အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
အခန်း(၁၈၉)
မာရူးဟာ ကိုယ့်ကိုယ်ကိုယ် မဆိုင်တဲ့နေရာရောက်လာတဲ့သူစိမ်းတစ်ယောက်လို ခံစားနေရတယ်။ သက်ကြီးရွယ်အို အဘိုးကြီးတွေက သူ့ကို ကြည့်ပြီး တကယ့်ကို အံ့ဩတကြီး ဖြစ်နေကြပြီး၊ သူ့လို လူငယ်တစ်ယောက်က ဒီနေရာမှာ ဘာလာလုပ်နေတာလဲဆိုတဲ့ ပုံစံမျိုးနဲ့ တစ်ချက်တစ်ချက် လှမ်းကြည့်နေကြတာလေ။
မာရူးကလည်း သူတို့ဆီကို ပျော်ပျော်ပါးပါးလေး ချဉ်းကပ်သွားဖို့ စိတ်ကူးလိုက်သေးတယ်၊ ဒါပေမဲ့ သူတို့ဆီ ခြေတစ်လှမ်း လှမ်းလိုက်ရုံရှိသေး၊ အဘိုးကြီးတွေရဲ့ မျက်နှာမှာ အံ့ဩနေတဲ့ အရိပ်အယောင်တွေကနေ ရန်လိုတဲ့ အရိပ်အယောင်တွေအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့တာပဲ။ မာရူးက အပြင်လူ ဖြစ်နေလို့များလား။
ကွက်တိပဲ၊ အဲဒီအချိန်မှာ အဘိုးကြီးတစ်ယောက်က ပြာပြာသလဲလဲနဲ့ ပြည်သူ့ခန်းမဆီကို လျှောက်လာတယ်။ အဲဒီလူက ဒီနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးတာ သိသာလွန်းလှပါတယ်။ အဘိုးကြီးဟာ ဘာလုပ်ရမှန်း မသိတဲ့ ပုံစံမျိုးနဲ့ အဲဒီနားမှာတင် ဟိုဟိုဒီဒီ လျှောက်နေမိတယ်။ ဒီမှာတင် နားနေဆောင်ထဲက အဘိုးကြီးတစ်ယောက်က အသစ်ရောက်လာတဲ့သူကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဆီးကြိုနှုတ်ဆက်ဖို့ ထွက်လာတယ်လေ။ ပြီးတော့ အဲဒီလူသစ်ကို သူငယ်ချင်းဟောင်းကြီးတစ်ယောက်လိုမျိုး နားနေဆောင်ထဲကို ဆွဲခေါ်သွားတော့တာပဲ။
“ပထမဆုံးအကြိမ်လား”
“အာ… ဟုတ်ပါတယ်”
“ဒီမတိုင်ခင်က ဘယ်မှာ နေခဲ့တာလဲ”
“ဆိုးလ်မှာ သားသမီးတွေနဲ့ နေခဲ့တာပါ…”
“အို ဒါဆို တို့တွေက တစ်မြေထဲသားတွေပဲပေါ့။ ဒီမှာရှိတဲ့သူတွေ အကုန်လုံး ဆိုးလ်ကနေ ဆင်းလာကြတာ။ သားသမီးတွေကို အောင်အောင်မြင်မြင် ပြုစုပျိုးထောင်ပြီးမှ အနားယူဖို့ ဆင်းလာကြတာလေ။ ဒီနေရာက လေကောင်းလေသန့်လည်း ရတာကိုး”
ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ ဘေးပတ်ပတ်လည်က လူတွေအကုန်လုံးကလည်း သဘောတူတဲ့အကြောင်း ဝိုင်းပြီး ထောက်ခံကြတယ်။ အဘိုးကြီးတွေက အသစ်ရောက်လာတဲ့သူကို အလယ်မှာ ထိုင်ခိုင်းပြီး ကိုရီးယားစစ်တုရင်ကို ဆက်ကစားကြရင်းနဲ့၊ အဲဒီလူသစ်ဟာ မိနစ်ပိုင်းအတွင်းမှာတင် သူတို့နဲ့ တစ်သားတည်း ကျသွားတော့တာပဲ။
ဒါဆို အပြင်လူ ဖြစ်နေတာနဲ့ ဘာမှမဆိုင်ပါဘူး။ မာရူး ခဏလောက် စဉ်းစားကြည့်လိုက်တော့မှ သူနဲ့ အဲဒီလူသစ်ကြားက ကွာခြားချက်ကို ချက်ချင်း သဘောပေါက်သွားတယ်။
‘အသက်အရွယ်ပေါ့’
မာရူးဟာ နားနေဆောင်ကနေ ထပြီး ပြည်သူ့ခန်းမ ပတ်ပတ်လည်ကို နည်းနည်း လျှောက်ကြည့်နေမိတယ်။ အဘိုးကြီး အတော်များများက သူ့ကိုကြည့်ပြီး လျှာတသပ်သပ်နဲ့ စုတ်သပ်နေကြတယ်၊ ဘာကြောင့်ရယ်မသိ တကယ့်ကို ရန်လိုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတာပါ။ နောက်ဆုံးတော့ သူ့မျက်လုံးက အဲဒီအုပ်စုထဲက အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်နဲ့ ဆုံသွားတယ်။ အဲဒီလူက ပတ်ပတ်လည်ကို ခဏလောက် ဝေ့ကြည့်လိုက်ပြီး၊ သူ့နောက်ကို လိုက်ခဲ့ဖို့ မာရူးကို လက်ဟန်ခြေဟန်နဲ့ လှမ်းခေါ်လိုက်တယ်။
သူတို့နှစ်ယောက် ပြည်သူ့ခန်းမ အဆောက်အအုံရဲ့ နောက်ကွယ်မှာ ဆုံကြတယ်။
“ဒီမှာ ကြာကြာနေလို့ မင်းအတွက် ဘာမှ အကျိုးထူးလာမှာမဟုတ်ဘူး၊ ဒါကြောင့် မြန်မြန် ပြန်တာ ပိုကောင်းလိမ့်မယ်”
“ရိုင်းတယ်လို့ ထင်ရင် ခွင့်လွှတ်ပါအဘိုး၊ ဒါပေမဲ့ ဒီကလူတွေက ကျွန်တော့်ကို ဘာလို့ ဒီလောက်တောင် မုန်းနေကြတာလဲဆိုတာ သိပါရစေ”
“တို့တွေထဲက ဘယ်သူမှ မင်းကို တကယ်မုန်းနေကြတာ မဟုတ်ပါဘူး။ ဒီမှာရှိတဲ့သူတွေ အကုန်လုံးက ကိုယ့်သားသမီးတွေဆီကနေ အသည်းခိုက်အောင် နာကျင်ခံခဲ့ရဖူးလို့ပါ”
“နာကျင်ခံခဲ့ရတယ် ဟုတ်လား”
ဆံပင်ဖြူဖြူနဲ့ အဘိုးကြီးဟာ လွင့်မျောသွားတဲ့ စက္ကူစုတ်လေးတစ်စောင်ကို စိတ်မသက်မသာနဲ့ ငေးကြည့်နေမိတယ်။
“ဒီမှာရှိတဲ့သူတွေ အကုန်လုံးက သားသမီးတွေရဲ့ စွန့်ပစ်ခြင်းကို ခံထားရတဲ့သူတွေချည်းပဲ။ တို့တွေအားလုံးကတော့ တို့သားသမီးတွေက အကောင်းဆုံးပါလို့ အမြဲပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်သူမှ တို့ဆီကို လာမကြည့်ကြဘူးလေ။ ဒီလို မြို့ငယ်လေးမှာရှိတဲ့ တစ်ခုတည်းသော လူငယ်တွေဆိုတာ စက်ရုံအလုပ်သမားတွေပဲ ရှိတာ။ အမှန်တော့ ဒီမြို့မှာ နေထိုင်ကြတဲ့သူတွေဟာ အသက် ခုနစ်ဆယ်ကျော် အဘိုးကြီးတွေချည်းပါပဲ”
မာရူးဟာ မြို့ထဲမှာ ကလေးတစ်ယောက်မှ ရှာမတွေ့ခဲ့ဘူး။ နာရီပေါင်းများစွာ ပတ်ပတ်လည် လျှောက်သွားနေတာတောင် ကလေးတွေရဲ့ အရိပ်အယောင်လေးတောင် မမြင်ရပါဘူး။ စဉ်းစားကြည့်တော့မှ ဒီအနီးအနားမှာ စာသင်ကျောင်းဖြစ်ဖြစ်၊ တခြား ဖျော်ဖြေရေး လုပ်ငန်းမျိုးဖြစ်ဖြစ် တစ်ခုမှ ရှိမနေတာပဲ။ တစ်မြို့လုံးက စွန့်ပစ်ခံထားရသလိုမျိုး ခြောက်ကပ်နေတာ။
“တို့တွေထဲက ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ခံလိုက်ရပြီဆိုတာကို အသိအမှတ်မပြုချင်ကြဘူး။ ဒါပေမဲ့ အားလုံးကတော့ ရင်ထဲမှာ သိနေကြတာပေါ့။ တို့တွေရဲ့ လက်ကျန်ဘဝတွေကို ဒီမှာပဲ ကုန်ဆုံးပြီး ဒီလိုပုံစံအတိုင်းပဲ သေဆုံးသွားကြရမယ်ဆိုတာကိုလေ။ အဲဒီအချိန်ကျမှပဲ တို့သားသမီးတွေက တို့အလောင်းတွေကို လာသယ်ကြလိမ့်မယ်။ ဒီလို ဖြစ်ရပ်မျိုးတွေ ဖြစ်ပျက်ခဲ့တာ တစ်ကြိမ်မက နှစ်ကြိမ်မက တို့တွေ မြင်ဖူးနေပါပြီ”
ကိုယ်သေမှ သားသမီးတွေနဲ့ ပြန်ဆုံရမယ်တဲ့…။ မာရူးရဲ့ ရင်ထဲမှာလည်း အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရတယ်။ သူကိုယ်တိုင်လည်း အရင်ဘဝတုန်းက မိဘတွေဆီကို ဖုန်းတောင် ပြန်မဆက်ဖြစ်ခဲ့ဘူးလေ။ အမြဲတမ်း သွားလည်မယ် သွားလည်မယ်လို့ ပြောခဲ့ပေမဲ့ တကယ်တမ်းကျတော့ တစ်ခါမှ မသွားဖြစ်ခဲ့ဘူး။ ပိတ်ရက်တွေကလွဲရင် မိဘတွေဆီကို ခဲခဲယဉ်းယဉ်းပဲ သွားဖြစ်ခဲ့တာကိုး။
“တကယ့်ကို သနားစရာကောင်းလှပါတယ်။ တို့တွေမှာ ဂုဏ်ယူစရာဆိုလို့ ဘေးမှာမရှိတဲ့ သားသမီးတွေအကြောင်းပဲ ကျန်တော့တာလေ။ အဲဒီတော့ တို့တွေက ကလေးဆန်ပြီး ခေါင်းမာတဲ့သူတွေ ဖြစ်ကုန်ကြတာပေါ့။ ဒါကြောင့်ပဲ တို့တွေထဲက အတော်များများက မင်းအပေါ် ရန်လိုတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာပါ။ မင်း ဒီနေရာမှာ ဘာလာလုပ်နေလဲတော့ တို့မသိဘူး၊ ဒါပေမဲ့ ဒီမှာ ဆက်နေရင်တော့ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရလိမ့်မယ်လို့ မထင်ဘူး”
အဘိုးကြီးဟာ လျှာတစ်ချက်သပ်ပြီး ခြေလှမ်းတွေကို ပြန်လှည့်ထွက်သွားတယ်။ မာရူးဟာ အဘိုးကြီး ရင်ဆိုင်နေရမယ့် အထီးကျန်မှု အတိုင်းအဆကို တွေးတောရင်း အဲဒီနေရာမှာတင် မှင်တက်ပြီး ရပ်ကျန်ခဲ့မိတယ်၊ ဒါဟာ တကယ့်ကို ‘ဆည်းဆာအချိန် ရုန်းကန်မှုများ’ အတိုင်းပါပဲ။ သူတို့အားလုံးက သားသမီးတွေအတွက် ဘဝတစ်ခုလုံးကို စနစ်တကျ စွန့်လွှတ်အနစ်နာခံခဲ့ကြပေမဲ့၊ နောက်ဆုံးတော့ ဒီနေရာမှာတင် သောင်တင်နေကြရတာလေ။
‘သူတို့ ရင်ထဲမှာ တကယ်ကော ပျော်ရွှင်နိုင်ပါ့မလား’
သူတို့ထဲက ဘယ်သူမှ သူ့လို လူငယ်တစ်ယောက်ကို ယုံကြည်တဲ့ပုံစံမျိုး မပြကြဘူး။ ဒါဟာ သစ္စာဖောက်ခံရမှုရဲ့ ရလဒ်ကြောင့်လား။ ဒီစာအုပ်က ရူးသွပ်မှုအကြောင်း သတင်းစကားတစ်ခုတည်းကိုပဲ ပေးချင်နေတာ မဟုတ်ဘဲ၊ လူမှုပတ်ဝန်းကျင်အပေါ် တစ်စုံတစ်ခုကို ဝေဖန်ထောက်ပြချင်နေတာလည်း ဖြစ်နိုင်ပါတယ်။ လူမှုအဖွဲ့အစည်းဆိုတဲ့ ရေကန်ကြီးထဲကို ပစ်ချလိုက်တဲ့ မမျှော်လင့်ဘဲ ကြီးမားလှတဲ့ ကျောက်ခဲကြီးတစ်လုံးလိုမျိုးပေါ့။
မာရူးဟာ မွန်ဂျောင်က ဘေးပတ်ပတ်လည်က အဘိုးကြီးတွေ ပြောတာကို နားထောင်နေတာကို စောင့်ကြည့်နေမိတယ်။ သရုပ်ဆောင်တွေဆိုတာ အတုခိုးခြင်းကနေ စတင်ကြတာလို့ ပြောလေ့ရှိကြတယ်လေ။ ဒါထက် ပိုပြောရရင် သရုပ်ဆောင်တစ်ယောက်ဟာ အဲဒီအတုခိုးမှုတွေကြားထဲကနေ ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေးတစ်ခုကို ပျိုးထောင်ဖို့ လိုအပ်ပါတယ်။ အဲဒါကပဲ သရုပ်ဆောင်ကို ကိုယ်ပိုင်အသံ၊ လူထုကို စကားပြောနိုင်မယ့် အသံတစ်ခု ဖြစ်လာစေတာပေါ့။
ဖြစ်နိုင်တာက မွန်ဂျောင်ဟာ ဒီအဘိုးကြီးတွေကို နားလည်အောင် ကြိုးစားနေတာက သရုပ်ဆောင်ကောင်းချင်ရုံ သက်သက်ကြောင့်မဟုတ်ဘဲ၊ ဒါထက်ပိုတဲ့ အရာတစ်ခုခုကို လိုချင်နေလို့များလား။ မာရူးက ရင်ဘတ်ပေါ် လက်ပိုက်ပြီး စဉ်းစားနေမိတယ်။ အတုခိုးရုံတင်မကဘဲ ဘဝတစ်ခုလုံးရဲ့ နာကျင်မှုတွေကိုပါ သယ်ဆောင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်…။ သူကိုယ်တိုင် ဘယ်လိုလူမျိုး ဖြစ်ချင်လဲဆိုတာကို သူ စပြီး စိတ်ကူးပုံဖော်မိလာပါပြီ။
* * * * * * * * *
“ဆရာ၊ ကျွန်တော် တစ်ခုလောက် မေးလို့ရမလား”
“ဘယ်အချိန်ဖြစ်ဖြစ် မေးပါကွယ်”
“ဆရာက ဘာဖြစ်လို့ တခြားသူရဲ့ စက်ဘီးကို ယူပြီး တစ်မြို့လုံးကို လှည့်ပတ်နေရတာလဲ။ ဆရာ့ရဲ့ ကိုယ်ပိုင်စက်ဘီးနဲ့ဆိုရင်လည်း လိုအပ်တဲ့ အတွေ့အကြုံတွေကို ရနိုင်တာပဲ မဟုတ်ဘူးလား”
သူတို့နှစ်ယောက် ဆိုးလ်မြို့ကနေ နေဝင်ပြီးမှ ပြန်ရောက်လာကြတယ်။ ဒီတစ်ခါတော့ သူတို့ စကားပြောနေကြတာ ပဲပြားစွပ်ပြုတ်ဆိုင်လေး ထဲမှာပါ။
“လူတစ်ယောက်အတွက် ကမ္ဘာပေါ်မှာ အဝမ်းနည်းရဆုံးအရာက ကိုယ့်အလုပ်ကို အလုခံရတာပဲ။ ငါကတော့ အဲဒီလိုမျိုး မလုပ်နိုင်ဘူးလေ။ ပြီးတော့ ဒီလူတွေမှာလည်း ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေ ရှိကြတယ်။ သူတို့က လမ်းကြောင်းချင်း မထပ်အောင် နေကြတယ်၊ တကယ်လို့ ထပ်ခဲ့ရင်တောင် အချိန်ခွဲပြီး အလုပ်လုပ်ကြတာ။ ငါက သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံကို အတွေ့အကြုံယူချင်ရုံသက်သက်နဲ့ သူတို့ရဲ့ စနစ်တစ်ခုလုံးကို သွားပြီး နှောင့်ယှက်လို့ မဖြစ်ဘူးလေ”
“သြော်… နားလည်ပါပြီ။ ကျွန်တော် အဲဒီလောက်အထိ တွေးမရခဲ့ဘူး”
ဒီကြားထဲမှာ သူတို့ရဲ့ စွပ်ပြုတ်တွေ ရောက်လာတယ်။ တကယ်လို့ မာရူးသာ သူ့အသက်အရွယ်အတိုင်း အရသာ ခံစားချက်မျိုး ရှိနေမယ်ဆိုရင် ဒီစွပ်ပြုတ်က တကယ့်ကို ပေါ့ပျက်ပျက်ကြီး ဖြစ်နေမှာပါ၊ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့အတွက် အကွက်တိ အကောင်းဆုံး အရသာ ဖြစ်နေခဲ့တယ်။
“စားသောက်ပြီးရင် နောက်တစ်နေရာ မသွားခင် ဒီပတ်ဝန်းကျင်ကို နောက်တစ်ခေါက် ထပ်ပတ်ကြဦးစို့”
“ဒါဆို… ဟို စက္ကူစုတ်တွေ…”
မွန်ဂျောင်က ပြုံးပြီး ခေါင်းခါပြတယ်။ ထမင်းစားပြီးတော့ သူက အနီးအနားက စတိုးဆိုင်ကို သွားပြီး ပေါင်မုန့်နဲ့ နို့တွေကို အများကြီး ဝယ်လိုက်တယ်။ ပြီးတော့ မွန်ဂျောင်က ပြည်သူ့ခန်းမအနီးက အိမ်တွေဆီကို ဦးတည်လျှောက်သွားတယ်၊ မာရူးကလည်း ပစ္စည်းတွေအပြည့်နဲ့ အိတ်တွေကို လက်ကကိုင်ပြီး သူ့နောက်ကနေ အပြေးလိုက်သွားတာပေါ့။ အဲဒီအိမ်စုလေးတွေက ဘယ်အချိန်မှာ ပြိုကျမလဲမသိရအောင် ယိုင်နဲ့နေကြတာ။ သံချေးတက်နေတဲ့ တံခါးတွေကို ဖြတ်ကျော်ပြီး အထဲကို ဝင်လိုက်တဲ့အခါမှာတော့ အထဲမှာ တီဗီကြည့်နေတဲ့ အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ မာရူးက ဦးညွှတ်နှုတ်ဆက်ပြီး အနည်းငယ် လှမ်းလှမ်းကနေပဲ စောင့်နေလိုက်တယ်။
“ကျွန်တော် မုန့်အချို့ ယူလာခဲ့ပါတယ်”
“အို… အားနာစရာကြီး၊ ဒီလိုမျိုး မလုပ်သင့်ပါဘူးကွယ်”
သူတို့နှစ်ယောက် ခဏလောက် စကားပြောဖြစ်ကြတယ်။ မွန်ဂျောင်ကတော့ အဓိကအားဖြင့် ဘေးကနေ နားထောင်ပေးတဲ့သူ ဖြစ်နေခဲ့တယ်။
“ဂရုစိုက်ပါဦး ဘိုးဘိုး”
“နောက်မှ ပြန်တွေ့ကြတာပေါ့”
မွန်ဂျောင်က အပြင်ကို ထွက်လာပြီး နောက်ထပ်အိမ်တစ်အိမ်ရဲ့ တံခါးကို ထပ်ခေါက်တယ်။ ပြီးတော့ နောက်တစ်အိမ်၊ ပြီးတော့ နောက်ထပ်တစ်အိမ်။ မွန်ဂျောင်ဟာ အိမ်ခြေ ဆယ်အိမ်လောက်ကို လှည့်ပတ်သွားလာပြီး၊ လမ်းခရီးတစ်လျှောက်မှာရှိတဲ့ အဘိုးကြီး တစ်ယောက်ချင်းစီရဲ့ စကားတွေကို နားထောင်ပေးခဲ့တယ်။
နောက်ဆုံးအိမ်က အဘိုးကြီးက ကော်ဖီသောက်ဖို့ ဖိတ်ခေါ်တာကြောင့် မွန်ဂျောင်နဲ့ မာရူးဟာ ကွပ်ပစ်ပေါ်မှာ အတူတူထိုင်ပြီး ကော်ဖီသောက်ကြတယ်။
“ဒါက အဘိုးရဲ့ မြေးလေးလား”
အဘိုးကြီးရဲ့ မေးခွန်းကို မွန်ဂျောင်က ရယ်မောပြီး ခေါင်းညိတ်ပြတယ်၊ အဲဒါကို မာရူးကလည်း ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ထောက်ခံလိုက်တာပေါ့။
“မင်းတို့နှစ်ယောက်ကို ကြည့်ရတာ တကယ့်ကို အဆင်ပြေလှပါတယ်။ ငါ့မှာလည်း မင်းတို့အရွယ် မြေးမလေးတစ်ယောက် ရှိတယ်လေ။ သူလည်း နေကောင်းပါစေလို့ မျှော်လင့်ရတာပဲ”
“ပိတ်ရက်တွေမှာ သူ လာမလည်ဘူးလား အဘိုး”
“သူတို့က ဘာလို့ လာရမှာလဲ၊ အလုပ်ရှုပ်နေကြတာပေါ့။ ငါ့အတွက်တော့ ဖုန်းတစ်ချက် ဆက်ပေးရုံနဲ့တင် လုံလောက်ပါပြီ”
အဘိုးကြီးက အေးအေးဆေးဆေးပဲ ပြန်ဖြေသွားခဲ့ပေမဲ့ သူ့ရင်ထဲက စိတ်ပျက်အားငယ်မှုတွေကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိပါဘူး။ ကော်ဖီသောက်ပြီးတဲ့နောက် သူတို့နှစ်ယောက် နေရာကနေ ထလိုက်ကြတယ်။ အဘိုးကြီးက သူတို့ကို ဆက်နေဖို့ ပြောရှာပေမဲ့ အခုအချိန်မှာတော့ အတော်လေး နောက်ကျနေပြီလေ။
မွန်ဂျောင်က အပြင်ကို ထွက်လာပြီး ကောင်းကင်ကြီးကို မော့ကြည့်တယ်။ မာရူးကလည်း သူ့နောက်ကနေ လိုက်ကြည့်တာပေါ့။ ဒီနေရာမှာ လမ်းမီးတိုင်တွေ မရှိတာကြောင့် မှောင်မိုက်လာတဲ့ ကောင်းကင်ယံမှာ ကြယ်ကလေးတွေက ပိုပြီး ထင်းလင်းနေခဲ့တယ်။
“အသက်ကြီးလာတယ်ဆိုတာ အတိတ်တုန်းကလိုမျိုး ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့ ခက်ခဲလာတာကို ပြောတာပဲ။ ဒါကြောင့်လည်း သက်ကြီးရွယ်အိုတွေက ခဏခဏ လွမ်းဆွတ်တမ်းတနေတတ်ကြတာ။ ဒီနေရာမှာ ငါကိုယ်ချင်းစာလို့ရတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိနေတယ်”
မွန်ဂျောင်ရဲ့ သက်ပြင်းချသံဟာ ကောင်းကင်ယံဆီကို လွင့်ပျံသွားတဲ့ နှင်းခိုးငွေ့ဖြူဖြူလေးတစ်ခု ဖြစ်သွားတယ်။ အသက်ရှူသံက ချက်ချင်း ပျောက်ကွယ်သွားပေမဲ့ ခံစားချက်တွေကတော့ ရင်ထဲမှာ စွဲကျန်နေဆဲပါ။ မွန်ဂျောင်က တကယ့်ကို စိတ်မကောင်းဖြစ်နေတဲ့ ပုံစံမျိုး ပေါက်နေတယ်။
“ငါ ဒီအလုပ်ကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းက စာသားကို သဘောကျလို့တင် မဟုတ်ပါဘူး။ ရင်ဆိုင်ဖို့ တကယ့်ကို ခက်ခဲလှတဲ့ လက်တွေ့ဘဝ အမှန်တရားကို ဖော်ပြနေလို့ပဲ”
မွန်ဂျောင်က ရှေ့ကနေ စပြီး လျှောက်သွားတယ်၊ မာရူးကလည်း သူ့ရဲ့ တပည့်တစ်ယောက်လိုမျိုး နောက်ကနေ ကပ်ပြီး လိုက်လာခဲ့တာပေါ့။
“ငါက သရုပ်ဆောင်တစ်ယောက် သက်သက်ပါပဲ။ အများစုက မေ့လျော့နေကြတဲ့ သရုပ်ဆောင်တစ်ယောက်ပေါ့။ ငါသာ လမ်းပေါ်မှာ ထွက်ပြီး စကားတွေ အော်ပြောနေမယ်ဆိုရင် ဘယ်သူမှ ဂရုစိုက်ကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ အနုပညာကို အသုံးပြုပြီးတော့ ငါ လူတွေရဲ့ အာရုံစိုက်မှုကို နည်းနည်း ပိုရအောင် လုပ်နိုင်တယ်။ ငါ လိုချင်တာက အကြီးအကျယ်ကြီး မဟုတ်ပါဘူး။ လူတွေ ဒီရုပ်ရှင်ကို ကြည့်တဲ့အခါမှာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို လှုံ့ဆော်ပေးနိုင်ဖို့ပဲ။ သူတို့ရဲ့ အမြင်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမဲ့ သိတဲ့အတိုင်း ငါက အဲဒီလောက်အထိ ပါရမီ မပါပါဘူး”
“ဆရာကက ဒီအတိုင်းတင် တကယ့်ကို အံ့သြဖို့ကောင်းနေပါပြီ”
မာရူးက အဘိုးကို မြှောက်ပြောနေတာ မဟုတ်ပါဘူး၊ သူ ရိုးရိုးသားသား ပြောလိုက်တာပါ။ အဲဒါကို မွန်ဂျောင်က ပြန်ပြီး ရယ်မောလိုက်တယ်။
“ဒီရုပ်ရှင်က အသေအချာကို အောင်မြင်မှာပါ။ လူအများကြီးလည်း ကြည့်ကြလိမ့်မယ်။ ပြီးတော့ လူအများကြီးလည်း စဉ်းစားမိကြလိမ့်မယ်”
“ဘာလဲ… ဆရာက ပရောဖက် အနာဂတ်ဟောသူလား”
“တစ်နည်းအားဖြင့်တော့ ဟုတ်တာပေါ့”
“ဟဟ… ဆရာကတော့လေ”
သူတို့ သတိမထားမိခင်မှာတင် စီဒန်ကားဆီ ပြန်ရောက်လာကြတယ်။
“အခု ဘယ်ကို ဦးတည်သွားမှာလဲ ဆရာ”
“အနီးအနားမှာရှိတဲ့ တိတ်ဆိတ်တဲ့ ကန်တစ်ခုဆီပေါ့”
“ရေကန် ဟုတ်လား”
မွန်ဂျောင် မနေ့တုန်းက ဘယ်မှာ ရှိနေခဲ့လဲဆိုတာကို သူ ပြန်တွေးမိသွားတယ်။
ကားက မြေသားလမ်းအတိုင်း ပြန်မောင်းလာခဲ့ပြန်တယ်။ ခဏလေးအတွင်းမှာပဲ ရေပြင်ကျယ်ကြီးတစ်ခုက သူတို့မျက်စိရှေ့မှာ ပေါ်လာတော့တာပဲ။ အဲဒါက တကယ့်ကို ဧရာမ ရေကန်ကြီးဖြစ်ပြီး၊ တစ်ဖက်ကမ်းကိုတောင် လှမ်းမြင်ရဖို့ ခက်ခဲလှပါတယ်။ မွန်ဂျောင်က ကားပေါ်က ဆင်းပြီး နောက်ဖုံးကို ဖွင့်လိုက်တယ်၊ မာရူးကတော့ အထဲမှာ ရှိနေတဲ့ ပစ္စည်းတွေကို မြင်လိုက်ရတဲ့အခါ မျက်မှောင်ကြုတ်သွားမိတယ်။
တူတစ်လုံးနဲ့ ဆန်အိတ်တစ်အိတ်။
“ဒါက…”
“ငါ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ပျိုးထောင်ဖို့အတွက် အထောက်အကူပြုမယ့်အရာပဲ”
မွန်ဂျောင်က ဆန်အိတ်ကို ရေကန်ဆီကို ဆွဲခေါ်သွားတယ်။ အဲဒီမြင်ကွင်းတစ်ခုတည်းတင် ရုပ်ရှင်ထဲက အကွက်တစ်ကွက်လို ဖြစ်နေခဲ့ပြီ၊ အဘိုးကြီးက သူ့ရဲ့ တတိယမြောက် သားဖြစ်သူကို သတ်ပြီး အလောင်းကို ရေကန်ထဲ ပစ်ချလိုက်တဲ့ အခန်းမျိုးပေါ့။
“ရုပ်ရှင်တစ်ခုက လူမှုပတ်ဝန်းကျင်ကို သတင်းစကားတစ်ခု ပေးနိုင်ဖို့ဆိုရင် ပထမဆုံး အနေနဲ့ လူကြိုက်များဖို့ လိုအပ်တယ်။ အဲဒီလို ဖြစ်လာဖို့အတွက် ရုပ်ရှင်ဖန်တီးသူတွေက သူတို့ရဲ့ ဝိညာဉ်ကို ထည့်သွင်းရမယ်။ ဆိုလိုတာက သူတို့ရဲ့ အလုပ်မှာ အကောင်းဆုံး ကြိုးစားကြရမယ်။ ငါက သနားစရာကောင်းတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ အခန်းကဏ္ဍမှာ သရုပ်ဆောင်ဖို့ ကြိုးစားနေတာ… ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရက်စက်တဲ့ လူသတ်သမားတစ်ယောက်လည်း ဖြစ်နေရမယ်”
မွန်ဂျောင်က ဆန်အိတ်ကို ချလိုက်ပြီးနောက် မာရူးကို လှည့်ကြည့်တယ်။
“အခုအချိန်ကစပြီး ငါ တကယ့်ကို ရက်စက်တဲ့ စကားလုံးအချို့ကို ပြောတော့မယ်။ ငါ ပြီးပြီလို့ မပြောမချင်း ငါ့အနားကို မလာခဲ့နဲ့ဦး”
မွန်ဂျောင်ရဲ့ မျက်လုံးတွေက ရူးသွပ်မှုတွေနဲ့ ဖုံးလွှမ်းနေသလိုမျိုး ဖြစ်နေခဲ့ပြီ၊ ဒီလူက ဒီနေ့ အစောပိုင်းတုန်းက ပြုံးပြုံးရွှင်ရွှင် ဖြစ်နေတဲ့ အဘိုးကြီးတစ်ယောက်ဆိုတာကို စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်တော့ပါဘူး။ မွန်ဂျောင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့ရဲ့ တူနဲ့ ဆန်အိတ်ကို အားကုန် လွှဲရိုက်လိုက်တော့တာပဲ။
“ဒီခွေးမသား မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်ရင်တောင် ငါ့ရင်ထဲ ကျေနပ်မှာ မဟုတ်ဘူး မင်းက ကိုယ့်မိဘကိုတောင် ဘယ်လိုလူလဲဆိုတာ မသိတတ်တဲ့ကောင်”
တူက အိတ်ကို ရိုက်မိတိုင်း တကယ့်ကို ရွံရှာဖွယ်ကောင်းတဲ့ အသံတွေ ထွက်ပေါ်လာတယ်။ မွန်ဂျောင်ဟာ အိတ်ကို အဆက်မပြတ် ရိုက်နှက်ရင်း ဘေးကို ယိမ်းထိုးသွားပြီး၊ သူ့ပါးစပ်ကနေ ထွက်လာတဲ့ အသံတွေကတော့ လူသားတစ်ယောက်ရဲ့ အသံနဲ့တောင် မတူတော့ပါဘူး။
* * * * * * * * *
အခန်း(၁၉၀)
ဒီလူ့ဆီကနေ အမုန်းတရားတွေ အရှိန်အဟုန်နဲ့ လျှံထွက်လာသလိုမျိုးပဲ။ မွန်ဂျောင်ဟာ တိရစ္ဆာန်ရဲတစ်ကောင်လို အော်ဟစ်ပြီး ဆန်အိတ်ကို တရစပ် ထုရိုက်တော့တာပေါ့။ တူနဲ့တစ်ချက်ထုလိုက်တိုင်း ဆန်အိတ်ကြီးဟာ တဖြည်းဖြည်း ပိုပြီး ပြဲအက်လာတယ်။ နားမခံသာတဲ့ ကြောက်စရာကောင်းတဲ့ ဆဲရေးတိုင်းထွာသံတွေကို တသီတတန်းကြီး မှုတ်ထုတ်ပြီးတဲ့နောက်မှာတော့ သူဟာ အင်အားကုန်ခမ်းပြီး ကြမ်းပြင်ပေါ်ကို ပစ်လဲကျသွားတယ်။ မာရူးလည်း စိတ်ပူသွားတာမို့ မွန်ဂျောင်နားကို အပြေးအလွှား သွားလိုက်တာပေါ့။ ဆောင်းတွင်းကြီး ဖြစ်နေသေးတာတောင် မွန်ဂျောင်ခမျာ ချွေးတွေ ရွှဲရွှဲစိုနေရှာတယ်။
“ဆရာ… အဆင်ပြေရဲ့လား”
“ပြေပါတယ်… ငါ့အတွက် စိတ်မပူပါနဲ့”
မွန်ဂျောင်ဟာ အသက်ကို ပြင်းပြင်းရှူရင်း နောက်ကို လှန်ချလိုက်တယ်။ ကျန်းမာရေး ကောင်းတယ်ဆိုပေမဲ့ သူက အသက် ခုနစ်ဆယ်ကျော် အဘိုးကြီးလေ။ မာရူး စိတ်ပူမိတာပေါ့။ ဒီနေရာမှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
“ရေသောက်လိုက်ပါဦး ဆရာ”
မာရူးဟာ အဘိုးကြီးအနားမှာ ရေတစ်ပုလင်း ချပေးလိုက်ပြီး ဆန်အိတ်ဆီကို လှည့်ကြည့်လိုက်တယ်။ ပြဲထွက်နေတဲ့ အပေါက်တွေထဲကနေ ဆန်စေ့တွေ လျှံထွက်နေတာပေါ့။ မာရူး မျက်လုံးထဲမှာတော့ အဲဒီဆန်စေ့တွေက သွေးတွေလိုပဲ မြင်နေမိတယ်။
“အမုန်းတရားတွေ၊ မကောင်းဆိုးဝါးစိတ်တွေနဲ့ ထုရိုက်တဲ့ လက်သီးက ဘယ်လိုပုံစံမျိုး ရှိမလဲ… မျှော်လင့်ချက်မဲ့နေတဲ့ လက်သီးကကော ဘယ်လိုမျိုးလဲ… ငါ စိတ်ကူးထဲမှာပဲ ပုံဖော်ကြည့်လို့ ရတာလေ… တစ်ချိန်ချိန်မှာတော့ ဒါကို ငါ့လက်နဲ့ကိုယ်တိုင် ကိုင်တွယ်ပြီး အကောင်အထည်ဖော်ရမှာပဲ”
ညည်းညည်းညူညူနဲ့ မတ်တတ်ရပ်ဖို့ ကြိုးစားနေတဲ့ အဘိုးကြီးကို မာရူးက တွဲကူပေးလိုက်တယ်။
“မိုက်မဲတဲ့ နည်းလမ်းဆိုတာ မှန်ပေမဲ့လည်း ဒီထက်ကောင်းတဲ့ နည်းလမ်းတော့ မရှိတော့ဘူးလေ… တကယ့် လှုပ်ရှားမှုတွေ အပိုင်းကိုတော့ စတန့်ဒါရိုက်တာနဲ့ ထပ်ဆွေးနွေးရဦးမှာပေါ့… ဒါပေမဲ့ ဒီရိုက်ချက်တွေထဲကို ခံစားချက် ထည့်သွင်းဖို့ကတော့ သရုပ်ဆောင်အပေါ်မှာပဲ လုံးဝ မူတည်နေတာပဲ”
မွန်ဂျောင်ရဲ့ တုန်ရင်နေတဲ့ လက်တွေကို မာရူး ငေးကြည့်နေမိတယ်။
“အခု ပြန်ကြရအောင်လေ ဆရာ”
“အေး… ပြန်ကြစို့… မင်းရဲ့ အချိန်တွေကို ငါ အများကြီး ဖြုန်းတီးပစ်မိပြီ ထင်တယ်”
မာရူးဟာ ဆန်အိတ်ခွံအလွတ်နဲ့ တူကို သယ်ပြီး ကားပေါ်တက်ခဲ့တယ်။ မွန်ဂျောင်ကတော့ ထိုင်ခုံမှာ ခဏလောက် အမောဖြေပြီးမှ ကားစက်နှိုးလိုက်တာပေါ့။ အခုဆို ညရှစ်နာရီတောင် ရှိနေပြီ။
“ဆရာ… အတော်လေး ညဉ့်နက်နေပြီနော်”
“ရပါတယ် ဆရာရဲ့… ကျွန်တော် ကျောင်းမှာပဲ အိပ်လိုက်လို့ ရတယ်”
“ဘယ်ဖြစ်မလဲကွယ်… မင်းရဲ့ စာသင်ကြားရေးက အရေးကြီးတာပေါ့”
“ကျွန်တော့်ပုံစံက အဲလိုမထင်ရပေမဲ့ အဆင့်တွေက အကောင်းဆုံးထဲမှာ ပါပါတယ်… ဒါထက် ဆရာကော အဆင်ပြေရဲ့လား”
တူကို အတင်းလွှဲရိုက်ထားတာကြောင့် ဖြစ်မယ်၊ မွန်ဂျောင်ရဲ့ မျက်လုံးတွေက သွေးဆုတ်ပြီး နီရဲနေတယ်။ မျက်နှာတစ်ခုလုံးလည်း ဖြူဖျော့နေတာပဲ။ ပိုဆိုးတာက ကားမောင်းတာလည်း အတော်လေး ကြမ်းတမ်းလာတာပေါ့။ ဒါက သူ့ရဲ့ ပုံမှန်ပုံစံမျိုး မဟုတ်ဘူး၊ မနေ့ညက အိမ်ထဲကို ဝင်လာတုန်းက ပုံစံနဲ့ သွားတူနေတယ်။ ဘာကိုမှ ဂရုမစိုက်တဲ့ အဲဒီမျက်လုံးတွေလေ။ စကားပြောတာ ယဉ်ကျေးနေပေမဲ့ သူ့ရဲ့ အခြေအနေကတော့ စိုးရိမ်စရာ အချက်ပြမှုတွေ အများကြီး ပြနေတယ်
“ငါ့စိတ်ကို ပြန်ထိန်းနေတာပါ… စိတ်မပူပါနဲ့”
မွန်ဂျောင်ဟာ စတီယာရင်ကို အကြမ်းပတမ်း လှည့်လိုက်တာမို့ ကားဟာ ရေကန်ဘေးကနေ လမ်းမကြီးပေါ်ကို ပြန်တက်လာတယ်။ လမ်းလေးသွယ် လမ်းမကြီးပေါ်မှာ မောင်းနေတုန်း ကားကြီးတစ်စီးက သူတို့ရှေ့ကို လမ်းကြော အတင်းချိန်းဖို့ လုပ်လာတာပေါ့။ မွန်ဂျောင်ဟာ သွားတွေကို ကြိတ်ပြီး ဟွန်းကို တရစပ် ဖိနှိပ်တော့တယ်။ သူ တကယ်ကို ဒေါသတကြီး ဖြစ်နေပုံက ကားချင်းတိုက်မိအောင်အထိ လုပ်ပစ်မယ့်ပုံစံမျိုးပဲ။
“… ဆရာ”
ခါတိုင်းဆို အမြဲတမ်း တည်ငြိမ်နေတဲ့လူက အခုလို ပြုမူနေတာကို ကြည့်ရတာ တကယ့်ကို စိုးရိမ်စရာကောင်းလှတယ်။ တစ်ချိန်တည်းမှာပဲ မာရူး ဇဝေဇဝါ ဖြစ်နေမိတာပေါ့။ သရုပ်ဆောင်တွေဟာ 'ဇာတ်ကောင်စရိုက်ထဲ စီးမျောသွားတယ်' ဆိုတာမျိုး ခဏခဏ ပြောတတ်ကြတယ်လေ။ ဇာတ်ကောင်ကို နားလည်ရုံတင်မကဘဲ စိတ်ရောကိုယ်ပါ အဲဒီဇာတ်ကောင် ဖြစ်သွားတာမျိုးပေါ့။
မွန်ဂျောင်ကို ကြည့်ရတာ အဘိုးကြီးနေရာမှာ သရုပ်ဆောင်ဖို့ ကြိုးစားနေတာ မဟုတ်ဘဲ အဲဒီအဘိုးကြီး တကယ်ဖြစ်သွားအောင် လုပ်နေသလိုမျိုး မာရူး ခံစားရတယ်။ သရုပ်ဆောင်တဲ့ အပိုင်းကို မာရူး အများကြီး မသိပေမဲ့ ဒီနှစ်ခုက လုံးဝ ခြားနားတယ်ဆိုတာကိုတော့ သူ ရိပ်မိတယ်။ တကယ်တော့ နောက်ဆုံးတစ်ခုက ပိုပြီး အန္တရာယ်များတဲ့ ပုံစံမျိုးပဲလေ။
မိနစ်အနည်းငယ်ကြာတော့မှ မွန်ဂျောင်က မြန်နှုန်းကို လျှော့ချလိုက်ပြီး အင်အားကုန်ခမ်းသွားတဲ့လူတစ်ယောက်လို ထိုင်ခုံပေါ် နောက်မှီချလိုက်တယ်။
“ဟို… ဆရာ”
“စိတ်မကောင်းပါဘူးကွယ်… ငါ ခဏလောက် စိတ်လွတ်သွားတယ်”
အဘိုးကြီးက တကယ်ကို နွမ်းလျနေတဲ့ ပုံပဲ။ မာရူးက သူ့အစား ဝင်မောင်းပေးချင်ပေမဲ့ သူ့အသက်အရွယ်နဲ့က မရဘူးလေ။ တော်တော်လေး မောင်းပြီးတဲ့နောက်မှာတော့ ကားလေး နောက်ဆုံး ရပ်တန့်သွားတယ်။ မာရူးလည်း ကားပေါ်ကနေ အမြန်ဆင်းပြီး မောင်းသူထိုင်ခုံ တံခါးကို ဖွင့်ပေးလိုက်တာပေါ့။
“ကျေးဇူးပါပဲ”
မွန်ဂျောင်ဟာ ထိုင်ခုံပေါ်ကနေ ယိမ်းယိုင်ပြီး ဆင်းလာတယ်၊ မာရူးက ဗီလာအိမ်ကြီးရဲ့ ရှေ့တံခါးကိုပါ အပြေးအလွှား သွားဖွင့်ပေးလိုက်တယ်။ အသံတွေကြားရလို့ ဂွန်ဆူလည်း မီးဖိုချောင်ထဲကနေ ထွက်လာတာပေါ့။
“ဆရာ”
ဂွန်ဆူဟာ မာရူးနဲ့အတူ အဘိုးကြီးကို တွဲပြီး ဒုတိယထပ်ကို တက်ခဲ့ကြတယ်။ မွန်ဂျောင်ကတော့ သူ အဆင်ပြေပါတယ်လို့ တတွတ်တွတ် ပြောနေပေမဲ့ သူ့ပုံစံက လုံးဝ အဆင်မပြေဘူးလေ။ မျက်နှာတစ်ခုလုံး ဖြူဖျော့နေတာက မာရူး အစက ထင်ထားတာထက်တောင် ပိုဆိုးနေသေးတယ်
“ဆရာ… ကိုယ့်အသက်အရွယ်ကိုလည်း ပြန်ငဲ့ပါဦး”
ဂွန်ဆူက အဘိုးကြီးကို ကုတင်ပေါ် ညင်ညင်သာသာ လှဲချပေးလိုက်တုန်း၊ မာရူးကတော့ ရေနွေးအိုးတည်ဖို့ အောက်ထပ်ကို အမြန်ပြေးဆင်းသွားတယ်။
“ဘာဖြစ်လို့လဲ… ဘာတွေ ဖြစ်နေတာလဲ” ဆူယွန်းက ဇဝေဇဝါနဲ့ လှမ်းမေးတယ်။
မာရူးမှာ ရှင်းပြနေဖို့ အချိန်မရှိတာမို့ ရေနွေးအိုးကိုပဲ ဆွဲပြီး ဒုတိယထပ်ကို ပြန်ပြေးတက်ခဲ့တယ်။ နောက်ကနေ ဆူယွန်း လိုက်လာတဲ့ ခြေသံကိုလည်း ကြားနေရတယ်။
“ရေသောက်လိုက်ပါဦး ခင်ဗျာ”
မွန်ဂျောင်က ပြုံးစိစိနဲ့ ရေကို တစ်ငုံ သောက်လိုက်တယ်။ သူ အဆင်ပြေပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သပ်ရပ်အောင် လုပ်ရင်း ပြောနေပေမဲ့ မာရူးကတော့ လုံးဝ မယုံဘူးပေါ့။
“အသက်ရှူ နည်းနည်းဝသွားရင် သက်သာသွားမှာပါ… စိတ်ပူစရာ မလိုပါဘူး”
မျက်နှာပေါ်မှာ ချွေးသီးချွေးပေါက်တွေ ထွက်နေရင်းနဲ့ပဲ မွန်ဂျောင်က ပြောရှာတယ်။
“ဒါက လွန်လွန်းပါတယ်… မနက်ဖြန်တော့ အိမ်မှာပဲ နားလိုက်ပါတော့”
ဂွန်ဆူဟာ မွန်ဂျောင်ဆီကနေ စာအုပ်တွေ၊ ဇာတ်ညွှန်းတွေနဲ့ မှတ်စုစာအုပ်တွေကို သိမ်းဆည်းပစ်လိုက်တယ်။ လက်ပ်တော့ကိုပါ သိမ်းဖို့ သူ မမေ့ခဲ့ဘူးပေါ့။
“ငါ ပြေပါတယ်ဆိုမှ”
“ဆရာ အဲလိုပြောတာကပဲ ကျွန်တော့်ကို အစိုးရိမ်ဆုံးဖြစ်စေတာပေါ့… ဒီတစ်ကြိမ်တော့ ကျွန်တော့်စကားကို နားထောင်ပါ… မနားရင် ကျွန်တော် ဆရာ ဂျွန်မင်းဆီ ဖုန်းဆက်လိုက်မှာနော်”
“ဟေ့… အဲလိုတော့ မလုပ်ပါနဲ့… သူ သိသွားရင် အကြီးအကျယ် ပြဿနာရှာဦးမှာ”
“ဒါဆိုလည်း မနက်ဖြန် နားလိုက်ပါ ဆရာ… ရုပ်ရှင်မရိုက်ရသေးခင်မှာ အဓိက သရုပ်ဆောင်က လဲကျသွားရင် မကောင်းဘူးလေ… ဆရာပဲ အမြဲပြောနေကျမဟုတ်လား၊ အနားယူတာကလည်း လေ့ကျင့်မှု တစ်မျိုးပဲဆိုတာ… အဲဒါကြောင့် ကိုယ့်စကားကိုယ် ပြန်နားထောင်ပါဦး”
ဂွန်ဆူဟာ မီးတွေကို ပိတ်ပြီး အပြင်ကို ထွက်ခဲ့တယ်။
“အင်း… သူ့အတ္တကလည်း တစ်မျိုးပဲနော်”
“အတ္တလား”
မွန်ဂျောင်နဲ့ အတ္တဆိုတာ မာရူးအတွက်တော့ အလှမ်းဝေးတဲ့ စကားလုံးမျိုးပဲ။ မွန်ဂျောင်နဲ့ အလိုက်ဖက်ဆုံး စကားလုံးက 'ယုံကြည်ချက်' လို့ပဲ သူ ထင်ထားတာလေ၊ ဂွန်ဆူကတော့ အောက်ထပ်ကို ဆင်းရင်း ခေါင်းကို ခါယမ်းနေတယ်။
“သရုပ်ဆောင်အသင်း ဥက္ကဋ္ဌက ငါ့ကို အရင်က ပြောဖူးတယ်… 'သူက ကိုယ့်ကိုယ်ကိုယ်အပေါ် ညှာတာဖို့ တကယ်ကို မတတ်တဲ့လူ' တဲ့… အဲဒီတုန်းကတော့ ဒါက အားသာချက်တစ်ခုလို့ ထင်ခဲ့တာ၊ ပြစ်တင်စရာလို့ မထင်ခဲ့မိဘူး… အခု ဆရာ မွန်ဂျောင်နဲ့ တကယ်လည်း တွေ့ရော ဘာလို့ အဲလိုပြောလဲဆိုတာ သဘောပေါက်သွားတော့တယ်”
“အဲဒါက ဘာကို ဆိုလိုတာလဲ” ဆူယွန်းက နောက်ကနေ လှမ်းမေးတယ်။
“သူက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ အတော်လေး ညံ့ဖျင်းတာကို ပြောတာပေါ့… ဒါက တကယ့်ကို အန္တရာယ်များတဲ့ အပြုအမူပဲလေ၊ အထူးသဖြင့် သူ့လို အရာရာ ပြည့်စုံမှကြိုက်တဲ့ အယူဝါဒသမားမျိုးအတွက်ပေါ့”
“အာ… သဘောပေါက်ပြီ”
မာရူးလည်း သဘောပေါက်သွားတာပေါ့၊ အရင်တုန်းက ဂန်ဟွမ်က သူ့ကို ဇာတ်ကောင်ထဲ စီးမျောခြင်းအကြောင်း ပြောပြဖူးတယ်လေ။ စီးမျောခြင်းဆိုတာ ကိုယ့်ကိုယ်ကိုယ် မေ့ပျောက်သွားတာလို့ သူ မှတ်မိနေသေးတယ်။ တကယ်ကို ပါရမီပါတဲ့လူတစ်ယောက်က ဇာတ်ကောင်ထဲ စီးမျောဖို့ ကြိုးစားရင် သူတို့ရဲ့ ကိုယ်ပိုင်ပုံစံကို ဖျောက်ဖျက်ပစ်လိုက်ကြတာပေါ့။ ဒါက ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ။
ဂွန်ဆူက မီးဖိုချောင်ထဲ ပြန်ဝင်သွားပြီး မာရူးကို ဖျော်ရည်တစ်ခွက် ပေးတယ်။
“မင်း Bron လို့ ခေါ်တဲ့ အင်္ဂလန် သရုပ်ဆောင်တစ်ယောက်ရဲ့ အကြောင်းကို သိလား”
မာရူး ခေါင်းခါပြလိုက်တယ်၊ အဲဒီနာမည်ကို သူ တစ်ခါမှ မကြားဖူးဘူးလေ။
“အဲဒီ သရုပ်ဆောင်က တကယ်ကို နာမည်ကြီးတာကွ… သူ ပြဇာတ်ကပြတိုင်း နာမည်ကြီးလူကုံထံတွေ အများကြီး လာကြည့်ကြတယ်… သူ နာမည်ကြီးရတဲ့ အကြောင်းရင်းက တစ်ခုတည်းပဲ၊ တကယ့်ကို လက်တွေ့ဆန်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့်ပေါ့… တစ်ခါတော့ သူက သမီးဖြစ်သူ ဆုံးရှုံးသွားတဲ့ ဖခင်တစ်ယောက်နေရာကနေ သရုပ်ဆောင်ရတယ်… အဲဒီဇာတ်ကောင်ကို ယူပြီးတဲ့နောက်မှာတော့ လူတွေက သူ တကယ် ရူးသွားပြီလို့ ပြောကြတော့တာပဲ… စိတ်ပူတဲ့ သူငယ်ချင်းတွေက သူ့ဆီ လာကြည့်တဲ့အခါမှာတော့ Bron က 'ငါ့ရဲ့ သေသွားတဲ့ သမီးမျက်နှာကို ငါ မမှတ်မိတော့ဘူး' ဆိုတဲ့ စကားလုံးမျိုးတွေနဲ့ ပြန်ပြောတတ်တယ်တဲ့”
“ဒါက နည်းနည်းတော့ ကြောက်စရာကောင်းတယ်နော်”
“ဒါက ဇာတ်လမ်းတစ်ပုဒ်မို့လို့ နည်းနည်း ပုံကြီးချဲ့ထားတာလည်း ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ ဇာတ်ကောင်ထဲကို အဲဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဝင်သွားတဲ့ သရုပ်ဆောင်တွေလည်း ရှိတာပဲလေ”
“ဒါဆို မစ္စတာ မွန်ဂျောင်အတွက်လည်း အတူတူပဲပေါ့”
“အေး… တူတူပါပဲ… သူက အရာရာကို အတည်အပေါက် လုပ်တတ်တာ… တကယ်တော့ ဒါက စိုးရိမ်စရာပဲကွ… သူ ငယ်ငယ်တုန်းကတော့ ဒါမျိုးလုပ်တာ အဆင်ပြေပေမဲ့… အခုတော့ သူ့ခန္ဓာကိုယ်က လိုက်မမှီတော့ဘူးလေ”
ဒီနေ့တစ်နေ့လုံး သူ စောင့်ကြည့်ခဲ့ရတဲ့ မွန်ဂျောင်ရဲ့ ပုံစံကို မာရူး ပြန်တွေးမိတယ်။ မွန်ဂျောင်ဟာ သူ လိုအပ်တဲ့ အချက်အလက်တွေကို ရပြီးတဲ့နောက်မှာတောင် တခြားလူတွေနဲ့ ရောနှောနေထိုင်ပြီး သူတို့နဲ့ ခံစားချက်ချင်း ဆက်နွှယ်မှုကို ဆက်ထိန်းထားခဲ့တယ်လေ။
ခဏလောက် စဉ်းစားကြည့်ရင်၊ တခြားလူတစ်ယောက်နဲ့ ရင်းနှီးအောင် လုပ်ရတာကိုက ပင်ပန်းတဲ့ အလုပ်တစ်ခုပဲ မဟုတ်လား။ ဒီနေ့တစ်နေ့လုံးနီးပါး မွန်ဂျောင်ရဲ့ အလုပ်က တခြားလူတွေရဲ့ စကားကို နားထောင်ပေးပြီး သူတို့ကို နှစ်သိမ့်ပေးရတာလေ။ ဒါကို ရက်ပေါင်းများစွာ ဆက်တိုက် လုပ်ခဲ့ရတာဆိုတော့ သူ ဘယ်လောက်တောင် ပင်ပန်းနေရှာမလဲ။ စိတ်ပညာရှင်တွေတောင် သူတို့အလုပ်ကြောင့် ကုထုံးတွေ ပြန်ခံယူရသေးတာပဲ။ မွန်ဂျောင်ကတော့ ဒါတွေအားလုံးကို ဘာအနားယူမှုမှမရှိဘဲ တစ်ယောက်တည်း လုပ်နေခဲ့တာ။
သူ့မျက်နှာ ဖြူဖျော့နေတာက အဓိပ္ပာယ်ရှိပါတယ်၊ စိတ်ပိုင်းဆိုင်ရာ ဖိအားက တကယ့်ကို ကြီးမားနေမှာပေါ့။ အဲဒီနောက်မှာလည်း သူက ဇာတ်ကောင်အတွက် ရက်စက်တဲ့ပုံစံမျိုး သရုပ်ဆောင်ရမယ်ဆိုပြီး ဆန်အိတ်ကို အတင်း ထုရိုက်နေသေးတယ်။ ဆဲရေးတိုင်းထွာတာတွေကတောင် တစ်ချိန်မှာတော့ ပြောရတာ စိတ်မချမ်းမြေ့စရာ ဖြစ်လာတာပဲလေ။ သူဟာ တစ်နေ့လုံး ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြီး ရိုက်နှက်ဆုံးမနေခဲ့တာလည်း ဖြစ်နိုင်တာပေါ့။
“သူက ဒီနေ့တစ်နေ့လုံး သူ့ကို စောင့်ကြည့်ဖို့ ကျွန်တော့်ကို ပြောခဲ့တယ်… သူ ကျွန်တော့်ကို ပြောခဲ့တာက ပညာသင်ယူဖို့သက်သက်တင် မဟုတ်တော့ဘူး ထင်တယ်”
ဒီအတွေ့အကြုံကနေ ရနိုင်သမျှကို ယူဖို့ မွန်ဂျောင်က မာရူးကို ပြောခဲ့တာ၊ ဒီနည်းလမ်းက ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကို မွန်ဂျောင်ကိုယ်တိုင်က တခြားလူတွေထက် ပိုသိနေလို့လည်း ဖြစ်နိုင်တယ်လေ။
“ပြည့်စုံမှုဆိုတာ အမြဲတမ်း တန်ဖိုးတစ်ခု ပေးဆပ်ရတာမျိုးပဲ… သူ့အလိုလို ပြည့်စုံနိုင်တာဆိုလို့ ဘုရားသခင်ပဲ ရှိတာပေါ့”
ဂွန်ဆူဟာ ဖျော်ရည်ခွက်ကို တစ်ကျိုက်တည်း သောက်ချလိုက်တယ်။
“ကဲ… သွားကြစို့… အခု ထွက်ရင် မနက် လေးနာရီလောက် ရောက်လိမ့်မယ်… မင်း ကျောင်းကော သွားနိုင်ပါ့မလား”
“ကျွန်တော်တို့ အိပ်ပြီးမှ မနက်စောစော ကျောင်းကို သွားကြရင်ကော မကောင်းဘူးလား”
“ငါ့အတွက်တော့ အဆင်ပြေပါတယ်… ဒါပေမဲ့ မင်းကော ရရဲ့လား”
“ကျွန်တော်က ကားမောင်းရမှာမှ မဟုတ်တာ… ပြီးတော့ ကျောင်းရောက်မှ အိပ်လိုက်လည်း ရတာပဲလေ”
ကားမောင်းရင် ခြောက်နာရီလောက် ကြာမယ့် ခရီးပဲ။ မာရူးက ဂွန်ဆူကို တတ်နိုင်သမျှ သက်သောင့်သက်သာ ဖြစ်စေချင်တာပေါ့။
“ဒါဆိုလည်း မင်းလည်း နည်းနည်းလောက် အိပ်လိုက်ဦးလေ… ရှစ်နာရီအရောက် သွားရမှာ မဟုတ်လား”
“ကိုးနာရီမှ ရောက်လည်း ဘာမှမဖြစ်ပါဘူး… ကျွန်တော်တို့ အတန်းပိုင်ဆရာက ဆရာတေးဆစ်လေ”
“အာ… ဒါဆိုလည်း နည်းနည်း နောက်ကျလို့ ရတာပေါ့”
ဂွန်ဆူက လက်လှမ်းပြပြီး အပေါ်ထပ်ကို တက်သွားတယ်၊ အဲဒီအချိန်မှာပဲ ဂွတ်ဂျွန်က ဒုတိယထပ်ကနေ ငုံ့ကြည့်နေတာကို တွေ့လိုက်ရတယ်။ အဲဒီလူက မာရူးကို လက်လှမ်းပြပြီး အထဲကို ပြန်ဝင်သွားတာပေါ့၊ သူလည်း ကြည့်ရတာ ပင်ပန်းနေတဲ့ ပုံပဲ။ သူ့ရဲ့ ဒုတိယမြောက် အလုပ်ကို လုပ်နေရလို့ ဖြစ်မှာပါ။
“အားကျလိုက်တာ… မစ္စတာ မွန်ဂျောင်က မင်းကို အတော်လေး သဘောကျတဲ့ပုံပဲနော်”
ဆူယွန်းက လှပတဲ့ အပြုံးလေးနဲ့ လှမ်းပြောတယ်၊ မာရူးကတော့ “ဟုတ်တယ်” လို့ပဲ ပြန်ဖြေပြီး အပေါ်တက်ဖို့ ပြင်လိုက်တာပေါ့။ ဆူယွန်းက သူ့အင်္ကျီလက်စကို လှမ်းဆွဲတယ်။
“မင်းကလည်း နည်းနည်းလောက် မအေးစက်စမ်းပါနဲ့… ငါက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ ကြိုးစားနေတာပါ”
“အကြောင်းပြချက်မရှိဘဲ ကောင်းပြနေတဲ့လူတွေကို သတိထားဖို့ အဖေက အမြဲပြောဖူးတယ်လေ”
“အိုး… တကယ်ပဲ အေးစိမ့်နေတာပဲ”
ဆူယွန်းက မာရူးရဲ့ ပါးကို ဖွဖွလေး ဆွဲလိမ်လိုက်တယ်။
“ကျွန်တော် စဉ်းစားနေတာ ကြာပြီ… အစ်မက ဘာလို့ ကျွန်တော့်အပေါ် ဒီလောက်တောင် စိတ်ဝင်စားမှု ပြနေရတာလဲ”
“စိတ်ဝင်စားတာ ဟုတ်လား… အလိုလေး”
“အော်… မဟုတ်ဘူးလား… တော်သေးတာပေါ့… နားလည်မှုလွဲသွားတဲ့အတွက် တောင်းပန်ပါတယ်”
မာရူးက လှည့်ထွက်ဖို့ ပြင်လိုက်တုန်းပဲ၊ ဆူယွန်းက ခြေထောက်တစ်ဖက်ကို တစ်ဖက်ပေါ် ထပ်ချလိုက်တယ်။ အဲဒီ ဘောင်းဘီတိုတိုလေးနဲ့ သူမရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပုံစံကို ပြဖို့ ကြိုးစားနေပုံပဲ။
“အဲလောက်ကြီး မအေးစက်ပါနဲ့… ငါက မင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုပဲ ထိန်းသိမ်းထားချင်လို့ပါ… ဘာလို့လဲဆိုတော့ မင်း အောင်မြင်လိမ့်မယ်လို့ ငါ ထင်လို့လေ”
“ကျွန်တော်လည်း အောင်မြင်ချင်တာပေါ့… ချမ်းသာချင်တယ်လေ”
“အိုး… တိုက်ဆိုင်လိုက်တာ… ငါလည်း တူတူပဲ… တို့တွေမှာ တူညီတဲ့အချက် ရှိနေပြီပဲ”
မာရူးက ပုခုံးတွန့်ပြလိုက်တယ်။
“နောက်ဆိုလည်း အဆက်အသွယ် လုပ်ကြတာပေါ့… လိုအပ်တဲ့နေရာတွေမှာ တစ်ယောက်ကိုတစ်ယောက် ကူညီကြတာပေါ့လေ”
“အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ အစ်မကို အများကြီး ကူညီနိုင်မယ်လို့တော့ မထင်ပါဘူး… ဒါပေမဲ့လည်း အဆက်အသွယ် လုပ်လို့ရပါတယ်… အစ်မ ဆူယွန်းနဲ့ သိရတာက ကျွန်တော့်အတွက်တော့ ဘာမှ နစ်နာစရာ မရှိဘူးလို့ ထင်တာပဲလေ”
“မင်းက ဘယ်တော့မှ အောက်ကျို့ပြီး စကားပြောမှာလဲ… အင်း…”
“ကျွန်တော်က မရင်းနှီးတဲ့လူတွေအပေါ် ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်လို့ပါ”
“တို့တွေက မရင်းနှီးကြသေးဘူးလား”
“ဒါပေါ့… မရင်းနှီးသေးပါဘူး”
“ဘာလို့လဲ… တို့တွေ တွေ့တာ ဒါနဲ့ဆို သုံးကြိမ်ရှိပြီလေ”
“ဟုတ်ပါတယ်… ဒါပေမဲ့ သူငယ်ချင်းဖြစ်ဖို့ဆိုတာ ဘယ်နှစ်ကြိမ် တွေ့ဖူးလဲဆိုတဲ့အပေါ်မှာ မူတည်တာ မဟုတ်ဘူးလေ”
“အင်း… တကယ်ပဲ ခေါင်းရှုပ်ဖို့ ကောင်းတာပဲ”
“ကျွန်တော့် သဘာဝက ဒီလိုပါပဲ”
“မင်းက ဒါကို မိုက်တယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်… မိန်းကလေးတစ်ယောက်အပေါ် အဲလို ဆက်ဆံတာက အမှတ်လျော့စရာကြီးကွ”
“ဘယ်ကသာ… ကျွန်တော် အထင်ကြီးခံချင်တဲ့ မိန်းကလေးတွေရှေ့ဆို ချစ်စရာကောင်းအောင် နေတတ်ပါတယ်… ကျွန်တော်လည်း ယောကျာ်းလေးတစ်ယောက်ပဲလေ”
“ကြည့်စမ်းပါဦး… မင်းက တကယ်ပဲ အထက်တန်းကျောင်းသား ဟုတ်ရဲ့လား”
“ဟုတ်မှာပါ”
“မင်းကတော့ တကယ်ပဲ တစ်ချက်ကလေးမှ အလွတ်မပေးဘူးနော်”
ဆူယွန်းက ထူးဆန်းတဲ့ အပြုံးကြီးနဲ့ သူမရဲ့ ခြေထောက်တစ်ဖက်ကို မာရူးရဲ့ ပေါင်ပေါ် ပွတ်သပ်ပြီး စနောက်နေတယ်၊ မာရူးကတော့ ရပ်နေရင်း သူ့မျက်ခုံးကိုပဲ ကုတ်နေမိတာပေါ့။ ဆူယွန်းရဲ့ ညှို့ဓာတ်ပြင်းတဲ့ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်မှောင်ကုတ်တဲ့ ပုံစံ ဖြစ်သွားတယ်။ မာရူးကတော့ ပြုံးလိုက်တာပေါ့။
“ဒါပဲလား”
“… ဘာလဲ”
“အစ်မဆီကနေ ဒီထက် ပိုပြီး တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားတာလေ”
မာရူးက သူမရဲ့ ခြေထောက်ကို ဖွဖွလေး ကိုင်ပြီး အောက်ကို ပြန်ချပေးလိုက်တယ်၊ ဆူယွန်းကတော့ မာရူးကို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေတာပေါ့။
“နောက်တစ်ခါ တွေ့ရင်တော့ ဒီထက် ပိုပြီး လောင်မြိုက်စေမယ့် ပုံစံမျိုး ပြပေးဖို့ တောင်းဆိုချင်ပါတယ်… ဒါနဲ့ စကားမစပ်၊ ခြေထောက်လှလှလေးတွေပဲနော်”
မာရူးက ပြုံးပြုံးလေးနဲ့ လှည့်ထွက်ခဲ့တယ်၊ ဆူယွန်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အမှန်ပဲ ထင်ပါတယ်။ ဒါပေမဲ့ အဲဒါအတွက် သူမကို ဝေဖန်ဖို့ စိတ်ကူးတော့ သူ့မှာ မရှိပါဘူး၊ ဒါက သူမရဲ့ လူနေမှုဘဝပုံစံပဲလေ။
“ဟားဟားဟား မင်းကတော့ တကယ့်လူတစ်ယောက်ပဲ”
နောက်ကနေ ဆူယွန်းရဲ့ ရယ်မောသံကို သူ ကြားနေရတုန်းပဲ၊ မာရူးကတော့ သမ်းဝေရင်း လက်လှမ်းပြလိုက်တယ်။ ကျောင်းမှာ သူ ဖြေရှင်းရမယ့် အလုပ်တွေ အများကြီး ရှိသေးတယ်လေ။ လူရွေးပွဲလည်း ရှိနေသေးတာဆိုတော့ သူ အတော်လေး အလုပ်ရှုပ်ဦးမှာပဲ။
'ကိုယ့်ပိုင် သရုပ်ဆောင်နည်းလမ်းကို ရှာဖွေဖို့… ဒါကပဲ ဆရာမွန်ဂျောင် ကျွန်တော့်ကို ပြချင်ခဲ့တဲ့ အရာ ထင်တယ်'
ကိုယ့်ရဲ့ အကန့်အသတ်တွေကို စမ်းသပ်ဖို့ ခန္ဓာကိုယ်တစ်ခုလုံးကို ပစ်သွင်းရမယ့် သရုပ်ဆောင်မှုမျိုးလေ။ ဒါကိုသာ သူ ကျွမ်းကျင်သွားပြီး သူ့ခန္ဓာကိုယ်ကို ပြီးပြည့်စုံတဲ့ပုံစံမျိုး ဖြစ်အောင် ညှိယူနိုင်မယ်ဆိုရင်တော့… တကယ့်ကို လက်တွေ့ဆန်တဲ့ သရုပ်ဆောင်မှုဆိုတာ အဲဒီလိုမျိုးကနေ မွေးဖွားလာတာလည်း ဖြစ်နိုင်တယ်။
* * * * * * * * *