← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း(၁၈၇)

မျက်လုံးထဲကို နေရောင်ခြည် တည့်တည့်ကျလာလို့ ဆူယွန်း တစ်ယောက် ဖြည်းဖြည်းကလေး မျက်လုံးပွင့်လာတယ်။ ဝရန်တာဘက်က ပြတင်းပေါက်ကနေ နေခြည်တွေက ဖြာကျနေတယ်။ မျက်လုံးကို ပွတ်သပ်ရင်း ထထိုင်လိုက်တော့မှပဲ သူ ဆိုဖာပေါ် ရောက်နေမှန်း သတိထားမိတော့တယ်။

“ဒုက္ခပဲ...”

မနေ့ညက ဂွန်ဆူနဲ့အတူ ဆိုဂျူသောက်ခဲ့တာကို သူ မှတ်မိနေတယ်။ ဂွန်ဆူ မူးသွားတဲ့အထိ တမင်တကာ သောက်ဖို့ ကြံစည်ထားတာ ဖြစ်ပေမဲ့ သူကပဲ အရင်ဆုံး အိပ်ပျော်သွားခဲ့ပုံရတယ်လေ။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ အမှိုက်ပုံးဘေးမှာ သေသေသပ်သပ် စီထားတဲ့ အရက်ပုလင်းတွေကို တွေ့ရတယ်။ ဂွန်ဆူကပဲ အားလုံးကို အရင်ဆုံး သိမ်းဆည်းပေးသွားတာ နေမှာပါ။

“ဟင်း... သူကတော့ တကယ့်ကို ကိုင်တွယ်ရခက်တဲ့ လူစားမျိုးပဲ”

အရက်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကို ပျော့ပြောင်းလွယ်စေတာ ထုံးစံပဲလေ။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးမှာတောင် မိန်းမတစ်ယောက်ကို တွန်းဖယ်နိုင်တဲ့ ယောကျာ်းမျိုးကို ဆူယွန်း တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒါပေမဲ့ သူက ဂွန်ဆူ့ကို အဲဒီလိုမျိုး ကပ်ချင်တာတော့လည်း မဟုတ်ပါဘူး။ သူနဲ့ ဒီထက်ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးပဲ လိုချင်ခဲ့တာပါ။ တကယ်လို့ အဆင်ပြေပြေ တည့်သွားကြမယ်ဆိုရင် လက်ထပ်တဲ့အထိတောင် ပေါ့လေ။ သူနဲ့ စကားပြောဖြစ်တဲ့ အချိန်တွေ ကြာလာလေလေ၊ သူ့ကို ပိုပြီး သဘောကျလာလေလေပဲ။

“အချစ်ရေး တဲ့လား...”

ဆူယွန်းက ပြုံးရင်းနဲ့ ခြေထောက်နှစ်ဖက်ကို ပိုက်ထားမိတယ်။ တက္ကသိုလ် ပထမနှစ်ကတည်းက သူကတော့ ရိုးရိုးတန်းတန်း အချစ်ရေးတွေကို လက်လျှော့ခဲ့တာ ကြာပါပြီ။ အနုပညာတက္ကသိုလ်ကို အိမ်မက်တွေအများကြီးနဲ့ တက်ခဲ့ပြီး၊ စိတ်အားထက်သန်တတ်တဲ့ စီနီယာတစ်ယောက်ကို အချစ်ကြီး ချစ်မိခဲ့ဖူးတယ်။ သူတို့အချစ်တွေက ထာဝရ တည်မြဲလိမ့်မယ်လို့လည်း ဆူယွန်း ထင်ခဲ့တာ။

ဟိုတယ်ကို ပထမဆုံးအကြိမ် သွားခဲ့တုန်းက တော်တော်လေး နာကျင်ခဲ့ရပေမဲ့ အဲဒီလူက ပျော်နေတာ မြင်တော့ သူလည်း လိုက်ပြီး ပျော်ခဲ့ရတယ်။ အဲဒီနေ့နောက်ပိုင်းမှာတော့ သူတို့ရဲ့ ဒိတ်လုပ်မှုတွေက ကာမဂုဏ်တစ်ခုရဲ့ ပြယုဂ်လို ဖြစ်လာခဲ့တော့တာပဲ။ နှစ်ယောက်သား တွေ့ကြတိုင်း အိပ်ယာထဲ ရောက်ကြတာချည်းပါပဲ။ ဆူယွန်းကတော့ အဲဒီလူနဲ့ တခြားအမှတ်တရလေးတွေ ဖန်တီးချင်ခဲ့တယ်။

ဒါပေမဲ့ အဲဒီလူကတော့ လိင်ကိစ္စတစ်ခုတည်းကိုပဲ လိုချင်ခဲ့တယ်။ လိင်ကိစ္စဆိုတာ အချင်းချင်း ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုပဲလို့ ယုံကြည်ခဲ့တဲ့အတွက် ဆူယွန်းလည်း သူ့နောက်ကိုပဲ လိုက်ခဲ့မိတယ်။ နောက်ပိုင်းမှာတော့ သူတို့ တွေ့ဖြစ်တာ နည်းလာခဲ့တယ်။ တွေ့ဖြစ်တဲ့ အခါတိုင်းမှာလည်း အတူတူ အိပ်ဖို့ကလွဲလို့ ဘာမှမရှိခဲ့ဘူး။

အဲဒီလို အခြေအနေမှာတောင် သူတို့ကြားကအရာကို အချစ်လို့ပဲ ဆူယွန်း ယုံကြည်နေတုန်းပဲ။ ဒီလိုနဲ့ နောက်ထပ် ခြောက်လလောက် ကြာတဲ့အခါမှာတော့ အဲဒီလူက သူ့ကို လမ်းခွဲခဲ့တယ်။ တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့လာကြပြီမို့ နောက်ထပ် မတွေ့ကြတာ အကောင်းဆုံးပဲလို့ ဖုန်းမက်ဆေ့ခ်ျကနေတစ်ဆင့် ပြောလာခဲ့တာလေ။

အဲဒီမတိုင်ခင်တုန်းကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ တကယ်ရှိတာမဟုတ်ဘူးလို့ ဆူယွန်း ထင်ခဲ့တာ။ စိတ်ဓာတ်ကျနေပါတယ်လို့ ပြောတဲ့လူတွေကိုတောင် သူက အထင်သေးခဲ့သေးတယ်။ ကိုယ့်စိတ်ခံစားချက်ကိုတောင် ကိုယ်မထိန်းချုပ်နိုင်တဲ့ လူကြီးတွေလား၊ ရယ်စရာပဲလို့ တွေးခဲ့တာ။ ဒါပေမဲ့ အဲဒီ မက်ဆေ့ခ်ျကို ရတဲ့နေ့မှာတော့ သူ ကုတင်ပေါ်မှာ ထိုင်ရင်း တစ်နေ့ခင်းလုံး လေထဲကို ငေးကြည့်နေမိခဲ့တယ်။ အဲဒီတော့မှပဲ ဪ... လူတွေ ဘာလို့ သေကြောင်းကြံကြလဲဆိုတာ သူ နားလည်သွားခဲ့တော့တယ်။

စိတ်အနာအဆာတွေ နည်းနည်းပါးပါး သက်သာသွားအောင် ကျောင်းကို ပြန်တက်ခဲ့တယ်။ ကံကောင်းချင်တော့ အဲဒီစီနီယာကို မတွေ့ရတော့ဘူး။ သူ ကျောင်းခဏ နားသွားတယ်လို့ ကြားရတယ်။ ဒါနဲ့ပဲ ဆူယွန်းလည်း ပထမဆုံးရခဲ့တဲ့ စိတ္တဇနာတွေကို ကုစားရင်း အချိန်တွေကို ကုန်လွန်စေခဲ့တယ်။

အဲဒီအချိန်တုန်းက သူ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်က သူ့ကို ဒိတ်လုပ်ဖို့ အခွင့်အရေးတောင်းလာခဲ့ဖူးတယ်။ အဲဒီလူက တော်တော်လေး သတိထားပြီး တောင်းဆိုခဲ့သလို ရှက်လည်း ရှက်နေခဲ့တာ။ သူ့ကို ရုပ်ရှင်အတူတူကြည့်ဖို့ ပြောတုန်းက သုံးခါလောက်တောင် စကားတွေ ထစ်နေခဲ့သေးတယ်။

အရင်က စီနီယာနဲ့ လုံးဝမတူတဲ့ ပုံစံမျိုးပေါ့။ သူ့ဘဝမှာ တစ်ခါမှ မရောက်ဖူးသေးတဲ့ နယ်မြေအသစ်တစ်ခုထဲကို ပထမဆုံးအကြိမ် ခြေချရဲရဲ တက်လှမ်းလာတဲ့ ကောင်လေးတစ်ယောက်လိုပဲ။ သူ့မျက်နှာကို ကြည့်ရင်း ဆူယွန်း စိတ်ထဲမှာ အချစ်စိတ်တွေ ပြန်နိုးထလာခဲ့ရတယ်။

သူ့ရဲ့ ဒုတိယမြောက် ဆက်ဆံရေးကတော့ ပထမတစ်ခုလို မြန်ဆန်မနေဘဲ ဖြည်းဖြည်းမှန်မှန်နဲ့ နူးညံ့နေခဲ့တယ်။ အရင်စီနီယာနဲ့မတူတာက ဒီသူငယ်ချင်းက သူ့လက်ကို ကိုင်ဖို့တောင် တော်တော်လေး ခက်ခဲနေခဲ့တာ။ ဆူယွန်း စိတ်သက်သာရာ ရသွားတယ်။ လူတိုင်းက အဲဒီစီနီယာလို မဟုတ်ကြပါလားဆိုပြီးတော့လေ။ တစ်လလောက် ကြာပြီးတဲ့နောက်မှာတော့ ဆူယွန်းကပဲ စတင်ပြီး သူ့လက်ကို အရင်ဆုပ်ကိုင်ပေးလိုက်တယ်။

သူတို့က တကယ့်ကို ဖြည်းဖြည်းချင်း သွားနေကြတာ။ ဟိုစီနီယာနဲ့တုန်းက အတူတူအိပ်ဖို့ တစ်လပဲ အချိန်ယူခဲ့ရပေမဲ့ ဒီသူငယ်ချင်းနဲ့ကျတော့ လက်ချင်းကိုင်ဖို့တင် တစ်လလုံး စောင့်ခဲ့ရတာလေ။ လန့်ဖျပ်သွားတဲ့ သူ့ရဲ့ အမူအရာလေးက တကယ့်ကို အသည်းယားစရာ ကောင်းလွန်းလို့ ဆူယွန်း သူ့လက်ကို တင်းတင်းကလေး ဆုပ်ကိုင်ထားခဲ့မိတာကို မှတ်မိနေသေးတယ်။

သူ့ရင်ထဲမှာ အချစ်တွေ ပြန်လည်ရှင်သန်လာသလို ခံစားရပြီး စိတ်ထဲက အမှောင်ထုထဲကို အလင်းရောင် ဖြာကျလာခဲ့တယ်။ ဘဝထဲကို ခွန်အားတွေ ပြန်ဝင်လာပြီး သူနဲ့အတူ ကုန်ဆုံးရတဲ့ အချိန်တွေကို သဘောကျလာမိတယ်။ ပထမနှစ် ဆောင်းရာသီ ကျောင်းပိတ်ရက်မှာတော့ သူနဲ့အတူ ခရီးတစ်ခု ထွက်ခဲ့ကြတယ်။ ဆောင်းရာသီ ပင်လယ်ပြင်ကို သွားကြည့်ကြပြီး လူသူကင်းမဲ့နေတဲ့ ကမ်းခြေတစ်လျှောက် အတူတူ လမ်းလျှောက်ခဲ့ကြတာ။

အဲဒီအချိန်မှာပဲ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် အတူတူအိပ်ဖြစ်ကြတော့မယ်ဆိုတာ ဆူယွန်း ရိပ်မိလိုက်တယ်။ သူ ထင်တဲ့အတိုင်းပါပဲ၊ အခန်းက တစ်ခန်းတည်း ကြိုတင်မှာထားတာ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့လည်း သူ စိတ်အေးလက်အေး ရှိနေခဲ့ပါတယ်။ အစွန့်ပစ်ခံရမှာ မဟုတ်ဘူးလို့ ယုံကြည်နေခဲ့တာကိုး။ ဒါနဲ့ပဲ သူတို့ရဲ့ ပထမဆုံးညကို အတူတူ ကုန်ဆုံးခဲ့ကြတယ်။ ဒါပေမဲ့ သူ့ကို ဆီးကြိုလိုက်တာကတော့... စိတ်ပျက်စရာကောင်းတဲ့ အပြုံးတစ်ခုပဲ။

* မင်း ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးလား

မနက်ရောက်တဲ့အထိ မျက်နှာကျက်ကိုပဲ ငေးတောက်တောက် ကြည့်နေခဲ့မိတာကို ဆူယွန်း မှတ်မိနေတယ်။ သူ့ရဲ့ ဟောက်သံကို ကြားမှပဲ သတိပြန်ဝင်လာပြီး ဆိုးလ်ကို ပြန်လာခဲ့တော့တယ်။ ဖုန်းခေါ်သံတွေ ဝင်လာပေမဲ့ သူ လျစ်လျူရှုထားလိုက်တယ်။ အချိန်တွေ ကုန်လွန်သွားပြီး သူလည်း ဒုတိယနှစ်ကို ရောက်လာခဲ့တာပေါ့။

ကျောင်းပြန်တက်တုန်းက ပထမဆုံး ကြားလိုက်ရတဲ့ စကားကတော့ “ကင်ဆူယွန်းက ပြည့်တန်ဆာမပဲ” ဆိုတာပါပဲ။ အဲဒီကောလာဟလရဲ့ အရင်းအမြစ်ကို ရှာဖို့က သိပ်မခက်ခဲလှပါဘူး၊ ဟိုသူငယ်ချင်းဆိုသူပဲ ဖြစ်နေခဲ့တာကိုး။

သူက စစ်ပွဲနိုင်လာတဲ့ သူရဲကောင်းတစ်ယောက်လိုမျိုး ‘အဲဒီကောင်မကို ငါ အပိုင်ကိုင်လိုက်ပြီ’ ဆိုပြီး သူ့သူငယ်ချင်းတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြောပြနေခဲ့တာလေ။ အဲဒီအချိန်ကစပြီး ဆူယွန်း ကျောင်းတက်ဖို့ ကြောက်လန့်လာခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ယောကျာ်းအတော်များများက သူ့ဆီ ချဉ်းကပ်လာပြီး အဆင်ပြေရဲ့လားလို့ လာမေးကြတယ်။ အရင်ကဆို စကားတစ်ခွန်းတောင် မပြောဖူးတဲ့ ယောကျာ်းတွေက သူ့ရဲ့ ရင်သားတွေနဲ့ ခြေထောက်တွေကိုပဲ စူးစူးစိုက်စိုက် ကြည့်နေကြတော့တာပဲ။

တကယ် စိတ်ပူပေးတဲ့လူ တချို့ ရှိခဲ့ပေမဲ့ ဘယ်သူမှတော့ ဝင်မကူညီခဲ့ကြပါဘူး။ သူ့ရဲ့ ခံစားချက်တွေ အားလုံး လုံးဝ ပျောက်ဆုံးသွားသလို ခံစားရပြီး အသက်ရှူရုံပဲ ရှူတတ်တဲ့ အရုပ်တစ်ရုပ်လို ဖြစ်သွားခဲ့ရတယ်။ မျှော်လင့်ချက် ကင်းမဲ့ခြင်းတွေထဲမှာ နစ်မွန်းလုနီးပါး ဖြစ်နေချိန်မှာပဲ ဟိုစီနီယာနဲ့ ပြန်တွေ့ခဲ့ရပြန်တယ်။

သူက ‘ဟယ်လို’ လို့ တောက်ပစွာ နှုတ်ဆက်လာခဲ့ပြီး ဘေးမှာတော့ သူ မသိတဲ့ မိန်းကလေးတစ်ယောက် ရပ်နေခဲ့တယ်။ အဲဒီနှုတ်ဆက်စကားက ဆူယွန်းရဲ့ ခေါင်းကို ဒုန်းခနဲ ရိုက်လိုက်သလို ဖြစ်သွားခဲ့ရတယ်။ အဲဒီတော့မှပဲ သူ တစ်ခုခုကို သဘောပေါက်သွားခဲ့တော့တာပေါ့။ ညိုမည်းပြီး ဒဏ်ရာရနေတဲ့ သူ့နှလုံးသားက ပြာလဲ့လဲ့ အရောင်တွေ ပြန်တောက်လာပြီး အမြင်တွေ ရှင်းလင်းလာကာ အသက်ရှူတာလည်း ပြန်မှန်လာခဲ့တယ်။

သူ ရှေ့ကို ပြေးသွားပြီး အဲဒီစီနီယာရဲ့ နှုတ်ခမ်းကို လှမ်းနမ်းလိုက်တယ်။ ဘေးက မိန်းကလေးက အော်ဟစ်လိုက်ပြီး စီနီယာကတော့ ပျာပျာသလဲနဲ့ ရှင်းပြဖို့ ကြိုးစားတော့တာပဲ။ ဆူယွန်းကတော့ အဲဒီနှစ်ယောက်ကို ကြည့်ပြီး ပြုံးနေမိခဲ့တယ်။ အော်... ဒါမျိုးကိုး။ ဆက်ဆံရေးအားလုံးက ဒီလိုပါပဲလား၊ ဒါ ကစားပွဲတစ်ခု သက်သက်ပဲ။ လိုချင်တက်မက်တဲ့လူက ရှုံးတာပဲ၊ တမ်းတနေတဲ့လူက ရှုံးတာပဲ။ တစ်ဖက်လူကို လုံးဝ စိတ်ကျေနပ်သွားအောင် ခွင့်မပြုရဘူး၊ သူတို့တွေ နောက်တစ်ခါ ပြန်လာချင်စိတ် ပေါက်အောင် အမြဲတမ်း တမ်းတနေအောင်ပဲ လုပ်ထားရမယ်။

အဲဒီနေ့နောက်ပိုင်းမှာတော့ ဆူယွန်း လွတ်လပ်သွားခဲ့ပြီ။ တခြား ဘာကိုမှ မစဉ်းစားဘဲ ဆက်ဆံရေးတွေကို ဖန်တီးခဲ့တယ်။ တခြားလူတွေကို အချစ်ရဲ့ စိတ်ကျေနပ်မှု ပေးစွမ်းပြီး ကိုယ့်အတွက်တော့ ရုပ်ဝတ္ထုပစ္စည်းတွေကို ပြန်ယူခဲ့တယ်၊ အားလုံးအတွက် အဆင်ပြေတဲ့ ဆက်ဆံရေးမျိုးပေါ့။ ယောကျာ်းတွေ အကုန်လုံး လိုချင်တာက လိင်ကိစ္စဆိုတဲ့ ပုံစံနဲ့လာတဲ့ ‘အချစ်’ ပဲ မဟုတ်လား။

ဒီကြားထဲမှာ သူ့ကို ဒီလိုပုံစံမျိုးနဲ့ မနေသင့်ကြောင်း၊ ကိုယ့်အကြောင်းကိုယ် ပိုပြီး စဉ်းစားသင့်ကြောင်း လာပြောတဲ့ ယောကျာ်းတစ်ယောက် ရှိခဲ့ဖူးတယ်။ ဆူယွန်းတောင် စိတ်ယိုင်လုနီးပါး ဖြစ်သွားခဲ့သေးတာ။ သူ့အပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ကြည့်ရင် ကောင်းမလားလို့ပေါ့။

ဒါပေမဲ့ ရလဒ်ကတော့ စိတ်ပျက်စရာပါပဲ၊ အတူတူအိပ်ပြီးတဲ့နောက် သူတို့ကြားမှာ နေရခက်တဲ့ အခြေအနေ ဖြစ်သွားခဲ့ရတယ်။ သူ့နားထဲမှာ အချစ်စကားတွေ ဘယ်လောက်ပဲ ကပ်ပြောပြော ဘာတုံ့ပြန်မှုမှ ပြန်မရခဲ့ဘူး။ ဆက်ဆံရေးကို အဆုံးသတ်တဲ့အခါမှာတော့ အဲဒီလူက သူ့ကို ငြီးငွေ့သွားပြီလို့ ပြောခဲ့တယ်။ ဆူယွန်းကတော့ ရယ်ပဲရယ်နိုင်ခဲ့တော့တာပေါ့။

ဒီလိုဖြစ်လာမယ်ဆိုတာ သိရက်နဲ့ စခဲ့တာ မဟုတ်ဘူးလား။ သူ့ကို စောင့်ရှောက်နိုင်ပါတယ်လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောခဲ့တဲ့လူက ဘယ်ရောက်သွားပြီလဲ။ ဒါမှမဟုတ်... သူကိုယ်တိုင်ကပဲ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တာလား။ သူကပဲ ဆက်ဆံရေးကို ပြိုကွဲအောင် လုပ်ခဲ့တာလား။ ဒီဆက်ဆံရေးမှာ သူကပဲ ကောင်မယုတ် ဖြစ်ခဲ့တာလား။

ထားလိုက်ပါတော့လေ၊ အဲဒီလို သဘောပေါက်လိုက်ရလို့လည်း ထူးပြီး ဘာမှမခံစားရပါဘူး။ ဒဏ်ရာတွေ ထပ်ရပြီး နာကျင်ဖို့အတွက် သူ့နှလုံးသားမှာ အမာရွတ်တွေက အများကြီး ဖြစ်နေပါပြီ၊ ဒါကပဲ အကောင်းဆုံးပေါ့။ ဒီအမာရွတ်တွေက သူ့ကို ကာကွယ်ပေးမယ့် သံချပ်ကာလို ဖြစ်နေခဲ့ပြီလေ။

အဲဒီနောက်ပိုင်းမှာတော့ သူ ခန္ဓာကိုယ်ကို သုံးတဲ့နေရာမှာ ပိုပြီး ထိန်းသိမ်းလာခဲ့တယ်။ သီလရှင်တစ်ပါးလို နေထိုင်ခဲ့ပြီး ကျောင်းပိတ်ရက် နှစ်ခုစာလောက် အချိန်ယူလိုက်တာနဲ့တင် သူ့အကြောင်း ကောလာဟလတွေ ကွယ်ပျောက်သွားဖို့ လုံလောက်ခဲ့ပါတယ်။ ဆူယွန်းက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့တယ်၊ စိတ်ထဲမှာတော့ တခြားလူတွေထက်မညံ့အောင် ကာမစိတ် ပြင်းပြချင် ပြင်းပြနေလိမ့်မယ်၊ ဒါပေမဲ့ အဲဒီလို အသွင်အပြင်ကိုတော့ ဖုံးကွယ်ထားခဲ့တာပေါ့။

ကောလာဟလတွေ လုံးဝ ပျောက်သွားတဲ့အချိန်မှာတော့ သူ ထပ်ပြီး ချစ်မိပြန်တယ်။ အချစ်မပါတဲ့ အချစ်ပေါ့၊ ခန္ဓာကိုယ်ကို တစ်ဖက်လူဆီ ပုံအပ်လိုက်တာဟာ နောက်ဆုံးလက်နက်ပဲဆိုတာ သူ သဘောပေါက်သွားခဲ့တယ်။ အဲဒီလူက အတူတူအိပ်ဖို့ ဘယ်လောက်ပဲ တောင်းတနေပါစေ သူ ခွင့်မပြုခဲ့ဘူး။ လိင်ကိစ္စဆိုတာ သူ့ရဲ့ အကောင်းဆုံးလက်နက် ဖြစ်သလို နှစ်ဖက်သွားဓားလည်း ဖြစ်တယ်လေ။

တစ်ခါ သုံးလိုက်ပြီဆိုရင် သုံးပြီးသား ပစ္စည်းတစ်ခုလိုပဲ အမြင်ခံရတော့မှာ။ ဒါကြောင့် တကယ် အရေးကြီးတဲ့ အချိန်၊ ယောကျာ်းတစ်ယောက်ရဲ့ ဝိညာဉ်ကို ဖမ်းစားနိုင်မယ့် အချိန်ကျမှပဲ သူ သုံးခဲ့တယ်။ တက္ကသိုလ်ကျောင်းပြီးတဲ့ အခါမှာတော့ ဒါတွေကြောင့်ပဲ သူဟာ နာမည်ရ မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ရပြီ။ ဒရမ်မာဇာတ်လမ်းတွဲတစ်ခုမှာတောင် ပါဝင်ခွင့် ရခဲ့သေးတယ်လေ။

ကြိုးစားမှုနဲ့ ဆက်ဆံရေးတွေကို အကွက်ကျကျ အသုံးချခဲ့တဲ့ ရလဒ်ပေါ့။

“ယောကျာ်းတွေကတော့ အကုန်အတူတူပါပဲ”

သူ ဆိုဖာပေါ်ကနေ ခြေထောက်တွေကို ဆန့်ထုတ်ရင်း တိုးတိုးကလေး ညည်းတွားလိုက်တယ်။ အဲဒီအချိန်မှာပဲ သူ့ခြေထောက်က အိအိအိအိ အရာတစ်ခုကို သွားနင်းမိတာကြောင့် လန့်ဖျပ်ပြီး ခြေထောက်ကို ပြန်ရုပ်ရင်း ငုံ့ကြည့်လိုက်မိတာပေါ့။

“တောင်းပန်ပါတယ်နော်၊ ဒါပေမဲ့ ကျွန်တော့်မှာ အနင်းခံချင်တဲ့ ဝါသနာတော့ မရှိဘူးဗျာ”

ဂွန်ဆူ ဖြစ်နေခဲ့တာပါ။ သူက စောင်ကြီးခြုံပြီး ပိုးတုံးလုံးလေးတစ်ကောင်လို လိပ်နေခဲ့တာလေ။

“မ... မင်းက ဘာလို့ ဒီမှာ...”

“အိပ်နေတာလေ”

ဂွန်ဆူက ထရပ်ပြီး သူ့စောင်ကို ခေါက်နေခဲ့တယ်။ ဆူယွန်းကတော့ များသောအားဖြင့် ဘာကိစ္စမဆို တည်တည်ငြိမ်ငြိမ် နေတတ်ပေမဲ့ အခုအချိန်မှာတော့ ငေးတောက်တောက်ပဲ ကြည့်နေမိတော့တယ်။

“နိုးပြီဆိုရင် မင်းစောင်ကိုလည်း ခေါက်လိုက်ဦးလေ”

ဂွန်ဆူက သမ်းဝေရင်း အပေါ်ထပ်ကို တက်သွားခဲ့တယ်။ အဲဒီအချိန်မှာပဲ စာရေးဆရာက လှေကားကနေ အောက်ကို ဆင်းလာခဲ့တယ်။ စာရေးဆရာက သူ့ကို စိတ်ပျက်စရာကောင်းတဲ့ အကြည့်နဲ့ ကြည့်ပြီး မီးဖိုချောင်ထဲ ဝင်သွားခဲ့ကာ စီရီရယ်အိုးကို ကိုင်ပြီး ပြန်ထွက်လာရင်း သူ့ကို ထပ်ပြီး စိုက်ကြည့်နေပြန်တယ်။

“ဘာလဲ”

“တကယ်ပဲ ဘာမှမသိတာလား။ ဒီအရွယ်ရောက်နေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်ဖို့ သင်ယူသင့်ပြီ”

သူ ပြောတာ မှန်နေတာမို့ ဆူယွန်း ဘာမှ ပြန်မပြောနိုင်ဘဲ သွားကြိတ်ရင်း စောင်ကိုပဲ ခေါက်နေလိုက်ရတယ်။

“ကျေနပ်ပြီလား”

“ပြီးရင်လည်း ဂွန်ဆူ့ကို သွားတောင်းပန်လိုက်ဦး”

“... ဘာလဲဟင်”

“မမှတ်မိဘူးလား။ ဒီမှာ တော်တော်လေး အေးလာလို့ မင်းကို ဂွန်ဆူနဲ့အတူ သွားနှိုးတာလေ။ မင်းက လုံးဝ မလှုပ်ဘူး။ ဒါနဲ့ပဲ ဂွန်ဆူက မင်းကို ထူဖို့ ကြိုးစားတာပေါ့။ အဲဒီအချိန်မှာ မင်း နိုးလာပြီး သူ့ပါးကို ရိုက်ချလိုက်တာပဲ။ မင်းကို မထိနဲ့ဆိုပြီးတော့လည်း ဆဲဆိုလိုက်သေးတယ်။ ပြီးတော့ မီးဖိုချောင် ထောင့်နားမှာ သွားကပ်နေခဲ့တာ။ ဒါကိုလည်း မမှတ်မိဘူးလို့တော့ မပြောနဲ့နော်”

“ . . . ”

“မင်းကို ဆိုဖာပေါ် ပြန်တင်ပေးဖို့ ကြိုးစားရင်း ဂွန်ဆူခမျာ နေရာအနှံ့ အထုအထောင်း ခံလိုက်ရတာ”

စာရေးဆရာက လျှာသပ်လိုက်တယ်။

“ကလေးမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်အောင် လုပ်စမ်းပါ။ အတိတ်က မင်း ဘာဖြစ်ခဲ့လဲဆိုတာ ငါနဲ့မဆိုင်ဘူး။ ဒါကို အကြောင်းပြပြီး တခြားလူတွေကို နာကျင်အောင်တော့ မလုပ်နဲ့။ အဲဒီလို လိုက်ရှင်းနေရတာ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းတယ်”

ဆူယွန်းက အဲဒီလူကို စိုက်ကြည့်ပြီး လှေကားပေါ် တက်လာခဲ့တယ်။ ဒါပေမဲ့ အပေါ်ကို တက်နေတုန်းမှာပဲ သူ့ကို တောင်းပန်စကား ဆိုခဲ့သေးတာပေါ့။ အပေါ်ထပ်ကို ရောက်တော့ ဂွန်ဆူ သူ့အခန်းထဲက ထွက်လာတာကို တွေ့ရတယ်။ သူ့ပါးပေါ်မှာ ရှည်လျားတဲ့ အစင်းကြောင်း ဒဏ်ရာတစ်ခု ထင်နေတာကို သတိထားမိလိုက်တယ်။ ဆူယွန်း သူ့လက်သည်းတွေကို ပြန်ငုံ့ကြည့်လိုက်တော့ လက်သည်းနီ တစ်ခုက အနည်းငယ် ပဲ့နေခဲ့ပြီ။

“ဟို... တောင်းပန်ပါတယ်နော်။ မနေ့ညက ကျွန်မကြောင့် ရှင့်ကို ထိခိုက်မိသွားတယ်လို့ ကြားလို့ပါ”

“ဒါလား။ နည်းနည်းတော့ စပ်ဖျင်းဖျင်း ဖြစ်ပေမဲ့ အရေးမကြီးပါဘူး။ အမာရွတ် ထင်ကျန်မယ့် ပုံလည်း မပေါ်ပါဘူးဗျာ”

“တကယ်ကို တောင်းပန်ပါတယ်”

“ကဲ... တကယ်ပဲ အားနာတယ်ဆိုရင် နေ့လယ်စာလေး ပြင်ပေးလို့ ရမလား။ စီနီယာမွန်ဂျောင်နဲ့ မာရူး တို့ ပြန်လာရင် စားဖို့ အစားအသောက် လိုလိမ့်မယ်လေ”

ဆူယွန်း သူ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တယ်။ မနက် ၁၁ နာရီ ရှိနေပြီ။ ဂွန်ဆူကတော့ ဘာမှမဖြစ်သလို အမူအရာနဲ့ သူ့ဘေးကနေ ဖြတ်လျှောက်သွားခဲ့တယ်။

“ဟို... တကယ်လို့ ကျွန်မဆီက တစ်ခုခု အကူအညီလိုရင် အားမနာတမ်း ပြောပါနော်။ ရှင့်အပေါ် အကြွေးတင်နေသလို ခံစားရလို့ပါ”

“ကောင်းပါပြီ”

ဂွန်ဆူက အောက်ကို ဆင်းနေရင်း ခြေလှမ်းတွေကို ရပ်လိုက်တယ်။

“ဪ... ဒါနဲ့ မေ့တော့မလို့”

သူက ဆူယွန်းကို မော့ကြည့်လာခဲ့တယ်။

“မင်း တစ်ခါလောက်ဖြစ်ဖြစ် အကျယ်ကြီး အော်ဟစ်ငိုယိုဖူးလား”

မမျှော်လင့်ဘဲ မေးလာတဲ့ မေးခွန်းမို့ ဆူယွန်း မသိစိတ်ကနေ ခေါင်းခါလိုက်မိတယ်။ သူ ဘယ်တော့မှ မငိုခဲ့ဘူး။ သစ္စာဖောက်ခံရတဲ့ အချိန်တွေမှာ ငိုဖို့အတွက် သူ အမြဲတမ်း ပင်ပန်းလွန်းနေခဲ့တာ။ နောက်ပိုင်းကျတော့လည်း ငိုစရာ အကြောင်းရင်း လုံးဝမရှိတော့ဘူးလေ။

“အင်း... ဒါဆိုရင် နောက်မှ ဝမ်းနည်းစရာကောင်းတဲ့ ရုပ်ရှင်စာရင်းတွေ ပေးမယ်လေ။ အဲဒါတွေကို ကြည့်ရင်းနဲ့ အေးအေးဆေးဆေး ငိုချလိုက်ဦးပေါ့”

ဂွန်ဆူက ပြုံးရင်းနဲ့ အောက်ထပ်ကို ဆင်းသွားခဲ့တယ်။ အဲဒီတော့မှပဲ မနေ့ညက သူ ထောင့်တစ်နေရာမှာ ကပ်ပြီး တစ်ယောက်တည်း တုန်တုန်ရီရီနဲ့ ရှိနေခဲ့တာကို ဆူယွန်း သတိရတော့တယ်။ သူ့ပုံစံက တကယ့်ကို သနားစရာ ကောင်းနေခဲ့ပုံရတာပေါ့။

“ငိုလိုက်လို့ ပြဿနာတွေ ပြေလည်သွားမှာမို့လို့လား။ ကိုယ့်ပုံစံကို ပိုပြီး သနားစရာကောင်းအောင် လုပ်သလိုပဲ ဖြစ်မှာပေါ့”

သူ မစဉ်းစားဘဲ အဲဒီစကားကို လွှတ်ခနဲ ပြောလိုက်မိတော့ ဂွန်ဆူက ချက်ချင်းပဲ ပြန်ဖြေလာခဲ့တယ်။

“ငိုဖို့ မေ့လျော့နေတဲ့လူက သနားစရာကောင်းရုံတင် ဘယ်ကမလဲဗျာ။ ဒါပေမဲ့လည်း မင်းဘာမင်း သဘောပေါက်လာလိမ့်မယ်လို့ ထင်ပါတယ်”

ဂွန်ဆူက အဲဒီစကားနဲ့ပဲ စကားစဖြတ်လိုက်တယ်။ ဆူယွန်း သူ့မျက်ခွံတွေ တုန်ရီလာတာကို ခံစားလိုက်ရတယ်၊ ယောကျာ်းတစ်ယောက်ဆီကနေ စာနာမှုကို မရခဲ့တာ တော်တော်လေး ကြာခဲ့ပြီကိုး။ ဒါက သူ့ကို ထူးထူးဆန်းဆန်း ရင်ခုန်လာစေပြီး အတိတ်က ကိုယ့်ပုံစံကို ခဏလောက် ပြန်သတိရသွားစေခဲ့တယ်။

“ဒါဆိုရင် ကျွန်မနဲ့အတူတူ တစ်ကားလောက် ကြည့်ပေးမလား”

“မကြည့်ချင်ပါဘူး”

“ဘာလို့လဲ”

“မီဆို လို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင် ကောင်မလေးတစ်ယောက်က ပြောဖူးတယ်လေ၊ ငိုနေတဲ့ မိန်းမတွေက အနိုင်မခံ အရှုံးမပေးတတ်ဘူး တဲ့။ အဲဒါကြောင့်မို့လို့ ကျွန်တော်ကတော့ ငိုနေတဲ့ မိန်းမတွေနဲ့ ဝေးဝေးမှာပဲ နေတာပေါ့”

အဲဒီစကားနဲ့အတူ ဂွန်ဆူက သူ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့တော့တယ်။ ဆူယွန်းလည်း စိတ်ထဲမှာ ထူးထူးဆန်းဆန်း အရှုံးမပေးချင်တဲ့ စိတ်မျိုး ဖြစ်ပေါ်လာရင်း လှေကားအတိုင်း အောက်ကို ဆင်းလာခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့်ရယ်မသိ စိတ်ထဲမှာတော့ မဆိုးလှပါဘူး။

“ဆရာနဲ့ မာရူး က အပြင်သွားကြတာလား”

“ဟုတ်တယ်၊ မိုးမလင်းခင်ကတည်းကပဲ။ ခြောက်နာရီလောက် ထင်တယ်”

“ဘယ်ကိုလဲဟင်”

မေးခွန်းကို ကြားတော့ ဂွန်ဆူက အိမ်ရှေ့တံခါးကြီးဘက်ကို လှည့်ကြည့်လိုက်တယ်။

“နည်းနည်းတော့ ကြက်သီးထစရာကောင်းတဲ့ နေရာတစ်ခုဆီပေါ့”

* * * * * * * * *

ဒေါက် ဒေါက် ဒေါက်...

မာရူး မျက်လုံးပွင့်လာခဲ့တယ်။ တံခါးက အသာကလေး ပွင့်လာပြီး မွန်ဂျောင် က အခန်းထဲ ဝင်လာခဲ့တာပေါ့။

“ငါတို့ သွားဖို့ အချိန်တန်ပြီ။ အဆင်ပြေရဲ့လား”

မာရူး ဖုန်းနဲ့ အချိန်ကို စစ်ကြည့်လိုက်တော့ မနက် ၅ နာရီ မိနစ် ၅၀ ရှိနေခဲ့ပြီ။

* * * * * * * * *

အခန်း(၁၈၈)

မာရူးက အိပ်ရာကနိုးပြီးနောက် ကိုယ်ကိုတစ်ချက် ခါထုတ်လိုက်တယ်။ ပြီးတော့ ကုတင်ဘေးမှာ ချိတ်ထားတဲ့ အပေါ်အင်္ကျီနဲ့ ခြေအိတ်ကို ယူစွပ်လိုက်တယ်။

“လည်စည်းလေး ပတ်သွားပါဦးလား။ အပြင်မှာ တော်တော်အေးတယ်”

“ကျေးဇူးပါပဲဗျာ”

ယွန်းမွန်ဂျောင် ပေးတဲ့ လည်စည်းကို သူ လည်ပင်းမှာ ပတ်လိုက်တယ်။ ယွန်းမွန်ဂျောင်ကတော့ တောင်တက်အင်္ကျီတွေ ဝတ်ထားပြီး လက်တစ်ဖက်မှာ ဂျိုင်းထောက် တစ်ဖက်မှာတော့ အိတ်တစ်လုံးကို ကိုင်ထားတယ်။

‘ဂျိုင်းထောက်ကြီးလား’

လူတွေ တောင်တက်ရင် ယူသွားလေ့ရှိတဲ့ တောင်တက်တုတ်မျိုး မဟုတ်ဘဲ အဘိုးကြီးတွေ လမ်းလျှောက်ရင် သုံးတဲ့ တကယ့်ဂျိုင်းထောက်အစစ် ဖြစ်နေတယ်။ သူ့ဒူးတွေ ပိုဆိုးလာလို့လားမသိဘူး။ မာရူးက စိုးရိမ်တကြီးနဲ့ ကြည့်လိုက်တော့ ယွန်းမွန်ဂျောင်က ခပ်ဖွဖွလေး ပြုံးပြရှာတယ်။

“ဒါက ဇာတ်ပို့ပစ္စည်း သဘောပါပဲကွာ။ မစိုးရိမ်ပါနဲ့”

“ဇာတ်ပို့ပစ္စည်း ဟုတ်လား”

စာအုပ်ထဲက အဘိုးကြီးကလည်း ဂျိုင်းထောက်နဲ့ လမ်းလျှောက်တတ်တာကို မာရူး သတိရသွားတယ်။ အဲဒီအဘိုးကြီးက အလုပ်အားတဲ့အချိန်ဆို တောင်တက်အင်္ကျီဝတ်၊ ဂျိုင်းထောက်ဆွဲပြီး အပြင်ထွက် လမ်းလျှောက်ရတာကို သဘောကျတာလေ။ ယွန်းမွန်ဂျောင်ကတော့ ဇာတ်ကောင်ထဲကို လုံးဝ စီးမျောဝင်ရောက်နေပြီပေါ့။

“အိတ်ကို ကျွန်တော် သယ်ပေးမယ်လေ၊ ဆရာ”

သူက အိတ်ကို ပခုံးမှာ လွယ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ မှောင်မည်းနေတဲ့ အခန်းထဲကနေ ခပ်တိုးတိုး အသက်ရှူသံတွေကို ကြားနေရတယ်။ ဆူယွန်းက ဆိုဖာပေါ်မှာ လှဲနေပြီး ဟောင်ဂွန်ဆူကတော့ သူမရဲ့ အောက်တည့်တည့်မှာ အိပ်ပျော်နေရှာတယ်။

“ငယ်ကြသေးတာကိုး”

ယွန်းမွန်ဂျောင်က တိုးတိုးလေး ပြုံးရင်း သူတို့နှစ်ယောက်လုံးကို စောင်ခြုံပေးလိုက်တယ်။ ဆူယွန်းရဲ့ မျက်လုံးတွေ နည်းနည်း မို့အစ်နေတာကို မာရူး သတိထားမိတယ်။ သူမ ငိုထားတာ ဖြစ်ရမယ်။ အဲဒီလို မြေခွေးမလေးက ငိုတယ်ပေါ့လေ။

‘သမ်းဝေလွန်းလို့ မျက်ရည်ကျတာပဲ ဖြစ်မှာပါ’

သူတို့နှစ်ယောက်ကို စောင်ခြုံပေးပြီးတဲ့နောက် အဆောက်အအုံအပြင်ဘက်ကို ထွက်ခဲ့ကြတယ်။ ဟောင်ဂွန်ဆူရဲ့ ကားဘေးမှာ ရပ်ထားတဲ့ ဆီဒန်ကားပေါ်ကို ယွန်းမွန်ဂျောင်က တက်လိုက်ပြီး မာရူးကလည်း ဘေးက ခရီးသည်ထိုင်ခုံမှာ လိုက်ထိုင်လိုက်တယ်။

“မြို့ထဲကို အရင်သွားကြမယ်။ မင်းမှာ မေးစရာတွေ အများကြီး ရှိနေလိမ့်မယ်ဆိုတာ သိပေမဲ့ ဒီနေ့တော့ ဘာမှမမေးဘဲ စောင့်ကြည့်ပေးပါဦး”

ကားလေးက တုန်ခါမှုအနည်းငယ်နဲ့အတူ ရှေ့ကို အသာလေး လျှောခနဲ ထွက်ခွာသွားပြီး မြေသားလမ်းမပေါ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ သက်သောင့်သက်သာ မောင်းနှင်သွားတယ်။ ယွန်းမွန်ဂျောင် ကားမောင်းတာက သူ့ရဲ့ နေထိုင်မှုပုံစံအတိုင်းပဲလို့ မာရူး သတိထားမိတယ်။ တောင်တန်းတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ကတ္တရာလမ်းမကို တွေ့လိုက်ရတယ်။ နေတောင် မထွက်သေးဘူး။ အေးစိမ့်နေတဲ့ မြူခိုးတွေကို ဖြတ်ကျော်ပြီး မြို့ထဲကို တည့်တည့်မတ်မတ် ဦးတည်မောင်းနှင်ခဲ့ကြတယ်။

ဒီဒေသက တောင်တွေ ဝိုင်းရံထားတာမို့ လမ်းမှာ ကားတစ်စီးမှတောင် မဆုံခဲ့ရဘူး။ မောင်းနေရင်းနဲ့ပဲ နေမင်းကြီးက ခေါင်းပြူထွက်လာတယ်။ နှစ်နာရီ အပြည့် မောင်းပြီးတဲ့နောက်မှာတော့ မြို့ထဲကို ရောက်လာခဲ့ကြတယ်။ လမ်းဘေးဝဲယာက လယ်ကွင်းငယ်လေးတွေ ပျောက်ကွယ်သွားပြီး သူတို့ရဲ့ မြင်ကွင်းထဲမှာ မီးခိုးရောင် အဆောက်အအုံတွေ တဖြည်းဖြည်း အစားထိုး နေရာယူလာတယ်။

“အရင်ဆုံး တစ်ခုခု စားကြစို့”

ယွန်းမွန်ဂျောင်က ပဲပင်ပေါက် စွပ်ပြုတ်ဆိုင်တစ်ဆိုင်ရဲ့ ဘေးမှာ ကားကို ရပ်လိုက်တယ်။ ဆိုင်ထဲမှာ အခုလောလောဆယ် လူခုနစ်ယောက်လောက် ရှိနေတယ်။ မနက် ရှစ်နာရီ ရှိနေပြီဆိုတော့ ဒီမှာ စားနေတဲ့သူတွေက အနီးအနားက စက်ရုံအလုပ်သမားတွေ ဖြစ်ဖို့များတယ်။ စားပွဲပေါ်က မက်ဂိုလီ ဆန်အရက် ပုလင်းတွေက သူတို့ရဲ့ ပင်ပန်းလှတဲ့ အလုပ်လုပ်ချိန်တွေကို သက်သေပြနေသလိုပဲ။

“ပဲပင်ပေါက် စွပ်ပြုတ် ကြိုက်ရဲ့လား”

“အနီရော အဖြူရော အကုန်ကြိုက်ပါတယ်ဗျာ”

ယွန်းမွန်ဂျောင်က ပြုံးပြီး နှစ်ပွဲ မှာလိုက်တော့ ထိုင်နေတဲ့ အဘွားအိုတစ်ယောက်က သူတို့အတွက် အစားအစာ ပြင်ဆင်ပေးဖို့ ထရပ်တယ်။ သူမက ပန်းကန်လုံး တစ်လုံးစီထဲကို ထမင်းတွေ ခတ်ထည့်ပြီး အပေါ်ကနေ စွပ်ပြုတ်ရည် လောင်းထည့်လိုက်တယ်။ ပြီးတော့ စွပ်ပြုတ်ရည်ကို ပြန်သွန်ထုတ်လိုက်၊ ထပ်လောင်းထည့်လိုက်နဲ့ အကြိမ်ကြိမ် လုပ်နေတာကို မာရူး သတိထားမိတယ်။

“ဒီလိုလုပ်တာက လက်ဝင်လှပေမဲ့ ထမင်းရဲ့ အရသာကို တကယ် ပြောင်းလဲပေးနိုင်တယ်လေ။ အခုလို အချိန်အထိ ဒီလိုမျိုး လုပ်ပေးနေတဲ့ နေရာကို တွေ့ရတာ စိတ်ထဲမှာ တကယ် ဝမ်းသာမိတယ်”

ယွန်းမွန်ဂျောင် စကားပြောနေတုန်းမှာ မာရူးက ဇွန်းနဲ့ တူတွေကို အဆင်သင့် ပြင်ထားလိုက်တယ်။ ခဏကြာတော့ အဘွားအိုက သူတို့စားပွဲပေါ်ကို ပန်းကန်နှစ်လုံး လာချပေးတယ်။

“မြိန်မြိန်ယှက်ယှက် စားကြပါကွယ်”

“ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ”

မာရူးက အဖြူရောင်စွပ်ပြုတ်ရည်ပေါ်ကို ငရုတ်သီးမှုန့် တစ်ဇွန်း ဖြူးလိုက်ပြီး ငုံ့သောက်လိုက်တယ်။ ပူပူနွေးနွေးနဲ့ လန်းဆန်းစေတဲ့ စွပ်ပြုတ်ရည်က လည်ချောင်းထဲ စီးဆင်းသွားပြီး အရသာက တကယ်ကို ထူးကဲလှတယ်။ ကောင်းကောင်းမွန်မွန် စားရတော့မယ်လို့ တွေးနေတုန်းမှာပဲ သူ့မျက်စိရှေ့ကို လက်တစ်ဖက် ရုတ်တရက် ရောက်လာတယ်။ အဲဒီလက်ထဲမှာ ငါးချောင်းကင်၊ ကြက်ဥလိပ်နဲ့ ဝက်သားဆီပြန်ကြော်တွေ ပါလာတယ်။

“ဒါလေးတွေလည်း မြည်းကြည့်ပါဦး”

အဘွားအိုက ပြုံးပြုံးလေးနဲ့ အစားအစာတွေကို စားပွဲပေါ် တင်ပေးလိုက်တော့ မာရူး နည်းနည်း ကြောင်သွားမိတယ်။ ဒါက မြည်းစမ်းဖို့အတွက် ဆိုတာထက်စာရင် အစားအစာတွေက နည်းနည်း များလွန်းနေတယ်လေ။

“အားနာစရာကြီးဗျာ၊ ဒီလောက်အထိ မလိုပါဘူး”

ယွန်းမွန်ဂျောင်က အားနာတဲ့ အမူအရာနဲ့ ပြောလိုက်တော့ အဘွားအိုကလည်း ရှက်ပြုံးလေး ပြုံးပြီး လှည့်ထွက်သွားတယ်။

‘ဟင်’

အခုနက ပုံစံက… မိန်းကလေးပျိုတစ်ယောက် ပြတတ်တဲ့ ရှက်ကိုးရှက်ကန်း ပုံစံမျိုးနဲ့ တူနေတယ်။

“ဆရာနဲ့ သိတာလား”

“…ပရိသတ်ပါကွာ”

“အော်… ဒါကြောင့်မို့လို့”

အဘွားအိုက သူတို့ဘက်ကို ခဏခဏ လှမ်းလှမ်းကြည့်နေတာ မဆန်းတော့ဘူးပေါ့။

“သူမကို လက်မှတ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပေးလိုက်ရမှာ မဟုတ်ဘူးလား”

အဲဒီမေးခွန်းကြောင့် ယွန်းမွန်ဂျောင်က အလိုအလျောက် ဘေးကို လှမ်းကြည့်လိုက်မိပြီး မာရူးလည်း လိုက်ကြည့်လိုက်တယ်။ သက်တမ်း ကြာမြင့်လွန်းလို့ ဝါကျင်နေတဲ့ ပြက္ခဒိန်အဟောင်းကြီးရဲ့ ဘေးမှာ ပလတ်စတစ် အကြည်ဖုံးထားတဲ့ စာရွက်တစ်ရွက် ရှိနေတယ်။ သေသေချာချာ ကြည့်လိုက်တော့မှ အဲဒီပေါ်မှာ ‘ယွန်းမွန်ဂျောင်’ လို့ ရေးထားတဲ့ စာသားကို တွေ့လိုက်ရတယ်။ ယွန်းမွန်ဂျောင်ရဲ့ အားနာပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ ပုံစံကို ကြည့်ပြီး မာရူး တိုးတိုးလေး ပြုံးမိတယ်။ သူ့မှာလည်း ဒီလို အကွက်လေးတွေ ရှိသားပဲပေါ့။

“နောက်လည်း ကြွခဲ့ပါဦးရှင်”

စားသောက်ပြီးတဲ့နောက် သူတို့ ဆိုင်ထဲကနေ ထွက်ခဲ့ကြတယ်။ ရာသီဥတုက အေးနေတုန်းပဲဆိုပေမဲ့ ဝမ်းထဲမှာ စွပ်ပြုတ်ပူပူလေး ရှိနေတာကြောင့် အအေးဒဏ်ကို သိပ်မခံစားရတော့ဘူး။

“အခုကစပြီး ငါ စကား သိပ်ပြောမှာ မဟုတ်ဘူး။ မင်းကို မသိသလိုတောင် နေမိလိမ့်မယ်။ အဲဒါကို စိတ်မခုပါနဲ့နဲ့ဦး”

“နားလည်ပါတယ်ခင်ဗျာ”

ယွန်းမွန်ဂျောင်က လည်ပင်းကို ဘေးတစ်ဖက်စီ လှည့်ပြီး အကြောဆန့်လိုက်ကာ သက်ပြင်းအရှည်ကြီး ချရင်း ဂျိုင်းထောက်ကို အမှီပြုလိုက်တယ်။ မာရူးက အဘိုးကြီးရဲ့ ကိုယ်ဟန်ကနေ အသက်ဝိဉာဉ်တွေ လျော့ကျသွားသလို ဖြစ်သွားတာကို ကြည့်ပြီး တအံ့တဩ ညည်းညူလိုက်မိတယ်။ ဝတ္ထုထဲက အဘိုးကြီးက သူ့ရဲ့ ရှိသမျှအရာအားလုံးကို သားသမီးတွေအတွက် ရင်းနှီးမြှုပ်နှံခဲ့ပြီး အမှိုက်ကောက်၊ စက္ကူစုတ်ကောက်ပြီး အသက်မွေးရသူ ဖြစ်တယ်။ ဒီလိုလူမျိုးက ကျန်းမာသန်စွမ်းနေတဲ့ ပုံစံ ပေါက်နေရင် ထူးဆန်းနေမှာမို့လို့ အခုလို ဝိတ်ချပြီး ပိန်လှီအောင် လုပ်နေတာကိုး။

“ငါ့နောက်ကနေ ဖြည်းဖြည်းချင်း လိုက်ခဲ့ပါ”

ယွန်းမွန်ဂျောင်ရဲ့ အသံက ရုတ်တရက် အရင်ကထက် အများကြီး ပိုပြီး အေးစက်သွားသလိုပဲ။ လမ်းလျှောက်တာလည်း သွက်သွက်လက်လက်နဲ့ မြန်ဆန်လှတယ်။ ဂျိုင်းထောက်ကို ရှေ့ချလိုက်တာနဲ့ ခြေလှမ်းတွေက ချက်ချင်း လိုက်ပါသွားပြီး တစ်စုံတစ်ခုရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသလိုမျိုး ဖြစ်နေတယ်။ မာရူးက သူ့နောက်ကနေ အကွာအဝေးတစ်ခုကနေ လိုက်သွားခဲ့တယ်။

ယွန်းမွန်ဂျောင် ဦးတည်သွားတဲ့နေရာက ပြည်သူ့ခန်းမ ဖြစ်တယ်။ တကယ်တော့ အဲဒီဘေးက နားနေဆောင်လေးဆီကိုပါ။ အဲဒီထဲမှာ အဘိုးကြီးတွေ အများကြီး ထိုင်နေကြတယ်။ အနီးအနားမှာ မီးဖိုထားတဲ့ သံပုံးကြီးတစ်လုံး ရှိပြီး အဲဒီဘေးမှာ အဘိုးကြီးတွေ ပိုပြီး စုဝေးနေကြကာ ရှေ့တည့်တည့်ကို အဓိပ္ပာယ်မရှိ ငေးကြည့်နေကြတာ ဒါမှမဟုတ် အချင်းချင်း စကားပြောနေကြတယ်။

အခုဆို ကိုးနာရီ နီးနေပြီ။ အဘိုးကြီးတွေ ဆက်တိုက် ရောက်လာကြတုန်းပဲ။ ယွန်းမွန်ဂျောင်လည်း ယိမ်းထိုးလှုပ်ရှားရင်း ရှေ့ကို တိုးသွားပြီး အနားက ကုလားထိုင်တစ်လုံးပေါ်မှာ ဝင်ထိုင်လိုက်တယ်။ သူက လေဟာနယ်ထဲကို အဓိပ္ပာယ်မဲ့ ငေးစိုက်ကြည့်နေပြီး ခါတိုင်းနဲ့ လုံးဝမတူတဲ့ လူတစ်ယောက်လို ဖြစ်နေတယ်။

ဒီလိုမျိုးပဲ၊ သူက အဲဒီလူတွေကြားထဲ လုံးဝ စီးမျောဝင်ရောက်သွားခဲ့တယ်။

မာရူးက နားနေဆောင်ဘက်ကို ဖြည်းဖြည်းချင်း တိုးသွားတယ်။ သူ ဝင်ပြီး မနှောင့်ယှက်ချင်ဘူးလေ။ နားနေဆောင်ထဲမှာ ကိုရီးယားစစ်တုရင်ခုံ အနည်းငယ်ရှိပြီး အဘိုးကြီးနှစ်ယောက်ကတော့ အခုလောလောဆယ် ကစားနေကြတယ်။

“ကင် ကော ရောက်မလာသေးဘူးလား”

“မသိဘူးလေ။ ရောက်မယ့်အချိန်ကျ ရောက်လာမှာပေါ့”

“သူ မနေ့က ယိမ်းထိုးယိမ်းထိုး ဖြစ်နေတာ မဟုတ်လား”

“သူက အမြဲတမ်း အဲလိုပါပဲ။ ကဲ… အကွက်ပိတ်ပြီ”

စစ်တုရင်ရုပ်က အသံကျယ်ကြီးနဲ့အတူ ရွေ့လျားသွားတယ်။ မာရူးက အဲဒီအဘိုးကြီးနှစ်ယောက်နဲ့ နည်းနည်းဝေးတဲ့နေရာမှာ ထိုင်လိုက်တယ်။ ဒီနေရာက မြို့ထဲက သက်ကြီးရွယ်အိုတွေအတွက် အချက်အချာကျတဲ့ နေရာတစ်ခု ဖြစ်ပုံရတယ်။ မာရူးက အဝေးကနေ ယွန်းမွန်ဂျောင်ကို အကဲခတ်နေမိတယ်။ အဘိုးက ဒီနေရာကို ဘာအတွက် လာတာပါလိမ့်။

ခဏအကြာမှာတော့ ဆံပင်ဖြူဖြူနဲ့ လူတစ်ယောက်က ယွန်းမွန်ဂျောင်ဆီ လမ်းလျှောက်လာတယ်။ အဲဒီအခါကျမှ အဘိုးက နှုတ်ဆက်ဖို့ အသံထွက်လာတော့တယ်။ ဆံပင်ဖြူနဲ့ အဘိုးကြီးက ယွန်းမွန်ဂျောင် ဒီမှာတင် ဖွဲ့ထားတဲ့ သူငယ်ချင်း ဖြစ်ရမယ်။ မာရူးက သူတို့နှစ်ယောက် ဘာအကြောင်း ပြောနေလဲဆိုတာ မကြားရပေမဲ့ သူတို့ ပျော်ပျော်ရွှင်ရွှင် ရှိနေကြတာတော့ အသေအချာပဲ။

ခဏလောက်တော့ မာရူးက ယန်ဂန်ဟွမ်ကို သတိရသွားမိတယ်။ အိုးမဲ့အိမ်မဲ့ လူတွေနဲ့အတူ လပေါင်းများစွာ အတူနေထိုင်ခဲ့တဲ့ ဇာတ်လမ်းကို သတိရရင်း ယွန်းမွန်ဂျောင်ရဲ့ မျက်နှာက ယန်ဂန်ဟွမ်ရဲ့ မျက်နှာနဲ့ ထပ်တူကျသွားတယ်။ ဆံပင်ဖြူနဲ့ လူက ယွန်းမွန်ဂျောင်နဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောပြီးနောက် ထွက်ခွာသွားတယ်။ မာရူးကလည်း အဲဒီလူကို သေသေချာချာ အကဲခတ်နေမိတယ်။ ဒီအဘိုးကြီးမှာ စက်ဘီးအဟောင်းတစ်စီး ရှိတယ်။ စက်ဘီးမှာ ကုန်စုံဆိုင်တွေမှာ တွေ့ရတတ်တဲ့ ပလတ်စတစ် ဈေးခြင်းတောင်းတစ်ခု တပ်ဆင်ထားပြီး အဲဒီထဲမှာ စက္ကူစုတ်တွေ အပြည့်ပါပဲ။

ယွန်းမွန်ဂျောင်က အဘိုးကြီးဆီကို လမ်းလျှောက်သွားဖို့ ထရပ်လိုက်တယ်။ အဘိုးကြီးက ယွန်းမွန်ဂျောင်ကို ခြင်းတောင်း လွှဲပေးပြီးနောက် တခြားတစ်နေရာကို ပျောက်ကွယ်သွားတယ်။ ယွန်းမွန်ဂျောင်က မာရူးကို အနားလာဖို့ လက်ပြလိုက်တဲ့အခါ မာရူး ထရပ်လိုက်တယ်။

“ငါ အခုကစပြီး ဒီအနီးအနားက စက္ကူစုတ်တွေကို လိုက်ကောက်တော့မယ်”

“ကျွန်တော် ဘာလုပ်ပေးရမလဲခင်ဗျာ”

“ဘာမှမလုပ်နဲ့။ စောင့်ရုံပဲ စောင့်ကြည့်နေ”

ယွန်းမွန်ဂျောင်က သံချေးတက်နေတဲ့ စက်ဘီးကို ရှေ့ကို တွန်းသွားတယ်။ သူက မရပ်မနား ရွေ့လျားနေပြီး ဒီရပ်ကွက်ရဲ့ ပထဝီဝင်အနေအထားကို ကောင်းကောင်း ကျွမ်းကျင်နေတာ သိသာလှတယ်။ သူက စက္ကူအချို့ကို ရှာဖို့ ဒေသခံဆိုင်လေးကို ပတ်သွားပြီး လမ်းရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ အိမ်ဘက်ကို လှည့်လိုက်တယ်။ လမ်းမီးတိုင်တစ်ခုရဲ့ အောက်တည့်တည့်မှာ စက္ကူတွေ၊ ပလတ်စတစ်တွေနဲ့ တခြား အထွေထွေ အမှိုက်တွေ အများကြီး ပုံထားတယ်။ ယွန်းမွန်ဂျောင်က အမှိုက်ပုံကို မွှေနှောက်ပြီး ပြန်လည်အသုံးပြုနိုင်မယ့် အရာတွေကို ကိုယ်တိုင် ရွေးထုတ်ကောက်ယူနေတယ်။

အဲဒီအချိန်မှာပဲ လမ်းမီးတိုင်ဘေးက အိမ်ထဲကနေ အမျိုးသမီးတစ်ယောက်က မျက်မှောင်ကြီးကြုတ်ပြီး ထွက်လာတယ်။

“ဟေး အဘိုးကြီး အမှိုက်တွေကို အဲလိုမျိုး မွှေနှောက်ပြီး ဘာလုပ်နေတာလဲ”

မာရူးကတော့ ဒီနေရာမှာ ဝင်မစွက်ဖက်ဖို့ သေချာ ဂရုစိုက်ထားတယ်။

“တောင်းပန်ပါတယ်ဗျာ။ ပြီးရင် ပြန်ရှင်းလင်းပေးခဲ့ပါ့မယ်”

“လွန်လွန်းတယ်ရှင်။ ပြီးခဲ့တဲ့တစ်ခေါက်က အမှိုက်အိတ်ကို အပေါက်ဖောက်သွားတဲ့လူက ရှင်မဟုတ်ဘူးလား”

“ကျွန်တော် အဲလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူးဗျာ”

“လူလိမ်။ ဒီလိုမျိုး လုပ်ပြီး အသက်မွေးနေတာ ထင်ရှားနေတာပဲကို။ တောက်”

အမျိုးသမီးက တောက်တစ်ချက်ခေါက်ပြီး ယွန်းမွန်ဂျောင်ရဲ့ ရှေ့ကို အမှိုက်အိတ်တစ်အိတ် ပစ်ချလိုက်တယ်။

“ဒီအရွယ်အထိ ရောက်နေပြီဖြစ်ပြီး သူ ဘာတွေလုပ်နေတယ်လို့ ထင်နေတာလဲမသိဘူး။ သူ့ကို ပြုစုစောင့်ရှောက်မယ့်သူ မရှိတာ မဆန်းပါဘူးလေ”

သူမက တကယ်ကို စိတ်နာကျင်စရာကောင်းတဲ့ စော်ကားမော်ကား စကားတွေကို အလွယ်တကူ ကျိန်ဆဲပြောဆိုပြီး အဆောက်အအုံထဲ ဝင်သွားတယ်။ မာရူးက မျက်မှောင်ကြုတ်ရင်း ယွန်းမွန်ဂျောင်ဆီ လမ်းလျှောက်သွားလိုက်တယ်။

“အဆင်ပြေရဲ့လား၊ဆရာ”

“ပြေပါတယ်ကွာ။ ငါ အသားကျနေပါပြီ”

ယွန်းမွန်ဂျောင်က ဘာမှမဖြစ်ခဲ့သလိုမျိုး ပြုံးပြပေမဲ့ အဲဒီအပြုံးက မာရူးကို စိတ်မသက်မသာ ဖြစ်စေတယ်။ ဒါက အရေးကြီးတဲ့ အရောင်းအဝယ်တစ်ခုအတွင်း စီးပွားရေးသမားတစ်ဦးဆီမှာ တွေ့ရတတ်တဲ့ အပြုံးမျိုး ဖြစ်နေလို့ပဲ။

အမျိုးသမီး ပြောခဲ့တဲ့ စကားတွေထက် ဒီအပြုံးက မာရူးကို ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ လူတစ်ယောက်လုံး ပြောင်းလဲသွားသလို ခံစားရပြီး သူ့ကို အမြဲတမ်း ပညာရှိစကားတွေ ပြောပြတတ်တဲ့လူကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး။ အဲဒီအစား သူ့ရှေ့မှာ ရပ်နေတာက ဘဝကို စိတ်ကုန်နေတဲ့ အဘိုးကြီးတစ်ယောက်ပဲ ဖြစ်နေတယ်။

ယွန်းမွန်ဂျောင်က မာရူးကို ဖယ်ပေးဖို့ အမူအရာပြတယ်။ မာရူး ဖယ်ပေးလိုက်တာနဲ့ သူက အမှိုက်ပုံကို ပြန်ပြီး မွှေနှောက်ရှာဖွေတော့တယ်။ ပြီးသွားတဲ့အခါမှာတော့ သူ့စက်ဘီးကို ဆွဲပြီး နောက်ထပ် ဦးတည်ရာဆီကို ရွေ့လျားသွားပြန်တယ်။ သူ အလုပ်တွေပြီးလို့ ပြည်သူ့ခန်းမကို ပြန်ရောက်တဲ့အချိန်မှာတော့ သုံးနာရီတောင် ကြာသွားခဲ့ပြီ။ စက်ဘီးရဲ့ မူလပိုင်ရှင်က အဆောက်အအုံဘက်မှာ ရပ်နေတယ်။

“ကျေးဇူးပါပဲဗျာ”

“ဘာမှမဟုတ်ပါဘူးကွယ်။ မင်းအတွက် အများကြီး ပိုမရပေးနိုင်တာ တောင်းပန်ပါတယ်ဗျာ။ ငါက ဒါကို တော်တော် အဆင်မပြေသေးဘူး ဖြစ်နေလို့”

“ဒါတင်ပဲ မက်ဂိုလီတစ်လုံးစာအတွက် လုံလောက်နေပါပြီ။ ငါ ဒါကို အမြန်သွားရောင်းလိုက်ဦးမယ်၊ ဒီမှာပဲ ခဏစောင့်နေဦးနော်”

အဘိုးကြီးက သူ့စက်ဘီးနဲ့အတူ ပျောက်ကွယ်သွားတယ်။ ယွန်းမွန်ဂျောင်က သက်ပြင်းချပြီး ပြည်သူ့ခန်းမဘေးက ခုံတန်းလျားပေါ်မှာ ထိုင်လိုက်တယ်။ နားနေဆောင်နဲ့ အကွာအဝေး အနည်းငယ်ပဲ ဝေးတဲ့နေရာပေါ့။

“အနံ့ဆိုးတွေ ထွက်နေပြီ”

“ဆရာက အမှိုက်တွေ အများကြီးကို ရွေးထုတ်ခဲ့တာကိုးဗျာ။ ဒါက တကယ်ပဲ တန်ဖိုးရှိရဲ့လား။ ဆရာ အလုပ်လုပ်တာကို စောင့်ကြည့်ရုံနဲ့တင် ကျွန်တော် အခြေအနေတွေကို ခံစားမိသလိုပါပဲ…”

ယွန်းမွန်ဂျောင်က တကယ်ကို ရက်ရက်စက်စက် အနိုင်ကျင့်စော်ကားခံခဲ့ရတာလေ။ သူလို လေးစားထိုက်တဲ့သူတစ်ယောက်က မနက်စောစောစီးစီးမှာ ဒီလို အစော်ကားခံရတာက သရုပ်ဆောင်ဖို့အတွက် ဘယ်လိုမျိုး အထောက်အကူ ဖြစ်မှာလဲ။

“ခံစားမိတာပေါ့၊ ဟုတ်တယ်။ စောင့်ကြည့်ရုံနဲ့တင် အခြေအနေတွေက ဘယ်လိုလဲဆိုတာ ခံစားမိဖို့ လုံလောက်ပါတယ်။ လူတွေက တော်ကြတာကိုး။ ဒါပေမဲ့ မင်း သိလား၊ တစ်ခုခုကို ခံစားမိတာနဲ့ တကယ်ကိုယ်တိုင် လုပ်ဆောင်တာက လုံးဝ ခြားနားတဲ့ အရာနှစ်ခုပဲလေ။ ငါ ဒါတွေအားလုံးကို ကိုယ်တိုင်မလုပ်ခဲ့ရင် ငါ အစော်ကားခံရမှာ မဟုတ်ဘူး။ ငါ ဒါကို မခံစားခဲ့ရရင် ငါ့ရဲ့ ဇာတ်ကောင်က ပြည့်စုံမှာ မဟုတ်ဘူး။ ငါ စိတ်ကူးယဉ်လို့ရတဲ့ အရာတွေကို ငါ့ရဲ့ စိတ်ကူးစိတ်သန်းထဲမှာပဲ ထားခဲ့လို့ ရတာမှန်ပေမဲ့ ငါ ကိုယ်တိုင် လုပ်နိုင်ရင်တော့ ကြိုးစားကြည့်တာက ပိုကောင်းတာပေါ့”

ယွန်းမွန်ဂျောင်က ညစ်ပတ်ပေရေနေတဲ့ သူ့လက်တွေကို ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးနဲ့ ငုံ့ကြည့်လိုက်တယ်။ အဲဒါက ပြောင်မြောက်တဲ့ လက်ရာမွန်တစ်ခုကို ဖန်တီးခဲ့တဲ့သူရဲ့ အပြုံးမျိုးပဲ။

“ဆရာ ကျေနပ်ရဲ့လား”

“ကျေနပ်တာပေါ့။ အဲဒီအမျိုးသမီးကြောင့် အဘိုးကြီး ဘယ်လို ပတ်ဝန်းကျင်မျိုးမှာ နေထိုင်နေလဲဆိုတာကို ငါ သိလိုက်ရပြီ။ တကယ်တော့ ဒီလိုစကားမျိုးတွေကို ငါ အကြိမ်ကြိမ် ကြားဖူးပြီးသားပါပဲ”

“အကြိမ်ကြိမ် ဟုတ်လား”

“ငါ ဒီကိုမလာခင် ဆိုးလ်မှာ စက္ကူစုတ်တွေ လိုက်ကောက်ဖို့ ကြိုးစားခဲ့သေးတယ်။ တချို့ကတော့ ငါ့ကို ကံကောင်းပါစေလို့ ဆုတောင်းပေးကြတယ်။ ဒါပေမဲ့ လူအများစုက ငါ့ကို ဟာသတစ်ခုလိုမျိုး ကြည့်ခဲ့ကြတာ။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ငါ ဝတ်စုံအပြည့်နဲ့ အမှိုက်ပုံကို ကြည့်နေတုန်းက ငါ ဘာရှာနေလဲဆိုတာကို ကြင်ကြင်နာနာ မေးခဲ့ကြတဲ့လူတွေက… ငါ ညစ်ပတ်တဲ့အင်္ကျီတွေ ဝတ်လိုက်တဲ့အခါမှာတော့ ရုတ်တရက်ကြီး အေးစက်ပြီး မုန်းတီးစရာကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်လာကြပြန်ရော။ လူသားတွေက တကယ်ကို အပေါ်ယံနဲ့ ဆုံးဖြတ်တတ်ကြတာပဲ”

ယွန်းမွန်ဂျောင်က မတ်တတ်ထရပ်ရင်း သူ့ဘောင်းဘီမှာ လက်တွေကို သုတ်လိုက်တယ်။ စက်ဘီးပိုင်ရှင်ကတော့ မက်ဂိုလီတစ်လုံးနဲ့အတူ ပြန်ရောက်လာပြီ။

“ဒီနေ့ရဲ့ ကျန်တဲ့အချိန်တွေကလည်း ဒီလိုပုံစံမျိုးပဲ ဖြစ်မှာမို့လို့ မင်း ရနိုင်သမျှကို ယူထားလိုက်ပါ”

ယွန်းမွန်ဂျောင်က စက်ဘီးပိုင်ရှင်ဆီ လမ်းလျှောက်သွားတဲ့အခါ သူက ဒီနေရာမှာပဲ မွေးဖွားကြီးပြင်းခဲ့တဲ့ လူတစ်ယောက်လို ပုံစံမျိုး ပေါက်နေတယ်။ သူက အသံကျယ်ကြီးနဲ့ ရယ်မောလိုက်ပြီး ကျန်တဲ့ အဘိုးကြီးတွေနဲ့ ရောနှောသွားခဲ့တယ်။ ဒါပေမဲ့ အဲဒီလူတွေရဲ့ ရယ်မောသံတွေထဲမှာတော့ ဝမ်းနည်းမှု အရိပ်အယောင်လေးတွေ စွက်ဖက်နေခဲ့တယ်။

“မင်း သိလား၊ ငါ့သမီးကလေ…”

“ငါ့သားကတော့…”

“ငါ့မြေးက…”

အဘိုးကြီးတွေကြားထဲမှာ ဇာတ်လမ်းတွေ အများကြီး အပြန်အလှန် ပြောနေကြတယ်။ အဲဒီအထဲမှာ ဘယ်သူကမျှ သူတို့ကိုယ်တိုင်အကြောင်းကို တစ်ခွန်းမှ မပြောကြဘူး။ ဖွံ့ဖြိုးတိုးတက်မှုတွေ ရပ်တန့်သွားတဲ့အခါ ဘဝက ဘယ်လိုမျိုးလဲဆိုတာကို မာရူးက အဲဒီကနေတစ်ဆင့် သဘောပေါက် နားလည်လိုက်မိတယ်။ ကျန်ရစ်ခဲ့တာကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အထီးကျန်မှု ဝေဒနာကြီးတစ်ခုပဲပေါ့။

‘အဘိုးကြီးတစ်ယောက်… ပြီးတော့ အဲဒီအဘိုးကြီး’

တကယ့် ဆည်းဆာအချိန် ရုန်းကန်မှုများ ဆိုတာက သူ ထင်ထားသလိုမျိုး ဝေးကွာလှတဲ့ နေရာမှာ ရှိမနေခဲ့ပါဘူး။

* * * * * * * * *

All Chapters