← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 22 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 22 Ch. 257-258

အခန်း(၂၅၇)

"ဒါက ဘာအဓိပ္ပာယ်လဲ" ခရစ်ရှန်က ဝမ်းကို ဒေါသတကြီး မေးလိုက်တယ်။ စတုန်းကိုးလ် ဝမ်းဟာ သူတို့အဖွဲ့ထဲမှာ အသန်မာဆုံးဖြစ်တာမို့ သက်စောင့်အမြုတေတွေဆီကနေ အလင်းရောင် မှေးမှိန်ပျောက်ကွယ်သွားတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းသိတာပေါ့။ အဓိပ္ပာယ်ကတော့ ရှင်းရှင်းလေးပါပဲ၊ သူတို့ ရှုံးသွားပြီဆိုတာပါပဲ။ ဒါပေမဲ့ သူ့အဖွဲ့ရဲ့ ကျရှုံးမှုကြောင့် သခင်လေးကို စိတ်ပျက်အောင် သူ မလုပ်ရက်ဘူးဖြစ်နေတယ်။

တစ်ဖက်မှာတော့ မြို့စားမင်းက မိုက်ကယ်ကို လှမ်းကြည့်လိုက်တဲ့အခါ သူ့ဆီကနေ ဘာအံ့ဩရိပ်မှ မတွေ့ရဘူး။ မိုက်ကယ်က ဒါကို ကြိုတင်မျှော်လင့်ထားပြီးသားလေ။ ဒီလို ဖြစ်လာမယ်ဆိုတာကို သူ သိနေခဲ့တယ်။

"ငါ အားလုံးကို အကုန်သိပြီးပြီ" မြို့စားမင်း စတယ်မိန်းက ထုတ်ဖော်ပြောကြားလိုက်တယ်။

"မင်းတို့ရဲ့ အထူးစစ်သည်တော်တွေက ဒရာဂွန်ဘွန်းတွေကို အနိုင်မတိုက်နိုင်ခဲ့ကြဘူး ထင်တယ်"

ခရစ်ရှန်က မြို့စားမင်းကို ပြန်ကြည့်ပြီး သူ့ကို ချေပဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ ဒါက သူ့စိတ်ထဲမှာ လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာလေ။ စတုန်းကိုးလ် ဆစ်ခ်စ်ဆိုတာ သူ့မိသားစုက အသေအချာ ပျိုးထောင်ထားတဲ့ အထူးစစ်သည်တော်တွေ။ သူတို့က ထိပ်ဆုံးမှာပဲ ရှိနေရမှာလေ။

"ငါ့ရဲ့ မူလဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာ ပြနေတာပဲ။ အန်ဂိုရာမြို့တော် လျှောက်လှမ်းရမယ့် စစ်မှန်တဲ့ လမ်းကြောင်းက ရီနေးတားကုမ္ပဏီကို ဘေးနားမှာ အမြဲရှိနေစေဖို့ပဲ"

"ဒါက မတရားဘူး" ခရစ်ရှန်က ဒေါသထွက်နေတဲ့ ကလေးတစ်ယောက်လို မြေကြီးကို ခြေဆောင့်ပြီး အော်ဟစ်လိုက်တယ်။

"ခရစ်ရှန်" မြို့စားမင်းက ကောင်လေးကို ချော့မော့တဲ့အနေနဲ့ အသံညင်သာလေးနဲ့ ခေါ်လိုက်တယ်။

"ဒရာဂွန်ဘွန်းတွေ ရှုံးနိမ့်ခဲ့ရင်တောင် ငါက သူတို့ကိုပဲ ငါ့ရဲ့ ကူညီပံ့ပိုးသူအဖြစ် ရွေးချယ်ဦးမှာ။ ဒါက ခွန်အားအပေါ်မှာ မူတည်တာမဟုတ်ဘူး၊ မူဝါဒအပေါ်မှာ မူတည်တာ။

ဒီည မင်းရဲ့ သဘောထားကို ကြည့်ပြီး ငါ သဘောပေါက်သွားတာက မင်းသာ အန်ဂိုရာမြို့တော်ရဲ့ ကူညီပံ့ပိုးသူ ဖြစ်လာရင် ငါ့ရဲ့ နိုင်ငံသားတွေကို အခြားနယ်မြေတွေကို သိမ်းပိုက်ဖို့ မင်းရဲ့ ရင်းမြစ်တွေလိုပဲ သဘောထားမှာ။ မင်းက အခြားကုမ္ပဏီတွေကို ပြိုင်ဆိုင်ဖို့ မင်းရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေအတွက် ငါတို့မြို့တော်ကို အသုံးချရုံသက်သက်ပဲ လုပ်မှာ"

ခရစ်ရှန်က ဒေါသတကြီးနဲ့ လက်ပိုက်လိုက်ပြီး "ဒါပေမဲ့ သူတို့လည်း အဲလိုပဲ လုပ်နေကြတာပဲလေ။ သူတို့ကျတော့ လုပ်လို့ရပြီး ငါကျတော့ ဘာလို့ လုပ်လို့မရရတာလဲ" ဟု အကြောင်းပြချက် ပေးလိုက်တယ်။

မြို့စားမင်းက ခရစ်ရှန်အနားကို ချဉ်းကပ်သွားပြီး ကောင်လေးရဲ့ ဆံပင်တွေကို ဖွဖွလေး သပ်ပေးလိုက်တယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကလေးလေးတစ်ယောက်လို သဘောထားပြီး ဆက်ဆံလိုက်တာပေါ့။

"ဒါက မင်းအဖေ မင်းကို စီးပွားရေးလုပ်ဖို့ သင်ကြားပေးခဲ့တဲ့ နည်းလမ်းမဟုတ်ဘူး။ သူက ဖြောင့်မတ်တဲ့ လူတစ်ယောက်၊ မင်းက မကောင်းတဲ့ သြဇာလွှမ်းမိုးမှုတွေနောက်ကို လိုက်မယ့်အစား သူ့ရဲ့ ခြေရာကိုပဲ လိုက်ရမှာ"

ခရစ်ရှန်ရဲ့ မျက်ဝန်းတွေထဲမှာ ခံစားချက်တွေ ပြည့်လျှံလာပြီး မျက်ရည်တွေ ဝဲတက်လာတယ်။

ဒေါသ၊ စိတ်ပျက်မှု၊ အရှက်ရမှု။

ဒါတွေက အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက် သေချာပေါက် မထိန်းချုပ်နိုင်သေးတဲ့ ခံစားချက်တွေပဲ ဖြစ်တယ်။

"ငါ့အနားက ထွက်သွား" ခရစ်ရှန်က အော်ဟစ်လိုက်ပြီး မြို့စားမင်းရဲ့ နှစ်သိမ့်ပေးနေတဲ့ လက်ကို ပုတ်ထုတ်လိုက်တယ်။

ပြီးတော့ သူက မိုက်ကယ်ဘက်ကို လှည့်ပြီး သူ့မျက်နှာတည့်တည့်ကို လက်ညှိုးထိုးလိုက်တယ်။

"မင်း... ဒါတွေအားလုံးက မင်းကြောင့်။ မင်းသာ ငါ့ကိစ္စတွေထဲ ဝင်မရှုပ်ခဲ့ရင် ငါ အလိုချင်ဆုံး အရာအားလုံးကို ရခဲ့မှာ"

ခရစ်ရှန်က သူ့ရဲ့ ကတုံးနဲ့ သက်တော်စောင့်ဘက်ကို လှည့်ပြီး "သူ့ကို တိုက်ခိုက်စမ်း" ဆိုတဲ့ အဓိက အမိန့်စကားကို ပြောလိုက်တယ်။

"ခရစ် မလုပ်နဲ့" မြို့စားမင်းက အော်ဟစ်လိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ။

ဝမ်းက သူ့ရဲ့ ဓားအိမ်ထဲကနေ ဓားကို ဆွဲထုတ်ပြီး မိုက်ကယ်ဆီကို ပြေးဝင်သွားတယ်။ ရိုးရိုး ဧည့်သည်တွေရဲ့ မျက်စိထဲမှာတော့ သူ့ရဲ့ ရောက်ရှိလာမှုက မျက်စိတစ်မှိတ်အတွင်းမှာပဲလို့ ထင်ရတယ်။ လွန်ခဲ့တဲ့ တစ်စက္ကန့်က သူက ခရစ်ရှန်နဲ့ မြို့စားမင်းရဲ့ နောက်ကွယ်မှာ ရှိနေခဲ့ပြီး နောက်တစ်စက္ကန့်မှာတော့ မိုက်ကယ်ရဲ့ ရှေ့တည့်တည့်ကို ရောက်နေပြီ၊ ဓားဖျားက မိုက်ကယ်ရဲ့ လည်ပင်းနဲ့ လက်မအနည်းငယ်ပဲ ကွာတော့တယ်။

အတိအကျ အဲဒီအချိန်မှာပဲ အရောင်အသွေး စုံလင်တဲ့ အကာအကွယ်ဒိုင်းတစ်ခု ပေါ်လာပြီး ဓားကို ပြန်လည် တိုက်ခိုက်လိုက်တယ်၊ သတ္တုဓားသွားနဲ့ ထိခတ်မိပြီး ပတ်ပတ်လည်မှာ မီးပွားတွေ တဖျတ်ဖျတ် ထွက်သွားတယ်။

ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ လုပ်ကြံသတ်ဖြတ်လိုတဲ့ စိတ်ရိုင်းကြောင့် ဧည့်သည်တွေဟာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ဘေးကင်းရာကို ထွက်ပြေးဖို့ ကြိုးစားရင်း စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ်ငိုယို ကုန်ကြတယ်။

မြို့စားမင်းက ဧည့်သည်တွေကို ဘေးရန်ကင်းမယ့် သူ့ရဲ့ ရဲတိုက်ထဲကို လမ်းညွှန်ခေါ်ဆောင်သွားတယ်။

"တောက်... ငါ့ရဲ့ စစ်သည်တွေ ဘယ်ရောက်ကုန်တာလဲ" မြို့စားမင်းက စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ်လိုက်တယ်။ သူ့ရဲ့ ရဲတိုက်ထဲမှာ ညမှောင်မှောင်ထဲက အရိပ်တွေကလွဲလို့ ဘယ်သူမှ ရှိမနေသလိုပဲ။

သူ့အိတ်ကပ်ထဲကနေ ခရုသင်းခရာတစ်ခုကို ထုတ်လိုက်တယ်။ ဒါကို မှုတ်လိုက်တာနဲ့ မြို့အနှံ့က စစ်သည်တွေဟာ ရဲတိုက်တံတိုင်းတွေဆီ စုရုံးရောက်ရှိလာပြီး ရာဇဝတ်ကောင်ကို နှိမ်နင်းကြမှာ ဖြစ်တယ်။

ဒါပေမဲ့ မြို့စားမင်းက ခရာကို ပါးစပ်နားကို မြှောက်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ လက်ကောက်ဝတ်ကို ရုတ်တရက် လှမ်းကိုင်လိုက်တာကို ခံစားလိုက်ရတယ်။

မြို့စားမင်း စတယ်မိန်းက ငုံ့ကြည့်လိုက်တော့ သူ့လက်မောင်းကို မြင်သာထင်သာရှိတဲ့ အရိပ်တစ်ခုက ဖမ်းကိုင်ထားတာကို တွေ့လိုက်ရတယ်။ အရိပ်ရဲ့ အဆက်အစပ်အတိုင်း လိုက်ကြည့်လိုက်တော့ သူ့ရှေ့မှာရှိတဲ့ ထူးဆန်းတဲ့ ဝတ်ရုံခြုံထားတဲ့ ခရမ်းရောင် စလိုင်းမ် အကောင်ကြီးနဲ့ ချိတ်ဆက်နေတာကို တွေ့လိုက်ရတယ်။

"အဲဒါ မလိုပါဘူး" ဖတ်ချ်က မြို့စားမင်းကို အေးအေးလူလူ ပြောလိုက်တယ် "ငါ့သခင်ကို သူ့ဘာသာ ပျော်ပါးခိုင်းလိုက်"

မြို့စားမင်းက ဖတ်ချ်ကို ဇဝေဇဝါနဲ့ ကြည့်လိုက်ပြီး "အဲဒီလူက ကြယ်ငါးပွင့် ကျင့်စဉ်ရဲ့ အထွတ်အထိပ်ကို ရောက်နေတာလေ" လို့ ပြောလိုက်တယ်။

သူ့ရဲ့ စိုးရိမ်မှုက ကျိုးကြောင်းဆီလျော်ပါတယ်။ သတ်ဖြတ်ဖို့ အထိရောက်ဆုံး နည်းလမ်းတွေနဲ့ လေ့ကျင့်ထားတဲ့ လူစွမ်းကောင်း စစ်သည်တော်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရရင် ဘယ်သူက မစိုးရိမ်ဘဲ နေမလဲ။

ဒါပေမဲ့ ဖတ်ချ်က မြို့စားမင်းကို စိတ်ချအောင် ပြောလိုက်တယ် "ငါ့သခင်ကိုပဲ စောင့်ကြည့်နေလိုက်။ သူက မကြာသေးခင်ကမှ ကောင်းမွန်တဲ့ အရာတစ်ခုကို သင်ယူထားလို့ အဲဒါကို စမ်းသပ်ကြည့်ချင်နေတာ"

မြို့စားမင်း စတယ်မိန်းဟာ မိုက်ကယ်က စတုန်းကိုးလ် ဝမ်းကို ရင်ဆိုင်နေတာကို စိုးရိမ်စိတ်အပြည့်နဲ့ စောင့်ကြည့်နေရုံပဲ တတ်နိုင်တော့တယ်။

ဝမ်းက မိုက်ကယ်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ အကာအကွယ်ဒိုင်းကို ဖောက်ထွက်ဖို့ ကြိုးစားရင်း သူ့ရဲ့ ဓားကို ပြင်းထန်တဲ့ အင်အားနဲ့ ဖိနှိပ်လိုက်တယ်။

ဒါပေမဲ့ မိုက်ကယ်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်က သတ္တုထဲမှာရှိတဲ့ မီးဒြပ်စင်နဲ့ မြေဒြပ်စင်မှော်စွမ်းအင်တွေကို တန်ပြန်တွန်းလှန်ပြီး ပိုမိုဝေးကွာသွားအောင် တွန်းထုတ်လိုက်တယ်။

ဝမ်းအနေနဲ့ ပိုပြီး ဖိနှိပ်ချင်တယ်ဆိုရင် သူ့ရဲ့ ဓားက သတ္တုချေးခဲအဖြစ် ပြောင်းလဲသွားမယ့် အန္တရာယ်ကို ရင်ဆိုင်ရမှာ ဖြစ်တယ်။

"တောက်... ဒီထူးဆန်းတဲ့ အကာအကွယ်က တစ်ခါပြန်ပေါ်လာပြန်ပြီ" သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။

ဝမ်းက ရုန်းကန်နေရချိန်မှာ မိုက်ကယ်က သူ့ရှေ့တည့်တည့်က ပြိုင်ဘက်ကို အကဲခတ်ဖို့ အချိန်ယူလိုက်ပြီး သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှာ ရှိနေတဲ့ မှော်စွမ်းအင်တွေကို အာရုံခံလိုက်တယ်။

'သူ့ရဲ့ အမြုတေတွေထဲမှာ ရေဒြပ်စင်နဲ့ လေဒြပ်စင်မှော်စွမ်းအင်တွေ အများကြီး ရှိနေတာပဲ၊ ဒါက သူက ရေခဲမန္တန်တွေမှာ အစွမ်းထက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ'

ဝမ်းက ဖိုက်ဗ် ပြိုင်ကွင်းထဲမှာ ဝတ်ဆင်ခဲ့တဲ့ ရေခဲပြာရောင် သံချပ်ကာရဲ့ ပုံစံကွဲတစ်ခုကို ဝတ်ဆင်ထားတယ်၊ ဒီတစ်ခုက သူ့ရဲ့ ဓားလှုပ်ရှားမှုတွေကို အဟန့်အတားမဖြစ်စေတဲ့ ရေခဲတောင်လို ပခုံးကာတွေ ပါရှိတယ်။ ဒီပစ္စည်းက ရုပ်ပိုင်းဆိုင်ရာ သက်သက်မဟုတ်ဘဲ မှော်တန်ခိုးကို အဓိကထားပြီး ပြုလုပ်ထားတာပဲ'

'သူက ငါရင်ဆိုင်ဖူးသမျှထဲမှာ အသန်မာဆုံး ကြယ်ငါးပွင့် စစ်သည်တော်နဲ့ တူတယ်... အနည်းဆုံးတော့ ငါ့မတိုင်ခင်အထိပေါ့' ဟု သူက ကောက်ချက်ချလိုက်တယ်။

နောက်တစ်ခဏမှာပဲ သူ့ရဲ့ ကောက်ချက်က မှန်ကန်ကြောင်း သက်သေပြလိုက်တယ်။

ဝမ်းက သူ့ရဲ့ ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး "ဟက်ဖေးစတပ်စ်ရဲ့ အေးစိမ့်သောမီးတောက်များ" လို့ ရွတ်ဆိုလိုက်တယ်၊ ပြီးတော့ သူ့ရဲ့ လက်ညှိုးကို သုံးပြီး ဓားသွားကို အောက်ခြေကနေ ထိပ်ဖျားအထိ ပွတ်ဆွဲလိုက်တဲ့အခါ သူ့ရဲ့ ထိတွေ့မှုကနေ အေးစိမ့်တဲ့ မြူခိုးတွေ ထွက်ပေါ်နေတဲ့ အပြာရောင် မီးတောက်တစ်ခု ကျန်ရစ်ခဲ့တယ်။

အဲဒီမီးတောက်တွေထဲမှာ မီးဒြပ်စင်မှော်စွမ်းအင် မရှိတာက မိုက်ကယ်ကို စိတ်ဝင်စားသွားစေတယ်။ အဲဒါက ရေဒြပ်စင်နဲ့ လေဒြပ်စင်မှော်စွမ်းအင် သက်သက်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး မီးတောက်အစစ်အမှန်ကို ရရှိဖို့ မီးရဲ့ တည်ဆောက်ပုံကို အတုယူထားတာပဲ ဖြစ်တယ်။

"အေးခဲနဂါးရိုက်ချက်" သူက အော်ဟစ်လိုက်ပြီး လေထဲမှာ အပြာနုရောင် ရေခဲမီးတောက်တွေရဲ့ လမ်းကြောင်းတစ်ခု ကျန်ရစ်စေမယ့် ကျော့ရှင်းတဲ့ အနေအထားတွေနဲ့ သူ့ရဲ့ ဓားကို ဝှေ့ယမ်းလိုက်တယ်။

မိုက်ကယ်က တရုတ်အန်နီမေးတစ်ခုကို ကြည့်နေရသလို ခံစားလိုက်ရတယ်။

ဝမ်းက လေကို ပိုင်းဖြတ်လိုက်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ မီးတောက်တွေထဲကနေ ပုံစံတစ်ခု ထွက်ပေါ်လာတယ်။

ရှည်လျားပြီး သွယ်လျတဲ့ ခန္ဓာကိုယ်တစ်ခုက လေထဲမှာ ရွေ့လျားသွားတယ်၊ သူ့ရဲ့ အသိုက်ထဲမှာ တွားသွားနေတဲ့ မြွေတစ်ကောင်လိုပဲ။ ဒါပေမဲ့ ဒီမြွေမှာက အပြာနုရောင် တောက်ပတဲ့ ရေခဲမီးတောက် အကြေးခွံတွေနဲ့ သူ့ရဲ့ အမြီးနဲ့ ပခုံးနားမှာ လက်သည်းပါတဲ့ ခြေထောက်တွေ ရှိနေတယ်။

မကြာခင်မှာပဲ ထိပ်ဆုံးမှာ ဦးခေါင်းတစ်ခု ပုံပေါ်လာပြီး စူးရှတဲ့ သွားတွေ ပြည့်နှက်နေတဲ့ ရှည်လျားပြီး ပြူးထွက်နေတဲ့ ပါးစပ်နဲ့ သူ့နှာခေါင်းနားမှာ ရှည်လျားတဲ့ နှုတ်ခမ်းမွေး နှစ်ခု ပါရှိတယ်။

သူ့ရဲ့ မေးရိုးတွေ ပွင့်ဟသွားပြီး မိုက်ကယ်ဆီကို တည့်တည့် ဟိန်းဟောက်လိုက်တယ်။

ဒါက နဂါးတစ်ကောင်ပဲ။ ဒါပေမဲ့ အနောက်တိုင်း စိတ်ကူးယဉ်ပုံစံနဲ့ တူတဲ့ နဂါးမဟုတ်ဘဲ တရုတ်ဒဏ္ဍာရီလာ ပုံဖော်ချက်နဲ့ ပိုတူတဲ့ နဂါးပဲ ဖြစ်တယ်။

မိုက်ကယ်က အပြာရောင်မီးတောက် နဂါးရဲ့ ပေါ်ထွက်လာမှုကို အရမ်း သဘောကျသွားပြီး သူ့ဆီကို ဆင်းသက်လာတာကိုတောင် ကြိုဆိုမလို ဖြစ်သွားခဲ့တယ်။

နောက်ဆုံး စက္ကန့်ပိုင်းအတွင်းမှာပဲ သူက ပျံသန်းခြင်းကို အသုံးချပြီး လေထဲကို မီတာ ဆယ်ဂဏန်းလောက် မြှင့်တက်သွားကာ နဂါးရဲ့ အဟုန်နဲ့ ထိုးနှက်မှုကို ရှောင်တိမ်းလိုက်တယ်။

နဂါးက မြေကြီးကို ထိမှန်လိုက်တဲ့အခါ စကျင်ကျောက်ပြား ခင်းထားတဲ့ ကြမ်းပြင်က အပျက်အစီးတွေနဲ့ ရေခဲမီးတောက်တွေအဖြစ် ပေါက်ကွဲထွက်သွားပြီး ရဲတိုက်ဝင်းကို ငရဲခန်းလို ကမ္ဘာတစ်ခုနီးပါး ဖြစ်သွားစေတယ်။ အပြာရောင်မီးတောက်တွေနဲ့ လောင်ကျွမ်းနေတဲ့ ကျောက်တုံးတွေက ကောင်းကင်ကနေ ကျလာပြီး မြေကြီးကို ထိမှန်ကာ အရာအားလုံးကို ရေခဲတုံးအဖြစ် ပြောင်းလဲပစ်မယ့် သေစေနိုင်တဲ့ နှင်းခဲတွေကို ပျံ့နှံ့သွားစေတယ်။

မိုက်ကယ်က ကောင်းကင်ကနေ ငုံ့ကြည့်ပြီး နဂါးရဲ့ ခွန်အားကို အံ့သြသွားတယ်။

[မှော်ကျင့်စဉ်ကို သိရှိနားလည်သွားပါပြီ]

နိုဗာရဲ့ အသံက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်သွားတယ်။

အတိအကျ အဲဒီအချိန်မှာပဲ ပေါက်ကွဲမှုကနေ ထွက်လာတဲ့ မြူခိုးတွေ လျော့ပါးသွားပြီး ပြန်လည် ပုံဖော်လာတဲ့ နဂါးက ကောင်းကင်ဆီကို ပြေးဝင်လာတာကို သူ မြင်လိုက်ရတယ်။

ဝမ်းက သူ့ရဲ့ ဦးခေါင်းပေါ်မှာ စီးနင်းလိုက်ပါလာပြီး သူ့ရဲ့ ဓားကို မိုက်ကယ်ဆီကို တည့်တည့် ချိန်ရွယ်ထားတယ်။

* * * * * * * * *

စာစဉ်(၂၁)

အခန်း(၂၅၈)

ဝမ်းရဲ့ ဓားဆီကနေ လက်သီးဆုပ်အရွယ်အစားလောက်ရှိတဲ့ မီသရယ် မှော်ဝင်ပစ္စည်းရဲ့ စွမ်းအားတွေ စီးဆင်းနေတယ်။ အဲဒီဓားကနေ အေးစိမ့်စိမ့်နဲ့ အပြာရောင်တောက်နေတဲ့ တန်ခိုးတွေ ထွက်ပေါ်နေပြီး သူ့အောက်က နဂါးဆီကို အားဖြည့်ပေးနေသလိုပဲ။ ဝမ်းက အော်ဟစ်လိုက်ရင်း ဓားကို ရှေ့ကို ထိုးစိုက်လိုက်ပြီး ဆင်တစ်ကောင်ပမာဏလောက်ရှိတဲ့ အပြာရောင် မီးတောက်လုံးကြီးကို မှုတ်ထုတ်ဖို့ နဂါးကို အမိန့်ပေးလိုက်တယ်။ "မီးခိုးပြာ နဂါးအသက်ရှူသံ" လို့ သူက အော်လိုက်တာပဲ။

မိုက်ကယ်ကတော့ သူ့ခြေဖဝါးနဲ့ လက်ဖဝါးတွေကို အပေါ်ဘက် တွန်းတင်ပေးနေတဲ့ လေထုမှော်စွမ်းအင်တွေနဲ့အတူ အပေါ်မှာ ဝဲပျံနေတယ်။ ဝမ်းရဲ့ ဓားထဲကနေ ရေနဲ့ လေထုမှော်စွမ်းအင် အမျှင်တန်းလေးတွေ ထွက်လာပြီး အပြာရောင် မီးတောက်လုံးကြီးကို ဘယ်လိုမျိုး အားဖြည့်ပေးနေလဲဆိုတာကို ကြည့်ရင်း အဲဒီအေးစိမ့်စိမ့် မီးတောက်လုံးရဲ့ မှော်စွမ်းအင် ဖွဲ့စည်းပုံကို သူ့စိတ်ထဲကနေ စတင်ဆန်းစစ်နေမိတယ်။

စက္ကန့်ပိုင်းရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ပဲ ကြာတဲ့အချိန်မှာ နိုဗာက သူ့စိတ်ထဲကို အဖြေတစ်ခု လှမ်းပေးလိုက်တယ်။

သူ့ဦးနှောက်ထဲကို သတင်းအချက်အလက်တွေ တရဟော စီးဆင်းလာပြီး "မီးခိုးပြာ နဂါးအသက်ရှူသံ" ကို အလဲအထပ် ချေဖျက်ဖို့ သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ မှော်စွမ်းအား ကိုယ်ခံပညာရပ်မန္တန်အသစ်တစ်ခုကို သုံးနိုင်ဖို့ လိုအပ်တဲ့ မှော်ကျင့်စဉ်တွေကို သိရှိသွားစေတယ်။

'ဒါကိုတော့ မီးခိုးပြာ နဂါးအသက်ရှူသံ ပူစီနံလို့ပဲ အမည်ပေးလိုက်ရအောင်' လို့ မိုက်ကယ်က သူ့ဘာသာ တွေးလိုက်ပြီး သူ့ရှေ့တည့်တည့်မှာလည်း အဲဒီပမာဏလောက်ပဲရှိတဲ့ ချော်ရည်ကမ္ဘာလုံးကြီးတစ်ခုကို ဖန်တီးလိုက်တယ်။

ဒီချော်ရည်တွေက အသစ်မွေးဖွားလာခါစ ကမ္ဘာဂြိုဟ်တစ်ခုလိုပဲ အလွှာလိုက် အောက်ကို ငုပ်ဆင်းသွားလိုက်၊ လာဗာခဲကြီးတွေကို မှုတ်ထုတ်လိုက်နဲ့ သူ့အလိုလို စီးဆင်းလှုပ်ရှားနေတယ်။

အေးစိမ့်စိမ့် မီးတောက်လုံးကြီးက အဲဒီချော်ရည်ကမ္ဘာလုံးကြီးကို သွားရိုက်မိတဲ့အခါမှာတော့ လုံးဝန်းတဲ့ စက်ဝန်းနှစ်ခုထဲမှာ ပါဝင်တဲ့ မှော်စွမ်းအင်အမှုန်အမွှားတွေ အချင်းချင်း အလုံးစုံ ပျက်စီးသွားတာကြောင့် လေထုထဲမှာ ဖြူဖွေးတဲ့ အလင်းတန်းတွေ တဖျတ်ဖျတ်နဲ့ လွင့်စင်ပေါက်ကွဲသွားတယ်။

"ဘာ" ဝမ်းက ထိတ်လန့်တုန်လှုပ်စွာနဲ့ အော်ဟစ်လိုက်ရင်း နဂါးရဲ့ ဇက်ကြိုးကို ဆွဲပြီး လေထဲမှာတင် ရုတ်တရက် ရပ်တန့်လိုက်တယ်။

သူ့ရဲ့ အေးစိမ့်စိမ့် မီးတောက်လုံးကြီးကို ရေမှော်ပညာ ဒါမှမဟုတ် တခြားမန္တန်တစ်ခုခုသုံးပြီး ဖျက်ဆီးဖို့ ကြိုးစားတဲ့သူတွေဆိုရင် ထိန်းချုပ်လို့မရတဲ့ ရေနွေးငွေ့ပေါက်ကွဲမှုကြီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီအခြေအနေကို သူက အခွင့်ကောင်းယူမှာပဲ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ "မီးခိုးပြာ နဂါးအသက်ရှူသံ" က စက္ကန့်ပိုင်းအတွင်းမှာတင် လုံးဝ ဓာတ်ပြယ်သွားခဲ့ရတယ်။

အောက်ဘက် ရဲတိုက်ဝင်းထဲမှာတော့ ထရက်ကီးယပ်စ်က လုံးဝ မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ ညကောင်းကင်ယံကို မော့ကြည့်နေမိတယ်။

"ပြီးပြည့်စုံတဲ့ တန်ပြန်မန္တန်ပဲ" လို့ သူက တိုးတိုးကလေး ရေရွတ်လိုက်တယ်။

ဒီညမှာ ဒီလောက်အဆင့်မြင့်တဲ့ တန်ပြန်မန္တန်အသုံးအနှုန်းမျိုးကို မြင်ရလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ သူကိုယ်တိုင်တောင် ဒါကို သေချာပေါက် လုပ်နိုင်ဖို့ မလွယ်ကူပါဘူး။ မှော်မန္တန်တစ်ခုကို လုံးဝကွယ်ပျောက်သွားအောင် ကွက်တိ တန်ပြန်ချေဖျက်နိုင်မယ့် မှော်မန္တန်အသစ်တစ်ခုကို ဖန်တီးတာက လုံးဝတိကျမှု၊ အကန့်အသတ်မဲ့တဲ့ တီထွင်ဖန်တီးမှုနဲ့ မှော်စွမ်းအင်အပေါ် စံပြထိန်းချုပ်နိုင်စွမ်းရှိမှုတို့ လိုအပ်တဲ့ နည်းစနစ်တစ်ခု ဖြစ်လို့ပဲ။

မိုက်ကယ်က ဒါကို ဘယ်လောက်အေးဆေးသက်သာ လုပ်ပြသွားလဲဆိုတာကိုသာ ဝမ်း သိခဲ့ရင် သူဟာ မိုက်ကယ်နဲ့ အဆင့်အတန်းချင်း လုံးဝ မိုးနဲ့မြေလို ကွာခြားနေမှန်း သဘောပေါက်သွားမှာ အသေအချာပဲ။

မိုက်ကယ်က သူ့ကို ကစားစရာတစ်ခုလိုပဲ သဘောထားပြီး ဆော့ကစားနေတာ ဖြစ်တယ်။

ဒါပေမဲ့ ဝမ်းကတော့ ဆက်ပြီး တိုက်ခိုက်နေတုန်းပဲ။ သူက မီးတောက်နေတဲ့ အပြာရောင်နဂါးရဲ့ အာရုံခံအမွှေးအမျှင်တွေကို ကိုင်ပြီး ရိုက်နှက်လိုက်တာကြောင့် အဲဒီသတ္တဝါကြီးက မိုက်ကယ်ဆီကို တရှိန်ထိုး ပြေးဝင်သွားတယ်။

နဂါးကြီးရဲ့ ခန္ဓာကိုယ်က လေထဲမှာ အထက်အောက် လှိုင်းတွန့်သလို တွန့်လိမ်ပြီး မိုက်ကယ်ကို စက်ဝန်းပုံစံ ဝိုင်းပတ်ရင်း ပါးစပ်ကြီး အကျယ်ကြီးဟကာ အစာအဖြစ် ချောင်းမြောင်းနေတယ်။

မိုက်ကယ်ရဲ့ အမြင်ကွယ်ရာ အရပ်ဆီကို ဝမ်း ရောက်သွားတာနဲ့ တပြိုင်နက် နဂါးကြီးက အပေါ်ကနေ ထိုးဆင်းလာပြီး သူ့ရဲ့ စူးရှပြီး မီးတောက်နေတဲ့ လက်သည်းတွေနဲ့ မိုက်ကယ်ကို အစိမ်းလိုက် ဖဲ့ခြွေဖို့ လုပ်တော့တယ်။

မီးတောက်နေတဲ့ လက်သည်းတွေက မမြင်ရတဲ့ သဟဇာတ ပေါင်းစည်းခြင်း အကာအကွယ်ဒိုင်းဆီကို ရောက်သွားတဲ့အခါမှာတော့ အေးစိမ့်စိမ့် အပြာရောင်မီးတောက်တွေက အကာအကွယ်ကို ဖောက်ထွက်ဖို့ ကြိုးစားနေတာကြောင့် နေရာအနှံ့မှာ ဖြူဖွေးတဲ့ မီးပွားတွေ တဖျတ်ဖျတ် လွင့်စင်သွားတယ်။

ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ တွန်းကန်ပစ်လိုက်တဲ့ အားတစ်ခုက နဂါးကြီးကို နောက်ပြန် ဆုတ်သွားစေပြီး ဧရာမ တိမ်တိုက်ကြီးတွေထဲကို နစ်မြုပ်သွားစေတာကြောင့် မြင်ကွင်းကနေ ပျောက်ကွယ်သွားရတယ်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ အေးစိမ့်စိမ့် ရေခဲချွန်ကြီးတစ်ခုက မီးခိုးရောင် မြူခိုးတွေကို ဖောက်ထွက်လာပြီး ကောင်းကင်ယံတစ်ခုလုံး တုန်ဟည်းသွားကာ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ တောင်ကြီးတစ်တောင်လိုမျိုး မိုက်ကယ်ဆီကို ဥက္ကာခဲတစ်ခုလို ထိုးဆင်း လာပြန်တယ်။

"တောင်ကြားလမ်း" ဝမ်းက သူ့နဂါးကို စီးပြီး အဲဒီတောင်ကြီးရဲ့ နောက်ကနေ လိုက်ပါလာရင်း အော်ဟစ်လိုက်တယ်။

မိုက်ကယ်ကတော့ ဧဝရက်တောင်ကြီးတစ်ခုလုံး သူ့အပေါ်ကို ပြိုကျလာသလိုမျိုး ခံစားလိုက်ရတယ်။ အဲဒီတောင်ကြီးရဲ့ ကြီးမားထည်ဝါမှုက လအလင်းရောင်ကိုပါ ကွယ်သွားစေပြီး သူ့ရဲ့ တစ်ကိုယ်လုံးအပေါ်ကို အရိပ်မည်းကြီး ကျရောက်သွားစေတယ်။

တောင်ကြီးက လေထုထဲကနေ ဖြတ်သန်းကျဆင်းလာပြီး ရဲတိုက်တံတိုင်းတွေဆီကို တည့်တည့်မတ်မတ် ဝင်ဆောင့်မိတာကြောင့် တိုက်မိတဲ့ ကျောက်တုံးတံတိုင်းတွေက အစိမ်းလိုက် ကြေမွပျက်စီးသွားတယ်။ ကျောက်ဆောင်တောင်ကြီးရဲ့ အပိုင်းအစတွေက နေရာအနှံ့ကို လွင့်စင်သွားပြီးမှ သန့်စင်တဲ့ မှော်စွမ်းအင် မြူခိုးတွေအဖြစ် ပြယ်လွင့်သွားတယ်။

တံတိုင်းတွေ ပျက်စီးသွားတာကြောင့် အနားမှာရှိတဲ့ ကျောက်တုံးတွေက အရှေ့ကို ပြိုကျပြီး အောက်က ကျုံးရေကန်ထဲကို ဝုန်းခနဲ အသံကြီးနဲ့အတူ ရေတွေ ပန်းထွက်သွားစေတယ်။

အပေါ်စီးကနေ ဝမ်းက ပျက်စီးနေတဲ့ အုတ်ပုံတွေဆီကို ငုံ့ကြည့်ပြီး အဲဒီကြားထဲမှာ မိုက်ကယ်ရဲ့ အလောင်းကို မြင်ရဖို့ မျှော်လင့်နေမိတယ်။

ဒါပေမဲ့ သူ့အတွက် ကံမကောင်းစွာနဲ့ပဲ မိုက်ကယ်ကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ပါဘူး။

အဲဒီအချိန်မှာပဲ သူ့အပေါ်ဘက်ကနေ အရိပ်တစ်ခု ဖြတ်ခနဲ လှုပ်ရှားသွားတာကို သူ မြင်လိုက်ရတယ်။

သူ မော့ကြည့်လိုက်တဲ့အခါမှာတော့ သူ့ဆီကို တောင်ကြီးတစ်တောင်လုံးနဲ့ ပစ်ပေါက်ခဲ့တာတောင် ဘာဒဏ်ရာမှ မရဘဲ လက်ပိုက်ပြီး လေထဲမှာ ရပ်နေတဲ့ မိုက်ကယ်ကို တွေ့လိုက်ရတယ်။

စတုန်းကိုးလ် စစ်သည်တော်က သူ့ရဲ့ ဓားကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရင်း တိုက်ပွဲရဲ့ အရှိန်အဟုန်က သူ့ဆီကို တကယ် ရောက်ရှိလာပြီဆိုတာ ခံစားလိုက်ရတယ်။

မိုက်ကယ်ရဲ့ အကာအကွယ်တွေကို ဖောက်ထွက်နိုင်မယ့် နည်းလမ်းကို သူ ရှာမတွေ့နိုင်တော့ဘူး။ မိုက်ကယ်က ဘာဒဏ်ရာမှ ပေးလို့မရတဲ့ လူတစ်ယောက်လိုပဲ ဖြစ်နေလို့ပဲ။

"မင်းကို နှိမ်နင်းနိုင်မယ့် နည်းလမ်းကို ငါ သေချာပေါက် ရှာဖွေပြမယ်" လို့ ဝမ်းက ကျိန်ဆိုလိုက်တယ်။

မိုက်ကယ်က ပုခုံးတွန့်ပြလိုက်ရင်း "ရှာလို့ မရနိုင်ပါဘူး၊ ဒါပေမဲ့ စမ်းကြည့်ချင်ရင်တော့ ကြိုဆိုပါတယ်" လို့ ပြောလိုက်တယ်။

ရုတ်တရက် မိုက်ကယ်ရဲ့ လက်မောင်းတွေဆီကနေ ထူးဆန်းပြီး ရင်းနှီးနေတဲ့ အပြာရောင် မီးတောက်တွေ လင်းထိန်လာတယ်။ မိုက်ကယ်ဆီကနေ ထွက်ပေါ်လာတဲ့ အေးစိမ့်စိမ့် လေပြေကို ခံစားလိုက်ရတာကြောင့် ဝမ်းက ကြောင်အမ်းသွားရတယ်။

"မဖြစ်နိုင်တာ..." ဝမ်းက တိုးတိုးကလေး ရေရွတ်လိုက်မိတယ်။ "ဒါ... ဒါ မဖြစ်နိုင်ဘူး..."

မိုက်ကယ်က သူ့ရဲ့ လက်မောင်းသက်သက်ကိုပဲ သုံးပြီး ဝမ်းရဲ့ ဓားကွက်တွေအတိုင်း လိုက်လံတုပပြလိုက်တဲ့အခါမှာတော့ သူ့ရဲ့ စိုးရိမ်မှုတွေက တကယ် ဖြစ်လာခဲ့ရတယ်။

မိုက်ကယ်ရဲ့ လက်တွေထဲက အေးစိမ့်စိမ့် အပြာရောင်မီးတောက်တွေက လေထုထဲမှာ ရေခဲငွေ့ အကြွင်းအကျန်တွေကို ချန်ထားခဲ့ပြီး အဲဒီအငွေ့တွေက မီးတောက်နေတဲ့ အကြေးခွံတွေနဲ့ ရှည်လျားတဲ့ နှာတံရှိတဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပုံပေါ်လာတယ်။

"ဒါက လုံးဝ မဖြစ်နိုင်တာပဲ" သူ့ရှေ့က သတ္တဝါကြီးကို စိုက်ကြည့်ရင်း ဝမ်းက အော်ဟစ်လိုက်တယ်။

မိုက်ကယ်က သူ့ရဲ့ ကိုယ်ပိုင် ရေခဲ နဂါးကြီးတစ်ကောင်ကို ဖန်တီးလိုက်တာပဲ။

ဟက်ဖေးစတပ်စ် လေ့ကျင့်ရေးအကယ်ဒမီမှာ တက်ရောက်သင်ကြားမှသာ လက်ဆင့်ကမ်း ရရှိနိုင်တဲ့ သီးသန့် ကိုယ်ခံပညာရပ်မန္တန်ကို မိုက်ကယ်က ပုံတူကူးချလိုက်တာ ဖြစ်တယ်။

မိုက်ကယ်က အဲဒီနဂါးရဲ့ ဦးခေါင်းထိပ်ပေါ်ကို ခုန်တက်လိုက်ပြီး ဦးခေါင်းခွံရဲ့ အပေါ်တည့်တည့်မှာ မတ်တတ်ရပ်လိုက်တယ်။

သူ့ရဲ့ လက်ဟန်ခြေဟန် တစ်ချက်တည်းနဲ့တင် နဂါးကြီးက လေထဲကို ပျံတက်သွားပြီး ဝမ်းရဲ့ နဂါးနဲ့ မျက်လုံးချင်း တည့်တည့် ဆုံသွားတယ်။ မီးတောက်နေတဲ့ အကြေးခွံတွေနဲ့ စူးရှတဲ့ လက်သည်းရှိတဲ့ ခြေထောက်တွေအထိ အဲဒီနဂါးနှစ်ကောင်က တစ်ပုံစံတည်း တူညီနေကြတာပဲ။

ဒါက ဝမ်းအတွက်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားရမယ့် အခိုက်အတန့်ပါပဲ။ မိုက်ကယ်က ဘယ်လို မျက်လှည့်မန္တန်မျိုးကို သုံးလိုက်တာလဲလို့ တွေးတောရင်း သူ့ရှေ့က နဂါးကြီးကို စိုက်ကြည့်နေမိတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ သူ ထင်ထားတာတွေ လုံးဝ မှားယွင်းကြောင်း သက်သေပြချက် ထွက်ပေါ်လာတော့မယ်။

"မှုတ်ထုတ်လိုက်စမ်း" လို့ မိုက်ကယ်က တိုးတိုးကလေး အမိန့်ပေးလိုက်တယ်။

သူ့နဂါးက ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပြီး စွယ်သွားတွေရဲ့ အဖျားဆီမှာ မှော်စွမ်းအင်တွေ စုစည်းလာတယ်။ ပါးစပ်ထဲကနေ ရေငွေ့တွေ စီးထွက်လာပြီး လေထဲကို ရောက်တဲ့အခါ မြူခိုးတွေအဖြစ် ပြောင်းလဲသွားတယ်။

ရေနဲ့ လေထုမှော်စွမ်းအင်တွေ ပေါင်းစည်းသွားတာကြောင့် ဆင်တစ်ကောင်ထက်တောင် ပိုပြီး ကြီးမားတဲ့ ရေခဲမီးတောက်လုံးကြီးတစ်ခု ဖြစ်ပေါ်လာတယ်။

ဒါက ဝမ်းရဲ့ အမှတ်သညာ လှုပ်ရှားမှုဖြစ်တဲ့ "မီးခိုးပြာ နဂါးအသက်ရှူသံ" အစစ်အမှန်ပဲ။ အဲဒီမီးတောက်လုံးကြီးက သူ့ဆီကို ဦးတည်ပြီး ပစ်ခတ်လာတဲ့အခါမှာတော့ သူ ပိုပြီး သေချာသွားရတယ်။

သူက ဓားကို မြှောက်လိုက်ပြီး သူ့ရဲ့ ဓားကွက်တွေအတိုင်း ရေခဲပြင် အကာအကွယ်တံတိုင်းတစ်ခုကို ဖန်တီးလိုက်တယ်။ ဒါပေမဲ့ စိတ်တည်ငြိမ်မှု မရှိတော့တာကြောင့် ဓားအနေအထားကို အမှားအယွင်း ဖြစ်သွားစေပြီး အဲဒီရေခဲတွေကို ရုတ်တရက် ဓာတ်ငွေ့အဖြစ် အရည်ပျော်သွားစေတယ်။

ရေခဲမီးတောက်လုံးကြီးက ဝမ်းရဲ့ နဂါးဆီကို ဝင်ဆောင့်မိတာကြောင့် နဂါးကြီးက နာကျင်စွာနဲ့ နောက်ကို လွင့်မတတ် ဖြစ်သွားပြီး လေထဲမှာ မရေမရာနဲ့ တဖျတ်ဖျတ် ပျောက်ကွယ်လုနီးပါး ဖြစ်သွားရတယ်။

ဒီလို ပြင်းပြင်းထန်ထန် တိုက်မိမှုကြောင့် ဝမ်းလည်း နောက်ပြန် လွင့်စင်သွားရတယ်။ သူက နဂါးရဲ့ အာရုံခံအမွှေးအမျှင်ကို လှမ်းကိုင်ဖို့ ကြိုးစားပေမဲ့ သေချာ ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။

သူက ကောင်းကင်ယံကနေ အောက်ကို ကျဆင်းလာရင်း ဒဏ်ရာရနေတဲ့ သူ့ရဲ့ မီးတောက်နဂါးကြီးကို ဖမ်းဆုပ်နိုင်ဖို့ ရုန်းကန်နေရတယ်။

သူ အောက်ကို တရှိန်ထိုး ကျနေတုန်းမှာပဲ နဂါးဆီကို လက်လှမ်းလိုက်ပြီး သူ့ကို အမြန်ဆင်းကယ်ဖို့ စိတ်ချင်းဆက်သွယ်တဲ့စနစ်နဲ့ အမိန့်ပေးလိုက်တယ်။

နဂါးကြီးက မိုက်ကယ်ရဲ့ တိုက်ခိုက်မှုအပြီးမှာ သူ့ရဲ့ ခိုင်မာတဲ့ ရုပ်ခန္ဓာကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာတယ်။ အောက်ဘက်က ဝမ်းကို ကြည့်လိုက်တဲ့အခါ သူ့ကို ဖန်တီးခဲ့တဲ့ အရှင်သခင်က မြေပြင်ပေါ်ကို ဆောင့်မိဖို့ စက္ကန့်ပိုင်းပဲ လိုတော့တာကို မြင်လိုက်ရတယ်။

ဒါပေမဲ့ နဂါးကြီးက သူ့ခေါင်းကို ခါယမ်းပစ်လိုက်တယ်။

ဝမ်းက နဂါးနဲ့ ရှိနေတဲ့ စိတ်ချင်းဆက်သွယ်မှု ပြတ်တောက်သွားတာကို ခံစားလိုက်ရပြီး သူ့ရဲ့ အမြုတေတွေကနေ နဂါးဆီကို ပေးထားတဲ့ မှော်စွမ်းအင်တွေအားလုံး ဆုံးရှုံးသွားရတယ်။ သူ့တစ်ကိုယ်လုံးမှာ အေးစိမ့်မှုတွေ ပျံ့နှံ့သွားတယ်။ ဒါပေမဲ့ ဒါက ရေခဲကြောင့် မဟုတ်ဘဲ တစ်စုံတစ်ခု ကင်းမဲ့သွားတာကြောင့် ဖြစ်တယ်၊ အဲဒါကတော့ မှော်စွမ်းအင်တွေ လုံးဝ မရှိတော့တာပဲ။

သူက ရဲတိုက်ဝင်းထဲကို ပြုတ်ကျသွားပြီး ကျောက်တုံးလမ်းပေါ်မှာ ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားစေတယ်။

သူ့ခန္ဓာကိုယ်ထဲမှာ အရိုးတွေ အများကြီး ကျိုးသွားတာကို ခံစားလိုက်ရပြီး ညည်းတွားမိရှာတယ်။

ဒါပေမဲ့ သူ ဒါကို ဂရုမစိုက်နိုင်အားပါဘူး။ သူ မော့ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ မီးခိုးပြာနဂါးကြီးက သူ့ကို အေးစက်စက် မျက်လုံးတွေနဲ့ ငုံ့ကြည့်နေတာကို မြင်လိုက်ရတယ်။

အဲဒီနဂါးရဲ့ ဘေးမှာတော့ မိုက်ကယ်နဲ့ သူ့ရဲ့ နဂါး ရှိနေတယ်။

နဂါးနှစ်ကောင်လုံးက မိုက်ကယ်ရဲ့ စိတ်ဆန္ဒအတိုင်း လုံးဝ ညီတူညီမျှနဲ့ လေထဲမှာ ဝဲပျံနေကြတယ်။

မိုက်ကယ်က သူ့ရဲ့ ကိုယ်ပိုင်မှော်မန္တန်ကိုပါ လုယူပြီး ထိန်းချုပ်သွားပြီဆိုတာကို သဘောပေါက်သွားတဲ့ အခိုက်အတန့်မှာတော့ ဝမ်းရဲ့ ခေါင်းထဲမှာ သွေးတွေ အေးခဲသွားသလိုမျိုး ခံစားလိုက်ရတော့တယ်။

* * * * * * * * *

All Chapters