတွေကို ချက်ချင်းပဲ မှာလိုက်တယ်။ သူက စောစောတုန်းက ဂျန်ဟဲ နဲ့ အတူတူ စားခဲ့ပြီးပြီမို့လို့ သူ့အတွက်တော့ သစ်သီးအနည်းငယ်လောက်နဲ့ပဲ အဆင်ပြေအောင် လုပ်လိုက်တာပေါ့။
“ရုတ်တရက်ကြီး ဖုန်းဆက်ခေါ်လိုက်တာမို့ ကျွန်တော် နည်းနည်းတော့ လန့်သွားရတယ်”
“တောင်းပန်ပါတယ်ဗျာ။ နောက်မှပဲ တွေ့ဖို့ ချိန်းသင့်တာကို ကျွန်တော်က အလျင်စလို တွေ့ချင်နေမိတာကြောင့်မို့လို့ သူ့ကတစ်ဆင့် ဆက်သွယ်လိုက်ရတာပါ”
ဂျွန်မင်း က စကားပြောရင်း ကြက်သားတစ်တုံးကို ယူပြီး ပြုံးနေတဲ့ ရှေ့နေ ပတ် ဆီကို လက်ညှိုးထိုးပြလိုက်တယ်။
“ဒါနဲ့... ကျွန်တော့်ကို ဘာဖြစ်လို့ တွေ့ချင်ရတာလဲခင်ဗျာ...”
“ဥက္ကဋ္ဌလည်း အလုပ်ရှုပ်နေမှာ သေချာတာမို့လို့ ကျွန်တော် လိုရင်းကိုပဲ တည့်တည့်ပြောပါ့မယ်။ သရုပ်ဆောင်ကလပ် ကိစ္စပါပဲ”
“သရုပ်ဆောင်ကလပ် ဟုတ်လား။ ဝူဆောင်း အထက်တန်းကျောင်းက သရုပ်ဆောင်ကလပ်ကို ပြောတာလား”
“ဟုတ်ပါတယ်”
“အဲဒါက ဘာဖြစ်လို့လဲခင်ဗျာ”
“သူတို့နဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌရဲ့ အကူအညီကို ရချင်လို့ပါ”
“အကူအညီ ဟုတ်လား... သူတို့အဖွဲ့က ဖျက်သိမ်းခံရတော့လို့လား ဒါမှမဟုတ် တခြားအကြောင်း ရှိလို့လား”
“အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျောင်းက သူတို့ကို ကလပ်အခန်းထဲကနေ မောင်းထုတ်နေတယ်လို့ ကျွန်တော် ကြားသိရလို့ပါ။ ဒါကြောင့်မို့လို့ ပစ္စည်းတွေ သိမ်းဆည်းဖို့အတွက် ကျောင်းထဲကို ကွန်တိန်နာသေတ္တာတစ်လုံး သွင်းခွင့်ပေးစေချင်တာပါ။ အဲဒါ အဆင်ပြေနိုင်မလားလို့ သိချင်တာပါ”
ဥက္ကဋ္ဌက ရှေ့နေ ပတ် ကို လှမ်းကြည့်လိုက်တယ်။ သူတို့နှစ်ယောက်ဟာ ကျောင်းတွင်းအကြမ်းဖက်မှု ဖြစ်ရပ်တုန်းက ဆိုးဆိုးဝါးဝါးနဲ့ စတင်ခဲ့ကြတာ ဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ သူငယ်ချင်းကောင်းတွေ ဖြစ်သွားခဲ့ကြတာလေ။
“ဒီသူငယ်ချင်းက လူတွေကို အဆပေါင်းများစွာ ပြန်ပြီး ကျေးဇူးဆပ်တတ်တဲ့သူမျိုးဗျ။ ဥက္ကဋ္ဌအတွက် သိပ်ပြီး အထိခိုက်မရှိဘူးဆိုရင်တော့ သူ့ရဲ့ တောင်းဆိုမှုကို လက်ခံပေးလိုက်တာ ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်”
“ရှေ့နေ ပတ် က အဲဒီလို ပြောမှတော့လည်း... ကျောင်းရဲ့ နောက်ဘက်မှာ ကွန်တိန်နာသေတ္တာ ထားဖို့ နေရာလွတ် ရှိတာမို့ သရုပ်ဆောင်ကလပ်က အဲဒါကို စိတ်ကြိုက် သုံးနိုင်ပါတယ်ဗျာ”
“ကျေးဇူးတင်ပါတယ်ဗျာ။ အော်... ပြီးတော့ နောက်ထပ် တစ်ခုရှိသေးတယ်”
“ဘာကိစ္စများလဲခင်ဗျာ”
“ကျောင်းအုပ်ကြီးဆီကို မက်ဆေ့ခ်ျလေးတစ်ခုလောက် ပါးပေးလို့ ရမလား”
“ဘာမက်ဆေ့ခ်ျလဲ”
“နောက်ပိုင်းကျရင် သရုပ်ဆောင်ကလပ်ကို နှစ်ဖွဲ့ ခွဲခွင့်ပြုဖို့အတွက်ပါ။ ကျောင်းသားတစ်ယောက်က မကြာခင်မှာ အဲဒီလိုမျိုး တောင်းဆိုလာမယ့်ပုံ ရှိလို့ပါ။ အဲဒီလို ဖြစ်လာအောင် ခွင့်ပြုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“သရုပ်ဆောင်ကလပ် နှစ်ဖွဲ့ ဟုတ်လား။ ဘာဖြစ်လို့လဲ”
“အင်း... လောဘတယ်ကြီးလို့ပဲလို့ပဲ ဆိုကြပါစို့ဗျာ”
“အင်း... ဒါက သိပ်ပြီးတော့ မခက်ခဲတာမို့လို့ ကျွန်တော် အလွယ်တကူ လုပ်ပေးနိုင်ပါတယ်ဗျာ။ ဒါနဲ့တင် တကယ်ပဲ လုံလောက်ရဲ့လား”
“ဟုတ်ပါတယ်။ တကယ်ကို လုံလောက်လှပါပြီ”
“ဟားဟား၊ အမှန်တော့ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေခဲ့တာ။ ရှေ့နေ ပတ် က မင်းကို အံ့ဩစရာကောင်းတဲ့သူတစ်ယောက်လို့ မိတ်ဆက်ပေးထားတာမို့ မင်းရဲ့ တောင်းဆိုမှုကလည်း အဲဒီလောက်အထိပဲ ဒုက္ခများလိမ့်မယ်လို့ ထင်နေတာ”
ဥက္ကဋ္ဌရဲ့ စိတ်က သိသိသာသာကို ပေါ့ပါးသွားခဲ့ပြီ။
“ဒီလို တောင်းဆိုမှုမျိုးတွေကိုတော့ ကျွန်တော် အချိန်မရွေး လုပ်ပေးနိုင်တာမို့လို့ လိုအပ်ရင် အချိန်မရွေး ဆက်သွယ်လိုက်ပါဗျာ”
“ကျေးဇူးတင်ပါတယ်ဗျာ။ ကဲ... ဟင်းတွေ မအေးခင် အတူတူ ဆက်စားကြရအောင်လေ”
ဂျွန်မင်း က ပြုံးလိုက်တယ်။
* * * * * * * * *
“ကျွန်တော် တနင်္ဂနွေညနှောင်းပိုင်း ဒါမှမဟုတ် တနင်္လာနေ့မနက် စောစောလောက်ကျရင် ပြန်လာခဲ့ပါ့မယ်။ ဟုတ်ကဲ့။ စိတ်မပူပါနဲ့။ ဒါက... စခန်းချသလိုမျိုး ပါပဲ”
“အန်တီ စိတ်မပူပါနဲ့။ မာရူး ကို ကျွန်တော် သေချာ စောင့်ရှောက်ပေးပါ့မယ်။”
ဂွန်ဆူ က မာရူး ရဲ့ ဘေးနားကနေ အော်ပြောနေတာပေါ့။ မာရူး ကလည်း ဂရုစိုက်ဖို့ မှာနေတဲ့ သူ့အမေရဲ့ စကားကို ကြားပြီးတာနဲ့ ဖုန်းချလိုက်တယ်။
“ဂျူဝမ်ဆန် အမျိုးသားဥယျာဉ် ဟုတ်လား။ ဒီလိုအချိန်ကြီးမှာလား။ မစ္စတာ ဂျွန်မင်း ကလည်း တစ်ခါတလေကျရင် တရားလွန်လွန်းတယ်”
“မင်းကတော့ လမ်းမှာ အိပ်ပျော်သွားလို့ရပေမဲ့ ငါကတော့ ကားကို ဆက်မောင်းနေရမှာလေ။ ဟူး... ငါ့ဘဝကလည်း”
“ကျွန်တော် ကူမောင်းပေးရမလား”
“ငါကတော့ စောစောစီးစီး အုတ်ဂူထဲ မဝင်ချင်သေးဘူး”
ကားလေးက အဝေးပြေးလမ်းမပေါ်မှာ အဆင်ပြေပြေပဲ လျှောခနဲ မောင်းနှင်သွားခဲ့ပြီး ပြတင်းပေါက်ရဲ့ ဟနေတဲ့ အပေါက်လေးကနေတစ်ဆင့် လေပြင်းတွေက ကားထဲကို တဝူးဝူးနဲ့ တိုးဝင်လာနေတာပေါ့။
“ဒါနဲ့ စကားမစပ်၊ စီနီယာ မွန်ဂျောင် က အဲဒီမှာ ဘာလုပ်နေတာလဲ”
“သူ့ရဲ့ သရုပ်ဆောင်မှု ခံစားချက်ကို ပြန်ဖော်ထုတ်နေတာလေ။ အဲဒီကို ရောက်ရင် မင်း တွေ့ရမှာပါ”
“ကျွန်တော် အဲဒီကို ရောက်ရင် ဘာလုပ်ရမှာလဲ”
“စာကျက်ရမှာပေါ့”
“စာကျက်ရမယ် ဟုတ်လား”
“ရုပ်ရှင်အတွက် လူရွေးပွဲက နောက်လမှာ စတော့မှာလေ။ မင်း အဲဒါအတွက် ပြင်ဆင်နေတာ မဟုတ်ဘူးလား”
မာရူး က ခေါင်းညိတ်လိုက်တယ်။ လူရွေးပွဲ တဲ့။ မွန်ဂျောင် ပေးထားတဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်ရိုက်မယ့် လူရွေးပွဲပေါ့... ဒါဆို အဲဒီအချိန်က ဒီလောက်အထိ နီးကပ်နေပြီပေါ့။
“ဆရာက သူ ဘယ်လိုပြင်ဆင်လဲဆိုတာကို လက်တွေ့ ပြသချင်နေတာ နေမှာပါ။ မင်းကို ဇာတ်ကောင်တစ်ခုခု ရစေချင်လို့ နေမှာပေါ့”
“ဒါက တော်တော်လေးတော့ ဖိအားများတာပဲ”
“အဲဒါကြောင့်မို့လည်း မင်း အလုပ်ကြိုးစားဖို့ လိုတာပေါ့ဗျာ။ မင်းရဲ့ အောင်မြင်မှုကို မျှော်လင့်နေတဲ့သူတွေ အများကြီး ရှိနေတာလေ”
“ကျွန်တော် ဟုတ်လား။ ဒါပေမဲ့ ကျွန်တော် ဘာမှတောင် မလုပ်ရသေးဘူးဟာကို”
“အဲ... ဘာပဲဖြစ်ဖြစ် အာဏာပိုင်ကြီးတွေ အားလုံးက မင်းအပေါ်ကို အာရုံစိုက်နေကြတာကတော့ အကြောင်းရင်းတစ်ခုခု ရှိလို့ နေမှာပေါ့။ မင်းကိုယ်တိုင်တောင် မမြင်နိုင်သေးတဲ့ မင်းရဲ့အတွင်းစိတ်ထဲက တစ်စုံတစ်ခုကို သူတို့ မြင်နေကြလို့ နေမှာပါ”
မာရူး က သူ့လက်ကို သူ ငုံ့ကြည့်လိုက်တယ်။ သူက လူတွေရဲ့ အာရုံစိုက်မှုကို ခံနေရတယ်ဆိုတာ သိရတာ ကောင်းပေမဲ့ တကယ်တမ်းတော့ နည်းနည်း စိတ်ဖိစီးဖို့ကောင်းတာပေါ့။ သူကိုယ်တိုင်လည်း အခုထိ သေချာ ယုံကြည်မှု မရှိသေးဘူးလေ။ စင်ပေါ်မှာ သရုပ်ဆောင်ရတာနဲ့ လူရွေးပွဲမှာ သရုပ်ဆောင်ရတာက လုံးဝကို ကွဲပြားခြားနားတာမို့လို့ပါ။
“အော်... စကားမစပ်၊ မစ္စ ဆူယွန်း လည်း အဲဒီမှာ ရှိနေလိမ့်မယ်”
“ဒါကတော့ သတင်းကောင်း မဟုတ်ဘူးပဲ”
“ဘာဖြစ်လို့လဲ”
“ကျွန်တော် သူနဲ့ မနီးစပ်ချင်ဘူး။ သူ့ရဲ့ စိတ်နေစိတ်ထားက ကျွန်တော်နဲ့ အဆင်မပြေလို့ပါ”
“အဲ... အဲဒီလိုလား”
“ဟုတ်တယ်”
“မင်းက တကယ့်ကို ပွင်းပွင်းလင်းလင်း ပြောတတ်တာပဲ”
ဂွန်ဆူ က စိတ်မသက်မသာနဲ့ပဲ ပြုံးလိုက်မိတော့တယ်။
* * * * * * * * *