အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
အခန်း(၁၈၃)
“နောက်မှ တွေ့ကြသေးတာပေါ့”
ဥက္ကဋ္ဌက လက်ဆွဲနှုတ်ဆက်ပြီးတာနဲ့ သူ့ကားထဲ ဝင်သွားတယ်။
“အဆင်ပြေပြေ ပြီးသွားခဲ့တာလား” လို့ ရှေ့နေပတ်က မေးတယ်။
ဂျွန်မင်းက ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်ကာ -
“ဒါနဲ့ နေပါဦး၊ ဂျွန်မင်း၊ ဘာလို့ တခြားသူတွေမဟုတ်ဘဲ ဒီလိုချာတိတ်တွေကို အချိန်ပေးပြီး လိုက်ကြည့်ပေးနေရတာလဲ”
“ရင်းနှီးမြှုပ်နှံသူတစ်ယောက်က မိမိစိုက်ထုတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် အချိန်ပိုပေးလေလေ၊ ပြန်ရမယ့် အကျိုးအမြတ်က ပိုများလေလေပဲလေ”
“မင်းက မာရူးမှာ အဲဒီလောက်အထိ တန်ဖိုးရှိတယ်လို့ ထင်နေတာလား”
“အဲဒါလည်း ပါသလို ဂွန်ဆော့ကိုလည်း ဒီလိုကြီး ရုတ်တရက် ဆုံးရှုံးမခံချင်ဘူး။ ညီအစ်ကိုနှစ်ယောက်လုံး ကိုရီးယား ဖျော်ဖြေရေးလောကမှာ တောက်ပတဲ့ ကြယ်တစ်ပွင့်စီ ဖြစ်လာကြတာကို မြင်ရရင် သိပ်ကောင်းမှာပဲ၊ မင်းကော မသိချင်ဘူးလား”
“အွန်း… လာပြန်ပြီ ဒီအကျင့်ဆိုးကြီး၊ မင်းတက္ကသိုလ်တက်ကတည်းက အဲဒီလိုပဲ။ ပြောရရင်တော့ တခြားလူတွေရဲ့ အောင်မြင်မှုအပေါ် အမြတ်ထုတ်ရတာကို မင်းက အမြဲကြိုက်တာကိုး”
“ငါ့ သရုပ်ဆောင်သက်တမ်း တစ်ဆယ့်ငါးနှစ်အတွင်းမှာ ရလိုက်တဲ့ တစ်ခုတည်းသော အရာက အကြွေးတွေပဲလေ။ အဲဒီအချိန်ကျမှပဲ ကိုယ်တစ်ယောက်တည်းနဲ့တော့ အောင်မြင်မှုအကြီးကြီး မရနိုင်ပါလားဆိုတာကို သဘောပေါက်သွားတော့တယ်”
သူဟာ သရုပ်ဆောင်တာနဲ့ပတ်သက်ရင် ပါရမီမပါဘူးဆိုတာကို လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက သိခဲ့တာပါ။ ဒါကိုမှ ဇွတ်မှိတ်ပြီး ကြိုးစားခဲ့ရတဲ့ အကြောင်းရင်းကတော့ လျှောက်လှမ်းရမယ့် လမ်းအပေါ် မျှော်လင့်ချက်အမှားတွေ ရှိနေခဲ့လို့ပဲ ဖြစ်တယ်။
အသက်သုံးဆယ်ကျော် အရွယ်အထိ အောင်မြင်ဖို့အတွက် အသည်းအသန် ရုန်းကန်ခဲ့ရတယ်။ သူအလုပ်လုပ်နေတဲ့ ပြဇာတ်အဖွဲ့ကြီး ပြိုကွဲပျက်စီးသွားတဲ့ အချိန်ကျမှပဲ သူ့ရဲ့ မိုက်မဲမှုကို သူ သဘောပေါက်သွားခဲ့ရတယ်။
“အခုဆို မင်းမှာ ပိုက်ဆံတွေ အများကြီး ရှိနေပြီပဲဟာ။ ခရီးတွေဘာတွေထွက်ပြီး နားနားနေနေ မနေတော့ဘူးလား”
“ဟင့်အင်း၊ ငါ အနားမယူချင်သေးဘူး။ ငါ မလုပ်ရသေးတဲ့ အရာတွေ အများကြီး ရှိနေသေးတယ်”
“ကိုရီးယားမှာ နာမည်ကြီး ကြယ်ပွင့်တွေ အများကြီး မွေးထုတ်ပေးပြီးတာတောင် မင်းက လောဘကြီးနေတုန်းပဲလား”
ဂျွန်မင်း ခေါင်းငြိမ့်ပြလိုက်တယ်။ ပိုက်ဆံက သူ့အတွက် စိတ်အားထက်သန်စရာ အကြောင်းရင်း မဟုတ်တော့ပါဘူး။ သူလိုချင်တဲ့အရာကို ရဖို့အတွက်ဆိုရင် သူ့ရဲ့ ပိုက်ဆံတွေအားလုံးကို လွှင့်ပစ်လိုက်ရပါစေဦးတော့၊ သူ ဂရုမစိုက်တော့ဘူး။
“သရုပ်ဆောင် ကောင်းတဲ့လူတွေ အများကြီး ရှိပါတယ်။ သူတို့အားလုံးက တော်ကြပါတယ်၊ ဒါပေမဲ့ ငါ့ရဲ့ သတ်မှတ်ချက်တွေကိုတော့ မမီကြဘူး။ ဘယ်တော့မှလည်း မီလာမှာ မဟုတ်ဘူး”
“... ငါ ထင်တာတော့ အဲဒီလူက မင်းကို အခုထိ ဖမ်းစားထားတုန်းပဲ ထင်တယ်။ သူ့နာမည်က ဘယ်သူပါလိမ့်”
“ဂျောင်ဟဲဂျူ”
“အော်… ဟုတ်သားပဲ၊ သူပဲ။ အဲဒီတုန်းက အချိန်ကို မှတ်မိသေးတယ်။ အခုလို အချိန်မျိုးပေါ့။ မင်းက နောက်ဆုံးတော့ ရှာတွေ့ပြီဆိုပြီး အရူးတစ်ယောက်လို အော်ဟစ်ရယ်မောနေခဲ့တာ”
“ဟုတ်တယ်၊ သူက ကျွန်တော့်ရဲ့ စံနှုန်းတွေကို တကယ်မီခဲ့တဲ့ တစ်ဦးတည်းသော လူသားပဲ။ တကယ့် ကြယ်ပွင့်စစ်စစ်တစ်ပွင့် ဖြစ်လာနိုင်ခဲ့တဲ့သူပေါ့”
“သေသွားတဲ့လူအကြောင်းကို ပြန်မပြောချင်ပေမဲ့ အစကတည်းက ကျွန်တော် သိချင်နေတာ တစ်ခုရှိတယ်။ မင်း သူ့ကို သဘောကျခဲ့တာလား”
“... သူက ခွေးတွေကို သိပ်ချစ်တာပဲ”
“ဒါကြောင့်မို့လို့ မင်း ခွေးတွေကို ချစ်နေတာကိုး။ အဲဒါကြောင့်ပဲ အခုထိ တစ်ယောက်တည်း နေနေတာလား”
“ဖြစ်နိုင်တာပေါ့”
“ဟေ့လူ၊ အိမ်ထောင်ပြုလိုက်ပါတော့။ အတိတ်တွေထဲမှာပဲ အဲဒီလောက်ကြီး ပိတ်မိမနေပါနဲ့။ အဲဒီတုန်းက သူ့ရဲ့ သရုပ်ဆောင်ချက်တွေက အံ့ဩဖို့ကောင်းချင် ကောင်းနေလိမ့်မယ်၊ ဒါပေမဲ့ အခုအချိန်အထိ မင်း အမှတ်ရနေရလောက်အောင်အထိ အစွမ်းထက်နေတုန်းပဲလား။ အမှတ်တရတွေကတော့ အမြဲတမ်း လှပနေတတ်တာပဲလေ။ မင်းရဲ့ အမှတ်တရထဲက ဟဲဂျူက အခု မင်းတွေ့နေရတဲ့ လူတွေအားလုံးထက် ပိုသာနေတာကတော့ မတတ်နိုင်ဘူးပေါ့။ မင်းက အိမ်မက်တွေနောက်ကို လိုက်နေရမယ့် အသက်အရွယ်လည်း မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်နဲ့ ပြေလည်အောင် ညှိနှိုင်းပြီး ဘဝကို ပိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်ပြီ”
“ဒါကြောင့်လည်း မင်းက မင်းရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တိုင်းမှာ ငါ့ဆီ ဖုန်းဆက်ပြီး မင်း သေလုမတတ် ပင်ပန်းနေရတဲ့ အကြောင်းတွေကို လာလာပြောနေတာပေါ့ ဟုတ်လား”
“အမလေး… မင်းရဲ့ မှတ်ဉာဏ်ကတော့ တကယ်ပဲ”
ရှေ့နေပတ်က ကားပေါ် တက်လိုက်ရင်း -
“နောက်ဆုံးတော့ အရာအားလုံးက ကိုယ့်အမြင်နဲ့ကိုယ်ပါပဲ။ လူတိုင်းကို ဆွဲဆောင်နိုင်တဲ့ သရုပ်ဆောင်မျိုး ရှိလိမ့်မယ်လို့ ငါမထင်ဘူး။ မင်းရဲ့ စံနှုန်းတွေကို နည်းနည်းလောက် လျှော့ချလိုက်ပါဦး။ ကိုယ့်ကိုယ်ကိုယ်လည်း သက်သောင့်သက်သာ ဖြစ်အောင် ထားပါဦး”
“မင်းလိုလူကတောင် အဲဒီလို လာပြောနေရတယ်ဆိုတော့ ငါ့ပုံစံက တော်တော်လေး ကြည့်ရဆိုးနေလို့ ထင်တယ်”
“မင်း အခုမှ သိတာလား။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ မင်း လူတွေအများကြီးကို ပျိုးထောင်ပေးခဲ့တာပဲ။ လမ်းပေါ်က ဘယ်သူ့ကိုမဆို ဖမ်းမေးကြည့်လိုက်စမ်းပါ။ မင်း ပျိုးထောင်ပေးခဲ့တဲ့သူတွေက သာမန်လူတွေပဲလားလို့။ လူတိုင်းက မင်းရဲ့လူတွေကို အလွန်တော်တဲ့ သရုပ်ဆောင်တွေလို့ပဲ ပြောကြလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ အမှတ်တရတွေနောက်ကို လိုက်မနေပါနဲ့တော့။ မင်းက အခုအတိုင်းတင်ကို တော်တော်လေး အံ့ဩဖို့ကောင်းနေပါပြီ”
ရှေ့နေပတ်က ပြတင်းပေါက်ကနေ လက်ပြပြီး ထွက်ခွာသွားတယ်။ ဂျွန်မင်းက ဝေးကွာသွားတဲ့ ကားလေးကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိတယ် -
“ဒါပေမဲ့ သူငယ်ချင်းရာ၊ ငါက အဲဒါကို မြင်ဖူးသွားခဲ့ပြီပဲ။ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ထိတွေ့ပွတ်သပ်ပေးနိုင်တဲ့ သရုပ်ဆောင်မှုမျိုးက ဘယ်လိုလဲဆိုတာ ငါ သိနေတာပဲ။ မင်းပြောသလို အဲဒါက ငါ့အမှတ်တရထဲက တစ္ဆေတစ်ကောင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငါ မေ့ပစ်လို့ မရဘူး။ အဲဒီနေ့က ပြဇာတ်၊ အဲဒီနေ့က သူ့ရဲ့ သရုပ်ဆောင်မှုတွေ… အဲဒါက တစ္ဆေတစ်ကောင်ပဲ ဖြစ်နေပါစေဦး၊ ငါကတော့ လိုက်လံရှာဖွေနေမိမှာပဲ။ အဲဒီနေ့ကတည်းက ငါကတော့ အဲဒီပြဇာတ်ရုံခန်းမကြီးထဲကနေ တစ်ဖဝါးမှ မခွာနိုင်သေးဘူး ဖြစ်နေတယ်”
ဂျွန်မင်းက သူ့ဦးထုပ်ကို ဖိဆောင်းလိုက်ပြီး ထွက်ခွာသွားတော့တယ်။
* * * * * * * * *
မနက် ၁ နာရီဝန်းကျင်မှာ သူတို့ ဂျူဝမ်ဆန် အမျိုးသားဥယျာဉ်ဆီ ရောက်လာကြပြီး၊ ဂွန်ဆူက မီးလင်းနေတုန်းဖြစ်တဲ့ ဗီလာအိမ်လေးဆီကို ကားကို ကွေ့မောင်းလိုက်တယ်။
“ရောက်ပြီ။ မင်း ပင်ပန်းနေရောပေါ့”
“ပင်ပန်းရမှာက အစ်ကိုလေ”
မာရူးက ကားပေါ်ကနေ ဂွန်ဆူရဲ့နောက်က လိုက်ပြီး ဗီလာထဲ ဝင်လာခဲ့တယ်။ အိမ်ထဲမှာ လူတွေရှိနေတာကို သူ ခံစားမိပေမဲ့ ဘယ်သူ့ကိုမှ မြင်ကွင်းထဲ မတွေ့ရဘူး။ ပထမထပ် ဧည့်ခန်းထဲက တီဗီကတော့ သူ့အလိုလို အသံတွေ ထွက်နေခဲ့တယ်။
“သူတို့တွေ အပေါ်ထပ်မှာ ရှိနေကြတာ ထင်တယ်”
သူတို့နှစ်ယောက် လမ်းမှာ ဝယ်လာတဲ့ စားစရာတွေကို ချထားပြီး အပေါ်ထပ်ကို တက်လာခဲ့ကြရာ၊ လှေကားဘေးတင် ရှိတဲ့ အခန်းထဲကနေ အသံတွေ ထွက်နေတာကို ကြားလိုက်ရတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ အသံပဲ။ ဂွန်ဆူက တံခါးကို ခေါက်လိုက်တယ်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် တံခါးက ဂျိမ်းခနဲ ပွင့်လာခဲ့တယ်။ အခန်းထဲက အပူရှိန်က မာရူးရဲ့ မျက်နှာဆီကို ချက်ချင်း ရိုက်ခတ်လာတော့တယ်။ အပူပေးစက်ကလာတဲ့ အပူမျိုး မဟုတ်ဘဲ လူတစ်ယောက်ရဲ့ စွမ်းအင်ကနေ ထွက်လာတဲ့ အပူရှိန်မျိုးပဲ။
“ရောက်လာကြပြီလား”
ဆူယွန်းက ပြုံးပြီး သူတို့ကို နှုတ်ဆက်လိုက်ရင်း၊ သူ့မျက်လုံးတွေက ဘေးက မာရူးဆီ ရောက်သွားတယ်။ သူ့အပြုံးက ပိုပြီး နက်ရှိုင်းလာကာ -
“မာရူးလား”
“ဟုတ်ကဲ့။ ဟုတ်ကဲ့၊ မင်္ဂလာပါ”
“မင်းက အခုထိ ချစ်စရာမကောင်းသေးပါလား”
သူ့ပါးကို အသာလေး လာဆွဲဖို့ ကြိုးစားတဲ့ ဆူယွန်းကို မာရူးက ရှောင်လိုက်တယ်။
“အမြဲတမ်း ကြေးကြီးနေတုန်းပဲနော်။ ကဲ… အထဲဝင်ခဲ့ကြလေ”
ဆူယွန်းက ဒီလို ဆက်ဆံခံရတာကို အသားကျနေတဲ့အတိုင်း ပြုံးနေခဲ့တယ်။ အခန်းထဲမှာတော့ ဆံပင်အလွန်တိုတိုနဲ့ အမျိုးသားတစ်ယောက် ရှိနေတယ်။ အဲဒီလူရဲ့ ရှေ့မှာတော့ ဘီယာဘူးတစ်ဘူးနဲ့ မှတ်စုစာအုပ်တစ်အုပ် ရှိနေပြီး၊ သူက ကိုင်းမျက်မှန်ကို ပင့်တင်ရင်း မာရူးကို မော့ကြည့်လိုက်ကာ -
“ဒါ ဘယ်သူလဲ”
ဂွန်ဆူက အဲဒီမေးခွန်းကို ဝင်ဖြေပေးလိုက်တယ် -
“အင်း… ရှုပ်ထွေးလှတဲ့ လူငယ်လေးတစ်ယောက်ပေါ့”
ဂွန်ဆူက ပြဇာတ်ထဲကအတိုင်း လေသံနဲ့ ပြောလိုက်တာပါ။
“မင်းတို့နှစ်ယောက် နောက်ဆုံးတော့ အဆင်ပြေသွားကြပြီလား”
“ဟင့်အင်း၊ ဒီစာရေးဆရာက အခုထိ ကျွန်မကို သူ့နာမည် မပြောရသေးဘူး။ ဒါက နည်းနည်းတော့ လွန်မနေဘူးလား ဂွန်ဆူ”
“သူ့သဘာဝက အဲဒီလိုပဲ ရှိတတ်လို့ နားလည်ပေးလိုက်ပါဦး”
ဂွန်ဆူက စာရေးဆရာရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သလို၊ မာရူးလည်း အဲဒီနေရာမှာပဲ ဝင်ထိုင်လိုက်တယ်။
“ဒါနဲ့ နေပါဦး၊ မင်းတို့ ဘာလုပ်နေကြတာလဲ”
“ဒီအမျိုးသမီးက သူ့ရဲ့ ဇာတ်ကောင်စရိုက်ကို ပြန်သုံးသပ်ပေးဖို့ တောင်းဆိုနေလို့ ကျွန်တော် ကြည့်ပေးနေတာ”
အဲဒီလူက အလွန်ပျင်းရိငြီးငွေ့ တဲ့ လေသံနဲ့ ပြောလိုက်တယ်။
“ကျွန်မက ‘ဒီအမျိုးသမီး’ မဟုတ်ပါဘူး။ ကင်ဆူယွန်းပါလို့ ကျွန်မ ရှင့်ကို အကြိမ်ကြိမ် ပြောပြီးပြီလေ ဆရာစာရေးဆရာရဲ့”
“ဂွန်ဆူ ရောက်လာပြီဆိုတော့ ကျွန်တော် သွားတော့မယ်”
အဲဒီလူ ထရပ်ဖို့ ကြိုးစားတဲ့အခါ ဆူယွန်းက တံခါးကို ပိတ်ရပ်လိုက်ပြီး -
“ကျွန်မ ဆရာ့ဆီကနေ ဝေဖန်အကြံပြုချက် လိုချင်ပါတယ်ရှင်”
“ငါ မင်းကို ပြောပြီးပြီပဲ။ အားလုံး အဆင်ပြေပါတယ်။ ငါက သရုပ်ဆောင်တာနဲ့ပတ်သက်ရင် သိပ်နားမလည်ဘူး။ မင်းလို ကျွမ်းကျင်တဲ့သူတစ်ယောက်က ဘာလို့ ငါ့ဆီကနေ ဝေဖန်ချက် တောင်းနေရတာလဲ။ မင်း အဆင်ပြေသလိုသာ လုပ်ပါ”
မာရူးက သူတို့နှစ်ယောက်ကို ကြည့်ပြီး အသာလေး ပြုံးလိုက်မိတယ်၊ ဆူယွန်းရဲ့ အသည်းအသန် ဖြစ်နေတဲ့ ပုံစံကို ကြည့်ရတာ သူ့အတွက်တော့ နည်းနည်း ရယ်စရာကောင်းနေလို့ပဲ။
“သူ့ကို ကူညီပေးလိုက်ပါဦး ဗျာ။ မင်းတို့တွေ အတူတူ အလုပ်လုပ်ရဦးမှာပဲဟာကို”
ဂွန်ဆူကလည်း အဲဒီလူကို ပြန်ဆွဲထိုင်ခိုင်းလိုက်လို့၊ အဲဒီလူက ဂွန်ဆူကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးမှ ပြန်ထိုင်လိုက်တယ်။
“ဒါဆိုလည်း ပြီးရော။ ရှင်တို့ သုံးယောက်လုံး ဒီမှာ ရှိနေကြတာဆိုတော့ ကျွန်မကို ဝေဖန်ပေးကြပါဦး။ ကျွန်မ ဒီအခန်းလေးကို သရုပ်ဆောင်ပြချင်လို့ပါ”
ဆူယွန်းက ‘ဆည်းဆာအချိန် ရုန်းကန်မှုများ’ ရဲ့ အလယ်စာမျက်နှာကို ဖွင့်လိုက်ပြီး၊ ဒုတိယသားရဲ့ သမီးဖြစ်သူရဲ့ ဒိုင်ယာလော့ခ်ကို ထောက်ပြလိုက်တယ်။ မာရူးက အဲဒီအခန်းကို ချက်ချင်းပဲ မှတ်မိသွားခဲ့တယ်၊ ဒါက ဒီစာအုပ်ကို ဆယ်ကြိမ်မက ဖတ်ထားခဲ့တဲ့ အကျိုးကျေးဇူးပဲ ဖြစ်တယ်။
ဆူယွန်းက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။ သူ့မျက်နှာပေါ်မှာ အလွန်အမင်း ကြောက်လန့်တုန်လှုပ်ပြီး စိတ်ပျက်အားငယ်နေတဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး၊ လွန်ခဲ့တဲ့ ခဏလေးတင်က ပြုံးနေခဲ့တဲ့သူ ဟုတ်မှဟုတ်ရဲ့လားလို့ ထင်ရလောက်အောင်ပဲ။ သူက အောက်က ကော်ဇောကို ကုတ်ခြစ်ရင်း ဖြည်းဖြည်းချင်း ပါးစပ်ဟလိုက်ကာ -
“... အဖိုး၊ ကျေးဇူးပြုပြီး အဲဒီလို မလုပ်ပါနဲ့။ ဟုတ်ပြီလား။ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး။ တစ်ခုခု မှားယွင်းနေတာ ဖြစ်ရမယ်။ အဖိုး၊ အဖိုး။ အား…”
ဆူယွန်းက သူ့ရှေ့မှာ ဧရာမမြွေကြီးတစ်ကောင်ကို မြင်လိုက်ရတဲ့အတိုင်း နောက်ပြန် ဆုတ်သွားခဲ့တယ်။ မာရူးရဲ့ စိတ်ထဲမှာတော့ အဖိုးအိုတစ်ယောက်က သေဆုံးသွားတဲ့ သူ့သားကို တုံးတိတိ လက်နက်တစ်ခုနဲ့ ထပ်ခါတလဲလဲ ရိုက်နှက်နေတဲ့ အခန်းကို ပြန်မြင်ယောင်လာမိတယ်။ ဖြောင်း… ဖြောင်း… ဖြောင်း…။ အဲဒီ စက်ဆုပ်ရွံရှာဖွေ သံတွေကို သူ့နားထဲမှာ ကြားနေရသလိုပဲ။
“အဖေ… အဖေ… အဖေ…”
ဆူယွန်းက တစ်စုံတစ်ယောက်ကို ထူမပေးဖို့ ကြိုးစားနေတဲ့အတိုင်း ရှေ့ကို ပြန်ပြီး တွားသွားခဲ့တယ်။ သူ့ရှေ့မှာ အလောင်းတစ်လောင်း ရှိနေတာ သေချာသလောက် ရှိနေပြီး၊ သူ့ရဲ့ မျက်နှာအမူအရာကတော့ မျှော်လင့်ချက်မဲ့မှုနဲ့ ကြောက်ရွံ့မှုတွေ ဖုံးလွှမ်းနေခဲ့တယ်။ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းတဲ့ အသံတွေက သူ့ရဲ့ ဟနေတဲ့ ပါးစပ်ထဲကနေ ထွက်လာနေတယ်။ ပုံမှန်မဟုတ်တဲ့ အသက်ရှူသံတွေ၊ တုန်လှုပ်နေတဲ့ မျက်ဝန်းတွေနဲ့ လမ်းပျောက်နေတဲ့ လက်ဖဝါးတွေ…။ သူက သူ့ရှေ့က အလောင်းကို ဖက်လိုက်ပြီးမှ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်တယ်။ ပြီးတော့ တစ်ခုခုနဲ့ အရိုက်ခံလိုက်ရသလိုမျိုး နောက်ကို လဲကျသွားတော့တယ်။
‘ထင်တဲ့အတိုင်းပဲ’
ပါရမီမရှိတဲ့လူတစ်ယောက်က အောင်မြင်ဖို့အတွက် ပေါင်းသင်းဆက်ဆံရေးကိုပဲ အားကိုးနေရင် ကျရှုံးမှာ သေချာပေမဲ့ ဆူယွန်းကတော့ မတူဘူး။ သူ့အကြောင်း ထွက်နေတဲ့ ကောလာဟလတွေကို ခဏဖယ်ထားရင်၊ သူ့ရဲ့ သရုပ်ဆောင်မှု အရည်အချင်းကတော့ တကယ့် အစစ်အမှန်ပဲ ဖြစ်တယ်။ ခဏအကြာမှာ သူ နေရာကနေ ထရပ်လိုက်ပြီး၊ ဘာမှမပြောဘဲ စက္ကန့်အနည်းငယ်လောက် စိတ်ငြိမ်အောင် ကြိုးစားနေခဲ့တယ်။ ရင်ဘတ်ပေါ် တင်ထားတဲ့ သူ့လက်က တုန်တုန်ယင်ယင် ဖြစ်နေတုန်းပဲ။
“ဘယ်လိုလဲ”
ဆူယွန်းက မောပန်းနွမ်းနယ် တဲ့ လေသံနဲ့ မေးလိုက်တယ်။ မာရူးက စာရေးဆရာကို လှမ်းကြည့်လိုက်ရာ၊ အဲဒီလူက မဲ့ပြုံးလေးနဲ့ ‘အလွန်ကောင်းပါတယ်’ လို့ ပြောလိုက်တယ်။
“ငါ မင်းကို ပြောသားပဲ မဟုတ်လား။ မင်းက ကျွမ်းကျင်တဲ့သူပဲ။ ငါ့အမြင်မှာတော့ အပြစ်ပြောစရာ မရှိပါဘူး။ ဒါကြောင့် ငါ့ဆီကနေ ဝေဖန်ချက် တောင်းနေတာက အလကားပါပဲ”
“ကျွန်မကတော့ အဲဒီလို မထင်ဘူး”
ဆူယွန်းက ယုံကြည်မှုအပြည့်နဲ့ ပြန်ပြောလိုက်တယ် -
“ရှင်သိတဲ့အတိုင်း၊ လူတွေက အနုပညာကို မသင်ယူထားရရင်တောင် ဝေဖန်ပိုင်းခြားတဲ့နေရာမှာ အလွန်တော်ကြတယ်။ ကောင်းမွန်တဲ့ အနုပညာတစ်ခုက ဘယ်လိုရှိလဲဆိုတာ သူတို့မှာ အရှိကိုအရှိအတိုင်း စံနှုန်းတစ်ခု ရှိကြတယ်။ ဒါကြောင့်မို့လို့ စာရေးဆရာဖြစ်တဲ့ ရှင့်ကို ကျွန်မ မေးနေတာပေါ့။ အခုနက ကျွန်မရဲ့ သရုပ်ဆောင်မှုက ရှင့်ရဲ့ စံနှုန်းကို ပြည့်မီရဲ့လား။ ရှင့်ဆီက ဝေဖန်ချက် တောင်းတာက အလကားပဲ ဟုတ်လား။ မဟုတ်တာ။ ရှင့်မျက်နှာကို ကြည့်တာနဲ့တင် ကျွန်မ သရုပ်ဆောင်တာကို မကောင်းဘူးလို့ ထင်နေတာ သိသာနေတာပဲ”
မာရူးဟာ ဆူယွန်းအပေါ် ထားတဲ့ သူ့ရဲ့ အမြင်ကို ချက်ချင်း ပြောင်းလဲလိုက်ရတယ်။ သူက အောင်မြင်မှုကို ဆာလောင်နေပြီး ပါရမီလည်း ရှိတယ်။ တခြားအမျိုးသားတွေကို မြူဆွယ်စားသောက်နေတာဟာလည်း နောက်ဆုံးတော့ သူ့ရဲ့ အရည်အချင်းတွေထဲက တစ်ခုပဲ ဖြစ်တယ်ဆိုတာကို သူ ဒီမှာ သက်သေပြနေတာပဲ။ ဒါကတော့ သူ့ကို ဆူယွန်းနဲ့ ပိုပြီး ဝေးဝေးနေချင်အောင် လုပ်လိုက်တာ။ ဒါပေမဲ့ ဆူယွန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားသင့်တယ်ဆိုတာကိုတော့ သူ သဘောပေါက်လိုက်တယ်။ ဘယ်အချိန်မှာ အတူတူ အလုပ်လုပ်ရမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးမလား။
“မင်းက တော်တော်လေး ဇွဲကြီးတာပဲ”
“ရှင် အခုမှ သိတာလား”
အဲဒီလူက ခေါင်းခါရင်း သူ့စာအုပ်ကို မြှောက်ပြလိုက်ကာ -
“ဒုတိယသားရဲ့ သမီးဟာ စကားပြောနေရင်းနဲ့ သူကော သူ့အဖေပါ သေရတော့မယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်။ ဒါကြောင့်မို့လို့ သူ အသည်းအသန် ဖြစ်နေတာ။ ဘယ်လိုပြောရမလဲမသိပေမဲ့၊ မင်းရဲ့ သရုပ်ဆောင်မှုမှာ အဲဒါ လိုအပ်နေတယ်။ မင်းရဲ့ သရုပ်ဆောင်မှုကို ကြည့်ရတာ စိတ်မသက်မသာ ဖြစ်ရပေမဲ့၊ အသည်းအသန် ဖြစ်နေတဲ့ ခံစားချက်မျိုးကိုတော့ မခံစားရဘူး။ ငါ ပြောနိုင်တာ ဒါပါပဲ”
ဆူယွန်းရဲ့ မျက်နှာပေါ်မှာ အလွန်ကျေနပ်သွားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
“တွေ့လား။ ကြိုးစားရင် ရသားပဲဥစ္စာ”
“ငါတို့ အခု နားလို့ရပြီလား။ ငါ ဒီမှာ ပိတ်မိနေတာ တစ်နာရီရှိပြီ”
ဆူယွန်းက ခေါင်းငြိမ့်ပြပြီး အပြင်ကို ထွက်သွားသလို၊ ဂွန်ဆူနဲ့ အဲဒီလူကလည်း သူ့နောက်က လိုက်သွားကြတယ်။ အခန်းထဲမှာ လူမရှိတော့တဲ့အခါ မာရူးက ကြမ်းပြင်ပေါ်က စာအုပ်ကို ကောက်ယူပြီး ဆူယွန်း သရုပ်ဆောင်သွားတဲ့ အပိုင်းကို ပြန်ဖတ်ကြည့်လိုက်တယ်။
“အသည်းအသန် ဖြစ်နေတယ်…”
“ဘာဖြစ်လို့လဲ”
မာရူး အလိုအလျောက် မော့ကြည့်လိုက်ရာ၊ အဲဒီလူက တံခါးဝကနေ သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူက ဂွန်ဆူနဲ့အတူ အောက်ထပ်ကို ဆင်းသွားခဲ့တာ မဟုတ်ဘူးလား။
“မင်းရဲ့ ပုံစံက မကျေနပ်သလို ဖြစ်နေတယ်”
“ဘာမှမဟုတ်ပါဘူး”
“ဒါဆိုလည်း ပြောပြပါဦး။ ဘာဖြစ်လို့လဲ”
မာရူး ခဏလောက် စဉ်းစားလိုက်မိတယ်၊ တခြားလူတစ်ယောက်ရဲ့ ဖန်တီးမှုကို ဝေဖန်တာက တော်တော်လေး ရိုင်းရာကျနိုင်ပါတယ်။ အထူးသဖြင့် အထက်တန်းကျောင်းသားတစ်ယောက်ဆီကနေ လာတဲ့ ဝေဖန်ချက်မျိုးဆိုရင်ပေါ့၊ ဒါကြောင့် ဒီနေရာမှာ တခြားတစ်ခုခုပဲ ပြောလိုက်တာ ပိုကောင်းပါလိမ့်မယ်။
“ငါက လူတွေက တည့်တည့်မဖြေချင်လို့ စကားလုံးတွေ လှည့်ပတ်ပြောနေတာကို သိပ်မကြိုက်ဘူး”
မာရူးက မဲ့ပြုံးလေးပြုံးပြီး စာအုပ်ကို ပိတ်လိုက်တယ်၊ ဒီလူက ရိုးရိုးသားသား ပြောတာကိုပဲ သဘောကျတဲ့လူစားမျိုးကိုး။
“ကျွန်တော် ဒီအပိုင်းကို သိပ်သဘောမကျလို့ပါ”
“ဘယ်နေရာလဲ”
“‘သူက ကြမ်းပြင်ပေါ်က အလောင်းကို ဖက်ပြီး အဖေလို့ အော်ဟစ်ခဲ့တယ်’ ဆိုတဲ့ နေရာပါ။ ဒီအမျိုးသမီးက သူ့အဖိုးက သူ့အဖေကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်တာကို မြင်ခဲ့တာ။ အဖေဖြစ်သူ သေဆုံးသွားပြီးတာတောင် အဖိုးဖြစ်သူက အလောင်းကို ဆက်တိုက် ရိုက်နှက်နေတာကိုလည်း သူ မြင်ခဲ့ရသေးတယ်”
“ဟုတ်တယ်လေ”
“အဲဒီအမျိုးသမီးက အသက်ရှင်ချင်နေတာ။ လူသတ်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးတာတောင် စကားပြောနိုင်လောက်အောင် စိတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေသေးတယ်။ ဒီအခန်းမတိုင်ခင်တင် သူ့အဖိုးကို ဖျောင်းဖျဖို့ ကြိုးစားခဲ့တဲ့ အခန်းတောင် ရှိသေးတယ်မလား”
“ဒါဆိုရင်ကော”
“ကိုယ့်ရဲ့ အသက်က အဖိုးဖြစ်သူရဲ့ လက်ထဲမှာ ရှိနေတဲ့အချိန်မှာ၊ သေဆုံးသွားတဲ့ အဖေကို ဖက်ထားတယ်ဆိုတာက ကျွန်တော့်အတွက်တော့ နည်းနည်း ထူးဆန်းနေသလိုပဲ။ အဲဒီအစား အဖိုးရဲ့ ဘောင်းဘီစကို ဆွဲပြီး အဖိုးလို့ အော်ဟစ်တောင်းပန်လိုက်ရင် ဘယ်လိုပုံစံ ဖြစ်သွားမလဲလို့ တွေးမိလို့ပါ… အကြီးအကျယ်တော့ မဟုတ်ပါဘူး”
မာရူး စကားဆုံးတာနဲ့ အဲဒီလူက ချက်ချင်းပဲ လက်လှမ်းပေးလာခဲ့တယ်၊ လက်ဆွဲနှုတ်ဆက်ဖို့ တောင်းဆိုနေတဲ့ ပုံစံပဲ။
“ငါက ဒီစာအုပ်ကို ရေးခဲ့တဲ့လူပဲ”
“အာ… ဟုတ်ကဲ့။ ဆရာ ဂွတ်ဂျွန် မဟုတ်လား ခင်ဗျာ”
စာအုပ်မျက်နှာဖုံးမှာ ရေးထားတဲ့ နာမည်က အဲဒါပဲ ဖြစ်တယ်။
“ဟုတ်တယ်”
လက်ဆွဲနှုတ်ဆက်တာက ရုတ်တရက်ကြီး ဖြစ်နေပေမဲ့ မာရူးကတော့ လက်ခံနှုတ်ဆက်လိုက်တယ်။ အဲဒီအချိန်မှာပဲ အောက်ထပ်ကနေ တံခါးစောင့်သံလို အသံအကျယ်ကြီး ထွက်လာခဲ့တယ်။ ဆူယွန်းပဲ ဖြစ်တယ်။
“အပေါ်ထပ်မှာ ဘာလုပ်နေကြတာလဲ”
“ငါတို့ အခု ဆင်းလာခဲ့တော့မလို့” လို့ ဂွတ်ဂျွန် က ပြန်ဖြေလိုက်တယ်။
ဆူယွန်းက ဂွတ်ဂျွန် ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးမှ မာရူးဘက် လှည့်လာကာ -
“မာရူး၊ ဒီလူက တော်တော်လေး ကပ်စေးနှဲတာပဲ။ အခုအချိန်အထိ ကျွန်မကို သူ့နာမည် မပြောရသေးဘူး”
“ဗျာ… ဒါပေမဲ့ စာအုပ်ထဲမှာ…”
“အဲဒါက သူ့ရဲ့ ကလောင်နာမည်လေ။ တော်တော်ထူးဆန်းတဲ့ စာရေးဆရာပဲ မဟုတ်လား”
မာရူးက ဂွတ်ဂျွန် ကို ဇဝေဇဝါနဲ့ လှမ်းကြည့်လိုက်တယ်။ ဆူယွန်းရဲ့ ကျောပြင်နောက်ကနေ အဲဒီလူက သူ့နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြနေတာကို သူ မြင်လိုက်ရတော့တယ်။
“ဟဟ”
“ဘာလဲ”
“မင်း လုံးဝ အလှည့်စားခံလိုက်ရတာပဲ”
“ဘာကို ပြောတာလဲ”
“ဘယ်သူသိမှာလဲ”
အောက်ထပ်ကို ဆင်းလာတဲ့အခါ စူးရှတဲ့ ဟင်းခတ်ရနံ့တစ်ခုကို ရလိုက်ရပြီး၊ သူ့ဗိုက်ကလည်း ဆာလောင်မှုကြောင့် အချက်ပြလာခဲ့ပြီ ဖြစ်တယ်။
“မင်း စားပြီးပြီလား” လို့ ဂွတ်ဂျွန် က မေးတယ်။
“ဟင့်အင်း”
“အရင်ဆုံး စားကြတာပေါ့။ ငါက ညည့်နက်မှ ထတတ်တဲ့လူဆိုတော့ အခုအချိန်က ငါ နိုးတဲ့ အချိန်ပဲ။ မင်းကော ဘယ်လိုလဲ”
“ကျွန်တော်လည်း အတူတူပါပဲ”
“ကောင်းပြီ၊ ဒါဆို စားသောက်ပြီးမှ ငါတို့ ဆက်ပြောကြတာပေါ့”
“ဟုတ်ကဲ့ပါ”
ဆူယွန်းက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါရင်း သူတို့နောက်ကနေ လိုက်လာခဲ့တော့တယ်။
* * * * * * * * *
အခန်း(၁၈၄)
"ဒါနဲ့ နေပါဦး... စီနီယာမွန်ဂျောင်ကော ဘယ်ရောက်သွားလဲ"
မာရူးက ဝင်ထိုင်ရင်း မေးလိုက်တယ်။
"သူ စဉ်းစားစရာရှိလို့ ဆိုပြီး အပြင်ထွက်သွားတယ်လေ" လို့ ဆူယွန်းက ပြန်ဖြေတယ်။
"ဒီအချိန်ကြီးကိုလား"
မနက်တစ်နာရီကြီးမှာ တောင်ပေါ်လမ်း လျှောက်နေတယ်ပေါ့။
"ငြိမ်ငြိမ်ဆိတ်ဆိတ်နေရာမျိုးမှာ စိတ်အေးလက်အေး အတွေးတွေ နယ်ချဲ့ချင်လို့ ဖြစ်မှာပါ။ ဒါထက် ပိုအရေးကြီးတာက ဝက်ရိုးအာလူးဟင်း က ဘယ်လိုလဲ။ ကောင်းတယ်မလား"
"ကျွန်တော့်အတွက်တော့ နည်းနည်းငန်တယ်ဗျ"
မာရူး ပြန်ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ဂွတ်ဂျွန်ကလည်း 'သေချာပေါက် ငန်တယ်' ဆိုပြီး ထောက်ခံလေရဲ့။ ဆူယွန်းရဲ့ မျက်ခုံးတွေ အပေါ်ကို နည်းနည်း တက်သွားတယ်။
"မစားချင်လည်း မစားနဲ့လေ။ ဒါပေမဲ့ အစားအသောက်ကို ပြစ်တင်ဝေဖန်နေရင် လူယုတ်မာနဲ့ တူတယ်ဆိုတာ မင်းသိတယ်မလား"
ဆူယွန်းက မဲ့ပြုံး ပြုံးလိုက်တယ်။ ဂွတ်ဂျွန်ကတော့ ရေခဲသေတ္တာထဲကနေ စီရီရယ်နဲ့ နို့ဗူးကို သွားယူဖို့ ချက်ချင်း ထရပ်တယ်။
"မင်းကော စားမလား"
"ဟုတ်ကဲ့၊ ပေးပါဦး"
သူမအတွက်သာဆိုရင် မာရူးက ဆားခဲတွေကိုတောင် လိုလိုလားလား ဝါးစားမိမှာဖြစ်ပေမဲ့ ဆူယွန်းအတွက်တော့ သေချာပေါက် မလုပ်နိုင်ဘူးလေ။ သူက နို့ထဲကို စီရီရယ်တွေ လောင်းထည့်ပြီး အပေါ်ကနေ အယ်လ်မွန်စေ့ နည်းနည်း ဖြူးလိုက်တယ်တုန်း။
"မင်းကလည်း လွန်လွန်းတယ်"
"အဲဒီလို ခဏခဏ အပြောခံရပါတယ်ဗျာ။ ကဲ... အပေါ်ထပ် တက်ကြစို့"
ဂွတ်ဂျွန်က ဂွန်ဆူကို မာရူးကို ခဏခေါ်သွားဦးမယ်လို့ ပြောလိုက်တယ်။ ဂွန်ဆူကလည်း ထလိုက်ဖို့ ပြင်ပေမဲ့ ဆူယွန်းရဲ့ စူးစိုက်ကြည့်မှုကို ခံလိုက်ရလို့ ပြန်ထိုင်ကျသွားရတယ်။
"အာ... ဒီက ယောက်ျားတွေ အကုန်လုံးကတော့ကွာ..."
ဆူယွန်း တစ်ယောက်တည်း အောက်ထပ်မှာ ဒေါသပုန်ထပြီး ကျန်ခဲ့တာကို ထားပစ်ခဲ့ပြီး မာရူးနဲ့ ဂွတ်ဂျွန်တို့ အပေါ်ထပ်ကို တက်လာခဲ့ကြတယ်။ သူတို့တွေ လှေကားနဲ့ နည်းနည်းဝေးတဲ့ အခန်းတစ်ခန်းထဲကို ဝင်လိုက်ကြတယ်။
"ဝင်ခဲ့လေ"
မာရူးလည်း အနောက်ကနေ လိုက်ဝင်သွားတော့ အခန်းထဲမှာ စာရေးခုံနှစ်ခုံနဲ့ ကုတင်တစ်လုံး ရှိနေတာကို တွေ့ရတယ်။ စာရေးခုံတစ်ခုံကတော့ ဗီလာအိမ်ရဲ့ ပတ်ဝန်းကျင် ဒီဇိုင်းနဲ့ လိုက်ဖက်ပေမဲ့ နောက်တစ်ခုံကတော့ အတော်လေး ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ သံမဏိစားပွဲခုံ ဖြစ်နေတယ်။
"အဲဒီ စားပွဲခုံပေါ်မှာ မထိုင်ရရင် ကျွန်တော် စာရေးလို့မရဘူးဗျာ" လို့ ဂွတ်ဂျွန်က သံမဏိစားပွဲခုံကို လက်ညှိုးထိုးပြရင်း ပြောတယ်။
သူက အလုပ်လုပ်တဲ့အခါ အသုံးအဆောင်ပစ္စည်း အသေအချာရှိမှ အလုပ်ဖြစ်မယ့် လူစားမျိုး ဖြစ်ပုံရတယ်။ မာရူးလည်း ရုံးဝန်ထမ်းလုပ်ခဲ့တဲ့ ဘဝတုန်းက ဒီလိုလူမျိုးတွေကို ကြုံဖူးတာပေါ့။ စားပွဲပေါ်မှာ မိမိအရုပ်လေး မရှိရင် စိတ်မအေးဖြစ်တတ်တဲ့ ဝန်ထမ်း၊ စားပွဲပေါ်မှာ မိသားစုဓာတ်ပုံ ရှိနေမှဖြစ်မယ့် အထက်လူကြီး၊ ပြီးတော့ စာချုပ်တွေချုပ်ရင် အမြဲတမ်း ဖောင်တိန်နဲ့ပဲ လက်မှတ်ထိုးတတ်တဲ့ ဒုတိယဥက္ကဋ္ဌ စသဖြင့်ပေါ့။
'ဒါတွေက အိပ်မက်လို ဖြစ်နေပေမဲ့ ငါ တကယ်ပဲ အဲဒီအချိန်တွေကို ဖြတ်သန်းခဲ့တာပဲ။'
မာရူးက အဲဒီလူတွေရဲ့ ဝေဝါးလှတဲ့ အမှတ်တရတွေကို ခဏတာ ပြန်လည်အမှတ်ရလိုက်မိပြီး အမှတ်တရတွေက ချက်ချင်းပဲ ပြန်ပျောက်ကွယ်သွားတယ်။ ရလဒ်အနေနဲ့ သူက ဂွတ်ဂျွန်ရဲ့ စားပွဲခုံကို ရင်နှီးနေတဲ့ ခံစားချက်မျိုးနဲ့ ကြည့်လိုက်မိပြီး စာရေးဆရာရဲ့ စွမ်းအင်တွေက စားပွဲခုံကနေ ထွက်ပေါ်နေသလိုမျိုး ခံစားလိုက်ရတယ်။ စားပွဲအပြည့် ကပ်ထားတဲ့ ပို့စ်အစ် မှတ်စုတိုလေးတွေ၊ အသုံးများလွန်းလို့ မည်းနက်နေတဲ့ စားပွဲအနားသတ်တွေ၊ အပေါ်မှာ ပြန့်ကျဲနေတဲ့ မူကြမ်းစာမူတွေနဲ့ လက်ပ်တော့ပ်တစ်လုံး...
"ဝတ္ထုရေးနေတာလားဗျ"
"လက်ပ်တော့ပ်ပေါ်မှာ စာရိုက်လို့မရတဲ့အခါ စက္ကူပေါ်ကို ထွက်ပြေးလေ့ရှိတယ်လေ။ အဲဒါက စိတ်အာရုံပြောင်းဖို့ အကောင်းဆုံးပဲ"
မာရူးအတွက်တော့ 'ထွက်ပြေးတယ်' ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေတာမို့ ခေါင်းငြိမ့်ပြလိုက်ပြီး ဖွင့်ထားတဲ့ ပြတင်းပေါက်ဆီကို လျှောက်သွားလိုက်တယ်။ အထဲကို တိုက်ခတ်လာတဲ့ လေက အေးစိမ့်နေပေမဲ့ တောင်ပေါ်ကလာတဲ့ လေထုကတော့ တကယ်ကို လန်းဆန်းစေတာပေါ့။
"ဒါက စာရေးဖို့ နေရာကောင်းပဲနော်"
"ဟုတ်တယ်၊ ကျွန်တော်လည်း သဘောတူတယ်"
သူတို့နှစ်ယောက်စလုံး စားသောက်ပြီးတဲ့အထိ စကားဆက်မပြောဖြစ်ကြဘူး။
"စောစောက အပိုင်းကလေ... မင်း ချက်ချင်းပဲ စဉ်းစားမိလိုက်တာလား"
ဂွတ်ဂျွန်က သစ်သားစားပွဲပေါ်မှာ ပန်းကန်အလွတ်ကို တင်ရင်း မေးလိုက်တယ်။
"မဟုတ်ပါဘူး။ ငါးကြိမ်မြောက် ပြန်ဖတ်တဲ့အချိန်ကျမှ ဒီအပိုင်းကို ပြင်ဖို့လိုမယ်လို့ စဉ်းစားမိတာပါ။ မပြင်လည်း ထူးပြီးတော့ ထူးဆန်းမနေပါဘူး"
"မဟုတ်ဘူး၊ မင်း ထောက်ပြတဲ့ အပိုင်းက သေချာပေါက် အမှားပဲ"
"အမှား ဟုတ်လား"
"အဲဒါက အယ်ဒီတာနဲ့ စာမူကြမ်းတွေ အပြန်အလှန် လဲလှယ်တဲ့အချိန်တုန်းက မှားသွားတာလေ။ နောက်ဆုံး မူကြမ်းမှာက မြေးမလေးက အဘိုးဖြစ်သူကို ဖက်ထားရမှာ။ ဒါပေမဲ့ မင်းပြောသလောက်တော့ စိတ်လှုပ်ရှားစရာ မကောင်းအောင် ရေးမိသွားတာ။ သူမ အသက်ရှင်သန်ဖို့အတွက် သွေးအလိမ်းလိမ်းနဲ့ အဘိုးကြီးအနားကို ချဉ်းကပ်တာမျိုး မဖြစ်စေချင်လို့လေ"
"အော်... အဲလိုလား"
သေချာတာပေါ့၊ ကြောက်လန့်တကြားနဲ့ မြေးမလေး အနောက်ကို ဆုတ်သွားတာက အဘိုးကြီးရဲ့ ခါးကို ဖက်ထားတာထက်စာရင် ပိုပြီးတော့ သဘာဝကျတာပေါ့။
"ဒါပေမဲ့ အမှားဆိုတာက..."
"သူတို့က အရင်က မူကြမ်းတစ်ခုကနေ ယူပြီး ပုံနှိပ်လိုက်မိတာလေ။ အဲဒါက အမှားပဲ။ ကဲပါ... ငါ့အမှားပါပဲ။ ပုံနှိပ်ဖို့ ခွင့်မပြုခင်မှာ နောက်ဆုံးတစ်ခေါက် ပြန်ဖတ်ကြည့်သင့်တာ"
"ဒုတိယအကြိမ် ပုံနှိပ်တဲ့အခါကျရင် ပြင်လို့ရတာပဲမလား"
"ကျွန်တော့်စာအုပ်က ဒုတိယအကြိမ် ပုံနှိပ်ခွင့်ရဖို့ လုံးဝမဖြစ်နိုင်ပါဘူးဗျာ။ ဝတ္ထုလောကက တော်တော်လေး ပြိုင်ဆိုင်မှု ပြင်းထန်တယ်လေ"
"ဒါပေမဲ့ မင်းရဲ့ ရုပ်ရှင်သာ အောင်မြင်သွားရင် အခွင့်အရေး ရလာနိုင်တယ်လို့ မထင်ဘူးလား"
"အဲလိုဆိုရင်တော့ ကောင်းတာပေါ့။ တကယ်လို့ အောင်မြင်သွားရင် စာရေးတဲ့အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်တော့မယ်။ အရင်တုန်းက စာရေးဖို့အတွက် ပိုက်ဆံလိုတယ်လို့ ပြောသံကြားရင် ရယ်စရာကြီးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အဲဒီဒုက္ခကို တကယ် ခံစားနေရပြီ"
စာရေးဆရာ တော်တော်များများဟာ ပိုက်ဆံရှာရခက်တဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေရတာကို မာရူး သိတာပေါ့။ စာရေးဆရာတစ်ယောက်အတွက် မိမိရဲ့ စာအုပ်ထုတ်ဝေမှုကရတဲ့ ပိုက်ဆံတစ်ခုတည်းနဲ့ ရပ်တည်နိုင်ရင် အကောင်းဆုံးဖြစ်ပေမဲ့ စာရေးဆရာ အများစုကတော့ အသက်ရှင်ရပ်တည်ဖို့အတွက် အလုပ်မျိုးစုံ လုပ်နေကြရတယ်လို့ သူ ကြားဖူးထားတယ်။
"သေချာတာပေါ့၊ သူများအိတ်ထဲက ပိုက်ဆံကို နှိုက်ဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့အရာပဲလေ"
"မင်းပြောပုံက အကုန်သိနေတဲ့ လူကြီးကျနေတာပဲ"
"ကျွန်တော် အရင်က အချိန်ပိုင်းအလုပ်တွေ လုပ်ခဲ့ဖူးလို့ပါ"
တခြားအလုပ်တွေလည်း ပါတာပေါ့။ မာရူးက သံမဏိစားပွဲပေါ်က ပို့စ်အစ်မှတ်စုတိုလေးတွေကို လှမ်းကြည့်လိုက်မိတယ်။ အဲဒါတွေက ဂွတ်ဂျွန်ရဲ့ နောက်ထပ် ပရောဂျက်အသစ်တွေအတွက် စိတ်ကူးစိတ်သန်းတွေ ဖြစ်ရမယ်။ မှတ်စုတွေထဲမှာ ဆန်းပြားတဲ့ စာလုံးတွေ အပြည့်ပဲ။ "သေနတ်"၊ "ယမ် ယမ် ယမ်" စသဖြင့်ပေါ့။ သူ အဲဒီမှာ ဘာလုပ်မှာလဲ။ အဲဒီလို အရာမျိုးတွေပေါ့။
"နောက်ထပ် ဝတ္ထုအသစ် ရေးနေတာလား"
"ဝတ္ထု ဟုတ်လား။ မဟုတ်တာ။ စိတ်ကူးယဉ် အိပ်မက်တွေကို လျှောက်ရေးထားတာပါ"
"'ဆည်းဆာအချိန် ရုန်းကန်မှုများ' က စိတ်ကူးယဉ်အိပ်မက်လို့ ပြောဖို့အတွက် အတော်လေးကို ကောင်းလွန်းပါတယ်ဗျာ။ ကျွန်တော်တောင် အဲဒါကို ဆယ်ခေါက်လောက် ပြန်ဖတ်ခဲ့ရတာ"
အဲဒီစကားကြောင့် ဂွတ်ဂျွန်က အသာလေး ပြုံးလိုက်တယ်။ မာရူးကတော့ ဒီလူ့ဆီကနေ ရှားရှားပါးပါး အပြုံးမျိုးကို မြင်လိုက်ရသလို ခံစားလိုက်ရတာပေါ့။
"မင်း လူရွေးပွဲ ဝင်မလို့ ကြားတယ်"
"ဘယ်လိုသိတာလဲဗျ"
"စီနီယာမွန်ဂျောင်က ကျွန်တော့်ကို အတူတူ အလုပ်လုပ်ချင်တဲ့ ကောင်လေးတစ်ယောက် ရှိတယ်လို့ ပြောပြထားလို့လေ"
"ဝိုး... တော်တော်လေး ဒုက္ခများတာပဲ။ ဒါက ကျွန်တော့်ကို အခုကတည်းက စိတ်လှုပ်ရှားစေပြီ"
"စိတ်လှုပ်ရှားတယ် ဟုတ်လား။ မင်းက စိတ်လှုပ်ရှားတတ်တဲ့ လူစားမျိုးနဲ့ မတူပါဘူး"
သူက မျက်မှန်ကိုင်းမည်းကြီးရဲ့ အနောက်ကနေ မာရူးကို လှမ်းကြည့်လိုက်တယ်။ သူက အာရုံခံစားမှု တော်တော်လေး ကောင်းတဲ့သူပဲ။ နောက်ဆုံးတော့ မာရူးလည်း လက်လျှော့လိုက်ပြီး မိမိအနေနဲ့ လုံးဝ စိတ်မလှုပ်ရှားပါဘူးလို့ပဲ ပြန်ပြောလိုက်ရတော့တယ်။
"လူမိုက်နေရာကနေ ဝင်ပြိုင်မှာ ဟုတ်တယ်မလား"
"ဟုတ်ပါတယ်"
"အဲဒါအတွက် တစ်ခုခု ပြင်ဆင်ထားတာ ရှိလား"
"စာအုပ်ဖတ်တာကလွဲလို့လား။ မရှိပါဘူး။ လူရွေးပွဲတွေအကြောင်း ဘာမှမသိတော့ ဘာပြင်ဆင်ရမှန်းတောင် မသိဘူးဗျာ"
ဘယ်နှစ်ယောက်အရှေ့မှာ သရုပ်ဆောင်ပြရမလဲ၊ ဒိုင်ယာလော့ခ် ဘယ်လောက် ပြောရမလဲ၊ လှုပ်ရှားမှုတွေပါ ထည့်ရမလား... သူ ဘာမှမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို အာရုံစိုက်ရမယ်ဆိုတာ သိပေမဲ့ အခုလောလောဆယ်မှာတော့ ပြဇာတ်ကလပ်အလုပ်နဲ့တင် သူ အတော်လေး အလုပ်ရှုပ်နေတာပေါ့။
"ကျွန်တော်လည်း လူရွေးပွဲတွေ ဘယ်လိုလုပ်လဲဆိုတာ မသိတော့ မင်းကို အများကြီး မပြောနိုင်ဘူး။ ဒါပေမဲ့ အဲဒီဇာတ်ကောင်ကို ရေးတုန်းက ကျွန်တော့်ရဲ့ စိတ်ကူးကိုတော့ ပြောပြနိုင်တယ်"
ဂွတ်ဂျွန်က စားပွဲပေါ်မှာ ထိုင်လိုက်ပြီး မာရူးကို အနားတိုးခဲ့ဖို့ အချက်ပြလိုက်တယ်။ ပြီးတော့ စားပွဲထောင့်မှာရှိတဲ့ မှတ်စုစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်တယ်။
"ဒါက 'ဆည်းဆာအချိန် ရုန်းကန်မှုများ' ကို ရေးဖို့ ကျွန်တော့်ကို စိတ်ကူးရစေခဲ့တဲ့အရာပဲ"
အဲဒါက သတင်းစာထဲက ဖြတ်တောက်ထားတဲ့ လူသတ်မှုသတင်း အပိုင်းအစလေး တစ်ခုဖြစ်နေတယ်။ မာရူး မှတ်မိတာပေါ့။ အဲဒါက စီးပွားရေးပျက်ကပ်အတွင်း ကြံရာမရဖြစ်ပြီး မိဘတွေကို သတ်ဖို့ ကြံစည်ခဲ့တဲ့ လူငယ်တစ်ယောက်အကြောင်းပဲ။
"မင်း ဒီအမှုရဲ့ အနောက်ကွယ်က ဇာတ်လမ်းကို သိလား"
"သူ အဖမ်းခံရတယ် မဟုတ်လား။ ထောင်ဒဏ်ကျခံခဲ့ရတယ်လို့ပဲ သိထားတယ်"
"အဲဒါက အဆုံးသတ် ရလဒ်ပဲလေ။ ဒါပေမဲ့ အဲဒီမတိုင်ခင်အထိ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းက တကယ်ကို ရင်နာဖို့ကောင်းတာ။ မိခင်ဖြစ်သူက မီးတောက်နေတဲ့ အိမ်ထဲမှာ ပိတ်မိနေတဲ့ နောက်ဆုံးအချိန်မှာ အာမခံကုမ္ပဏီကို ဖုန်းဆက်ခဲ့တယ်။ သေဆုံးသွားရင် သားဖြစ်သူက ပိုက်ဆံရမှာ သေချာလားဆိုတာကို အတည်ပြုခဲ့တာ။ အတည်ပြုချက်ရသွားတော့မှ စိတ်အေးလက်အေးနဲ့ သက်ပြင်းချနိုင်ခဲ့တာတဲ့လေ"
". . ."
"အဲဒါကြောင့်ပဲ အာမခံကုမ္ပဏီက ဒါက လိမ်လည်မှုလားဆိုပြီး သံသယဝင်သွားတာပေါ့။ သူတို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရင်းနဲ့မှ ဒါက ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုကြီးဆိုတာ သိသွားကြတာ"
တကယ်ကို လေးလံဆို့နင့်စရာကောင်းတဲ့ ဇာတ်လမ်းပဲ။ သားဖြစ်သူက အသက်ရှင်ဖို့အတွက် မိဘတွေကို ရောင်းစားခဲ့ပြီး မိဘတွေကတော့ နောက်ဆုံးအချိန်အထိ သားသမီးအတွက် စိုးရိမ်ပေးခဲ့ကြတယ်။
"အဲဒီအချိန်မှာ ကျွန်တော် စိတ်ဝင်စားသွားတာ။ မိဘတိုင်းက သားသမီးအတွက် ကိုယ့်ကိုယ်ကိုယ် စနစ်တကျ စွန့်လွှတ်ကြမှာလား။ သားသမီးတွေ အသက်ရှင်ဖို့အတွက် အရာအားလုံး ပေးဆပ်ခဲ့တဲ့ မိဘတွေက ဘယ်လို ခံစားရမလဲ။ တကယ်လို့ သူတို့ ဆုံးဖြတ်ချက်ကို နောင်တရသွားရင်ကော"
"အဲဒါကြောင့် ဒီဝတ္ထု စတင်ဖြစ်လာတာပေါ့"
"ဟုတ်တယ်။ 'ဆည်းဆာအချိန် ရုန်းကန်မှုများ' ဆိုတာ မိသားစုသံယောဇဉ် မေတ္တာတရားတွေ အကုန်လုံးကို ရိုက်ချိုး ဖယ်ရှားထားတဲ့ ဝတ္ထုပဲ။ ဒီဝတ္ထုထဲမှာ ပျော်ရွှင်မှုဆိုတာ လုံးဝမရှိဘူး။ လူတိုင်းက နောက်ဆုံးအချိန်အထိ ကိုယ့်ဖျက်ဆီးမှုလမ်းဆီကို ကိုယ်တိုင် လျှောက်လှမ်းသွားကြတာ။ ဒါပေမဲ့ အဆုံးသတ်မှာ ပြုံးနိုင်ခဲ့တဲ့ လူတစ်ယောက်တော့ ရှိတယ်"
"အဲဒါ... အဘိုးကြီးလား"
"မှန်တယ်။ ရလဒ်အနေနဲ့ ကျွန်တော် စိတ်ကူးယဉ်ထားတဲ့ ရုပ်ရှင်က ရူးသွပ်မှုတွေနဲ့ အပြည့်အဝ ဖုံးလွှမ်းနေမယ့်အရာပဲ။ ဇာတ်ကောင်အားလုံး စိတ်ရူးပေါက်နေကြဖို့ မျှော်လင့်ထားတာ။ ပြိုပျက်နေတဲ့ မီးခိုးရောင်မြို့ကြီးထဲမှာ အဘိုးကြီးရဲ့ မျှော်လင့်ချက်တွေ ကြေမွသွားတဲ့ အခိုက်အတန့်ကစပြီး ရုပ်ရှင်က အရှိန်အဟုန်နဲ့ ပျက်စီးခြင်းဆီကို ဦးတည်သွားလိမ့်မယ်"
ဂွတ်ဂျွန်က မှတ်စုစာအုပ်ရဲ့ စာမျက်နှာကို လှန်လိုက်တယ်။ ရုပ်ကြမ်းစာမျက်နှာ အတော်များများကို ကျော်ဖြတ်ပြီးတဲ့နောက် စာမျက်နှာတစ်ခုဆီကို ရောက်သွားတယ်။
"ဒါက လူမိုက် ဇာတ်ကောင်ပဲ"
အဲဒီစာမျက်နှာမှာ စာလုံးတစ်လုံးတည်းနဲ့ ပုံတစ်ပုံပဲ ရှိနေတယ်။ ပြောက်ကျားသေနတ်ပုံတစ်ခုနဲ့ အောက်မှာ ရေးထားတဲ့ "မောင်းခလုတ်" ဆိုတဲ့ စကားလုံးပဲ။
"ငါ ဇာတ်ညွှန်းရေးဆရာ၊ ဇာတ်ကွက်ရေးဆရာတွေနဲ့ စကားပြောခဲ့ပြီးပြီ။ လူမိုက်က ရုပ်ရှင်ထဲမှာ စက္ကန့်သုံးဆယ်ပဲ ပါဝင်မှာ၊ ဒိုင်ယာလော့ခ်က ဆယ်စက္ကန့်ပဲ ရှိလိမ့်မယ်။ ဒါပေမဲ့ အဲဒီစက္ကန့်သုံးဆယ်က ရုပ်ရှင်ရဲ့ ဇာတ်လမ်းအတွက် တကယ်ကို အရေးကြီးတယ်"
ဂွတ်ဂျွန်က ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ မိမိဇာတ်လမ်းအပေါ် ယုံကြည်ချက်တွေ အပြည့် ရှိနေတယ်။
"ဒီပရောဂျက်မှာ ပါဝင်တဲ့လူတိုင်းကို အဲဒီစက္ကန့်သုံးဆယ်ကို ငါ့ဆီ အပ်ထားဖို့ ပြောထားတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ဒီဇာတ်လမ်းကို အသက်သွင်းပေးမယ့် အခိုက်အတန့်မို့လို့ပဲ။ စာအုပ်ရေးတုန်းက လူမိုက်ရဲ့ ဒိုင်ယာလော့ခ်တွေကို ပြင်ဆင်ဖို့တင် တစ်လလုံးလုံး အချိန်ပေးခဲ့ရတာ။ တကယ်တော့ ဆက်ပြီး ပြင်ချင်နေသေးတာပေါ့။ အခုအချိန်အထိ ဆက်ပြင်ချင်နေတုန်းပဲ။ အဲဒါကြောင့် ဒီနေရာမှာ သရုပ်ဆောင်မယ့်သူကို ငါ့လိုမျိုး ရူးသွပ်နေစေချင်တာ"
မာရူးတစ်ယောက် စိတ်အားထက်သန်မှုတွေ ပြင်းထန်နေတဲ့ လူတစ်ယောက်နဲ့ ရင်ဆိုင်နေရပြီ။ ဒီလူက အပြင်ပန်းမှာ ကျီးကန်းတစ်ကောင်လို ပုံစံမျိုး ဖြစ်နေပေမဲ့ အတွင်းထဲမှာတော့ အရည်ပျော်နေတဲ့ ချော်ရည်ပူကြီးတစ်ခုလိုပဲ။ သူ့ရဲ့ စိတ်အားထက်သန်မှုတွေက တကယ်ကို အတိုင်းသား ခံစားနေရတာပေါ့။ ဒါကြောင့်မို့လည်း သူက ဒီလိုမျိုး ဝတ္ထုကို ရေးနိုင်ခဲ့တာ ဖြစ်မှာပါ။
"ဒါက အရေးကြီးတဲ့ အရိပ်အမြွက်ပဲ မဟုတ်လားဗျ"
"စိတ်တူကိုယ်တူချင်း ပေးတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ။ ငါက လူတွေကို ပထမဆုံး မြင်တွေ့ရတဲ့ အထင်အမြင်ပေါ်မှာပဲ ဆုံးဖြတ်တတ်တာ။ ဒုတိယ သို့မဟုတ် တတိယ အမြင်တွေကို အရေးကြီးတယ်လို့ မယူဆဘူး။ အဲဒီလို အဓိပ္ပာယ်အရဆိုရင် ငါ မင်းကို သဘောကျတယ်။ မင်း အဲဒီဇာတ်ကွက်ကို သရုပ်ဆောင်ပြတာကို မြင်ချင်မိတယ်"
"ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်အကြောင်း ဘာမှမသိသေးဘူးလေ"
"အခုပဲ ပြောခဲ့တယ်မလား၊ ငါက ပထမဆုံး မြင်တွေ့ရတဲ့ အမြင်အပေါ်မှာပဲ ဆုံးဖြတ်တာလို့"
ဂွတ်ဂျွန်က မာရူးကို သူ့ရဲ့ မှတ်စုစာအုပ် ကမ်းပေးလိုက်တယ်။
"ဒါကို ဖတ်ကြည့်ပြီး စမ်းလုပ်ကြည့်ပါ။ အောက်ထပ်မှာ လူရွေးပွဲအတွက် အကူအညီတောင်းလို့ရမယ့် လူတွေ အများကြီး ရှိတယ်လေ။ ကျွန်တော် အဲဒီအမျိုးသမီးကို သိပ်သဘောမကျပေမဲ့ သူမက တကယ်ကို အရည်အချင်းရှိတဲ့သူပါ"
မာရူး ခေါင်းငြိမ့်ပြလိုက်တယ်။
"ဒါနဲ့ နေပါဦး... ဒီလိုမျိုးအရာကို ကျွန်တော့်ကို ဒီတိုင်း ပေးလိုက်လို့ ရလို့လား။ ခင်ဗျားအတွက် ဒါ မလိုဘူးလား"
ဂွတ်ဂျွန်က သူ့ခေါင်းကို လက်ညှိုးနဲ့ ထောက်ပြလိုက်တယ်။
"အကုန်လုံး ဒီထဲမှာ ရှိပြီးသားပါ။ စက္ကူက စိတ်ကူးတွေကို စနစ်တကျ ဖြစ်အောင် လုပ်ဖို့ပဲ လိုတာ"
". . . အော်၊ ဟုတ်ကဲ့"
သူ့ရဲ့ ယုံကြည်ချက်အပြည့်နဲ့ ပြောဆိုသံကြောင့် မာရူးတောင် ဘာပြန်ပြောရမှန်း မသိတော့ဘူး။ သူက မှတ်စုစာအုပ်ကို လှမ်းကြည့်လိုက်မိတော့ ဆိုးလ်တက္ကသိုလ်ရဲ့ ရင်နှီးနေတဲ့ 'S' လိုဂိုတံဆိပ်ကို တွေ့လိုက်ရတယ်။ စာအုပ်ကို လှန်ကြည့်လိုက်တော့ ဥပဒေမဟာဌာနက ဖြစ်နေတာကို တွေ့လိုက်ရတာပေါ့။
"ဟို... ဒီကျောင်းက..."
"လမ်းခရီးမှာ စိတ်ပါဝင်စားမှု ပျောက်ဆုံးသွားလို့ ကျောင်းထွက်လိုက်တာလေ"
"ဆိုးလ်တက္ကသိုလ် ဥပဒေကျောင်းကနေ ကျောင်းထွက်လိုက်တာ ဟုတ်လား"
"ဘာဖြစ်လို့လဲ"
မာရူးက ဂွတ်ဂျွန်ကို အသာလေး ပြုံးရင်း ကြည့်လိုက်မိတယ်။ ဒီလူ့ရဲ့ စာအရေးအသားတွေမှာ ရူးသွပ်မှုတွေ ပြည့်နှက်နေတာက သူကိုယ်တိုင်ကလည်း နည်းနည်း ရူးကြောင်ကြောင် ဖြစ်နေလို့ နေမှာပါ။
'ကိုရီးယားမှာရှိတဲ့ လူတိုင်းနီးပါးအတွက် အိပ်မက်ဖြစ်တဲ့ ကျောင်းကနေ ထွက်လိုက်တယ်လို့ တွေးကြည့်စမ်းပါဦး...'
ကမ္ဘာကြီးက တကယ်ကို မတရားပါဘူးဗျာ။ ဘယ်လိုဖြစ်လို့ ကမ္ဘာပေါ်မှာရှိတဲ့ ပါရမီတွေအကုန်လုံးကို သူ့လိုလူမျိုးဆီပဲ ပုံအောပေးလိုက်ရတာပါလိမ့်။
* * * * * * * * *