← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 22 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 22 Ch. 253-254

အခန်း(၂၅၃)

စတုန်းကိုးလ် ဆစ်ခ်စ်ထဲက ကုဒ်နံပါတ် သရီးလို့ ခေါ်တဲ့သူမဟာ မျက်နှာထက်မှာ အပြုံးကြီး ပြုံးရင်း ယူမီစုကို စိုက်ကြည့်နေတယ်။ စာကြည့်တိုက်ရဲ့ ကျဉ်းမြောင်းတဲ့ နေရာလွတ်ထဲမှာ၊ စင်ပေါ်က စာအုပ်တွေနဲ့ မှော်ပရပိုဒ်တွေ ကြားထဲမှာ ယူမီစုရဲ့ လှံဟာ ဘာအားသာချက်မှ ရှိမနေပါဘူး။ ဒရာဂွန်ဘွန်းမလေးဟာ သူတိတ်ဆိပ်နေတတ်ပြီး ရှက်တတ်တယ်လို့ သူတို့ရဲ့ အကြိုစုံစမ်းစစ်ဆေးမှုတွေမှာ ပြသနေတာမို့ သရီးဟာ သူမကို ဒီနေရာအထိ တကူးတက လိုက်လံအမဲလိုက်ခဲ့တာပါ။ သူမက စာဖတ်ရတာကို သိပ်မြတ်နိုးတာမို့ စာအုပ်တွေ ပျက်စီးသွားမှာကို မုန်းလိမ့်မယ်ဆိုတာလည်း သူတို့ သိထားကြတယ်။ တစ်ချိန်တည်းမှာပဲ ဒီနေရာဟာ သရီးအတွက်တော့ သူမရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို ထုတ်ပြဖို့ အကောင်းဆုံးနေရာ ဖြစ်နေခဲ့တာပေါ့။

"တကယ် နှမြောဖို့ကောင်းတာပဲ" လို့ သရီးက တိုးတိုးလေး ရေရွတ်တယ်။ "နင်တို့ ကုမ္ပဏီသာ ဟမ်းမားစတုန်းရဲ့ လမ်းမှာ ပိတ်မနေရင် ငါတို့ သူငယ်ချင်းတွေ ဖြစ်နိုင်ခဲ့မှာ"

သရီးက ခြေထောက်ကို မြှောက်ပြီး မြေပြင်ပေါ် ဆောင့်နင်းလိုက်တဲ့အခါ တင်းကျပ်စွာ စီးထားတဲ့ သံကွင်းသိုင်း သတ္တုဖိနပ်ဆီကနေ စက်မှုပစ္စည်းတစ်ခုလို 'ကလစ်' ဆိုတဲ့ အသံ ထွက်လာတယ်။ အဲဒီနောက် ဖိနပ်ဖဝါးအောက်ကနေ ထက်မြက်ပြီး ပါးလွှာတဲ့ ဓားသွားတစ်ချောင်း ထွက်ပေါ်လာပြီး ရေခဲလျှောစီးဖိနပ်ထက် အဆပေါင်းများစွာ ပိုပြီး သေစေနိုင်တဲ့ လက်နက်တစ်ခု ဖြစ်သွားတယ်။

"နှင်းကမ္ဘာ" လို့ သူမက တိုးတိုးလေး ရေရွတ်ရင်း မြေပြင်ပေါ်ကို ခပ်နိမ့်နိမ့် ငုံ့လိုက်ပြီး သူမရဲ့ ဘယ်ခြေကို ဝိုင်းခနဲ ဝှေ့ယမ်းလိုက်တယ်။ သတ္တုဓားသွားနောက်မှာ ရေခဲအကြွင်းအကျန်တွေ ကျန်ရစ်ခဲ့ပြီး စာကြည့်တိုက်တစ်ခုလုံးကို အတားအဆီးမရှိ ပျံ့နှံ့သွားပါတော့တယ်။

နှင်းခဲတွေဟာ သစ်သားကြမ်းပြင်တွေကို ဖြတ်သန်းပြီး နံရံတွေဆီကို ဖြည်းဖြည်းချင်း အပေါ်ဘက်ဆီ ပျံ့နှံ့သွားတယ်။ အဲဒီ သုညဒီဂရီအောက် အပူချိန်ဟာ သူ့ရဲ့ မှော်ဆန်တဲ့ ဂုဏ်သတ္တိတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ မီးတောက်ကိုတောင် ခဲသွားစေပြီး တောက်လောင်နေတဲ့ ရေခဲရုပ်တုကြီးတစ်ခု ဖြစ်သွားစေတာမို့ ဆီမီးခွက်တွေဟာ စာကြည့်တိုက်ထဲမှာ ဆက်ပြီး အလင်းရောင် ပေးနိုင်နေတုန်းပါပဲ။

စာကြည့်တိုက်ထဲက အနည်းငယ်မျှသော စာဖတ်ပရိသတ်တွေဟာ သူတို့ ခြေထောက်တွေ ရေခဲတုံးလို တောင့်ခဲလုနီးပါး အေးစိမ့်မှုကို ခံစားလိုက်ရတာမို့ အော်ဟစ်ပြီး အပြင်ကို ပြေးထွက်သွားကြတယ်။ မကြာခင်မှာပဲ ရေခဲတွေဟာ သစ်သားစင်တွေနဲ့ စာအုပ်တွေဆီ ပျံ့နှံ့သွားပြီး စာကြည့်တိုက်တစ်ခုလုံးကို ခြောက်သွေ့အေးစက်တဲ့ ရေခဲပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တယ်။

သိပ်မကြာလိုက်ပါဘူး၊ စာကြည့်တိုက်ရဲ့ ကြမ်းပြင်တစ်ခုလုံးဟာ ချောမွတ်နေတဲ့ ရေခဲပြင်ကြီး ဖြစ်သွားပြီး သရီးရဲ့ ရေခဲလျှောစီးဖိနပ်အတွက်တော့ အကောင်းဆုံး လမ်းကြောင်း ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ထူးဆန်းတာက ယူမီစုရဲ့ ခြေဖဝါးအောက်က သစ်သားပျဉ်ပြား ကွက်ကွက်ကလေးတစ်ခုပဲ မူလအတိုင်း ကျန်နေခဲ့တယ်။ သူမရဲ့ ပတ်ပတ်လည်မှာ မမြင်နိုင်တဲ့ အဝိုင်းတစ်ခု ရှိနေပြီး အဲဒါက နှင်းခဲတွေ သူမဆီ ပျံ့နှံ့မလာအောင် တက်တက်ကြွကြွ ခုခံပေးနေသလိုပဲ။

ထိုအခါ သရီးက သူမရဲ့ အိတ်ကပ်ထဲကနေ အဖြူရောင် ဆေးလုံးတစ်လုံးကို ထုတ်ပြီး တစ်လုပ်တည်း မျိုချလိုက်တယ်။ တန်ခိုးအရှိန်အဝါတွေက သူမရဲ့ သွေးကြောတွေထဲမှာ စီးဆင်းသွားပြီး ခဏတာတော့ သူမကို အားနည်းသွားစေတယ်။ ဒါပေမဲ့ စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးသွားပြီး သူမရဲ့ ခွန်အားတွေ သိသိသာသာ တိုးပွားလာတယ်။

"ငါ နင့်ကို အထင်မသေးပါဘူး" လို့ သရီးက ယူမီစုကို ပြောလိုက်တယ်။ "နင်တို့ ဒရာဂွန်ဘွန်းတွေအပေါ် ထားတဲ့ ငါ့ရဲ့ လေးစားမှုကြောင့် ငါ့မှာ ရှိသမျှထဲက အကောင်းဆုံး လက်နက်ကို ထုတ်သုံးရလိမ့်မယ်"

သရီးရဲ့ လက်ချောင်းတွေပေါ်မှာ တူညီတဲ့ လက်စွပ်နှစ်ကွင်း ရှိနေပြီး တစ်ကွင်းချင်းစီက သူမရဲ့ လက်ခလယ်မှာ စွပ်ထားတာပေါ့။ အပေါ်က အပြာရောင် ကျောက်မျက်ကလွဲရင် အားလုံးကို ရွှေနဲ့ လုပ်ထားတယ်။ ဒါပေမဲ့ ဒါက ရိုးရိုးအပြာရောင် ကျောက်မျက် မဟုတ်ပါဘူး။ ဒါက မီသရယ် ရှေးဟောင်းအမွေအနှစ် ပစ္စည်းတစ်ခု ဖြစ်တယ်။

သရီးဟာ သူမရဲ့ လက်စွပ်တွေပေါ်က မီသရယ် အမွေအနှစ်ပစ္စည်း နှစ်ခုကို ခွာထုတ်လိုက်ပြီး တင်းကျပ်စွာ စီးထားတဲ့ ဖိနပ်ရဲ့ လျှာထိုးထဲကို ထည့်လိုက်တယ်။ သူမ ထည့်လိုက်တာနဲ့ တစ်ပြိုင်နက် ဖိနပ်ဖဝါးအောက်က ဓားသွားတွေဟာ အပြာရောင်ဖျော့ဖျော့ တောက်ပလာပြီး ရေဓာတ်နဲ့ လေဓာတ် မှော်စွမ်းအင်တွေ ပေါက်ကွဲထွက်ပေါ်လာကာ လေထုထဲ ပျံ့နှံ့သွားပြီး ပိုမိုပြင်းထန်တဲ့ ခဲတွင်းမှုကို ဖြစ်ပေါ်စေတယ်။

ဒါပေမဲ့ သရီး ပြင်ဆင်နေချိန်မှာတောင် ယူမီစုကတော့ လှုပ်ရှားမှု မရှိသလောက်ပါပဲ။ သူမဟာ အေးခဲနေတဲ့ မြေပြင်ကို စိုက်ကြည့်ရင်း လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။

"နင်တို့… နင်တို့အားလုံး ငါ့ရဲ့ သခင်ကို လုပ်ကြံဖို့… အကွက်ဆင်ခဲ့ကြတာပေါ့" လို့ ယူမီစုက တိုးတိုးလေး ရေရွတ်တယ်။

သူမ စကားကို ထပ်ပြောလိုက်တဲ့အခါ သူမရဲ့ အသံဟာ ပိုပြီး ကျယ်လောင်လာပြီး ပိုပြီးတော့လည်း ကြမ်းတမ်း ခက်ထန်လာတယ်။ ယူမီစုဟာ သူမရဲ့ လှံကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး အရိပ်တွေထဲကို ဆင်းသက်သွားတယ်။

တစ်စက္ကန့်အကြာမှာတော့ လုံးဝ အသစ်စက်စက် လှံတစ်စောင်း ထွက်ပေါ်လာတယ်။ လှံရိုးတစ်ခုတည်းကတင် ထွက်ပေါ်လာတဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတဲ့ တန်ခိုးအရှိန်အဝါဟာ အေးခဲနေတဲ့ ရေခဲပြင်ကြီးကို ဖြတ်သန်းပြီး တိုက်ခိုက်နေတာကို သရီး ခံစားလိုက်ရတယ်။ ယူမီစုရဲ့ ပတ်ပတ်လည်က အေးခဲနေတဲ့ ကြမ်းပြင်ပျဉ်ပြားတွေဟာ ဒီလှံရဲ့ ပုံပန်းသဏ္ဌာန် ပေါ်လာရုံမျှနဲ့တင် အရည်ပျော်ပြီး ရေကန်ငယ်လေး ဖြစ်သွားတော့တယ်။

"အဲဒီ အလင်းရောင်… အဲဒီ ခွန်အား… မီသရယ် မှော်ဝင်ပစ္စည်းလား"

ယူမီစုရဲ့ စိမ်းစိုနေတဲ့ လှံဟာ သူမ တစ်ခါမှ မမြင်ဖူးတဲ့အရာတွေထက် ပိုပြီး တောက်ပနေတာကို သရီး မြင်လိုက်ရတယ်။ နှိုင်းယှဉ်ကြည့်ရင် သူမရဲ့ မီသရယ် ရေခဲလျှောစီးဖိနပ်ဟာ နေမင်းကြီးရဲ့ ရှေ့က ဖယောင်းတိုင်မီးလိုပဲ ဖြစ်နေတာပေါ့။

"ငါ့ရဲ့ သခင်… မိုက်ကယ်…" လို့ ယူမီစုက ရေရွတ်ရင်း လှံကို ဆုပ်ကိုင်လိုက်တယ်။

သရီးဟာ ဒါနဲ့ပတ်သက်ပြီး မကောင်းတဲ့ အငွေ့အသက်ကို ခံစားလိုက်ရတာမို့ ဒရာဂွန်ဘွန်းမလေးဆီကို ချက်ချင်း ပြေးဝင်သွားတယ်။ သူမရဲ့ လျှောစီးဖိနပ်ဟာ အေးခဲနေတဲ့ ကြမ်းပြင်ပေါ်မှာ လွယ်လွယ်ကူကူ လျှောတိုက်သွားတာမို့ ခြေကျင်ပြေးတာထက် ပိုပြီး မြန်ဆန်လာစေတယ်။ သူမဟာ စင်တွေကို မြန်မြန်ဆန်ဆန် ဖြတ်ကျော်ပြီး ယူမီစုရဲ့ အမြင်ကနေ ပျောက်ကွယ်သွားလိုက်၊ ပြန်ပေါ်လာလိုက် လုပ်နေတယ်။ သူမက စင်တစ်ခုကို ကန်လိုက်တာမို့ အေးခဲနေတဲ့ စာအုပ်တွေဟာ ယူမီစုဆီကို လွင့်စင်သွားတယ်။ စာအုပ်က သူမရဲ့ အကြေးခွံတွေကို မဆိုစလောက်ပဲ ထိမှန်သွားတယ်။

သရီးဟာ စာကြည့်တိုက်ထဲမှာ လျှောတိုက်ရင်း စာအုပ်တွေကို ဆက်တိုက် ဆွဲယူကာ လေထဲကို မြှောက်တင်ပြီး မတ်တပ်ရပ်နေတဲ့ ဒရာဂွန်ဘွန်းမလေးဆီ ကန်ထုတ်လိုက်တယ်။ ယူမီစုဟာ သူမရဲ့ လှံကို စပြီး ဝှေ့ယမ်းလိုက်တယ်။ အစမှာတော့ နှေးကွေးနေပြီး စာအုပ်အချို့ကို လွဲချော်သွားတာမို့ သူမရဲ့ အကြေးခွံတွေကို ထိလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ အရှိန် ရလာတာနဲ့အမျှ သူမရဲ့ ဝှေ့ယမ်းမှုတွေဟာ ပိုပြီး မြန်ဆန်လာပြီး ပြင်းထန်တဲ့ လေမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်တာမို့ ဝင်လာတဲ့ စာအုပ်အားလုံးကို အပြင်ဘက်ဆီ လွင့်စင်သွားစေကာ နံရံကို ရိုက်ခတ်ပြီး ရေခဲပွင့်ပေါင်း ကုဋေကုဋာအဖြစ် ကြေမွပျက်စီးသွားစေတယ်။

သရီးဟာ သူမရဲ့ လျှောစီးဖိနပ်ကို အရှိန်မြှင့်ပြီး နံရံဆီကို အမြင့်ဆုံးအရှိန်နဲ့ ပြေးတက်သွားတယ်။ သရီး အခန်းရဲ့ အဆုံးကို ရောက်တဲ့အခါ ခြေထောက်ကို မြှောက်ပြီး မျက်နှာကြက်ပေါ်အထိ လျှောစီးတက်သွားတော့တယ်။

သူမအတွက် ကမ္ဘာမြေဆွဲအားက ပြောင်းပြန်ဖြစ်သွားသလိုပဲ။ ဒါပေမဲ့ အမှန်တော့ မျက်နှာကြက်ပေါ်က ရေခဲမှုန်တွေက သရီးကိုယ်တိုင်နဲ့ သံလိုက်လို ဆွဲငင်မှု ရှိနေတာမို့ မျက်နှာကြက်ပေါ်မှာ လျှောစီးနိုင်တာ ဖြစ်တယ်။ သရီးဟာ အခန်းအလယ်က သတ္တုမီးဆိုင်းကြီးဆီ ရောက်သွားပြီး သူမရဲ့ ထက်မြက်တဲ့ လျှောစီးဓားနဲ့ မျက်နှာကြက်ကနေ ဖြတ်ချလိုက်တယ်။ ရေခဲမှော်စွမ်းအင်တွေ စီးဝင်နေတဲ့ လေးလံတဲ့ သတ္တုပစ္စည်းကြီးဟာ ယူမီစုဆီကို ပြုတ်ကျသွားတော့တယ်။ သရီးက မျက်နှာကြက်ကနေ ခုန်ချပြီး မီးဆိုင်းကို အောက်ဘက်ဆီ ကန်ချလိုက်တာမို့ အရှိန်နဲ့ အလေးချိန်က ပိုပြီး ပြင်းထန်သွားတယ်။

ယူမီစုကတော့ မြေပြင်ပေါ်မှာ ဘာမှမဖြစ်သလို မတ်တပ်ရပ်နေတုန်းပါပဲ။ သူမဟာ ခုခံကာကွယ်စရာ ဘာမှမရှိသေးပေမဲ့ အရှိန်အဟုန်ကို စုဆောင်းတဲ့အနေနဲ့ သူမရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ လှံကို ဆက်ပြီး ဝှေ့ယမ်းနေတယ်။ မီးဆိုင်းကြီးက သူမကို ထိခိုက်တော့မယ့် အချိန်မှာပဲ ယူမီစုက အပေါ်ကို မော့ကြည့်လိုက်ပြီး သရီးဆီကို ပြင်းထန်တဲ့ ဒေါသတရားတွေ ထုတ်ဖော်လိုက်တယ်။

"နင်က မိုက်ကယ်ကို လုပ်ကြံရဲတယ်ပေါ့" လို့ သူမက အော်ဟစ်လိုက်တာမို့ နားကွဲလုမတတ် အသံကြီး ထွက်ပေါ်လာပြီး သရီးဟာ မသိစိတ်ကနေ နားကို ပိတ်ထားလိုက်မိတယ်။

သရီး ပြန်ပြီး ငုံ့ကြည့်လိုက်တဲ့အခါ ယူမီစုဟာ သူမရဲ့ တောက်ပနေတဲ့ စိမ်းစိုနေတဲ့ လှံကို မြှောက်ပြီး ဒေါသတရားတွေ၊ ခက်ထန်မှုတွေနဲ့အတူ သူမဆီကို ထိုးစိုက်လိုက်တာကို မြင်လိုက်ရတယ်။ ပြင်းထန်တဲ့ လေပြင်းကြီးတစ်ခုက အေးခဲနေတဲ့ မီးဆိုင်းကြီးကို သရီးဆီ အပေါ်ဘက် ပြန်တွန်းပို့လိုက်တာမို့ သူမ ပိုင်းဖြတ်ခဲ့တဲ့ အပိုင်းအစတွေ သူမကိုပဲ ပြန်ပြီး အချိန်ကိုက် စိုက်ဝင်သွားစေတယ်။ သရီးဟာ လေပြင်းက သူမကို ထိမှန်တဲ့အခါ ပိုပြီး ပြင်းထန်လာတာကို ခံစားလိုက်ရပြီး သူမနဲ့ မီးဆိုင်းကြီးကို မျက်နှာကြက်ဆီ တွန်းပို့ကာ အခြားတစ်ဖက်ကို လုံးဝ ပေါက်ထွက်သွားစေတယ်။

သရီးဟာ အေးခဲနေတဲ့ သစ်သားပျဉ်ပြားတွေ အပိုင်းပိုင်း အစစ ကြေမွပျက်စီးသွားပြီး စာကြည့်တိုက်ရဲ့ ဒုတိယထပ်ကို ဖောက်ထွက်သွားချိန်မှာ သွေးတွေ အန်ထုတ်လိုက်ရတယ်။ ယူမီစုရဲ့ လှံကနေ ထွက်ပေါ်လာတဲ့ ပြင်းထန်တဲ့ လေမုန်တိုင်းဟာ သူမကို မျက်နှာကြက်အပြင်ဘက်ဆီ ဆက်ပြီး တွန်းထုတ်နေပြီး အမိုးကိုပါ ဖောက်ထွက်သွားစေကာ အုတ်ခဲတွေနဲ့ အပျက်အစီးတွေကို လေထဲ ပျံဝဲသွားစေတယ်။ သရီးဟာ လေထဲမှာ အသက်ရှူကျပ်သွားသလို ခံစားလိုက်ရတယ်။

သူမဟာ မျက်လုံးတွေကို အဝိုင်းသား ဖွင့်ပြီး အောက်ကို ငုံ့ကြည့်လိုက်တယ်။ လေထဲမှာ မီတာပေါင်းများစွာ အမြင့်ကနေ စာကြည့်တိုက်ရဲ့ အမိုးကြီး တစ်ခုလုံး ပွင့်ထွက်သွားတာကို သူမ မြင်လိုက်ရတယ်။ အမိုးရဲ့ အလွန်က အပေါက်ကြီးထဲမှာ သူမ ဖောက်ထွက်ခဲ့တဲ့ ဒုတိယထပ်ကို မြင်နေရပြီး အဲဒီအလွန်မှာတော့ ယူမီစုဟာ သူမရဲ့ လှံကို ဒေါသတရားတွေ၊ ခက်ထန်မှုတွေနဲ့အတူ သူမဆီကို ချိန်ရွယ်ထားတုန်းပဲဆိုတာ မြင်လိုက်ရတယ်။

သရီးဟာ အနီးအနားက ဘယ်အဆောက်အအုံထက်မဆို ပိုပြီး မြင့်မားတဲ့ ညကောင်းကင်ယံထဲမှာ ဘာမှမတတ်နိုင်ဘဲ ပျံဝဲနေခဲ့တယ်။ အဲဒီနောက် သူမ ခဏတာ နှေးကွေးသွားပြီးမှ ဥက္ကာခဲတစ်ခုလို အောက်ကို ဝုန်းခနဲ ပြုတ်ကျလာတော့တယ်။

သူမဟာ အဲဒီ တစ်ချက်တည်းသော ထိုးချက်ကြောင့်တင် နံရိုးတွေနဲ့ အရိုးတွေ အများကြီး ကျိုးပဲ့သွားခဲ့တာမို့ သူမအပေါ် ပြုတ်ကျလာတဲ့ မီးဆိုင်းကြီးကိုတောင် လွှဲဖယ်ပစ်ဖို့ ခွန်အား မရှိတော့ပါဘူး။ သူမဟာ ကျောက်လမ်းမပေါ်ကို ပြုတ်ကျသွားပြီး လမ်းကို အပိုင်းပိုင်း ကွဲအက်သွားစေတယ်။ မီးဆိုင်းကြီးက သူမကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဖိမိသွားတာမို့ ဒဏ်ရာတွေ ပိုပြီး ပြင်းထန်သွားစေတယ်။

"မဖြစ်နိုင်တာ" လို့ သူမက တိုးတိုးလေး ရေရွတ်တယ်။

သူမ သတိ လုံးဝမလစ်ခင်မှာပဲ အပြာရောင်ရင့်ရင့် ဒရာဂွန်ဘွန်းတစ်ယောက်က သူမဆီကို အေးအေးဆေးဆေး အမူအရာနဲ့ ချဉ်းကပ်လာတာကို မြင်လိုက်ရတယ်။

"ငါ့ညီမက စိတ်တိုလာရင် တော်တော် ကြောက်ဖို့ကောင်းတာ" လို့ သူက ပြောရင်း တောက်ပနေတဲ့ ကာနာတာဓါးကို သူ့ပုခုံးပေါ် တင်လိုက်တယ်။

သူမ သူ့ကို မှတ်မိတယ်။ ဒါက ဒရာဂွန်ဘွန်းတွေထဲမှာ အသန်မာဆုံးလို့ ယူဆရတဲ့ ဂျာကူ ပဲ ဖြစ်တယ်။ ကုဒ်နံပါတ် တူး က သူ့ကို ကိုင်တွယ်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ သူက ဘာဒဏ်ရာမှမရဘဲ ရှိနေတာကို မြင်ရတော့ ရလဒ်ကတော့ ရှင်းနေတာပေါ့။

သူမရဲ့ သတိတွေ ဝေဝါးသွားချိန်မှာ ဟမ်းမားစတုန်း ကုမ္ပဏီအနေနဲ့ ရီနေးတား ကုမ္ပဏီကို သွားရောက်ပတ်သက်မိတာဟာ ကြီးမားတဲ့ အမှားကြီးတစ်ခုကို လုပ်မိတာပဲဆိုတာ သူမ သဘောပေါက်သွားတယ်။ အဲဒီ ရီနေးတားတွေဟာ ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းကြီးတွေကို အလုပ်အကျွေးပြုနေတဲ့ အထူးတိုက်ခိုက်ရေးသမားတွေဖြစ်တဲ့ သူတို့ရဲ့ စီနီယာတွေနဲ့ အဆင့်အတန်း တူညီနေကြတာပဲ ဖြစ်နေလို့ပါပဲ။

* * * * * * * * *

စာစဉ်(၂၂)

အခန်း(၂၅၄)

မြို့တော်အနှံ့မှာ တစ်ဆက်တည်း ပေါက်ကွဲသံအကျယ်ကြီး နှစ်ချက် ဆင့်ပေါ်ထွက်လာတာမို့ ကုဒ်နံပါတ် ဆစ်ခ်စ်ဟာ ဒီမတည်ငြိမ်မှုကို သတိပြုမိသွားတယ်။ သူ နောက်လှည့်ကြည့်လိုက်တဲ့အခါ ကောင်းကင်ယံကနေ ဧရာမမီးဆိုင်းကြီးတစ်ခုနဲ့အတူ ပြုတ်ကျလာတဲ့ မိန်းမပျိုတစ်ယောက်ရဲ့ ပုံရိပ်ကို လှမ်းမြင်လိုက်ရတာပေါ့။ ဆစ်ခ်စ်က မျက်မှောင်ကြုတ်ပြီး သေချာကြည့်လိုက်တော့မှ ဒါဟာ တခြားသူမဟုတ်ဘဲ စတုန်းကိုးလ် ဆစ်ခ်စ် အဖွဲ့ထဲက သူ့ရဲ့ ရဲဘော်ရဲဘက်တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတယ်။ သူမဆီမှာ တစ်ခုခုဖြစ်သွားပြီဆိုတာကို သူ သဘောပေါက်လိုက်တယ်။

သူမဆီကို သွားဖို့ ပြင်လိုက်စဉ်မှာပဲ သဲ့သဲ့ကလေး တောက်တောက် တောက်တောက် မြည်နေတဲ့ အသံတစ်ချက်ကို သူ ကြားလိုက်ရတယ်။

"ဒါ ဘာအသံကြီးလဲ" လို့ သူက တိုးတိုးလေး ရေရွတ်ရင်း ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပေမဲ့ မှိန်ပျပျ ဆီမီးခွက်တွေ လင်းနေတဲ့ လူသူကင်းမဲ့တဲ့ လမ်းမကလွဲရင် ဘာမှ ရှိမနေပါဘူး။

သူ့ရဲ့ စိတ်ကူးကပဲ ဖန်တီးလိုက်သလိုမျိုး စည်းချက်ကျကျ ထွက်ပေါ်နေတဲ့ ထူးဆန်းတဲ့ အသံကြောင့် စိတ်မသက်မသာ ဖြစ်သွားရတဲ့ ဆစ်ခ်စ်ဟာ သရီး ပြုတ်ကျသွားတဲ့ အရပ်ဆီကိုပဲ မြန်မြန်ဆန်ဆန် ပြေးသွားလိုက်တယ်။ သူ ပြေးနေတုန်းမှာပဲ ထွက်ပေါ်နေတဲ့ 'ရတ် တာ တာ' ဆိုတဲ့ သဲ့သဲ့အသံဟာ သူ့ရဲ့ ကပျာကယာ ခြေလှမ်းသံတွေအောက်မှာ ပျောက်ကွယ်သွားတာပေါ့။

လမ်းကွေ့ကနေ သူ ထွက်လာပြီးတဲ့နောက် လမ်းမဆီကို ဆစ်ခ်စ်က ဖြည်းဖြည်းချင်း ချောင်းကြည့်လိုက်တဲ့အခါ ကျောက်ပြားခင်းလမ်းမရဲ့ အလယ်က ချိုင့်ခွက်ကြီးထဲမှာ သရီး တစ်ယောက် နစ်မြုပ်နေတာကို မြင်လိုက်ရတယ်။ သူမရဲ့ အပေါ်မှာတော့ သတ္တုမီးဆိုင်းကြီး ရှိနေပြီး သူမ လှုပ်မရအောင် ဖိထားတာပေါ့။

သူမဆီကို သွားဖို့ သူ ပြင်လိုက်ပေမဲ့ သူမ ဘေးမှာ တစ်ယောက်တည်း ရှိမနေတာကို သူ သတိထားမိသွားတယ်။ သူမရဲ့ အပေါ်မှာတော့ ပုခုံးပေါ်မှာ ဓားတစ်လက် တင်ထားတဲ့ အပြာရောင်ရင့်ရင့် အကြေးခွံတွေနဲ့ လူတစ်ပိုင်းသတ္တုဝါတစ်ဦး မတ်တပ်ရပ်နေတယ်။

"ဒရာဂွန်ဘွန်း…" လို့ ဆစ်ခ်စ်က တိုးတိုးလေး ရေရွတ်လိုက်တယ်။ "ဒါဆိုရင် သူတို့နှစ်ယောက်လုံး ခံလိုက်ရပြီပေါ့"

သူတို့ စတုန်းကိုးလ် ဆစ်ခ်စ် အဖွဲ့ထဲမှာ အသန်မာဆုံး တိုက်ခိုက်ရေးသမား နှစ်ယောက် ရှုံးနိမ့်သွားတဲ့ အကြောင်းကို သိလိုက်ရတာဟာ ဆစ်ခ်စ်ရဲ့ ရင်ထဲကို တကယ်ပဲ ကြောက်ရွံ့ထိတ်လန့်မှုတွေ စီးဝင်သွားစေတာပေါ့။

သူ့ကို ရင်ဆိုင်ဖို့ ဒရာဂွန်ဘွန်းတစ်ယောက်ကို တက်တက်ကြွကြွ လိုက်ရှာဖို့ ကြိုးစားခဲ့တာဟာ တကယ့်ကို မိုက်မဲခဲ့တာပဲလို့ အခုမှပဲ သူ ခံစားလိုက်ရတယ်။ တကယ်လို့ ကုဒ်နံပါတ် တူး နဲ့ သရီး တို့တောင်မှ ခြုံခိုတိုက်ခိုက်တာမှာ သူတို့ရဲ့ အကြေးခွံတွေကို မဆိုစလောက်လေးတောင် မခြစ်မိခဲ့ဘူးဆိုရင် အားလုံးထဲမှာ အားအနည်းဆုံးမို့ ကုဒ်နံပါတ် ဆစ်ခ်စ် လို့ အခေါ်ခံရတဲ့ သူကတော့ အဲဒီ လူတစ်ပိုင်းသတ္တုဝါ မိစ္ဆာတွေနဲ့ တွေ့ရင် တစ်စက္ကန့်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူးလေ။

သူ့အတွက် ကံကောင်းတာကတော့ ဂျာကူ ဟာ သူ့ဆီကို လျှောက်လာမယ့် ပုံစံမျိုး လုံးဝ မပြတာပါပဲ။ အပြာရောင်ရင့်ရင့် ဒရာဂွန်ဘွန်းက "အမဲလိုက်ရတာ ပျော်စရာကောင်းပါစေ" လို့ပဲ ပြောပြီး တခြားတစ်ဖက်ကို အေးအေးဆေးဆေး လျှောက်သွားကာ လေချွန်ရင်း ထွက်ခွာသွားတယ်။

ဆစ်ခ်စ်ဟာ ဒီအခွင့်အရေးကို ယူပြီး အဲဒီနေရာကနေ လစ်ထွက်ဖို့ အမြန်ဆုံး ပြေးတော့တာပေါ့။

အနည်းဆုံးတော့ စစ်ကူတောင်းလို့ရမယ့် ဟမ်းမားစတုန်း ဌာနချုပ်ဆီ ပြန်ရောက်နိုင်ဖို့ လမ်းမတွေ၊ မှောင်မိုက်တဲ့ လမ်းကြားတွေနဲ့ အိမ်နောက်ဖေးကွင်းပြင်တွေကို ဖြတ်ပြီး သူ ပြေးခဲ့တယ်။ ဒါပေမဲ့ သူ ပြေးနေတုန်းမှာပဲ သူ့လည်ပင်းက အမွှေးအမျှင်တွေ ထောင်ထလာတယ်။ သူ့နောက်ကနေ တစ်ယောက်ယောက် ကပ်လိုက်လာနေတယ်လို့ ထင်မိတာမို့ ဘေးဘက်ကို ခေါင်း ချက်ချင်း လှည့်ကြည့်လိုက်တယ်။

အဲဒီနေရာမှာတော့ ဟောင်းနွမ်းနေတဲ့ သေတ္တာတွေနဲ့ မြေကြီးပုံးတွေကလွဲရင် ဘာမှ ရှိမနေပါဘူး။

အဲဒါ ပြန်ပေါ်လာပြန်ပြီ။ ဒီညဉ့်နက်သန်းခေါင်မှာ သူ ဆက်တိုက် ကြားနေရတဲ့ စည်းချက်ကျကျ တောက်တောက် တောက်တောက် မြည်သံနဲ့ တူရိယာတီးခတ်သံတွေပေါ့။ ဆစ်ခ်စ်ဟာ ဒေါသတကြီးနဲ့ သူ့ကျောမှာ သိုင်းလွယ်ထားတဲ့ ဧရာမတူကြီးကို ထုတ်ပြီး သေတ္တာတွေကို လွှဲရိုက်လိုက်တာမို့ အပိုင်းပိုင်း အစစ ကြေမွပျက်စီးသွားတယ်။

သူက မှောင်မိုက်တဲ့ လမ်းကြားထဲမှာ တစ်ယောက်တည်း ရပ်ရင်း နောက်ကို ပြန်လှည့်ကြည့်လိုက်တယ်။

"ဘယ်သူလဲ" လို့ သူက အော်ဟစ်လိုက်တာမို့ သူ့အသံက သူ့ဆီပဲ ပဲ့တင်ထပ်ပြီး ပြန်လာတယ်။ "ထွက်လာခဲ့စမ်း"

စစ်တူကြီးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း ဆစ်ခ်စ်ဟာ သူ့ရဲ့ လက်နက်ကို ပတ်ပတ်လည် လွှဲယမ်းလိုက်တာမို့ ဘေးနားက ကျောက်ပြားနံရံတွေကို ထိမှန်သွားပြီး သူ့ကို နောက်ယောင်ခံလိုက်နေတဲ့သူကို ခြောက်လှန့်ဖို့ "ယား" လို့ အော်လိုက်တယ်။ သူက ကြောက်စိတ်လွန်ကဲနေတဲ့ ရူးသွပ်သူတစ်ယောက်လို ဖြစ်နေတာပေါ့။

ဆစ်ခ်စ်က မျက်လုံးတွေကို ပိတ်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်ကာ သူ့ကိုယ်သူ ပြန်ပြီး ရယ်မောလိုက်တယ်။ ဒီလို အတွေးတွေ တွေးမိနေတာကို သူ့ကိုယ်သူ အရူးလို့ ထင်မိသွားတာပေါ့။ ဒရာဂွန်ဘွန်းတွေအပေါ် ထားတဲ့ ကြောက်စိတ်ကြောင့်ပဲ သူ နည်းနည်း စိတ်အာရုံတွေ နောက်ကျိနေပုံရတယ်။

သူက စစ်တူကြီးကို ကျောမှာ ပြန်လည် သိုင်းလွယ်လိုက်ပေမဲ့ မြေပြင်ပေါ်ကို ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ အရိပ်ဘေးမှာတင် ဧရာမအရိပ်ကြီး နှစ်ခု ရှိနေတာကို မြင်လိုက်ရတယ်။ ကြီးမားတဲ့ သတ္တဝါကြီးနှစ်ကောင်ဟာ သူ့ရဲ့ နောက်ကွယ် တည့်တည့်မှာ မတ်တပ်ရပ်နေကြတာပေါ့။

"ဟား" လို့ ဆစ်ခ်စ်က အော်ရင်း စစ်တူကြီးကို နောက်ဘက်ဆီ လွှဲရိုက်လိုက်တယ်။

ဒါပေမဲ့ ဒါဟာ လေထုကိုပဲ ထိမှန်သွားတာပေါ့။ သူ့ပတ်ပတ်လည်မှာ ဘယ်သူမှ ရှိမနေပါဘူး။ သူ မြေပြင်ပေါ်ကို ပြန်ပြီး ငုံ့ကြည့်လိုက်တဲ့အခါ သူ မြင်လိုက်ရတဲ့ ဧရာမအရိပ်ကြီး နှစ်ခုဟာ လမ်းမပေါ်က ဆီမီးခွက်နှစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ အမြင်အာရုံ မှားယွင်းမှုသက်သက်ပဲဆိုတာ သိလိုက်ရတယ်။

"ဘာတွေ ဖြစ်ပျက်နေတာလဲ…" လို့ သူက တိုးတိုးလေး ရေရွတ်တယ်။

ဆစ်ခ်စ်ဟာ ဟမ်းမားစတုန်း ဌာနချုပ်ဆီ တည့်တည့်ဦးတည်နေတဲ့ သူသိနေကျ တံတားကြီးကို မမြင်မချင်း လမ်းမကျယ်ပေါ်ကို အမြင့်ဆုံးအရှိန်နဲ့ ပြေးထွက်ခဲ့တယ်။ တံတားကြီးက မြူတွေ ဝေဆိုင်းနေတာကို သူ သတိထားမိပေမဲ့ ဂရုမစိုက်အားပါဘူး။ လမ်းကြောင်းကို အလိုလို သိနေတာမို့ သူ ရှေ့တည့်တည့်ကိုပဲ ပြေးဝင်သွားလိုက်တယ်။ သူ့အောက်က မြစ်ရေစီးသံကြောင့် သူ တံတားကို ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နေပြီဆိုတာ သိလိုက်ရတယ်။

ခဏအကြာမှာတော့ ကျောက်တံတားပေါ်ကနေ သူ ဆင်းလိုက်တာနဲ့ မြူတွေဟာ လျော့ပါးသွားခဲ့တယ်။ ဒါပေမဲ့ သူ ရှေ့ကို လှမ်းကြည့်လိုက်တဲ့အခါ အဝေးမှာ အဲဒီတံတားကြီးကိုပဲ ထပ်ပြီး မြင်လိုက်ရပြန်တယ်။ သူ နောက်ကို ပြန်လှည့်ကြည့်လိုက်တော့မှ သူ အစပြုခဲ့တဲ့၊ သူ ထွက်ပြေးခဲ့တဲ့ နေရာကိုပဲ ပြန်ရောက်နေမှန်း သိလိုက်ရတာပေါ့။

"ဘာလဲဟ… ပုံရိပ်ယောင် မန္တန်လား"

သူ့ကျောပြင်ပေါ်မှာ ချွေးစေးတွေ စီးကျလာတယ်။ သူတို့ စာရင်းထဲမှာ ထည့်မတွက်ထားတဲ့ ဒရာဂွန်ဘွန်း တစ်ယောက်ယောက် ရှိနေတာလား။

ဆစ်ခ်စ်ဟာ စစ်တူကြီးကို မြှောက်ပြီး နှင်းတောင်စွမ်းအား စီးဝင်ခြင်း ဆိုတဲ့ မန္တန်ကို ရွတ်ဆိုလိုက်တာမို့ သူ့လက်နက်ရဲ့ ပြားနေတဲ့ အစွန်းနှစ်ဖက်ပေါ်မှာ ကျောက်ဆောင်လို ခိုင်မာတဲ့ ရေခဲတုံးကြီးတစ်ခု ဖြစ်ပေါ်လာတယ်။

"ဖျက်ဆီးခြင်း ဆောင်းရာသီ" လို့ သူက အော်ဟစ်ရင်း သူ့ရှေ့မှာ အနီးဆုံး ရှိနေတဲ့ အဆောက်အအုံဆီ စစ်တူကြီးကို လွှဲရိုက်လိုက်တယ်။ လက်နက်ဟာ ကျောက်ပြားနံရံထောင့်တွေကို ရိုက်ခွဲပစ်လိုက်တာမို့ အပျက်အစီးတွေနဲ့ ဖုန်မှုန့်တွေ နေရာအနှံ့ လွင့်စင်သွားတာပေါ့။ အဲဒီနောက် နှင်းခဲတွေဟာ မထိခိုက်ရသေးတဲ့ နေရာတွေဆီ ပျံ့နှံ့သွားပြီး အရာအားလုံးကို အလွန် အေးစိမ့်သွားစေတယ်။

နောက်ထပ် တစ်ချက် ထပ်မံလွှဲရိုက်လိုက်တဲ့အခါ လူနေအိမ်ရဲ့ အရှေ့ဘက် နံရံကြီးဟာ အထဲကို ပြိုကျသွားပြီး နှင်းမှုန်တွေ လေထဲမှာ လွင့်ဝဲသွားစေတယ်။

"ထွက်လာခဲ့စမ်း၊ မဟုတ်ရင် ငါ ဒီရပ်ကွက်တစ်ခုလုံးကို ဖျက်ဆီးပစ်မှာ"

အဲဒီအချိန်မှာပဲ သဲ့သဲ့ကလေး ထွက်ပေါ်လာတဲ့ အသံတစ်ချက် ပဲ့တင်ထပ်သွားတယ်။

"ငါတို့က မင်းရဲ့ နောက်ကွယ်မှာ ရောက်နေပြီလေ"

ဆစ်ခ်စ်ဟာ စစ်တူကြီးကို ကိုင်ရင်း ချက်ချင်း နောက်လှည့်ကြည့်လိုက်တဲ့အခါ သူ့ရှေ့မှာ ဘေးချင်းယှဉ် မတ်တပ်ရပ်နေတဲ့ မတူညီတဲ့ အော့ခ် မျိုးနွယ်စု နှစ်ခုကို မြင်လိုက်ရတယ်။ သူ့ကို နောက်ယောင်ခံလိုက်နေတဲ့သူတွေရဲ့ ပုံစံအမှန်ကို မြင်လိုက်ရတော့ ဆစ်ခ်စ်ဟာ မရယ်ဘဲ မနေနိုင်တော့ပါဘူး။

"ငါက အော့ခ်တစ်စုကြောင့်နဲ့ ကြောက်နေခဲ့တာလား" လို့ သူက ပြောတယ်။ "မင်းတို့ကို ကူညီမယ့် ဒရာဂွန်ဘွန်းတွေလည်း ဒီနားမှာ မရှိဘူး။ မင်းတို့ ငါ့ကို ဒီအတိုင်း လွှတ်ပေးခဲ့သင့်တာ"

အော့ခ်နှစ်ကောင်ကတော့ တိတ်ဆိတ်နေဆဲပါပဲ၊ ဆစ်ခ်စ်ကပဲ ဦးဆောင်ပြီး စစ်တူကြီးကို သူတို့ဆီ လွှဲရိုက်လိုက်တယ်။ သူက လက်နက်ကို ခေါင်းပေါ်ကနေ လွှဲချလိုက်တာမို့ ပတ်ပတ်လည်က လေထုကိုပါ အေးစိမ့်သွားစေတဲ့ နှင်းခဲတွေကို ဖန်တီးလိုက်တယ်။

ဆစ်ခ်စ်က စစ်တူကြီးကို လွှဲချလိုက်တဲ့အခါ ပတ်ပတ်လည်က လေထုဟာ ရေခဲစူးတွေအဖြစ် ပေါက်ကွဲထွက်လာပြီး အော့ခ်နှစ်ကောင်ဆီကို ကွင်းဆက် တုံ့ပြန်မှုတစ်ခုအဖြစ် ရောက်ရှိသွားတယ်။ အပ်လို ထက်မြက်တဲ့ ရေခဲစူးတွေဟာ အော့ခ်နှစ်ကောင်ရဲ့ ကြားထဲမှာ ပေါက်ကွဲထွက်လာပြီး သူတို့ရဲ့ ထူထဲတဲ့ အသားတွေထဲကို အပေါက်ပေါင်း ကုဋေကုဋာ စိုက်ဝင်သွားစေတယ်။

ဆစ်ခ်စ်ဟာ ကျောက်လမ်းမပေါ်မှာ စစ်တူကြီးကို ဆွဲပြီး သူတို့ဆီ ပြေးဝင်သွားကာ အလျားလိုက် လွှဲရိုက်လိုက်တာမို့ အမွှေးအမျှင်တွေနဲ့ အော့ခ်ရဲ့ ဘေးဘက်ကို ထိမှန်သွားပြီး ဆူးတွေနဲ့ အော့ခ်ဆီကို လွင့်စင်သွားစေတယ်။ ဒါပေမဲ့ အော့ခ်တွေရဲ့ ခန္ဓာကိုယ် ပျက်စီးသွားတဲ့အခါ လေထုထဲမှာ ပျောက်ကွယ်သွားတဲ့ အရိပ်မီးတောက်တွေအဖြစ်ပဲ ပြောင်းလဲသွားတာပေါ့။

ဒါက နောက်ထပ် ပုံရိပ်ယောင် မန္တန်တစ်ခုပဲ ဖြစ်နေပြန်တယ်။

"တောက်… ဒီလို လှည့်ကွက်တွေကို တော်စမ်း။ မင်းတို့က အော့ခ် အဆင့်ပဲ ရှိတာပါ"

အဲဒီအချိန်မှာပဲ ဆစ်ခ်စ်ဟာ သူ့ရဲ့ အာရုံခံစားမှု အားလုံးကို လွှမ်းမိုးသွားတဲ့ စူးရှတဲ့ နာကျင်မှုကို သူ့ရဲ့ ဝမ်းဗိုက်ထဲမှာ ခံစားလိုက်ရတယ်။ သူ ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ စွမ်းအင်ပင်လယ် ထဲမှာ ကြီးမားတဲ့ အပေါက်ကြီးတစ်ခု ဖြစ်နေပြီး မီးတောက်လို အရိပ်တွေ ဖုံးလွှမ်းနေတဲ့ အော့ခ်တစ်ကောင်ရဲ့ လက်သီးက အဲဒီထဲကနေ ထွက်နေတာကို မြင်လိုက်ရတာပေါ့။

သူ့ရဲ့ သတိတွေဟာ ဘာမှမရှိတော့တဲ့ အခြေအနေဆီ ဖြည်းဖြည်းချင်း ဝေဝါးသွားခဲ့တယ်။

ဒါပေမဲ့ အဲဒီနောက် သူ ပြန်နိုးလာတယ်။ ဆစ်ခ်စ်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့အခါ သူ့ရှေ့မှာ တံတားကြီး ရှိနေတဲ့ အရင်က လူသူကင်းမဲ့တဲ့ လမ်းမပေါ်ကိုပဲ ပြန်ရောက်နေမှန်း သိလိုက်ရတယ်။ အဆောက်အအုံ ပျက်စီးသွားတာမျိုးလည်း မရှိဘူး၊ သူ့ရဲ့ ဝမ်းဗိုက်ထဲမှာ ကြီးမားတဲ့ အပေါက်ကြီး ဖြစ်နေတာမျိုးလည်း မရှိဘူး၊ ပတ်ပတ်လည်မှာလည်း မြင်တွေ့ရမယ့် အော့ခ်တွေ လုံးဝ ရှိမနေပါဘူး။

ဒါပေမဲ့… သူ ခံစားလိုက်ရတဲ့ နာကျင်မှုကတော့ တကယ်ကြီး ဖြစ်နေခဲ့တယ်။ တကယ်ကြီး ဖြစ်နေတာမို့ ဒါဟာ ပုံရိပ်ယောင် မန္တန်တစ်ခု မဟုတ်ဘူးလို့ သူ ထင်မိသွားတာပေါ့။

သူ နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ အဲဒီ အော့ခ်နှစ်ကောင်ကပဲ ပတ်ပတ်လည်မှာ အရိပ်တွေ လှုပ်ခတ်ရင်း ငြိမ်သက်စွာ မတ်တပ်ရပ်နေတာကို မြင်လိုက်ရတယ်။

ဆစ်ခ်စ်ဟာ နောက်ဆုံးတော့ ဒါကို သဘောပေါက်သွားခဲ့ပြီပေါ့။

သူဟာ ပုံရိပ်ယောင် မန္တန်တစ်ခုထဲမှာ ပိတ်မိနေခဲ့တာပဲ။ တကယ့် ကမ္ဘာဦးလောကမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်အစစ်ဟာ လမ်းကြားထဲမှာတင် သတိလစ်ပြီး အေးအေးစက်စက် ဖြစ်နေပြီ ဖြစ်ကာ အဲဒီ အရိပ်အော့ခ် နှစ်ကောင်က သူ့အပေါ်မှာ အေးစက်စွာ မတ်တပ်ရပ်နေကြတာ ဖြစ်တယ်။ သူတို့က သူ့ကို သေခြင်းတရားရဲ့ နာကျင်မှုကိုပဲ ထပ်ခါတလဲလဲ ခံစားစေပြီး မဆုံးနိုင်တဲ့ သေခြင်းတရားရဲ့ ငရဲပုံရိပ်ယောင် မန္တန်ထဲကနေ ထွက်ခွာခွင့် မပေးကြတာပေါ့။

သူ 'ဗူ တို တို' နဲ့ 'ရတ် တာ တာ' ဆိုတဲ့ စည်းချက်ကျကျ အသံတွေကို ကြားလိုက်ရတဲ့ အချိန်ကတည်းက တိုက်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ သူဟာ သူတို့ရဲ့ မန္တန်ထဲမှာ အမိအရ ဖမ်းဆီးခံလိုက်ရပြီ ဖြစ်လို့ပါပဲ။

* * * * * * * * *

All Chapters