← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 23 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 23 Ch. 273-274

အခန်း(၂၇၃)

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ရွှေလမ်းမကြီးဟာ ဂရက်ဖ်တက်ကလတ်စတာဆီက ပထမဆုံး အခြေချရွာလေးဆီကို နောက်ဆုံးမှာ ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီနေရာက လူဦးရေ သုံးရာကျော်လောက်ပဲ ရှိတဲ့ ရွာသိမ်ရွာငယ်လေး တစ်ရွာမျှသာ ဖြစ်ပါတယ်။

ဒီအခြေချရွာက ဒေသခံတွေဟာ ရီနေးတားအင်ဂျင်နီယာတွေ လမ်းတလျှောက်ရှိတဲ့ မြောင်းထဲကို ကွန်ကရစ်အရည်တွေ လောင်းထည့်ပြီး မှော်ပညာအကူအညီ အနည်းငယ်နဲ့ နာရီပိုင်းအတွင်း မာခဲသွားအောင် လုပ်ပြတာကို မျက်ဝါးထင်ထင် စောင့်ကြည့်ခဲ့ကြတယ်။ အထူးသဖြင့် မိုးကုပ်စက်ဝိုင်းဆီကနေ ပထမဆုံး မော်တော်ကားအနည်းငယ် မောင်းနှင်ဝင်ရောက်လာတဲ့အချိန်မှာတော့ သူတို့အားလုံး အံ့ဩမှင်တက်သွားကြရတယ်။

ဒီထရပ်ကားတွေက အခုအခြေချရွာမှာ ရီနေးတားကုမ္ပဏီအတွက် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ ကုန်ပစ္စည်းအားလုံးကို သယ်ဆောင်လာခဲ့တာပါ။ မိုက်ကယ်ကတော့ ဂရက်ဖ်တက်ကလတ်စတာရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ဖို့အတွက် မြေအောက်ရေတွင်း တူးဖော်ပေးတာမျိုးအထိပါ အစီအစဉ်ဆွဲပြီး တွေးထားတာထက်ကို ပိုပြီးတော့ ဆောင်ရွက်ပေးခဲ့တယ်။

မော်တော်ကားတွေ ရောက်လာပြီးတဲ့နောက်မှာ သူက သူ့ရဲ့အရိပ်တွေကတစ်ဆင့် အဲဒီနေရာဆီကို ကူးပြောင်းသွားပြီး သူ့ရဲ့ရည်ရွယ်ချက်တွေကို ပြောပြဖို့ အခြေချရွာရဲ့ ဒေသခံခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

"မင်းက ရီနေးတားကုမ္ပဏီရဲ့ ပိုင်ရှင်လား"

ခါးကုန်းကုန်းနဲ့ အဘိုးအိုက မိုက်ကယ်ကို မေးလိုက်တယ်။ မိုက်ကယ်က ကိုယ့်ကိုယ်ကိုယ်တောင် မိတ်မဆက်ရသေးခင်မှာ အဘိုးအိုက သူဟာ ခေါင်းဆောင်ဆိုတာကို သိနေတဲ့အတွက် အနည်းငယ်တော့ အံ့ဩသွားမိတယ်။ ဒါပေမဲ့ အဘိုးအိုကတော့ သူဟာ ကုမ္ပဏီရဲ့ခေါင်းဆောင်မှန်း ရိပ်မိနေတဲ့ပုံပဲ။

"ဟုတ်ပါတယ်။ အဘိုးက ဘယ်လိုလုပ် သိတာလဲ"

အဘိုးအိုက ပြုံးလိုက်ပြီး မော်တော်ထရပ်ကားတွေပေါ်ကနေ ပစ္စည်းတွေ ချနေကြတဲ့ ရီနေးတားနိုင်ငံသားတွေဆီကို လက်ညှိုးထိုးပြတယ်။

"သူတို့တွေက မင်းကို တစ်ချိန်လုံး ရိုရိုသေသေနဲ့ ကြည့်နေကြတာကိုး" လို့ သူက ပြောတယ်။

"ဒီလိုရိုသေမှုမျိုးက မင်းလို ကြင်နာတတ်တဲ့ ခေါင်းဆောင်မျိုးအတွက်ပဲ သီးသန့်ရှိနိုင်တာပါ"

သူ အမွှန်းတင်ခံလိုက်ရသလို ခံစားလိုက်ရတယ်။

"အဘိုးက ကျွန်တော်တို့အကြောင်း ကြားဖူးလို့လား"

အဘိုးအိုက ခေါင်းငြိမ့်ပြတယ်။

"အန်ဂိုရာမြို့ရဲ့ စပွန်ဆာအသစ်အကြောင်း ပြောနေကြတာတွေ အများကြီး ကြားထားပါတယ်။ ငါ့နားတွေက သိပ်မကောင်းတော့ဘူးဆိုပေမဲ့ မင်းအကြောင်း ကြားရဖို့အတွက်တော့ ကောင်းကောင်း ကြားနိုင်ပါသေးတယ်"

မိုက်ကယ်က ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ အခြေချရွာလေးရဲ့ မဖွံ့ဖြိုးသေးတဲ့ အခြေအနေကို မြင်လိုက်ရတယ်။ အဆောက်အအုံအများစုက သစ်သားတွေ၊ သက်ကယ်မိုးတွေနဲ့ ဆောက်ထားပြီး လမ်းတွေကလည်း ရွှံ့ဗွက်တွေနဲ့ တင်မကဘဲ သွားလာလှုပ်ရှားသူလည်း သိပ်မရှိဘူး။ သူတို့မှာ ဈေးတောင်မရှိဘဲ လှည့်လည်ရောင်းချတဲ့ ကုန်သည်တွေဆီကနေပဲ ပစ္စည်းတွေရဖို့ အားကိုးနေကြရတာ။

"ကျွန်တော်တို့ ကုမ္ပဏီကို ဒီမှာ တည်ထောင်လို့ရမလား။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အခြေခံအဆောက်အအုံတွေကိုကော တည်ဆောက်လို့ ရမလား"

အဘိုးအိုက ခေါင်းငြိမ့်ပြီး သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်ပြတယ်။ "မင်းတို့ ဒီလိုလုပ်မှာကို ငါတို့က အလွန်ပဲ ကြိုဆိုပါတယ်"

"ဒီနေရာနဲ့ အန်ဂိုရာမြို့ကို ဆက်သွယ်ပေးမယ့် ရွှေလမ်းမကြီးတစ်ခု ဖောက်လုပ်ဖို့ ကျွန်တော် စီစဉ်နေပါတယ်။ မြင်းလှည်းနဲ့ဆိုရင်တော့ သုံးရက်လောက် သွားရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ တက္ကစီမော်တော်ကား ဝန်ဆောင်မှုနဲ့ဆိုရင်တော့ တစ်ရက်တည်းနဲ့ ရောက်နိုင်ပါတယ်"

သူက နယ်မြေတိုင်းမှာ ဘတ်စကားဂိတ်တစ်ခုစီ တည်ဆောက်ဖို့လည်း စီစဉ်ထားပြီး သာမန်လူတွေအနေနဲ့ အန်ဂိုရာလို မြို့ကြီးတွေကို လွယ်လွယ်ကူကူ သွားလာနိုင်အောင် လုပ်ပေးချင်တာ ဖြစ်ပါတယ်။

မိုက်ကယ်က ရီနေးတားအင်ဂျင်နီယာချုပ်ဖြစ်တဲ့ ခုန်းကို အခြေချရွာမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ဖို့ ညွှန်ကြားလိုက်တယ်။ သူတို့ရဲ့ ပထမဆုံးလုပ်ငန်းကတော့ မြေအောက်ရေလွှာကနေ ရေပိုက်လိုင်းသွယ်တန်းပြီး ရေရရှိအောင် လုပ်ပေးဖို့ပဲ။

သူတို့ တစ်နာရီလောက်ပဲ အချိန်ယူလိုက်ရပြီး လက်နှိပ်ရေတွင်းနက်တစ်ခုကို တပ်ဆင်ပေးနိုင်ခဲ့တာမို့ ရွာသူရွာသားတွေ သောက်သုံးဖို့နဲ့ ရေချိုးဖို့အတွက် သန့်ရှင်းတဲ့ရေကို ရရှိသွားစေတယ်။

"ဝိုး ရေတွေဟေ့"

ပိုက်တွေထဲကနေ ရေတွေ မြေကြီးပေါ်ကို ပန်းထွက်လာတဲ့အခါ ကောင်လေးတစ်ယောက်က အော်ပြောလိုက်တယ်။

အခြေချရွာရဲ့ လူဦးရေတစ်ခုလုံးဟာ ဒီထူးခြားတဲ့ အခိုက်အတန့်ကို ဆင်နွှဲကြပြီး ရီနေးတားနိုင်ငံသားတွေကို သမင်ခြောက်သားတွေနဲ့ ယုန်သားရေတွေ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြတယ်။

အဘိုးအိုက မိုက်ကယ်အနားကို ချဉ်းကပ်လာတယ်။ "ဒါက ငါ့ဘက်က လွန်ရာကျချင်ကျလိမ့်မယ်။ ဒါပေမဲ့ ငါတို့အားလုံးက မင်းရဲ့ အုပ်ချုပ်မှုအောက်မှာပဲ နေချင်ကြတာပါ"

"အဘိုးတို့က ရီနေးတားနိုင်ငံတော်ထဲကို ဝင်ချင်တာလား"

"ဟုတ်ပါတယ်။ ငါတို့အားလုံး ဝင်ချင်ကြတာပါ" လို့ အဘိုးအိုက ပြန်ဖြေပြီး သူ့နောက်ကလူတွေ အားလုံးကလည်း ခေါင်းငြိမ့်ပြကြတယ်။

မိုက်ကယ်ကတော့ ဒီလောက်အထိ လွယ်ကူလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီအခြေချရွာကို ရောက်ပြီး နာရီပိုင်းမျှသာ ရှိသေးပေမဲ့ သူ့ရဲ့ရည်မှန်းချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့ပြီလေ။ သူက ဒီနေရာမှာ ကုမ္ပဏီလေး တည်ထောင်နိုင်ဖို့ပဲ မျှော်လင့်ထားခဲ့တာ ဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ နောက်ထပ် နယ်မြေတစ်ခုကိုပါ ပိုင်ဆိုင်ခွင့် ရရှိသွားခဲ့တာ ဖြစ်တယ်။

သူက စာရွက်စာတမ်း အလုပ်အကိုင် အားလုံးကို ရှီနာနဲ့ ယူနာတို့ကိုပဲ စီမံခိုင်းလိုက်တယ်။ နာရီပိုင်းအတွင်းမှာတင် သူတို့အားလုံးဟာ တရားဝင် ရီနေးတား နိုင်ငံသားတွေ ဖြစ်သွားကြပါတော့တယ်။

* * * * * * * * *

ဂရက်ဖ်တက်ကလတ်စတာရဲ့ ဗဟိုမြို့ဆီ ပြန်သွားရရင်တော့ အမြွှာနှစ်ယောက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဌာနချုပ်တွေမှာ အသီးသီး ထိုင်နေကြပြီး အနောက်ဘက် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနိုင်မယ့် ကမ်ပိန်းအကြီးစားတစ်ခု စတင်ဖို့ သူတို့ရဲ့ ကုမ္ပဏီတွေကို အမိန့်ပေးလိုက်ကြတယ်။

"ငါတို့ရဲ့ ကုန်သည်တွေနဲ့ လှည့်လည်ရောင်းချသူတွေအားလုံးကို စုစည်းလိုက်။ ငါတို့အနားမှာရှိတဲ့ နယ်မြေတွေအားလုံးဆီ သွားပြီး ဘားကပ်စ်ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကိုပဲ စတင်ရောင်းချခိုင်းလိုက်ပါ။ အာလူးတွေ၊ မုန်လာဥနီတွေနဲ့ ငရုတ်ကောင်း အမွှေးအကြိုင်တွေကိုပါ လျှော့ဈေးအကြီးကြီးနဲ့ ရောင်းချပစ်လိုက်"

သူ့ရဲ့ အမြွှာအစ်ကိုဖြစ်သူကလည်း ဒီအရာကိုပဲ အတူတူ တွေးမိနေတဲ့ပုံပဲ။

"ဈေးကွက်တစ်ခုလုံးကို ငါတို့ရဲ့ ထုတ်ကုန်တွေနဲ့ပဲ လွှမ်းမိုးထားရမယ်" လို့ ဘူးလ်ရင်က သူ့ရဲ့ ဝန်ထမ်းတွေကို အော်ပြောလိုက်တယ်။ "ဘယ်သူ့ကိုမှ အဲဒီရီနေးတား ထုတ်ကုန်တွေကို လုံးဝ အဝယ်မခံစေနဲ့"

သူတို့က ဂရက်ဖ်တက်ကလတ်စတာရဲ့ အတွင်းပိုင်းနေရာတွေမှာ ပိုပြီးတော့ အခြေခိုင်ထားပြီးသား ဖြစ်တာကြောင့် သူတို့ရဲ့ ကမ်ပိန်းက အတော်လေး အလုပ်ဖြစ်ခဲ့ပြီး တစ်ဒေသလုံးမှာ သူတို့ရဲ့ စုစုပေါင်း ရောင်းအားကို မြင့်တက်စေခဲ့တယ်။ သူတို့ရဲ့ အမြတ်အစွန်းတွေ ကျဆင်းသွားခဲ့ပေမဲ့ ဒါက ရီနေးတားကုမ္ပဏီရဲ့ ကြိုးပမ်းမှုတွေကို လုံးဝပိတ်ဆို့ပစ်ဖို့အတွက် မဖြစ်မနေ ပေးဆပ်ရမယ့် စွန့်လွှတ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကမ်ပိန်း စတင်ပြီး ရက်အနည်းငယ်အကြာမှာတော့ အမြွှာနှစ်ယောက်ဟာ တစ်ယောက်ချင်းစီအလိုက် ဆိုးဝါးတဲ့ သတင်းဆိုးတွေကို အသီးသီး လက်ခံရရှိခဲ့ကြတယ်။

"ဆရာဘားကပ်စ်... ကျွန်တော်တို့ ပထမဆုံး အခြေချရွာမှာ ဘာမှ ရောင်းလို့မရတော့ဘူး" လို့ သူ့ရဲ့ သတင်းပို့သူက ပျာပျာသလဲနဲ့ ပြောလိုက်တယ်။

"ဘာဖြစ်လို့လဲ။ သူတို့က ငါတို့ဆီက လတ်ဆတ်တဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို လိုအပ်နေတဲ့သူတွေပဲလေ။ ဒါမှမဟုတ်ရင် သူတို့ အသက်ရှင်ရပ်တည်နိုင်မှာ မဟုတ်ဘူး"

သတင်းပို့သူက သူ့နှုတ်ခမ်းကို ကိုက်လိုက်တယ်။ "အဲဒါက ဒီလိုပါ ဆရာ...။ ရီနေးတားကုမ္ပဏီက အဲဒီနေရာကို ရောက်သွားပြီး သူတို့နဲ့ ဆက်သွယ်မှု တည်ဆောက်ပြီးသွားပြီ"

"ဟင်... အဲဒါက ကိစ္စမရှိပါဘူး" လို့ ဘားကပ်စ်က ပြောတယ်။

"ဈေးနှုန်းတွေကို နောက်ထပ် ထပ်လျှော့ချလိုက်။ ရီနေးတားကုမ္ပဏီအနေနဲ့ ငါတို့လိုမျိုး ဈေးနှုန်းတွေကို လျှော့ချတာကို တောင့်ခံနိုင်မယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီကုန်ပစ္စည်းတွေကို အန်ဂိုရာမြို့ကနေ ဒီအထိ တစ်လမ်းလုံး သယ်ဆောင်လာရတာကိုး။ ဒါက သူတို့ ရှုံးနိမ့်မယ့် စစ်ပွဲပဲ"

သတင်းပို့သူက စကားလုံးတွေကို သူ့ပါးစပ်ထဲကနေ ထုတ်ပြောဖို့ ကြိုးစားပေမဲ့ ဆက်ပြီး မပြောရဲသလို ဖြစ်နေတယ်။

"ဟို... ဆရာ... ပထမဆုံး အခြေချရွာက ရီနေးတား နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့အတွက် သဘောတူလိုက်ပြီ"

* * * * * * * * *

အခုဆိုရင် ပထမဆုံး အခြေချရွာက သူတို့နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီမို့ မိုက်ကယ်က အဲဒီနယ်မြေထဲမှာ အဆောက်အအုံအသစ် အများအပြားကို တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကွန်ကရစ်လမ်းတွေနဲ့ ရေပိုက်လိုင်းစနစ်တွေလိုမျိုး အခြေခံအရာတွေအပြင် မိုက်ကယ်က လူတွေ ပျော်ပျော်ရွှင်ရွှင် ခံစားနိုင်ဖို့အတွက် ရေပူစမ်းပုံစံ ရေချိုးဆောင်လေးတစ်ခုကိုလည်း ဖန်တီးပေးခဲ့သေးတယ်။

မိုက်ကယ် တွေးထားခဲ့တဲ့အတိုင်းပဲ ဒီနေရာက ဒေသခံတွေကြားမှာ တကယ်ကို ရေပန်းစားတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပထမဆုံး အခြေချရွာရဲ့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုကတော့ နောက်ဆုံးမှာ ဂရက်ဖ်တက်ကလတ်စတာက နောက်ထပ် နယ်မြေနှစ်ခုဆီကို ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီး မိုက်ကယ်ကလည်း အဲဒီနေရာတွေကို နောက်ထပ် ပစ်မှတ်အဖြစ် မျက်စိကျလာခဲ့တယ်။

ရွှေလမ်းမကြီးဟာ ရက်အနည်းငယ်အတွင်းမှာတင် အဲဒီနေရာနှစ်ခုဆီကို ရောက်ရှိသွားခဲ့ပြီး လမ်းခွဲနှစ်ခုအဖြစ် ထပ်မံကွဲထွက်သွားပြန်ပါတယ်။

အဲဒီအခြေချရွာ နှစ်ရွာက ပထမဆုံး အခြေချရွာထက် အနည်းငယ် ပိုပြီးကြီးမားသလို ပိုပြီးတော့လည်း အဆင့်မြင့်ကြတယ်။ သူတို့မှာ ရွာတစ်ရွာထက်စာရင် မြို့တစ်မြို့လို့ ခေါ်ဆိုနိုင်လောက်တဲ့ သင့်တော်တဲ့ အဆောက်အအုံတွေနဲ့ အခြေခံအဆောက်အအုံတွေ ရှိနေကြတာပေါ့။

ဒီနေရာတွေက စိုစွတ်တဲ့ စျေးတွေမှာတော့ မိမိတို့အိမ်ကနေ ထွက်ကုန်တွေကို ကိုယ်တိုင်ထုတ်လုပ်ကြတဲ့ ဒေသခံ စီးပွားရေးလုပ်ငန်းငယ်လေးတွေ ရှိနေကြတယ်။ ပေါ်ထားတဲ့ ဝက်သားတွေ၊ သံအိုး သံဒယ်အိုးတွေနဲ့ ဟင်းသီးဟင်းရွက်တွေလိုမျိုး အရာအားလုံးကို သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံသားတွေကပဲ ထုတ်လုပ်ပြီး အခြားနိုင်ငံသားတွေကို ပြန်လည်ရောင်းချကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စျေးကွက်ထဲက လွတ်လပ်စွာ ရောင်းချနေကြတာတွေနဲ့မတူဘဲ ဘားကပ်စ်ကုမ္ပဏီရဲ့ ဆိုင်ခွဲကိုတော့ အခြားနေရာတွေထက် ပိုပြီး စနစ်တကျရှိတဲ့ အဆောက်အအုံတစ်ခုမှာ တည်ထောင်ထားခဲ့တယ်။

အခုအချိန်မှာတော့ ဆိုင်တစ်ဆိုင်လုံးမှာ ဈေးနှုန်းတွေကို ထက်ဝက်တိတိ လျှော့ချထားတဲ့ ဆိုင်းဘုတ်တွေကို ပြသထားပါတယ်။

ဒါက လူတွေ ရူးသွပ်မတတ် လုယက်ဝယ်ယူနေကြတာမို့ ဘားကပ်စ်ကုမ္ပဏီရဲ့ ဆိုင်မှာ လူတန်းကြီး တော်တော်ရှည်လျားသွားစေခဲ့တယ်။

ဒါပေမဲ့ လမ်းအဝေးကြီးကနေ လမ်းမကြီးတစ်ခု ဖောက်လုပ်လာတာကို နိုင်ငံသားတွေ သတိပြုမိသွားတဲ့ အချိန်မှာတော့ ဒါတွေအားလုံး ပြောင်းလဲသွားခဲ့ရတယ်။

အဲဒါကတော့ နာမည်ကြီးနေတဲ့ ရီနေးတားနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ရွှေလမ်းမကြီးက သူတို့ရဲ့မြို့ဆီကို ဆက်သွယ်မိသွားခဲ့ပြီး မော်တော်ထရပ်ကားတွေပေါ်ကနေ သူတို့ရဲ့ ကုန်ပစ္စည်းအားလုံးကို အထွေထွေစျေးကွက်ထဲဆီ ချခွင့် ရရှိသွားစေခဲ့ပါတော့တယ်။

* * * * * * * *

စာစဉ်(၂၃)

အခန်း(၂၇၄)

ကင်းစ်နယ်မြေမှာပဲ ရနိုင်တဲ့ နာမည်ကြီး မြက်ခင်းပြင်ဆေးမြှစ် ဒါမှမဟုတ် စွမ်းအင်အမြုတေလိုမျိုး ထူးခြားတဲ့ ကုန်ပစ္စည်းတွေ ရုတ်တရက် ပေါ်ထွက်လာတာက ဒီမြို့ရဲ့ ဈေးကွက်အခြေအနေကို အလုံးစုံ ပြောင်းလဲပစ်လိုက်တယ်။ မြို့ခံတွေကြားထဲမှာ ရီနေးတားကုမ္ပဏီဟာ အရမ်းကို ရေပန်းစားလာပြီး လူတွေက သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူရင်း ရွှေလမ်းမကြီးအတိုင်း စွန့်စားထွက်ခွာလာကြကာ နာရီပိုင်းအတွင်းမှာတင် ပထမဆုံး အခြေချစခန်းဆီ ရောက်ရှိသွားကြတယ်။

ဒီမြို့ရဲ့ မြို့တော်ဝန်ဟာ နယ်မြေထဲမှာ ကိုယ်ပိုင် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ မိုက်ကယ်ရဲ့ ကမ်းလှမ်းချက်ကို ချက်ချင်း လက်ခံလိုက်တာမို့ အမွှာညီအစ်ကိုတွေခမျာ အတော်လေး စိတ်ပျက်သွားကြရတယ်။ ဒါပေမဲ့ ဘားကပ်စ်နဲ့ ဘူးလ်ရန်တို့ ညီအစ်ကိုနှစ်ယောက်ဟာ ဒီနယ်မြေတွေထဲက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးနီးပါး ရပ်တန့်လုနီးပါး ဖြစ်သွားတာကို နောက်ထပ် နှစ်ရက်လောက် ကြာမှပဲ သိရှိလိုက်ရတယ်။

"ဘာကြီးလဲ။ သူတို့က ဒီလမ်းတွေကို ဘယ်လိုများ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ဖောက်လုပ်နေကြတာလဲ" လို့ ဘူးလ်ရန်က အော်ဟစ်လိုက်တယ်။

"ပြီးတော့ ကင်းစ်နယ်မြေက ကုန်ပစ္စည်းတွေကိုကော ဘယ်လိုမျိုး ဒီလောက် သက်သက်သာသာနဲ့ သယ်ယူပို့ဆောင်နေကြတာလဲ။ ဒီပစ္စည်းတွေရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ကျစရိတ်တွေက သူတို့ ရောင်းနေတဲ့ ဈေးနှုန်းထက် အဆမတန် ပိုများနေရမှာလေ။ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး"

ဘူးလ်ရန်ဟာ အခုလက်ရှိ အခြေအနေကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်လာတာကြောင့် နောက်ဆုံးမှာတော့ သူ့ရဲ့ ဝန်ထမ်းအချို့ကို ရီနေးတားကုမ္ပဏီဆီ သွားပြီး ပြဿနာရှာဖို့ စေခိုင်းလိုက်တော့တယ်။

"သူတို့ကို ကပ်လျက်နယ်မြေစုထဲ နောက်ထပ် ခြေတစ်လှမ်းတောင် မလှမ်းရဲအောင် သေချာလေး ခြောက်လှန့်ပေးလိုက်ကြစမ်း" လို့ သူက ဝန်ထမ်းတွေကို ပြောလိုက်တယ်။

"သူတို့ရဲ့ ကုန်သည်တွေကို ဓားပြပြီး ခြိမ်းခြောက်လိုက်။ သူတို့ကို နာကျင်အောင် လုပ်ဖို့တော့ မလိုဘူး၊ တကယ် ကြောက်လန့်သွားအောင်ပဲ သေချာ လုပ်ခဲ့ကြ"

ရီနေးတားကုမ္ပဏီမှာ အံ့မခန်း ကာကွယ်ရေးစွမ်းရည်တွေ ရှိမနေဘူးဆိုရင်တော့ ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ အစီအစဉ်တစ်ခု ဖြစ်လာမှာပါ။

ပထမဆုံး အချက်အနေနဲ့ ဘူးလ်ရန်ဟာ သူ့ရဲ့ အိမ်တော်ထဲမှာတင်မကဘဲ သူ့ရဲ့ ခြေဖျားအောက်မှာတင် ရီနေးတားရဲ့ အရိပ်အဖွဲ့က အော့ခ်တွေ ဝိုင်းဝိုင်းလည် နေရာယူထားတာကို လုံးဝ မသိရှိခဲ့ဘူး။ သူတို့က ဘူးလ်ရန်ရဲ့ လှုပ်ရှားမှုတိုင်းကို နားထောင် စောင့်ကြည့်နေတာကြောင့် မိုက်ကယ်နဲ့ ရီနေးတားရဲ့ လူတွေဟာ ဘာဖြစ်တော့မယ်ဆိုတာကို ချက်ချင်းပဲ ကြိုတင် သတိပေးချက် ရရှိသွားကြတယ်။

ဒုတိယ အချက်ကတော့ အဲဒီကုန်သည်တွေဟာ သာမန်လူတွေ မဟုတ်ကြဘူး။ သူတို့ဟာ အလွန် ခိုင်မာတဲ့ ကာကွယ်ရေးစွမ်းအားတွေ ရှိကြတဲ့ ရီနေးတားရဲ့ လူတွေပဲ ဖြစ်တယ်။

ဒါကြောင့် ပြဿနာရှာမယ့်လူတွေက မြို့အနီးနားမှာရှိတဲ့ ရီနေးတားရဲ့ စခန်းချရာနေရာထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရောက်သွားတဲ့အခါမှာတော့ သူတို့ ဘယ်လို ဒုက္ခမျိုးနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာကို လုံးဝ မသိရှာကြဘူး။

သူတို့က ရီနေးတားကုန်သည်တွေရဲ့ တဲတွေထဲကို ဝင်သွားပြီး ကုန်သည်တွေရဲ့ လည်ပင်းနားမှာ ဓားတွေကို တေ့လိုက်ကြတယ်။

"ဒီနေရာကနေ အခုချက်ချင်း ထွက်သွားကြ။ မဟုတ်ရင်တော့ မင်းတို့ကို အပြတ်ရှင်းဖို့ ငါတို့ ပြန်လာခဲ့မယ်"

ဒါပေမဲ့ ဓားတွေက သူတို့ရဲ့ လည်ပင်းဆီ ရောက်ခါနီးမှာတင် မျက်စိနဲ့မမြင်နိုင်တဲ့ ရောင်စုံ အကာအကွယ်ဒိုင်းကြီးတစ်ခုက ရီနေးတားရဲ့ လူတွေပတ်ပတ်လည်မှာ ပေါ်လာပြီး ဓားတွေကို သူတို့ရဲ့ လက်ထဲကနေ လွင့်ထွက်သွားအောင် တွန်းကန်ပစ်လိုက်တယ်။

ပြဿနာရှာမယ့်လူတွေဟာ မြေကြီးပေါ်ကို လွင့်ကျသွားတဲ့ သူတို့ရဲ့ ဓားတွေကို ကြည့်ပြီး အလန့်တကြား အော်ဟစ်လိုက်ကြတယ်။

သူတို့က ဓားတွေကို ကောက်ဖို့ ရှေ့ကို ကမန်းကတန်း တိုးသွားကြပေမဲ့ ကောက်လိုက်တဲ့အချိန်မှာတော့ မည်းနက်တဲ့ မီးတောက်တွေ ထွက်ပေါ်နေတဲ့ ဧရာမ ခြေထောက်တစ်စုံရဲ့ ရှေ့မှာ သူတို့ ဒူးထောက်မိနေပြီဆိုတာကို ရုတ်တရက် သတိပြုမိသွားတယ်။

ပြဿနာရှာမယ့်လူတွေ မော့ကြည့်လိုက်တဲ့အခါမှာတော့ ရဲရဲတောက်နေတဲ့ မျက်လုံးတွေနဲ့ သူတို့ကို ငုံ့ကြည့်နေတဲ့ ဧရာမ အော့ခ်ကြီးတွေကို မြင်လိုက်ရတယ်။

သူတို့က အော့ခ်တွေနဲ့ မျက်လုံးချင်း ဆုံမိတာနဲ့တင် ဒီပြဿနာရှာမယ့်လူတွေဟာ သူတို့စိတ်ထဲက အနက်ရှိုင်းဆုံးနဲ့ အဆိုးဝါးဆုံးသော ခြောက်လှန့်မှု အိပ်မက်ဆိုးတွေကို မြင်မက်ရတဲ့ လှည့်စားခြင်း မှော်ဝင်္ကပါထဲကို ကျရောက်သွားကြတော့တယ်။

"အား" လို့ သူတို့က ထိတ်လန့်တုန်လှုပ်စွာနဲ့ ခေါင်းကို ကိုင်ပြီး အော်ဟစ်ကြတယ်။

"ငါ့ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးကြပါ"

ဒီပြဿနာရှာမယ့်လူတွေဟာ အဝေးကို ထွက်ပြေးသွားကြပြီး နောက်ထပ် ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး။ ဘူးလ်ရန်က ရက်အနည်းငယ် ကြာတဲ့အခါမှာ သူတို့ကို ပြန်လည် ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့ဟာ ခြေရာလက်ရာမကျန် ပျောက်ဆုံးသွားပြီဆိုတာကိုပဲ မြန်မြန်ဆန်ဆန် သိရှိလိုက်ရတယ်။

ဒီအတောအတွင်း မြို့ရဲ့ အခြားတစ်ဖက်မှာတော့ ဘူးလ်ရန်ရဲ့ အမွှာအစ်ကိုဖြစ်သူဟာလည်း ရီနေးတားကုမ္ပဏီရဲ့ အစွမ်းတန်ခိုးကို သိရှိသွားပြီးနောက် အလားတူပဲ စိတ်ပျက်လက်ပျက် ဖြစ်နေရတယ်။

"အဲဒီ သံရထားလုံးတွေအကြောင်း ကောလာဟလက တကယ်ပဲ ဖြစ်နေတာပေါ့" လို့ ဘားကပ်စ်က စိုးရိမ်တကြီးနဲ့ သူ့ရဲ့ လက်သည်းတွေကို ကိုက်ရင်း တီးတိုး ရေရွတ်လိုက်တယ်။

"ငါကတော့ ဒီ ကွန်ကရစ် ဆိုတဲ့အရာက လှည့်စားမှုတစ်ခုပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ငါ မှားသွားတယ်။ သူတို့လမ်းတွေကို ဒီလောက်အထိ မြန်မြန်ဆန်ဆန် ဖောက်လုပ်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက ဒါကြောင့်ပဲကိုး"

ဘားကပ်စ်ဟာ သူ့ရဲ့ အမွှာညီလိုမျိုး မဟုတ်ဘဲ ရီနေးတားကုမ္ပဏီကို ဆန့်ကျင်ဖို့အတွက် အင်အားသုံးတဲ့ နည်းလမ်းကို မရွေးချယ်ခဲ့ဘူး။

အဲဒါအစား သူက တခြားလမ်းစဉ်တစ်ခုကို ရွေးချယ်လိုက်တယ်။ သူက အခုအခါမှာ ရီနေးတားကုမ္ပဏီရဲ့ အောင်မြင်မှု နည်းလမ်းတွေကို လေ့လာပြီး သူ့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီမှာ ပြန်လည် အသုံးချဖို့ ဆန္ဒရှိလာခဲ့တာပဲ ဖြစ်တယ်။

သူဟာ ဒီလို အမည်မသိကုမ္ပဏီကို အဆင့်တွေ မြင့်တက်လာအောင် ငွေပေးပြီး လမ်းခင်းခဲ့တဲ့ လိမ်လည်သူတွေအဖြစ် နောက်ထပ် သတ်မှတ်လို့ မရနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ရလဒ်တွေက နေ့ခင်းကြောင်တောင်လို ထင်ထင်းကြီး ပြနေလို့ပဲ။ သီတင်းပတ် တစ်ပတ်ခန့်အတွင်းမှာတင် ရီနေးတားကုမ္ပဏီဟာ ကပ်လျက်နယ်မြေစုရဲ့ လေးပုံတစ်ပုံကို သူတို့ရဲ့ ဩဇာအာဏာအောက် ရောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။

ဒီနယ်မြေက လူတွေဟာ သူတို့ရဲ့ အိမ်ပြင်ပကို ထွက်ဖို့တောင် စိတ်ပျက်ကြသူတွေ ဖြစ်တယ်။ ဒါပေမဲ့ ရီနေးတားကုမ္ပဏီကတော့ သူတို့ကို သက်တောင့်သက်သာရှိတဲ့ နယ်ပယ်ထဲကနေ ထွက်လာအောင် တွန်းအားပေးနိုင်ခဲ့ပြီး ရွှေလမ်းမကြီး ကနေတစ်ဆင့် အခြားသော နယ်မြေတွေဆီ ခရီးသွားလာဖို့အထိ လွှမ်းမိုးနိုင်ခဲ့တယ်။

သူတို့ ဒါကို ဘယ်လိုများ လုပ်ဆောင်ခဲ့လဲဆိုတာ သူ သိချင်နေမိတယ်။

"ဟွန်း...သူတို့ တစ်ခုခုကို လှည့်စားတဲ့ မှော်မန္တန် ဒါမှမဟုတ် မျက်လှည့်တစ်ခုခု သုံးထားတာပဲ ဖြစ်ရမယ်" လို့ ဘားကပ်စ်က သူ့ဘာသာ ရေရွတ်လိုက်တယ်။

"မျက်နှာပွင့်ဆေးရည် တစ်မျိုးမျိုးများသုံးနေတာလား"

ရက်အနည်းငယ် ခရီးနှင်ပြီးနောက် ဘားကပ်စ်ဟာ ရီနေးတားကုမ္ပဏီက သူတို့ရဲ့ နယ်မြေအဖြစ် တည်ထောင်ထားတဲ့ ပထမဆုံး အခြေချစခန်းဆီ ရောက်ရှိလာခဲ့တယ်။

ဘားကပ်စ်ကတော့ သူ ကြိုတင်ပြင်ဆင်ထားတယ်လို့ ထင်ခဲ့ပေမဲ့ အခြေချစခန်းရဲ့ လုံးဝဥဿုံ ပြောင်းလဲသွားမှုက သူ့ကို လုံးဝ မှင်တက်သွားစေတယ်။ သစ်သားနဲ့ သက်ကယ်မိုး အိမ်တွေကတော့ ရှိနေဆဲဖြစ်ပေမဲ့ အဲဒီအိမ်တွေရဲ့ ဘေးနားမှာတော့ ဆောက်လုပ်ဆဲဖြစ်တဲ့ ကြီးမားထည်ဝါပြီး မြင့်မားလှတဲ့ ကျောက်တုံး အဆောက်အအုံကြီးတွေ ရှိနေတယ်။

သူက ဒီနေရာကို ရောက်လာတဲ့ ပထမဆုံး ခရီးသွားဧည့်သည် တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြား ရွှေလမ်းမကြီး ရဲ့ လမ်းခွဲတွေ အားလုံးက အန်ဂိုရာမြို့ဆီ မသွားခင် ဒီနေရာကို အရင်ဆုံး ဦးတည်နေကြလို့ပဲ ဖြစ်တယ်။

ဒါကြောင့် သူ့ရဲ့ မေးခွန်းတွေနဲ့ လိုအပ်ချက်တွေ အားလုံးကို ကူညီပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ရီနေးတားရဲ့ လူတွေက ရှိနှင့်နေပြီးသား ဖြစ်တယ်။

"မင်္ဂလာပါ ဆရာ၊ ရီနေးတားနိုင်ငံတော်ရဲ့ နယ်မြေသစ်ဖြစ်တဲ့ ပထမဆုံး အခြေချစခန်းဆီ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်" လို့ တက်ကြွလန်းဆန်းနေတဲ့ ကြောင်လူသား အမျိုးသမီးငယ်လေးတစ်ယောက်က နှုတ်ဆက်လိုက်တယ်။

"ဟိုင်း" လို့ ဘားကပ်စ်က တိုးတိုးလေး ပြောလိုက်တယ်။

"ဒီမှာ လူတိုင်း သွားရတာ သဘောကျတဲ့ နေရာမျိုး ရှိလား"

"ရှိတာပေါ့" လို့ ကြောင်လူသားမလေးက ပြန်ဖြေတယ်။

"ကျွန်မတို့ အသစ်စက်စက် ဆောက်လုပ်ထားတဲ့ ရေချိုးဆောင်ကတော့ ခရီးသွားဧည့်သည် အားလုံး မဖြစ်မနေ စမ်းကြည့်သင့်တဲ့ နေရာပဲ ဖြစ်ပါတယ်"

ဘားကပ်စ်ရဲ့ စိတ်ထဲမှာတော့ အဲဒီနေရာဟာ ရီနေးတားကုမ္ပဏီက သူတို့ရဲ့ ဖောက်သည်တွေကို ဦးနှောက်ဆေးတဲ့ နေရာပဲ ဖြစ်ရမယ်လို့ တွေးလိုက်တယ်။ သာမန် အရပ်သားတွေကို ရီနေးတားရဲ့ အစွဲအလမ်းကြီးသူတွေအဖြစ် အလုံးစုံ ပြောင်းလဲပစ်ဖို့ ရေထဲမှာ တစ်ခုခု ထည့်ထားတာ သေချာတယ်။

"ငါ ရေထဲမှာ မှော်စွမ်းအား ရှိမရှိကို စုံစမ်းရမယ်" လို့ ကြောင်လူသားမလေးက သူ့ကို ရေချိုးဆောင်ဆီ လိုက်ပို့ပေးနေတုန်း ဘားကပ်စ်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်တယ်။

ဘားကပ်စ်ဟာ ရေငွေ့တွေ ဝေမှိုင်းနေတဲ့ အခန်းထဲကို ဝင်လိုက်တဲ့အခါမှာတော့ တောအုပ်ထဲက သဘာဝ ရေပူစမ်းတစ်ခုလို ဖြစ်အောင် စီမံထားတဲ့ ဧရာမ ကျောက်တုံးကြီးတွေကို မြင်လိုက်ရတယ်။ သူက ရေကိုပဲ အာရုံစိုက် ကြည့်နေမိတာကြောင့် မျက်နှာသုတ်ပုဝါတစ်ထည်ပဲ ပတ်ထားတဲ့ တခြားသော ကိုယ်လုံးတီး အမျိုးသားတွေကို စိုက်ကြည့်နေတဲ့ ထူးဆန်းတဲ့လူတစ်ယောက်လို ဖြစ်နေတော့တယ်။

သူက ရေချိုးကန်ရဲ့ ရေတိမ်တဲ့အပိုင်းကို ရွေးချယ်လိုက်ပြီး သူ ထင်ထားသလိုပဲ တစ်ခုခု ပြုပြင်ဖန်တီးထားခြင်း ရှိမရှိ သိနိုင်ဖို့ ကြည့်ရှုခြင်း လို့ ခေါ်တဲ့ လေးပွင့်ဆိုင်မန္တန်ကို အသုံးပြုလိုက်တယ်။ အံ့ဩစရာကောင်းတာက အဲဒီမန္တန်ကနေတစ်ဆင့် ဒါဟာ သန့်ရှင်းစင်ကြယ်တဲ့ ရိုးရိုးရေ သာဖြစ်ကြောင်း သိလိုက်ရတယ်။

ဇဝေဇဝါ ဖြစ်သွားတဲ့ ဘားကပ်စ်ဟာ ရေချိုးဆောင်ထဲက တခြားအမျိုးသားတွေ လုပ်သလိုပဲ လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ရေငွေ့ပျံနေတဲ့ ရေကန်ထဲကို တစ်ကိုယ်လုံး နစ်ဝင်အောင် စိမ်လိုက်တော့တယ်။

သူ ဒီလို လုပ်လိုက်တာနဲ့တင် သူ့ရဲ့ ခန္ဓာကိုယ်ဟာ တင်းကျပ်နေတဲ့ ကြွက်သားအဆစ်အမြစ်တွေကို နှိပ်နယ်ပေးသလိုမျိုး သက်တောင့်သက်သာရှိတဲ့ အပူရှိန်ကို ခံစားလိုက်ရတယ်။

သူ့ရဲ့ ခန္ဓာကိုယ်ကို အကြောပြေစေတဲ့ ရေချိုးကန်ထဲ စိမ်လိုက်တဲ့ မိနစ်ပိုင်းမှာတင် ရေပူစမ်းကို စုံစမ်းစစ်ဆေးဖို့ သူ့ရဲ့ အစီအစဉ်တွေ အားလုံးက လေထဲလွင့်ပျောက်သွားတော့တယ်။

ဘားကပ်စ်ဟာ ကိုယ်တိုင် သတိမထားမိဘဲ ရေချိုးဆောင်ထဲမှာ တစ်နာရီ အပြည့်အဝ အချိန်ဖြုန်းလိုက်မိတယ်။ သူ အပြင်ဘက်မှာ ကိုယ်ခန္ဓာကို အခြောက်ခံလိုက်တဲ့ အချိန်မှာတော့ မိုးကုပ်စက်ဝိုင်းမှာ နေဝင်သွားပြီဆိုတာကို မြင်လိုက်ရတယ်။

"သူတို့ အဲဒီရေထဲကို ဘာတွေများ ထည့်ထားတာလဲ" လို့ သူက သူ့ဘာသာ ပြန်မေးမိတယ်။

"ဇိမ်ရှိရဲ့လား ရှင့်" လို့ စောစောက ကြောင်လူသားမလေးက မေးလိုက်တယ်။

"အာ...ဒီလောက်လည်း မဟုတ်ပါဘူး" လို့ ရေချိုးထားတာကြောင့် ပါးပြင်တွေ နီမြန်းနေဆဲဖြစ်တဲ့ ဘားကပ်စ်က ပျာပျာသလဲ ပြန်ဖြေလိုက်တယ်။

"ကျွန်မတို့ရဲ့ အဖွဲ့လိုက် ကစားပွဲတွေမှာ ပါဝင်ဆင်နွှဲချင်ပါသလား"

ဘားကပ်စ်ကတော့ သိသိသာသာကို ဇဝေဇဝါ ဖြစ်သွားရတယ်။

"ကျွန်မတို့ ရီနေးတားရဲ့ လူတွေက လူတိုင်း ပျော်ပျော်ရွှင်ရွှင် ကစားနိုင်မယ့် ဘုတ်ဂိမ်း အပျော်ဖျော်ဖြေမှုတွေကို မိတ်ဆက်ပေးထားတာပါ။ အခြေခံအဆင့် ကစားသူတွေအတွက်တော့ မြွေလှေကားဂိမ်း၊ စကားလုံးဆက်ဂိမ်းနဲ့ အူနိုဂိမ်းတွေက အလွန် လူကြိုက်များပြီး စီနီယာ ကစားသမားတွေအတွက်လည်း လူကြိုက်များတဲ့ ဖဲကတ်ဂိမ်းအချို့ ရှိပါတယ်"

ဘားကပ်စ်ဟာ အသစ်ဆောက်လုပ်ထားတဲ့ အဆောက်အအုံထဲက လွတ်လပ်တဲ့ နေရာတစ်ခုဆီသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး အဲဒီနေရာမှာတော့ ရီနေးတားရဲ့ လူတွေနဲ့ ဒေသခံ ခရီးသွားဧည့်သည်တွေဟာ အုပ်စုအသေးလေးတွေ ဖွဲ့ပြီး မတူညီတဲ့ ဘုတ်ဂိမ်း အမျိုးမျိုးကို ကစားနေကြတယ်။

သူ့ကို လာရောက်ကစားဖို့ ဖိတ်ခေါ်ကြပေမဲ့ ဒီအရာတွေက သူ့အတွက်တော့ ကလေးကလားဆန်လွန်းတယ်လို့ ထင်တာကြောင့် သူ ကစားဖို့ ငြင်းပယ်လိုက်တယ်။

ဒါပေမဲ့ အဲဒီနောက်မှာတော့ အမြှုပ်တစီစီနဲ့ အဝါရောင် ရေတစ်မျိုးကို သောက်ရင်း ဖဲကတ်ကစားနေတဲ့ အုပ်စုတစ်စုကို သူ သတိပြုမိသွားတယ်။

"အဲဒါ ဘာလဲဟင်" လို့ ဘားကပ်စ်က မေးလိုက်တယ်။

"လာလေ မိတ်ဆွေ၊ ငါတို့နဲ့အတူ လာပူးပေါင်းလိုက်ပါ။ ဒါက ဘီယာနဲ့ ပိုကာ ကစားပွဲ လေ"

* * * * * * * *

All Chapters