အခန်း (၂၈၃၅-၂၈၃၆)
Vol. 224 Ch. 2835-2836
အခန်း(၂၈၃၅)
“မင်းတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက လူတွေ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အမြန်ဝင်တိုက်ကြတော့”
စန်းရှီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ အနောက်ရှိ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။
သူ၏ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သည့် သူ့ထက် မနိမ့်ကျပေ။
ဆိုရလျှင် ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ဖြေရှင်းရန်မှာ သူ့အတွက် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ချေ။
သို့သော်လည်း သူ၏ လက်ချက်ဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူသည် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၌ ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူနှစ်ဦး ရှိနေခဲ့သည်။
သူက ထိုကောင်လေးကို ထိန်းထားနိုင်လျှင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းအနေဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အနိုင်ယူရန်မှာ လွယ်ကူသောကိစ္စ တစ်ခုပင် မဟုတ်ပါလော။
“သွားကြစို့”
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ် တတိယအဆင့် ကျင့်ကြံသူသည် စန်းရှီ၏ ဆိုလိုရင်းကို နားလည်သွားခဲ့ပြီး ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ လူများကို ဦးဆောင်ကာ ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများကို သတ်ဖြတ်ရန် အတွက် ရှေ့ဆုံးကနေ ပြေးထွက်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် လင်းကျုံး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ လူများကို ခုခံရန်အတွက် စနစ်တကျ နေရာချလိုက်သည်။
သို့သော်လည်း ယခင်ကတည်းကပင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းထက် အင်အား အနည်းငယ် အားနည်းနေခဲ့သည်။
ယခုအခါ လင်းကျုံးက ဒဏ်ရာ အပြင်းအထန် ရရှိထားသည် ဖြစ်ရာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
မကြာမီမှာပင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ တိုက်ခိုက်မှုအောက်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် အဆက်မပြတ် ဆုတ်ခွာနေခဲ့ရပြီး အကျအဆုံး များစွာပင် ရှိလာခဲ့သည်။
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး အကူအညီပေးရန် ပြင်လိုက်စဥ်မှာပင် စန်းရှီက ကျယ်လောင်စွာ မာန်သွင်း အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှ စွမ်းအားများကို လေးလံသောဓား ထဲသို့ ထည့်သွင်းလိုက်သည်။
“ဝုန်း..”
လေးလံသောဓား ထံကနေ ဟင်းလင်းပြင်ကိုပင် ချေမှုန်းနိုင်စွမ်းရှိသော ဓားအလင်းတန်း တစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်ကျော်ကာ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။
“သေချင်နေတာပဲ”
ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး အပြာရောင်ဧကရာဇ်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ဟင်းလင်းပြင် အထက်တွင် အလင်းတံခါး တစ်ချပ်ကို ပွင့်စေခဲ့ကာ အလင်းတံခါးထဲကနေ အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် တစ်ပါး ထွက်ပေါ်လာခဲ့ပြီး ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းတန်း နှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့၏။
ပတ်ဝန်းကျင် မိုင်ထောင်ပေါင်း များစွာရှိ ဟင်းလင်းပြင်သည် မှန်တစ်ချပ် ကဲ့သို့ တိုက်ရိုက်ပင် ပျက်စီးသွားခဲ့ပြီး ကြီးမားသော အနက်ရောင်တွင်းပေါက်ကြီး အဖြစ် ပြောင်းလဲသွားခဲ့ကာ ထိုအနက်ရောင်တွင်းပေါက်ကြီး ထဲကနေ မရေမတွက်နိုင်သော ဟင်းလင်းပြင် မုန်တိုင်းများသည် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့သည်။
သူတို့နှစ်ဦးကို ဗဟိုပြု၍ ကြောက်မက်ဖွယ် ဓားစွမ်းအင်မုန်တိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်လာခဲ့၏။
စန်းရှီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် ပေတစ်ရာခန့်နောက်သို့ လွင့်စင်သွားခဲ့ကာ မျက်နှာထက်တွင်လည်း ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက ခန္ဓာကိုယ်အတွင်းမှ ဗြောင်းဆန်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို လေးနက်စွာ ကြည့်လိုက်သည်။
“ကောင်လေး.. မင်းက ငါမြင်ဖူးသမျှ ပါရမီရှင်တွေထဲမှာ အစွမ်းအထက်ဆုံး ပါရမီရှင်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ငါ့ကို အနိုင်ယူဖို့ကတော့ အဲလောက်ထိ လွယ်မှာမဟုတ်ဘူး”
သူ့ရှေ့မှ ကောင်လေး၏ စွမ်းရည်သည် စန်းရှီ စိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်နေခဲ့သည်။
သူကဲ့သို့ ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ပင်လျှင် ထိုကောင်လေး၏ အသာစီး တိုက်ခိုက်ခြင်းကို အမှန်တကယ် ခံလိုက်ရ၏။
သို့သော်လည်း အဆုံးသတ်တွင် စန်းရှီသည် ရွှေအင်မော်တယ်စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်၍ ခန္ဓာကိုယ်အတွင်းရှိ ရွှေအင်မော်တယ်အဆင့် စွမ်းအားများသည် အလွန်ပင် ခိုင်မာတောင့်တင်း၏။
ကျန်းချန်၏ ခွန်အားက မည်မျှပင် သန်မာနေပါစေ၊ ကျန်းချန်ကို ထိန်းချုပ်ထားပြီး ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အတွက် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်ရန် အခွင့်အရေးအား ဖန်တီးပေးနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက်ရှိနေခဲ့သည်။
“သေချာရဲ့လား”
ကျန်းချန်၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ပြည့်နှက်လာခဲ့သည်။
“စန်းရှီ.. ငါ မင်းကို မသတ်နိုင်ဘူးလို့ မင်းတကယ်ပဲ ထင်နေတာလား”
ကျန်းချန်၏ အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ နှလုံးခုန်ရပ်မတတ် ကြောက်မက်ဖွယ်ရာကောင်းသော အင်မော်တယ် အရှိန်အဝါ တစ်ခုသည် တစ်ခဏအတွင်း ပျံ့နှံ့လာခဲ့သည်။
ရုတ်တရက် ပျံ့နှံ့လာသည့် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါကြောင့် ဟင်းလင်းပြင်တွင် တိုက်ခိုက်နေကြသည့် လင်းယန်ချန်းနှင့် လဲ့ထျန်းချန်း တို့သည်ပင် ထိတ်လန့်သွားခဲ့သည်။
“တလော့ အရှိန်အဝါပါလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူတို့နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း မိုင်တစ်ရာခန့် နောက်သို့ ဆုတ်ခွာလိုက်ကြပြီး အောက်ဘက်ရှိ အရှိန်အဝါ ထွက်ပေါ်လာသည့် နေရာ ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုတလော့ အရှိန်အဝါက ကျန်းချန်ထံမှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရလျှင် သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“လဲ့ထျန်းချန်း.. မင်းကို ကူညီဖို့အတွက် စန်းရှန်အင်မော်တယ်ဂိုဏ်းက ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူကိုတောင် ဖိတ်ခေါ်ထားတာ ဆိုတော့ မင်းတော်တော်လေး အရင်းအနှီး စိုက်ထုတ်ထားပုံပဲ”
လင်းယန်ချန်းက လဲ့ထျန်းချန်းကို ကြည့်ကာ ခနဲ့လိုက်သည်။
“ဒါပေမဲ့ အဲဒီလို ဖိတ်ခေါ်ထားရင်တောင် မင်းဒီနေ့ ငါ့ရဲ့ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
လင်းယန်ချန်းက အပေါ်ယံကြည့်လျှင် အလွန်တရာ တည်ငြိမ်နေပုံရသော်လည်း စိတ်ထဲတွင်မူ အတော်လေး ကံကောင်းသည်ဟု ခံစားမိနေခဲ့သည်။
ရွှေအင်မော်တယ်စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင် သူမှ လွဲ၍ မည်သူမျှ မခုခံနိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားများသည် သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို စောင့်ရှောက်ပေးခဲ့ပြီး ကျန်းချန်ကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပါရမီရှင် တစ်ဦးကို သေရေး ရှင်ရေးအချိန်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာစေခဲ့ကာ စန်းရှန်အင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို ဟန့်တားစေခဲ့သည်။
သို့မဟုတ်လျှင် ယနေ့တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အတိတ်မှ ကြမ္မာဆိုးမျိုးကို ထပ်မံ ခံရလိမ့်မည် ဖြစ်သည်။
လင်းယန်ချန်း၏ စကားကိုကြားလျှင် လဲ့ထျန်းချန်း၏ မျက်နှာအမူအရာက အတော်လေး သုန်မှုန်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူက စန်းရှန်အင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် စန်းရှီကို ဖိတ်ခေါ်ရန်အတွက် ကြီးမားသော အဖိုးအခများကို ရင်းနှီးခဲ့ရသည်။
သူကိုယ်တိုင် လင်းယန်ချန်းကို ထိန်းထားသရွေ့ စန်းရှီအနေဖြင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို ဦးဆောင်ကာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အနိုင်ယူရန်မှာ လွယ်ကူသော ကိစ္စတစ်ခုပင် ဖြစ်လိမ့်မည်ဟု မူလက သူ ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း စိတ်ကူးက ကြီးမားသလောက် လက်တွေ့ အရှိတရားကမူ အလွန်ပင် ခါးသီးနေခဲ့သည်။
သိပ်မကြာမီကမှ ပိုထျန်း အင်မော်တယ်ဂိုဏ်းတွင် ထွက်ပေါ်လာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်ကျင့်ကြံသူ ဖြစ်သည့် စန်းရှီကို တားဆီးနိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ပါရမီရှင် ဖြစ်နေလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ပေ။
ယခုအခါတွင်မူ ထိုလူငယ်၏ ခန္ဓာကိုယ်ကနေ နှလုံးခုန်ရပ်မတတ် ဖြစ်စေသည့် တလော့ အရှိန်အဝါများပင် ထွက်ပေါ်လာပြီ ဖြစ်ရာ ထိုလူငယ်က တလော့အဆင့် ဝှက်ဖဲများ ပိုင်ဆိုင်ထားမည်ကို သူစိုးရိမ်နေမိသည်။
ဆိုရလျှင် ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် စန်းရှီသည် အန္တရာယ်ရှိနေခဲ့ချေပြီ။
“တလော့ အရှိန်အဝါပါလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော တလော့ အရှိန်အဝါကို ခံစားမိလျှင် စန်းရှီသည် တစ်ခဏအတွင်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
ကျန်းချန်၏ တလော့ အရှိန်အဝါကို တိုက်ရိုက်ရင်ဆိုင်နေရသူတစ်ဦးအနေဖြင့် စန်းရှီသည် ဤအရှိန်အဝါက တလော့အင်မော်တယ်တစ်ပါး ချန်ထားရစ်ခဲ့သည့် ဝှက်ဖဲတစ်ခု မဟုတ်ဘဲ ကျန်းချန်ထံမှ ထွက်ပေါ်လာသည့် တလော့ အရှိန်အဝါ ဖြစ်မှန်း ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့သည်။
ဤလူငယ်က ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူမျှသာ ဖြစ်သော်လည်း ခန္ဓာကိုယ်ပေါ်တွင် အဘယ်ကြောင့် တလော့အင်မော်တယ် တစ်ပါး၏ အရှိန်အဝါ ရှိနေရပါသနည်း။
ထိုလူငယ်သည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ အဖြစ် ဟန်ဆောင်ထားသည့် တလော့အင်မော်တယ် တစ်ပါး ဖြစ်နေပါသလော။
စန်းရှီ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော တလော့ အရှိန်အဝါဖိအားအောက်တွင် အသက်ပင် ကောင်းစွာ မရှူနိုင်တော့ဘဲ ခန္ဓာကိုယ် လှုပ်ရှား၍ မရတော့ပေ။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် ထျန်းရွမ် အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ အပြာရောင်ဧကရာဇ် ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် အလင်းတံခါးတစ်ချပ် ဖြစ်ပေါ်လာခဲ့ပြီး အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် တစ်ပါး ထွက်ပေါ်လာခဲ့ကာ ဓားကွက် တစ်ကွက်ကို စန်းရှီထံ ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ထိုဓားချက်သည် အချိန်နှင့်ဟင်းလင်းပြင်ကို တစ်ခဏအတွင်း ဖြတ်ကျော်သွားခဲ့ပြီး စန်းရှီ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့ရာ စန်းရှီနှင့် ၎င်းရှိနေသည့် ပတ်ဝန်းကျင်ဟင်းလင်းပြင်သည် တစ်ခဏအတွင်း ဘာမှမကျန်ရှိသည်အထိ ချေမှုန်းခံလိုက်ရသည်။
“ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ စန်းရှီ ကျဆုံးသွားပြီလား”
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြပြီး မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
စန်းရှန်အင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် စန်းရှီသည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦး၏ လက်ထဲတွင် ကျရှုံးသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
“ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူကို သတ်ဖို့က အကန့်အသတ် ဖြစ်နေပုံပဲ”
ကျန်းချန်က စန်းရှီကို သတ်ဖြတ်လိုက်ပြီးနောက်တွင် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။
သူက အစောပိုင်းတွင် စန်းရှီကို ခြိမ်းခြောက်ရန် အတွက် တလော့ အရှိန်အဝါကို ဦးစွာ အသုံးပြုခဲ့သည်။
ထို့နောက်တွင်မှ အပြာရောင်ဧကရာဇ် ဓားကွက်ဖြင့် စန်းရှီကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထိုသို့ မသတ်ချင်လျှင် ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို အသုံးပြုရုံမှ တစ်ပါး အခြားမရှိပေ။
ဤတိုက်ပွဲမှတစ်ဆင့် ကျန်းချန်သည် သူ၏ လက်ရှိတိုက်ခိုက်ရေးစွမ်းရည်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရန်မှာ ဖိအား လုံးဝမရှိပေ။
သို့သော်လည်း ရွှေအင်မော်တယ် ပဉ္စမအဆင့် ကျင့်ကြံသူနှင့် တွေ့ဆုံခဲ့လျှင်မူ သူ့အနေဖြင့် အစွမ်းကုန် တိုက်ခိုက်လျှင်ပင် ကိုယ့်ကိုယ်ကိုယ် မနည်း ကာကွယ်နိုင်ရုံသာ တတ်နိုင်ပေလိမ့်မည်။
အခန်း(၂၈၃၅)ပြီး၏။
အခန်း(၂၈၃၆)
“ကျန်းချန် အနိုင်ရသွားပြီ.. ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်း ဘေးကင်းသွားပြီဟေ့”
လင်းကျုံးနှင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ လူများသည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် သူတို့၏ စိတ်ထဲ၌ ယခင်ကကဲ့သို့ စိတ်ပျက်အားငယ်မှုများ လုံးဝပျောက်ကွယ်သွားခဲ့ပြီး စိတ်လှုပ်ရှား တက်ကြွလာကြသည်။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ တိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်လုနီးပါး ဖြစ်နေသော လင်းကျုံးနှင့် အခြားသူများသည် အပမှီနေသကဲ့သို့ တစ်ခဏအတွင်း အရှိန်အဝါများ မြင့်တက်လာခဲ့ပြီး ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ လူများကို ပြန်လည်ထိုးစစ်ဆင်ခဲ့ကြသည်။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းထက် အင်အား ပိုတောင့်တင်းသော်လည်း ယခုအခါတွင် သူတို့သည် ကြောက်ရွံ့ တုန်လှုပ်နေကြပြီး တိုက်ခိုက်လိုစိတ်ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။
ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တချို့သည် ကြောက်လန့်တကြား ဖြစ်နေသော ငှက်ငယ်လေးများ ကဲ့သို့ အားလုံးကို ဦးဆောင်ကာ ထိတ်လန့်စွာ ဆုတ်ခွာသွားကြသည်။
ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ စန်းရှီပင်လျှင် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ပြီဖြစ်သည်။
အကယ်၍ ကျန်းချန်သာ သူတို့ကို တိုက်ခိုက်မည်ဆိုလျှင် ကြက်ကလေး ငှက်ကလေးများ ကဲ့သို့ အလွယ်တကူ သတ်ဖြတ်ခံရနိုင်သည် မဟုတ်ပါလော။
ဟင်းလင်းပြင်ထဲရှိ လဲ့ထျန်းချန်းသည် အောက်ဘက်ရှိ ကျန်းချန်ကို စူးစိုက်၍ ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းများက ဒေါသကြောင့် မီးထွက်လုမတတ်ပင် ဖြစ်နေခဲ့သည်။
ဤတစ်ကြိမ်တွင် သူက ကြီးမားသော အဖိုးအခကို ရင်းနှီးကာ စန်းရှန် အင်မော်တယ်ဂိုဏ်းမှ စန်းရှီကို အကူအညီအဖြစ် ဖိတ်ကြားခဲ့သော်လည်း ပိုထျန်း အင်မော်တယ်ဂိုဏ်းကို မဖျက်ဆီးနိုင်ခဲ့ရုံသာမက စန်းရှီ ပင်လျှင် ကျဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်လည်း လဲ့ထျန်းချန်းသည် ဒေါသစိတ်ကြောင့် အမှားအယွင်း မလုပ်ခဲ့ချေ။
စန်းရှန် ကျဆုံးသွားပြီးနောက်တွင် သူတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုက ကျဆုံးသွားပြီ ဖြစ်မှန်း လဲ့ထျန်းချန်း ကောင်းစွာ သိရှိလိုက်သည်။
အကယ်၍ သူသာ ဤနေရာတွင် ဆက်လက် ရှိနေမည် ဆိုလျှင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အနေဖြင့် ကြီးမားသောအရှုံးနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ပါလား။
သူက ဟင်းလင်းပြင်ထဲကနေ တိုက်ရိုက် ဆင်းသက်လာခဲ့ပြီး ဖုန်းလဲ့ အင်မော်တယ်ဂိုဏ်းမှ လူများကို လျင်မြန်စွာ ဆုတ်ခွာစေခဲ့သည်။
လေထဲတွင် သူ၏ အေးစက်စက် အသံတစ်သံသာလျှင် ကျန်ရစ်ခဲ့၏။
“လင်းယန်ချန်း.. ဒီနေ့ ငါလဲ့ထျန်းချန်း.. ငါ့ရဲ့အရှုံးကို ဝန်ခံတယ်.. ဒါပေမဲ့ မင်းစောင့်နေပါ.. ဒီကိစ္စက ဒီမှာတင် ပြီးသွားမှာမဟုတ်ဘူး”
လင်းယန်ချန်းသည် ထွက်ခွာသွားသော ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများကို ကြည့်နေခဲ့သော်လည် ၎င်းတို့ကို တားဆီးရန် မကြိုးစားခဲ့ပေ။
သူ၏ ခွန်အားမှာ လဲ့ထျန်းချန်းနှင့် အဆင့်တူသာ ဖြစ်သည်။
အကယ်၍ လဲ့ထျန်းချန်က ထွက်ခွာလိုခဲ့လျှင် သူ့အနေဖြင့် အလွယ်တကူ တားဆီးနိုင်မည် မဟုတ်ပေ။
ထို့အပြင် ယခုတစ်ကြိမ်တွင် ကျန်းချန်၏ အကူအညီဖြင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့သော်လည်းစန်းရှန်အင်မော်တယ်ဂိုဏ်းမှ ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် စန်းရှီကို သတ်ဖြတ်မိခဲ့သည်။
ယင်းမှာ သူတို့ ဂိုဏ်းနှစ်ဂိုဏ်းကြားရှိ ပြဿနာတွင် စန်းရှန်အင်မော်တယ်ဂိုဏ်းကို ပါဝင် ပတ်သက်သွားစေခဲ့၏။
ဆိုရလျှင် စန်းရှန်အင်မော်တယ်ဂိုဏ်းသည် ဤကိစ္စကို သေချာပေါက် လွှတ်ထားလိမ့်မည် မဟုတ်ပေ။
သိထားရမည့်အချက်မှာ စန်းရှန်အင်မော်တယ်ဂိုဏ်းသည် ထိပ်တန်း ရွှေအင်မော်တယ်အဆင့် အင်အားစု ဖြစ်ပြီး အင်အား အလွန်တရာ တောင့်တင်းသည်။
ထို့ကြောင့် သူတို့ ပိုထျန်းအင်မော်တယ် အနေဖြင့် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ ဒေါသကို ခံယူရန် အသင့်ပြင်ထားကြရလိမ့်မည် ဖြစ်သည်။
လဲ့ထျန်းချန်းက ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် အတူ ဆုတ်ခွာသွားပြီးနောက်တွင် လင်းယန်ချန်းသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများကို ဆင့်ခေါ်ကာ ရှင်းယွင်အင်မော်တယ်နန်းတော် ဆီသို့ သွားရောက်၍ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။
အင်မော်တယ်လောကတွင် ပြိုင်ဆိုင်မှု အလွန်တရာ ပြင်းထန်ပြီး အားနည်းသူက အားကြီးသူ၏ ဝါးမျိုခြင်းကို ခံရမည်ဖြစ်ကာ အားကြီးသူကိုသာ ရိုသေလေးစားကြသည်။
အားနည်းသော အင်အားစုတချို့သည် ယေဘုယျအားဖြင့် အားကောင်းသော အင်အားစုများကို မှီခိုခြင်းဖြင့်သာ ရှင်သန်နိုင်ကြ၏။
ရှင်းယွင်အင်မော်တယ် နန်းတော်သည် ဝိရောဓိနယ်မြေ အတွင်းရှိ တလော့အဆင့် အင်အားစု တစ်စု ဖြစ်သည်။
ဝိရောဓိနယ်မြေသို့ ပိုထျန်းအင်မော်တယ်ဂိုဏ်း ရောက်ရှိလာပြီးနောက်တွင် ရှင်းယွင်အင်မော်တယ် နန်းတော်မှ အကြီးအကဲတစ်ဦးနှင့် ပတ်သက်မှု ရှိခဲ့ပြီး ထိုအကြီးအကဲ ထံသို့ လက်ဆောင်တချို့ ပေးပို့လေ့ ရှိခဲ့သည်။
ယခုတစ်ကြိမ်တွင် စန်းရှန်အင်မော်တယ်ဂိုဏ်းနှင့် ပြဿနာက ရှောင်လွဲ၍ မရတော့သည် ဖြစ်ရာ လင်းယန်ချန်းသည် ရှင်းယွင်အင်မော်တယ် နန်းတော်သို့ ကိုယ်တိုင် သွားရောက်ကာ ထိုနေရာမှ အကြီးအကဲကို အကူအညီ တောင်းရုံသာ ရှိတော့သည်။
-------------------
လင်းယန်ချန်းက ရှင်းယွင်အင်မော်တယ် နန်းတော်သို့ သွားနေသည့် တစ်ချိန်တည်းမှာပင် လဲ့ထျန်းချန်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်းကနေ ဆုတ်ခွာလာခဲ့ပြီးနောက် ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် မိုင်ပေါင်းတစ်သိန်းခန့် အကွာအဝေးရှိ အင်မော်တယ်တောင်တန်း တစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုအင်မော်တယ်တောင်တန်းမှာ စန်းရှန်အင်မော်တယ်ဂိုဏ်း တည်ရှိသော နေရာပင် ဖြစ်သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ရန် မအောင်မြင်ခဲ့သဖြင့် လဲ့ထျန်းချန်းသည် ဖုန်းလဲ့ အင်မော်တယ်ဂိုဏ်း၏ အင်အား တစ်ခုတည်းဖြင့် ပိုထျန်း အင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ကြောင်း ကောင်းစွာ သိရှိသွားခဲ့သည်။
ဆိုရလျှင် သူတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းတို့ ကြားတွင် ပြန်လည် စေ့စပ်ရန် လမ်းစမရှိတော့ပေ။
ယင်းကြောင့် သူက ပိုထျန်း အင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးရန်အတွက် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို လုပ်ဆောင်ရပေလိမ့်မည်။
မဟုတ်လျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် သတ္တုတွင်းကို ရရှိထားသဖြင့် အင်အား အကြီးအကျယ် တိုးတက်လာမည် ဖြစ်ပြီး သူတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို အပြတ်အသတ် ကျော်တက်သွားလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အနေဖြင့် ပိုထျန်း အင်မော်တယ်ဂိုဏ်းဖြင့် ရင်ဆိုင်ရန်မှာ ပို၍ပင် ခက်ခဲသွားလိမ့်မည်ကို သူ စိုးရိမ်နေမိသည်။
ဆိုရလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးရန် အတွက် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ အင်အားတစ်ခုတည်းဖြင့် ဘယ်လိုမှ မလုံလောက်ပေ။
တစ်ခုတည်းသော နည်းလမ်းမှာ စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အင်အားကို ဆက်လက် အသုံးပြုရန်သာ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် စန်းရှီသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင် ကျဆုံးသွားခဲ့ရာ စန်းရှန်အင်မော်တယ်ဂိုဏ်း အနေဖြင့် ထိုကိစ္စကို လျစ်လျူရှုထားလိမ့်မည် မဟုတ်ကြောင်း သူယုံကြည်နေခဲ့သည်။
“ဘယ်သူက စန်းရှန်အင်မော်တယ်ဂိုဏ်းရဲ့ နယ်မြေထဲ သရောက်လာတာလဲ”
လဲ့ထျန်းချန်က စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အပြင်ဘက်သို့ ရောက်လာသည့် အခိုက်အတန့်တွင် ခေါင်းလောင်းသံ ကဲ့သို့ ကျယ်လောင်သော အသံတစ်သံသည် စန်းရှန်း အင်မော်တယ်ဂိုဏ်း အတွင်းကနေ တစ်ခဏအတွင်း ပျံ့လွင့်လာခဲ့သည်။
လဲ့ထျန်းချန်းက လျင်မြန်စွာပင် ဂါဝရပြုကာ ပြောလိုက်သည်။
“ကျွန်တော်က ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက လဲ့ထျန်းချန်းပါ.. အကြီးအကဲ စန်းယွမ်ဆီ လာရောက် ဂါဝရပြုတာပါ”
“ဝင်ခဲ့ပါ”
ကျယ်လောင်သော အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြီးနောက်တွင် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အထက်ရှိ အကာအကွယ် အစီအရင်ပေါ်တွင် သုံးပေခန့်ရှိသော အပေါက် တစ်ခု ပေါ်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ်”
လဲ့ထျန်းချန်က ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက်တွင် စန်းရှန်အင်မော်တယ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ယင်းနောက်တွင် စန်းရှန်အင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ဦး၏ လမ်းပြမှုဖြင့် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အတွင်းဘက်ရှိ ခန်းမတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
ခန်းမ၏ အလယ်တွင် အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအို တစ်ဦးသည် မျက်လုံးများကို မှိတ်ကာ တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
ထိုအဝါရောင်ဝတ်စုံဝတ် အဘိုးအိုမှာ စန်းရှန်အင်မော်တယ်ဂိုဏ်း၏ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ငါးပါး အနက် တစ်ပါး ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုသူမှာ တခြားသူ မဟုတ်ပေ။
အကြီးအကဲစန်းယွမ်ပင် ဖြစ်သည်။
လဲ့ထျန်းချန်း ရောက်လာသည်နှင့် တစ်ပြိုင်နက် စန်းယွမ်သည် သူ၏ မျက်လုံးများကို ဖွင့်ကာ မျက်မှောင် အနည်းငယ်ကြုတ်၍ ပြောလိုက်သည်။
“လဲ့ထျန်းချန်း.. မင်းကို ကူညီဖို့ ငါ စန်းရှီကို စေလွှတ်လိုက်တယ် မဟုတ်လား.. ဘာလို့ စန်းရှန်အင်မော်တယ်ဂိုဏ်းကို တစ်ခေါက် ပြန်လာရတာလဲ”
လဲ့ထျန်းချန်းက ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
“အကြီးအကဲစန်းယွမ်.. ကျွန်တော် ဒီနေ့ ဒီကို လာရတာကလည်း အဲဒီကိစ္စအတွက်ပါပဲ.. မိတ်ဆွေကြီးစန်းရှီက ပိုထျန်းအင်မော်တယ်ဂိုဏ်းနဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါပြီ”
“မင်းဘာပြောလိုက်တာလဲ”
စန်းယွမ်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ပြီး လဲ့ထျန်းချန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ဘာတွေဖြစ်ကုန်တာလဲ.. စန်းရှီက ပိုထျန်းအင်မော်တယ်ဂိုဏ်းမှာ ဘယ်လိုလုပ်ပြီး ကျဆုံးသွားရတာလဲ”
ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင် ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် လင်းယန်ချန်း တစ်ဦးသာ ရှိပြီး ကျန်ရှိသောသူများမှာ ရွှေအင်မော်တယ် စတုတ္ထအဆင့်အောက်မှ ကျင့်ကြံသူများသာ ဖြစ်သည်။
လဲ့ထျန်းချန်းက လင်းယန်ချန်းကို ထိန်းထားနိုင်သရွေ့ ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ် ဖြစ်သည့် စန်းရှီအတွက် ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင် ပြိုင်ဘက် ဟူ၍ မရှိသလောက်ပင်။
သို့ဖြစ်ရာ စန်းရှီသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင် မည်ကဲ့သို့ ကျဆုံးသွားရပါသနည်း။
“ပိုထျန်းအင်မော်တယ်ဂိုဏ်းက ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ကို ရောက်ရှိနေတဲ့ ဆန်းကြယ်တဲ့ ပါရမီရှင် တစ်ယောက်ကို ရှာတွေ့ထားတယ်.. အဲဒီကောင်လေးက ရွှေအင်မော်တယ် စတုတ္ထအဆင့်ထက် မနိမ့်တဲ့ ကြောက်မက်ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်နေခဲ့ပြီး စန်းရှီက သူ့လက်ထဲမှာ ကျဆုံးသွားခဲ့ရတယ်”
လဲ့ထျန်းချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် စန်းယွင်သည် မျက်မှောင်ကြုတ်သွားခဲ့၏။
“ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်နိုင်လောက်တဲ့ ခွန်အားမျိုး ရှိနေတယ်လား”
ထိုကဲ့သို့ ထူးချွန်ထက်မြက်သည့် ပါရမီရှင်မျိုးကို သာမန်တလော့အဆင့် အင်အားစုများပင်လျှင် ပျိုးထောင်နိုင်ခြင်း မရှိပေ။
ဆိုရလျှင် ထိုကဲ့သို့ ပါရမီရှင်သည် တလော့အဆင့် အင်အားစုများထက် ပိုမိုကြောက်မက်ဖွယ်ရာကောင်းသော အင်အားစုများမှ ဖြစ်နိုင်ခြေ အလွန်များ၏။
ဒုတိယတန်းစား ရွှေအင်မော်တယ်အဆင့် အင်အားစု တစ်ခုမျှသာ ဖြစ်သော ပိုထျန်း အင်မော်တယ်ဂိုဏ်းသည် ထိုကဲ့သို့ ပါရမီရှင်မျိုးနှင့် မည်ကဲ့သို့ ပတ်သက်မှု ရှိနေရပါသနည်း။
စန်းယွမ်၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီးနောက်တွင် လဲ့ထျန်းချန်းကို ကြည့်ကာ ပြောလိုက်သည်။
“ဒီကိစ္စကို ငါသိပြီ.. မင်းအရင်ပြန်နှင့်လိုက်တော့”
ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ ဆန်းကြယ်သော ပါရမီရှင်သည် အလွန်ပင် ထူးခြားသော နောက်ခံ ရှိနေနိုင်၏။
စန်းယွမ်၏ အမူအရာအရ ထိုပါရမီရှင်၏ အသေးစိတ်အချက်အလက်များကို မသိဘဲ ပေါ့ပေ့ါဆဆ လုပ်ဆောင်ရန် အစီအစဥ် မရှိသည်မှာ ထင်ရှားနေခဲ့၏။
စန်းယွမ် တွေဝေနေသည်ကိုမြင်လိုက်ရလျှင် လဲ့ထျန်းချန်းသည် စိုးရိမ်စိတ်များ ပြည့်နှက်သွားခဲ့သည်။
ယင်းအခိုက်အတန့်တွင် လဲ့ထျန်းချန်းသည် ဘာကိုမျှဂရုမစိုက်နိုင်တော့ဘဲ သွားများကို အံကြိတ်ကာ စန်းယွမ် စိတ်ဝင်စားစေလောက်မည့် သတင်းဖြင့် ဆွဲဆောင်လိုက်သည်။
“အကြီးအကဲစန်းယွမ်.. ပိုထျန်းအင်မော်တယ်ဂိုဏ်းက အနည်းဆုံး အင်မော်တယ်ကျောက်တုံး သန်းချီ ထွက်နိုင်တဲ့ အင်မော်တယ် သတ္တုတွင်း တစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်”
အခန်း(၂၈၃၆)ပြီး၏။