အခန်း (၂၆၁-၂၆၂)
Vol. 22 Ch. 261-262
အခန်း(၂၆၁)
မြို့စားမင်း စတယ်မိန်းက တိုက်ပွဲအပြီး ပျက်စီးဆုံးရှုံးသွားတာတွေကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ ရဲတိုက်ခေါင်မိုးက ပျက်စီးယိုယွင်းနေပြီး ဝင်းထဲတစ်ပြင်လုံးမှာလည်း ဖန်ကွဲစတွေနဲ့ အုတ်ကျိုးအုတ်ပဲ့တွေ ပြန့်ကြဲလို့နေတယ်။ နံရံတွေရဲ့ အလယ်ဗဟိုမှာတော့ အပေါက်ကြီးတစ်ပေါက် ဖြစ်နေတာကြောင့် လန့်နိုးလာကြတဲ့ မြို့ထဲကလူတွေက ရဲတိုက်ထဲမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို လှမ်းချောင်းကြည့်နေကြတာပေါ့။
“ကလေးတစ်ယောက်ကို သူ့အရည်အချင်းထက် ပိုလွန်တဲ့ တန်ခိုးအာဏာတွေ အပ်နှင်းလိုက်ရင် ဒီလိုပဲ ဖြစ်ရတာပဲ”လို့ မြို့စားမင်းက တိုးတိုးလေး ရေရွတ်လိုက်တယ်။
ကံမကောင်းချင်တော့ ဒီလိုအဖြစ်အပျက်မျိုးတွေက ကွင်းစ်နယ်မြေထဲမှာ ခဏခဏ ဖြစ်ပွားလေ့ရှိတယ်။ ကုမ္ပဏီကြီးတွေရဲ့ အမွေဆက်ခံသူတွေနဲ့ မျိုးဆက်သစ်တွေက တည်ထောင်သူတွေရဲ့ သားသမီးတွေ ဖြစ်တတ်ကြပြီး ဒီလောက်ကြီးမားတဲ့ တာဝန်ဝတ္တရားကြီးကို ထမ်းဆောင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ မိသားစုဝင်တွေကပဲ ဦးစီးမောင်းနှင်နေကြတာ များတယ်။
အမွေဆက်ခံခြင်း ကိစ္စရပ်တွေမှာ ကောင်းမွန်တဲ့ နိဂုံးနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ အခြေအနေမျိုးက တကယ့်ကို ရှားမှရှားပါပဲ။
သူ့ရှေ့မှာရှိနေတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးကတော့ အဲဒီလို ရှားရှားပါးပါး ကောင်းမွန်တဲ့ ပြယုဂ်တစ်ခု ဖြစ်နေပုံရတယ်။
မိုက်ကယ်က တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံးလို့ သတ်မှတ်လို့ရတဲ့ ဗန်ဒါဘစ်မိသားစုက ပေါက်ဖွားလာသူ ဖြစ်ပေမဲ့လည်း စိတ်အေးလက်အေးနဲ့ အမြော်အမြင်ရှိရှိ တွေးခေါ်နိုင်ပုံရပြီး ရီနေးတားကုမ္ပဏီလို အံ့အားသင့်စရာကောင်းတဲ့ အရာတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။
မိုက်ကယ်ဟာ အိုင်းဇ် ဗန်ဒါဘစ်ဆီကနေ ဘာအထူးအခွင့်အရေးမှ ရရှိခဲ့တာမဟုတ်ဘူးလို့ မြို့စားမင်း ကြားဖူးထားသေးတယ်။ ဒါကလည်း သိသာထင်ရှားလှပါတယ်။ ရီနေးတားကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်ပုံတွေက ဗန်ဒါဘစ်မိသားစုရဲ့ စီးပွားရေးပုံစံတွေနဲ့ လုံးဝမတူညီဘဲ ကွဲထွက်နေလို့ပဲ။ ဒါက မိုက်ကယ်တစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှု သက်သက်သာ ဖြစ်တယ်။
သူ့ရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ မှော်ပါရမီကတောင် ဗန်ဒါဘစ်မိသားစုနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ အဲဒီမိသားစုက စီးပွားရေးအမြင်မှာပဲ နာမည်ကြီးတာဖြစ်ပြီး မှော်စွမ်းအားပိုင်းမှာဖြစ်ဖြစ်၊ ကိုယ်ခံပညာရပ်ပိုင်းမှာဖြစ်ဖြစ် ထူးချွန်တယ်လို့ တစ်ခါမှ မကြားဖူးခဲ့ဘူး။ ဒါပေမဲ့ မိုက်ကယ်ကတော့ မှော်မျှော်စင်သခင်တစ်ယောက်တောင် လိုက်မလုပ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့တယ်။
ဒါက တကယ့်ကို သူ့ဘာသာသူ ရရှိလာတဲ့ နတ်ဘုရားပေးတဲ့ ပါရမီအစစ်ပဲ ဖြစ်နေခဲ့တယ်။
မိုက်ကယ်ရဲ့ တည်ရှိမှုက မှောင်မိုက်နေတဲ့ ညဉ့်နက်သန်းခေါင်မှာ လင်းလက်နေတဲ့ နေမင်းကြီးလိုပဲ ဖြစ်နေတာကြောင့် လူတိုင်းက ကောင်းကောင်းကြီး မြင်တွေ့နိုင်ကြတယ်။
ကျန်တဲ့ ဧည့်သည်တွေအားလုံးက မိုက်ကယ်ဆီ ချဉ်းကပ်လာကြပြီး သူ့ရဲ့ အောင်ပွဲအတွက် ဂုဏ်ပြုစကား ဆိုကြတယ်။ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲမှာ အဆင့် ၄၅၀ ရှိတဲ့ ကုမ္ပဏီတစ်ခုနဲ့ အဆင်ပြေအောင် ပေါင်းသင်းထားတာက သူတို့တွေးနိုင်သမျှထဲမှာ အကောင်းဆုံးအလုပ်ပဲ ဖြစ်နေတာကိုး။
ဒါကြောင့် မြို့စားမင်းကလည်း အချိန်ဆွဲမနေတော့ဘဲ မိုက်ကယ်ဆီကို လျှောက်လှမ်းသွားလိုက်တယ်။
“ဒီနေရာမှာရှိနေတဲ့ လူအားလုံးရဲ့ ရှေ့မှောက်မှာပဲ ကျွန်တော် တရားဝင် ကြေညာပါ့မယ်။ အန်ဂိုရာမြို့အနေနဲ့ ရီနေးတားကုမ္ပဏီကို ကျွန်တော်တို့ရဲ့ ပံ့ပိုးကူညီသူအဖြစ် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်”လို့ သူက ပြောလိုက်တယ်။
ဒီစကားကို ဘယ်သူမှ အံ့ဩမသွားကြပါဘူး။ မိုက်ကယ်နဲ့ သူ့ကုမ္ပဏီ ဘာတွေလုပ်နိုင်လဲဆိုတာ မြင်ပြီးခါမှ ဒီလိုမျိုး မတောင်းဆိုရင် မြို့စားမင်းကို လူအူတူးတစ်ယောက်လို့ပဲ သတ်မှတ်ကြမှာပါ။ ရီနေးတားကုမ္ပဏီကို ပြိုင်ဘက်လို သဘောထားခဲ့ကြတဲ့ ကုမ္ပဏီအချို့တောင်မှ သူတို့နဲ့ ရီနေးတားကုမ္ပဏီက အဆင့်အတန်းချင်း လုံးဝကွာခြားလွန်းနေပြီဆိုတဲ့ အမှန်တရားကို မလွဲမသွေ လက်ခံလိုက်ကြရတယ်။
“ခဏလောက် စောင့်ပါဦး” လို့ ယူနာက ကြားဖြတ်ပြောဆိုလိုက်တယ်။
“အန်ဂိုရာမြို့ကို ကူညီပံ့ပိုးပေးတာက မြို့စားမင်းနဲ့ တခြားလူတွေအားလုံးအတွက် သေချာပေါက် အကျိုးရှိစေမှာပါ။ ဒါပေမဲ့ ရီနေးတားကုမ္ပဏီအတွက်ကျတော့ ဘာအကျိုးအမြတ် ရှိမှာလဲ။ ကျွန်မတို့ဘက်က မြို့တော်ကြီးတစ်ခုလုံးကို ထောက်ပံ့ရမယ့် ဝန်ထုပ်ဝန်ပိုးကြီးကို တာဝန်ယူရမှာ ဖြစ်တယ်။ ဒါဆိုရင် မြို့စားမင်းရဲ့ ကမ်းလှမ်းချက်ကို ကျွန်မတို့ ဘာကြောင့် သဘောတူရမှာလဲ” လို့ သူမက မေးလိုက်တယ်။
ယူနာက မိုက်ကယ်ကို လှည့်ကြည့်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။
မိုက်ကယ်က ပြုံးလိုက်ပြီး သူမ သဘောရှိ လုပ်ပါစေဆိုပြီး လွှတ်ထားပေးလိုက်တယ်။ ဒါက သူမ ဒီနေရာကို ရောက်နေရတဲ့ အဓိကအကြောင်းအရင်းပဲ ဖြစ်နေလို့ပါ။ သံတမန်တစ်ယောက်အနေနဲ့ မိုက်ကယ်နဲ့ ရီနေးတားကုမ္ပဏီအတွက် ပိုပြီးကောင်းမွန်တဲ့ သဘောတူညီချက်တွေရအောင် ဘယ်လိုဆွေးနွေးရမလဲဆိုတာ သူမက ကောင်းကောင်းကြီး သိထားတယ်။
ရီနေးတားကုမ္ပဏီအတွက် တကယ်အကျိုးရှိမယ့် အခွင့်အရေးတွေကို ရရှိဖို့ မြို့စားမင်းကို ဘယ်လောက်အထိ ဖိအားပေးရမလဲဆိုတာကိုလည်း သူမက ကောင်းကောင်း နားလည်ထားတာ ဖြစ်တယ်။
မြို့စားမင်းက ပြုံးလိုက်ပြီး နားလည်သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းငြိမ့်ပြတယ်။
”ကောင်းပါပြီဗျာ၊ ကျွန်တော့်အနေနဲ့ ရီနေးတားကုမ္ပဏီရဲ့ ဝင်ငွေခွန်ကို ဆယ်ရာခိုင်နှုန်းအထိ လျှော့ချပေးဖို့ အဆင်သင့်ပါပဲ” လို့ သူက ဆိုတယ်။
ကျန်တဲ့ ဧည့်သည်တွေအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အဲဒီကမ်းလှမ်းချက်ကို သွားရည်ကျမတတ် မနာလို ဖြစ်သွားကြတယ်။ သူတို့ကုမ္ပဏီတွေဆိုရင် အန်ဂိုရာမြို့မှာ လုပ်ငန်းလည်ပတ်ခွင့်ရဖို့ အခွန် ၂၅ ရာခိုင်နှုန်းအထိ ပေးဆောင်နေရတာ ဖြစ်လို့ပဲ။
ဒါပေမဲ့ ယူနာကတော့ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေဆဲပါပဲ။ သူမက မြို့စားမင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး “ဒါက မြို့စားမင်း ပေးနိုင်တဲ့ အကောင်းဆုံး ကမ်းလှမ်းချက် ဟုတ်ရဲ့လား” လို့ ထပ်မေးလိုက်တယ်။
ဒါက တကယ်တော့ တော်တော်လေး ရက်ရက်ရောရော ကမ်းလှမ်းထားတာ ဖြစ်ပေမဲ့လည်း ယူနာက ဒီထက်ပိုပြီး လိုချင်နေသေးတာပါ။
ဒရာဂွန်ဘွန်းတွေက စတုန်းကိုးလ် ဆစ်ခ်စ်ကို အနိုင်ယူခဲ့တာ၊ သူတို့ဆီမှာ မော်တော်ကားတွေ ရှိနေတာ၊ ပြီးတော့ တစ်ကမ္ဘာလုံးမှာ သူတို့ပဲ မီသရယ် မှော်ဝင်ပစ္စည်းတွေကို ထုတ်လုပ်နိုင်တာ စတဲ့အချက်တွေကို မြို့စားမင်း ပြန်တွေးမိသွားတယ်။ ဒါတွေအားလုံးထက် ပိုအရေးကြီးတာက သူတို့ကို မိုက်ကယ် ဗန်ဒါဘစ်ကိုယ်တိုင် ဦးဆောင်နေတာ ဖြစ်တာကြောင့် ရွေးချယ်စရာက ရှင်းလင်းနေခဲ့တယ်။
“ရီနေးတားကုမ္ပဏီအတွက် အခွန် လုံးဝမယူပါဘူး” လို့ သူက ကြေညာလိုက်တယ်။
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး အဲဒီစကားကို မယုံနိုင်အောင် ဖြစ်နေကြတယ်။
ဒါပေမဲ့ မြို့စားမင်းအတွက်တော့ ရီနေးတားကုမ္ပဏီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် ဒါက တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်နေခဲ့တယ်။
သူက ဒီနေ့၊ မနက်ဖြန် ဒါမှမဟုတ် နောက်တစ်နှစ်အတွက်တင် တွေးနေတာ မဟုတ်ပါဘူး။ သူက နောက်ထပ် ဆယ်နှစ်၊ ရာစုနှစ်တစ်ခုစာအထိ အရှည်ကို မျှော်တွေးနေတာ ဖြစ်တယ်။
မိုက်ကယ်နဲ့ ရီနေးတားကုမ္ပဏီရဲ့ အလားအလာက အကန့်အသတ်မရှိပါဘူး။ မြို့စားမင်း စတယ်မိန်းက သူတို့ဟာ အနှစ်တစ်ရာမပြည့်ခင်မှာပဲ ကမ္ဘာ့အဆင့်အတန်းအထိ ရောက်ရှိသွားမယ်လို့ အပြည့်အဝ ယုံကြည်ထားတယ်။ သူ့ရဲ့ ပင်ကိုယ်သိစိတ်က အဲဒီအတိုင်း အချက်ပေးနေလို့ပဲ။
အကယ်၍ သူက အခုလို အစောပိုင်းအချိန်ကတည်းက သူတို့နဲ့ ဆက်ဆံရေး ထူထောင်ထားနိုင်မယ်ဆိုရင် ရီနေးတားကုမ္ပဏီ ကောင်းကင်ယံအထိ ပျံသန်းသွားတဲ့အခါ အန်ဂိုရာမြို့ကလည်း အတူတူ လိုက်ပါ မြင့်မားသွားမှာ ဖြစ်တယ်။
ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ ထဲက အဆင့် ၄၅၀ ဆိုတဲ့ အခေါ်အဝေါ်က အထင်ကြီးစရာကောင်းလှပေမဲ့ ဒါက ရီနေးတားကုမ္ပဏီရဲ့ တကယ့်စွမ်းဆောင်ရည်ကို အများကြီး လျှော့တွက်ထားတာ ဖြစ်မှန်း သူတစ်ယောက်တည်းပဲ မြင်နေခဲ့တယ်။ အဲဒီသတင်းစာစောင်က အန်ဂိုရာနဲ့ နီယိုအော်ကပ်စ်မြို့မှာ ရှိတဲ့ သူတို့ရဲ့ စီးပွားရေးကိုပဲ ထည့်တွက်ထားတာဖြစ်ပြီး ကင်းစ်နယ်မြေတစ်ခုလုံးမှာ ရှိနေတဲ့ လုပ်ငန်းတွေကို လုံးဝ ထည့်မတွက်ထားလို့ပဲ။
ဒါက သူတို့ရဲ့ တကယ့်အဆင့်အတန်းက ဒီထက်အများကြီး ပိုမြင့်မားနေတယ်ဆိုတဲ့ သဘောပါပဲ။
ယူနာက မိုက်ကယ်ကို ပြန်လှည့်ကြည့်ပြီး ပြုံးပြုံးလေးနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ ဒါက သူတို့ ရနိုင်သမျှထဲမှာ အကောင်းဆုံး သဘောတူညီချက်ပဲ ဖြစ်တယ်။
မိုက်ကယ်က မြို့စားမင်းဆီ လျှောက်သွားပြီး လက်ကမ်းပေးလိုက်တာကြောင့် သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး သဘောတူညီချက် ရရှိသွားတာကို သက်သေပြလိုက်ကြတယ်။
ညဉ့်နက်လာတာနဲ့အမျှ ဧည့်သည်တွေက ရဲတိုက်ကနေ မြို့ထဲမှာရှိတဲ့ သူတို့ရဲ့ ရုံးချုပ်တွေဆီကို ဖြည်းဖြည်းချင်း ပြန်သွားကြတယ်။ ဒါပေမဲ့ သေချာတာကတော့ သူတို့အားလုံး မပြန်ခင်မှာ မိုက်ကယ်ဆီ လာရောက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ တစ်ခုခု သဘောတူညီချက်ရအောင် လုပ်ဆောင်သွားကြတာပဲ။
ရှီနာက ရဲတိုက်နံရံပေါ်ကနေ ဆင်းလာပြီး ရှုပ်ထွေးတဲ့ အသေးစိတ် အလုပ်ကိစ္စတွေကို မိုက်ကယ် ဖြေရှင်းနိုင်အောင် ကူညီပေးတယ်။ သူမက မော်တော်ကားတွေ၊ အရည်ပျော်ကွန်ကရစ်တွေ၊ ချပ်ဝတ်တန်ဆာတွေနဲ့ လက်နက်တွေ၊ ပြီးတော့ ချောကလက်တောင့်တွေရဲ့ အမှာစာတွေကို စတင် လက်ခံပေးနေပြီ ဖြစ်တယ်။
ဧည့်သည်တွေက ပစ္စည်းတွေကို အမြန်ဆုံး ရချင်ကြတာကြောင့် ငွေအမြောက်အမြား ပေးဆောင်ဖို့လည်း အဆင်သင့်ပါပဲ။ သူတို့က ဘယ်သူ အရင်မှာရမလဲဆိုတာကို အပြိုင်အဆိုင် ငြင်းခုံနေကြတာကြောင့် ရှီနာက ဘယ်သူ အရင်မှာမှာ ပစ္စည်းတွေကို အားလုံး တန်းတူရရှိစေရမယ်လို့ ကတိပေးပြီး နှစ်သိမ့်ပေးလိုက်ရတယ်။
အဲဒီအတောအတွင်းမှာတော့ မိုက်ကယ်နဲ့ ယူနာက မြို့စားမင်းရဲ့ ရဲတိုက်ထဲမှာ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးညှိနှိုင်းနေကြတယ်။
ရီနေးတားကုမ္ပဏီက အန်ဂိုရာမြို့ကို ပံ့ပိုးကူညီပေးမှာ ဖြစ်တာကြောင့် မိုက်ကယ်အနေနဲ့ မြို့တော်ကြီးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကူညီပေးရမှာဖြစ်ပြီး အဆောက်အဦးတိုင်းအတွက် ရေပိုက်စနစ် တပ်ဆင်တာ၊ လျှပ်စစ်မီး အခြေခံအဆောက်အအုံတွေ တည်ဆောက်တာနဲ့ ရထားလမ်းစနစ် ဖန်တီးတာမျိုးကဲ့သို့သော နာမည်ကြီး ရီနေးတားစံနှုန်းတွေအထိ မြှင့်တင်ပေးရမှာ ဖြစ်တယ်။
မိုက်ကယ်က လျှပ်စစ်မီး ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ရှင်းပြလိုက်တဲ့အခါ မြို့စားမင်းက ခေါင်းတွေတောင် မူးနောက်သွားရတယ်။ ဒါကြောင့် ပိုပြီး နားလည်သဘောပေါက်သွားအောင် မြို့စားမင်းနဲ့ သူ့ဇနီးတို့ကို ရီနေးတားနိုင်ငံဆီ ခရီးသွားစေပြီး အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ဖို့ သူတို့ စီစဉ်လိုက်ကြတယ်။
သူတို့က ရွှေလမ်းမကြီးအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသေးတယ်။ အဲဒီလမ်းမကြီးက အန်ဂိုရာမြို့ကို တိုက်ရိုက်ဖြတ်သန်းသွားမှာဖြစ်ပြီး တခြားလမ်းခွဲတွေအားလုံး လာရောက်ချိတ်ဆက်ရမယ့် ဗဟိုချက်မတစ်ခုအနေနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်။ ဥပမာအားဖြင့် အဲဒီလမ်းမကြီးက အရှေ့ဘက်နဲ့ အနောက်ဘက်တွေကို လမ်းခွဲထွက်သွားပြီး အန်ဂိုရာမြို့အနီးက တခြားနယ်မြေတွေဆီကို ရောက်ရှိသွားမှာ ဖြစ်တယ်။
“အခု မင်းလည်း ဘတ်ချ်ရောခ့်မြို့အကြောင်း ကြားပြီးလောက်ပြီ ထင်တယ်” လို့ ဆီမီးခွက်တွေ လေထဲမှာ တဖျတ်ဖျတ် လွင့်ပြယ်နေတဲ့အချိန်မှာ မြို့စားမင်းက တည်တည်တံ့တံ့နဲ့ တိုးတိုးလေး ပြောလိုက်တယ်။
“အဲဒီမြို့က သိမ်းပိုက်ခံလိုက်ရပြီ မဟုတ်လား” လို့ မိုက်ကယ်က မေးတယ်။
မြို့စားမင်း စတယ်မိန်းက ခေါင်းငြိမ့်ပြတယ်။
“ငါ အခုတင် သတင်းရရှိတာ၊ အတည်ပြုချက် ရပြီ။ အော့စဘုန်းလက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုက အဲဒီမြို့ကို ထိန်းချုပ်လိုက်ပြီ။ မင်း အော့စဘုန်းကော်ပိုရေးရှင်းက ဘယ်သူလဲဆိုတာ သိရဲ့လား” လို့ သူက မေးတယ်။
မိုက်ကယ်က ခေါင်းခါပြလိုက်တယ်။ သူက ဒီနာမည်ကို စကားစပ်မိလို့ ကြားဖူးရုံပဲ ရှိတာ ဖြစ်လို့ပဲ။
“အော့စဘုန်းကော်ပိုရေးရှင်းက တစ်ကမ္ဘာလုံးမှာ ဒုတိယအကြီးဆုံး စီးပွားရေးလုပ်ငန်းစု ဖြစ်ပြီး မင်းတို့ရဲ့ ဗန်ဒါဘစ်မိသားစုပြီးရင် ဒုတိယပဲ။ သူတို့ကို ဗန်ဒါဘစ်ရဲ့ ပြိုင်ဘက်စစ်စစ်လို့တောင် ပြောလို့ရတယ်။ သူတို့က အိုင်းဇ်ရဲ့ အရိပ်အောက်မှာ အကြာကြီး နေခဲ့ရတာကြောင့် အခုအချိန်မှာတော့ အိုင်းဇ်ရဲ့ ဘွဲ့ထူးကို သူတို့ကိုယ်တိုင် လုယူချင်နေကြတဲ့ပုံပဲ” လို့ မြို့စားမင်းက ပြောပြလိုက်တယ်။
* * * * * * * * *
စာစဉ်(၂၂)
အခန်း(၂၆၂)
မြို့စားမင်း စတယ်မိန်းက လက်ရှိ ကမ္ဘာ့ဈေးကွက်ကို ချုပ်ကိုင်ထားတဲ့ ထိပ်သီးကုမ္ပဏီကြီး ငါးခုအကြောင်း ခရစ်ရှန် မိုက်ကယ်ကို ရှင်းပြတယ်။
“ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ အထက်ဆုံး ထိပ်ဆုံးနေရာမှာ ရှိနေတာကတော့ ခြင်္သေ့ကြီး အိုင်းဇ် ဗန်ဒါဘစ် ကိုယ်တိုင် ဦးဆောင်နေတဲ့ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းပဲ ဖြစ်တယ်။
သူ့အောက်က ဒုတိယနေရာမှာ ကပ်လျက်ရှိနေတာကတော့ အော့စဘုန်း လုပ်ငန်းစုကြီးပဲ ဖြစ်တယ်။ သူတို့ကလည်း ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းလိုပါပဲ၊ ကုမ္ပဏီရဲ့ အာဏာအများစုကို မိသားစုတစ်ခုတည်းကပဲ ချုပ်ကိုင်ထားပြီး အထက်ဆုံးမှာ အိမ်ထောင်ဦးစီးတစ်ယောက် ရှိနေတဲ့ ပုံစံမျိုးပါပဲ။ အဲဒီထိပ်သီး ကုမ္ပဏီကြီးနှစ်ခုဟာ စိတ်ကူးထဲထည့်လို့ရသမျှ စီးပွားရေးလုပ်ငန်း တိုင်းမှာ ခြေရှုပ်ထားကြတယ်။ အဲဒီကနေ ပိုက်ဆံရနိုင်မယ်ဆိုရင်တင် အဲဒီကုမ္ပဏီကြီးနှစ်ခုက ပါဝင်ပတ်သက်နေပြီးသားပဲ။
တတိယနေရာမှာ ရှိနေတာကတော့ ဟက်ဖေးစတပ်စ် အုပ်စုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေကို လက်ဝါးကြီးအုပ် ရောင်းချတာကြောင့် နာမည်ကြီးတယ်။ သူတို့က တခြားတိုက်တစ်ခုမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းကြီးကို ပိုင်ဆိုင်ထားတာကြောင့် ပန်းပဲသတ္တုလုပ်ငန်းနဲ့ ပတ်သက်လာရင် ကမ္ဘာ့အကောင်းဆုံး ပံ့ပိုးပေးသူ ဖြစ်လာခဲ့တာ”
"ဟမ်းမားစတုန်း ကုမ္ပဏီက ဟက်ဖေးစတပ်စ် အုပ်စုရဲ့ လက်အောက်ခံ မဟုတ်လား" မိုက်ကယ်က မေးလိုက်တယ်။
"ဟုတ်တယ်" မြို့စားမင်း စတယ်မိန်းက ခေါင်းငြိမ့်ပြတယ်။
"ဟမ်းမားစတုန်း ဆိုတာ ဟက်ဖေးစတပ်စ် လုပ်ငန်းစုကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မိသားစုတွေထဲက တစ်ခုမျှသာဖြစ်ပေမဲ့ သူတို့ရဲ့ သွေးချင်းရင်းချာ တိုက်ရိုက်မျိုးဆက်တော့ မဟုတ်ဘူး။ မင်း သတိထားမိမလားတော့ မသိဘူး၊ စတုန်းကိုးလ် ဆစ်ခ်စ်တွေ သုံးသွားတဲ့ ချပ်ဝတ်တွေက လက်ရှိဈေးကွက်ထဲမှာ ရနိုင်တဲ့ ထိပ်တန်း ချပ်ဝတ်တန်ဆာအစုံတွေထဲက တစ်ခုပဲ"
သူတို့ သုံးသွားတဲ့ အပြာရောင် ရေခဲပြင်ဝတ်စုံတွေက သာမန်ထက် ပိုကောင်းတာကို မိုက်ကယ် သတိထားမိခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ လူပုတွေ လုပ်နိုင်တဲ့ အဆင့်အတန်းနဲ့ ယှဉ်ရင်တော့ အဝေးကြီး လိုနေသေးတယ်လို့ သူ ယူဆထားတုန်းပဲ။
လူပုနိုင်ငံတော်က လူပုတွေ တော်ဝင်တိုက်ကြီးထဲမှာ ဒီလောက်အကြာကြီး ပုန်းအောင်းနေခဲ့တာကို အခုတော့ သူ တော်တော်လေး နှမြောမိသွားတယ်။ သူတို့သာ သူတို့နယ်မြေထဲမှာ စီးပွားရေးလုပ်ခွင့် ပြုခဲ့မယ်ဆိုရင် ဟက်ဖေးစတပ်စ် အုပ်စုရဲ့ နေရာမှာ သူတို့က ထိပ်ဆုံး သုံးနေရာထဲ ဝင်နေလောက်ပြီ။
"စတုတ္ထနေရာက ကုမ္ပဏီကြီးကတော့ ဂိုးလ်စတုန်း ရန်ပုံငွေအဖွဲ့ပဲ။ သူတို့က ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ မြေကွက်တွေနဲ့ နယ်မြေတွေကို စီမံခန့်ခွဲပြီး ပိုက်ဆံရှာကြတာ။ ကွင်းစ်နယ်မြေထဲမှာ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ နယ်မြေအားလုံးကို ကြည့်လိုက်မယ်ဆိုရင် အများစုက ဂိုးလ်စတုန်း ရန်ပုံငွေအဖွဲ့ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်နေတာ များတယ်"
“တစ်နည်းပြောရရင် သူတို့ရဲ့ လုပ်ငန်းက အိမ်ခြံမြေလုပ်ငန်းပဲ။ မိုက်ကယ်ကတော့ ခြောက်သွေ့မြေရိုင်းတွေရဲ့ ဧရာမမြေကွက်ကြီးကို ဆုလာဘ်အဖြစ် ရခဲ့တာမို့ တော်တော်လေး ကံကောင်းတယ်လို့ ပြောရမယ်။ အဲဒါကတော့ ဖုန်ထူတဲ့ သဲကန္တာရတစ်ခုရဲ့ တန်ဖိုးက အလွန်နည်းတယ်လို့ အများက သတ်မှတ်ထားကြလို့ပဲ ဖြစ်နိုင်တယ်၊ ဒါကြောင့်လည်း အဲဒီနေရာကို ဘယ်သူမှ လာမသိမ်းပိုက်ကြသေးတာ”
"ပြီးတော့ ပဉ္စမနေရာမှာ ရှိနေတာကတော့ ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုပဲ။ သူတို့ရဲ့ လုပ်ငန်းတစ်ခုလုံးက သူတို့ဆီကပဲ သီးသန့်ထွက်တဲ့ အနာကျက်ဆေးတွေ၊ ကုထုံးဆေးရည်တွေနဲ့ မှော်ကျင့်စဉ်သုံး ဆေးလုံးတွေအပေါ်မှာ အခြေခံထားတာ။ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်လွန်းတာကြောင့် ကမ္ဘာတစ်ဝန်းလုံးရဲ့ နေရာတိုင်းလိုလိုမှာ သူတို့ရဲ့ ဆေးရုံတွေနဲ့ ဆေးဆိုင်တွေ ရှိနေကြတယ်။
မင်း သတိထားမိလားတော့ မသိဘူး၊ ငါတို့မြို့ရဲ့ အလယ်ဗဟိုတစ်နေရာမှာလည်း သူတို့ရဲ့ ခွဲတမ်းတစ်ခု ရှိနေတယ်။ ပြီးတော့ ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုကြီးက ကုမ္ပဏီကြီးတစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ရတဲ့ အကြီးဆုံးအကြောင်းရင်းက တခြားသူကြောင့်မဟုတ်ဘူး၊ ဆင်ကလဲယား ကိုယ်တိုင်ကြောင့်ပဲ။ အဲဒီ စုန်းမကြီးက အခုထိ တစ်ကမ္ဘာလုံးမှာ အတော်ဆုံး ဆေးကုသပေးသူ ဖြစ်နေတုန်းပဲ၊ အချို့ဆိုရင် သူမက သေခြင်းတရားကိုတောင် ကုသပေးနိုင်တယ်လို့ ပြောကြသေးတယ်။
ဒါကြောင့်ပဲ တခြားကုမ္ပဏီကြီးတွေက လူတွေ ရောဂါဝေဒနာတစ်ခုခု ရပြီဆိုရင် သူမရဲ့ အကူအညီကို လာတောင်းကြတာပေါ့။ မင်းရဲ့ အဘိုးတုန်းက နှာစေးချောင်းဆိုးတာကို သူမက ကုပေးခဲ့လို့ ကုသခအဖြစ် တိုင်းပြည်တစ်ခုလုံးကို ပေးခဲ့ရဖူးတယ်လို့ ငါ ကြားဖူးတယ်။"
မိုက်ကယ်လည်း မြို့ထဲမှာ ဆေးဆိုင်တစ်ဆိုင်ကို သတိထားမိခဲ့ပေမဲ့ သိပ်ပြီး အာရုံမစိုက်မိခဲ့ဘူး။ ကြည့်ရသလောက်တော့ သူတို့က သွေးဖောက်ထုတ်တာ၊ အပ်စိုက်တာနဲ့ တိုင်းရင်းဆေးပင်တွေ သုံးတာမျိုးလို ရှေးဟောင်း ဆေးကုထုံးတွေကိုပဲ သုံးနေကြတုန်းပဲ။ အဲဒါက ဒီလိုမှော်ဆန်တဲ့ ကမ္ဘာကြီးထဲမှာ ခေတ်သစ်ဆေးပညာ ဗဟုသုတတွေက အလုပ်ဖြစ်ပါဦးမလားလို့ သူ့ကို တွေးတောမိစေတယ်။
"ဒါဆို အဲဒီကုမ္ပဏီကြီး ငါးခုက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတာပေါ့။ ဒါပေမဲ့ သူတို့က အခု ရွှေလမ်းမကြီး ပြိုင်ပွဲမှာ ဝင်ပြိုင်နေကြတာ မဟုတ်ဘူးလား" မိုက်ကယ်က မေးလိုက်တယ်။
"မဟုတ်ဘူး။ သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတွေ၊ အမွေဆက်ခံသူတွေနဲ့ မျိုးဆက်သစ်တွေ စီမံခန့်ခွဲတဲ့ ကုမ္ပဏီတွေကပဲ ဝင်ပြိုင်နေကြတာ။ ငါ အဓိက ပြောချင်တာကတော့ ဘတ်ချ်ရောခ့်မြို့ကို ထိန်းချုပ်လိုက်တဲ့ ဖလဲယားကော့ပ် ကုမ္ပဏီအကြောင်းပဲ"
"သူတို့က အော့စဘုန်း လုပ်ငန်းစုကြီးရဲ့ ကုမ္ပဏီခွဲတစ်ခုပဲ မဟုတ်လား" မိုက်ကယ်က မှတ်မိနေတယ်။
"ဟုတ်တယ်။ ဒီဖလဲယားကော့ပ် ကုမ္ပဏီက အော့စဘုန်း အိမ်ထောင်ဦးစီးရဲ့ သားအရင်းကိုယ်တိုင် ပိုင်ဆိုင်ပြီး အရှိန်အဟုန်နဲ့ တက်လှမ်းနေတဲ့ လုပ်ငန်းတစ်ခုပဲ။ သူက တော်တော်လေး ငယ်သေးပြီး သူ့ကိုယ်သူ သက်သေပြဖို့ ဆာလောင်နေတဲ့သူမို့လို့ ကွင်းစ်နယ်မြေထဲမှာ သူ့ရဲ့ နယ်မြေချဲ့ထွင်ဖို့ ဒီအခွင့်အရေးကို ယူလိုက်တာ ဖြစ်နိုင်တယ်။"
မိုက်ကယ်က မြို့စားမင်းရဲ့ မျက်နှာအမူအရာကို ကြည့်လိုက်တဲ့အခါ သူ့ရဲ့ မျက်ခုံးတွေကြားမှာ စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ကို မြင်လိုက်ရတယ်။
"သူ အန်ဂိုရာမြို့အထိ နယ်မြေချဲ့ထွင်လာလိမ့်မယ်လို့ ထင်နေတာလား"
မြို့စားမင်း စတယ်မိန်းက ခဏလောက် တိတ်ဆိတ်သွားပြီးမှ ခေါင်းငြိမ့်ပြတယ်။
"ဖြစ်နိုင်ခြေ အရှိဆုံးကတော့ ဟုတ်တယ်လို့ ငါ ထင်တယ်။ ပိုပြီး အောင်မြင်နေတဲ့ သူ့ရဲ့ အစ်ကိုတွေ၊ အစ်မတွေရဲ့ ကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်ဖို့အတွက် ဒါက သူ့အတွက် တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်တဲ့ လမ်းစဉ်ပဲ ဖြစ်လိမ့်မယ်။"
မိုက်ကယ်က မြို့စားမင်းကို ကြည့်ပြီး မေးခွန်းတစ်ခု မေးလိုက်တယ်။
"ငါတို့နဲ့ သူတို့နဲ့ ပြိုင်ရင် ဘယ်သူနိုင်မယ်လို့ မင်း ထင်လဲ"
"သူတို့ဆီက အတော်ဆုံး စစ်သည်တော်တွေက အနည်းဆုံးတော့ နိုဗာ လောက် သန်မာလိမ့်မယ်လို့ မင်း ခန့်မှန်းနိုင်တယ်။ မင်း စိုးရိမ်နေလား" သူ ခန့်မှန်းချက် ထုတ်လိုက်တယ်။
မြို့စားမင်းက မိုက်ကယ်ရဲ့ မျက်နှာအမူအရာကို အကဲခတ်ကြည့်လိုက်တဲ့အခါ ထူးဆန်းတဲ့ အမူအရာတစ်ခုကို မြင်လိုက်ရတယ်။ အဲဒါက သူ့စိတ်ထဲမှာ 'မဆိုးပါဘူး' ဒါမှမဟုတ် 'ဒီလောက်တင်ပဲလား' ဆိုတဲ့ စကားလုံးတွေကို ပြောနေသလိုမျိုးပဲ။
သူက မိုက်ကယ်တစ်ယောက် ဖလဲယားကော့ပ် ကုမ္ပဏီကို ကြောက်ရွံ့တုန်လှုပ်နေလိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ မိုက်ကယ်ရဲ့ မျက်နှာပေါ်က အကြည့်ကတော့ လုံးဝ ဂရုမစိုက်တဲ့ ပုံစံမျိုး ဖြစ်နေခဲ့တယ်။
ပြီးတော့ မြို့စားမင်းရဲ့ ခန့်မှန်းချက်ကလည်း အမှန်တရားနဲ့ သိပ်ပြီး မဝေးလှဘူး။
'အင်း... မဆိုးပါဘူး' မိုက်ကယ်က စိတ်ထဲက တွေးလိုက်တယ်။ 'ဒါပေမဲ့ ဒီစကားတွေကို ဒရာဂွန်ဘွန်းတွေရှေ့မှာ အသံထွက်ပြီး သွားပြောလို့တော့ မဖြစ်ဘူး။ သူတို့တွေ ပျင်းရိသွားပြီး လေ့ကျင့်တာတွေ ရပ်ပစ်လိုက်လိမ့်မယ်'
သူ့မျက်လုံးထဲမှာတော့ ဒရာဂွန်ဘွန်းတွေက စတုန်းကိုးလ် ဆစ်ခ်စ်တွေ ပြသနိုင်တဲ့ အကောင်းဆုံးအရာတွေထက် အဆပေါင်းများစွာ သာလွန်နေပြီးသားပဲ။ ဒရာဂွန်ဘွန်းတွေက စတုန်းကိုးလ် ဆစ်ခ်စ်တွေကို အနိုင်ယူတုန်းက သူတို့ရဲ့ စွမ်းအားအပြည့်ကို တောင် မသုံးရသေးတာကို ထည့်တွက်လိုက်ရင် မိုက်ကယ်က အဲဒီခန့်မှန်းချက်ကို ပိုပြီးတော့တောင် သေချာသွားစေတယ်။
'ဒါပေမဲ့ နည်းနည်းလောက် ပိုပြီး သတိထားတာကတော့ အကောင်းဆုံးပဲ' သူက သူ့ဘာသာ ပြန်ပြောလိုက်တယ်။ 'အရိပ်အဖွဲ့က အော့ခ်တွေဆီကို မီသရယ် မှော်ဝင်ပစ္စည်းတွေ ပိုပြီး ပေးရမယ်။'
မြို့စားမင်းသာ အခု မိုက်ကယ်ရဲ့ အတွေးတွေကို ကြားနိုင်ခဲ့မယ်ဆိုရင် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားလောက်တယ်။
သူ ဘာနဲ့ ရင်ဆိုင်ရမလဲဆိုတာကို သိသွားပြီးနောက်မှာတော့ မိုက်ကယ်က မြို့စားမင်းနဲ့ ဆွေးနွေးမှုကို အဆုံးသတ်လိုက်ပြီး ၎င်းတို့နှစ်ဦးဟာ ပံ့ပိုးကူညီမှုဆိုင်ရာ ကတိကဝတ် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ကြတယ်။
ယူနာ က သက်သေအဖြစ် ပါဝင်ပြီး မောင့်ဂိုမာရီ ရဲ့ နာမည်မှာ အပ်နှင်းထားတဲ့ အာဏာစွမ်းရည်တွေနဲ့အတူ သူမဟာ အဲဒီစာချုပ်ကို တရားဝင် ဥပဒေကြောင်းအရ အတည်ဖြစ်တဲ့ စာရွက်စာတမ်းတစ်ခု ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။
"ကူညီပေးတဲ့အတွက် တစ်ခါပြန်ပြီး ကျေးဇူးတင်ပါတယ် မိုက်ကယ်။ မင်း ဒီအထိ တိုက်ခိုက်ပြီး လာခဲ့ရတဲ့အတွက် စိတ်မကောင်းပါဘူး။"
မိုက်ကယ်က ပခုံးတွန့်ပြလိုက်တယ်။
"ရပါတယ်။ ငါကိုယ်တိုင်လည်း လှုပ်လှုပ်ရှားရှား ဖြစ်မယ့်အရာမျိုးကို မျှော်လင့်ထားပြီးသားပဲ။ အဲဒီ ဟမ်းမားစတုန်း က လူတွေက ငါတို့ မြို့ကို ရောက်ကတည်းက မရိုးမသား လှုပ်ရှားမှုတွေ လုပ်နေခဲ့ကြတာ။"
မြို့စားမင်း စတယ်မိန်းက အားနာမိသွားပြီး မိုက်ကယ်ကို ဦးညွှတ်လိုက်တယ်။
"မနက်ဖြန်ကျရင် သတင်းကောင်းကို မျှော်လင့်ထားလိုက်ပါ။ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းလုပ်ငန်းစဉ်တွေ အားလုံး ပြီးစီးသွားလိမ့်မယ်။" သူက ပြောတယ်။
"ဟမ်းမားစတုန်း ကုမ္ပဏီရဲ့ ခွဲတမ်းလေ။ အဲဒါကို မင်း ယူလိုက်ရုံပဲ။ သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ ဘဏ္ဍာတိုက်၊ ကုန်ပစ္စည်းလက်ကျန်တွေနဲ့ အိမ်ခြံမြေတွေအကုန်လုံးကို အခုကစပြီး ရီနေးတားကုမ္ပဏီ ဆီကို လွှဲပြောင်းပေးတော့မှာ"
မိုက်ကယ်က မျက်ခုံးပင့်လိုက်တယ်။ "ဒါကို ငါက ဘာလို့ ရတာလဲ"
"ခရစ်ရှန်က သူ့ရဲ့ အမွေဆက်ခံခွင့်အားလုံးကို အသိမ်းခံလိုက်ရတာမို့လို့ ဒီ အန်ဂိုရာမြို့မှာရှိတဲ့ ဟမ်းမားစတုန်း ခွဲတမ်းကတော့ လုံးဝ စွန့်ပစ်ခံလိုက်ရပြီလေ။"
ဒါက တကယ်ကို ဝမ်းသာစရာ ကောင်းတဲ့ အံ့ဩစရာတစ်ခုပဲ။ "ဟမ်းမားစတုန်း ကုမ္ပဏီက ဟက်ဖေးစတပ်စ် အုပ်စုရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်လား။ သူတို့က အဲဒါကို တကယ်ပဲ အဆုံးရှုံးခံမယ်လို့ မင်း သေချာလို့လား"
"အို... ငါ သေချာတာပေါ့" မြို့စားမင်း စတယ်မိန်းက တဟားဟား ရယ်မောလိုက်တယ်။
"ဟက်ဖေးစတပ်စ် လုပ်ငန်းစုကြီးက သူတို့နဲ့ တရားဝင် မသက်ဆိုင်တဲ့အရာကို ယူလို့မရသလို၊ ခရစ်ရှန်ရဲ့ အဖေကလည်း ယူလို့မရဘူး။ သူတို့သာ လာယူမယ်ဆိုရင် ခရစ်ရှန် ကျူးလွန်ခဲ့တဲ့ လူသတ်မှုမြောက်တဲ့ ရာဇဝတ်မှုကို လက်ခံအတည်ပြုလိုက်သလို ဖြစ်သွားလိမ့်မယ်။ သူတို့က အဲဒီလို မဖြစ်ချင်ကြဘူး။ ပြီးတော့ ဟမ်းမားစတုန်း ကုမ္ပဏီဆိုတာ သူတို့ ပိုင်ဆိုင်ထားတာတွေနဲ့ ယှဉ်ရင် အသေးအဖွဲလေးမို့လို့ သူတို့ရဲ့ ဆုံးရှုံးမှုကို ဒီအတိုင်း ဖြတ်တောက်ပစ်လိုက်တာက ပိုပြီး ကျိုးကြောင်းဆီလျော်တယ်။
ဒါတင်မကသေးဘူး၊ ခရစ်ရှန်ရဲ့ အဖေက ဖြောင့်မတ်မှန်ကန်တဲ့လူတစ်ယောက်ပဲ။ သူ့သားက မင်းအပေါ် ကျူးလွန်ခဲ့တဲ့ ပြဿနာတွေအားလုံးအတွက် ဒါကို နစ်နာကြေးအဖြစ် မင်းကို ပေးချင်နေလိမ့်မယ်”
* * * * * * * * *