အခန်း (၂၈၃၉-၂၈၄၀)
Vol. 224 Ch. 2839-2840
အခန်း(၂၈၃၉)
“အင်မော်တယ်ကျောက်တုံးတွေကို တကယ်ပဲ ဆက်တူးဖော်မှာလား”
လင်းကျုံးက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။
“အထဲက လူက သေသလား ရှင်သလား မသိသေးဘူး.. တကယ်လို့သာ အသက်ရှင်နေမယ် ဆိုရင် သူနိုးလာတာနဲ့ ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲ အကျိုးဆက် ရလဒ်တွေက မှန်းဆလို့တောင် ရမှာမဟုတ်ဘူး”
အင်မော်တယ်ကျောက်ကြော အတွင်းရှိ ထိုလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်သည် နှစ်ပေါင်း မည်မျှကြာအောင် တည်ရှိခဲ့မှန်း မသိရသော်လည်း ခန္ဓာကိုယ်ကမူ ပြောင်းလဲခြင်း မရှိဘဲ အိပ်ပျော်နေသကဲ့သို့ပင် ရှိနေခဲ့သည်။
သူက ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ လူများကို ထိုနေရာအား တူးဖော်ရန် လက်ရှောင်ခိုင်းခြင်းမှာ အထဲကလူ အသက်ရှင်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
“ကျွန်တော့်စိတ်ထင်တော့ သူကျဆုံးသွားလောက်ပါပြီ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပလာခဲ့သည်။
“ဆက်တူးလိုက်ပါ.. ကျားဂူထဲ မဝင်ဘဲ ကျားသားရေကို ရမှာ မဟုတ်ဘူး.. အင်မော်တယ်ကျောက်တုံး အရင်းအမြစ်တစ်ခုကို ရရှိလိုက်တာက ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် ဘယ်လိုအဓိပ္ပာယ်လဲ ဆိုတာ ခင်ဗျားသိမှာပါ”
“ကောင်းပါပြီ”
လင်းကျုံးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ တပည့်များကို အင်မော်တယ် ကျောက်တုံးများအား ဆက်လက်တူးဖော်ရန် ခိုင်းစေလိုက်သည်။
ကျန်းချန်က ထွက်မသွားသေးဘဲ အင်မော်တယ်ကျောက်ကြော ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်ကို အနီးကပ် စိုက်ကြည့်နေခဲ့၏။
အချိန်ကြာလာသည်နှင့် အမျှ သူတို့သည် အင်မော်တယ်ကျောက်ကြော အတွင်းရှိ ပုံရိပ်နှင့် ပို၍ နီးကပ်လာခဲ့သည်။
ထိုစဥ်မှာပင် အင်မော်တယ်ကျောက်ကြော ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်ကို အာရုံစိုက်နေသော ကျန်းချန်သည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး သတ္တုတွင်း၏ အပြင်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ကျန်းချန်၏ ထူးခြားသော အမူအရာကို သတိပြုမိလျှင် လင်းကျုံးက မေးလိုက်၏။
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“သတ္တုတွင်းဆီကို အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ချဥ်းကပ်လာနေတယ်.. ကြည့်ရတာ စန်းရှန်အင်မော်တယ်ဂိုဏ်းကပဲ ဖြစ်ရမယ်”
ထိုစကားကိုကြားလျှင် လင်းကျုံး၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
စန်းရှန်အင်မော်တယ်ဂိုဏ်းမှ လူများသည် အမှန်တကယ်ပင် မြန်မြန်ဆန်ဆန် ရောက်လာခဲ့သည်။
“ခင်ဗျားတို့ အင်မော်တယ် ကျောက်တုံးတွေကို ဆက်တူးနေပါ.. စန်းရှန်အင်မော်တယ်ဂိုဏ်းက လူကို ကျွန်တော် သွားတားလိုက်မယ်”
စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် အင်မော်တယ်သတ္တုတွင်း၏ အထက် ကောင်းကင်ယံတွင် ဖျတ်ခနဲ ပေါ်လာခဲ့၏။
အဝေးရှိ ကောင်းကင်ယံတွင် ထူးခြားသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် ပုံရိပ်တချို့သည် အင်မော်တယ် သတ္တုတွင်း ရှိရာ ဆီသို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းလာသည်ကို သူ မြင်လိုက်ရ၏။
ထိုပုံရိပ်များကို ခေါင်းဆောင်လာသော အဝါရောင်ဝတ်စုံဝတ် အဘိုးအိုသည် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အကြီးအကဲဖြစ်သူ စန်းယွမ်ပင် ဖြစ်သည်။
စန်းယွမ်၏ နံဘေးတွင်မူ ဖုန်းလဲ့ အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် လဲ့ထျန်းချန်းလည်း လိုက်ပါလာခဲ့၏။
ထိုနှစ်ဦး၏ နောက်ဘက်ရှိ ပုံရိပ်တချို့ကမူ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
လဲ့ထျန်းချန်းက ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“အကြီးအကဲစန်းယွမ်.. ဒီလူငယ်က ပိုထျန်းအင်မော်တယ်ဂိုဏ်းက အကူအညီတောင်းထားတဲ့ လူငယ်ပါရမီရှင်ပဲ”
“ရွှေအင်မော်တယ် ပထမအဆင့်ပါလား”
စန်းယွမ်၏ အကြည့်က ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် စန်းယွမ်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။
“မင်းပြောတော့ ဒီကောင်လေးက ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ပဲ ရှိတာဆို”
လဲ့ထျန်းချန်းသည်လည်း အံ့အားသင့်သွားခဲ့သည်။
သူက အစောပိုင်းတွင် ကျန်းချန်၏ အရှိန်အဝါကို သတိမထားမိခဲ့ပေ။
ယခု စန်းယွမ်၏ စကားကို ကြားလိုက်ရသောအခါမှ ကျန်းချန်သည် ရွှေအင်မော်တယ် အဆင့်ကို အမှန်တကယ် ထိုးဖောက်သွားပြီ ဖြစ်မှန်း တအံ့တဩ သိရှိလိုက်ရသည်။
“အကြီးအကဲစန်းယွမ်.. လွန်ခဲ့တဲ့ ရက်အနည်းငယ်က စန်းရှီနဲ့တိုက်ခိုက်စဥ်က ဆိုရင် ဒီကောင်လေးက တကယ်ကို ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ပဲ ရှိသေးတာပါ”
လဲ့ထျန်းချန်းက သူ၏ စိတ်နှလုံးထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်ထားခဲ့သည်။
လောင်းကြေးထပ် တိုက်ပွဲတွင် ကျန်းချန် ပထမဆုံး ပေါ်လာစဥ်က ကောင်းကင်အင်မော်တယ် နဝမအဆင့်မျှသာ ရှိသေးသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့၏။
လောင်းကြေးထပ် တိုက်ပွဲပြီးဆုံးပြီး ဆယ်ရက်ကျော် အကြာတွင် သူက စန်းရှန်အင်မော်တယ်ဂိုဏ်းသို့ သွားရောက်၍ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ရန် စန်းရှီကို ရှာဖွေခဲ့စဥ်က ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်က ရွှေအင်မော်တယ်အဆင့်ကို မထိုးဖောက်နိုင်သေးသောကြောင့် လဲ့ထျန်းချန်း အလွန်အမင်း ဂရုစိုက်မနေခဲ့ပေ။
သို့သော်လည်း ယခု ရက်အနည်းငယ် အတွင်းမှာပင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ကနေ ရွှေအင်မော်တယ်ပထမအဆင့်သို့ ထပ်မံ၍ ထိုးဖောက်နိုင်ခဲ့သည်။
ဤသည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည်။
လဲ့ထျန်းချန်း၏ စကားကိုကြားလျှင် စန်းယွမ်၏ ကျန်းချန်ကို ကြည့်နေသော အကြည့်က ပို၍ပင် လေးနက်လာခဲ့သည်။
ရက်အနည်းငယ် အတွင်းမှာပင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ကနေ ရွှေအင်မော်တယ် ပထမအဆင့်သို့ ထိုးဖောက် ဝင်ရောက်နိုင်ခြင်းမျိုးကို စန်းယွမ်၏ တစ်သက်တာတွင် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
စန်းယွမ်က အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှုရှိုက်ပြီး လက်သီးဆုပ်၍ ဂါဝရပြုကာ မေးလိုက်သည်။
“ငါက စန်းရှန်အင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲ စန်းယွမ်ပါ.. မင်းက ဘယ်သူလဲဆိုတာ သိပါရစေ”
“ကျွန်တော်က အညတရ ကျင့်ကြံသူ တစ်ယောက်ပါ.. ပြောပြနေလို့လည်း သိမှာ မဟုတ်လောက်ဘူး”
ကျန်းချန်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
စန်းယွမ်၏ မျက်ဝန်းများက အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပါရမီသည် ဝိရောဓိနယ်မြေတစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မည်သည့် နောက်ခံမှ မရှိသည့် အညတရတစ်ဦး ဖြစ်နေလိမ့်မည်ဟု စန်းယွမ် လုံးဝ မယုံကြည်ပေ။
သို့ရာတွင် သူက အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ နောက်ခံကို စိုးရိမ်နေသော်လည်း ဤနေရာရှိ အင်မော်တယ်သတ္တုတွင်းကို မဖြစ်မနေ ရယူရန် ဆုံးဖြတ်ထားခဲ့သည်။
စန်းယွမ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်စွာပြောလိုက်၏။
“ကောင်လေး.. မင်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းကို သေချာပေါက် အကူအညီပေးမှာလား.. ပိုထျန်းအင်မော်တယ်ဂိုဏ်းက မင်းကို ဘယ်လို အကျိုးအမြတ်တွေ ပေးထားလို့လဲ.. ငါတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းက အဲဒီစျေးရဲ့ နှစ်ဆကို ပေးဖို့ အဆင်သင့်ပဲ.. ကျေးဇူးပြုပြီး ဒီကိစ္စမှာ ဝင်မပါဖို့ တောင်းဆိုချင်ပါတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားခဲ့ပြီး စန်းယွမ်ကို မေးလိုက်သည်။
“တကယ်လို့ ကျွန်တော်က ငြင်းမယ်ဆိုရင်ရော”
“ဒီလိုဆိုရင်တော့ ငါတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းရဲ့ ရက်စက်မှုကို အပြစ်မတင်ဖို့ ကြိုတင် အသိပေးချင်ပါတယ်”
စန်းယွမ်က အေးစက်စက် ပြောလိုက်သည်။
ဤနေရာရှိ အင်မော်တယ်သတ္တုတွင်းကို စန်းရှန်အင်မော်တယ်ဂိုဏ်း အနေဖြင့် မဖြစ်မနေ ရယူမည် ဖြစ်သည်။
သူ့ရှေ့မှ အနက်ရောင် ဝတ်စုံဝတ် လူငယ်၏ မူလဇာစ်မြစ်က မည်သို့ပင် ရှိစေကာမူ သူတို့ စန်းရှန် အင်မော်တယ်ဂိုဏ်းကို တားဆီးရန် အထိတော့ သူ ဘယ်လိုမှ ခွင့်ပြုမည် မဟုတ်ပေ။
ကျန်းချန်က ခဏမျှ စဥ်းစားဟန် ပြုပြီးမှ စန်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီကိစ္စကို ကျွန်တော် ဝင်မပါရင်လည်း ရပါတယ်.. ဒါပေမဲ့ အင်မော်တယ် သတ္တုတွင်းကနေ တူးဖော်ရရှိတဲ့ အင်မော်တယ်ကျောက်တုံးတွေရဲ့ထက်ဝက်ကို ကျွန်တော် လိုချင်တယ်”
ထိုစကားကိုကြားလျှင် စန်းယွမ် အတော်လေး ဝမ်းသာသွားခဲ့သည်။
ကျန်းချန်၏ စကားအရ ဆိုလျှင် ကျန်းချန်နှင့် ညှိနှိုင်း၍ ရနိုင်ပုံပေါ်၏။
သို့သော်လည်း စန်းယွမ်သည် ချက်ချင်း သဘောမတူဘဲ ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“မင်းက လောဘအရမ်းကြီးလွန်းတာပဲ.. အများဆုံး ငါးပုံတစ်ပုံပဲ ပေးနိုင်မယ်”
လဲ့ထျန်းချန်၏ အဆိုအရ ဤနေရာရှိ အင်မော်တယ်သတ္တုတွင်းတွင် အင်မော်တယ်ကျောက်တုံး သန်းချီ တူးဖော်ရရှိနိုင်သည် ဖြစ်ရာ ငါးပုံတစ်ပုံ ဟူသော ပမာဏပင်လျှင် အလွန်တရ ာကြောက်မက်ဖွယ်ရာကောင်းသော ပမာဏ ဖြစ်နေခဲ့ချေပြီ။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“စန်းရှန်အင်မော်တယ်ဂိုဏ်းထက် စျေးနှုန်းနှစ်ဆ ပေးနိုင်တယ်လို့ အခုလေးတင်ပဲ ခင်ဗျား ပြောလိုက်တယ် မဟုတ်လား.. ခင်ဗျားတို့က ပိုထျန်းအင်မော်တယ်ဂိုဏ်းထက်တောင် ပိုပြီး ကပ်စေးကုတ်တာပဲ”
စန်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကဲ ဒါဆို လေးပုံတစ်ပုံယူကွာ မင်းဘယ်လို သဘောရလဲ”
ကျန်းချန်က စကားတစ်ခွန်းမျှ မပြောဘဲ ပြုံးစစ လုပ်နေခဲ့သည်။
“ကောင်းပြီ.. ငါတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းက မင်းကို ကတိပေးတယ်. မင်းတောင်းဆိုတဲ့ အတိုင်း တူးဖော်ရရှိတဲ့ အင်မော်တယ် ကျောက်တုံးတွေရဲ့ ထက်ဝက်က မင်းအတွက် ဖြစ်စေရမယ်”
ကျန်းချန်က အလျှော့ပေးရန် အစီအစဥ် လုံးဝ မရှိသည်ကို မြင်လျှင် စန်းယွမ်သည် ကျန်းချန်နှင့် ဆက်လက် ငြင်းခုံမနေတော့ပေ။
ပြဿနာများ ထပ်မံ ပေါ်ပေါက်လာခြင်းကို ရှောင်ရှားရန်အတွက် စန်းယွမ်သည် ကျန်းချန် တောင်းဆိုသည့် အခြေအနေကို အရင် သဘောတူလိုက်ပြီး သူ၏ ရှေ့မှ အင်မော်တယ်သတ္တုတွင်းကို စန်းရှန်အင်မော်တယ်ဂိုဏ်း၏ လက်ဝယ်သို့ ရရှိအောင် အရင်ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန်က စန်းယွမ်ကို မထီမဲ့မြင်ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး.. စောစောက ကျွန်တော် တောင်းဆိုတဲ့ အခြေအနေက အင်မော်တယ်ကျောက်တုံးထက်ဝက်ပဲ.. ဒါပေမဲ့ ခင်ဗျားက အချိန်မီ သဘောမတူခဲ့တဲ့ အတွက် အခုကျွန်တော် တောင်းဆိုမဲ့ အခြေအနေက အင်မော်တယ်ကျောက်တုံးထက်ဝက်ထက် ပိုသွားခဲ့ပြီ”
“ကောင်လေး မင်းငါ့ကို နောက်ပြောင်နေတာလား”
စန်းယွမ်၏ မျက်နှာအမူအရာက သုန်မှုန်သွားခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် အေးစက်သောအလင်းတန်း တစ်ခု ပေါ်လာခဲ့သည်။
ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“ဂုဏ်ယူပါတယ် ခင်ဗျား ခန့်မှန်းတာမှန်သွားပြီ.. ကျုပ်က ခင်ဗျားကို နောက်ပြောင်နေတာပဲ.. ကျုပ်က နောက်ပြောင်တော့ရော ခင်ဗျားက ဘာလုပ်နိုင်မှာမို့လဲ”
“ကောင်းတယ် သိပ်ကောင်းတယ်”
စန်းယွမ်က ဒေါသတကြီးရေရွတ်လိုက်ပြီး ရွှေအင်မော်တယ်ခဆဋ္ဌမအဆင့် အရှိန်အဝါကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
ထိုခဏဝယ် သူ၏ အေးစက်စက် စကားသံသည် ကောင်းကင်နှင့်မြေကြီးအနှံ့ တစ်ခဏအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
“ကောင်လေး.. ငါမင်းကို မျက်နှာသာ နည်းနည်းပါးပါး ပေးလိုက်တာနဲ့ပဲ ငါတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းက မင်းကို ကြောက်နေတယ်လို့ မထင်နဲ့.. မင်းက ငါတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းရဲ့ ရန်သူဖြစ်ဖို့ ဆန္ဒရှိနေမှတော့ င့ါကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့”
စကားဆုံးသည်နှင့် ကြောက်မက်ဖွယ် ရွှေအင်မော်တယ်အဆင့် စွမ်းအားများသည် သူ၏ လက်ဖဝါးထဲတွင် စုစည်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် ရွှေအင်မော်တယ် အဆင့် စွမ်းအားများသည် လေထုထဲတွင် ဧရာမ တောင်ကြီး တစ်လုံး အဖြစ် တစ်ခဏအတွင်း စုစည်းသွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်း အထက်သို့ ကျဆင်းလာခဲ့သည်။
“ဝုန်း..”
ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင် မိုင်တစ်ရာခန့်သည် ပြိုကွဲ ပျက်စီးသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပရမ်းပတာ အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။
ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ၏ အစွမ်းကုန် တိုက်ခိုက်မှုသည် ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
အခန်း(၂၈၃၉)ပြီး၏။
အခန်း(၂၈၄၀)
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. အင်မော်တယ်ဝိညာဥ်ကိုဖျက်ဆီးခြင်း”
ကျန်းချန်၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ မရှိဘဲ တည်ငြိမ်နေခဲ့သည်။
သူက ဆန်းကြယ်သော လက်ဟန်များကို ထုတ်ဖော်လိုက်ရာ အနက်ရောင်စည်းတံဆိပ် တစ်ခုသည် သူ၏ လက်ဖဝါးကြားတွင် စုစည်းလာခဲ့သည်။
ထိုအနက်ရောင် စည်းတံဆိပ်သည် လောကရှိ အရာအားလုံးကို ဝါးမျိုပစ်နိုင်လောက်သည့် အရှိန်အဝါနှင့် အတူ သူ့ထံသို့ သက်ရောက်လာသည့် ဧရာမတောင်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
“ဝုန်း..”
ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသောစွမ်းအား နှစ်ရပ် ရောယှက်နေခဲ့ပြီး ကျယ်လောင်သောပေါက်ကွဲသံများလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
ပတ်ဝန်းကျင်ရှိ မိုင်ပေါင်းရာချီ ဟင်းလင်းပြင် တစ်ခုလုံးသည် တုန်ခါနေခဲ့သည်။
ဟင်းလင်းပြင်ထဲတွင် သူတို့ နှစ်ဦးစလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်း အတွင်း ကျရောက်နေခဲ့ပြီး သိပ်မကြာခင်မှာပင် သူတို့ နှစ်ဦးစလုံးက ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ကြရသည်။
“ရွှေအင်မော်တယ် ပထမအဆင့်နဲ့ ငါ့ရဲ့တိုက်ခိုက်မှုကိုတောင် တားဆီးနိုင်ပါလား.. မင်းက တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်ပဲ.. ဒါပေမဲ့ င့ါရှေ့မှာ ရမ်းကားဖို့လောက်အထိတော့ မင်းမှာ အရည်အချင်း မရှိသေးဘူး”
စကားဆုံးသည်နှင့် စန်းယွမ်က ထပ်မံ၍ လှုပ်ရှားလိုက်သည်။
သူ၏ ခြေဖဝါးအောက်တွင် ရွှေရောင်အလင်းတန်း တစ်ခု ရုတ်တရက် ပေါ်လာခဲ့ပြီးနောက် စန်းယွမ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကျန်းချန်၏ ရှေ့ရှိ လေထုထဲကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် စန်းယွမ်သည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့ပြီး သူ၏ လက်ဖဝါးထဲတွင် နေနှင့်လကိုပင် တုန်လှုပ်စေနိုင်လောက်သည့် ကြောက်မက်ဖွယ်ရာကောင်းသည့် စည်းတံဆိပ် တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့၏။
“ခွန်းလွန် အင်မော်တယ် အပြစ်ပေး စည်းတံဆိပ်”
ဤအကြိမ်တွင် စန်းယွမ်သည် သူ၏ စွမ်းရည်များကို အနည်းငယ်မျှပင် ထိန်ချန်မထားဘဲ တလော့အဆင့် နည်းစနစ်ကို တိုက်ရိုက်ပင် အသုံးပြုလိုက်သည်။
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. တောင်တန်းနှင့်မြစ်များကို ပြိုလဲစေခြင်း”
ရွှေအင်မော်တယ်အဆင့် စွမ်းအားများသည် ကျန်းချန်၏ လက်ဖဝါးကြားတွင် ထွက်ပေါ်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်ပေါင်းသောင်းချီသော တောင်တန်းနှင့်မြစ်များကို လွှမ်းမိုးထားနိုင်သည့် စည်းတံဆိပ် အဖြစ် စုစည်းသွားခဲ့သည်။
“ဝုန်း..”
နှစ်ဦးသား၏ စည်းတံဆိပ်များသည် ဟင်းလင်းပြင်ထက်တွင် ထိပ်တိုက် ဆုံတွေ့သွားကြသည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးက အရောင်မှေးမှိန်သွားခဲ့ပြီး နေနှင့်လသည်ပင် အလင်း ကွယ်ပျောက်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။
သူတို့နှစ်ဦး၏ စွမ်းအားများ ထိပ်တိုက် တွေ့ဆုံသည့် မိုင်တစ်ရာခန့်ရှိ ဟင်းလင်းပြင်သည် ချက်ချင်းဆိုသလိုပင် ဧရာမတွင်းနက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ခဏအကြာတွင် ပုံရိပ်နှစ်ခုသည် ဟင်းလင်းပြင်ထဲရှိ ထိုတွင်းနက်ထဲကနေ တစ်ချိန်တည်း နီးပါး လွင့်ထွက်လာခဲ့ကြ၏။
စန်းယွမ်က သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်မီ နောက်သို့ မီတာတစ်ရာခန့် ဆက်တိုက်ဆိုသလို ဆုတ်လိုက်ရသည်။
သူက ဆန့်ကျင်ဘက်သို့ လှမ်းကြည့်လိုက်ရာ နောက်သို့ မီတာတစ်ရာခန့်သာ ဆုတ်သွားရသည့် ကျန်းချန်ကို မြင်လိုက်ရလျှင် အတော်လေး အံ့ဩထိတ်လန့်သွားခဲ့သည်။
ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်းဖြင့်ပင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ရင်ဆိုင်ရာ၌ အသာစီးရရန် ခက်ခဲနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ရွှေအင်မော်တယ် ပထမအဆင့် ပါရမီရှင်၏ စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။
“ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်ကို ရင်ဆိုင်ရတာက အတော်လေး ခက်ခဲပါလား”
ကျန်းချန်က သူ၏ ခန္ဓာကိုယ် အတွင်းမှ ဗြောင်းဆန်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီးနောက်တွင် စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူက ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်တွင် ရှိစဥ်က သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် စန်းရှီ ကဲ့သို့ ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်နှင့်ပင် ယှဥ်နိုင်ခဲ့သည်။
ယခု ရွှေအင်မော်တယ် ပထမအဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် များစွာ တိုးတက်လာခဲ့ပြီး ရွှေအင်မော်တယ် ပဉ္စမအဆင့်ကို ရင်ဆိုင်ရလျှင်ပင် ဖိအား များများစားစား မရှိတော့ပေ။
သို့သော်လည်း စန်းယွမ် ကဲ့သို့ ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါတွင်မူ အနည်းငယ် ခက်ခဲနေခဲ့၏။
“ဒီကောင်လေးက တကယ်ကို မွန်းစတား တစ်ကောင်ပဲ”
ကျန်းချန်နှင့် စန်းယွမ်တို့၏ တိုက်ပွဲကို ကြည့်ရင်း လဲ့ထျန်းချန်းသည် အသက်ကို ခပ်ပြင်းပြင်း မရှူဘဲ မနေနိုင်တော့ပေ။
ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင် ရှိသော စန်းယွမ်သည် သူ့ထက်ပင် သန်မာသော ကျင့်ကြံသူ ဖြစ်သည်။
သို့သော်လည်း စန်းယွမ် ကဲ့သို့ ခွန်အားရှိသူ၏ အစွမ်းကုန် တိုက်ခိုက်မှု နှစ်ကြိမ်ကို ကျန်းချန်က ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့သည်။
“ငါ မင်းကို အထင်သေးမိသွားပုံပဲ.. ငါ့ရဲ့ တိုက်ခိုက်မှုကို မင်းဘယ်နှစ်ကြိမ်လောက် တားဆီးနိုင်ဦးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့”
စန်းယွမ်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ထိုခဏဝယ် သူ၏ ခန္ဓာကိုယ် အတွင်းကနေ မုန်တိုင်းထန်နေသော ပင်လယ်ပြင် ကဲ့သို့ ကျယ်ပြောသော ရွှေအင်မော်တယ်စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး တောင်တန်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန်ထံသို့ ပြင်းထန်စွာ သက်ရောက်လာခဲ့သည်။
သူ့ရှေ့မှ ကောင်လေးသည် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သော်လည်း အဆုံးသတ်တွင် ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူမျှသာ ရှိနေသေးသည်။
ကျန်းချန်က သူ၏ ခိုင်မာသော အခြေခံအုတ်မြစ်နှင့် အင်မော်တယ်ဘုရင် အဆင့် နည်းစနစ်များကို အသုံးပြုကာ ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်နှင့် ယှဥ်ပြိုင်နိုင်သည့် စွမ်းအားကို ထုတ်ဖော်နိုင်သော်လည်း သူ၏ တိုက်ခိုက်မှုတိုင်းတွင် စွမ်းအင် အမြောက်အများ ကုန်ဆုံးစေသဖြင့် ရေရှည်ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုခဏတွင် ကျန်းချန်သည် ဆန်းကြယ်သော လက်ဟန် တစ်ခုကို ထပ်မံ ပြုလုပ်လိုက်ရာ သူ၏ လက်ဖဝါးကြားတွင် စည်းတံဆိပ် တစ်ခု စုစည်းလာခဲ့သည်။
ထိုစည်းတံဆိပ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လောကကြီးကိုပင် အဆုံးသတ်စေနိုင်လောက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါ တစ်ခုသည် ဟင်းလင်းပြင်တစ်ခွင်လုံးသို့ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. ကောင်းကင်နှင့်မြေကြီး ငြိမ်သက်တိတ်ဆိတ်ခြင်း”
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ကောင်းကင်ဧကရာဇ်စည်းတံဆိပ်၏ တတိယ စည်းတံဆိပ်ကို စန်းယွမ်ဆီ ပို့လွှတ်လိုက်သည်။
“ဝုန်း..”
ဟင်းလင်းပြင်က ပေါက်ကွဲသွားခဲ့ပြီး အဖျက်စွမ်းအင်များက အရပ်မျက်နှာ အနှံ့သို့ ပျံ့လွင့်သွားခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ဟင်းလင်းပြင်ထဲတွင် ခြေလှမ်းများစွာ နောက်သို့ ဆုတ်လိုက်ရကာ မျက်နှာထက်တွင် ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ကောင်းကင်ဧကရာဇ် စည်းတံဆိပ်သည် ရှေးခေတ်ကာလက အင်မော်တယ် ဧကရာဇ် ဖန်တီးခဲ့သည့် ဧကရာဇ်အဆင့်ပညာရပ် ဖြစ်သည်။
ကျန်းချန်၏ ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံခြင်းဖြင့်ဆိုလျှင် တစ်ခါ အသုံးပြုလိုက်တိုင်းတွင် စွမ်းအင် အလွန်အမင်း ကုန်ဆုံးစေ၏။
ယခု သူက ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် စန်းယွမ်နှင့် ရင်ဆိုင်နေရ၍ စည်းတံဆိပ် သုံးခုစလုံးကို အသုံးပြုလိုက်ရသည် ဖြစ်ရာ သူ၏ ခန္ဓာကိုယ်ထဲမှ သက်စောင့်စွမ်းအားများက သိသာစွာပင် ခံနိုင်ရည်မရှိတော့ပေ။
“နောက်ဆုံးတော့ ခံနိုင်ရည် မရှိတော့ဘူး မဟုတ်လား.. ငါ မင်းကို အခွင့်အရေး ပေးခဲ့ပါတယ်.. ဒါပေမဲ့ မင်းက ခေါင်းမာလွန်းတော့လည်း ဘယ်တတ်နိုင်မှာလဲ”
ထိုစကားကို ပြောပြီးနောက်တွင် စန်းယွမ် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ထိုအခါ ဟင်းလင်းပြင်ကို ချုပ်နှောင်ထားနိုင်သည့် စွမ်းအားတစ်ခုသည် ကျန်းချန် ထံသို့ တိုးဝင်လာခဲ့၏။
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး စန်းယွမ်ကို တိုက်ခိုက်ရန် အတွက် အင်မော်တယ် ကျောက်တိုင်ကို ထုတ်သုံးတော့မည့် အချိန်မှာပင် ဟင်းလင်းပြင်ကို ဖျက်ဆီးပစ်နိုင်လောက်သည့် လက်သီးချက် တစ်ချက်သည် ဟင်းလင်းပြင်ထဲကနေ တိုက်ရိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ထိုလက်သီးချက်သည် စန်းယွမ် ထုတ်ဖော်လိုက်သည့် စွမ်းအားကို ပြင်းထန်စွာ ချေမှုန်းပစ်လိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ် ပြင်းထန်သော လက်သီးချက် အောက်တွင် စန်းယွမ်၏ စွမ်းအားများက တစ်ခဏအတွင်း ပေါက်ကွဲသွားခဲ့၏။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် အတွင်းကနေ ခနဲ့လိုက်သော လေသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
“စန်းယွမ်.. မင်းက စန်းရှန်အင်မော်တယ်ဂိုဏ်းရဲ့ ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်မှာ ရှိတဲ့ အကြီးအကဲတစ်ယောက် ဖြစ်ပြီး ရွှေအင်မော်တယ် ပထမအဆင့် မျိုးဆက်သစ်လေး တစ်ယောက်ကို အခုလို တိုက်ခိုက်တာ မင်းမရှက်ဘူးလား.. ကြည့်ရတာ ဒီနှစ်တွေမှာ မင်းက ခွေးတစ်ကောင်လို အသက်ရှင်နေခဲ့တယ် ထင်တယ်”
အေးစက်စက် လှောင်ပြောင်သံက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီးနောက်တွင် ဟင်းလင်းပြင်၌ ပြင်းထန်သော စွမ်းအင်လှိုင်းများနှင့် အတူ ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုနှစ်ယောက် ထဲတွင် တစ်ယောက်မှာ ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် လင်းယန်ချန်း ဖြစ်သည်။
လင်းယန်ချန်း၏ နံဘေးတွင်မူ ကြယ်အလင်းများ ဝန်းရံနေသည့် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး ရှိနေခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည် ကြယ်တာရာ ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရှိန်အဝါက လင်းယန်ချန်းထက်ပင် ပို၍ အစွမ်းထက်နေခဲ့၏။
ထိုလူက အနည်းဆုံး ရွှေအင်မော်တယ် သတ္တမအဆင့်တွင် ရှိနေလိမ့်မည်ဟု ထင်ရသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည် လင်းယန်ချန်းက တလော့အဆင့် အင်အားစု ဖြစ်သည့် ရှင်းယွင်အင်မော်တယ်နန်းတော်ကနေ ဖိတ်ကြားခဲ့သော ပုဂ္ဂိုလ် ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် စန်းယွမ်၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူ၏ အကြည့်က လင်းယန်ချန်း၏ နံဘေးရှိ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ် ထံသို့ ကျရောက်သွားခဲ့သည်။
ထိုသူ၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားကို မြင်လိုက်ရလျှင် သူ၏ မျက်နှာ အမူအရာက အဆုံးသတ်တွင် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
“ရှင်းယွင်အင်မော်တယ်နန်းတော်ကပါလား”
ပိုထျန်းအင်မော်တယ်ဂိုဏ်းက တလော့အဆင့် အင်အားစု ဖြစ်သည့် ရှင်းယွင် အင်မော်တယ်နန်းတော်မှ လူများကို ဖိတ်ခေါ်ထားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ထို့အပြင် ဤရှင်းယွင်အင်မော်တယ် နန်းတော်မှ ကျင့်ကြံသူ၏ အရှိန်အဝါသည် သူ့ထက်ပင် သာလွန်နေခဲ့ရာ ထိုသူသည် အနည်းဆုံး ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်မည်မှာ သေချာသလောက်ပင်။
ယခုအခါ တလော့အဆင့် အင်အားစု ဖြစ်သည့် ရှင်းယွင်အင်မော်တယ်နန်းတော်က ပါဝင် ပတ်သက်လာသောကြောင့် နောက်ပိုင်းတွင် အင်မော်တယ် သတ္တုတွင်းနှင့် ပတ်သက်သည့် ကိစ္စသည် ပို၍ပင် ပြဿနာများလာနိုင်ပေသည်။
“စန်းယွမ်.. မင်းရဲ့လူတွေကို ခေါ်ပြီး ငါ့ရှေ့ကနေ အခုချက်ချင်းထွက်သွားစမ်း.. မဟုတ်ရင် ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့”
ထိုအချိန်တွင် လင်းယန်ချန်း၏ အေးစက် ပြတ်သားသော ကြုံးဝါးသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
စန်းယွမ်၏ အမူအရာက အတော်လေး သုန်မှုန်နေခဲ့၏။
ကျန်းချန် တစ်ယောက်တည်းဖြင့်ပင် ကိုင်တွယ်ရ ခက်ခဲနေပြီဖြစ်ရာ ယခု လင်းယန်ချန်းက ရှင်းယွင်အင်မော်တယ် နန်းတော်မှ အစွမ်းထက် ကျင့်ကြံသူနှင့် အတူ ရောက်ရှိလာ၍ သူတို့ အနေဖြင့် ရင်ဆိုင်နိုင်စွမ်း မရှိတော့ပေ။
လက်တလော အခြေအနေအရ အရင် ပြန်ဆုတ်ရုံသာရှိပြီး ဂိုဏ်းချုပ်နှင့် အခြားသူများ ရောက်လာမှသာ အစီအစဥ်ကို ပြန်ဆွဲရလိမ့်မည် ဖြစ်သည်။
စန်းယွမ်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
သူ ဆုတ်ခွာတော့မည့် အချိန်မှာပင် အဝေးရှိ ကောင်းကင်ယံကနေ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင် ဝတ်စုံဝတ် လူအုပ်ကြီးသည် အင်အား အလုံးအရင်းဖြင့် ရောက်ရှိလာခဲ့သည်။
အခန်း(၂၈၄၀)ပြီး၏။