အခန်း (၂၆၃-၂၆၄)
Vol. 22 Ch. 263-264
အခန်း(၂၆၃)
မြို့စားမင်းနဲ့ စကားပြောပြီးနောက် မိုက်ကယ်နဲ့ ယူနာဟာ ရီနေးတားဌာနချုပ်ကို ပြန်လာခဲ့ကြတယ်။ သူက သူ့အခန်းထဲမှာ ဒရာဂွန်ဘွန်းတွေအပြင် တခြားသူတွေနဲ့ပါ ဆုံတွေ့လိုက်တော့ အားလုံးက သူ့ကို ပြောစရာတွေ တပွေ့တပိုက်ကြီး ရှိနေကြတာပေါ့။ အဲဒီနေရာမှာတင် သူတို့ တိုက်ပွဲတွေအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ သိခွင့်ရခဲ့ပြီး အန်ဂိုရာမြို့က အဆောက်အအုံတွေအပေါ် သူတို့ ဘယ်လောက်အထိ ဖျက်ဆီးပစ်ခဲ့လဲဆိုတာပါ သိလိုက်ရတယ်။
"ဟိုဟို ဒီညတော့ တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းခဲ့တာပဲ" လို့ ဂရီးဗ်က ရယ်မောရင်း ပြောတယ်။
"ငါ ဒီလောက်အထိ ပျော်ခဲ့ရတာ ဘယ်တုန်းကလဲတောင် မမှတ်မိတော့ဘူး အာ...နေဦး ငါ ဘာကိုမှ မမှတ်မိတော့တာပဲ ဟိုဟိုဟိုး"
"ဟူး..." ယူမီစုက ပြည်သူ့စာကြည့်တိုက်ကို ပျက်စီးသွားစေခဲ့တဲ့ သူမရဲ့ အလွန်အကျွံ လုပ်ရပ်တွေအတွက် နောင်တရပြီး ငိုယိုနေတယ်။ "သနားစရာ စာအုပ်လေးတွေ ခမျာ"
အိပ်လွန်မသွားခဲ့သင့်ဘူး" လို့ ဇိုင်ယွန်က ခြေဆောင့်ရင်း ပြောတယ်။
"ငါ အိပ်တော့မယ် ရှီနာ...မင်းပဲ ပြန်လည်တည်ဆောက်ရေး အားလုံးကို တာဝန်ယူပေးမှာ မဟုတ်လား"
ဂျာကူက သူ့ရဲ့အိပ်ခန်းဆီကို ခြေလှမ်းတွေကို လေးလံစွာ ဆွဲဆန့်ပြီး ပြန်သွားတယ်။ ရှီနာက သူ့ကို ပြန်ဆွဲခေါ်ဖို့ ကြိုးစားခဲ့ပေမဲ့ အိပ်ချင်မူးတူး ဖြစ်နေတဲ့သူတစ်ယောက်အတွက်တော့ သူက မြန်လွန်းနေပုံရတယ်။
"ဟား...မင်းတို့ အရေခွံထူတဲ့ ကောင်တွေက ငါ့ရဲ့ အရိပ်အော့ခ်တွေလောက်တောင် အသုံးမကျသေးပါဘူး" လို့ ဖတ်ချ်က ဒရာဂွန်ဘွန်းတစ်ယောက်ရဲ့ ခေါင်းပေါ်ကနေ နောက်တစ်ယောက်ရဲ့ ခေါင်းပေါ်ကို ခုန်ကူးရင်း ကြွားလုံးထုတ်လိုက်တယ်။
"သူတို့ကို အနိုင်ယူဖို့အတွက် အများပိုင်ပစ္စည်းတွေကိုတောင် ဖျက်ဆီးစရာ မလိုခဲ့ဘူးလေ ပြီးတော့ မင်းတို့ကိုယ်မင်းတို့ အကောင်းဆုံး တိုက်ခိုက်ရေးသမားတွေလို့ ပြောနေကြသေးတယ် ဟား"
ဇိုင်ယွန်က ဖတ်ချ်နောက်ကို လိုက်လံဖမ်းဆီးတာကြောင့် သူတို့ရဲ့ ဆူညံသံတွေဟာ အိပ်ဆောင်ခန်းတွေ တစ်ပြင်လုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး ဆူညံသွားစေတယ်။
"မင်းတို့အခု ချက်ချင်း အိပ်ကြတော့မှာ မဟုတ်လား" လို့ ရှီနာက ပြုံးပြုံးလေး မေးလိုက်ပေမဲ့ သူမရဲ့ မျက်ဝန်းတွေထဲမှာတော့ ထူးဆန်းတဲ့ အနီရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားတယ်။ ဒါက အလုပ်ဖြစ်သွားပုံရပြီး ပြဿနာရှာနေတဲ့ ကောင်နှစ်ယောက်ကို ငြိမ်သက်သွားစေတယ်။
"သခင်ကြီး မိုက်ကယ်...မြို့ထဲက ပျက်စီးသွားတာတွေကို ပြင်ဆင်ဖို့အတွက် ရီနေးတားနိုင်ငံသားတွေကို စေလွှတ်လိုက်ရမလား"
"အေး...စေလွှတ်လိုက်ပါ" လို့ သူက ပြန်ဖြေတယ်။
"သူတို့ကို နစ်နာကြေးအနေနဲ့ လက်ဆောင်အချို့ ပေးဖို့လည်း သေချာအောင် လုပ်လိုက်ဦး ရွှေဒင်္ဂါးအနည်းငယ် ရာဂဏန်းလောက်ဆိုရင် လုံလောက်မှာပါ"
သူ့အတွက်တော့ မြို့ခံပြည်သူတွေက ရီနေးတားကုမ္ပဏီကို ကောင်းမွန်တဲ့ အမြင်နဲ့ ကြည့်ရှုဖို့က အရေးကြီးတယ်။ ဒါမှသာ သူတို့ဆီကနေ ဆက်ပြီး ဝယ်ယူကြမှာ ဖြစ်လို့ပဲ။
"ကောင်းပါပြီ" လို့ ရှီနာက ပြန်ဖြေတယ်။
"ကျွန်မ ဒီညပဲ အဲဒါကို လုပ်ဆောင်လိုက်ပါ့မယ်"
အဖြူရောင် အရေခွံရှိတဲ့ ဒရာဂွန်ဘွန်းမလေးဟာ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ အခန်းထဲကနေ ထွက်သွားတယ်။ မိုက်ကယ်က သူမကို မနက်ဖြန်မှ လုပ်ဖို့ အတင်းအကျပ် ပြောခဲ့ရင်တောင် သူမကတော့ သူဘာပြောပြော ဖြစ်အောင် လုပ်မယ့်သူမျိုးပဲ။
* * * * * * * * *
နောက်တစ်နေ့မှာတော့ အန်ဂိုရာမြို့ထဲက လူတိုင်းဟာ လမ်းမတွေပေါ်ကနေ အဆက်မပြတ်ထွက်ပေါ်လာတဲ့ အော်ဟစ်သံတွေကြောင့် နိုးထလာကြရတယ်။
"သတင်းထူး...သတင်းထူး...သတင်းစာကို ကြေးဒင်္ဂါး တစ်ဆယ်ပြားတည်းနဲ့ ဒီမှာ ဝယ်ယူလို့ရပါပြီ" လို့ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်က သတင်းစာကို လိပ်ပြီး အသံချဲ့စက်လို သုံးရင်း အော်ဟစ်နေတယ်။
"ပါးစပ်ပိတ်စမ်း" လို့ ဝရန်တာအပေါ်က မြို့ခံတစ်ယောက်က ပြန်အော်တယ်။
"ငါ ဒီနေ့ သတင်းစာ မဖတ်ချင်ဘူး"
"ခင်ဗျား ဖတ်ချင်လာမှာပါ ဆရာ ရာနှုန်းပြည့် အာမခံတယ်" လို့ ကောင်လေးက ပြန်အော်ပြောလိုက်တယ်။
နောက်ဆုံးတော့ အဲဒီလူဟာ လမ်းမပေါ်အထိ ဆင်းလာပြီး သူ့အတွက် သတင်းစာတစ်စောင် ဝယ်ယူလိုက်တယ်။
ချက်ချင်းဆိုသလိုပဲ သတင်းခေါင်းကြီးပိုင်းက သူ့ကို တုန်လှုပ်ခြောက်ခြားသွားစေပြီး သူ့ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ အိပ်ချင်မူးတူးစိတ်တွေ အားလုံး လွင့်ပြယ်သွားစေတယ်။ သူဟာ သတင်းဆောင်းပါးကို အငမ်းမရ ဖတ်ရှုတော့တာပေါ့။ သူ လမ်းမပေါ် ရောက်နေချိန်မှာ အတွင်းခံဘောင်းဘီတိုလေးပဲ ဝတ်ထားမိတယ်ဆိုတာကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ သတင်းကိုသာ အဆုံးထိ ဖတ်နေမိတယ်။
လက်ထဲမှာ သတင်းစာကိုင်ထားတဲ့သူတိုင်း...မြင်းလှည်းစီးနေတဲ့ အလုပ်သမားတွေဖြစ်ဖြစ်၊ ဆံပင်ညှပ်နေတဲ့ ဆံသဆရာတွေဖြစ်ဖြစ်၊ ဒါမှမဟုတ် ကလေးချော့နေတဲ့ မိခင်တွေပဲဖြစ်ဖြစ် အားလုံးရဲ့ မျက်လုံးတွေဟာ သတင်းစာပေါ်မှာ ပုံနှိပ်ထားတဲ့ စာလုံးတွေဆီမှာပဲ စူးစိုက်နေကြတယ်။
(ရီနေးတားကုမ္ပဏီ: အန်ဂိုရာမြို့၏ ပံ့ပိုးကူညီသူ)
အဲဒီဆောင်းပါးထဲမှာတင် သန်းခေါင်ယံမတိုင်ခင် နာရီပိုင်းအလိုက မိုက်ကယ်နဲ့ မြို့စားမင်းတို့အကြား သဘောတူညီချက် ရရှိခဲ့တဲ့အကြောင်းကို လူတိုင်း သိရှိသွားကြတယ်။
လူအများစုက ဒီအချက်ကို ကန့်ကွက်ကြမှာ ဖြစ်ပေမဲ့ သတင်းစာရဲ့ နောက်စာမျက်နှာမှာတော့ ရီနေးတားကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲကို ပထမဆုံး စတင်ဝင်ရောက်ချိန်မှာတင် အဆင့် ၄၅၀ ချိတ်ခဲ့တဲ့အကြောင်းကို အသေးစိတ် ဖော်ပြထားတယ်။
ဒါက လူတွေကို ရီနေးတားကုမ္ပဏီရဲ့ လမ်းမတွေပေါ် တိုးဝှေ့လာစေဖို့ လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားတယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးမှာ အဆင့် ၄၅၀ ရှိတဲ့ ကုမ္ပဏီကို သူတို့မျက်စိနဲ့ ကိုယ်တိုင် မြင်တွေ့ချင်ကြတာပေါ့။
"မြင်းလှည်းဆရာ...ကျွန်တော့်ကို ရီနေးတား ကုန်တိုက်ကြီးရှေ့မှာ ချပေးပါ" လို့ လူငယ်တစ်ယောက်က မြင်းလှည်းမောင်းသူကို စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။
ဒါပေမဲ့ မြင်းလှည်းဆရာက ငြင်းပယ်လိုက်တယ်။
"မရဘူးဗျ...လမ်းတစ်ခုလုံး ပိတ်နေပြီ"
ရီနေးတား ဌာနချုပ်ထဲကို ဝင်ရောက်ဖို့ ရုန်းကန်နေကြတဲ့ လူအုပ်ကြီးကြောင့် လမ်းမတစ်ခုလုံးဟာ ကြပ်ညပ်ပိတ်ဆို့နေတယ်။ သတင်းစာဆောင်းပါးထဲမှာ ပါရှိတဲ့ လွတ်လပ်စွာ စီးဆင်းနေတဲ့ ရေတွေ၊ အဲယားကွန်းတွေနဲ့ ရထားလမ်းတွေအကြောင်းက လူတိုင်းရဲ့ စုစူးစမ်းစမ်းစိတ်ကို နှိုးဆွပေးလိုက်တာမို့ ဒါတွေက တကယ်ပဲလားဆိုတာ သူတို့ သိချင်နေကြတာပေါ့။
လူအုပ်ကြီးက တိုးဝှေ့နင်းမိတဲ့အထိ ဖြစ်မသွားစေဖို့အတွက် ရီနေးတားနိုင်ငံသားတွေဟာ လူတွေကို ထိန်းသိမ်းထားရတယ်။
"တောင်းပန်ပါတယ် သခင်ကြီး မိုက်ကယ်...ဒီလောက်အထိ တုံ့ပြန်မှု ပြင်းထန်လိမ့်မယ်လို့ ကျွန်မတို့ မမျှော်လင့်ထားခဲ့ဘူး" လို့ ရှီနာက ပြတင်းပေါက်ကနေ အောက်ကို ငေးကြည့်ရင်း ပြောတယ်။
"ရပါတယ်...ပြည်သူတွေ လိုချင်တာကိုပဲ ပေးလိုက်ပါ ရီနေးတား နိုင်ငံတော်ကနေ ရောက်လာတဲ့ ကုန်ပစ္စည်းအသစ်တွေ ရှိနေတယ် မဟုတ်လား ကုန်တိုက်ရဲ့ အပေါ်ထပ်တွေကို အများပြည်သူအတွက် ဖွင့်လှစ်ပေးရမယ့် အချိန်ရောက်ပြီ"
မိုက်ကယ်က ဒါကို ပထမဆုံးကတည်းက ကုန်တိုက်ကြီးလို့ ခေါ်ခဲ့တဲ့ အကြောင်းရင်းကတော့ ဟင်းသီးဟင်းရွက် ထုတ်ကုန်တွေကနေစလို့ တူနဲ့ သံမှိုတွေအထိ ကုန်ပစ္စည်းမျိုးစုံနဲ့ ပြည့်နှက်နေဖို့ ကြိုတင်စီစဉ်ထားခဲ့လို့ပဲ။ သူ အစောပိုင်းက အဲဒါကို မလုပ်ခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ ရွှေလမ်းမကြီးဆီ ဆက်သွားဖို့ ခွင့်ပြုချက် မရသေးတာကြောင့် ကုန်ပစ္စည်းတွေ ပြန်လည်ဖြည့်တင်းဖို့ ခက်ခဲနေမှာမို့လို့ပဲ။
ဒါပေမဲ့ အခုတော့ သူတို့ဟာ မြို့တော်နဲ့ သဘောတူညီချက် ရရှိထားပြီဖြစ်လို့ ရွှေလမ်းမကြီး တည်ဆောက်ရေးကို ဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်တယ်။ သူဟာ ကင်းစ်နယ်မြေက ကုန်ပစ္စည်းတွေကို အန်ဂိုရာမြို့ဆီ နောက်ပြီး အန်ဂိုရာမြို့က ကုန်ပစ္စည်းတွေကိုလည်း ကင်းစ်နယ်မြေဆီ နောက်ဆုံးတော့ အပြန်အလှန် သယ်ဆောင်လာနိုင်ပြီပေါ့။
"ကောင်းပါပြီ သခင်ကြီး မိုက်ကယ်...ကျွန်မတို့ လူတွေကို ကုန်တိုက်ရဲ့ ဒုတိယထပ်ကနေ ပဉ္စမထပ်အထိ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်" လို့ ရှီနာက ပြောတယ်။
ရီနေးတားနိုင်ငံသားတွေဟာ ကုန်တိုက်ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ လူအုပ်ကြီးကို နေရာချထားပေးဖို့ အလုပ်ရှုပ်နေချိန်မှာ မိုက်ကယ်ကတော့ ဒီအချိန်ကို အသုံးချပြီး အရိပ်တွေထဲကို ဆင်းသက်ကာ ဌာနချုပ်ကနေ အဝေးကို တယ်လီပို့လုပ်ပြီး ထွက်ခွာလာခဲ့တယ်။
တစ်စက္ကန့်အကြာမှာတော့ သူဟာ မြို့ရဲ့ လုံးဝကွဲပြားခြားနားတဲ့ အစိတ်အပိုင်းတစ်ခုဆီ ရောက်ရှိသွားတယ်။
သူ့ရှေ့မှာ ရှိနေတာကတော့ လူပု ပန်းပဲဖိုပုံစံ ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံတစ်ခုဖြစ်ပြီး အရှေ့ဘက်မှာ ဟမ်းမားစတုန်း ကုမ္ပဏီဆိုတဲ့ ဧရာမ ဆိုင်းဘုတ်ကြီး ရှိနေတယ်။
နေ့လယ်ပိုင်း အချိန်နှောင်းနေပြီ ဖြစ်ပေမဲ့ တံခါးတွေကနေ လူအဝင်အထွက် ရှိမနေတာကို မိုက်ကယ် မြင်လိုက်ရတယ်။ အမှန်တော့ အဲဒါက သံကြိုးတွေနဲ့ သော့ခတ် ပိတ်ပင်ထားပုံရတယ်။
သူဟာ မနေ့ကတင် ဟမ်းမားစတုန်း ရုံးခွဲနဲ့ ၎င်းရဲ့ ပိုင်ဆိုင်မှုအားလုံးကို ဂုဏ်ယူစွာ ပိုင်ဆိုင်ခွင့် ရရှိထားပြီဆိုတာ သိခဲ့တာကြောင့် သူ့ရှေ့က အဆောက်အအုံကို အခု သူ ပိုင်ဆိုင်သွားပြီဆိုတဲ့ သဘောပဲ။
တံခါးအောက်က ကွက်လပ်တွေထဲဆီ သူ့ရဲ့ အရိပ်ကို စေလွှတ်လိုက်ပြီးနောက် မိုက်ကယ်ဟာ အထဲကို တယ်လီပို့ လုပ်နိုင်ခဲ့ပြီး အဲဒီမှာ ရှိနေတဲ့ ဟမ်းမားစတုန်း ဝန်ထမ်းဟောင်းတွေရဲ့ အံ့ဩသွားတဲ့ မျက်နှာတွေကို တွေ့လိုက်ရတယ်။
"တောင်းပန်ပါတယ် ခင်ဗျာ...ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီ ပိတ်ထားပါပြီ..."
ဟမ်းမားစတုန်းရဲ့ လူစွန့်စားများအဖွဲ့ ခေါင်းဆောင် ဖြစ်တဲ့ ဘွတ်ချ်က မိုက်ကယ်ကို မှတ်မိသွားတယ်။
"ဆာ မိုက်ကယ်...ခင်ဗျားက ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို လာသိမ်းတာ ဖြစ်ရမယ်" လို့ သူက တည်ငြိမ်စွာ ပြောတယ်။
"ကျွန်တော်တို့လည်း ပစ္စည်းတွေ သိမ်းဆည်းပြီး ထွက်ခွာဖို့ ပြင်နေတာပါ"
သူ့ပတ်ပတ်လည်မှာတော့ သစ်သားသေတ္တာတွေထဲ ပစ္စည်းတွေ ထည့်နေကြရင်း စိတ်ပျက်အားငယ်နေတဲ့ မျက်နှာထားတွေ ရှိနေကြတဲ့ ဝန်ထမ်းတွေပဲ ရှိနေတယ်။
"မင်းတို့ အားလုံး ဘာလုပ်နေကြတာလဲ" လို့ မိုက်ကယ်က သူတို့ကို မေးလိုက်တယ်။
"အင်း...ခင်ဗျားက အခု ရုံးခွဲကို ပိုင်ဆိုင်သွားပြီဆိုတော့ ကျွန်တော်တို့ သွားစရာ နေရာမရှိတော့ဘူးလေ မြို့ကနေပဲ ထွက်ခွာရတော့မှာပေါ့" လို့ ဘွတ်ချ်က တခြားသူတွေ အားလုံးအတွက် ပြန်ဖြေတယ်။
မိုက်ကယ်က ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အဆောက်အအုံ ဝန်းကျင်မှာ လူပေါင်း ရာဂဏန်းလောက် ရှိနေတာကို တွေ့ရတယ်။ အခု အလုပ်လက်မဲ့ ဖြစ်ပြီး အလုပ်မရှိ ဖြစ်သွားကြတဲ့ ဝန်ထမ်းတွေဟာ ထောင်ဂဏန်းလောက်အထိ ရှိနိုင်တယ်။
"မင်းတို့ ဘာလို့ ငါ့အတွက် အလုပ်မလုပ်ကြတာလဲ" လို့ မိုက်ကယ်က သူတို့ကို မေးလိုက်တယ်။
ဘွတ်ချ်နဲ့ တခြားသူတွေ အားလုံးက သူတို့ လုပ်လက်စတွေကို ရပ်တန့်လိုက်ကြတယ်။ မိုက်ကယ်က သူတို့ကို ဒီလို အခွင့်အရေးမျိုး ကမ်းလှမ်းလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားကြတာမို့ အံ့ဩသွားကြပုံရတယ်။
"ဒါပေမဲ့...ကျွန်တော်တို့ ခင်ဗျားကို ခြုံခိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတာလေ" လို့ ဘွတ်ချ်က ပြောတယ်။
"အဲဒါက စတုန်းကိုးလ် ဆစ်ခ်စ် အဖွဲ့တွေလေ ငါ့အမြင်အရတော့ သူတို့တွေ ပြစ်ဒဏ်ပေးခံရပြီးပြီပဲ ပြောရမယ်ဆိုရင် မင်းတို့နဲ့ ဒီမှာရှိတဲ့ တခြားသူတွေ အားလုံးက ပါရမီရှိတဲ့သူတွေပဲ ငါက ဘာလို့ မင်းတို့တွေကို မောင်းထုတ်ရမှာလဲ"
* * * * * * * * *
စာစဉ်(၂၂)
စာစဉ်(၂၆၄)
ပုံမှန်ဆိုရင်တော့ ကုမ္ပဏီတစ်ခုကို လွှဲပြောင်းရယူတဲ့အခါ အကုန်အစင် အသစ်လဲပစ်လေ့ရှိကြတယ်။ မိုက်ကယ်အတွက်လည်း ဟမ်းမားစတုန်းကုမ္ပဏီကို အစအနပဲချန်ပြီး ဖျက်သိမ်းပစ်လိုက်ကာ သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းခွဲတစ်ခုကိုပဲ အခြေစိုက် တည်ဆောက်လိုက်တာက ပိုပြီးတော့ ယုတ္တိရှိပါတယ်။
အရင်က ဝန်ထမ်းဟောင်းတွေနဲ့ ပတ်သက်လို့ကတော့ အများအားဖြင့်တော့ သူတို့ကို ဆက်ပြီး အသုံးမလိုတော့တဲ့အတွက် အလုပ်ထုတ်ပစ်လိုက်ကြတာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေက အသစ်တက်လာမယ့် ကုမ္ပဏီက လိုအပ်တဲ့အရာတွေနဲ့ လုံးဝ တခြားစီ ဖြစ်နေနိုင်လို့ပါ။ ဝန်ထမ်းတချို့ကတော့ သူတို့ရဲ့ ပါရမီကြောင့် ဆက်ပြီး အလုပ်ခန့်ထားခံရတာမျိုး ရှိတတ်ပေမယ့် ဝန်ထမ်း ကိုးဆယ်ရာခိုင်နှုန်းလောက်ကတော့ အလုပ်ထုတ်ခံရတာများတယ်။
ဒါပေမယ့် မိုက်ကယ်ကတော့ အဲဒီလိုမျိုး စဉ်းစားပုံမရပါဘူး။
"မင်းတို့ အားလုံးကို ငါ့ရဲ့ ရီနေးတားကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ငါ ပြန်ခန့်မယ်"
သူက အသံကို ကျယ်ကျယ်လောင်လောင်နဲ့ ဟိန်းထွက်သွားအောင် ပြောလိုက်တဲ့အတွက် ဟမ်းမားစတုန်း အဆောက်အအုံရဲ့ ထောင့်စုံတိုင်းမှာ အသံတွေက ပဲ့တင်ထပ်သွားတယ်။
ဘွတ်ချ်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူ့ရဲ့ ရဲဘော်ရဲဘက်တွေ... ပြီးတော့ သူ့ရဲ့ မိသားစုလို ဖြစ်နေတဲ့သူတွေကို လှည့်ကြည့်လိုက်တယ်။
သူတို့အားလုံးဟာ မိုက်ကယ်ရဲ့ ကမ်းလှမ်းချက်ကြောင့် ရင်ထဲမှာ အတော်လေး ထိခိုက်လှုပ်ရှားသွားပုံရပြီး မျက်ဝန်းတွေထဲမှာ မျက်ရည်တွေ ဝဲလာကြတယ်။ သူတို့ကတော့ အလုပ်အသစ်ရှာဖို့အတွက် ဒီ အန်ဂိုရာမြို့ကနေ တခြားနေရာကို ထွက်ခွာသွားရတော့မယ်လို့ ထင်နေခဲ့ကြတာပါ။
"ကျွန်တော်တို့ ဘာမဆို လုပ်ပါ့မယ်" လို့ ပန်းပဲဆရာ ဝတ်စုံဝတ်ထားတဲ့ ဝန်ထမ်းတစ်ယောက်က ပြောတယ်။
"လိုအပ်ရင် အနည်းဆုံး လုပ်ခလစာနဲ့ပဲဖြစ်ဖြစ် လုပ်ပါ့မယ်။ ကျေးဇူးပြုပြီး အန်ဂိုရာမြို့မှာပဲ အလုပ်လုပ်ခွင့် ပေးပါ"
ကျန်တဲ့သူတွေကလည်း မိုက်ကယ်အနေနဲ့ သူ့စကားအတိုင်း တကယ်လုပ်ပေးဖို့ အခွင့်အရေးလေးတစ်ခု ရလိုရငြား လစာအနည်းငယ်ပဲ ပေးရင်လည်း ရပါတယ်ဆိုပြီး ဝိုင်းဝန်းတောင်းပန်ကြတယ်။
ဒါပေမယ့် မိုက်ကယ်အတွက်တော့ အဲဒီလောက်နဲ့ မလုံလောက်သေးပါဘူး။
"မဟုတ်ဘူး" လို့ သူက သူတို့ကို ပြောလိုက်တယ်။ "မင်းတို့က ရီနေးတားကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့မယ်ဆိုရင် မင်းတို့ရဲ့ လူနေမှုဘဝ အရည်အသွေးကလည်း ငါတို့ရဲ့ စံနှုန်းတွေအတိုင်း မြင့်တက်လာရမှာပဲ"
မိုက်ကယ်က ရီနေးတားအဖွဲ့ဝင်တစ်ယောက် ဖြစ်လာရင် ရနိုင်မယ့် အကျိုးခံစားခွင့်တွေအကုန်လုံးကို တစ်ခုချင်း ထုတ်ပြောပြတော့တယ်။ အဲဒီအထဲမှာ မယုံနိုင်စရာကောင်းတဲ့ လစာနှုန်းထားတွေ၊ မျှတတဲ့ အချိန်စီမံခန့်ခွဲမှုတွေနဲ့ ရီနေးတားနိုင်ငံတော်က ပေးစွမ်းနိုင်တဲ့ တခြား သက်သာချောင်ချိရေး အစီအစဉ်တွေ အားလုံး ပါဝင်တာပေါ့။
မိုက်ကယ်ရဲ့ ကမ်းလှမ်းချက်ကို ကြားလိုက်ရတဲ့အခါ အားလုံးရဲ့ မျက်လုံးတွေက အံ့ဩလွန်းလို့ ပြူးကျယ်သွားကြတယ်။ အခြေအနေက တကယ်ကို ကောင်းလွန်းနေတယ်။ တကယ်တော့ ကောင်းလွန်းအားကြီးနေတဲ့အတွက် ဒါက တကယ်ရော ဟုတ်နိုင်ပါ့မလားလို့တောင် သူတို့ စိတ်ထဲ ထင်မှတ်သွားကြရတယ်။
ဒါပေမယ့် မိုက်ကယ်ကတော့ အတည်ပြောနေတာပါ။ သူတို့အနေနဲ့ ရီနေးတားအဖွဲ့ဝင် ဖြစ်ဖို့အတွက် မိုက်ကယ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တာနဲ့ မိုက်ကယ် ကတိပေးထားတဲ့ အကျိုးခံစားခွင့် အားလုံးကို ရရှိစေမယ့် ခိုင်မာလွန်းတဲ့ စာချုပ်တစ်ခုကို ချက်ချင်း လက်မှတ်ရေးထိုးရမှာ ဖြစ်တယ်။
"ဘယ်လိုလဲ" မိုက်ကယ်က သူတို့ကို မေးလိုက်တယ်။ "မင်းတို့ ရီနေးတားအဖွဲ့ဝင် ဖြစ်ချင်ကြလား"
* * * * * * * * *
အန်ဂိုရာမြို့ရဲ့ မြို့ပြင်က အိမ်အိုလေးတစ်လုံးထဲမှာတော့ အမေနဲ့ သမီး ဖြစ်သူဟာ အဝတ်အစားတွေ ထုပ်ပိုးဖို့အတွက် သူတို့ရဲ့ ဟောင်းနွမ်းပြီး ပျက်စီးလုနီးပါး ဖြစ်နေတဲ့ ဗီရိုအစုတ်လေးထဲကို ရှာဖွေနေကြတယ်။
"မေမေ... သမီးတို့ ဘယ်သွားကြမလို့လဲ" သမီးဖြစ်သူက ပြတင်းပေါက်အပြင်ဘက်ကို ဝမ်းနည်းပက်လက် ငေးကြည့်ရင်း မေးတယ်။
"သမီးတို့ တခြားမြို့တစ်မြို့ကို သွားကြမလို့လေ သမီးရဲ့" လို့ အမိဖြစ်သူက သူတို့မှာရှိတဲ့ စုတ်ပြဲနေတဲ့ အဝတ်အစားတွေနဲ့ ပေရေနေတဲ့ အင်္ကျီတွေကို လိုက်ကြည့်ရင်း ပြန်ဖြေတယ်။
"ဒါပေမယ့် ဘာဖြစ်လို့လဲဟင်" သမီးဖြစ်သူက ထပ်မေးပြန်တယ်။
အမိဖြစ်သူက သက်ပြင်းတစ်ချက်ချပြီး သမီးဖြစ်သူနားကို လျှောက်သွားလိုက်တယ်။ သူမက ကောင်မလေးရဲ့ ပါးပြင်နုနုလေးကို ပွတ်သပ်ပေးရင်း ပြုံးပြလိုက်တယ်။
"အဖေက ပိုပြီးသေးတဲ့ နေရာတစ်ခုမှာ အလုပ်အသစ် သွားရှာတော့မှာမလို့ပါ"
"ဒါပေမယ့် အဖေ့ရဲ့ အရင်အလုပ်ကကော" သမီးဖြစ်သူက မေးတယ်။ "အဖေက ရာထူးတက်တော့မယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား"
အမိဖြစ်သူဟာ သူမရဲ့ မျက်နှာပေါ်မှာ အပြုံးမပျက်အောင် ကြိုးစားထားပေမယ့် သူတို့ ရင်ဆိုင်နေရတဲ့ သနားစရာကောင်းတဲ့ လက်တွေ့ဘဝကြီးကို သတိရသွားတဲ့အခါမှာတော့ အဲဒီအပြုံးတွေက ဖြည်းဖြည်းချင်း ပျက်ပယ်သွားရတယ်။
"ကိစ္စတစ်ခုခု ဖြစ်သွားလို့ပါ သမီးရဲ့။ သမီးအဖေ အလုပ်လုပ်တဲ့ ကုမ္ပဏီက ပိတ်တော့မှာမလို့" လို့ အမိဖြစ်သူက အမှန်အတိုင်းပဲ ပြန်ဖြေလိုက်တယ်။
သမီးဖြစ်သူက နှုတ်ခမ်းလေး ဆူသွားတယ်။
"အဖေက ရာထူးတက်ရင် သမီးကို ချောကလက်တစ်တောင့် ဝယ်ပေးမယ်လို့ ပြောထားတာ။ သူက ကတိဖျက်တော့မလို့လား"
အမိဖြစ်သူက သမီးဖြစ်သူကို ရင်ခွင်ထဲ ထည့်ပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်တယ်။ သူမအနေနဲ့ သမီးဖြစ်သူကို စိတ်ပျက်အောင် မလုပ်ချင်ပေမယ့် စိတ်မကောင်းစရာကတော့ လောကမှာ သူတို့ ကိုယ်တိုင် မတတ်နိုင်တဲ့ အရာအချို့ ရှိနေတာပါပဲ။
သူမရဲ့ ခင်ပွန်းဟာ ဟမ်းမားစတုန်းကုမ္ပဏီရဲ့ ပန်းပဲဆရာ ထောင်ပေါင်းများစွာထဲက တစ်ယောက်အနေနဲ့ အလုပ်လုပ်နေတာ ဖြစ်တယ်။
လစာက နည်းပေမယ့် သူတို့ ဖြစ်သလို လောက်ငအောင် သုံးစွဲခဲ့ကြတယ်။ သူတို့က ဆင်းရဲသားရပ်ကွက်ထဲမှာ နေထိုင်ကြရပေမယ့် အနည်းဆုံးတော့ အန်ဂိုရာမြို့ထဲမှာ ရှိနေသေးတဲ့အတွက် တစ်နေ့ကျရင် သူတို့သမီးလေးကို မှော်မျှော်စင်မှာဖြစ်ဖြစ်၊ ဒီက ကျောင်းကောင်းကောင်းတစ်ခုခုမှာဖြစ်ဖြစ် ကျောင်းထားပေးနိုင်မယ်လို့ မျှော်လင့်ချက် ရှိနေသေးတာပေါ့။
ဒါပေမယ့် စိတ်မကောင်းစရာကတော့ ဒီမနက်မှာပဲ ဟမ်းမားစတုန်းကုမ္ပဏီ ပိတ်သိမ်းတော့မယ်ဆိုတဲ့ သတင်းဆိုးကို သူမ ကြားလိုက်ရတာပဲ ဖြစ်တယ်။
ဒီအခြေအနေက သူမရဲ့ ခင်ပွန်းနဲ့ သူမတို့ မိသားစုအတွက် ဘာကို ဆိုလိုတယ်ဆိုတာ သူမ ကောင်းကောင်းသိတာပေါ့။ နေ့စဉ် အသုံးစရိတ်တွေအတွက် ပေးစရာ ငွေမရှိတော့တဲ့အတွက် သူတို့ ဒီနေရာကနေ ထွက်ခွာသွားရတော့မှာဖြစ်ပြီး ပိုပြီးသေးငယ်တဲ့ နေရာတစ်ခုမှာပဲ အခြေချရတော့မယ်။
တကယ်တမ်း ပြဿနာက သူတို့မှာ ခရီးစရိတ်အတွက်တောင် ငွေအလုံအလောက် မရှိတာပါပဲ။ သူတို့ ရွှေ့ပြောင်းရမယ်ဆိုရင် လမ်းတစ်လျှောက်လုံး ခြေကျင်လျှောက်သွားကြရမှာဖြစ်ပြီး အဲဒါက လနဲ့ချီပြီး ကြာမြင့်နိုင်တယ်။
သူမရဲ့ သမီးလေး ရင်ဆိုင်ရတော့မယ့် ဆင်းရဲဒုက္ခတွေကို တွေးမိတဲ့အခါ သူမရဲ့ ခေါင်းကိုက်ဝေဒနာက ပိုပြီး ဆိုးရွားလာရတယ်။
သမီးလေးကို အဲဒီလို ဒုက္ခမျိုးတွေ ပေးမခံနိုင်ပါဘူး။
အဲဒီအချိန်မှာပဲ အိမ်တံခါးက ဝုန်းခနဲ ပွင့်သွားပြီး ခင်ပွန်းဖြစ်သူဟာ မျက်နှာတစ်ခုလုံး အပြုံးကြီး ပြုံးကာ အိမ်ထဲကို ဝင်လာတယ်။
"ရှင်... ဘာလုပ်တာလဲ" လို့ သူမက စိုးရိမ်တကြီး ပြောလိုက်တယ်။ "တံခါးကြီး ပျက်စီးလုနီးပါး ဖြစ်သွားပြီ။ အဲဒါကို တို့တွေ ဘယ်လိုလုပ်ပြီး ပိုက်ဆံလျော်ရမလဲ"
အမဲဆီတွေ ပေကျံနေတဲ့ အလုပ်သမား ဝတ်စုံကို ဝတ်ထားတဲ့ အဲဒီလူက သူ့ဇနီးနားကို အပြေးအလွှား ရောက်လာပြီး သူမရဲ့ ခါးကနေ မချီလိုက်တယ်။
"အမလေး" လို့ သူမက အော်ဟစ်လိုက်တယ်။
"ရှင် ဘာဖြစ်နေတာလဲ"
အဲဒီလူက သူမရဲ့ နှုတ်ခမ်းကို အားရပါးရ တစ်ချက် နမ်းလိုက်ပြီးမှ အောက်ကို ပြန်ချပေးတယ်။ ပြီးတော့ သမီးဖြစ်သူဆီ သွားပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြန်တယ်။
"ဖေဖေ... ဖေဖေ... ဟီးဟီး... ဖေဖေ ဘာလို့ အဲဒီလောက်တောင် ပျော်နေရတာလဲ" လို့ ကောင်မလေးက တခိခိ ရယ်မောရင်း မေးတယ်။
"ဘာလို့လဲဆိုတော့ ဖေဖေ အလုပ် ပြန်ရပြီလေ" လို့ အဲဒီလူက မျက်နှာတစ်ခုလုံး ပီတိတွေ ဝေဖြာရင်း အော်ပြောလိုက်တယ်။
"တကယ်လား... အဲဒါ တကယ်ကို ကောင်းတာပဲ မောင်ရဲ့"
"ဒါတင်မကသေးဘူးနော်" လို့ အဲဒီလူက သူ့ရဲ့ နောက်အိတ်ကပ်ထဲကနေ အရာတစ်ခုကို ထုတ်ရင်း ပြောလိုက်တယ်။
"ဖေဖေ သမီးအတွက် ဒါလေး ယူလာတယ်"
သူက ခရမ်းရောင်နဲ့ ရွှေရောင် စက္ကူပတ်ထားတဲ့ လေးထောင့် ချောကလက်တောင့်လေးတစ်ခုကို ပေးလိုက်တယ်။ အဲဒီ စက္ကူအလယ်မှာတော့ 'ရီနေးတား ချောကလက်' လို့ ရေးထားတာပေါ့။
"ချောကလက်ကြီး... ဖေဖေ သမီးအတွက် ချောကလက် ဝယ်လာတာလား"
သမီးဖြစ်သူက ချက်ချင်းပဲ အပေါ်က စက္ကူခွံကို ခွာတော့တယ်။
"မောင်... အဲဒီချောကလက်က တော်တော်လေး ဈေးကြီးတာ။ တို့တွေ တကယ်ကော ဝယ်နိုင်လို့လား" လို့ ဇနီးဖြစ်သူက မေးတယ်။
"အခုဆို ဝယ်နိုင်ပြီပေါ့။ သမီးသာ လိုချင်မယ်ဆိုရင် ချောကလက်တောင့်ပေါင်းတစ်ရာတောင် ဖေဖေ ဝယ်ပေးလို့ရတယ်။ တို့တွေ ဒီဆင်းရဲသားရပ်ကွက်ကနေ ပြောင်းရွှေ့ပြီး မိုးရွာတိုင်း ရေလျှံတာမျိုး၊ အမိုးယိုတာမျိုး မရှိတဲ့ နေရာမှာ သွားနေလို့တောင် ရပြီ"
အဲဒီလူက ရီနေးတားကုမ္ပဏီဆီကနေ သူ ကမ်းလှမ်းခံရတဲ့ အလုပ်အကြောင်းကို သူ့ဇနီးကို ရှင်းပြတော့တယ်။
အဲဒါက ပုံမှန်လစာထက် အနည်းဆုံး ၅ ဆလောက် ပိုများပြီး၊ တစ်ပတ်ကို လေးရက် ဆက်တိုက် နေ့ရောညပါ အလုပ်လုပ်စရာလည်း မလိုတော့ပါဘူး။
"ပြီးတော့ အကောင်းဆုံး အချက်က ဘာလဲသိလား" အဲဒီလူက မေးတယ်။
"ရီနေးတားရဲ့ အရှင်သခင်က မှော်စွမ်းအင် နိုးထချင်တဲ့သူမှန်သမျှကို နိုးထခွင့် ပေးမယ်တဲ့။ တို့ရဲ့ မိသားစုဝင်တွေကိုပါ ပေးမှာ"
သူက သူ့ဇနီးရဲ့ ပခုံးနှစ်ဖက်ကို ကိုင်လိုက်တယ်။
"ကြားလား မောင်ရဲ့။ တို့သမီးလေး မှော်ဆရာတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ရပြီ"
ဒီသတင်းတွေအားလုံးကြောင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ဇနီးဖြစ်သူဟာ မျက်ရည်တွေ တသွင်သွင် စီးကျလာပြီး ကြမ်းပြင်ပေါ်ကို ပုံရက်သား လဲကျသွားတော့တယ်။ ခင်ပွန်းဖြစ်သူလည်း သူမရဲ့ ခံစားချက်တွေအတိုင်း လိုက်ပါသွားရပြီး အိပ်ခန်းတစ်ခန်းတည်းရှိတဲ့ သူတို့ရဲ့ အိမ်လေးရဲ့ ကြမ်းပြင်ပေါ်မှာ ဇနီးဖြစ်သူနဲ့အတူ ဝမ်းသာမျက်ရည်တွေ ကျမိကြတယ်။
သူတို့ရဲ့ သမီးလေးကတော့ ချောကလက်တောင့်ကို မြိန်ရည်ယှက်ရည် စားနေပြီး သူတို့အိမ်လေးထဲမှာတော့ ကြည်နူးမှုနဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်သွားတော့တယ်။
* * * * * * * * *
ဒီနေ့မှာ ရီနေးတားကုမ္ပဏီရဲ့ ရက်ရောမှုကို ခံစားလိုက်ရတာက သူတို့ မိသားစုတစ်ခုတည်း မဟုတ်ပါဘူး။ အလုပ်ပြုတ်တော့မယ်လို့ ထင်နေကြတဲ့သူ အားလုံးဟာ အရင်ကထက် ပိုပြီးကောင်းမွန်တဲ့ အလုပ်အကိုင်တွေကို အသီးသီး ရရှိသွားကြတယ်။
မိုက်ကယ်က သူတို့ကို အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ ပေးခဲ့တာဖြစ်ပြီး၊ အဲဒီအလုပ်တွေက သူတို့ ကိုယ်တိုင်တောင် ရှိမှန်းမသိခဲ့ကြတဲ့ သူတို့ရဲ့ အားသာချက်တွေ၊ ပါရမီတွေနဲ့ ကွက်တိ ဖြစ်နေပုံရတယ်။
သုံးရက်လောက်ပဲ ကြာတဲ့အချိန်မှာတော့ အရင်က ဟမ်းမားစတုန်းကုမ္ပဏီဟာ ရီနေးတားကုမ္ပဏီရဲ့ အောက်ကို လုံးဝဥဿုံ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်တယ်။
သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်တဲ့၊ အထူးသဖြင့် မြို့ရဲ့ အချက်အချာ အကျဆုံးနေရာမှာ ရှိနေတဲ့ ဟမ်းမားစတုန်း အဆောက်အအုံကြီးကိုလည်း ရီနေးတားကုမ္ပဏီရဲ့ ဒုတိယမြောက် ကုန်တိုက်ကြီးအဖြစ် ပြောင်းလဲဖို့အတွက် ပြန်လည်ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်တယ်။
မိုက်ကယ်နဲ့ ရီနေးတားအဖွဲ့ဝင်တွေအတွက်တော့ ဆောင်းရာသီ ရောက်လာတော့မယ့် အချိန်ဖြစ်လို့ တကယ်ကို အလုပ်များလှတဲ့ ရက်အနည်းငယ် ဖြစ်ခဲ့ရတယ်။
တစ်ပတ်လောက် ကြာပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ နောက်ဆုံးမှာ အသက် ၁၂ နှစ် ပြည့်သွားခဲ့ပြီ ဖြစ်တယ်။
* * * * * * * * *