← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 23 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 23 Ch. 267-268

အခန်း(၂၆၇)

"အင်း...သခင်မိုက်ကယ်။ ဒါက သခင်ပြောတဲ့ မွေးနေ့ပါတီလားဟင်" လို့ ရှီနာက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်တယ်။ မိုက်ကယ်က သူတို့အားလုံးကို ပါတီလုပ်ကြမယ်လို့ ပြောတုန်းက၊ လူတိုင်းက ရီနေးတားနိုင်ငံတော်ရဲ့ နယ်မြေတွေဖြစ်တဲ့ ကင်းစ်နယ်မြေ၊ နီယိုအော်ကပ်စ်နဲ့ အန်ဂိုရာမြို့တစ်ခွင်မှာ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပကြလိမ့်မယ်လို့ပဲ တွေးခဲ့ကြတာပါ။ လူတွေအကုန်လုံးကလည်း မိုက်ကယ့်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်ကို တစာစာ အော်ဟစ်ချီးကျူးနေကြမယ့် ပွဲကြီးလမ်းကြီးပေါ့။

ဒါပေမဲ့ အခုတော့ မိုက်ကယ်က လွန်ခဲ့တဲ့ ဟမ်းမားစတုန်းကုမ္ပဏီကနေ ရီနေးတားကုမ္ပဏီဆီကို အသစ်ခေါ်ယူထားတဲ့ အလုပ်သမားတွေကို စုစည်းပြီး သူတို့ရဲ့ ပင်ကိုယ်ပါရမီတွေကို တစ်ယောက်ချင်းစီ လိုက်လံနှိုးဆွပေးနေတာပဲ ရှိတယ်။

"ဒါပေါ့ ရှီနာရဲ့။ ဒါက စွမ်းရည်တွေ အလကားဝေတဲ့ ပါတီလေ" လို့ မိုက်ကယ်က တက်တက်ကြွကြွ ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ အသစ်ရောက်လာတဲ့ ရီနေးတားအဖွဲ့သားတွေရဲ့ ခေါင်းဆောင်ဖြစ်သူ ဘွတ်ချ်က စိုးရိမ်ပူပန်နေတဲ့ ခြေလှမ်းတွေနဲ့ မိုက်ကယ့်ဆီကို တိုးကပ်လာတယ်။

"ဟို... သူဌေး... ကျွန်တော်တို့ ဘာလုပ်ရမလဲခင်ဗျာ" လို့ သူက မေးလိုက်တယ်။

မိုက်ကယ်က သူ့ရဲ့ မွေးနေ့ထိုင်ခုံ (တကယ်တော့ ရိုးရိုးသစ်သားကုလားထိုင်ပါပဲ) ပေါ်မှာ ထိုင်ရင်း ဘွတ်ချ်ကို အနားတိုးလာဖို့ လက်ဟန်ပြလိုက်တယ်။

"မင်း ဘယ်လိုစွမ်းရည်မျိုး လိုချင်လဲ၊ မင်း စိတ်ကူးထဲမှာ ရှိတဲ့ တန်ခိုးက ဘာလဲဆိုတာ ငါ့ကို ပြောစမ်းပါ"

ဘွတ်ချ်က သူ့သူဌေး တကယ်ပြောနေတာ ဟုတ်မဟုတ် မဝေခွဲနိုင်ဘဲ မိုက်ကယ့်ကို ကြည့်နေမိတယ်။ ဒါက တစ်မျိုးဆန်းတဲ့ အလုပ်အင်တာဗျူးတစ်ခုလို့ပဲ သူ ထင်နေတာပါ။

သေချာ စဉ်းစားပြီးတဲ့နောက်မှာတော့ ဘွတ်ချ်က အဖြေတစ်ခု ပေးလိုက်တယ်။ "ကျွန်တော်... ကျွန်တော့်ကိုယ်ကျွန်တော် မီးတောင်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မယ့်အရာမျိုး လိုချင်ပါတယ်" လို့ သူက ဆိုတယ်။

"မီးတောင် ဟုတ်လား" မိုက်ကယ်က ရေရွတ်ရင်း သူ့ရဲ့ ဆုလာဘ် အပ်နှင်းခြင်းစွမ်းရည်ကို အသက်သွင်းလိုက်တယ်။

နိုဗာ... မင်းရဲ့ မှော်စွမ်းအားကို ပြလိုက်စမ်း။

[ကောင်းပါပြီ။ ဘွတ်ချ်အတွက် အသင့်တော်ဆုံးဖြစ်မယ့် စွမ်းရည်တစ်ခုကို စိတ်ကြိုက် ဖန်တီးပေးနေပါတယ်...]

[ခန္ဓာကိုယ်တွင်း ချော်ရည်ပေါက်ကွဲမှု]

- - မြေဒြပ်စင်နဲ့ မီးဒြပ်စင်

- - ဒီမှော်ပညာက အသုံးချသူကို ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ပေါက်ကွဲထွက်စေပြီး ချွေးပေါက်တွေကနေတစ်ဆင့် ချော်ရည်တွေကို စီးဆင်းစေပါတယ်

ရုတ်တရက်ဆိုသလို ဘွတ်ချ်ရဲ့ ရင်ဘတ်ထဲကနေ တောက်ပတဲ့ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ကြည့်နေတဲ့သူတွေ မျက်စိကျိန်းမတတ် စူးရှသွားခဲ့တယ်။

စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ အလင်းတန်းက ပြန်လည်ပျောက်ကွယ်သွားပြီး ဘွတ်ချ်က အရင်အတိုင်းပဲ ပြန်ဖြစ်သွားတယ်။

ဘွတ်ချ်က သူ့လက်တွေကို ပြန်ကြည့်လိုက်မိရင်း၊ ဦးနှောက်ထဲကို မှော်ကျင့်စဉ်တွေ ဒိန်းခနဲ ဝင်ရောက်လာတာကြောင့် သူ့မျက်လုံးတွေထဲမှာ နားလည်သဘောပေါက်သွားတဲ့ အရိပ်အယောင်တွေ လက်ခနဲ ပေါ်လာတယ်။

"ပေါက်ကွဲစမ်း" လို့ သူက အော်ဟစ်လိုက်တာနဲ့ တစ်ပြိုင်နက်၊ သူ့ရဲ့ ကတုံးပြောင်ကြီးပေါ်ကနေ ချော်ရည်တွေ စီးကျလာပြီး နဖူးပေါ်အထိ ဝိုင်းအုံသွားကာ တကယ့်ကို တောက်လောင်နေတဲ့ မီးလျှံကေသာပုံစံမျိုး ဖြစ်သွားတော့တယ်။

"ဝိုး... ဟားဟားဟား... ဟုတ်ပြီဗျာ" ဘွတ်ချ်က ဝမ်းသာအားရ အော်ဟစ်လိုက်တယ်။

"ကဲ... နောက်တစ်ယောက်" မိုက်ကယ်က နောက်လူကို အနားတိုးလာဖို့ လက်ဟန်ပြရင်း ပြောလိုက်တယ်။

မိုက်ကယ်ဟာ အဲဒီနေ့ရဲ့ ကျန်ရှိတဲ့အချိန်တွေကို လိုချင်တဲ့သူမှန်သမျှကို စွမ်းရည်တွေနဲ့ မန္တန်တွေ လိုက်ဝေရင်း ကုန်လွန်စေခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒုတိယအကြိမ် ပါရမီနိုးထနိုင်တဲ့လူ အချို့ကိုလည်း သူ ရှာဖွေတွေ့ရှိခဲ့တာကြောင့် အဲဒီလူတွေဟာ တခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ သူတို့ရဲ့ တကယ့်ပါရမီအစစ်အမှန်ကို ရှာဖွေတွေ့ရှိသွားကြတယ်။

နေ့တစ်နေ့ရဲ့ ကုန်ဆုံးချိန်မှာတော့ မိုက်ကယ်ဟာ ရှီနာနဲ့ ကျန်တဲ့ ရီနေးတားအဖွဲ့သားတွေ သူ့အတွက် ပြင်ဆင်ပေးထားတဲ့ ခမ်းနားထည်ဝါလှတဲ့ ပါတီပွဲကို တက်ရောက်ဖို့တောင် မအားလပ်နိုင်အောင် ဖြစ်နေခဲ့ရတယ်။

အန်ဂိုရာမြို့ရဲ့ လမ်းမတွေပေါ်က ပွဲလမ်းသဘင် ဆင်နွှဲသံတွေကြောင့် ရီနေးတားဌာနချုပ် အပြင်ဘက်ကနေ စည်တီးသံတွေနဲ့ တံပိုးမှုတ်သံတွေ သောသောညံနေတာကို မိုက်ကယ် ကြားနေရတယ်။

နေရာအနှံ့အပြားမှာလည်း လူတိုင်း သူ့မွေးနေ့ကို မဖြစ်မနေ ဆင်နွှဲကြဖို့အတွက် မိုက်ကယ့်ရဲ့ မျက်နှာကို ပန်းချီဆွဲထားတဲ့ ပိုစတာတွေကို ကပ်ထားကြတာပါ။

ပြီးတော့ မိုက်ကယ်က နီယိုအော်ကပ်စ်နဲ့ ကင်းစ်နယ်မြေဘက်ကို လှမ်းကြည့်လိုက်မယ်ဆိုရင် ပိုပြီးတော့တောင် သောင်းသောင်းဖြန်းဖြန်း ကျင်းပနေကြတာကို မြင်ရပါလိမ့်မယ်။ မီးရှူးမီးပန်းတွေ တဒိုင်းဒိုင်း ပစ်ဖောက်နေကြပြီး သောက်စားပျော်ပါးစရာတွေလည်း အလျှံပယ် စီးဆင်းနေကာ လူတိုင်းက သူတို့ရဲ့ အခုရှိသမျှ အရာအားလုံးကို ပေးသနားခဲ့တဲ့ လူသားကို ကျေးဇူးတင်တဲ့အနေနဲ့ ဒေသတွင်း အလုပ်ပိတ်ရက်တစ်ရက်လိုမျိုး သတ်မှတ်ပြီး ဆင်နွှဲနေကြတာ။ လူပုဘုရင်ကြီးတောင်မှ သဲကန္တာရနယ်မြေထဲက ပွဲတော်မှာ ဝင်ရောက်ဆင်နွှဲနေခဲ့တယ်။

ဒါပေမဲ့ မိုက်ကယ်ကတော့ အစကတည်းက သူ့မွေးနေ့ကို ဒီလောက်အထိ အုတ်အော်သောင်းနင်း မဖြစ်စေချင်တာမို့လို့ ပါတီပွဲကို မတက်ဘဲ ရှောင်ထွက်ဖို့ အကြောင်းပြချက်ကောင်းကောင်း ရသွားတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်မိနေတယ်။

အခုတော့ မိုက်ကယ်က ကုတင်ပေါ်မှာ တစ်ယောက်တည်း ထိုင်ရင်း စိတ်ကျေနပ်မှု အပြည့်နဲ့ ရှိနေတယ်။ အဲဒီအချိန်မှာပဲ တံခါးခေါက်သံ သဲ့သဲ့ ထွက်ပေါ်လာတယ်။

"ယူနာပါ" လို့ သူမက ပြောလိုက်တယ်။

မိုက်ကယ်က ကုတင်ပေါ်ကထပြီး တံခါးသွားဖွင့်ပေးလိုက်တော့ လက်နှစ်ဖက်ကို နောက်ပစ်ထားတဲ့ ယူနာကို မြင်လိုက်ရတယ်။

"ဘာကိစ္စရှိလို့လဲ" လို့ သူက မေးလိုက်တယ်။

"နင့်ရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် တစ်ခုခု လာပေးတာပါ။ ငါက ပစ္စည်းတွေ လုပ်ရတာ သိပ်မကျွမ်းကျင်တော့ နင် သဘောကျပါ့မလားတော့ မသိဘူး"

ယူနာက သစ်သားနဲ့ လုပ်ထားတဲ့ ကမ္ဘာလုံးပုံစံ ပန်းပုရုပ်သေးသေးလေးတစ်ခုကို ထုတ်ပြလိုက်တယ်။ ဒါက ရိုးရိုးကမ္ဘာလုံးတင် မဟုတ်ဘဲ သူ အရင်ဘဝတုန်းက သိပ်ပြီး ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ကမ္ဘာမြေကြီး ဖြစ်နေတာပါ။

"ဒီမှာ ဘယ်လောက်ပဲ ရူးသွပ်စရာ ကိစ္စတွေ ကြုံရပါစေ၊ နင် အိမ်ကို လွမ်းတဲ့အခါမျိုးမှာ ငါ့ကို ရင်ဖွင့်လို့ ရတယ်ဆိုတာ သိစေချင်လို့ပါ။ ငါတို့က အတူတူ ရင်ဆိုင်နေကြတာပဲလေ"

မိုက်ကယ်က အကြမ်းထည် ပန်းပုရုပ်ကလေးကို ကြည့်ရင်း ယူနာက ဒါကိုလုပ်ဖို့ ဘာမှော်ပညာမှ အသုံးမပြုခဲ့ဘူးဆိုတာ သိလိုက်ရတယ်။ သူမက ကိုယ့်ဘာသာကိုယ် သစ်သားကို တိုက်စားပြီး အမှားအယွင်းတွေ၊ မပြည့်စုံမှုတွေနဲ့ ဖြစ်အောင် လုပ်ထားခဲ့တာ။

ဒါပေမဲ့ ဒါကပဲ ဒီပစ္စည်းလေးကို ပိုပြီးတော့ အဖိုးတန်သွားစေတယ်။ မိုက်ကယ်က မှော်ပညာကို သုံးရတာ သိပ်ပြီး အသားကျနေတာကြောင့် သူ လိုအပ်သမျှ ကိစ္စတိုင်းမှာ မှော်ပညာကိုပဲ သုံးခဲ့တာလေ။

ဒီလို သေးငယ်တဲ့ ဂရုစိုက်မှုလေးက သူ့နှလုံးသားကို တကယ်ပဲ နွေးထွေးသွားစေတယ်။

"ကျေးဇူးပါပဲ" လို့ သူက သူမကို ပြောလိုက်တယ်။

ယူနာက ပြုံးလိုက်ပြီး "ဒါဆိုရင် ငါ အကြိုက်ဆုံး ရေခဲမုန့်ကို ရအောင် ယူပေးဖို့ ပိုပြီး ကြိုးစားရတော့မယ် ဟုတ်ပြီလား"

မိုက်ကယ်က ရယ်မောလိုက်ပြီး မကြာခင် လုပ်ပေးမယ်လို့ ကတိပေးလိုက်တယ်။ လက်သန်းချင်း စည်းကမ်းတကျ ကတိကဝတ်ပြုခိုင်းပြီးတဲ့နောက်မှာတော့ သူမက ထွက်သွားတာကြောင့် မိုက်ကယ်တစ်ယောက်တည်း အခန်းထဲမှာ ကျန်ရစ်ခဲ့တော့တယ်။

သူလည်း ကမ္ဘာလုံးရုပ်တုလေးကို ကုတင်ဘေးမှာ တင်ထားလိုက်ပြီး အိပ်စက်ခြင်းဆီ ဝင်ရောက်သွားခဲ့တယ်။

နောက်တစ်နေ့မှာတော့ ရွှေလမ်းမကြီး စီမံကိန်းက အရှိန်အဟုန်အပြည့်နဲ့ ဆက်လက် လည်ပတ်နေခဲ့တယ်။

အန်ဂိုရာမြို့အတွက်ကတော့ တိုက်ပွဲတွေကြောင့် ပျက်စီးသွားခဲ့တဲ့ အဆောက်အအုံတွေ အားလုံးကို အပြည့်အဝ ပြန်လည်ပြုပြင်ဖို့အတွက် မိုက်ကယ်က ရီနေးတား ပါရမီရှင် အင်ဂျင်နီယာတွေကို ညွှန်ကြားလိုက်တယ်။

လွန်ခဲ့တဲ့ အပတ်ကတည်းက ပိတ်ထားခဲ့ရတဲ့ စာကြည့်တိုက်ကြီးကို တစ်ရက်တည်းနဲ့တင် အသစ်စက်စက် ပြန်လည်တည်ဆောက်ပေးလိုက်နိုင်တယ်။ ခေါင်မိုးတွေ ပျက်စီးသွားတဲ့ အိမ်တွေကိုလည်း နာရီပိုင်းအတွင်းမှာတင် အမြန်ဆုံး ဖာထေးပေးနိုင်ခဲ့တယ်။

ဒါက အန်ဂိုရာမြို့သူ မြို့သားတွေကို ကွန်ကရစ်ရဲ့ စွမ်းဆောင်ရည် အပြည့်အဝကို ပြသလိုက်တာပါပဲ။

"သူတို့ ဘယ်လိုများ ဒီလောက်အထိ မြန်မြန်ဆန်ဆန် လုပ်နိုင်ကြတာလဲ"

"သူတို့ အဲဒီ အရည်ပျော်နေတဲ့ ကျောက်တုံးလို အရာမျိုးကို သုံးသွားတာ... ပြီးတော့ နာရီပိုင်းအတွင်းမှာတင် မာခဲသွားတာပဲ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

"ဟိုမှာ ကြည့်ကြဦးဟေ့။ ရီနေးတား ကုန်စုံဆိုင်ကြီးမှာ အထပ်အသစ်တစ်ခု ထပ်ဖွင့်ထားတယ်ဗျ။ ပြီးတော့ အဲဒီ ကွန်ကရစ်ဆိုတဲ့ အရာတွေကို အိတ်လိုက် ဝယ်လို့ရနေပြီ ထင်တယ်"

ရီနေးတားကုမ္ပဏီနဲ့ အန်ဂိုရာမြို့ထဲက တခြားသူတွေကြားထဲက ကွာဟချက် အထင်အရှားက သူတို့ဟာ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲက အဆင့် ၄၅၀ နဲ့ ဘာကြောင့် တကယ်ပဲ ထိုက်တန်သလဲဆိုတာကို သက်သေပြနေတာပါ။

ဒါနဲ့တင်ရပ်မသွားပါဘူး။

အဲဒီနောက် ရက်အနည်းငယ်အကြာမှာတော့ အန်ဂိုရာမြို့သူ မြို့သားတွေဟာ အိပ်ရာက နိုးနိုးချင်းမှာတင် မြို့တံခါးဝကနေ မိုးကုတ်စက်ဝိုင်းအထိ ရုတ်တရက် ဖောက်လုပ်ထားတဲ့ လမ်းမကြီးတစ်ခုကို တွေ့လိုက်ရလို့ အံ့အားသင့်သွားကြတယ်။

မျက်စိလျင်တဲ့သူတွေကတော့ ဒီလမ်းမှာ သုံးထားတဲ့ ပစ္စည်းက ကွန်ကရစ်ဖြစ်တယ်ဆိုတာ ရိပ်မိကြတာကြောင့် ဒါက တခြားသူမဟုတ်ဘဲ ရီနေးတားကုမ္ပဏီရဲ့ လက်ရာပဲဆိုတာ သိလိုက်ကြတယ်။

ပြီးတော့ နာရီပိုင်းတောင် မကြာလိုက်ပါဘူး၊ အန်ဂိုရာမြို့ထဲကို မောင်းနှင်ဝင်ရောက်လာတဲ့ ဧရာမ ကုန်တင်မော်တော်ကားကြီးတွေကို မြင်လိုက်ရတာကြောင့် မြို့သူမြို့သားတွေဟာ နောက်ထပ်တစ်ကြိမ် ဆောက်တည်ရာမရ အံ့ဩသွားကြပြန်တယ်။

ဒီကုန်တင်ကားကြီးတွေပေါ်မှာ ကင်းစ်နယ်မြေမှာသာ ရနိုင်မယ့် ထူးခြားဆန်းပြားတဲ့ ကုန်ပစ္စည်းတွေနဲ့ အရင်းအမြစ်တွေ အများကြီး ပါလာပြီး ရီနေးတား ကုန်စုံဆိုင်ကြီးထဲမှာ အပြည့် ဖြည့်တင်းလိုက်ကြတယ်။

"ဒါ... မီးခိုးပြာမှုန့် မဟုတ်လား။ ဒါက သိပ်ကို ရှားပါးတာကို အခုတော့ ဒီမှာ တစ်လှည်းလုံး အဝယ်ရှိနေပြီပဲ"

"သူတို့ ကင်းစ်နယ်မြေကနေ ဒီအိုးခွဲပင်တွေကို မသေအောင် ဘယ်လိုများ သယ်လာကြတာလဲ။ မြေကနေ နှုတ်ပြီး တစ်ပတ်ကြာရင် သေသွားတတ်တယ်လို့ ငါ ကြားဖူးတယ်"

"ဟေး... အဲဒီ လမ်းမကြီးက ဘယ်အထိ ပေါက်တာလဲ"

မကြာခင်မှာပဲ လူတွေက ရွှေလမ်းမကြီးအတိုင်း စတင် ခရီးနှင်ကြပြီး နီယိုအော်ကပ်စ်ဆီကို တိုက်ရိုက် ရောက်ရှိသွားကြတော့တယ်။ အဲဒီနေရာမှာတော့ သူတို့ရဲ့ စိတ်ကူးတွေကို လုံးဝ ဥဿုံ ပြောင်းလဲစေနိုင်လောက်အောင် အဆင့်မြင့်မားလှတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို သူတို့ ရှာဖွေတွေ့ရှိသွားခဲ့ကြတယ်။

ဒါပေမဲ့ ရီနေးတားကုမ္ပဏီရဲ့ စွမ်းအား အစစ်အမှန်ကို မြင်ချင်တယ်ဆိုရင်တော့ သဲကန္တာရနယ်မြေဆီကို သွားရောက်လည်ပတ်သင့်တယ်လို့ အပြောခံလိုက်ရတယ်။

မိုက်ကယ် မျှော်လင့်ထားခဲ့တဲ့အတိုင်းပဲ လူတွေဟာ လမ်းရဲ့ အဆုံးသတ်ဖြစ်တဲ့ ရီနေးတားနိုင်ငံတော်ကို မြင်တွေ့နိုင်ဖို့အတွက် ကင်းစ်နယ်မြေဆီကို စတင် ခရီးဆန့်လာကြတယ်။

ရွှေလမ်းမကြီးက လူတွေကို အန်ဂိုရာနဲ့ နီယိုအော်ကပ်စ်ကြားမှာ ရက်အနည်းငယ်အတွင်း ခရီးသွားလာနိုင်အောင် အဆင်ပြေစေခဲ့တယ်။

ဒါကတင်ပဲ အန်ဂိုရာမြို့သူ မြို့သားတွေဆီကနေ ရီနေးတားကုမ္ပဏီအတွက် ချီးကျူးသံတွေနဲ့ အသိအမှတ်ပြုမှုတွေကို အများကြီး ဆောင်ကြဉ်းပေးနိုင်ခဲ့တဲ့ အံ့ဩစရာ အချက်တစ်ချက် ဖြစ်နေပါပြီ။

ဒါပေမဲ့ တကယ့် အလှည့်အပြောင်းကတော့ သူတို့က 'မော်တော်ကား' လို့ ခေါ်တဲ့ သံရထားလုံးတွေကို သုံးပြီး တက္ကစီ ဝန်ဆောင်မှု ပေးလိုက်တဲ့ အချိန်မှာပဲ ဖြစ်ပေါ်လာတော့တယ်။

ဒီနေရာမှာတော့ အများပြည်သူတွေဟာ ကားတွေရဲ့ တကယ့် စွမ်းဆောင်ရည် အစစ်အမှန်ကို ကောင်းကောင်းကြီး သဘောပေါက်သွားကြပါတော့တယ်။

* * * * * * * *

စာစဉ်(၂၃)

အခန်း(၂၆၈)

ရွှေလမ်းမကြီးကို တည်ဆောက်ပြီးတဲ့နောက်မှာ မိုက်ကယ်ဟာ မြို့စားမင်းနဲ့ သူ့ဇနီးကို ကင်းစ်နယ်မြေနဲ့ ရီနေးတားနိုင်ငံတော်ဆီ လိုက်လံပို့ဆောင်ပေးမယ်ဆိုတဲ့ ကတိအတိုင်း ဖြည့်ဆည်းပေးခဲ့တယ်။ မိုက်ကယ်ဆီကနေ လက်ဆောင်ရထားတဲ့ မြို့စားမင်းရဲ့ ကိုယ်ပိုင်စိတ်ကြိုက်မော်တော်ကားကို စီးပြီး နီယိုအော်ကပ်စ်မြို့ဆီကို ရက်အနည်းငယ်ကြာ ခရီးနှင်ခဲ့ကြတာပေါ့။ ညီညာပြန့်ပြူးနေတဲ့ ရွှေလမ်းမကြီးပေါ်မှာ တစ်နာရီကို ကီလိုမီတာတစ်ရာနီးပါးနှုန်းနဲ့ မောင်းနှင်ရတာ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲဆိုတာ မြို့စားမင်းကိုယ်တိုင် လက်တွေ့ကြုံလိုက်ရတယ်။

သူတို့နှစ်ဦး ရောက်ရှိသွားတဲ့အခါမှာတော့ နီယိုအော်ကပ်စ်မြို့ရဲ့ ဆန်းသစ်လှပမှု၊ စနစ်ကျမှုနဲ့ လူနေမှုဘဝအဆင့်အတန်း မြင့်မားပုံတွေကို ကြည့်ပြီး ကိုယ့်မျက်စိကိုယ်တောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။ ဒီမြို့ဟာ တစ်ချိန်က လူသူစွန့်ပစ်ထားပြီး မြေကြီးထဲကို နစ်မြုပ်လုနီးပါးဖြစ်ခဲ့တဲ့ မြို့အဖြစ် လူသိများခဲ့တာလေ။ ဒါပေမဲ့ အခု သူတို့မြင်တွေ့လိုက်ရတဲ့အရာကတော့ စိတ်ကူးယဉ်ဝတ္ထုစာအုပ်တွေထဲမှာပဲ ဖတ်ဖူးနိုင်မယ့် အခြေအနေမျိုး ဖြစ်နေခဲ့တယ်။

အဲဒီမြို့မှာ သူတို့ဟာ လျှပ်စစ်မီးတွေ၊ ရထားတွေနဲ့ စတင်ထိတွေ့ခွင့်ရခဲ့တယ်။

နီယိုအော်ကပ်စ်မြို့ရဲ့ ဆွဲဆောင်မှုအောက်မှာ အလုံးစုံမိန်းမောသွားတဲ့ မြို့စားမင်းက "အံ့ဩဖို့ကောင်းလိုက်တာ" လို့ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။

သူ့မျက်စိထဲမှာ လုံးဝအသစ်စက်စက်ဖြစ်သွားမယ့် အန်ဂိုရာမြို့ကြီးရဲ့ ပုံရိပ်ကို မြင်ယောင်လာတယ်။ လမ်းမတွေပေါ်မှာ မော်တော်ကားတွေ အလျှိုလျှိုမောင်းနှင်နေပြီး လမ်းလျှောက်သူတွေကို လမ်းပေးဖို့အတွက် မီးပွိုင့်တွေမှာပဲ ခဏရပ်တန့်ပေးရမယ့် ပုံစံမျိုးပေါ့။

ညဘက်တွေမှာလည်း အဆောက်အအုံတွေက ကြယ်ပွင့်လေးတွေလို လင်းထိန်နေမယ့် ပုံရိပ်ကို သူ မြင်ယောင်နေခဲ့တယ်။

မြို့စားမင်းက အန်ဂိုရာမြို့အတွက် ရထားလမ်းစနစ်တစ်ခု တည်ဆောက်ဖို့ စိတ်ဝင်စားကြောင်း ချက်ချင်းပဲ ထုတ်ဖော်ပြောဆိုလိုက်သလို သူ့ဇနီးကလည်း သူတို့ရဲ့ရဲတိုက်ထဲမှာ လေအေးပေးစက်တွေ တပ်ဆင်ပေးဖို့ တောင်းဆိုခဲ့တယ်။

မိုက်ကယ်က "ခရီးစဉ်အကုန် လည်ပတ်ပြီးမှ စီးပွားရေးအကြောင်း ပြောကြတာပေါ့" လို့ သူတို့ကို ပြောလိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့မြင်တွေ့ခဲ့ရတာက နောက်ထပ်ဖြစ်လာမယ့်အရာတွေရဲ့ အစအနလေးပဲ ရှိသေးတာကိုး။

သူတို့ဟာ ရီနေးတားနိုင်ငံတော်ကို မမြင်တွေ့ရသေးဘူးလေ။

ဒါကြောင့် သူတို့ဟာ ကင်းစ်နယ်မြေဆီ ဦးတည်မယ့် ရထားပေါ်ကို တက်ခဲ့ကြတယ်။ လမ်းခရီးမှာ လူပုနိုင်ငံတော်ဆီ ခေတ္တဝင်ရောက်ခဲ့ကြပြီး မြို့စားမင်းဟာ လူပုဘုရင်နဲ့ တွေ့ဆုံခွင့်ရခဲ့တာကြောင့် အူကြောင်ကြောင်ကြီးလို ဖြစ်သွားခဲ့ရတယ်။ တွေ့ရခက်လွန်းလှတယ်လို့ နာမည်ကြီးနေတဲ့သူနဲ့ တွေ့လိုက်ရတာကြောင့် သူ တော်တော်လေး စိတ်လှုပ်ရှားသွားခဲ့ပုံပဲ။

ဘီရူးက ဘီယာတစ်ခွက်ကို အရှိန်အဟုန်နဲ့ မော့သောက်ရင်း "မိုက်ကယ်...မင်း မွေးနေ့တုန်းက မင်းရှိမနေလို့ မင်းအတွက်ပါ ရည်မှန်းပြီး ငါ နှစ်ဆလောက် ပိုသောက်လိုက်တယ်" လို့ ပြောလိုက်တယ်။

လူပုဘုရင်ကတော့ သူ့ရဲ့လက်အောက်ငယ်သားတွေက စာရွက်စာတမ်းအလုပ်တွေ ပြီးအောင်လုပ်ဖို့ လာခေါ်တာကြောင့် မကြာခင်မှာပဲ ထွက်ခွာသွားခဲ့တယ်။

"မင်းက လူပုတွေနဲ့ ဒီလောက်တောင် ရင်းနှီးတာလား"

မိုက်ကယ်က ပုခုံးတွန့်ပြလိုက်ပြီး "အရှင် သိထားတယ်လို့ ငါထင်နေတာ" လို့ ဆိုလိုက်တယ်။

မြို့စားမင်း စိတ်ငြိမ်သွားပြီး ဒီလိုကိစ္စမျိုးက တစ်ခါမှမရှိခဲ့ဖူးတဲ့အကြောင်း မိုက်ကယ်ကို ရှင်းပြပြီးတဲ့နောက်မှာတော့ သူတို့ဟာ ကင်းစ်နယ်မြေကနေတစ်ဆင့် ခြောက်သွေ့လွင်ပြင်ဆီကို ခရီးဆက်ခဲ့ကြတယ်။

နောက်ဆုံးမှာတော့ မြို့စားမင်းနဲ့ သူ့ဇနီးဟာ ရီနေးတားနိုင်ငံတော်ရဲ့ မြေပေါ်ကို ခြေချနိုင်ခဲ့ကြပြီ။

မိုက်ကယ်က သူတို့ကို ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ဖို့ တစ်ရက် အချိန်ပေးခဲ့တယ်။

အဲဒီနောက်မှာတော့ မိုက်ကယ်ဟာ ဆိတ်လူသားတွေရဲ့ တည်းခိုဆောင် သစ်ပင်အိမ်ခန်းတစ်ခုထဲမှာ သူတို့နဲ့ ပြန်လည်တွေ့ဆုံခဲ့တယ်။

"ကဲ...ဘယ်လိုလဲ"

မြို့စားမင်း စတယ်မိန်းနဲ့ သူ့ဇနီးက မိုက်ကယ်ကို ရူးသွပ်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လာကြတယ်။

"ငါတို့ ဒီမှာပဲ တစ်သက်လုံး နေသွားချင်တော့တယ်"

မိုက်ကယ်တစ်ယောက် ခေါင်းတွေ အကြီးအကျယ်ကိုက်ပြီး အန်ဂိုရာမြို့ဆီ ပြန်လာခဲ့ရတယ်။ ရီနေးတားနိုင်ငံတော်ရဲ့ သက်တောင့်သက်သာရှိမှုနဲ့ ဇိမ်ခံလူနေမှုဘဝကို ကြုံတွေ့ပြီးတဲ့နောက်မှာ မြို့စားမင်းဟာ သူ့ရဲတိုက်ထဲက ရေဆေးဖျန်းစနစ်မရှိတဲ့ အိမ်သာဆီကို မပြန်ချင်တော့ဘူး ဖြစ်နေတယ်။

ဒါက သူတို့နိုင်ငံကို လာလည်တဲ့ ခရီးသွားဧည့်သည်တွေကြားမှာ အဖြစ်များတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပေမဲ့ မိုက်ကယ်အနေနဲ့ သူ့နာမည်နဲ့သူ မြို့တစ်မြို့လုံးကို ပိုင်ဆိုင်ထားတဲ့ မြို့စားမင်းတစ်ယောက်တည်းကိုတောင် ဒီလောက်အထိ သက်ရောက်မှုရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

'ငါ့အတွက် မြို့ကိုပဲ ဆက်ပြီး စီမံခန့်ခွဲပေးပါဦး' လို့ သူက ပြောခဲ့သေးတာလေ။ လူစိမ်းတစ်ယောက်လက်ထဲကို သူ့မြို့ရဲ့ သော့ အပ်နှံခဲ့တာက ဘယ်လောက်တောင် ပုံမှန်မဟုတ်တဲ့ ကိစ္စလဲဆိုတာ သူ မသိဘူးလား မသိဘူး။

မြို့စားမင်း နည်းနည်း ပိုပြီး အသိတရား ဝင်လာတဲ့အထိ ခြောက်သွေ့လွင်ပြင်မှာပဲ ကောင်းကောင်းမွန်မွန် အပန်းဖြေခွင့် ပေးထားလိုက်ဖို့ မိုက်ကယ် ဆုံးဖြတ်လိုက်တယ်။

သူ့ရဲ့အိပ်ရာဆီ ပြန်ရောက်တဲ့အခါမှာတော့ မိုက်ကယ်ဟာ သူ့ရှေ့မှာ အရိပ်နှစ်ခုကို ဆင့်ခေါ်လိုက်တယ်။

မိုက်ကယ်က အရိပ်ဝံပုလွေခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ နာရီတိုနဲ့ ဆာစူကီကို "ရွှေလမ်းမကြီးအပေါ် တုံ့ပြန်မှုတွေ ဘယ်လိုရှိလဲ" လို့ မေးလိုက်တယ်။

နာရီတိုက

"အခြေအနေက တော်တော်လေးကို ကောင်းပါတယ် သခင်၊ ကုန်သည်တွေနဲ့ သာမန်လူတွေ အုပ်စုလိုက်ကြီးကို လမ်းပေါ်မှာ သွားလာနေကြတာ။ လမ်းပေါ်မှာ မြင်းလှည်းတွေကို ညာဘက်လမ်းကြောမှာပဲ မောင်းနှင်စေပြီး မော်တော်ကားတွေကိုတော့ ဘယ်ဘက်လမ်းကြောမှာ မောင်းနှင်ဖို့ စည်းကမ်းချက်တစ်ခု ထုတ်ပြန်ခဲ့ရတယ်" လို့ အစီရင်ခံခဲ့တယ်။

မိုက်ကယ်က "အကြံကောင်းပဲ" လို့ ချီးကျူးလိုက်တာကြောင့် နာရီတိုဟာ သူ့ရဲ့ရင်ဘတ်နဲ့ လက်မောင်းကြွက်သားတွေကို အသံကျယ်ကြီးမြည်အောင် ပုတ်ပြလိုက်တယ်။

"ဗူး တို တို...သခင်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်"

ဆာစူကီက သူ့နှုတ်ခမ်းကို ကိုက်ပြီး မတ်တတ်ထရပ်လိုက်တယ်။

"မြို့ထဲက ကျွန်တော်တို့ရဲ့ တက္ကစီလုပ်ငန်းလည်း အဆင်ပြေနေပါတယ် သခင်။ တကယ်တော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ရီနေးတားဘတ်စ်ကားတွေကို ပိုပြီးတိုးချဲ့ပြေးဆွဲခဲ့ရတယ်"

မျှော်လင့်ထားခဲ့တဲ့အတိုင်းပဲ ရီနေးတားရဲ့ အငှားမော်တော်ကားတွေက မြို့ထဲမှာ လူကြိုက်အများဆုံး ဝန်ဆောင်မှု ဖြစ်နေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒါက မော်တော်ကားတစ်စီးရဲ့ အတွင်းထဲကနေ ဘယ်လောက်အထိ မြန်မြန်မောင်းနှင်နိုင်လဲဆိုတာကို သူတို့ ကြည့်ရှုခွင့်ရမယ့် အခွင့်အရေး ဖြစ်နေတာကြောင့် မော်တော်ကားတွေက ပိုပြီးတော့တောင် ရေပန်းစားလာခဲ့တာပေါ့။

ဆာစူကီက "ဒီအခြေအနေကို ကြိုတင်မျှော်လင့်ထားတဲ့အတွက် ကျွန်တော်တို့ဆီကို အလုံးအရင်းနဲ့ ပေးပို့ဖို့ မော်တော်ကားအမြောက်အမြားကို မှာယူထားပြီးသား ဖြစ်တာကြောင့် တက္ကစီစောင့်ဆိုင်းရတဲ့ လူတန်းကြီးကို လျှော့ချနိုင်ခဲ့ပါတယ်" လို့ ဂုဏ်ယူစွာနဲ့ ပြောလိုက်တယ်။

"မင်းလည်း အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ ဆာစူကီ"

ဆာစူကီက သူ့ရဲ့ ဆူးချွန်တွေကို တုန်ခါစေရင်း "ရာ တာ တာ...သခင်ရဲ့ ချီးကျူးမှုအတွက် ဂုဏ်ယူမိပါတယ်" လို့ ပြောလိုက်တယ်။

ရီနေးတားရဲ့ ဆန်းသစ်တဲ့ ထုတ်ကုန်တွေအပေါ် အန်ဂိုရာမြို့ရဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကို မိုက်ကယ် သဘောကျမိတယ်။ သူ ထင်ထားတာထက်ကို ထူးဆန်းတဲ့ မော်တော်ကားတွေကို လူတွေက ပိုပြီး လွယ်လွယ်ကူကူ လက်ခံလာကြတာပဲ။

"မြို့ထဲက တခြားကုမ္ပဏီတွေကကော...သူတို့က ဒီကိစ္စတွေအပေါ် ဘယ်လို သဘောထားမျိုး ရှိကြလဲ"

မြို့ထဲမှာ ရီနေးတားရဲ့ ထုတ်ကုန်တွေ ရုတ်တရက် အကြီးအကျယ် ခေတ်စားလာတာကြောင့် ဝင်ငွေစီးကြောင်း အားလုံးနီးပါးက မိုက်ကယ်ရဲ့ အိတ်ကပ်ထဲကိုပဲ စီးဝင်နေခဲ့တာလေ။ သူ့ရဲ့ ကုန်တိုက်ကြီးက ထုတ်ကုန်တွေကို ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ ပိုပြီးတော့တောင် သက်သာတဲ့ဈေးနှုန်းတွေနဲ့ တင်သွင်းနေတာ ဖြစ်တယ်။ ကုမ္ပဏီအများစုက ယှဉ်ပြိုင်နိုင်စွမ်း မရှိကြတော့ဘူး။

နာရီတိုက "မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့ရဲ့ အရောင်းရလဒ်တွေနဲ့ အမြတ်အစွန်းတွေ ကျဆင်းနေပါတယ် ဆရာကြီး၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ရန်မစရဲမှန်း ကောင်းကောင်းသိကြတယ်။ အဲဒီအစား သူတို့ဟာ ဒီအခွင့်အရေးကို သုံးပြီး သူတို့ရဲ့ ကုမ္ပဏီတွေအတွက် ကွန်ကရစ်နဲ့ မော်တော်ကားတွေကို ဝယ်ယူနေကြတယ်" လို့ ပြောလိုက်တယ်။

မိုက်ကယ်က ခေါင်းညိတ်လိုက်ပြီး "ဒါက သူတို့အတွက် လိမ္မာပါးနပ်တဲ့ လုပ်ရပ်ပဲ" လို့ ဆိုလိုက်တယ်။

သူက ဈေးကွက်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ မရည်ရွယ်ထားခဲ့ဘူး။ သူက ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ သူ့ရဲ့မော်တော်ကားတွေက ဘယ်လောက်အထိ ထိရောက်မှုရှိလဲဆိုတာကို တခြားကုမ္ပဏီတွေကို ပြသနေရုံသက်သက်ပဲ ဖြစ်တယ်။ ဒါက ကွန်ကရစ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အောင်မြင်မှုအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်လာတာကြောင့် သူတို့လည်း လိုက်လံအတုယူပြီး လုပ်ဆောင်နိုင်မယ့် အရာမျိုး ဖြစ်နေတာပေါ့။

"ပြီးတော့ ဆရာ...ရဲတိုက်ထဲက တော်ဝင်မိသားစုဝင်တွေကလည်း မြို့စားမင်း အကြာကြီး ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ပိုပြီးတော့ စိုးရိမ်မကင်း ဖြစ်လာကြပါတယ်"

မိုက်ကယ် သက်ပြင်းချလိုက်မိတယ်။ မြို့စားမင်းက ဒီလောက်အထိ ဒုက္ခပေးလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။

"သူတို့ကို ဂရုမစိုက်ဘဲ ထားလိုက်ပါ၊ မြို့စားမင်းက မကြာခင် ပြန်လာမှာပါ။ မင်းတို့မှာ အစီရင်ခံစရာ အခြားအရာ ရှိသေးလား"

အရိပ်ဝံပုလွေနှစ်ယောက်က ခေါင်းညိတ်လိုက်ကြပြီး "မကြာသေးခင်က အန်ဂိုရာမြို့ထဲကို လာရောက်လည်ပတ်သူတွေ ပိုပြီးတော့ များပြားလာပါတယ်။ သူတို့က အနီးနားက နယ်မြေတွေမှာရှိတဲ့ ကုမ္ပဏီကြီးတွေက လူတွေဖြစ်နေတာကို ကျွန်တော်တို့ သိရှိခဲ့ရတယ်" လို့ ပြောလိုက်တယ်။

မိုက်ကယ်က "သူတို့ သတင်းစာတွေကို ဖတ်ပြီးလောက်ပြီ ထင်တယ်" လို့ ခန့်မှန်းလိုက်တယ်။

နာရီတိုက "မှန်ပါတယ် တခြားနယ်မြေတွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အရိပ်ဝံပုလွေတွေရဲ့ အစီရင်ခံချက်အရ အန်ဂိုရာမြို့မှာ ကျွန်တော်တို့ ပံ့ပိုးကူညီထားတဲ့ သတင်းတွေက ကွန်ရက်အများစုဆီကို ပျံ့နှံ့သွားခဲ့ပြီလို့ သိရပါတယ်" လို့ ထောက်ခံလိုက်တယ်။

"ပြီးတော့ သူတို့က ကျွန်တော်တို့အကြောင်း ပိုပြီးသိရှိနိုင်ဖို့အတွက် လာရောက်စုံစမ်းနေကြတာပါ။ သူတို့ကြားမှာ အဖြစ်များဆုံး သဘောထားကတော့ အဆင့်သတ်မှတ်ချက် မရှိတဲ့ ကုမ္ပဏီတစ်ခုက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ အဆင့် ၄၅၀ ဆီကို ရုတ်တရက် ဘယ်လိုကြောင့် ခုန်တက်သွားနိုင်တာလဲ၊ ပြီးတော့ မြို့တော်တစ်ခုကိုတောင် ပံ့ပိုးကူညီပေးနိုင်တဲ့အထိ ဖြစ်သွားရတာလဲဆိုတာကို သံသယဖြစ်နေကြတာပါ"

မိုက်ကယ်က ဒါကို မျှော်လင့်ထားပြီးသား ဖြစ်တာကြောင့် "အဆင်ပြေပါတယ်၊ သူတို့ သဘောရှိ လုပ်ပါစေ" လို့ ဆိုလိုက်တယ်။

နာရီတိုက "ကျွန်တော်တို့ကလည်း ဒီအခွင့်အရေးကို သုံးပြီး အဲဒီကုမ္ပဏီတွေထဲကို စိမ့်ဝင်ထိုးဖောက်ဖို့ အရိပ်ဝံပုလွေတွေကို စေလွှတ်ထားပါတယ်။ သူတို့က သူလျှိုတွေ စေလွှတ်လာတဲ့အခါ ကျွန်တော်တို့က သူတို့ရဲ့ အရိပ်တွေမှာ ကပ်တွယ်လိုက်ပြီး သူတို့ရဲ့ ကုမ္ပဏီတွေဆီအထိ လမ်းပြခေါ်ဆောင်သွားခိုင်းတာပါ" လို့ ပြောလိုက်တယ်။

မိုက်ကယ်က "အင်း...သူတို့ထဲမှာ လုပ်ငန်းစုကြီးတစ်ခုခုရဲ့ အမွေဆက်ခံသူ ဒါမှမဟုတ် ဆက်ခံမယ့်သူ ပါဝင်နေတာကို တွေ့ရင် ငါ့ကို ပြောပြပါ" လို့ ဆိုလိုက်တယ်။

အော့ခ်နှစ်ယောက်က ခေါင်းညိတ်ပြလိုက်ကြတယ်။

နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို သိရှိပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ ဟမ်းမားစတုန်းကုမ္ပဏီလို လုပ်ငန်းစုကြီးတွေရဲ့ လက်အောက်ခံကုမ္ပဏီတွေကို ရှာဖွေဖို့အတွက် ပိုပြီးတော့ တက်တက်ကြွကြွ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေါ့...သူတို့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းကို သူ့ကိုယ်ပိုင်အဖြစ် မရယူချင်ဘူးလို့ ပြောရင်တော့ ဒါဟာ လိမ်ညာရာ ရောက်လိမ့်မယ်လေ။

* * * * * * * *

All Chapters