← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 23 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 23 Ch. 269-270

အခန်း(၂၆၉)

အန်ဂိုရာနဲ့ နီယိုအော်ကပ်စ်ကို ဆက်သွယ်ပေးထားတဲ့ ရွှေလမ်းမကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားတာနဲ့ မိုက်ကယ်က ကွင်းစ်နယ်မြေဘက်ကိုပါ ထပ်ပြီး ချဲ့ထွင်ဖို့ အချိန်တန်ပြီလို့ ယူဆလိုက်တယ်။

"နိုဗာ... ကွင်းစ်နယ်မြေထဲက နယ်ပယ်အားလုံးကို ထိထိရောက်ရောက် ဖြတ်သန်းသွားနိုင်မယ့် ရွှေလမ်းမကြီးရဲ့ အကောင်းဆုံး လမ်းကြောင်းကို ပြပေးနိုင်မလား"

[နားလည်ပါပြီ... မြေပုံအညွှန်းကို ဖော်ပြပေးနေပါတယ်...]

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာ မိုက်ကယ်က တော်ဝင်တိုက်ကြီးရဲ့ သုံးဖက်မြင် မြေမျက်နှာသွင်ပြင်ပုံရိပ်ကို မြင်လိုက်ရတယ်။ အထူးသဖြင့် အန်ဂိုရာမြို့နဲ့ နီယိုအော်ကပ်စ် ပါဝင်တဲ့ ကွင်းစ်နယ်မြေရဲ့ အောက်ဘက် အစိတ်အပိုင်းကို ထင်းထင်းကြီး တွေ့ရတာပါ။

လက်ရှိမှာတော့ ရွှေလမ်းမကြီးကို ကိုယ်စားပြုတဲ့ အဝါရောင်လမ်းကြောင်းက ရီနေးတားရဲ့ ဩဇာသက်ရောက်ရာ နယ်မြေနှစ်ခုကို အဝေးပြေးလမ်းမကြီးတစ်ခုလို ဆက်သွယ်ပေးထားတယ်။

အဲဒီနောက်မှာတော့ တောက်ပါတဲ့ အဝါရောင်လိုင်းက အန်ဂိုရာမြို့ကနေ မြောက်ဘက်ဆီကို ထပ်ပြီး စီးဆင်းသွားတယ်။ ခရီးသွားရမယ်ဆိုရင် တစ်လလောက် ကြာမယ့်အကွာအဝေးမှာရှိတဲ့ ဘတ်ချ်ရောခ့်မြို့လို့ ခေါ်တဲ့ နေရာအသေးလေးဆီကို ဦးတည်နေတာပါ။ အဲဒီနေရာက အော့စဘုန်းလုပ်ငန်းစုရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖလဲယားကော့ပ်က မကြာသေးခင်ကမှ သိမ်းပိုက်ထားတဲ့ နယ်မြေ ဖြစ်ပုံရတယ်။

အကယ်၍ သူသာ အတ္တကြီးမယ်ဆိုရင် ရွှေလမ်းမကြီးကို ဘတ်ချ်ရောခ့်မြို့နဲ့ တိုက်ရိုက် ချိတ်ဆက်လိုက်ပြီး သူတို့နှစ်ဦးကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်အောင် ဖန်တီးလို့ ရတယ်။ ဘာလို့လဲဆိုတော့ ဖလဲယားကော့ပ်ရဲ့ ခေါင်းဆောင်ဆီမှာ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတစ်ခု ရှိနေတယ်ဆိုတာ မိုက်ကယ် အသေအချာ သိထားလို့ပါ။

ဒါပေမဲ့ အဲဒီလိုသာ လုပ်လိုက်ရင် အန်ဂိုရာမြို့ရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာရှိတဲ့ နယ်မြေ ဆယ်ခုလောက်ကို ကျော်ဖြတ်ခဲ့သလို ဖြစ်သွားလိမ့်မယ်။

အဲဒီနေရာတွေက သေးငယ်ပြီး ဘတ်ချ်ရောခ့်မြို့လောက် အရေးမပါဘူးလို့ ဆိုနိုင်ပေမယ့် မိုက်ကယ်အနေနဲ့ ရီနေးတားရဲ့ ပြန့်ပွားမှုကို အဲဒီနေရာတွေဆီကိုပါ အရောက်ပို့ပေးဖို့ လိုအပ်တယ်။

နောက်ဆုံးတော့ သူ ဒါတွေအားလုံးကို လုပ်နေရတဲ့ အဓိက အကြောင်းအရင်းက ရီနေးတား ကုမ္ပဏီတစ်ခုတည်းကသာ ပေးစွမ်းနိုင်တဲ့ သက်တောင့်သက်သာရှိမှုနဲ့ ပျော်ရွှင်စရာ လူနေမှုဘဝပုံစံကို ဒီကမ္ဘာက လူသားတွေဆီ ဖြန့်ဝေပေးချင်လို့ပါ။ အကယ်၍ သူကသာ အဲဒီလူတွေကို ပစ်ပယ်ထားခဲ့ရင် သူ့ရဲ့ အခြေခံမူဝါဒတွေကို စွန့်လွှတ်လိုက်သလို ဖြစ်သွားလိမ့်မယ်။

"နိုဗာ... အန်ဂိုရာမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာရှိတဲ့ နယ်မြေတွေ အားလုံးဆီကို ခွဲထွက်သွားမယ့် ရွှေလမ်းမကြီးရဲ့ ဗိသုကာပုံစံကို ပြင်ဆင်ပေးပါ"

[နားလည်ပါပြီ... ဒါက မိုက်ကယ် ရွေးချယ်နိုင်မယ့် အကောင်းဆုံး စစ်ဗျူဟာမြောက် လမ်းကြောင်း ဖြစ်ပါတယ်...]

[မိုက်ကယ်ရဲ့ ဩဇာအာဏာကို ဖြန့်ကျက်ပြီး ကွင်းစ်နယ်မြေရဲ့ တောင်ဘက်အစွန်းဆုံးဒေသကို အပြတ်အသတ် သိမ်းပိုက်လိုက်ခြင်းအားဖြင့် ရန်သူတွေအနေနဲ့ မိုက်ကယ်ရဲ့ နယ်မြေတွေကို ဘေးကနေ ညှပ်တိုက်နိုင်မယ့် လမ်းကြောင်း လုံးဝ ရှိတော့မှာ မဟုတ်ပါဘူး...]

ထုံးစံအတိုင်း နိုဗာ ပြောတာ မှန်နေပြန်တယ်။ မိုက်ကယ်အနေနဲ့ ရွှေလမ်းမကြီးကို ချဲ့ထွင်တဲ့နေရာမှာ စစ်ရေးအမြင်ဘက်ကပါ စဉ်းစားခဲ့ရမှာပါ။ ကွင်းစ်နယ်မြေက အေးအေးဆေးဆေးနဲ့ နာခံလွယ်တဲ့ ကင်းစ်နယ်မြေရဲ့ နယ်ပယ်တွေနဲ့ လုံးဝ မတူပါဘူး။ ဒီနေရာမှာ ပြိုင်ဘက်တွေ ရှိနေတယ်။ ဟမ်းမားစတုန်း ကုမ္ပဏီနဲ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ကြည့်ရင် ရီနေးတား ရောက်လာတာကို မြင်တာနဲ့ သူတို့က အလွယ်တကူ နောက်ဆုတ်ပေးကြမှာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။

"ကောင်းပြီ... ကျေးဇူးပဲ နိုဗာ... ငါတို့ရဲ့ အင်ဂျင်နီယာတွေကို ချက်ချင်းပဲ ဆောက်လုပ်ရေး စခိုင်းလိုက်မယ်"

မိုက်ကယ်က နေ့ခင်းပိုင်း အချိန်အတော်များများကို ရီနေးတားရဲ့ ပါရမီရှင် အင်ဂျင်နီယာတွေနဲ့ စကားပြောရင်း ကုန်လွန်စေခဲ့ပြီး အင်ဂျင်နီယာတွေကလည်း သူ့ရဲ့ ဆန္ဒအတိုင်း အန်ဂိုရာမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် ဂိတ်တံခါးတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ချက်ချင်း စတင်လိုက်ကြတယ်။

သူ့အနေနဲ့ မြို့စားမင်းဆီကနေ ခွင့်ပြုချက် တောင်းရဦးမယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ မြို့စားမင်းက အန်ဂိုရာမြို့ထဲမှာ ရီနေးတားအဖွဲ့ သဘောရှိ လုပ်ဆောင်နိုင်ခွင့် ပေးထားတဲ့ စာတစ်စောင်ကို ကြိုတင် ပို့ထားပြီးသား ဖြစ်နေတယ်။ ဒီကိစ္စက တော်ဝင်မျိုးနွယ်တွေကို ထိတ်လန့်သွားစေသလို ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လက်ရှိမှာတော့ မိုက်ကယ်က အဲဒီမြို့ရဲ့ မြို့စားမင်းအလား အုပ်ချုပ်နေတဲ့ သဘော ဖြစ်နေပါပြီ။

မော်တော်ကားတွေ ပေါ်လာတာက အန်ဂိုရာမြို့နဲ့ အခြားနေရာတွေရဲ့ ကုန်သွယ်မှုကို အကြီးအကျယ် တိုးတက်ပွင့်လန်းစေခဲ့တယ်။ ကုန်ပစ္စည်းတွေကို အရင်ကထက် ပိုမိုမြန်ဆန်စွာ ပို့ဆောင်နိုင်ခဲ့ပြီး ရရှိဖို့ ခဲယဉ်းလှတဲ့ ရှားပါးပစ္စည်းတွေကိုလည်း ရီနေးတားကုမ္ပဏီရဲ့ အရောင်းဌာနမှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်သလို ရွှေလမ်းမကြီးကြောင့် တော်ဝင်တိုက်ကြီးရဲ့ အခြားနေရာတွေကို ခရီးသွားလာသူတွေလည်း ပိုများလာတယ်။

ကွင်းစ်နယ်မြေမှာ ရှိတဲ့သူတွေက မော်တော်ကား ဒါမှမဟုတ် ရထားတွေနဲ့ ကင်းစ်နယ်မြေဘက်ကို ခရီးသွားကြပြီး ကင်းစ်နယ်မြေကလူတွေကလည်း ဒီဘက်ကို လာကြတယ်။ အဲဒီအခြေအနေက စီးပွားရေးလုပ်ငန်းတွေ ထွန်းကားဖို့ အခွင့်အလမ်းများစွာကို ဖန်တီးပေးခဲ့ပြီး ရွှေလမ်းမကြီး ဖြတ်သန်းသွားတဲ့ နယ်မြေတွေရဲ့ စီးပွားရေးကိုလည်း ပိုမို မြှင့်တင်ပေးခဲ့တယ်။

အချိန်ကြာလာတာနဲ့အမျှ ဒီဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အန်ဂိုရာမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ အခြားနယ်မြေတွေကပါ သတိထားမိလာကြတယ်။

သတင်းစာထဲက ဆောင်းပါးက သူတို့ကြားမှာ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့ပြီးသား ဖြစ်ပေမယ့် အန်ဂိုရာမြို့ရဲ့ လှုပ်ရှားမှုတွေ ပိုမို မြင့်တက်လာတာက သူတို့ရဲ့ အာရုံစိုက်မှုကို အသေအချာ ဖမ်းစားနိုင်ခဲ့တာပါ။

အဲဒီအထဲက အဖွဲ့တစ်ဖွဲ့ကတော့ အထူးတလည်ကို အာရုံစိုက်လာခဲ့တယ်။

အဲဒီအဖွဲ့ကတော့ သင့်တော်တဲ့ စကားလုံး ရှာရမယ်ဆိုရင် အသက်မွေးဝမ်းကျောင်းအတွက် မရိုးမသား နည်းလမ်းတွေကို သုံးစွဲကြသူတွေ ဖြစ်နေတယ်။

အကယ်၍ သူတို့ ဘာလုပ်လဲလို့ သွားမေးရင်တော့ သူတို့က ကုန်သည်တွေ၊ ခရီးသွားတွေနဲ့ တောအုပ်ထဲမှာ ဆိုးဝါးတဲ့ ကံကြမ္မာနဲ့ ကြုံတွေ့ရမယ့် ဧည့်သည်တွေကို ကာကွယ်ပေးတဲ့ လုံခြုံရေးလုပ်ငန်းကို လုပ်ကိုင်နေတာလို့ ဖြေကြလိမ့်မယ်။

လူတွေက ဒင်္ဂါးပြား အလုံအလောက် ပေးသရွေ့တော့ အဲဒီခရီးသွားဧည့်သည်တွေအနေနဲ့ တောနက်ထဲမှာ စခန်းချ ညအိပ်တဲ့အခါ အတိုက်ခိုက်ခံရမှာ မဟုတ်ဘူးလို့ အာမခံချက် ရနိုင်တယ်။

ဒါပေမဲ့ ညဘက်မှာ လူတွေကို လိုက်လံ တိုက်ခိုက်နေတာက သူတို့ကိုယ်တိုင်ပါလို့တော့ မည်သူ့ကိုမျှ ပြောပြနေစရာ မလိုပါဘူး။ အားလုံးက အလိုလို သိပြီးသားပဲလေ။

သူတို့ကတော့ အန်ဂိုရာမြို့နဲ့ ကွင်းစ်နယ်မြေရဲ့ ကျန်ရှိတဲ့ အစိတ်အပိုင်းတွေကို ပိုင်းခြားထားတဲ့ စိမ်းလန်းစိုပြည်ပြီး ကျယ်ဝန်းလှတဲ့ တောအုပ်ကြီးထဲမှာ အခြေစိုက် နေထိုင်ကြတဲ့ ဓားပြတွေ ဖြစ်ကြတယ်။

သားရဲတိရစ္ဆာန်တွေ၊ ရံဖန်ရံခါ ပေါ်လာတတ်တဲ့ မိစ္ဆာတွေနဲ့ အန္တရာယ်များတဲ့ ချောက်ကမ်းပါးတွေ ရှိနေပေမယ့်လည်း အဲဒီဓားပြတွေကတော့ အဲဒီတောအုပ်ကြီးထဲမှာ အခြေကျ နေထိုင်နေကြတာပါ။

သူတို့မှာ ဘာအခွင့်အာဏာ ဒါမှမဟုတ် ထောက်ခံချက်မှ မရှိဘဲနဲ့ အဲဒီနေရာကို သူတို့ပိုင်နက်အဖြစ် သတ်မှတ်ထားကြတယ်။

ဒါကြောင့်မို့လို့ အဲဒီတောအုပ်ကို ဖြတ်သန်းသွားလာဖို့ ကြိုးစားတဲ့ မည်သူ့ကိုမဆို သူတို့က လမ်းကြေး အနည်းအကျဉ်း တောင်းခံလေ့ ရှိတယ်။ အကယ်၍ ခရီးသွားတွေက နာခံမှုရှိရှိနဲ့ ငွေပေးရင်တော့ တောအုပ်ထဲက ခရီးစဉ်က ဘာဘေးအန္တရာယ်မှမရှိဘဲ ငြီးငွေ့စရာကောင်းလောက်အောင် အေးအေးဆေးဆေး ပြီးဆုံးသွားလိမ့်မယ်။ အကယ်၍ မပေးဘူးဆိုရင်တော့ ကုန်ပစ္စည်းတွေ လုယက်ခံရတာ ဒါမှမဟုတ် အသက်ဆုံးရှုံးရတာမျိုးနဲ့ ကြုံရမှာပါ။

သူတို့က ဒီလိုနည်းနဲ့ အသက်မွေးကြပြီး တောအုပ်ထဲက ဂူတွေထဲမှာ အတော်လေး ဆင့်ဆင့်ကဲကဲ ဇိမ်ကျကျ နေထိုင်နေကြတယ်။

ဒါပေမဲ့ မကြာသေးခင်ကစလို့ မြောက်ဘက်ကနေ တောင်ဘက်မှာရှိတဲ့ နာမည်ကျော် အန်ဂိုရာမြို့ဆီကို ဦးတည်သွားနေတဲ့ မြင်းလှည်းတွေ အများအပြား ဝင်ရောက်လာတာကို သူတို့ သတိထားမိလာကြတယ်။

အခုက ဆောင်းတွင်းကာလ အတော်လေး နက်ရှိုင်းနေပြီမို့ လူထုကြားမှာ ခရီးသွားလာဖို့ သိပ်ပြီး မသင့်တော်တဲ့ အချိန်မျိုး ဖြစ်နေတယ်။

ပုံမှန်ဆိုရင်တော့ ဒါက တစ်ဖွဲ့လုံးအတွက် အောင်ပွဲခံရမယ့် ကိစ္စမျိုးပါ။ ခရီးသွားဧည့်သည် များများလာလေ လမ်းကြေး များများရလေဖြစ်ပြီး ရလာတဲ့ ငွေတွေနဲ့ အရက်သောက်ရင်း ခန္ဓာကိုယ်ကို နွေးထောင်အောင် လုပ်နိုင်တာမို့ ဖြစ်တယ်။

ဒါပေမဲ့ အကဲခတ်ကောင်းတဲ့ ဓားပြအချို့က မြောက်ဘက်ကနေ ဆင်းလာတဲ့ မြင်းလှည်းတွေ အများကြီး ရှိနေပေမယ့် တောင်ဘက်ကနေ ပြန်တက်လာတဲ့ မြင်းလှည်း တစ်စီးမှ မရှိတာကို သတိပြုမိသွားကြတယ်။

သူတို့က အန်ဂိုရာမြို့ကို ရောက်သွားပြီးတဲ့နောက်မှာ ဘယ်တော့မှ ပြန်မလာတော့ဖို့ ဆုံးဖြတ်လိုက်ကြသလိုမျိုး ဖြစ်နေတယ်။

ဓားပြခေါင်းဆောင်က ချက်ချင်းပဲ သူ့လူတွေကို ခရီးသွားတစ်ယောက်ကို ဖမ်းဆီးပြီး အချက်အလက်တွေ စုံစမ်းမေးမြန်းဖို့ တာဝန်ပေးလိုက်တယ်။

သူတို့က နှင်းတွေ ဖုံးလွှမ်းနေတဲ့ ခြုံပုတ်တွေထဲမှာ ပုန်းအောင်း စောင့်ဆိုင်းနေတုန်း မြင်းနှစ်ကောင် ဆွဲလာတဲ့ မြင်းလှည်းတစ်စီးက သူတို့ ပုန်းနေတဲ့ နေရာကို ဖြတ်ပြီး ဖြည်းဖြည်းချင်း မောင်းနှင်လာခဲ့တယ်။

"ရပ်လိုက်စမ်း" သူတို့က အော်ဟစ်လိုက်ကြတယ်။

မြင်းတွေက ချက်ချင်းပဲ လန့်ဖျပ်သွားပြီး ရှေ့ခြေထောက်နှစ်ဖက်ကို ထောင်လို့ ရူးသွပ်မတတ် ဟီတွတ်လိုက်ကြတယ်။

မြင်းလှည်းထဲက လူက ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်လိုက်တဲ့အခါ နှင်းဖုံးနေတဲ့ ခြုံပုတ်တွေက ရုတ်တရက် ထရပ်လိုက်ပြီး ဝတ်စုံဖြူတွေနဲ့ အသွင်ယူထားတဲ့ ဓားပြတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။

သူတို့လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ထက်မြက်တဲ့ လက်နက်တွေကတင် မြင်းလှည်းထဲက လူကို လက်နက်ချဖို့ စဉ်းစားစေဖို့ လုံလောက်နေပါပြီ။

"ဒါ ဘာအဓိပ္ပာယ်လဲ... ငါ လမ်းကြေး ပေးခဲ့ပြီးပြီလေ" သူက လှမ်းပြီး အော်ပြောလိုက်တယ်။

"မစိုးရိမ်ပါနဲ့... ငါတို့က မင်းကို နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး" ဓားပြတစ်ယောက်က ပြောလိုက်တယ် "ငါတို့က မေးခွန်းအချို့ မေးချင်လို့တင်ပါ"

ဓားပြတွေက မြင်းလှည်းနားကို ချဉ်းကပ်လာပြီး တံခါးကို အတင်းအဓမ္မ ဆွဲဖွင့်လိုက်တာကြောင့် အေးစိမ့်တဲ့ လေညင်းတွေ အတွင်းထဲကို တိုးဝင်သွားတယ်။

အဲဒီနောက် ဓားပြတစ်ယောက်က အတွင်းထဲကို ဝင်လာပြီး တစ်ဖက်ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကာ ကုန်သည်နဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားတယ်။

"ပထမဆုံးအနေနဲ့ မိတ်ဆက်ရအောင်... ငါ့နာမည်က စလစ်ဇီ... မင်းကကော ဘယ်သူလဲ"

ကုန်သည်က အဲဒီလူကို သံသယစိတ်နဲ့ စိုက်ကြည့်ပြီးမှ ပြန်ဖြေလိုက်တယ်။

"ကျွန်တော်က သာမန် ကုန်သည်တစ်ယောက်ပါ... ချောကလက်တွေ ရောင်းပါတယ်"

* * * * * * * *

စာစဉ်(၂၃)

အခန်း(၂၇၀)

စလစ်ဇီလို့ခေါ်တဲ့ ဓားပြက ခေါင်းကို တစ်ချက် စောင်းလိုက်ပြီး ချောကလက်ဆိုတဲ့ ကုန်ပစ္စည်းမျိုးကို လုံးဝ မသိတဲ့ပုံစံ ဖြစ်နေတယ်။

"ဟင်း။ အဲဒါမျိုး တစ်ခါမှ မကြားဖူးပါဘူး။ ပြီးတော့ မင်းရဲ့ မြင်းလှည်းထဲမှာလည်း ကုန်ပစ္စည်း အရိပ်အယောင်တောင် မမြင်ရပါလား"

စလစ်ဇီက အိတ်ထဲကနေ ဓားမြှောင်တစ်ချောင်းကို ထုတ်ပြီး လက်ထဲမှာ လှည့်ကစားနေတယ်။ ဓားသွားရဲ့ အလင်းပြန်မှုက ချောကလက် ကုန်သည်ဆီကို တည့်တည့်ကြီး ကျရောက်နေတယ်။

"မင်း ငါ့ကို လိမ်နေတာလား"

"မဟုတ်ပါဘူး၊ မဟုတ်ရပါဘူးဗျာ" လို့ ချောကလက် ကုန်သည်က သူ ဘာမှမသိကြောင်း သက်သေပြတဲ့အနေနဲ့ လက်နှစ်ဖက်လုံး မြှောက်ပြီး အသည်းအသန် ငြင်းရှာတယ်။

"တကယ်ပြောတာပါ။ ကျွန်တော့်ရဲ့ ကုန်ပစ္စည်းတွေ အကုန်လုံး ရောင်းလိုက်ရလို့ အန်ဂိုရာမြို့ကို ပစ္စည်း အပို ထပ်ယူဖို့ ပြန်လာတာပါ"

ဓားပြက ကုန်သည်ကို စူးစိုက်ကြည့်နေပြီး မြင်းလှည်းထဲမှာ နေရခက်စရာ တိတ်ဆိတ်မှုကြီးက စိုးမိုးသွားတယ်။

"မင်းကို ယုံပါတယ်ဗျာ။ ဟားဟား၊ သိပ်လည်း မစိုးရိမ်ပါနဲ့" လို့ စလစ်ဇီက ချောကလက် ကုန်သည်ရဲ့ ပုခုံးကို ပုတ်ရင်း ပြောလိုက်တယ်။

"နားထောင်စမ်း။ ငါ မင်းရဲ့ အချိန်တွေကို ထပ်ပြီး မဖြုန်းချင်တော့ပါဘူး။ ဒါပေမဲ့ ငါ သိချင်လို့ပါ။ လူတွေ အများကြီး အန်ဂိုရာမြို့ဆီ သွားနေကြတဲ့ သီးခြား အကြောင်းရင်းများ ရှိလို့လား"

ချောကလက် ကုန်သည်က ခဏလောက် ငြိမ်ကျသွားတယ်။ သူ့ရဲ့ ပထမဆုံး အသိစိတ်က လိမ်ပြောဖို့ပဲ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်နဲ့ ရီနေးတား ကုမ္ပဏီကို ဒုက္ခမရောက်စေချင်ဘူးလေ။

ဒါပေမဲ့ ဝယ်သူပဲဖြစ်ဖြစ်၊ ရာဇဝတ်ကောင်ပဲဖြစ်ဖြစ် ရီနေးတား ရဲ့ ကုန်ပစ္စည်းတွေအကြောင်းကို အမြဲတမ်း သတင်းဖြန့်ပေးဖို့ မိုက်ကယ်က အတိအကျ မှာထားတာကို သူ သတိရသွားပြန်တယ်။

ကုန်သည်ဟာ မိုက်ကယ် ပြောဖူးတဲ့ 'သတင်းထွက်သမျှ အားလုံးက သတင်းကောင်းပဲ' ဆိုတဲ့ စကားကိုတောင် မှတ်မိနေသေးတယ်။ အဓိပ္ပာယ်ကတော့ ဘယ်လို အာရုံစိုက်မှုမျိုးမဆို ရီနေးတား ကုမ္ပဏီအတွက် အကျိုးရှိစေမှာမလို့ပဲ ဖြစ်တယ်။

ဒါကြောင့် သူက လူထု ကြားထဲမှာ သိထားပြီးသား အကြောင်းအရာကိုပဲ ရိုးရိုးသားသား ပြောပြလိုက်တယ်။ လူတွေကြား ပျံ့နှံ့နေတဲ့ သတင်းစာ အကြောင်းအရာအပေါ် သူက ပြောပြလိုက်တာ ဖြစ်တယ်။

"ငါ့ကို လိမ်မပြောတာ သိရလို့ ဝမ်းသာပါတယ်" လို့ စလစ်ဇီက ဓားမြှောင်ကို ဓားအိမ်ထဲ ပြန်ထည့်ရင်း ပြောတယ်။ "ငါတို့ အန်ဂိုရာမြို့ဘက်ကို လာတဲ့ တခြား မြင်းလှည်းတွေကိုလည်း မေးခဲ့ပြီးပြီ။ သူတို့အားလုံးလည်း ဒီအတိုင်းပဲ ပြောကြတယ်။ သူတို့က နာမည်ကြီး ရီနေးတား ကုမ္ပဏီဆီကို သွားလည်ချင်ကြတာတဲ့"

"ဒါဆို... မင်းတို့ သူတို့အကြောင်း သိထားတာပေါ့"

စလစ်ဇီက ခေါင်းညိတ်ပြီး သူ့ခုံပေါ်မှာ နောက်မှီထိုင်လိုက်တယ်။

"အေးလေ။ ငါတို့က တောထဲမှာ နေထိုင်ကြတယ်ဆိုပေမဲ့ လူသူမနီးတဲ့ တောမှီရသေ့တွေတော့ မဟုတ်ဘူး။ မင်းတို့ ထင်ထားတာထက်ပိုပြီး လူ့အဖွဲ့အစည်းရဲ့ လတ်တလော ဖြစ်ပျက်နေတာတွေကို ငါတို့ အဆက်အသွယ် ရှိပါတယ်။

ကမ္ဘာ့ အဆင့် ၄၅၀ ရှိတဲ့ လတ်တလော ကုမ္ပဏီကြီးအကြောင်း ငါတို့ ကြားတာပေါ့။ အဲဒါကြီးက အမှန်တကယ် ဖြစ်နေတယ်ဆိုတာ ယုံရခက်လို့ပါ"

ချောကလက် ကုန်သည်အနေနဲ့ အဲဒီစကားကို ကြားဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ လူတွေ အများကြီး အန်ဂိုရာမြို့ဆီ သွားလည်ကြတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အဲဒီ သတင်းတွေဟာ တကယ် ဟုတ်မဟုတ်ဆိုတာကို လူတွေက သိချင်လို့ ဖြစ်တယ်။

ဒီသတင်းက ဓားပြတွေရဲ့ နားထဲအထိပါ ရောက်ရှိသွားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။

စလစ်ဇီက လက်ခုပ်တစ်ချက် တီးလိုက်တာမလို့ အတွေးလွန်နေတဲ့ ကုန်သည်မှာ လန့်သွားရတယ်။

"ကဲ၊ ဒီနေ့အတွက် ငါ မေးချင်တာ ဒါပါပဲ။ ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်"

စလစ်ဇီက မြင်းလှည်းပေါ်က ဆင်းသွားပြီး သူ့မျက်နှာပေါ်မှာ အပြုံးကြီးနဲ့ လက်ဝှေ့ယမ်းပြနေတာကို ချောကလက် ကုန်သည်က ကြည့်နေမိတယ်။

ဓားပြက ရထားထိန်းကို သွားဖို့ အချက်ပြလိုက်တာမလို့ အဘိုးအိုက ဇက်ကြိုးကို ရိုက်နှိပ်ပြီး နှင်းတောလမ်းထဲမှာ မြင်းတွေကို စတင် ကဆုန်စိုင်းစေတယ်။

မြင်းလှည်းက တဖြည်းဖြည်း ဝေးရာကို ရောက်သွားတဲ့အခါ ချောကလက် ကုန်သည်က နောက်လှည့်ကြည့်လိုက်တော့ လမ်းမကြီးက လုံးဝ ခြောက်ကပ်နေပြီး ဓားပြတွေရဲ့ အရိပ်အယောင်တောင် မရှိတော့တာကို တွေ့ရတယ်။ လမ်းပေါ်က နှင်းထူထူထဲမှာ မြင်းနဲ့ မြင်းလှည်းရဲ့ အမှတ်အသားတွေကလွဲလို့ ဘာမှ ရှိမနေတော့ပါဘူး။

ချောကလက် ကုန်သည်က ရီနေးတားမြို့သားတွေဆီ သွားပြီး ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို အမြန်ဆုံး သတင်းပို့ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီအတောအတွင်း ခြုံပုတ်တွေထဲမှာတော့ ဓားပြအဖွဲ့ဝင် ဆယ်ယောက်လောက်က စလစ်ဇီကို အလယ်မှာထားပြီး ဝိုင်းဖွဲ့လိုက်ကြတယ်။

"ငါတို့ ဘာဆက်လုပ်ကြမလဲ၊ စလစ်ဇီ" လို့ ဓားပြတစ်ယောက်က မေးတယ်

"ငါ နည်းနည်းတော့ စိတ်ဝင်စားသွားပြီလေ။ မြင်းမပါတဲ့ သံမြင်းလှည်းတွေနဲ့ လူပုတွေရဲ့ သံထည်ပစ္စည်းတွေအကြောင်း သတင်းတွေ အားလုံးက ငါ့ကို နည်းနည်းတော့... လောဘတက်စေတယ်" လို့ သူက ပါးစပ်ကို လျှာနဲ့ သပ်ရင်း ပြောလိုက်တယ်။

တခြား ဓားပြတွေကတော့ စလစ်ဇီကို စိုးရိမ်တဲ့ မျက်နှာပေးတွေနဲ့ ကြည့်နေကြတယ်။

"စလစ်ဇီ... ဆရာကြီးက ငါတို့ကို တခြား နယ်မြေတွေကို ဝင်မရှုပ်ဖို့ ပြောထားတယ်လေ။ ငါတို့က ဆောက်သ်တစ်ပ် တောအုပ်ထဲမှာပဲ နေရမှာလေ"

"ငါလည်း သဘောတူတယ်" လို့ ဓားပြတစ်ယောက်က ပြောတယ်။

"ပြီးတော့ ငါတို့ သူတို့အိတ်ထဲက ရွှေဒင်္ဂါးတွေကို နည်းနည်းလောက် နှိုက်ချင်တယ်ဆိုရင်တောင် သူတို့က တောအုပ်ကို ဖြတ်သန်းသွားလာတဲ့ အချိန်ကျမှပဲ လုပ်သင့်တယ်။ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေထဲမှာ ရှိနေတုန်းတော့ မလုပ်သင့်ဘူး"

စလစ်ဇီက တခြား ဓားပြတွေကြားထဲ ခေါင်းခါလိုက်ပြီး လျှာတစ်ချက် သပ်လိုက်တယ်။

"မင်းတို့ကတော့ ရည်မှန်းချက် လုံးဝ မရှိကြဘူးပဲ" လို့ သူက အော်ပြောလိုက်တယ်။

"လုပ်စမ်းပါ။ ဒီ ရီနေးတား ကုမ္ပဏီအသစ်ကို ဖျက်ဆီးပစ်ချင်နေတာ ငါတို့တစ်စုတည်း မဟုတ်ဘူးဆိုတာ မင်းတို့ မမြင်ဘူးလား။ ငါတို့သာ ထပ်ပြီး စောင့်နေမယ်ဆိုရင် တခြား ကုမ္ပဏီတွေက ရီနေးတား ကုမ္ပဏီကို သိမ်းပိုက်ပြီး သူတို့ရဲ့ တီထွင်မှုတွေ အကုန်လုံးကို ကိုယ်ပိုင်အဖြစ် ယူသွားကြလိမ့်မယ်လို့ ငါ လောင်းရဲတယ်"

ဓားပြတွေဟာ တစ်ချိန်လုံး ကျိုးကြောင်းဆင်ခြင်နိုင်ခဲ့ကြပေမဲ့ စလစ်ဇီရဲ့ စကားကို ကြားပြီးနောက်မှာတော့ နည်းနည်း စိတ်လှုပ်ရှားလာကြတယ်။ အဲဒါက သူတို့ရဲ့ လူသတ်ဗီဇကို နှိုးဆွပေးလိုက်သလို ဖြစ်သွားတယ်။

ဒီ သက်သေမပြရသေးတဲ့ ကုမ္ပဏီအသစ်ကို သားကောင်အဖြစ် အမဲလိုက်မယ့်သူ ရှိမယ်ဆိုရင် အဲဒါ သူတို့ပဲ ဖြစ်ရမယ်။

"ဒါပေမဲ့ သူတို့က ဟမ်းမားစတုန်း လူတွေကို အနိုင်ပိုင်းခဲ့တယ်လို့ ပြောကြတယ် မဟုတ်ဘူးလား။ ဒါတင်မကဘဲ သူတို့က အဆင့် ၄၅၀ လည်း ဖြစ်နေတယ်။ အဲဒီလို လုပ်နိုင်ဖို့ သူတို့ဆီမှာ တော်တော် သန်မာတဲ့ တိုက်ခိုက်ရေးသမားတွေ ရှိနေမှာ မဟုတ်ဘူးလား"

စလစ်ဇီက ဓားပြရဲ့ စိုးရိမ်မှုကို လက်ဝှေ့ယမ်းပြီး ပယ်ချလိုက်တယ်။

"သွားစမ်းပါ။ အဲဒီ ဟမ်းမားစတုန်း ကုမ္ပဏီက ဆွေမျိုးကောင်းမှုနဲ့ နေရာရနေတဲ့ ကောင်လေးတစ်ယောက် စီမံနေတာပါ။ ကြိုးချည်ထားတဲ့ အိမ်တစ်လုံးကို ဖျက်ဆီးပစ်ဖို့က သိပ်မခက်ခဲပါဘူး

ပြီးတော့ ငါတို့က သူတို့နဲ့ စစ်ပွဲ ဆင်နွှဲမှာလည်း မဟုတ်ဘူးလေ။ ငါ အကြံပြုချင်တာက သူတို့ဆီကနေ နည်းနည်းလောက် ခြိမ်းခြောက် ငွေညှစ်ဖို့ပဲ။ မင်းတို့ သိတဲ့အတိုင်း သူတို့ အိတ်ထဲကနေ ငါတို့ တစ်သက်လုံး သုံးလို့ရမယ့် ငွေလောက်ပဲ ညှစ်ထုတ်မှာပါ။

သူတို့ တိုးချဲ့နေတဲ့ အရှိန်အဟုန်အရဆိုရင် ငါတို့ အသုံးချလို့ရမယ့် အားနည်းချက်အချို့ ရှိနေမှာ အသေအချာပဲ။

ဒီတောအုပ်ထဲမှာ ငါတို့ မအခြေချခင်က ငါတို့ ဘယ်သူတွေလဲဆိုတာ မင်းတို့ကိုယ်မင်းတို့ ပြန်မေးကြည့်စမ်း။ ငါတို့က ကိုယ်လိုချင်တာကို ဘာမေးခွန်းမှ မမေးဘဲ ရအောင်ယူတတ်တဲ့ လွတ်လပ်တဲ့ ဝိညာဉ်တွေ မဟုတ်ကြဘူးလား"

တခြား ဓားပြတွေက တိတ်ဆိတ်သွားကြပြီး တစ်ယောက်ချင်းစီက စလစ်ဇီရဲ့ အဆိုပြုချက်ကို အလေးအနက် စတင် စဉ်းစားလာကြတယ်။

"ဒါတင်မကသေးဘူး၊ သူတို့ လက်ထဲမှာ မီသရယ် မှော်ဝင်ပစ္စည်းတွေ ရှိနေတယ်လို့ ငါ ကြားထားတယ်"

ဒီ ငါးစာ သေးသေးလေးကပဲ ဓားပြတွေကို စလစ်ဇီရဲ့ သဘောထားအတိုင်း သဘောတူဖို့ နောက်ဆုံးမှာ ဆွဲဆောင်နိုင်ခဲ့တဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ သူတို့က ယုံကြည်မှုရှိတဲ့ အပြုံးတွေ၊ မျှော်လင့်ချက်အပြည့်နဲ့ မျက်နှာပေးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

ရီနေးတား ကုမ္ပဏီက စုဆောင်းထားတဲ့ ရွှေဒင်္ဂါးတွေကို သူတို့ လက်ထဲ ရောက်ရှိလာမယ့်အချိန်ကို သူတို့ မစောင့်နိုင်တော့ပါဘူး။

"ငါတို့ စခန်းကို ပြန်ကြစို့။ ဘယ်သူ့ကိုမှ ဘာမှ သွားမပြောနဲ့။ ငါတို့ ပစ္စည်းတွေကို ပြင်ဆင်ပြီး ညဘက်ကျရင် ထွက်ခွာကြမယ်" လို့ စလစ်ဇီက သူတို့ကို သတိပေးလိုက်တယ်။

အဲဒီနောက်မှာတော့ ဓားပြတွေဟာ နှင်းတွေ ဖုံးလွှမ်းနေတဲ့ တောအုပ်အနက်ပိုင်းဆီကို ပြန်လည် လျှောက်လှမ်းသွားကြတယ်

စလစ်ဇီက နောက်လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက နေရာအနှံ့ ပျာယာခတ်သွားတယ်။ သူက တခြား ဓားပြတွေကို ကြည့်လိုက်ပေမဲ့ စည်းချက်ကျကျ ထွက်ပေါ်နေတဲ့ အသံအပေါ် ဘယ်သူမှ တုံ့ပြန်မှု မရှိတာကို မြင်တော့ သူ့ရဲ့ အာရုံခံစားမှုကို သူ ကိုယ်တိုင် သံသယဝင်သွားတယ်။

အဲဒါဟာ ဆောင်းရာသီရဲ့ အေးစက်တဲ့ လေပြင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်လိမ့်မယ်လို့ သူ့ကိုယ်သူ ပြန်ပြီး နားချလိုက်တယ်။

ဒီအတောအတွင်း အန်ဂိုရာမြို့မှာတော့ မိုက်ကယ်က ကုတင်ပေါ်မှာ ထိုင်နေပြီး အရိပ်အဖွဲ့ အော့ခ် နှစ်ယောက်က အခြေအနေ အပြည့်အစုံကို သူ့ထံ အသေးစိတ် လာရောက် သတင်းပို့နေကြတယ်။

"မင်းတို့က အရိပ်အဖွဲ့ အော့ခ်တွေကို သုံးပြီး ချောကလက် ကုန်သည်တွေကို ကာကွယ်ပေးခဲ့တာ ကောင်းတဲ့ အလုပ်ပဲ" လို့ သူက သူတို့ကို ပြောလိုက်တယ်။

"သူတို့က ငါတို့ နိုင်ငံသားတွေ မဟုတ်ကြပေမဲ့ ကုမ္ပဏီကြီးထွားမှုအတွက် အရေးပါနေတုန်းပဲလေ။ ဒါကြောင့် သူတို့နဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်ကို စောင့်ကြည့်ဖို့ အရိပ်အဖွဲ့ဝင်တစ်ယောက်ကို တာဝန်ပေးထားတာက သဘာဝကျပါတယ်" လို့ နာရီတိုက ပြန်ပြောတယ်။

"ငါတို့ ဘာဆက်လုပ်ရမလဲ၊ သခင်" လို့ ဆာစူကီက ဒူးထောက်ရင်း ပြောတယ်။

"သူတို့ကို ရှင်းပစ်လိုက်ရမလား"

"ဟွန်း... သူတို့က ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားနေကြတာဆိုတော့ စောင့်ရုံပဲ စောင့်ကြည့်ထားလိုက်။ မဟုတ်ရင် သူတို့ကတစ်ဆင့် အန်ဂိုရာမြို့အနီးက တခြား နယ်မြေတွေအကြောင်း သတင်းအချက်အလက်တွေ ပိုရနိုင်တယ်။

ပြီးတော့ သူတို့က ငါတို့ကို တကယ်ပဲ လာရောက် ဓားပြတိုက်ဖို့ ကြိုးစားမယ်ဆိုရင်တော့ အလုပ်သင်တွေကို လွှတ်လိုက်ပါ။ အဲဒါက သူတို့အတွက် ကောင်းမွန်တဲ့ အတွေ့အကြုံ ဖြစ်လိမ့်မယ်"

အရိပ်အဖွဲ့ အော့ခ် နှစ်ယောက်က ခေါင်းညိတ်လိုက်ပြီး အရိပ်တွေထဲကို ပြန်လည် နစ်မြုပ် ပျောက်ကွယ်သွားကြတယ်။

* * * * * * * *

All Chapters