အခန်း (၂၈၃၁-၂၈၃၂)
Vol. 224 Ch. 2831-2832
အခန်း(၂၈၃၁)
“မိတ်ဆွေလေးကျန်းချန်.. ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ လူများ ထွက်ခွာသွားပြီးနောက်တွင် လင်းယန်ချန်းသည် သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်ပြီး ကျန်းချန်ကို ကျေးဇူးတင်သောအမူအရာဖြင့် ပြောလိုက်သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း တို့သည် ဤနေရာရှိ အင်မော်တယ်သတ္တုတွင်း အတွက် ပြိုင်ဆိုင်ခဲ့ကြပြီး နှစ်ဖက်စလုံးက သိသိသာသာပင် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ကြသည်။
အင်မော်တယ် သတ္တုတွင်းကို လုယူ တိုက်ခိုက်ရာကနေ နှစ်ဦးနှစ်ဖက် အကျိုးယုတ်ပျက်စီးခြင်း မရှိစေရန် အတွက် နှစ်ဖက်စလုံးသည် တိုက်ပွဲငါးပွဲ ယှဥ်ပြိုင်ပြီး အင်မော်တယ်သတ္တုတွင်း၏ ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်ရန် သဘောတူခဲ့ကြသည်။
သို့သော်လည်း ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင် ပြိုင်ပွဲကို ယှဥ်ပြိုင်ရန်အတွက် အင်အားလုံလောက်မှု မရှိ၍ လင်းယန်ချန်းသည် ထိုတိုက်ပွဲငါးပွဲစလုံး အပေါ်တွင် ယုံကြည်မှု မရှိခဲ့ပေ။
ပိုထျန်းအင်မော်တယ်ဂိုဏ်း အနေဖြင့် တိုက်ပွဲတစ်ပွဲ သို့မဟုတ် နှစ်ပွဲခန့် အနိုင်ရလျှင်ပင် အလွန် ကောင်းမွန်သော ရလဒ်ဖြစ်သည်ဟု သူ မူလက မှတ်ယူထားခဲ့၏။
သို့သော်လည်း ကျန်းချန်သည် အခြေအနေကို ပြောင်းလဲပစ်လိုက်ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် အင်မော်တယ်သတ္တုတွင်း ပိုင်ဆိုင်မှုကို အရယူပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု လင်းယန်ချန်း တစ်ခါမှ မတွေးခဲ့ဖူးပေ။
သိထားရမည့်အချက်မှာ ဤနေရာတွင် တွေ့ရှိရသည့် အင်မော်တယ် သတ္တုတွင်းကနေ အင်မော်တယ်ကျောက်တုံး သန်းချီ တူးဖော်နိုင်ခြင်းပင်။
ယင်းက ရွှေအင်မော်တယ်အဆင့် အင်အားစု တစ်စု တိုးတက်လာရန် အတွက် အဓိကရေသောက်မြစ်ကြီး ကဲ့သို့ အထောက်အပံ ဆိုလည်းမမှားပေ။
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“အားနာစရာမလိုပါဘူး.. ခင်ဗျားတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းနဲ့ ကျုပ်ရဲ့ကြားမှာ ပတ်သက်မှုတချို့ ရှိနေလို့ပါ.. ဒီအင်မော်တယ်သတ္တုတွင်းကို အမှီပြုပြီး ခင်ဗျားတို့ တိုးတက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ထိုစကားကိုကြားလျှင် လင်းယန်ချန်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာ တစ်ခု ယှက်သန်းသွားခဲ့သည်။
ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ပါရမီရှင်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် မည်ကဲ့သို့ ပတ်သက်မှု ရှိမှန်းကို သူအမှန်တကယ် သိချင်နေမိသည်။
သို့သော် ကျန်းချန်က ရှင်းပြလိုပုံ မရသရွေ့ လင်းယန်ချန်းက ထပ်မံ မမေးမြန်းတော့ပေ။
မည်သို့ပင်ဆိုစေကာမူ ပိုထျန်းအင်မော်တယ်ဂိုဏ်း အနေဖြင့် ဤကဲ့သို့ ထူးခြားသော ပါရမီရှင်တစ်ဦးနှင့် ဆက်ဆံရေးရှိနေခြင်းကပင် ကောင်းမွန်သောအချက် ဖြစ်သည်မဟုတ်ပါလော။
“ဂိုဏ်းချုပ်.. ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက အင်မော်တယ်သတ္တုတွင်းကို လက်လွှတ်ခဲ့ရပေမဲ့ ဒီအတိုင်းလက်လျှော့မသွားလောက်ဘူးလို့ ကျွန်တော်ခံစားမိတယ်.. ကျွန်တော်တို့ သတိထားမှ ဖြစ်မယ်”
ထိုအခိုက်အတန့်တွင် လင်းယန်ချန်း၏ နံဘေးရှိ ပထမ အကြီးအကဲက ရုတ်တရက် ခပ်တိုးတိုး ကပ်ပြောလိုက်သည်။
“ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်ခိုင်းထားလိုက်ပါ.. ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းဘက်က တစ်ခုခု အပြောင်းအလဲ ရှိတာနဲ့ အမြန်ဆုံး သတင်းလာပို့ခိုင်းလိုက်”
လင်းရန်ချန်းက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“အင်မော်တယ်ကျောက်တုံးတွေကို ညတွင်းချင်း တူးဖော်ဖို့အတွက် လူတွေကို ချက်ချင်း စေလွှတ်လိုက်ဦး”
အင်မော်တယ်သတ္တုတွင်းသည် မည်သည့် ဂိုဏ်းအဖွဲ့အစည်းအတွက် မဆို သေမတတ် ဆွဲဆောင်မှုရှိသည့်အရာ ဖြစ်သည်။
အကယ်၍ ယနေ့ အလောင်းအစားတွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသာ ရှုံးနိမ့်သွားလျှင် သူကိုယ်တိုင်သည်လည်း အင်မော်တယ် သတ္တုတွင်းကို ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းဆီ အလွယ်တကူ လက်လွှတ်ပေးချင်မည် မဟုတ်ပေ။
ထို့ကြောင့် ဖုန်းလဲအင်မော်တယ်ဂိုဏ်းက တစ်ကျော့ပြန်လာဦးမည်မှာ သေချာသလောက်ပင်။
မည်သို့ပင်ဖြစ်စေကာမူ ယခုအခါတွင် သူတို့သည် အင်မော်တယ် သတ္တုတွင်းကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း ပြန်ရောက်မလာမီ အင်မော်တယ် ကျောက်တုံးများကို တတ်နိုင်သမျှ တူးဖော်ရန် ကြိုးစားရမည် မဟုတ်ပါလော။
------------------
အင်မော်တယ်သတ္တုတွင်းကြောင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ လူများ စိတ်လှုပ်ရှားနေကြသည့်အချိန်တွင် လဲ့ထျန်းချန်းကမူ သုန်မှုန်သော အမူအရာဖြင့် သူ၏ လူများကို ပြန်လည် ခေါ်ဆောင်လာခဲ့ကာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း ဆီသို့ ပြန်လာခဲ့သည်။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အကြီးအကဲများကို ဆင့်ခေါ်၍ ချက်ချင်းပင် အစည်းအဝေး စတင်လိုက်၏။
ဂိုဏ်းခေါင်းဆောင် တစ်ဦးအနေဖြင့် လဲ့ထျန်းချန်းသည် လောင်းကြေးကို သဘောတူခဲ့ပြီးပြီ ဖြစ်ရာ ချက်ချင်းဆိုသလို ကတိဖျက်ရန်မှာ သဘာဝမကျပေ။
သို့သော် ယင်းမှာ လဲ့ထျန်းချန်က ဤအတိုင်း လက်လျော့လိမ့်မည်ဟု မဆိုလိုပေ။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်သတ္တုတွင်းသည် အင်မော်တယ် ကျောက်တုံး သန်းပေါင်း များစွာကို တူးဖော်နိုင်သည်။
ယင်းမှာ တလော့အဆင့် အင်အားစုများ အတွက်ပင်လျှင် အလွန်အမင်း လောဘတက်စေမည့် ပိုင်ဆိုင်မှု ဖြစ်၏။
အင်မော်တယ်လောကတွင် တလော့အဆင့် လက်နက်တစ်ခု၏ တန်ဖိုးသည် အင်မော်တယ်ကျောက်တုံး တစ်သိန်းဝန်းကျင်လောက်သာ ရှိသည်။
ဤအင်မော်တယ်သတ္တုတွင်းသည် တလော့အဆင့် လက်နက်ပေါင်း ဒါဇင်နှင့် ချီ၍ တန်ဖိုးရှိသောကြောင့် ရွှေအင်မော်တယ်အဆင့် အင်အားစုများ အတွက်မူ အမှန်တကယ်ပင် ကြီးမားသော ရတနာသိုက် တစ်ခုပင်။
အကယ်၍ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသာ ဤအင်မော်တယ်သတ္တုတွင်းကို ရရှိခဲ့လျှင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ အင်အားသည် နောက်ထပ် တစ်ဆင့်ကို သေချာပေါက် တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
သူ့အနေဖြင့်လည်း ဤအင်မော်တယ် သတ္တုတွင်းကို အခြေခံပြီး တလော့အဆင့်သို့ တက်လှမ်းရန် လုံလောက်သောအရင်းအမြစ်များ ရရှိနိုင်မည် ဖြစ်ကာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို တလော့အဆင့် အင်အားစု တစ်ခု ဖြစ်လာစေနိုင်၏။
ထိုအချိန်သို့ရောက်လျှင် ဝိရောဓိနယ်မြေထဲတွင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ကျယ်ပြောသော နယ်မြေ ဧရိယာကို ပိုင်ဆိုင်နိုင်လာလိမ့်မည် ဖြစ်သည်။
“အကြီးအကဲတို့.. ပိုထျန်းအင်မော်တယ်ဂိုဏ်းနဲ့ ပြိုင်ပွဲမှာ မမျှော်လင့်ဘဲ အတိမ်းအစောင်းတချို့ ရှိခဲ့တယ်.. ဘာပဲဖြစ်ဖြစ် အင်မော်တယ် သတ္တုတွင်းကိုတော့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက မဖြစ်မနေ ရအောင် ပြန်ယူရလိမ့်မယ်.. ဒီနေ့ အားလုံးကို ဆင့်ခေါ်လိုက်တာက အဲဒီ အင်မော်တယ် သတ္တုတွင်းကို ဘယ်လိုပြန်ရအောင် ယူမလဲ ဆိုတာ ဆွေးနွေးကြဖို့ပဲ”
လဲ့ထျန်းချန်းက ခန်းမထဲမှ လူတစ်ဦးချင်းစီကို ဝေ့ကြည့်လိုက်ပြီး လိုရင်းကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“ကျွန်တော့်အမြင်အရတော့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ရိုက် ဖျက်ဆီးလိုက်တာ အကောင်းဆုံးပဲ.. ကျွန်တော်တို့ရဲ့ အင်အားနဲ့ဆိုရင် သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းလောက်ကို ဘာမှ ကြောက်နေစရာ မလိုဘူး”
ကြမ်းတမ်းသော ရုပ်ရည်ရှိပြီး ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူ ဖြစ်သည့် သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးက ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။
သူက အစကတည်းကပင် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ရန် အဆိုပြုခဲ့သူ ဖြစ်သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်းသာ ပျက်စီးသွားလျှင် သူတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အနေဖြင့် အင်မော်တယ်သတ္တုတွင်းကို ရရှိနိုင်ရုံသာမက ပိုထျန်းအင်မော်တယ်ဂိုဏ်း ပိုင်ဆိုင်သော အရင်းအမြစ်များကို သိမ်းပိုက်နိုင်မည် ဖြစ်ရာ ယင်းမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်သည် မဟုတ်ပါလား။
“ဒီလိုလုပ်လို့တော့မဖြစ်ဘူး”
အသက်ခပ်ကြီးကြီး ဆံဖြူအဘိုးအို တစ်ဦးက အလျင်အမြန်ပင် ကန့်ကွက်လိုက်သည်။
“ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ အင်အားက ငါတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းထက် အများကြီး နိမ့်ကျနေတာ မဟုတ်ဘူး.. သူတို့ရဲ့ဂိုဏ်းချုပ် လင်းယန်ချန်းက ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ.. တကယ်လို့ ငါတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းအနေနဲ့ သူတို့ကို အနိုင်ရခဲ့တယ်ဆိုရင်တောင် ကြီးမားတဲ့ ပေးဆပ်မှုတွေ ရှိလာလိမ့်မယ်”
ဝိရောဓိ နယ်မြေထဲတွင် ပြိုင်ဆိုင်မှုများသည် အတော်လေး ပြင်းထန်သည်။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ ပတ်ဝန်းကျင်တွင်လည်း သူတို့နှင့် အင်အားချင်း မတိမ်းမယိမ်း ရှိသည့် ရွှေအင်မော်တယ်အဆင့် တခြားသော အင်အားစု အများအပြား ရှိသည်။
အကယ်၍ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အနေဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းဖြင့် တိုက်ခိုက်ရင်း ကြီးမားသော ထိခိုက်မှုများ ရှိလာခဲ့လျှင် အခြားသော ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကို အကျိုးအမြတ်ထုတ်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလော။
သန်မာထွားကျိုင်းသော အမျိုးသားက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“ဒါလည်းမဖြစ်ဘူး ဟိုဟာလည်း မဖြစ်ဘူးဆိုရင် အင်မော်တယ်သတ္တုတွင်းကို ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ လက်ထဲ ဒီအတိုင်း ပေးလိုက်ရတော့မှာလား”
“အင်မော်တယ်သတ္တုတွင်းကိုတော့ မဖြစ်မနေ ရအောင်ယူရလိမ့်မယ်.. ငါဆိုလိုချင်တာက ပိုထျန်းအင်မော်တယ်ဂိုဏ်းကို လျှော့မတွက်ဘဲ အပြည့်အဝ ပြင်ဆင်ထားဖို့ပဲ”
ဆံဖြူအဘိုးအို၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့ပြီး လဲ့ထျန်းချန်းကို ဂါဝရပြုကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်.. ကျွန်တော်တို့ တကယ်ပဲ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်မယ် ဆိုရင် စန်းရှန်းအင်မော်တယ်ဂိုဏ်းဆီကနေ လူတချို့ ငှားလို့ ရနိုင်ပါတယ်”
စန်းရှန်းအင်မော်တယ်ဂိုဏ်းသည် ဝိရောဓိနယ်မြေ၏ မိုင်တစ်သိန်း ပတ်လည်အတွင်းရှိ အဆင့်မြင့် ရွှေအင်မော်တယ်အဆင့် အင်အားစုတစ်စု ဖြစ်သည်။
အကယ်၍သာ စန်းရှန်းအင်မော်တယ်ဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူ တစ်ဦး သို့မဟုတ် နှစ်ဦးခန့် ငှားရမ်းနိုင်မည်ဆိုလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ကိုင်တွယ်ရန်မှာ ပို၍ လွယ်ကူသွားလိမ့်မည် ဖြစ်၏။
“စန်းရှန်းအင်မော်တယ်ဂိုဏ်းဆီက လူငှားမလို့လား”
စန်းရှန်းအင်မော်တယ်ဂိုဏ်းဆီက လူငှားရန် အဆိုပြုချက်ကို ကြားလျှင် လဲ့ထျန်းချန် မျက်မှောင် အနည်းငယ်ကြုတ်သွားခဲ့သည်။
သူက စန်းရှန်းအင်မော်တယ်ဂိုဏ်းက ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အကြီးအကဲ တစ်ဦးနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိသည်။
ပုံမှန်အခြေအနေတွင် စန်းရှန်းအင်မော်တယ်ဂိုဏ်း ထံမှ လူငှားရန်မှာ ပြဿနာကြီးကြီးမားမား မရှိပေ။
သို့သော်လည်း အင်မော်တယ်သတ္တုတွင်း အကြောင်းကို စန်းရှန်းအင်မော်တယ်ဂိုဏ်းသာ သိသွားခဲ့လျှင် စန်းရှန်အင်မော်တယ်ဂိုဏ်း အနေဖြင့် အင်မော်တယ် သတ္တုတွင်းကို ကိုယ်တိုင် သိမ်းပိုက်လိုသည့် စိတ်ဆန္ဒရှိလာမည်ကို သူအနည်းငယ် စိုးရိမ်နေမိသည်။
ထိုအတိုင်းသာ ဖြစ်လာခဲ့လျှင် စန်းရှန်းအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ်သတ္တုတွင်းကို မောင်ပိုင်စီးလိုက်မည် ဖြစ်ပြီး သူတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အနေဖြင့် ဘာမှ ရရှိတော့မည် မဟုတ်ပေ။
“ဂိုဏ်းချုပ်.. အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး.. ကျွန်တော်တို့က စန်းရှန်းအင်မော်တယ်ဂိုဏ်း ဆီကနေ ရွှေအင်မော်တယ်စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်လောက် ငှားရမ်းလိုက်ရုံပါပဲ.. စန်းရှန်းအင်မော်တယ်ဂိုဏ်းက လူတွေကို အင်မော်တယ်သတ္တုတွင်း အကြောင်း ပေးသိစရာ မလိုအပ်ပါဘူး”
လဲ့ထျန်းချန်း၏ စိုးရိမ်မှုကို ရိပ်မိပြီး ဆံဖြူအဘိုးအိုက လေးနက်စွာ ရှင်းပြလိုက်သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူ အရေအတွက်နှင့် အင်အားသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် သိပ်မကွာပေ။
နှစ်ဖက်စလုံးတွင် ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးဆီ ရှိကြပြီး ကျန်ရှိသော ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူများမှာ စတုတ္ထအဆင့်အောက်တွင်သာ ရှိကြသည်။
ဆိုလိုသည်မှာ သူတို့အနေဖြင့် စန်းရှန်းအင်မော်တယ်ဂိုဏ်းဆီမှ ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ဦးသာ ငှားရမ်းနိုင်လျှင် အခြေအနေကို အသာစီးရယူနိုင်မည် ဖြစ်ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ချေမှုန်းနိုင်မည် ဖြစ်သည်။
“ကောင်းပြီ.. ငါ ကိုယ်တိုင် စန်းရှန်းအင်မော်တယ်ဂိုဏ်းကို သွားပြီး လူသွားငှားလိုက်မယ်.. မင်းတို့တွေကတော့ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ အခြေအနေကို အသေအချာ စောင့်ကြည့်ထားကြ.. ဒါ့အပြင် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အချိန်မရွေး တိုက်ခိုက်ဖို့ အတွက်လည်း အဆင်သင့်ပြင်ထားကြတော့”
လဲ့ထျန်းချန်းသည် ဆုံးဖြတ်ချက် မပြတ်သားသော လူစားမျိုး မဟုတ်ပေ။
သူက ဆုံးဖြတ်ချက် ချလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို မျက်စိတစ်မှိတ် အတွင်း နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၈၃၁)ပြီး၏။
အခန်း(၂၈၃၂)
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် ပြိုင်ပွဲ ပြီးဆုံးပြီးနောက်တွင် လင်းယန်ချန်းနှင့် တခြားသူများသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ချက်ချင်းပြန်မသွားဘဲ မတော်တဆ ဖြစ်ရပ်များ မဖြစ်ပွားစေရန် အတွက် အင်မော်တယ် သတ္တုတွင်းတွင်သာ နေထိုင်ပြီး ကိုယ်တိုင် စောင့်ကြပ်ခဲ့ကြသည်။
ကျန်းချန်သည်လည်း သတ္တုတွင်းမှာပင် ဆက်လက်နေထိုင်ခဲ့၏။
ကျန်းချန်ကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့် အနေဖြင့် လင်းယန်ချန်းသည် ကျန်းချန်ကို အင်မော်တယ် သတ္တုတွင်းထဲတွင် ရှိသည့် အင်မော်တယ်ကျောက်တုံးများကို စိတ်ကြိုက်တူးဖော် သုံးစွဲခွင့် ပေးခဲ့ရာ ကျန်းချန်သည်လည်း အားနာမနေတော့ပေ။
သူက သတ္တုတွင်း၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့ပြီး အကာအကွယ် အစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။
ယင်းနောက် အလေးချိန် ပေါင်တစ်ရာခန့်ရှိသော အင်မော်တယ် ကျောက်တုံး တချို့ကို တူးထုတ်ကာ ကျင့်ကြံရန်အတွက် ထိုကျောက်တုံးများကို အချိန်မျှော်စင် အတွင်းသို့ ယူဆောင်သွားခဲ့၏။
ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေတွင် အင်မော်တယ်လမ်းစဥ်သည် အလွန်ပင် ထွန်းကားသည်။
ဤနေရာက ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ၏ ဗဟို နယ်မြေ မဟုတ်သော်လည်း ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကို နေရာတိုင်းတွင် တွေ့နိုင်ပြီး တလော့အဆင့် အင်မော်တယ်များကိုပင် တစ်ခါတစ်ရံ တွေ့ရတတ်သည်။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော်ရှိ ကမ္ဘာဦးအင်မော်တယ်ရေကန် ထဲသို့ ဝင်ရောက်ပြီးနောက်တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ကောင်းကင်အင်မော်တယ် နဝမအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။
သို့သော်လည်း ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေ ကဲ့သို့ နေရာမျိုးတွင်မူ ထိုမျှလောက်သော ကျင့်ကြံခြင်းအဆင့်သည် ထည့်တွက်လောက်စရာ အခြေအနေတွင် မရှိသေးပေ။
ယင်းကြောင့် ကျန်းချန်သည် ဤနေရာတွင် အချိန်အတိုင်းအတာ တစ်ခု အထိ တံခါးပိတ်ကျင့်ကြံရန် စီစဥ်ထားခဲ့ပြီး ရွှေအင်မော်တယ် အဆင့်ကို အမြန်ဆုံး ထိုးဖောက်ဝင်ရောက်ရန် ရည်ရွယ်ခဲ့သည်။
အချိန်မျှော်စင် အတွင်း၌ ကျိယောင်သည် အင်မော်တယ်ကျောက်တုံးမှ စွမ်းအင်များကို စုပ်ယူကာ ကျင့်ကြံနေခဲ့သည်။
ကျန်းချန်က ကျိယောင်ကို အချိန်မျှော်စင်ထဲသို့ ပို့ထားခဲ့သည်မှာ နှစ်လခန့် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ပြင်ပကမ္ဘာတွင်မူ ရက်အနည်းငယ်ခန့်သာ ရှိသေး၏။
ကျိယောင်၏ ကျင့်ကြံခြင်းအဆင့်က ပကတိအင်မော်တယ် ပထမအဆင့်ကနေ တတိယအဆင့်အထိ တိုးတက်လာခဲ့ပြီး အဆင့်နှစ်ဆင့် ချိုးဖျက်နိုင်ခဲ့သည်။
အကယ်၍ ဤအရှိန်အဟုန်အတိုင်းသာ ဆက်လက် ကျင့်ကြံနေမည်ဆိုလျှင် ကျိယောင်အနေဖြင့် ပကတိအင်မော်တယ် နဝမအဆင့်ကို ကျော်ဖြတ်ကာ ကောင်းကင်အင်မော်တယ် အဆင့်ကို ထိုးဖောက်ရန် အချိန်များစွာ လိုအပ်လိမ့်မည်မဟုတ်ပေ။
ကျန်းချန်က ကျိယောင်အဆင်ပြေ မပြေ တစ်ချက် အကဲခတ်လိုက်ပြီးနောက်တွင် ကျိယောင်ကို လျစ်လျူရှုလိုက်ပြီး အင်မော်တယ်ကျောက်တုံးမှ စွမ်းအားများကို တိုက်ရိုက် စုပ်ယူကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ကျန်းချန်၏ လက်ရှိ ကောင်းကင်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံမှုအရ အင်မော်တယ် ကျောက်တုံးများကို စုပ်ယူသည့် အရှိန်အဟုန်သည် ကောင်းကင်အင်မော်တယ်အဆင့်ကို ထိုးဖောက်စဥ်ကထက် သိသိသာသာပင် နှေးကွေးသွားသော်လည်း စုပ်ယူနိုင်စွမ်းကမူ ပိုမို မြန်ဆန်လာခဲ့သည်။
ဤသို့ဖြင့် သုံးလတိတိ ကြာမြင့်သွားပြီးနောက်တွင် ကျန်းချန်သည် အချိန်မျှော်စင် အတွင်းသို့ သူ ယူဆောင်လာခဲ့သည့် အင်မော်တယ်ကျောက်တုံး အများစုကို စုပ်ယူ ပြီးစီးသွားခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ကောင်းကင်အင်မော်တယ် နဝမအဆင့်၏ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။
ယင်းနောက်တွင် ချက်ချင်းဆိုသလို ကျန်းချန်၏ ခန္ဓာကိုယ်အတွင်း၌ ရွှေအင်မော်တယ်အဆင့် စွမ်းအားများ စတင်သိပ်သည်းလာခဲ့ပြီး ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် အချိန်မျှော်စင် အတွင်း၌ နောက်ထပ် လဝက်ခန့် ဆက်လက် ကျင့်ကြံခဲ့သည်။
ယင်းအချိန်မှာပင် ပြင်ပတွင် သူခင်းကျင်းထားသည့် အကာအကွယ် အစီအရင်က ထိတွေ့ခံလိုက်ရကြောင်း အာရုံခံမိလိုက်သည်။
ကျန်းချန်က သူ၏ ကျင့်ကြံခြင်းကို ချက်ချင်းဆိုသလို ရပ်တန့်လိုက်ပြီး အချိန်မျှော်စင်ထဲမှ ထွက်ခွာလာခဲ့သည်။
အချိန်မျှော်စင်ထဲမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် အကာအကွယ်အစီအရင်၏ အပြင်ဘက်တွင် စိုးရိမ်ပူပန်သောအမူအရာဖြင့် ဂနာမငြိမ် လမ်းလျှောက်နေသော လင်းထယ်ကို တွေ့လိုက်ရ၏။
ကျန်းချန်က ချက်ချင်းဆိုသလို အကာအကွယ် အစီအရင်ကို ဖယ်ရှားပစ်လိုက်ပြီး လင်းထယ်၏ ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
“မိတ်ဆွေလေးကျန်းချန်.. မင်းနောက်ဆုံးတော့ ထွက်လာပြီပေါ့”
သူ့ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် လင်းထယ်၏ အိုမင်းသော မျက်နှာထက်တွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက ဤနေရာတွင် စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
ကျန်းချန် ခင်းကျင်းထားသော အကာအကွယ် အစီအရင်ကို ထိုးဖောက်ရန်မှာ မခက်ခဲသော်လည်း ကျန်းချန်၏ ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်မည် စိုးရိမ်သောကြောင့် လင်းထယ်သည် အစီအရင် အပြင်ဘက်တွင်သာ လမ်းလျှောက်နေခဲ့ခြင်းဖြစ်သည်။
ကျန်းချန်က စူးစမ်းစွာ မေးလိုက်သည်။
“ဘာဖြစ်လို့ ကျွန်တော့်ဆီ ရောက်လာတာလဲ”
“ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက လူတွေ ပြန်ရောက်လာကြပြီ”
လင်းထျယ်က လေးနက်စွာ ပြောလိုက်သည်။
“အခု ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အကြီးအကျယ် တိုက်ခိုက်နေခဲ့ပြီ.. ဂိုဏ်းချုပ်ကိုယ်တိုင်လည်း ပိုထျန်းအင်မော်တယ်ဂိုဏ်းဆီ ပြန်သွားပြီ.. ဂိုဏ်းချုပ်က မင်းဆီ လာပြောခိုင်းလိုက်လို့ ငါ လာခဲ့တာပါ”
“ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းရဲ့ လှုပ်ရှားမှုက ဒီလောက်အထိတောင် မြန်ဆန်တယ်လား”
ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက လက်လျှော့မည် မဟုတ်မှန်း သူတို့ ကြိုတင် ခန့်မှန်းထားသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် လှုပ်ရှားလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လောင်းကြေးစားကြေး ယှဥ်ပြိုင်ခဲ့ကြသည်မှာ ယခုဆိုလျှင် ဆယ်ရက်ကျော်ရုံမျှသာ ရှိသေးသည်။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းတို့သည် အင်အားချင်း သိပ်မကွာပေ။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အနေဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အနိုင်ယူနိုင်လျှင်ပင် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ပြီးမှသာ အနိုင်ရရှိလိမ့်မည် ဖြစ်၏။
ထို့ကြောင့်လည်း ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် တိုက်ခိုက်ရင်း နှစ်ဖက်စလုံး အထိနာမည်ကို မလိုလားသောကြောင့် ပြိုင်ပွဲကို လက်ခံခဲ့ခြင်း ဖြစ်သည်။
ဆိုရလျှင် ယခုကဲ့သို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက တစ်ကျော့ပြန် ရောက်ရှိလာပြီး ပိုထျန်း အင်မော်တယ်ဂိုဏ်းကို အပြင်းအထန် တိုက်ခိုက်နေခြင်းသည် အမှန်တကယ်ပင် ပုံမှန်မဟုတ်ပေ။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အနေဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အကြီးအကျယ် တိုက်ခိုက်ဝံ့သည် ဆိုလျှင် သေချာပေါက် ၎င်းတို့ထံ၌ အားသာချက် တစ်ခုခု ရှိနေရမည် ဖြစ်သည်။
ဤဆယ်ရက်ကျော် အတွင်း ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ပြင်ပမှ အကူအညီကို ရရှိထားခြင်း ဖြစ်နိုင်ခြေ အလွန်များ၏။
ကျန်းချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် လင်းထယ်ကို ကြည့်ကာ ပြောလိုက်သည်။
“သွားကြစို့.. ကျွန်တော်တို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အရင် ပြန်ကြရအောင်”
လင်းထယ်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. တကယ်တော့ ဂိုဏ်းချုပ်က ဒီအင်မော်တယ်သတ္တုတွင်းကို မင်းကို စောင့်ကြပ်စေချင်တာပါ.. ဘာလို့လည်းဆိုတော့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက အရှေ့ကို အယောင်ပြပြီး အနောက်ကို တိုက်ခိုက်လာမှာ စိုးရိမ်လို့ပဲ”
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“စိတ်မပူပါနဲ့.. ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက အဲဒီလို လုပ်မှာမဟုတ်ဘူး.. လောလောဆယ်တော့ ဒီမှာ ဘယ်သူမှ စောင့်နေစရာ မလိုဘူး”
အင်မော်တယ်သတ္တုတွင်း ကိစ္စသည် အလွန်တရာအရေးကြီးသောကြောင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် မည်သူ့ကိုမျှ အလွယ်တကူ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။
ယခုတစ်ကြိမ် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အပြင်းအထန် တိုက်ခိုက်နေခြင်းမှာ အခြားသော အင်အားစုမှ သန်မာသော ကျင့်ကြံသူများ၏ အကူအညီကို ရရှိ၍ ဖြစ်မည်မှာ သေချာသလောက်ပင်။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ထိုလူများကို အင်မော်တယ်သတ္တုတွင်းရှိရာ နေရာသို့ မိုက်မိုက်ကန်းကန်း ခေါ်ဆောင်လာလိမ့်မည် မဟုတ်ပေ။
သို့မှသာ ပိုထျန်း အင်မော်တယ်ဂိုဏ်း ပျက်စီးသွားလျှင် အင်မော်တယ်သတ္တုတွင်းသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ လက်ထဲသို့ အလိုအလျောက် ရောက်ရှိသွားမည် ဖြစ်၏။
အကယ်၍ သူက ပိုထျန်းအင်မော်တယ်ဂိုဏ်းဆီ သွားခဲ့လျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် အခွင့်အရေး ရှိနေဦးမည်ဖြစ်သည်။
သို့သော်လည်း မသွားခဲ့လျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ လက်ထဲတွင် ပျက်စီးသွားရပေလိမ့်မည်။
“အချိန်မလင့်ခင် သွားကြစို့”
ယင်းနောက်တွင်မူ ကျန်းချန်သည် အင်မော်တယ်သတ္တုတွင်းထဲကနေ လျှပ်တစ်ပြက် ထွက်ခွာသွားခဲ့သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ဂိတ်တံခါး အပြင်ဘက်တွင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ် လဲ့ထျန်းချန်းသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ လက်ရွေးစင် ကျင့်ကြံသူ ရာပေါင်းများစွာကို ဦးဆောင်ကာ ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့် ပြည့်နှက်နေခဲ့၏။
လဲ့ထျန်းချန်၏ နံဘေးတွင် နက်ရှိုင်းသော အရှိန်အဝါ ရှိသည့် အမျိုးသားတစ်ဦးသည် လဲ့ထျန်းချန်းနှင့် အတူ ယှဥ်တွဲ၍ ရပ်နေခဲ့သည်။
ထိုသာမန်ဝတ်စုံဝတ် အမျိုးသားသည် လဲ့ထျန်းချန်းက ကြီးမားသော အဖိုးအခဖြင့် ဖိတ်ခေါ်ခဲ့သည့် စန်းရှန်းအင်မော်တယ်ဂိုဏ်းမှ စန်းရှီပင် ဖြစ်သည်။
စန်းရှီသည် ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်၏။
လဲ့ထျန်းချန်းက စန်းရှီကို ဖိတ်ခေါ်ပြီးနောက်တွင် တုံ့ဆိုင်းမနေခဲ့ဘဲ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ အင်အား ကိုးဆယ်ရာခိုင်နှုန်းကျော်ကို ဦးဆောင်ကာ ပိုထျန်းအင်မော်တယ်ဂိုဏ်းဆီသို့ ချီတက်လာခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ကာကွယ်ရေး အစီအရင်များကို အသက်သွင်းကာ ဂိုဏ်းတစ်ခုလုံးကို အပြည့်အဝ ကာကွယ်ထားခဲ့သည်။
ကာကွယ်ရေး အစီအရင်များ၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်ထဲတွင်မူ ပုံရိပ် ရာပေါင်းများစွာသည် မတ်တတ်ရပ်နေကြ၏။
ထိုလူစုထဲတွင် ခေါင်းဆောင်မှာ အင်မော်တယ် သတ္တုတွင်းကနေ ပြန်ရောက်လာသည့် လင်းယန်ချန်းပင် ဖြစ်သည်။
“လဲ့ထျန်းချန်း.. မင်းရဲ့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို လာတိုက်တယ် ဆိုတော့ ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အလွယ်တကူ အနိုင်ကျင့်လို့ရမယ်များ ထင်နေတာလား”
တစ်ဖက်မှ လဲ့ထျန်းချန်းကို ကြည့်ကာ လင်းယန်ချန်း၏ မျက်နှာအမူအရာသည် အလွန်တရာ သုန်မှုန်နေခဲ့သည်။
လဲ့ထျန်းချန်က အေးစက်စက် ပြောလိုက်၏။
“လင်းယန်ချန်း အပိုစကားတွေ ပြောမနေနဲ့.. တကယ်လို့ မင်းသာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဦးဆောင်ပြီး အခုချက်ချင်း ငါ့ဆီမှာ အညံ့ခံမယ် ဆိုရင် အချိန်မီသေးတယ်.. မဟုတ်ရင်တော့ ဒီနေ့ မင်းရဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ငါ မြေလှန်ပစ်မယ်”
“သေချာရဲ့လား”
လင်းယန်ချန်း၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အရှိန်အဝါသည် ဟင်းလင်းပြင်တွင် တစ်ခဏအတွင်း ပြည့်နှက်သွားခဲ့သည်။
“ငါ့ရဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို မြေလှန်ချင်တယ် ဆိုမှတော့ မင်းမှာ အဲလိုအရည်အချင်း ရှိ မရှိ ကြည့်ရသေးတာပေါ့”
“မင်းခဏနေ တွေ့ရပါလိမ့်မယ်”
လဲ့ထျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီးနောက်တွင် သူ၏ နံဘေးရှိ သာမန် ဝတ်စုံဝတ် အမျိုးသားကို ယဥ်ကျေးစွာ ပြောလိုက်သည်။
“ညီနောင်စန်းရှီ.. ငါက လင်းယန်ချန်းကို ထိန်းထားမယ်.. ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို ဦးဆောင်ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းထဲ ဝင်တိုက်ဖို့ တာဝန်ကိုတော့ မင်းဆီကို အပ်နှံလိုက်ပြီ”
သာမန်ဝတ်စုံဝတ် အမျိုးသားက ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ပြောလိုက်သည်။
“ဂိုဏ်းချုပ်လဲ့ ဒီအတွက် စိတ်မပူပါနဲ့.. သူတစ်ပါးဆီက ပိုက်ဆံယူထားမှတော့ သူတစ်ပါးရဲ့ ဒုက္ခကို ကူညီဖြေရှင်းပေးရမယ်ဆိုတာ ငါနားလည်ပါတယ်.. ငါစန်းရှီက ကိုယ်ပြောတဲ့စကားကို ကတိမတည်တဲ့သူမျိုး မဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ်”
စကားဆုံးသည်နှင့် လဲ့ထျန်းချန်းသည် ရွှေအင်မော်တယ်ဆဋ္ဌမအဆင့် အရှိန်အဝါများကို ထုတ်ဖော်ကာ မိုးကြိုးကဲ့သို့ အရှိန်အဟုန်ဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ လင်းယန်ချန်းဆီ ပြေးဝင်သွားခဲ့သည်။
အခန်း(၂၈၃၂)ပြီး၏။