← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း(၁၈၅)

“မကြောက်ဘူးလား”

မှတ်စုစာအုပ်ကို ပိတ်ရင်း မာရူးက မေးလိုက်တယ်။

“ဘာကိုလဲ”

“ကျောင်းထွက်လိုက်တုန်းကလေ။ လူအများစုက ဆိုးလ်တက္ကသိုလ်တက်ဖို့ ဆိုတဲ့ ရည်မှန်းချက်တစ်ခုတည်းနဲ့ သူတို့ဘဝရဲ့ ၁၂ နှစ်တာအချိန်တွေကို ရင်းနှီးပေးဆပ်ကြတာလေ။ ဒါပေမဲ့ ခင်ဗျားကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ကျောင်းထွက်ခဲ့တယ်။ အဲဒီနောက်ပိုင်း ဘာဖြစ်လာမလဲဆိုတာကို မကြောက်ခဲ့ဘူးလား”

ဂွတ်ဂျွန်က သူ့လက်ချောင်းတွေကြားထဲမှာ ဘောပင်ကို လှည့်ကစားနေတယ်။

“ငါ့အဖေက ဥပဒေကျောင်းအကြောင်း ပြောရတာ သိပ်ဝါသနာပါတာ။ သူက ဥပဒေကျောင်းဆိုတာ လောကနိဗ္ဗာန်ပဲ၊ အဲဒါက ငါ့ဘဝရဲ့ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်ရမယ်လို့ အမြဲပြောတယ်။ အဲဒါကြောင့် ငါကြီးလာရင် ဥပဒေကျောင်း တက်ရမှာပဲလို့ ယုံကြည်ခဲ့တာပေါ့။ အဲဒီတုန်းက တခြားလူတွေလိုပဲ ငါလည်း ဘာလို့ ကောလိပ်တက်ရမှန်း မသိခဲ့ဘူး။ ငါ့မိဘတွေက တက်စေချင်လို့သာ တက်ရတာလို့ပဲ တွေးခဲ့မိတယ်”

သူပြောတာ မှန်ပါတယ်။ အဲဒီတုန်းက တခြားလူတွေအားလုံး ကောလိပ်တက်ကြတာမို့ စံနှုန်းတွေနဲ့ သွေဖီမသွားချင်တာနဲ့ပဲ မာရူးလည်း ကောလိပ်ထဲ မျောပါသွားခဲ့ဖူးတယ်။

“အခု လူ့အဖွဲ့အစည်းရဲ့ အခြေအနေက အရင်းရှင်တွေ အကျိုးအမြတ်ရဖို့အတွက် မင်းတို့အလုပ်လုပ်ပေးရမယ့် ပုံစံမျိုး ဖန်တီးထားတာ။ ဒီအရင်းရှင်တွေအတွက်တော့ အကောင်းဆုံး အကျိုးအမြတ်က သူတို့ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ပြီး မေးခွန်းမထုတ်တဲ့ အလုပ်သမားတွေပဲ။ လူတော်တွေကို ပြောတာမဟုတ်ဘူးနော်။ ကဲ... အဲဒီတော့ ဒီလိုအလုပ်သမားမျိုးတွေဖြစ်အောင် မင်း ဘယ်လိုလုပ်မလဲ”

“ခိုင်းရလွယ်တဲ့သူတွေ ဖြစ်ချင်ရင်တော့... ပညာရေးပေါ့”

“မှန်တာပေါ့၊ ပညာရေးပဲ။ ဒီနိုင်ငံရဲ့ ပညာရေးက စီမံခန့်ခွဲရလွယ်ကူတဲ့ လူတွေဖြစ်လာအောင် လုံးဝပုံသွင်းထားတာ။ အဲဒီသဘောအရ ကြည့်ရင်တော့ သိပ်ကို ထိရောက်တဲ့ စက်ရုံကြီးတစ်ခုပေါ့။ ကဲ... ဒါဆို ငါ့ကို ဒါလေးပြောပြဦး။ အဲဒီစက်ရုံကနေ ပုံမှန်မဟုတ်တဲ့ အပိုပစ္စည်းတစ်ခု ထွက်လာရင် စက်ရုံက အဲဒီပစ္စည်းကို ဘာလို့ ခေါ်မလဲ”

“ချို့ယွင်းနေတဲ့ ကုန်ပစ္စည်းပေါ့”

“အတိအကျပဲ။ ဒီနိုင်ငံက ကွဲပြားခြားနားမှု ဒါမှမဟုတ် ထူးခြားဆန်းသစ်မှုကို လုံးဝလက်မခံဘူး။ သူတို့ဆောက်ထားတဲ့ စက်ရုံကြီးထဲကနေ ရုန်းထွက်ဖို့ ကြိုးစားရင် မင်းကို အရူးလို့ပဲ သတ်မှတ်ကြတယ်။ ငါကောလိပ်က ထွက်တုန်းကလည်း ဒီအတိုင်းပဲ။ သက်သောင့်သက်သာ နေရမယ့်အခွင့်အရေးကို လက်လွှတ်လိုက်တဲ့အတွက် ငါ့ကို အရူးလို့ ပြောခဲ့ကြတယ်”

ဂွတ်ဂျွန်က သူ့လက်ထဲက ဘောပင်ကို ရုတ်တရက် တင်းတင်းဆုပ်ကိုင်လိုက်တယ်။

“ငါ ကြောက်ခဲ့သလား ဟုတ်လား။ ကြောက်တာပေါ့၊ တကယ်ကြောက်ခဲ့တာ။ ရင်တုန်ခဲ့သလားဆိုရင်လည်း အတိုင်းထက်အလွန်ပဲ။ ဘာလို့လဲဆိုတော့ ငါက စက်ရုံထုတ်စက်ရုပ်ဘဝကနေ လူသားတစ်ယောက် ဖြစ်လာဖို့ ကူးပြောင်းနေလို့လေ။ စက်ရုံလမ်းကြောင်းအတိုင်း ဆက်သွားနေတဲ့သူတွေကို ငါက လှောင်ပြောင်နေတာ မဟုတ်ပါဘူး။ အဲဒီလမ်းမှာပဲ ဆက်ရှိနေပြီး ကိုယ့်ကိုယ်ပိုင် တိကျတဲ့ ရည်မှန်းချက် ရှိတယ်ဆိုရင် သူတို့လည်း လူသားတွေပါပဲ။ ဒါပေမဲ့ ငါ တစ်ခါတလေ တွေးမိတယ်။ လူဘယ်နှစ်ယောက်က သူတို့တကယ်လုပ်ချင်လို့ လုပ်နေကြတာလဲလို့”

သူ့ရဲ့ အရင်ဘဝတုန်းကဆိုရင် မာရူးက ဒီလူ့ကို လှောင်ရယ်မိကောင်း ရယ်မိလိမ့်မယ်၊ ဒါပေမဲ့ အခုတော့ သူ့ကို နားလည်ပေးနိုင်ပြီ။ ဘဝရဲ့ တစ်ချိန်ချိန်မှာ အရာအားလုံးအပေါ် ခံစားချက်တွေ ထုံထိုင်းလာတတ်တာပဲ။ မင်းရဲ့ ဝေါဟာရအဘိဓာန်ထဲကနေ ‘ဘာဖြစ်လို့လဲ’ ဆိုတဲ့စကားလုံး ပျောက်ကွယ်သွားလိမ့်မယ်။ ငါ ဘာလို့ သင်္ချာသင်နေရတာလဲ။ ငါ ဘာလို့ ကျောင်းတက်နေရတာလဲ။ အစကတည်းက ငါ ဘာလို့ စာကျက်နေရတာလဲ။

မကောင်းတဲ့ သဘောနဲ့ အရှိန်ပြင်းပြင်း မောင်းနှင်နေမိတော့တာပေါ့။

လမ်းဘေးမှာ ကာရံထားတဲ့ အတားအဆီးတွေက အတားအဆီးလို့ မမြင်ရတော့ဘဲ ပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာတတ်တယ်။ အဲဒီအတားအဆီးတွေရဲ့ ဟိုဘက်မှာ ဘာရှိလဲဆိုတာ တွေးတောမယ့်အစား လမ်းပေါ်မှာ ဘယ်လောက်မြန်မြန် မောင်းနိုင်မလဲဆိုတာကိုပဲ ဂရုစိုက်တော့တယ်။ အဲဒီအတားအဆီးတွေအပြင်ဘက်ကို ထွက်ဖို့ ကြိုးစားတဲ့သူတွေကို မြင်တဲ့အခါမှာတော့ မင်းအနေနဲ့ တစ်ခုပဲ ပြောနိုင်တော့လိမ့်မယ်။

‘မင်း ရူးနေပြီ’

အဲဒီအတားအဆီးတွေကို တကယ်ကျော်ဖြတ်ပြီး အောင်မြင်သွားတဲ့သူတွေကို မြင်ရပြန်တော့လည်း မင်း တစ်ခုပဲ မေးနိုင်တော့မယ်။

အဲဒီကောင် ဘယ်လိုများ အောင်မြင်သွားတာပါလိမ့်။

“ရင်ဆိုင်ရမယ့် ဘဝသက်တမ်း အနှစ် ရှစ်ဆယ်လောက် ကျန်သေးတာကို လွန်ခဲ့တဲ့ တစ်ဆယ့်နှစ်နှစ်လုံးလုံး လုပ်ခဲ့ဖူးတဲ့ လမ်းဟောင်းအတိုင်းပဲ ဆက်လျှောက်နေမယ်ဆိုရင် ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။ အဲဒီလို အတွေးဝင်လာလို့ပဲ ငါကျောင်းထွက်ခဲ့တာ။ ငါ့လမ်းစဉ်ကို ဘယ်သူ့ကိုမှ မတိုက်တွန်းချင်ပေမယ့် နောက်ဆုံးတော့ ငါလုပ်ချင်တာကို ငါလုပ်နိုင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ကျေနပ်မိပါတယ်”

“စာအုပ်တစ်အုပ်တောင် ထုတ်ဝေခွင့်မရခဲ့ရင် ခင်ဗျားဆုံးဖြတ်ချက်အတွက် နောင်တရနေမှာ မဟုတ်ဘူးလား”

“အဲဒီလိုသာဆိုရင် ဆိုးလ်တက္ကသိုလ်ရဲ့ အမှတ်တံဆိပ်ကို မြင်ရတိုင်း ငါသက်ပြင်းချနေမိမှာပေါ့။ ဒါပေမဲ့ အဲဒီလိုဖြစ်ခဲ့ရင်တောင် ဘာမှမလုပ်ဘဲ စိတ်အေးနေရတာထက်စာရင် တစ်ခုခုကို လုပ်ခဲ့လို့ ရလာတဲ့ နောင်တကိုပဲ ငါ ပိုရွေးချင်တယ်။ နောင်တဆိုတာ ဆုံးဖြတ်ချက်တွေကနေ ပေါက်ဖွားလာတာလေ။ နောင်တကင်းဝေးတာထက် ဆုံးဖြတ်ပိုင်ခွင့် လွတ်လပ်ခွင့် ရှိတာကိုပဲ ငါ ပိုလိုချင်တယ်”

ဆုံးဖြတ်ပိုင်ခွင့် လွတ်လပ်ခွင့်။

“ဒီစိတ်ဓာတ်အချို့က စာအုပ်ထဲက အဖိုးကြီးနဲ့လည်း သက်ဆိုင်လိမ့်မယ် ထင်တယ်”

“အဖိုးကြီးကလည်း အဲဒီလိုဘဝမျိုးနဲ့ ရှင်သန်ခဲ့တာလေ။ သူ့ပတ်ဝန်းကျင်က လူတွေလိုပဲ သားသမီးတွေအတွက် အရာအားလုံး ရင်းနှီးမြှုပ်နှံခဲ့တယ်။ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်ပြီး သူတို့ဆီကနေ လုပ်ကျွေးပြုစုမှုကို မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ဒီဆိုးဝါးလှတဲ့ သံသရာထဲမှာ လမ်းပေါ်က ကျောက်ခဲလေးတစ်လုံးကြောင့်တောင် ဒီဆက်ဆံရေးက လုံးဝပျက်စီးသွားနိုင်တယ်။ တကယ်တော့ လက်တွေ့ကမ္ဘာက ဒါကို အကြိမ်ကြိမ် သက်သေပြနေတာပဲလေ”

“ဒါကြောင့် အဖိုးကြီးက နောက်ဆုံးမှာ လူသတ်မှုနဲ့ ဆုံးဖြတ်ချက်ချလိုက်တာပေါ့”

“နည်းလမ်းက ဘယ်လောက်ပဲ အကြမ်းဖက်ဆန်ပါစေ၊ သူက သူ့ကိုယ်သူ သက်သေပြချင်ခဲ့တာ”

အဖိုးကြီးက သာမန်ဘဝနဲ့ ရှင်သန်ခဲ့သူပါ။ နောက်ဆုံးမှာတော့ သူ့ရဲ့ အဲဒီလို ရိုးအီနေတဲ့ သာမန်ဆန်မှုကို စွန့်ပစ်ဖို့ သူ ဆုံးဖြတ်ခဲ့တယ်။ သားသမီးတွေကို သတ်နေတုန်းက အဖိုးကြီး ပျော်နေခဲ့မှာလား။

“ငါကိုယ်တိုင်ကတော့ မိဘနဲ့ သားသမီး ဆက်ဆံရေးဟာ အခုရှိနေတာထက် ပိုပြီး လွတ်လပ်ပေါ့ပါးသင့်တယ်လို့ ထင်တယ်။ လူသားတွေက သိပ်ကို စိတ်ရှုပ်စရာကောင်းတဲ့ သတ္တဝါတွေလေ။ တိရစ္ဆာန်အများစုက တစ်နှစ်လောက်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြုစုစောင့်ရှောက်နိုင်ကြပြီ။ ဒါပေမဲ့ လူသားကလေးတွေကျတော့ အနှစ်နှစ်ဆယ်၊ တချို့ဆိုရင် အဲဒီထက်မက ပြုစုစောင့်ရှောက်ဖို့ လိုအပ်တယ်။ ဒါဟာ လုံးဝကို အဓိပ္ပာယ်မရှိတာပဲ။ အဲဒါကြောင့် သားသမီးကို အာမခံချက်တစ်ခုလို သဘောထားတဲ့ မိဘတွေ ရှိလာတာပေါ့။ သူတို့က သားသမီးကို ပြုစုပျိုးထောင်ဖို့ ကြိုးစားအားထုတ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံခဲ့တာမို့ ကလေးဆီကနေ အဲဒီလောက် ပြန်ရဖို့ မျှော်လင့်ကြတယ်။ ငါကတော့ အဲဒီစိတ်ဓာတ်ကို သိပ်မုန်းတာပဲ”

“အဲဒီလို စိတ်ဓာတ်မရှိရင် မိဘနဲ့ သားသမီး ဆက်ဆံရေးက တကယ်ကို ပိုကောင်းလာမှာပါ”

“မှန်တာပေါ့။ ဒါပေမဲ့ မိဘတွေ ဘာလို့ ဒီလိုတွေးလဲဆိုတာကိုလည်း ငါနားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲလေ။ ဒါပေမဲ့ အဲဒါကြောင့်ပဲ မိဘနဲ့ သားသမီးကြားမှာ စိတ်ခံစားမှုကော၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုမှာပါ စည်းတစ်ခု တားထားဖို့ လိုအပ်တယ်လို့ ငါထင်တယ်။ မိဘက သားသမီးကို ပြုစုပျိုးထောင်ပြီးရင် လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ပေးရမယ်။ သားသမီးကလည်း ကိုယ်ပိုင်ဘဝနဲ့ ရှင်သန်ရမယ်။ အဲဒီအတိုင်း သံသရာလည်နေရမှာပေါ့။ သားသမီးကို ဖိအားမပေးပါနဲ့၊ ပြီးတော့ သူတို့ကို အာမခံချက်တစ်ခုလိုလည်း မမြင်ပါနဲ့”

သူပြောတာ အဓိပ္ပာယ်ရှိပါတယ်။ မိဘတိုင်းက သားသမီးကို အဆင်ပြေစေချင်ကြတာပဲ။ ဘာဖြစ်လို့လဲ။ အဲဒီမေးခွန်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွကြည့်ရင် ရှုပ်ထွေးပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းရင်းအချို့ကို တွေ့ရလိမ့်မယ်။ မာရူးက သူ့ရဲ့ အတိတ်ကို ပြန်တွေးကြည့်မိတယ်၊ စာမေးပွဲမှာ အမှတ်နည်းလို့ သူ့သမီးကို အပြစ်တင်ခဲ့တာကို သူ အမှတ်ရမိတယ်။ အဲဒီတုန်းက သူ့သမီးအပေါ် ရက်စက်ခဲ့တာတွေကို သူ ပြန်သတိရလာတယ်။ သူ အဲဒီလိုလုပ်ခဲ့တာက သူ့သမီးအတွက်လား။ သမီးရဲ့ အနာဂတ်ကို တကယ်စိတ်ပူလို့လား။

တကယ်တော့ သူလုပ်သင့်တာက သမီးလေး ကြိုးစားခဲ့ရတာပဲဆိုပြီး အားပေးခဲ့ဖို့ပါပဲ။ သမီးက ကျောင်းမှာလည်း အဆူခံခဲ့ရလောက်ပြီမို့၊ အချစ်ကို အကြောင်းပြပြီး သူက ထပ်ဆူရဦးမှာလား။ မာရူးဟာ သူ့ဘဝတစ်လျှောက်လုံး အိမ်ဆိုတာ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို အနားပေးရမယ့်နေရာလို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ဖူးတယ်။ အဲဒီအယူအဆကို သူ့သမီးအပေါ် သစ္စာဖောက်မိခဲ့တာကို သတိပြုမိလိုက်တဲ့အခါမှာတော့ သူကိုယ်တိုင်လည်း လှောင်ပြုံး ရယ်မိတော့တယ်။

အမှတ်နည်းလို့ သမီးကို ဆူပြီး၊ အမှတ်ကောင်းလို့ ချီးကျူးခဲ့ရင် သူ့အတွက် အရေးကြီးတာက အမှတ်တွေ ဖြစ်သွားတာပေါ့။ သူက သမီးကို ချစ်တာပါ၊ အမှတ်တွေကို ချစ်တာ မဟုတ်ဘူးလေ။ ဒါဆို သူ ဘာလို့ ဆူခဲ့တာလဲ။ ဖြစ်နိုင်တာက သူလည်း သမီးကို ရင်းနှီးမြှုပ်နှံမှုတစ်ခုလို သဘောထားမိခဲ့လို့ နေမှာပေါ့။

“ကိုယ့်ကလေးကို ပြုစုပျိုးထောင်တာက တာဝန်တစ်ခုပဲ။ အဲဒီဆက်ဆံရေးထဲကို စာချုပ်တစ်ခုလို အကျိုးအမြတ်ဆိုင်ရာ ယုတ္တိဗေဒတွေ သွင်းဖို့ ကြိုးစားလိုက်တဲ့ မိနစ်ပိုင်းမှာတင် အဲဒီဆက်ဆံရေးက ပျက်စီးသွားပြီ”

သားသမီးက မိဘကို ရွေးချယ်ခွင့်မရှိပါဘူး၊ မိဘရဲ့ ဆုံးဖြတ်ချက်ကြောင့်သာ သားသမီးက လူ့လောကထဲ ရောက်လာရတာပေါ့။ အဲဒါကြောင့် သားသမီးကို ကျွေးမွေးစောင့်ရှောက်တာက မိဘရဲ့ တာဝန်ပဲ။ မိဘအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ဆန္ဒကြောင့် မွေးဖွားလာတဲ့ အသက်တစ်ချောင်းကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အထိ ကြီးပြင်းလာအောင် သေချာ စောင့်ရှောက်ပေးဖို့ လိုအပ်တယ်

“ငါက တာဝန်ယူမှုကို အချစ်လို့ မှားမှတ်နေခဲ့တာ ထင်တယ်”

“ဘာပြောလိုက်တာလဲ”

“ဘာမှမဟုတ်ပါဘူး။ ကိုယ့်ဘာသာ ရေရွတ်မိတာပါ”

ဒီနေ့ သူတို့ပြောဖြစ်တဲ့ စကားဝိုင်းက မာရူးအတွက် သားသမီးကို ပြုစုပျိုးထောင်ဖို့ အတွေးအမြင်အသစ်တွေ ရစေခဲ့တယ်။ သားသမီးဆီကနေ ရလာမယ့် အသေးအဖွဲ အကျိုးအမြတ်တွေကို မကြည့်ဘဲ၊ သားသမီးရဲ့ ဖြစ်တည်မှုကိုပဲ ကြည့်ရမယ်။ ဒီအတွေးက ‘မိသားစုအချစ်’ ဆိုတဲ့ အယူအဆထက် ပိုပြီးတော့ ရင်ထဲကို တိုးဝင်လာခဲ့တယ်။

အဲဒီနောက် သူတို့နှစ်ယောက် စာအုပ်အကြောင်းကို နောက်ထပ် မိနစ်နှစ်ဆယ်လောက် ထပ်ပြောဖြစ်ကြတယ်၊ မာရူးက စာအုပ်ကို ဖတ်ရင်း ပေါ်လာတဲ့ မေးခွန်းအတော်များများကို မေးခဲ့တယ်။ တချို့မေးခွန်းတွေအတွက် အဖြေရခဲ့ပြီး တချို့မေးခွန်းတွေကိုတော့ အတူတူ တွေးတောခဲ့ကြတယ်။

“စိတ်ဝင်စားဖို့ကောင်းတယ် မဟုတ်လား။ စာအုပ်ကို ရေးခဲ့တာ ငါဖြစ်ပေမယ့် တခြားတစ်ယောက်ယောက်နဲ့ ဆွေးနွေးတဲ့အခါတိုင်း တစ်ခုခုကို အမြဲအသစ် ရှာဖွေတွေ့ရှိနေတုန်းပဲ။ အဲဒါက ငါ အတွေ့အကြုံမရှိသေးလို့ နေမှာပေါ့”

ဂွတ်ဂျွန် ဘောပင်ကို ချလိုက်တဲ့အချိန်မှာပဲ ပြတင်းပေါက်အပြင်ဘက်ကနေ ကားအင်ဂျင်သံကို သူတို့ ကြားလိုက်ရတယ်။ ကားရှေ့မီးရဲ့ လင်းထိန်နေတဲ့ အလင်းရောင်က ပြတင်းပေါက်ကို ခဏမျှ ဖြတ်လင်းသွားပြီး ကွယ်ပျောက်သွားတယ်။

“သူ ပြန်လာပြီ”

ဂွတ်ဂျွန်က နေရာကနေ ထလိုက်တယ်။ စီနီယာ မွန်ဂျောင်လား။ မာရူးလည်း လှေကားအတိုင်း အောက်ကို ဆင်းလာခဲ့တယ်။

“ငါလည်း ဘာလို့ ဒီလောက် တိတ်ဆိတ်နေတာလဲလို့ တွေးနေတာ”

သူတို့ ဆိုဂျူးပုလင်းအလွတ်တစ်လုံးကို မြင်လိုက်ရတယ်၊ ဆူယွန်းက ဆိုဖာပေါ်မှာ အိပ်ပျော်နေပြီး ဂွန်ဆူကတော့ ဆိုဖာအောက်တည့်တည့်မှာတင် မှောက်နေတယ်။ တစ်နာရီတောင် မပြည့်သေးဘူး။ မာရူးက ခေါင်းကို ခါယမ်းရင်း အိမ်ရှေ့တံခါးဆီ လျှောက်သွားတယ်၊ တံခါးအပြင်ဘက်က အင်ဂျင်သံက ရပ်တန့်သွားပြီ။ မကြာခင်မှာပဲ ထူထဲတဲ့ ဂျာကင်အင်္ကျီကြီးကို ဝတ်ဆင်ထားတဲ့ မွန်ဂျောင်က အထဲကို လှမ်းဝင်လာတယ်။

“ပြန်လာပြီလား” လို့ ဂွတ်ဂျွန်က နှုတ်ဆက်လိုက်တယ်။

မာရူးလည်း လိုက်ပြီး နှုတ်ဆက်ဖို့ ကြိုးစားပေမယ့် မွန်ဂျောင်ရဲ့ ပုံစံက နည်းနည်း ထူးဆန်းနေတယ်။ အဖိုးကြီးက သူတို့နှစ်ယောက်ကို စိတ်ဝင်တစားမရှိတဲ့ ပုံစံနဲ့ ကြည့်ပြီး ဒုတိယထပ်ဆီ တန်းလျှောက်သွားတယ်။

“...သူ တော်တော် စိတ်ဆိုးနေပုံပဲ”

“ငါတော့ အဲဒီလို မထင်ဘူး”

ဂွတ်ဂျွန်က ဘာဖြစ်နေလဲဆိုတာကို လုံးဝသိနေတဲ့ ပုံပဲ။

“ငါ့ကို လက်ဖက်ရည်ဖျော်ဖို့ ကူညီပါဦး။ အဲဒါက အဲဒီအမျိုးသမီးရဲ့ အလုပ်ဖြစ်ရမှာပေမယ့် အခုတော့ သူ လုံးဝမှောက်နေပြီလေ”

မာရူးက ဧည့်ခန်းထဲက ကော်ဖီအိုးကို သုံးပြီး ရေနွေးတည်လိုက်တယ်။ အဲဒီအချိန်မှာ ဂွတ်ဂျွန်က လက်ဖက်ရည်ခွက်ထဲကို ပျားရည်တစ်ဇွန်း ထည့်လိုက်တယ်။ သူတို့ ရေနွေးဆူဆူကို အပေါ်ကနေ လောင်းထည့်ပြီး ဒုတိယထပ်ဆီ တက်ခဲ့ကြတယ်။ ဂွတ်ဂျွန်က လှေကားရဲ့ ဘယ်ဘက်ခြမ်းက အခန်းတံခါးကို ခေါက်လိုက်တယ်။

“ဆရာ... ဂျွန်ပါ။ လက်ဖက်ရည် ယူလာပေးတာပါ”

အထဲကနေ ချက်ချင်း တုံ့ပြန်သံ မကြားရဘူး။ ခဏအကြာမှာတော့ မွန်ဂျောင်က ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာပေးနဲ့ တံခါးဖွင့်ပေးတယ်။ သူ အတော်လေး ပင်ပန်းနေပုံရပေမယ့် သူ့မျက်ဝန်းတွေထဲမှာတော့ နွေးထွေးမှုအချို့ ပြန်လည်ရှိနေပြီ။

“စောစောကအတွက် စိတ်မရှိပါနဲ့ကွာ။ ငါ့ရင်ထဲမှာ ခံစားချက် အစအနတွေ ကျန်နေသေးလို့ပါ။ အထဲဝင်ခဲ့ကြလေ”

မာရူးက အဲဒီလူရဲ့ လမ်းလျှောက်ပုံကို အထူးအာရုံစိုက်ကြည့်မိတယ်။ မာရသွန်ပြေးပွဲ ပြီးခါစ လူတစ်ယောက်လို သူက နည်းနည်း ယိုင်နဲ့နဲ့ ဖြစ်နေတယ်။ ဒီလူက သူ့ကားထဲမှာ ဘာတွေလုပ်နေခဲ့တာပါလိမ့်။

“ဆရာ ကိုယ်ကို နည်းနည်း နွေးအောင် လုပ်ထားသင့်တယ်” လို့ ဂွတ်ဂျွန်က ဖန်ခွက်ကို ကမ်းပေးရင်း ပြောလိုက်တယ်

မွန်ဂျောင်က ပျားရည်နွေးနွေးကို တစ်ငုံသောက်လိုက်ပြီးနောက် ပုံစံတော်တော်လေး ကောင်းမွန်လာတယ်။

“ဒီနေ့လည်း အဲဒီလိုပဲ လုပ်ခဲ့တာလား”

အဲဒီလိုပဲ ဟုတ်လား။ မာရူးက မွန်ဂျောင်ရဲ့ အဖြေကို စောင့်နေမိတယ်။ ရေကို နောက်တစ်ငုံ သောက်ပြီးနောက် အဖိုးကြီးက ဖြည်းဖြည်းချင်း ပြန်ဖြေတယ်။

“မနေ့ကထက် ပိုဆိုးတယ်။ အဲဒါကြောင့် စောစောက မင်းတို့နှစ်ယောက်ကို မြင်ရတော့ ငါ တော်တော် စိတ်တိုသွားတာ။ စိတ်ထဲက ခံစားချက်အကြွင်းအကျန်အားလုံးကို အကုန်ထုတ်မပစ်နိုင်ခဲ့ဘူး”

“ဒီအတိုင်းဆို ဆရာ့ကျန်းမာရေး ထိခိုက်လိမ့်မယ် မဟုတ်လား”

“အဲဒီလောက်လည်း မဆိုးပါဘူးကွာ။ ငါ့အသက်အရွယ်ကို ထောက်ပြီး လျှော့သင့်တယ်ဆိုတာ သိပေမယ့်... ဒါက သိပ်ကို ပျော်စရာကောင်းတာပဲ”

မွန်ဂျောင်က ပျော်ပျော်ရွှင်ရွှင် ပြုံးလိုက်တယ်၊ အိမ်ထဲကို ပထမဆုံး ဝင်လာတုန်းက ပုံစံနဲ့ လုံးဝကို မတူတော့ဘူး။ ဘာတွေ ဖြစ်ခဲ့တာလဲ။

“မင်း ဇဝေဇဝါ ဖြစ်နေမှာပဲ”

မာရူးက ခေါင်းညိတ်ပြလိုက်တယ်။

“ကျွန်တော် ဆရာ့ရှေ့မှာ အမှားတစ်ခုခု လုပ်မိလိုက်သလားလို့ တွေးနေတာပါ”

“ဟားဟား၊ အဲဒီလိုမျိုး မဟုတ်ပါဘူးကွာ။ ဒီလိုပါပဲ...”

မွန်ဂျောင်က မျက်နှာကျက်ဆီကို မော့ကြည့်လိုက်တယ်။

“ငါက အဲဒီ ‘အဖိုးကြီး’ ဖြစ်လာဖို့ လုပ်ဆောင်နေတဲ့ အဆင့်မှာ ရောက်နေလို့ပါ”

* * * * * * * * *

အခန်း(၁၈၆)

မွန်ဂျောင်က လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး သက်ပြင်းခိုးလေး ချလိုက်တယ်။

“ဒီလိုဇာတ်ကောင်မျိုး တစ်ခါမှ မသရုပ်ဆောင်ဖူးတော့ အစပိုင်းမှာ နည်းနည်းတော့ မျက်စိလည်သွားသားလေ။ ဒါပေမဲ့ ပြင်ဆင်ရတာကတော့ ခါတိုင်းလိုပဲ ပျော်ဖို့ကောင်းတုန်းပါပဲ”

“ဆရာ ရေကန်ဆီ ထပ်သွားခဲ့သေးတာလား”

ဂျွတ်ဂျွန်ရဲ့ အမေးကို မွန်ဂျောင်က ခေါင်းခါပြလိုက်တယ်။

“ဟင့်အင်း၊ ပိုကောင်းတဲ့နေရာတစ်ခုဆီ သွားခဲ့တာ။ အဲဒီနေရာက ပိုပြီး အာရုံစိုက်လို့ရတယ်လေ။ ပတ်ပတ်လည်မှာလည်း ဘယ်သူမှ ရှိမနေဘူး”

“အဲဒီမှာ လူတစ်ယောက်ယောက်သာ ရှိနေရင် ဒုက္ခလှလှတွေ့မှာ။ အတိုင်ခံရမှာ သေချာတယ်”

“အဲဒါတော့ ဟုတ်တာပေါ့”

သူတို့ဘာတွေ ပြောနေကြမှန်း သဘောပေါက်ဖို့ ခက်နေတာမို့ မာရူးက တိတ်တဆိတ်ပဲ ဝင်မေးလိုက်တယ်။

“...တိုင်ခံရမယ် ဟုတ်လား”

“ငါက သရုပ်ဆောင်ရင် အသံနည်းနည်း ကျယ်သွားတတ်လို့ပါ”

“အသံကျယ်ရုံတင် ဘယ်ကမလဲ ဆရာရဲ့။ ကြက်သီးထစရာကြီး။ ဆရာ သရုပ်ဆောင်နေတာကို ကြည့်နေရင် လက်က ဖုန်းဆီကို အလိုလို ရောက်သွားတာ။ မနေ့ကဆို ၁၁၉ ကိုတောင် လှမ်းခေါ်မိတော့မလို့”

ဂျွတ်ဂျွန်က နောက်ပြောင်တဲ့ လေသံနဲ့ ပြောနေတာ ဖြစ်ပေမဲ့ သူ့စကားတွေက ပေါ့ပျက်ပျက်တော့ မဟုတ်ဘူး။ မွန်ဂျောင်က ရယ်ရင်းနဲ့ပဲ လက်ခါပြလိုက်တယ်။

“မင်းကျတော့ကော။ မင်းအခန်းထဲမှာ စာရေးရင် ဂျစ်ကန်ကန်နိုင်လှချည်ရဲ့။ ကြည့်ရင်းနဲ့ မင်း တကယ်ပဲ ရူးနေတာလားလို့တောင် ငါတွေးမိတယ်”

“ကျွန်တော့် ဂျစ်ကန်ကန်နိုင်မှုက ဆရာနဲ့ယှဉ်ရင် ဘာမှမဟုတ်သေးပါဘူးဗျာ”

ဒီလူနှစ်ယောက်ကြားမှာ တော်တော်လေး နက်ရှိုင်းတဲ့ သံယောဇဉ်တစ်ခု ရှိနေပြီ ထင်တယ်။ ဒါက မထင်မှတ်ထားစရာပဲ။ မာရူးအမြင်မှာတော့ ဂျွတ်ဂျွန်ဟာ အကျိုးအကြောင်း အင်မတန် အလေးထားပြီး ဝေဖန်ပိုင်းခြားတတ်တဲ့လူ၊ ပြက်လုံးတွေနဲ့ အဝေးကြီး ဝေးမယ့်လူမျိုးပေါ့။ ဒါပေမဲ့ မွန်ဂျောင်ကို ပြောဆို ဆက်ဆံနေပုံကတော့ သူငယ်ချင်းဟောင်းကြီးနှစ်ယောက်လိုပဲ၊ သူ့မျက်နှာမှာ အပြုံးဖျော့ဖျော့လေးတောင် ရှိနေသေးတယ်။

ဒါတင်မကသေးဘူး။ အဲဒီလူက စကားကို ပေါ့ပေါ့ပါးပါး ပြောနေပေမဲ့ ရိုသေလေးစားမှုကိုတော့ ဆက်ထိန်းထားတုန်းပဲ။ သူတို့ အပြန်အလှန် ဆက်ဆံပုံကို ကြည့်ပြီး မာရူးကတော့ အတွေ့အကြုံ ရင့်ကျက်ပြီး ဝါရင့်လှတဲ့ ဘီလူးကြီးနှစ်ကောင်ကို ကြည့်နေရသလို ခံစားလိုက်ရတယ်။ မိမိတို့ နယ်ပယ်အသီးသီးမှာ တစ်ဦးကိုတစ်ဦး အသိအမှတ်ပြုထားကြတဲ့ ထိပ်သီးကြီးနှစ်ယောက်ပေါ့။

“ဆရာ မာရူးကို ပြောစရာ စကားရှိဦးမယ် ထင်တယ်”

ဂျွတ်ဂျွန်က နေရာကနေ ထရပ်လိုက်တယ်။

“ဒါလေး ကျွန်တော် သိမ်းလိုက်ပါဦးမယ်”

သူက လက်ဖက်ရည်ခွက်ကို ကိုင်ပြီး တံခါးကို ဖွင့်လိုက်တယ်။

“ကောင်းသောညပါ ဆရာ”

“အေးပါ၊ ကောင်းသောညဖြစ်ပါစေ”

ဂျွတ်ဂျွန် ထွက်သွားတော့မှ မွန်ဂျောင်က သူ့ကုတ်အင်္ကျီကို ချွတ်လိုက်တော့တယ်။

“ဂျွန်က တကယ်ကို အံ့ဩဖို့ကောင်းတဲ့ လူတော်တစ်ယောက်ပဲ။ သူ့အရွယ်နဲ့ ဒီလို စိတ်ဓာတ်မျိုး ရှိဖို့ဆိုတာ မလွယ်ဘူး။ သူ့အတွင်းစိတ်က တော်တော်လေး ရင့်ကျက်ပြီး ပြည့်စုံတဲ့လူတစ်ယောက်လိုပဲ”

“ကျွန်တော်လည်း အဲလိုပဲ ထင်ပါတယ်”

“မင်း သူနဲ့ စကားနည်းနည်း ပြောဖြစ်ခဲ့သေးလား”

“ဟုတ်ကဲ့။ သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ အရာရာကို တွေးတောတဲ့ ကျွန်တော့်ရဲ့ အမြင်တွေကိုလည်း သူက အများကြီး ပြောင်းလဲပေးခဲ့တာပေါ့။ အပြောအဆိုက နည်းနည်း ကြမ်းသလို ရှိပေမဲ့ အဲဒါကပဲ သူ့ရဲ့ ဆွဲဆောင်မှု ဖြစ်နေတာ”

“သူက တကယ်ကို ထက်မြက်လွန်းတာ။ အဲဒါကြောင့်လည်း သူက သူ ဖြစ်နေတာပေါ့။ သူက အရာရာကို သူများတွေကြည့်သလိုမျိုး မကြည့်ဘူး။ ဒေါင်လိုက်၊ အလျားလိုက် ဖြတ်တောက်ကြည့်ရုံတင်မကဘူး၊ နောက်ဆုံးမှာ အစအနမကျန်အောင်အထိ အကုန်ဖြုတ်ပစ်ပြီး လေ့လာတတ်တာ။ အဲဒီအတွက်ကြောင့်လည်း သူက သူများတွေ မတွေးမိတဲ့ အမြင်သစ်တွေကို အမြဲ ယူဆောင်လာပေးနိုင်တာပေါ့။ ငါ စာရေးဆရာ အများကြီးနဲ့ လက်တွဲဖူးပေမဲ့ ဒီလိုမျိုး တလေးတစား ခေါ်နိုင်တဲ့လူက သိပ်မရှိပါဘူး။ ...ဂျွန်ကတော့ တကယ့် စာရေးဆရာကောင်းတစ်ယောက်ဆိုတာ သေချာတယ်”

“သူကတော့ အဲဒီဘွဲ့ထူးကြီးကို သိပ်ပြီး ရှက်နေပုံရတယ်ဗျ”

“သူ့ရဲ့ အဲဒီအချက်ကိုလည်း ငါ သဘောကျတာပဲ”

မွန်ဂျောင်က ပြန်ထိုင်လိုက်တယ်။

“ဒါနဲ့၊ ဒီကိုလာရတာ မောလာပြီလား”

“ဂွန်ဆူက ကျွန်တော့်ကို သေသေချာချာ ဂရုစိုက်ပေးပါတယ်”

“သူက ဒရိုင်ဘာအဖြစ် တော်တော်လေး ကြိုးစားပေးရှာတာ”

အသွားအပြန် ခြောက်နာရီတောင် ကြာတဲ့ ခရီးဖြစ်တယ်။ ကြားရသလောက်တော့ ဒါက ဂွန်ဆူအတွက် ပထမဆုံးအကြိမ် ခရီးစဉ် မဟုတ်တာ သေချာတယ်။ ခရီးဝေး မောင်းရတာ ဘယ်လောက် ပင်ပန်းလဲဆိုတာ သိနေတာမို့ မာရူးက ဂွန်ဆူအတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ အဲဒီလူက ရပါတယ်လို့ ပြောခဲ့ပေမဲ့ စုပြုံနေတဲ့ နုံးခွေမှုတွေကတော့ အတော်လေး ကြီးမားမှာပဲ။ ဧည့်ခန်းထဲမှာ သူ အိပ်ပျော်နေတဲ့ ပုံစံကို ကြည့်ရုံနဲ့တင် ဒါက သိသာလှတယ်။

“မနက်ဖြန်ကျရင်လည်း ငါ့ကို အပေါ်ပြန်လိုက်ပို့ပေးဖို့ သူ့ကို ထပ်ပြောရဦးမယ်။ သူ့ကို တကယ်ပဲ အားနာမိပါတယ်”

“အားရင် သူ့ပုခုံးလေး ဘာလေး နှိပ်ပေးလိုက်ပါဦး”

“ဟုတ်။ ကျွန်တော် တကယ် လုပ်ပေးပါ့မယ်”

“ဒါနဲ့၊ စာအုပ်ကို ဖတ်ပြီးပြီလား”

“ဆယ်ခေါက်မက ဖတ်ပြီးပါပြီ။ ပြဿနာက။ လက်ထဲ ရောက်သွားရင်ကို ပြန်ချထားလို့ မရတော့ဘူး”

“ဂျွန်ရဲ့ စာအုပ်က တကယ့်ကို အံ့ဩစရာ လက်ရာမွန်ကြီးလေ။ ဖတ်လိုက်ရင် စီးမျောသွားတာပဲ”

“ကျွန်တော်လည်း အဲလိုပဲ ထင်ပါတယ်”

“အဲဒါကပဲ ငါ့ကို ပိုပြီး စိတ်ပူစေတာပေါ့။ မူရင်းလက်ရာကို မထိခိုက်စေဘဲနဲ့ အဲဒါထက် ပိုကောင်းအောင် ငါတို့ လုပ်ပြရတော့မယ်။ ဇာတ်ညွှန်းအတွက် အဓိကဇာတ်ညွှန်းဆရာတွေရော၊ ဇာတ်ညွှန်းခွဲရေးတဲ့လူတွေပါ အများကြီး လုပ်နေကြတုန်းပဲ၊ ဒါပေမဲ့ ရုပ်ရှင်ရဲ့ နောက်ပိုင်းအခန်းတွေကို သူတို့ သဘောမကျသေးဘူး ဖြစ်နေတယ်။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်း မပြတ်သားဘဲနဲ့ စတိုရီဘုတ် ကိုလည်း သေသေချာချာ ဆွဲလို့မရသေးဘူးလေ”

“မနက်ကလည်း အဲဒီစကားလုံးကို ကြားခဲ့ရသေးတယ်။ ဒါနဲ့ စတိုရီဘုတ် ဆိုတာ ဘာလဲဟင်”

“အော်၊ ဟုတ်သားပဲ။ မင်း ဒါမျိုး တစ်ခါမှ မမြင်ဖူးသေးဘူးပဲ။ ငါကလည်း မင်းကို ဒီလောကအကြောင်း အကုန်သိနေတဲ့လူလိုမျိုး ဆက်တိုက် ပြောမိနေတယ်။ ထူးတော့ ထူးဆန်းသား”

“ကျွန်တော် သရုပ်ဆောင်လုပ်တာ အခုမှ ခြောက်လပဲ ရှိသေးတာပါ။ သင်ယူရမှာတွေ အများကြီးပါပဲ”

မွန်ဂျောင်က ခေါင်းညိတ်ပြီး သူ့ဘေးနားက အံဆွဲတွေကို လိုက်ရှာကြည့်တယ်။ ပြီးတော့ စင်ရှေ့မှာရှိတဲ့ စာရွက်တွေထဲက တစ်ရွက်ကို ယူပြီး မာရူးကို ကမ်းပေးလိုက်တယ်။

“ဒါက စတိုရီဘုတ် ပဲ။ စာရေးဆရာတစ်ယောက်နဲ့ တစ်ယောက်တော့ နည်းနည်းစီ ကွဲပြားတာပေါ့၊ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ဒီလိုမျိုးပုံစံပဲ”

မာရူးက စာမျက်နှာတွေကို တစ်ရွက်ချင်းစီ လှန်ကြည့်လိုက်တယ်။ စာရွက်ပေါ်က လေးထောင့်ကွက်လေးတွေထဲမှာ ရုပ်ပုံလေးတွေ ဆွဲထားတာပဲ။ သတင်းစာထဲက လေးကွက်တွဲ ကာတွန်းတွေလိုမျိုးပေါ့။ လေးထောင့်ကွက်တွေရဲ့ အပြင်ဘက်မှာတော့ သူ မသိတဲ့ စကားလုံးတွေ အများကြီး ရေးထားတယ်။

“ဒီလောကရဲ့ သုံးနှုန်းချက်တွေပေါ့။ အများစုကတော့ ကင်မရာ ရိုက်ချက်တွေအကြောင်းပါ။ ဒါရိုက်တာက တကယ် မရိုက်ကူးခင်မှာ ကင်မရာရဲ့ အလှည့်အပြောင်းနဲ့ တည်နေရာတွေကို ကြိုတင်စီစဉ်ဖို့ ဒါကို သုံးတာလေ။ စတိုရီဘုတ်ကောင်းကောင်းတစ်ခုက သူ့ဘာသာသူ ရုပ်ရှင်တစ်ကား ဖြစ်နေတာမျိုးပေါ့”

အဲဒီလူရဲ့ ရှင်းပြချက်ကို နားထောင်ရင်း မာရူးက ဆက်လှန်ကြည့်နေမိတယ်။ တချို့စာမျက်နှာတွေမှာ အသေးစိတ် ရိုက်ချက်ပုံတွေ ပါဝင်ပြီး တချို့စာမျက်နှာတွေမှာတော့ ပုံတွေထက် စာသားတွေက ပိုများနေတယ်။ စကားလုံးတွေ အကုန်လုံးကို မသိရင်တောင် ရုပ်ရှင်ရဲ့ ဇာတ်ကွက်တစ်ခုလုံးကို ခန့်မှန်းဖို့ကတော့ မခက်ခဲလှပါဘူး

“ငါတို့ခေတ်တုန်းကတော့ ဒီလိုမျိုး မရှိခဲ့ဘူး။ ဒါက ဒီလောကထဲကို အသစ်ဝင်လာတဲ့ အရာမျိုးပေါ့။ ဒါက ဒါရိုက်တာကို မရိုက်ကူးခင်မှာ သူတို့ရဲ့ နောက်ဆုံးထွက်ကုန်ကို ကြိုမြင်ခွင့်ပေးတယ်၊ ပြီးတော့ ရိုက်ကူးရေးအတွက် သွားလာရတာတွေကိုလည်း လျှော့ချပေးနိုင်တာပေါ့”

“ဒါဆို ဒါက လမ်းညွှန်စာအုပ်လိုမျိုးပေါ့”

“ဟုတ်တာပေါ့။ ရုပ်ရှင်ကောင်းတစ်ကားအတွက် အင်မတန် အသုံးဝင်တဲ့ လမ်းညွှန်စာအုပ်ပေါ့”

“ဒါဆို 'ဆည်းဆာအချိန် ရုန်းကန်မှုများ' အတွက် စတိုရီဘုတ် ပြီးသွားရင် ရိုက်ကူးရေး စတော့မှာလား”

“မှန်တယ်။ အစပျိုးတဲ့အပိုင်းနဲ့ ပင်မဇာတ်ကွက် အများစုကတော့ ပြီးသွားပြီလို့ ကြားတယ်။ ဇာတ်ညွှန်းဆရာက နောက်ဆုံးအပိုင်းတွေကို အချောသတ်ပြီးတာနဲ့ ငါတို့ တန်းပြီး ရိုက်ကူးရေး ဝင်လို့ရပြီ”

“ပြီးတော့ အဲဒါမတိုင်ခင်မှာ လူရွေးပွဲ ရှိမယ်။ လာမယ့်လထဲမှာလို့ ကြားခဲ့တယ်”

“နည်းနည်းတော့ နောက်ဆုတ်သွားတယ်။ မေလရဲ့ ပထမပတ်လောက် ဖြစ်လိမ့်မယ်”

“ဒါဆို တစ်လကျော်ကျော်လောက်ပဲ လိုတော့တာပေါ့”

မာရူးက စတိုရီဘုတ်ကို စိုက်ကြည့်ရင်း ပြန်ဖြေလိုက်တယ်။ စာရွက်ပေါ်မှာ ဒါရိုက်တာက အခန်းတစ်ခုချင်းစီကို ဘယ်လိုမြင်ချင်လဲဆိုတာ အသေးစိတ် ဖော်ပြထားတာပဲ။ ဒါရိုက်တာတစ်ယောက်ရဲ့ ခေါင်းထဲမှာ ဘာတွေရှိနေလဲဆိုတာကို သိမြင်နိုင်ဖို့အတွက် ဒီထက်ကောင်းတဲ့ အရာတော့ ရှိမှာမဟုတ်ဘူး။ မာရူးရဲ့လက်က စာမျက်နှာအနည်းငယ်ကို ထပ်လှန်ပြီးတဲ့နောက်မှာတော့ ရပ်တန့်သွားတယ်။ မွန်ဂျောင် ပြောခဲ့သလိုပဲ အဲဒီစာမျက်နှာတွေက ဗလာဖြစ်နေလို့ပဲ။

“ရုပ်ရှင်ဆိုတာ တကယ်ကို လူအမြောက်အမြား ပူးပေါင်းပြီး ဖန်တီးရတဲ့ အနုပညာတစ်ခုပဲ။ အဲဒါကြောင့် မင်းအနေနဲ့ ပိုပြီးတော့ ဂရုစိုက်မှု၊ အာရုံစိုက်မှုတွေနဲ့ သရုပ်ဆောင်ရမယ်။ ရုပ်ရှင်တစ်ကားထဲမှာ သေသေချာချာ သရုပ်ဆောင်မပြနိုင်တာက မင်းနဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့တဲ့ တခြားလူတွေအားလုံးကို ရိုင်းပျရာ ရောက်တယ်”

လေးနက်လှတဲ့ စကားတွေပဲ။ ကျောင်းကလပ်တွေမှာ ကပြတဲ့ ပြဇာတ်တွေကတော့ ကလပ်အဖွဲ့ဝင် နည်းနည်းလေးနဲ့ပဲ ဖန်တီးရတာမို့လို့ ဖိအားက အများကြီး နည်းတာပေါ့။ ပြဇာတ်က ရှုံးနိမ့်သွားရင် စိတ်မကောင်းဖြစ်ရပေမဲ့ အနည်းဆုံးတော့ တခြားလူတွေကို ထိခိုက်မှု မရှိစေဘူးလေ။ ဒါပေမဲ့ ရုပ်ရှင်လောကမှာတော့ ဇာတ်လမ်းက တခြားစီပဲ၊ ရုပ်ရှင်တစ်ကားဖြစ်ဖို့ လူရာပေါင်းများစွာက ပူးပေါင်းလုပ်ဆောင်ကြရတာ။ ရိုက်ကူးရေး၊ အသံ၊ မီးလင်းစနစ်၊ တည်းဖြတ်မှု၊ အထူးပြုလုပ်ချက်တွေ၊ အက်ရှင်ကွက်တွေ၊ နေရာရှာဖွေမှု၊ ဇာတ်ခုံပြင်ဆင်မှု၊ အစားအသောက်... ရုပ်ရှင်တစ်ကားတည်းအတွက်တင် အင်မတန် ကြီးမားတဲ့ ငွေကြေးပမာဏ ကုန်ကျတယ်ဆိုတာကို မာရူးတောင် သိနေတာပဲ။

“ရုပ်ရှင်တွေရဲ့ ကြောက်စရာကောင်းတဲ့အချက်က ပိတ်ကားပေါ်မှာ ပေါ်လာမယ့် တစ်ဦးတည်းသောလူက သရုပ်ဆောင်ပဲ ဖြစ်နေတာပဲ”

မွန်ဂျောင်က တကယ်ကို ကြောက်စရာကောင်းတဲ့ မျက်နှာပေးနဲ့ ပြောလိုက်တယ်။ သူက ကျောင်းသားတစ်ဦးကို ရုပ်ရှင်လောကအကြောင်း ရှင်းပြနေတာမျိုး မဟုတ်ဘဲ၊ လောကတူ သရုပ်ဆောင်အချင်းချင်းကို သတိပေးနေတဲ့ ပုံစံမျိုး ပေါက်နေတယ်။

“လူရာပေါင်းများစွာ စုဝေးပြီး ရုပ်ရှင်တစ်ကားကို အပြီးသတ်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အောင်မြင်မှုရဲ့ ဆုံးဖြတ်ချက်က သရုပ်ဆောင်ရဲ့ အရည်အချင်းပေါ်မှာပဲ အများကြီး မူတည်နေတာ။ ဇာတ်လမ်းက ဘယ်လောက်ပဲ ကောင်းကောင်း၊ အထူးပြုလုပ်ချက်တွေက ဘယ်လောက်ပဲ ဆန်းပြားနေပါစေဦးတော့၊ ပိတ်ကားပေါ်က သရုပ်ဆောင်က သစ်သားရုပ်ကြီးလို ဖြစ်နေရင် ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ အဲဒါကြောင့် မင်း အမြဲတမ်း နိုးနိုးကြားကြား ရှိနေဖို့ လိုတယ်”

ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်တွေ ပြိုလဲပျက်စီးသွားတတ်ပြီး အရင်းအနှီးနည်းတဲ့ ရုပ်ရှင်တွေကတော့ မမျှော်လင့်ဘဲ ငွေတွေအများကြီး ရရှိသွားတတ်တဲ့ အချိန်တွေ ရှိတယ်။ အများစုကတော့ ရင်းနှီးမြှုပ်နှံတဲ့ ငွေပမာဏက ရုပ်ရှင်ကနေ ပြန်ရမယ့် ငွေပမာဏနဲ့ တိုက်ရိုက် ဆက်စပ်နေတတ်ပေမဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်သွားတာမျိုးကလည်း အလွယ်တလေး ဖြစ်နိုင်တာပဲ။

မွန်ဂျောင် ပြောသလိုပဲ နောက်ဆုံးမှာတော့ အရာအားလုံးက သရုပ်ဆောင်အပေါ်မှာပဲ မူတည်နေတာပေါ့။ သရုပ်ဆောင်ရဲ့ ချို့ယွင်းချက်တွေကို ကျော်လွှားပေးနိုင်တဲ့ ဒါရိုက်တာတွေ ရှိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့လည်း အရည်အချင်းရှိတဲ့ သရုပ်ဆောင်တွေနဲ့ပဲ လက်တွဲလုပ်ကိုင်ချင်ကြတာပဲ။

“တချို့အချိန်တွေမှာ ငါ့ကိုယ်ငါ အသက်ရှူကျပ်သလို ခံစားရတယ်။ ဝန်ထမ်းတွေက ငါ့ကို ဒီပရောဂျက်က အောင်မြင်ရမယ်လို့ ပြောပြီး ငွေတွေ ဘယ်လောက်တောင် ရင်းနှီးထားလဲဆိုတာ လာလာပြောပြရင် ငါ ထွက်ပြေးချင်စိတ် ပေါက်မိတာပေါ့။ ဒါရိုက်တာကလည်း ရိုက်ချက်တွေကို ထပ်ခါတလဲလဲ တောင်းဆိုနေတတ်ပြီး ရိုက်ကူးရေးစင်တစ်ခုလုံးကလည်း ဆိုးဝါးပြီး အေးစက်စက် လေထုကြီးနဲ့ ပြည့်နှက်နေတတ်တယ်... အဲဒါက ဆိုးဝါးတဲ့ ပေါင်းစပ်မှုပဲ၊ အထူးသဖြင့် ငါက သူတို့ စိတ်ကျေနပ်အောင် သရုပ်ဆောင်မပြနိုင်တဲ့ အချက်နဲ့ ပေါင်းစပ်လိုက်ရင်ပေါ့”

“အဲဒီရုပ်ရှင်က ဘယ်လိုဖြစ်သွားလဲဟင်”

“ကံကောင်းထောက်မစွာနဲ့ပဲ အမြတ်တော့ နည်းနည်း ပြန်ရခဲ့ပါတယ်။ ငါတို့ခေတ်တုန်းကဆိုရင် နှစ်စဉ် ရုပ်ရှင်ကားပေါင်း ရာနဲ့ချီပြီး ထွက်ခဲ့တာလေ”

“ရာနဲ့ချီပြီး ဟုတ်လား”

မွန်ဂျောင်က ခေါင်းညိတ်ပြလိုက်တယ်။

“ဘာလို့လဲဆိုတော့ အဲဒီတုန်းက တခြား ဖျော်ဖြေရေး ပုံစံမျိုးတွေမှ မရှိသေးတာ။ ငါတို့ လွတ်လပ်ရေးရပြီး မကြာခင် အချိန်လည်း ဖြစ်နေတော့၊ ငါတို့ထဲက အများစုက ငါတို့ရဲ့ ယဉ်ကျေးမှုကို ပြန်လည် ဆန်းသစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်လာခဲ့ကြတာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ငွေကြေးကြောင့်ပဲ ငါတို့ထဲက အများစုက ထူးဆန်းတဲ့လူတွေ ဖြစ်ကုန်ကြတာပေါ့။ အဲဒါကြောင့်ပဲ ငါက ပြဇာတ်ရေးသားတဲ့ အလုပ်ဆီ ပြန်လှည့်လာခဲ့တာ”

မွန်ဂျောင်ရဲ့ ဇာတ်လမ်းက သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတယ်။ ဒါလည်း ဟုတ်တာပေါ့၊ အဲဒီလူက အစအဦးကတည်းက ရှိနေခဲ့တာပဲဥစ္စာ။ သူ့ရဲ့ ဇာတ်လမ်းကို နားထောင်ရုံနဲ့တင် မာရူးအတွက် တန်ဖိုးရှိတဲ့ ဗဟုသုတတွေကို ရရှိစေတယ်

“လူအုပ်ကြီးရဲ့ ရှေ့မှာ ပြန်ရပ်ရတော့မယ်လို့ တွေးမိတဲ့အခါ ဆရာ့စိတ်ထဲ ထူးထူးဆန်းဆန်းကြီး ဖြစ်နေမှာပဲ”

“အမှန်အတိုင်း ပြောရရင် ငါ ရင်ခုန်နေတယ်။ ငါ့ရဲ့ ပထမဆုံး ရုပ်ရှင်ကို ပြန်ရိုက်နေရသလိုပဲ။ ပြီးတော့ ငါလို အဖိုးကြီးတစ်ယောက်အပေါ်မှာ လူတွေအများကြီးက သူတို့ရဲ့ ငွေတွေကို စွန့်စားပြီး ရင်းနှီးမြှုပ်နှံချင်ကြတာကိုလည်း နည်းနည်းတော့ အံ့ဩမိသား”

“အဲလိုမျိုး မပြောပါနဲ့ ဆရာရဲ့။ မြောင်ဒုံ အနုပညာပြဇာတ်ရုံ ကို ဆရာ့ကို မြင်ချင်ရုံသက်သက်နဲ့တင် လာခဲ့ကြတဲ့လူတွေ အများကြီး ရှိခဲ့တာပဲဟာ”

“မင်းကတော့ တစ်နေ့ထက်တစ်နေ့ လူတွေကို မြှောက်ပြောတတ်လာပြီ မဟုတ်လား”

“ကျွန်တော်က ဆရာ့ခေါင်းထဲက အူလှိုက်သည်းလှိုက်အထိ သိနေတဲ့လူမျိုး ဖြစ်နေလို့ပါ ဆရာရဲ့”

မွန်ဂျောင်က စိတ်ဆိုးချင်ယောင်ဆောင်ပြီး သူ့မျက်ခုံးတွေကို နည်းနည်း တွန့်လိုက်တယ်၊ ပြီးတော့မှ ပြန်ပြုံးပြလိုက်တယ်။

“မင်းရဲ့ အဲဒီ ယုံကြည်ချက်ကို မပျောက်ပျက်စေချင်ဘူး။ လူရွေးပွဲမှာ အောင်မြင်အောင် လုပ်ပါဦး”

“အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ဒါပေမဲ့ ဒီလို ပရောဂျက်မျိုးအတွက် လူရွေးပွဲကို သရုပ်ဆောင်ကောင်းတွေ မလာဘဲ နေမှာမဟုတ်ဘူး။ နောက်ဆုံးမှာ ကျွန်တော် မရွေးချယ်ခံရမှာကိုလည်း နည်းနည်းတော့ ကြောက်မိသား”

“ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးတော့ ကြိုးစားပါ။ အနည်းဆုံးတော့ လူမိုက်နေရာအတွက်ပေါ့။ ဒီလောကထဲမှာ အချိန်တွေ ပိုကုန်ဆုံးလေလေ၊ မင်း ပိုတော်လာလေလေ ဖြစ်မှာပဲ”

“နားလည်ပါပြီ”

“အော်၊ ဒါနဲ့၊ အချိန်က...”

“မနက်အစောကြီး ၂ နာရီ ၃၃ မိနစ် ရှိပါပြီ”

“အိပ်ရမယ့် အချိန်ရောက်ပြီပဲ။ မင်း သွားအိပ်သင့်ပြီ။ မနက်ဖြန်မနက်ကျရင် ငါတို့ သွားစရာ နေရာတစ်ခု ရှိသေးတယ်”

“သွားစရာ နေရာ ဟုတ်လား”

“ငါ မင်းကို စကားပြောဖို့သက်သက်တင် ဒီကို ခေါ်ခဲ့တာ မဟုတ်ဘူး။ မင်းကို တစ်ခုခု ပြချင်လို့။ မင်းရဲ့ သရုပ်ဆောင်မှုအတွက် အထောက်အကူ ဖြစ်စေမယ့် အရာတစ်ခုပေါ့”

“ဒါနဲ့ အဲဒါက ရေကန်ဆီ သွားမှာလားဟင်”

မွန်ဂျောင်က ဖြည်းဖြည်းကလေး ခေါင်းညိတ်ပြလိုက်တယ်။

“ဂွန်ဆူလည်း ငါတို့နဲ့အတူ လိုက်ခဲ့လိမ့်မယ်၊ သူလည်း သူရချင်တဲ့ ဇာတ်ကောင်နေရာ တစ်ခု ရှိနေလို့လေ”

“အဲဒါက ဘယ်ဇာတ်ကောင်နေရာလဲဟင်”

“တတိယမြောက် သားပေါ့။ အရင်ဆုံး သေသွားတဲ့လူလေ”

“အဲဒီမှာ ရန်ပွဲအခန်း ပါတယ် မဟုတ်လား။ စာအုပ်ထဲမှာတော့ အဖိုးကြီးက သူ့ရဲ့ ပထမဆုံး ရိုက်ချက်နဲ့တင် အဲဒီသားကို မနှိမ်နင်းနိုင်ခဲ့ဘူးလို့ မှတ်မိနေတယ်”

“မှန်တယ်။ ငါတို့ မြေပြင်ပေါ်မှာ အကြိမ်တော်တော်များများ လူးလှိမ့်ရလိမ့်မယ်။ အဲဒါကြောင့်ပဲ ငါ အခု ပြန်ပြီး လေ့ကျင့်ခန်း လုပ်နေတာ။ ကိုယ်အလေးချိန်ကိုလည်း ထပ်ချရဦးမယ်”

အဲဒီတော့မှ မာရူးက အဲဒီလူဟာ ပြီးခဲ့တဲ့အကြိမ်ကထက် ပိုပြီး ပိန်သွားတာကို သတိထားမိတော့တယ်။

“စက္ကူစုတ်တွေ လိုက်ကောက်ပြီး အသက်မွေးရတဲ့ အဖိုးကြီးတစ်ယောက်က ဒီလောက်အထိ ဝနေလို့မှ မဖြစ်တာ”

“ဒီလိုလုပ်လို့ ဆရာ့ကျန်းမာရေး ထိခိုက်မသွားနိုင်ဘူးလားဟင်”

“ငါ့ဘဝရဲ့ ထက်ဝက်ကို သရုပ်ဆောင်လုပ်ရင်းနဲ့ ကုန်ဆုံးခဲ့တာ။ ငါ့ရဲ့ ခန္ဓာကိုယ်ကိုတောင် ငါ မထိန်းချုပ်နိုင်ဘူးဆိုရင် သရုပ်ဆောင်ဆိုတဲ့ ဘွဲ့ထူးကြီးကို စွန့်လွှတ်လိုက်တာကမှ ပိုကောင်းဦးမယ်”

သူက စာအုပ်ကို ရကတည်းက ‘အဖိုးကြီး’ ရဲ့ ပုံစံက ဘယ်လိုရှိမလဲဆိုတာကို ကြိုတင်တွေးဆပြီး ခန္ဓာကိုယ်ကို လိုက်လျောညီထွေဖြစ်အောင် အချိန်ယူ ပြောင်းလဲခဲ့တာ ဖြစ်ပုံရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူကတော့ တကယ်ကို အံ့ဩစရာကောင်းလှတယ်။

“ဒါဆို ကျွန်တော် သွားခွင့်ပြုပါဦး ဆရာ”

“အေးပါ။ မအိပ်ခင် ပြတင်းပေါက်တွေကို ပိတ်ထားဦး။ ညဘက်ဆို လေက တော်တော်လေး အေးတာ”

“နားလည်ပါပြီ”

“ဗိုက်ကိုလည်း စောင် သေသေချာချာ ခြုံထားဦးနော်”

“ဟုတ်ကဲ့ပါ ဆရာ”

မွန်ဂျောင်က စိုးရိမ်ပူပန်တတ်တဲ့ အဖိုးကြီးတစ်ယောက်လိုပဲ ပြောနေရှာတယ်။ မာရူးက အပြင်ဘက်ကို လှမ်းထွက်လိုက်တဲ့အခါ သူ့ရဲ့ ရင်ထဲမှာ ခါတိုင်းထက် ပိုပြီး နွေးထွေးသွားသလို ခံစားလိုက်ရတော့တယ်။

* * * * * * * * *

All Chapters