အခန်း (၂၈၃၃-၂၈၃၄)
Vol. 224 Ch. 2833-2834
အခန်း(၂၈၃၃)
ထိုမြင်ကွင်းကိုမြင်လျှင် လင်းယန်ချန်းသည် ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး လဲ့ထျန်းချန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
နှစ်ဦးသား ထိပ်တိုက် ဆုံတွေ့ သည့် တစ်ခဏဝယ် ဟင်းလင်းပြင်သည် အဆက်မပြတ် ပြိုလဲပျက်စီးသွားခဲ့သည်။
သို့သော် လင်းယန်ချန်းနှင့် လဲ့ထျန်းချန်း တို့သည် အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်ဦးလုံးက ဟင်းလင်းပြင် အထက်ကို ရောက်ရှိသွားခဲ့ကြသည်။
ကြောက်မက်ဖွယ်ရာကောင်းသော အင်မော်တယ်စွမ်းအင်များ ထပ်တိုက် ရင်ဆိုင်မှုသည် ကောင်းကင်ယံ တစ်ခွင်လုံးကို တစ်ခဏအတွင်း ပရမ်းပတာ ဖြစ်သွားစေခဲ့၏။
လင်းယန်ချန်းနှင့် လဲ့ထျန်းချန်းတို့ တိုက်ခိုက်နေချိန်တွင် စန်းရှီသည် ဟင်းလင်းပြင်ကို နင်းလျှောက်ကာ ပိုထျန်းအင်မော်တယ်ဂိုဏ်း ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့၏။
သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ပိုမို၍ အားကောင်းလာခဲ့ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းဘက်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်နှာသည် အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။
အဆုံးသတ်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ ပင်လျှင် ထိုအရှိန်အဝါ၏ ဖိအားအောက်၌ အသက်ရှူရ ခက်ခဲသလို ခံစားလာရသည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူ ဖြစ်သည့် လင်းကျုံးသည် ထိုကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါ ဖိနှိပ်မှုကို ခုခံကာ စန်းရှီကို စိုက်ကြည့်၍ မေးလိုက်သည်။
“မင်းက ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကလူ မဟုတ်ဘူး.. မင်းဘယ်သူလဲ”
စန်းရှီက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“ငါက စန်းရှန်အင်မော်တယ်ဂိုဏ်းက စန်းရှီပဲ”
“စန်းရှန်အင်မော်တယ်ဂိုဏ်းက ကျင့်ကြံသူ ဖြစ်နေတာပဲ”
လင်းကျုံး၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဤအချိန်တွင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အဘယ်ကြောင့် လာရောက် တိုက်ခိုက်ဝံ့သည့် ယုံကြည်ချက် ရှိနေမှန်း သူ အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
အကြောင်းရင်းမှာ စန်းရှန်အင်မော်တယ်ဂိုဏ်းမှ သန်မာသောကျင့်ကြံသူ တစ်ဦး၏ အကူအညီ ပါဝင်နေခြင်းကြောင့်ပင်။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ အင်အားသည် မူလကတည်းကပင် ပိုထျန်းအင်မော်တယ်ဂိုဏ်းထက် အနည်းငယ် သာလွန်နေခဲ့သည်။
ယခုအခါတွင် စန်းရှန်အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူ၏ အကူအညီပါ ရရှိထားသည် ဖြစ်ရာ သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ယနေ့တွင် အမှန်တကယ် အန္တရာယ်ရှိနေခဲ့ချေပြီ။
လင်းကျုံးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စန်းရှီကို ဂါဝရပြုကာ ပြောလိုက်သည်။
“မိတ်ဆွေစန်းရှီ.. ငါတို့နဲ့ မင်းတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းတို့ ကြားမှ ဘာရန်ငြိုးရန်စမှ မရှိခဲ့ဘူး.. ဒါကြောင့် ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းနဲ့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းတို့ရဲ့ ကြားမှာ ဝင်မပါဖို့ မိတ်ဆွေကို တောင်းဆိုချင်ပါတယ်”
“မင်းတို့ နှစ်ဖက်ကြားက ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ ငါစိတ်မဝင်စားဘူး”
စန်းရှီက ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ဒါပေမဲ့ လဲ့ထျန်းချန်က ငါ မငြင်းနိုင်တဲ့ အဖိုးအခ တစ်ခုကို ပေးထားတယ်.. ငါ ဒီနေ့ ဒီကိုလာတာက သူတစ်ပါးဆီက ပိုက်ဆံယူထားတဲ့ အတွက် သူတစ်ပါးရဲ့ပြဿနာကို ကူညီဖြေရှင်းပေးဖို့ပဲ”
ထိုစကားကို ကြားလျှင် လင်းကျုံး၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။
“ဒါဆို မိတ်ဆွေက ဒီနေ့ကိစ္စမှာ ဝင်ပါဖို့ ဆုံးဖြတ်ထားပြီးပြီပေါ့”
“အပိုစကားတွေ ပြောမနေနဲ့တော့”
စန်းရှီက စိတ်မရှည်သော အမူအရာဖြင့် လင်းကျုံးကို ကြည့်ကာ ပြောလိုက်သည်။
“မင်း မသေချင်ဘူးဆိုရင် အခုချက်ချင်း အညံ့ခံလိုက်.. ဒါဆို မင်းတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွက် အချိန်မီသေးတယ်”
“ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တည်ထောင်တဲ့ အချိန်ကစပြီး ငါတို့ ဂိုဏ်းဝင်တွေက အသက်ကို နှမြောပြီး သေမှာကြောက်တဲ့သူတွေ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး”
စကားဆုံးသည်နှင့် လင်းကျုံးသည် ရွှေအင်မော်တယ် တတိယအဆင့် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ပေတစ်ထောင်ခန့် အရွယ်အစားရှိ ရွှေရောင်လက်ဖဝါးတစ်ဖက်သည် ကောင်းကင်ယံကနေ ဥက္ကာခဲ တစ်ခုနှယ် ကျဆင်းလာခဲ့ပြီး စန်းရှီကို လွှမ်းခြုံသွားခဲ့သည်။
ရွှေရောင်လက်ဖဝါး၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် စန်းရှီ၏ ဦးခေါင်းအထက်မှ ဟင်းလင်းပြင်ကိုပင် ကြေမွသွားစေခဲ့သည်။
“ဘယ်ဆိုးလို့လဲ”
စန်းရှီက ခန္ဓာကိုယ်မှ အင်မော်တယ်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး ကောင်းကင်ယံကနေ ကျဆင်းလာသည့် ရွှေရောင်လက်ဖဝါး ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
“ဝုန်း..”
လက်သီးနှင့် လက်ဖဝါးက တစ်ခဏအတွင်း ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ဟင်းလင်းပြင်အတွင်း ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။
ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များသည် ဟင်းလင်းပြင်ကို စုတ်ပြဲစေခဲ့ကာ အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားကြသည်။
“ဖူး..”
လင်းကျုံး၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး လည်ချောင်းထဲတွင် ချိုမြမြ အရသာကို ခံစားလိုက်ရကာ ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း အဝေးသို့ လွင့်စင်သွားခဲ့သည်။
“အကြီးအကဲလင်း”
ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးသည် အလျင်အမြန် ရှေ့ထွက်လာခဲ့ပြီး လင်းကျုံး အတွက် အင်အားတချို့ကို ကူညီ၍ ခုခံပေးလိုက်မှသာ လင်းကျုံးသည် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင် တစ်ဖက်မှ စန်းရှီကို ကြည့်ကာ လင်းကျုံး၏ မျက်နှာက အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။
”ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်ပါလား”
သူ့ရှေ့ရှိ စန်းရှန်အင်မော်တယ်ဂိုဏ်းမှ လူ၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့သည်။
ယင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးကို သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင် ဂိုဏ်းချုပ် ဖြစ်သည့် လင်းယန်ချန်းမှ လွဲ၍ မည်သူမျှ ယှဥ်နိုင်မည် မဟုတ်ပေ။
ယခု လင်းယန်ချန်းက လဲ့ထျန်းချန်းနှင့် ရင်ဆိုင်နေရသည် ဖြစ်ရာ သူတို့ရှေ့မှ စန်းရှီကို မည်ကဲ့သို့ ရင်ဆိုင်ရပါမည်နည်း။
“အကြီးအကဲ.. ဒီလူက အရမ်း သန်မာလွန်းတယ်.. ကျွန်တော်အကြီးအကဲကို ကူညီပါရစေ”
ရွှေအင်မော်တယ် ဒုတိယအဆင့် ကျင့်ကြံသူက လင်းကျုံးကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းကူညီလည်း အခြေအနေက သိပ်ထူးသွားမှာ မဟုတ်ဘူး”
လင်းကျုံးက ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“ဒီနေ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းက ကပ်ဆိုး ကျရောက်တော့မှာ သေချာသလောက်ပဲ.. ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ တပည့်တွေကို အခုပဲ ထွက်ပြေးခိုင်းလိုက်ပါ.. ဘယ်လောက်များများ ထွက်ပြေးလွတ်မြောက်နိုင်မလဲ ဆိုတာကတော့ ကံစီမံရာ အတိုင်းပဲပေါ့”
စန်းရှန်အင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူသည် အလွန်ပင် အစွမ်းထက်လွန်းနေခဲ့၏။
သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တချို့ ပူးပေါင်းလိုက်လျှင်ပင် ထိုလူ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် စန်းရှီ၏ နောက်ကွယ်တွင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများသည်လည်း ကျားချောင်း သကဲ့သို့ စောင့်ကြည့်နေခဲ့ကြသည်။
ဆိုရလျှင် ဤတိုက်ပွဲတွင် သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် လုံးဝ မျှော်လင့်ချက်မရှိတော့ပေ။
“အကျိုးမရှိတဲ့ ရုန်းကန်မှုတွေကို မလုပ်ပါနဲ့.. မင်းတို့မှာ ဘာအခွင့်အရေးမှ မရှိဘူး.. လက်နက်ချလိုက်တာက အကောင်းဆုံး ရွေးချယ်မှုပဲ”
ထိုအခိုက်အတန့်တွင် စန်းရှီ၏ အညံ့ခံရန် တိုက်တွန်းသောစကားသံသည် ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
“ငါအမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်”
လင်းကျုံးက သူ၏ နံဘေးမှ ရွှေအင်မော်တယ် ဒုတိယအဆင့် ကျင့်ကြံသူကို အော်ဟစ်ပြောဆိုလိုက်ပြီးနောက်တွင် စန်းရှီကို သတ်ဖြတ်ရန်အတွက် သူ၏ ခန္ဓာကိုယ်မှ ရွှေအင်မော်တယ် စွမ်းအားများကို ထပ်မံ လှုံ့ဆော်လိုက်သည်။
“သေချင်နေတာပဲ”
စန်းရှီ၏ မျက်နှာက အေးစက်သွားခဲ့ပြီး အနက်ရောင်သံနှင့် ပြုလုပ်ထားသည့် လေးလံသော ဓားတစ်လက်သည် သူ၏ လက်ထဲတွင် တစ်ခဏအတွင်း ထွက်ပေါ်လာခဲ့သည်။
သူက ထိုလေးလံသော ဓားဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ အဝါဖျော့ဖျော့ ဓားအလင်းသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီး အကြားတွင် တည်ရှိနေသော အင်မော်တယ်တောင်ကြီး တစ်လုံး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ လင်းကျုံးဆီ ရွေ့လျားလာခဲ့သည်။
ထိုအခိုက်အတန့်တွင် အင်မော်တယ်တောင်ကြီး၏ လွှမ်းမိုးခြင်းကို ခံထားရသည့် ဟင်းလင်းပြင်သည် အင်မော်တယ်တောင်ကြီး၏ ဖိနှိပ်မှုအောက်တွင် လုံးဝ အေးခဲသွားသည့်နှယ် ဖြစ်နေခဲ့၏။
လင်းကျုံး၏ ပုံရိပ်ပင်လျှင် ဟင်းလင်းပြင်ထဲတွင် အေးခဲနေသလို ဖြစ်နေခဲ့ပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
သူက အင်မော်တယ်တောင်ကြီးက သူ့ကို ဖိနှိပ်ရန် ရွေ့လျားလာသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။
“အကြီးအကဲလင်း”
ထိုမြင်ကွင်းကိုမြင်လျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်နှာများသည် အတော်လေး ဖြူဖျော့သွားခဲ့သည်။
“ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ ကံကြမ္မာက ဒီအထိပဲ ပါလာတယ် ထင်တယ်”
ဤအခိုက်အတန့်တွင် လင်းကျုံးသည် စိတ်နှလုံးထဲတွင် ခါးသီးစွာ ပြုံးလိုက်ပြီး မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
သို့သော်လည်း လင်းကျုံးက သူ့ကိုယ်သူ သေချာပေါက် သေရတော့မည်ဟု ထင်နေချိန်တွင် သူ့ကို ဖိနှိပ်ရန် ရွေ့လျားလာခဲ့သည့် အင်မော်တယ်တောင်ကြီးသည် သူမျှော်လင့်ထားသလို သူ့ကိုယ်ပေါ်သို့ ကျရောက်မလာခဲ့ပေ။
ခဏအကြာတွင် လင်းကျုံးသည် သူ၏ မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ လေထဲတွင် သူ့ကို အံ့ဩထိတ်လန့်သွားစေသည့် မြင်ကွင်း တစ်ခုအား မြင်လိုက်ရ၏။
သူ၏ ဦးခေါင်းအထက်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး၏ ပုံရိပ်ပေါ်လာသည်ကို သူမြင်လိုက်ရသည်။
ထိုအနက်ရောင်ဝတ်စုံဝတ်လူငယ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့၏။
ထိုလူငယ်၏ ကျောဘက်တွင် ကြီးမားသော ပျက်စီးခြင်းဓားပုံရိပ် ရှိနေခဲ့ပြီး ထိုဓားပုံရိပ်သည် သူ့ထံသို့ သက်ရောက်လာသည့် အင်မော်တယ်တောင်တန်းကြီးကို ထောက်ကန်ထားခဲ့သည်။
“ကျန်း.. ကျန်းချန်လား”
ရင်းနှီးနေသည့် အနက်ရောင်ပုံရိပ်ကို မြင်လျှင် လင်းကျုံး၏ မျက်ဝန်းများက မှေးကျဥ်းသွားခဲ့ပြီး သူ့မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။
စန်းရှန်အင်မော်တယ်ဂိုဏ်းမှ စန်းရှီ၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူကဲ့သို့ ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူ ပင်လျှင် တစ်ဖက်လူ၏ လက်ထဲတွင် မည်သည့် ခုခံမှုကိုမှ ပြုလုပ်နိုင်မည် မဟုတ်သော်လည်း ကျန်းချန်ကမူ ကောင်းကင်အင်မော်တယ် အဆင့်ဖြင့်ပင် စန်းရှီ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့၏။
ကျန်းချန်၏ ကြောက်မက်ဖွယ်စွမ်းရည်ကို တစ်ကြိမ်ထက်မက မြင်တွေ့ခဲ့ဖူးသော်လည်း ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
“ကောင်းကင်အင်မော်တယ် အဆင့်က ရွှေအင်မော်တယ်စတုတ္ထအဆင့် အထွတ်အထိပ်ကို ယှဥ်ပြိုင်နိုင်တယ်လား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အခန်း(၂၈၃၃)ပြီး၏။
အခန်း(၂၈၃၄)
“ဘယ်လိုဖြစ်ပြီး သူဖြစ်နေရတာလဲ”
ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်ကိုမြင်လျှင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းဘက်မှ လောင်းကြေးထပ် တိုက်ပွဲတွင် ပါဝင်ခဲ့ကြသူများ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩ ထိတ်လန့်သော အရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။
ထို့နေ့က ပိုထျန်း အင်မော်တယ်ဂိုဏ်းနှင့် ယှဥ်ပြိုင်သည့် လောင်းကြေးထပ် တိုက်ပွဲတွင် ထိုကောင်လေး အနေဖြင့် ငါးယောက် တစ်ယောက် ယှဥ်ပြိုင်ခဲ့သည်ကပင် အတော်လေး အံ့ဩဖို့ကောင်းနေပြီ ဖြစ်သည်။
ယခုအခါတွင်မူ ထိုကောင်လေးသည် စန်းရှီ၏ တိုက်ခိုက်မှုကိုပင် ဟန့်တားနိုင်ခဲ့၏။
စန်းရှီသည် ထိပ်တန်း ရွှေအင်မော်တယ်အဆင့် အင်အားစု ဖြစ်သည့် စန်းရှန်အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူ ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ရွှေအင်မော်တယ် တတိယအဆင့် လင်းကျုံး ပင်လျှင် စန်းရှီ၏ ရှေ့တွင် မည်သည့် ခုခံမှုကိုမျှ မပြုလုပ်နိုင်ခဲ့ပေ။
ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် အဆင့်ကိုပင် မထိုးဖောက်ရသေးဘဲ အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်မျိုး ရှိနေရပါသနည်း။
“ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ပါလား”
သူ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် စန်းရှီ၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
“ကောင်လေး မင်းဘယ်သူလဲ”
ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူသည် ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်နှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိနေခဲ့သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်း ကဲ့သို့ ရွှေအင်မော်တယ် အဆင့် အင်အားစုကို အသာထား၊ ဝိရောဓိနယ်မြေ ထဲမှ တလော့အဆင့် အင်အားစုများစွာတွင်ပင် ထိုကဲ့သို့သော ပါရမီရှင်မျိုးကို ပျိုးထောင်ရန်မှာ အလွန်ပင် ခဲယဥ်းသည်။
ဆိုရလျှင် သူ့ရှေ့မှ ကောင်လေးသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ မဟုတ်သည်မှာ သံသယဖြစ်စရာ မလိုပေ။
ဤတစ်ကြိမ်တွင် ပိုထျန်း အင်မော်တယ်ဂိုဏ်းသည်လည်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို ရှာတွေ့ထားပုံ ရ၏။
“မိတ်ဆွေလေးကျန်းချန် သတိထားပါ.. ဒီလူက စန်းရှန်အင်မော်တယ်ဂိုဏ်းကပဲ.. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်ကိုတောင် ရောက်နေပြီ”
လင်းကျုံးက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို အလျင်အမြန် သတိပေးလိုက်သည်။
ကျန်းချန်က ဘာစကားမျှ မပြောခဲ့ပေ။
ယင်းအခိုက်အတန့်တွင် ပျက်စီးခြင်း ဓားပုံရိပ်ထဲမှ အင်မော်တယ် စွမ်းအားများသည် အင်မော်တယ်တောင်ကြီး ဆီသို့ သက်ရောက်သွားခဲ့သည်။
ကြီးမားသောအက်ကြောင်းများသည် ပင့်ကူအိမ်ကဲ့သို့ အင်မော်တယ်တောင်ကြီးပေါ်တွင် ပျံ့နှံ့သွားခဲ့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် အက်ကြောင်းများသည် အင်မော်တယ်တောင်ကြီး တစ်ခုလုံးအနှံ့ ပြည့်နှက်သွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် အင်မော်တယ်တောင်ကြီးသည် တိုက်ရိုက်ဆိုသလို ပေါက်ကွဲသွားခဲ့သည်။
အင်မော်တယ်တောင်ကြီး ပေါက်ကွဲသွားပြီးနောက်တွင် စန်းရှီသည် နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရသည်။
ကျန်းချန်ကို ကြည့်နေသည့် သူ၏အကြည့်သည် ပို၍ပင် လေးနက်လာခဲ့၏။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
‘မိတ်ဆွေလို လူတစ်ယောက် အတွက် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှာ ဘာမှ ဆွဲဆောင်စရာရှိမှာ မဟုတ်ဘူး.. ကျေးဇူးပြုပြီး ဒီနေ့ကိစ္စမှာ ဝင်မပါဘူး ဆိုရင် စန်းရှန်အင်မော်တယ်ဂိုဏ်းက မိတ်ဆွေကို ကျေးဇူးတင်မိမှာပါ”
ဤကဲ့သို့ ပါရမီမျိုးဖြင့် ဆိုလျှင် ဝိရောဓိနယ်မြေထဲရှိ ထိပ်တန်း အင်အားစု တစ်စုစုမှ ဖြစ်သည်မှာ သေချာသလောက်ပင်။
စန်းရှီသည် ထိုကဲ့သို့ ပုဂ္ဂိုလ်၏ နောက်ကွယ်မှ အင်အားစုကို စော်ကားမိမည်အား အတော်လေး စိုးရိမ် တုန်လှုပ်နေခဲ့၏။
ကျင်းထဲကျပ်ထဲ ရောက်ရှိသည့် အခြေအနေမျိုး မဟုတ်သရွေ့ သူက ထိုကောင်လေးကို အလွယ်တကူ မစော်ကားလိုခဲ့ပေ။
သို့မဟုတ်လျှင် အနည်းငယ် ပေါ့ဆမိရုံဖြင့် စန်းရှန်အင်မော်တယ်ဂိုဏ်း အတွက် ကပ်ဘေးများ သယ်ဆောင်လာနိုင်သောကြောင့်ပင်။
ကျန်းချန်က စန်းရှီကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ပိုထျန်းအင်မော်တယ်ဂိုဏ်းက ငါ့ရဲ့ ကာကွယ်မှုအောက်မှာရှိတယ်.. အခုချက်ချင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားကြစမ်း”
“ကောင်လေး မင်းမလွန်လာနဲ့”
ကျန်းချန်က သူ့ကို မျက်လုံးထဲ မထည့်သည်ကို မြင်လျှင် စန်းရှီ၏ မျက်ဝန်းထဲ၌ ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ယခုအခါတွင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦး၏ အလေးမထားမှုကို ခံနေရသည် ဖြစ်ရာ မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
သူ၏ရှေ့တွင် ရှိသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်ပင် ပါရမီထူးချွန်ပြီး အံ့ဩဖွယ် တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း အဆုံးသတ်တွင် ထိုလူငယ်သည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ဖြစ်ရာ စန်းရှီ အနေဖြင့် အဘယ်ကြောင့် ကြောက်ရွံ့ရပါမည်နည်း။
စင်စစ် သူ အမှန်တကယ် ကြောက်ရွံ့နေသည်မှာ ကျန်းချန်၏ နောက်ကွယ်မှ အင်အားစုသာ ဖြစ်သည်။
သို့သော်လည်း ဤကဲ့သို့ အင်အားကြီး အဖွဲ့အစည်းမှ ပါရမီရှင်များသည် အတွေ့အကြုံရှာရန် ပြင်ပသို့ ထွက်လာသောအချိန်များတွင် ယေဘုယျအားဖြင့် သူတို့၏ အသက်အန္တရာယ်ကို မထိခိုက်သရွေ့ နောက်ကွယ်မှ အင်အားစုများသည် အလွယ်တကူ ဝင်ရောက်စွက်ဖက်လေ့ မရှိကြပေ။
ထို့ကြောင့် သူ့အနေဖြင့် ဤကောင်လေးကို အသက်အန္တရာယ် မထိခိုက်စေသရွေ့ နောက်ကွယ်မှ အင်အားစုသည် သူ့အပေါ် ပြဿနာရှာလိမ့်မည် မဟုတ်ချေ။
ထိုအခိုက်အတန့်တွင် စန်းရှီ၏ လက်ထဲရှိ လေးလံသော ဓားထံကနေ ရှေးဟောင်းသားရဲကြီး တစ်ကောင် နိုးထလာသကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအရှိန်အဝါဖိအားသည် ဟင်းလင်းပြင် မိုင်ထောင်ပေါင်း များစွာကို တစ်ခဏအတွင်း ဖုံးလွှမ်းသွားခဲ့ပြီး ဟင်းလင်းပြင်များကိုပင် ပြိုလဲ ပျက်စီးစေခဲ့သည်။
စန်းရှီက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်း ဒီနေရာကနေ အခုနေ ထွက်သွားမယ် ဆိုရင် ငါ မင်းကို ဘာမှ လုပ်မှာမဟုတ်ဘူး.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
ထိုစကားကိုကြားလျှင် ကျန်းချန်က စန်းရှီကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။
သူ့စိတ်ထဲတွင် တိုက်ပွဲဝင်လိုစိတ်များ တက်ကြွနေခဲ့သည်။
“အပိုစကားတွေ မပြောဘဲ ငါတို့ တိုက်ကြတာပေါ့.. ဒီနေ့ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်နဲ့တင် ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်မလားဆိုတာ ငါစမ်းကြည့်ချင်တယ်”
စန်းရှီ၏ မျက်နှာက အေးစက်သွားခဲ့ပြီး ဘာစကားမျှ ထပ်မပြောတော့ဘဲ လေးလံသော ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
“ဝုန်း..”
ကောင်းကင်နှင့် မြေကြီးက ပြိုလဲ ပျက်စီးသွားပြီး နေနှင့်လတို့ပင် ဗြောင်းဆန်သွားခဲ့သည်။
အနက်ရောင် ဓားအလင်းက ဟင်းလင်းပြင်ကို စုတ်ပြဲသွားစေခဲ့ပြီး ပရမ်းပတာ ဖြစ်သွားစေခဲ့ကာ ကောင်းကင်ယံရှိ မိုးကြိုးကပ်ဘေးကိုပင် လှုံ့ဆော်လိုက်သည်။
ယင်းနောက်တွင် အနက်ရောင်ဓားအလင်းသည် ဧရာမ မိုးကြိုးတောင် အဖြစ်သို့ ပြောင်းလဲ၍ ဥက္ကာခဲများ ကျဆင်းလာသည့်နှယ် ကျန်းချန်ဆီ ပြင်းထန်စွာ ကျဆင်းလာခဲ့၏။
ထိုတိုက်ခိုက်မှုကို မြင်လျှင် ပတ်ဝန်းကျင်ရှိ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ အားလုံးသည် မျက်နှာများ ဖြူဖျော့သွားကြ၏။
စန်းရှီ ထုတ်ဖော်လိုက်သော ဓားချက်သည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။
အောက်ဘက်သို့ ကျဆင်းလာသည့် မည်သည့် ဧရာမ မိုးကြိုးတောင် မဆို ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ရန် လုံလောက်နေခဲ့သည်။
နေနှင့်လကိုပင် တုန်ခါစေသည့် စန်းရှီ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ မျက်နှာအမူအရာက အလွန်အမင်း တည်ငြိမ်နေခဲ့သည်။
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သုတ်သင်ခြင်း”
ကျန်းချန်က ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ကောင်းကင်ယံ တစ်ခုလုံးသည် တစ်ခဏအတွင်း နတ်ဆိုးနယ်မြေ အဖြစ်သို့ ပြောင်းလဲသွားသည့်နှယ် ဖြစ်သွားခဲ့ပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမျိုပစ်ရန် လုံလောက်ပုံရသည့် အဆုံးမဲ့ သတ်ဖြတ်ခြင်း ဓားစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
“ဝုန်း..”
သတ်ဖြတ်ခြင်း ဓားစွမ်းအားများ နှင့် မရေမတွက်နိုင်သော ဧရာမမိုးကြိုးတောင်များ ထိပ်တိုက် ဆုံတွေ့ပြီးနောက်တွင် လေထုထဲ၌ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်များသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ပိုထျန်း အင်မော်တယ်ဂိုဏ်း အထက်ရှိ အကာအကွယ် အစီအရင်များကိုပင် ပေါက်ကွဲစေခဲ့သည်။
ထိုနေရာတွင် အကြီးအကဲများသာ မရှိခဲ့လျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်း တစ်ခုလုံးသည် တစ်ခဏအတွင်း အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားလိမ့်မည်ကိုပင် စိုးရိမ်ရ၏။
တစ်ဖက်တွင်လည်း ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တချို့သည် ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်း ရိုက်ခတ်မှုကြောင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများကို ကာကွယ်ရင်း ပေထောင်ပေါင်းများစွာ အထိ ဆုတ်ခွာသွားကြရသည်။
“ဟားဟား.. ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူရဲ့ စွမ်းရည်က ဒီလောက်ပဲလား”
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး ထျန်းယွမ်အင်မော်တယ်ဓားဖြင့် နောက်ထ ပ်ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
စန်းရှီကလည်း ချက်ချင်းဆိုသလိုပင် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ တုံ့ပြန် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
နှစ်ဦးလုံးက ကမ္ဘာကြီးကိုပင် တုန်လှုပ်စေသည့် အင်မော်တယ် ဓားသိုင်းများကို ကိုယ်စီ အသုံးပြုကာ အပြန်အလှန် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။
ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများသည် ပြင်းထန်စွာ ဆက်တိုက် ပေါက်ကွဲနေခဲ့၏။
တိုက်ပွဲကနေ ထွက်ပေါ်လာသည့် ဓားအလင်းတန်းများက ဟင်းလင်းပြင်ကို ပိုင်းဖြတ်နေသည်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
“ဝုန်း..”
ကမ္ဘာကိုပင် တုန်လှုပ်စေသည့် ဓားအလင်းတန်း နှစ်ခု ထပ်မံ၍ ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီးနောက်တွင် ပုံရိပ်နှစ်ခုသည် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲတွင် တစ်ချိန်တည်းနီးပါး လွင့်ထွက်သွားခဲ့ကြသည်။
“ငါ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ကံကောင်းသွားတယ်.. မဟုတ်ရင် ငါ့ရှေ့က ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ဖို့ မလွယ်လောက်ဘူး”
ကျန်းချန်က ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းချုပ်လိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ဗြောင်းဆန်နေသော စွမ်းအားများကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
ရွှေအင်မော်တယ်အဆင့်ကို အဆင့်ကျော် တိုက်ခိုက်ရန်မှာ ကောင်းကင်အင်မော်တယ် အဆင့် အတွက် အတော်လေး ခက်ခဲနေခဲ့သည်။
သူက ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိစဥ်ကပင် သာမန် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်ကို ရင်ဆိုင်ရာ၌ မည်သည့်ဖိအားမျှ မရှိခဲ့ပေ။
ယခုအခါတွင်မူ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ရှေ့ရှိ ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို အနိုင်ယူရန်မှာ မလွယ်ကူခဲ့ချေ။
တခြားတစ်ဖက်တွင်မူ စန်းရှီသည် တဖြည်းဖြည်း ပို၍ ထိတ်လန့်လာခဲ့သည်။
သူက ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သော်လည်း သူ့ရှေ့မှ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရာတွင် မည်သို့မျှ အသာစီး မရရှိခဲ့ပေ။
စန်းရှီ၏ ဘဝတွင် ဤမျှ အံ့ဩဖွယ်ကောင်းပြီး အနှိုင်းမဲ့ပါရမီရှင်မျိုးနှင့် တွေ့ဆုံဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။
ပိုထျန်းအင်မော်တယ်ဂိုဏ်း ကဲ့သို့ ဒုတိယတန်းစား ရွှေအင်မော်တယ်အဆင့် အင်အားစုသည် ဤကဲ့သို့သော မွန်းစတားမျိုးကို မည်သည့် နေရာတွင် ရှာဖွေခဲ့မှန်း သူ အမှန်တကယ် နားမလည်နိုင်တော့ပေ။
အခန်း(၂၈၃၄)ပြီး၏။