← Chapters

အခန်း (၂၈၃၇-၂၈၃၈)

Vol. 224 Ch. 2837-2838

အခန်း (၂၈၃၇-၂၈၃၈)

Vol. 224 Ch. 2837-2838

အခန်း(၂၈၃၇)

“မင်းပြောတာအမှန်ပဲလား”

လဲ့ထျန်းချန်း၏စကားကိုကြားလျှင် စန်းယွမ်က စိတ်ဝင်စားသွားခဲ့ပြီး သူ၏ မျက်ဝန်းအစုံတွင် ထက်ရှသော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

အင်မော်တယ်လောကရှိ မည်သည့် အင်အားစုအတွက် မဆို အရင်းအမြစ်သည် အလွန်တရာ အရေးကြီးသော တည်ရှိမှုတစ်ခုဖြစ်ပြီး အင်အားစုတစ်ခု တိုးတက်ပြန့်ပွားမှု အတွက် အရေးပါသော အချက်လည်းဖြစ်သည်။

ဝိရောဓိနယ်မြေတွင် အရင်းအမြစ် အများစုသည် တလော့အဆင့် အင်အားစုများ၏ လက်ထဲတွင်သာ ရှိကြသည်။

လွန်ခဲ့သော နှစ်များအတွင်း စန်းရှန် အင်မော်တယ်ဂိုဏ်းအနေဖြင့် တလော့အဆင့် အင်အားစုသို့ မတက်လှမ်းနိုင်သည့် အဓိက အကြောင်းအရင်းမှာ အရင်းအမြစ် ကန့်သတ်ချက်များကြောင့်သာ ဖြစ်သည်။

အင်မော်တယ်ကျောက်တုံး သန်းချီ ထွက်ရှိနိုင်သည့် အင်မော်တယ်သတ္တုတွင်းသည် စန်းရှန်အင်မော်တယ်ဂိုဏ်း အတွက်ပင်လျှင် အလွန်တရာကြွယ်ဝသော ပိုင်ဆိုင်မှု တစ်ခု ဖြစ်၏။

သိထားရမည့်အချက်မှာ စန်းရှန်အင်မော်တယ်ဂိုဏ်း၏ ဘဏ္ဍာတိုက်တွင်ပင် အင်မော်တယ်ကျောက်တုံး တစ်သန်း မပြည့်ပေ။

အကယ်၍ ပိုထျန်း အင်မော်တယ်ဂိုဏ်းက ရှာဖွေတွေ့ရှိထားသည့် အင်မော်တယ် သတ္တုတွင်းကို ရရှိနိုင်မည် ဆိုလျှင် စန်းရှန်အင်မော်တယ်ဂိုဏ်း အနေဖြင့် တလော့အဆင့် အင်အားစု အဖြစ်သို့ တက်လှမ်းနိုင်ရန် အရင်းအနှီးကို အလုံအလောက် ရရှိသွားလိမ့်မည် မဟုတ်ပါလော။

“အမှန်တွေပါ”

လဲ့ထျန်းချန်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“အင်မော်တယ် သတ္တုတွင်းကြောင့်သာ မဟုတ်ရင် ကျွန်တော့်အနေနဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ဖို့အတွက် အကြီးအကဲ ဆီမှာ လူလာငှားနေမှာ မဟုတ်ဘူး”

လဲ့ထျန်းချန်သည် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အင်အားကို အသုံးပြုကာ ပိုထျန်း အင်မော်တယ်ဂိုဏ်းကို ဖျက်ဆီး၍ အင်မော်တယ် သတ္တုတွင်းကို အပိုင်စီးရန် မူလက ဆုံးဖြတ်ထားခဲ့သော်လည်း အဆုံးသတ်တွင် ကျရှုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လက်ရှိ အခြေအနေသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အတွက် အလွန်ပင် ဆိုးရွားနေခဲ့သည်။

ပိုထျန်း အင်မော်တယ်ဂိုဏ်းတွင် လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်၏ အကူအညီ ရှိနေခြင်းကပင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အတွက် အတော်လေး ဖိအားဖြစ်နေခဲ့၏။

ပိုထျန်းအင်မော်တယ်ဂိုဏ်းသာ အင်‌မော်တယ် သတ္တုတွင်းကို ရရှိသွားလျှင် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ခွန်အားသည် ပိုမို၍ မြင့်မားသော အဆင့် တစ်ခုသို့ အချိန်တိုအတွင်း ရောက်ရှိသွားပေလိမ့်မည်။

ထိုအချိန်သို့ ရောက်လျှင် သူတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ဖျက်ဆီးခြင်းခံရမည်ကို သူစိုးရိမ်နေမိ၏။

ယင်းကြောင့်ပင် သူက စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အင်အားကို အသုံးပြုကာ ဦးအောင် တိုက်ခိုက်ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားခဲ့သည်။

စန်းရှန်အင်မော်တယ်ဂိုဏ်း အနေဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အရေးယူ ဆောင်ရွက်လာစေရန် အတွက် အင်မော်တယ်သတ္တုတွင်း ကိစ္စကို ထုတ်ဖော် ပြောကြားလိုက်ရခြင်း ဆိုလည်း မမှားပေ။

“ငါ ဒီကိစ္စကို ဂိုဏ်းချုပ်နဲ့ ဆွေးနွေးလိုက်ဦးမယ်.. မင်းဒီမှာပဲ ငါ့ရဲ့သတင်းကို စောင့်နေပါ”

အင်မော်တယ်ကျောက်တုံးသန်းချီ တူးဖော်ရရှိနိုင်သည့် အင်မော်တယ်သတ္တုတွင်းတစ်ခုကို စန်းရှန်အင်မော်တယ်ဂိုဏ်းသည် သေချာပေါက် လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့အနေဖြင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်ကို သတိထား၍ ကိုင်တွယ်ရလိမ့်မည် ဖြစ်သည်။

လဲ့ထျန်းချန်းကို ပြောပြီးနောက်တွင် စန်းယွမ်သည် လဲ့ထျန်းချန်း၏ ရှေ့ကနေ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

လင်းယန်ချန်းနှင့် လဲ့ထျန်းချန်းတို့ ကိုယ်စီ လှုပ်ရှားနေကြစဥ်တွင် ပိုထျန်းအင်မော်တယ်ဂိုဏ်း အတွင်းရှိ ကျန်းချန်သည် သူ၏ အခန်းသို့ ပြန်လာခဲ့ပြီး အချိန်မျှော်စင် အတွင်းသို့ ဝင်ရောက်ကာ ဆက်လက် ကျင့်ကြံရန် ပြင်ဆင်ခဲ့သည်။

အချိန်မျှော်စင်အတွင်းသို့ ဝင်ရောက် လိုက်သောအခါတွင် အချိန်မျှော်စင်အတွင်းရှိ ဟင်းလင်းပြင်၌ ပြောင်းလဲမှု တချို့ ဖြစ်ပေါ်နေသည်ကို ကျန်းချန် ကောင်းစွာ ခံစားမိခဲ့သည်။

အထူးသဖြင့် အချိန်မျှော်စင်၏ ပထမထပ်ကနေ ဒုတိယထပ်သို့ တက်လှမ်းသည့် လှေကားထစ်များသည် ယခင်ထက် သိသိသာသာပင် ပိုမိုကြည်လင်လာခဲ့၏။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်နှာက အနည်းငယ် တောက်ပသွားခဲ့သည်။

သူက ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိသွားခြင်းကြောင့် အချိန်မျှော်စင်၏ ဒုတိယထပ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမျိုး ဖြစ်နိုင်ပါသလော။

အချိန်မျှော်စင်တွင် စုစုပေါင်း ခုနစ်ထပ် ရှိပြီး တစ်ထပ်စီတိုင်းတွင် အချိန်စီးဆင်းမှု အရှိန်အဟုန်သည် နောက်တစ်ထပ်သို့ ရောက်လေလေ ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလေလေ ဖြစ်သည်။

အကယ်၍ သူသာ အချိန်မျှော်စင်၏ ဒုတိယထပ်ကို ဝင်ရောက်နိုင်မည် ဆိုလျှင် သူ၏ ကျင့်ကြံမှု အရှိန်အဟုန်က ပို၍ မြင့်မားလာမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အချိန်မျှော်စင်၏ ဒုတိယထပ် ဝင်ပေါက် ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။

အချိန်မျှော်စင်၏ ပထမထပ်နှင့် ဒုတိယထပ်တို့ ကြားတွင် အလွန် ထူးခြားဆန်းပြားသော အချိန်စွမ်းအား တစ်ခု ရှိနေခဲ့သည်။

ယခင်က ကျန်းချန်သည် အချိန်မျှော်စင်၏ ဒုတိယထပ်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးသော်လည်း ကျရှုံးခဲ့သည်။

၎င်းက လှေကားထစ် အနည်းငယ်သာ ရှိသော ဝင်ပေါက်တစ်ခု ဖြစ်ပုံရသော်လည်း အဆုံးမရှိသကဲ့သို့ပင် ဖြစ်နေခဲ့၏။

တစ်ခါကဆိုလျှင် ကျန်းချန်သည် ထိုလှေကားထစ် ပေါ်တွင် နေ့တစ်ဝက်ခန့် လျှောက်လှမ်းခဲ့သော်လည်း အချိန်မျှော်စင်၏ ဒုတိယထပ်သို့ မရောက်ရှိနိုင်သဖြင့် စိတ်ပျက်လက်ပျက် ဖြစ်ကာ ပြန်လည် ဆုတ်ခွာခဲ့ရသည်။

ယခုတစ်ခေါက်တွင်မူ ကျန်းချန် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်လာခဲ့၏။

ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်သို့ ‌ရောက်ရှိနေပြီဖြစ်သော ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သော အချိန်စွမ်းအား၏ ဟန့်တားမှုကို မခံရတော့ဘဲ လှေကားထစ်များကို အလွယ်တကူ ဖြတ်ကျောက်ကာ အချိန်မျှော်စင်၏ ဒုတိယထပ်သို့ ဝင်ရောက်နိုင်ခဲ့သည်။

“အချိန်စီးဆင်းမှုနှုန်း အဆ ၁၀၀ ပါလား.. ဒါက ပထမထပ်ထက်တောင် ၁၀ဆ ပိုမိုမြန်ဆန်တာပဲ”

အချိန်မျှော်စင်၏ ဒုတိယထပ်မှ အခြေအနေကို ခံစားမိပြီးနောက်တွင် ကျန်းချန်၏ မျက်နှာထက်၌ ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အချိန်မျှော်စင်၏ ဒုတိယထပ်တွင် တစ်ရက် ကျင့်ကြံခြင်းသည် ပြင်ပလောကရှိ ရက်ပေါင်း တစ်ရာနှင့် ညီမျှ၏။

သူ့အနေဖြင့် အချိန်မျှော်စင်၏ ဒုတိယထပ်တွင် အဆ ၁၀၀ စနစ်၏ အတွေ့အကြုံ ကောင်းချီပေးမှုဖြင့်သာ ပေါင်းစပ်လိုက်လျှင် ရွှေအင်မော်တယ် ပထမအဆင့်သို့ ထိုးဖောက်ဝင်‌‌ရောက်ရန်မှာ အလွန်တရာ လွယ်ကူနေပေလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ အချိန်မျှော်စင်၏ ဒုတိယထပ်တွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်ကာ အင်မော်တယ်ကျောက်တုံး များစွာကို ထုတ်ယူ၍ စတင် ကျင့်ကြံလိုက်သည်။

ဤသို့ဖြင့် ကျန်းချန်သည် အချိန်မျှော်စင်၏ ဒုတိယထပ်တွင် ကျင့်ကြံရင်း အချိန်တစ်နှစ်ကျော်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ထိုတစ်နှစ်ကျော်ကာလတွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ရွှေအင်မော်တယ်စွမ်းအားများကို ဆက်တိုက်ဆိုသလို စုစည်းခဲ့ပြီး အဆုံးသတ်တွင် ရွှေအင်မော်တယ်စွမ်းအား ပြီးပြည့်စုံသွားခဲ့ကာ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ကနေ ရွှေအင်မော်တယ် ပထမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

အချိန်မျှော်စင်ထဲတွင် တစ်နှစ်ကျော်ခန့် ကုန်ဆုံးသွားသော်လည်း ပြင်ပလောကတွင်မူ ငါးရက်ခန့်သာ ရှိသေး၏။

“ဒီအချိန်မျှော်စင်ကို ဘယ်သူဖန်တီးခဲ့တာလဲ မသိဘူး.. ဒီရတနာက တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နေတဲ့ ရတနာပဲ”

ကျန်းချန်၏ စိတ်ထဲတွင် အံ့ဩ တုန်လှုပ်မှုများ ဖြစ်ပေါ်နေခဲ့သည်။

ဤအချိန်မျှော်စင်တွင် စုစုပေါင်း ခုနစ်ထပ် ရှိသည်။

ဒုတိယထပ်မှာပင် အချိန်စီးဆင်းနှုန်းသည် အဆ ၁၀၀ ရှိနေပြီဖြစ်ရာ တတိယထပ် ဆိုလျှင် ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေပေလိမ့်မည်။

အထူးသဖြင့် နောက်ဆုံး ခုနစ်ထပ်မြောက်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ကို ကျန်းချန် မတွေးရဲလောက်သည် အထိပင်။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ထိုအကြောင်းနှင့် ပတ်သက်၍ ဆက်လက် မတွေးတောတော့ပေ။

မည်သို့ပင် ဖြစ်စေကာမူ ယခုအခါတွင် အချိန်မျှော်စင်၏ ဒုတိယထပ်က ပွင့်သွားပြီ ဖြစ်ရာ ယင်းသည် သူ့ကို တလော့အဆင့်အထိ ကျင့်ကြံမည့် အချိန်အား သေချာပေါက် လျှော့ချပေးနိုင်လိမ့်မည် ဖြစ်သည်။

ရွှေအင်မော်တယ် ပထမအဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် အချိန်မျှော်စင်၏ ဒုတိယထပ်တွင် လအနည်းငယ်ကြာ ဆက်လက် ကျင့်ကြံနေခဲ့သည်။

ထိုသို့ကျင့်ကြံရင်း ပြင်ပလောကတွင် သူထားရှိခဲ့သည့် အကာအကွယ် အစီအရင်သည် ထပ်မံ၍ လှုပ်ရှားလာခဲ့၏။

ထို့ကြောင့် ကျန်းချန်က အချိန်မျှော်စင်ထဲကနေ ထွက်လာခဲ့ရာ အခန်းအပြင်ဘက်တွင် လင်းထယ်ကို တွေ့လိုက်ရသဖြင့် အခန်းထဲကို ဝင်ခဲ့ရန် ဖိတ်ခေါ်လိုက်သည်။

အခန်းထဲသို့ ဝင်ရောက်ပြီး နောက်တွင် လင်းထယ်သည် ကျန်းချန်၏ အရှိန်အဝါကို ခံစားမိလျှင် တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး လျင်မြန်စွာ ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန် ရွှေအင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ်”

ထိုစကားကိုပြောရင်း လင်းထယ်သည် ကျန်းချန်၏ ကြောက်မက်ဖွယ် ပါရမီကို မချီးကျူးဘဲ မနေနိုင်တော့ပေ။

ထိုကောင်လေးသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းသို့ စတင် ရောက်လာစဥ်က ကောင်းကင်အင်မော်တယ် အဆင့်တွင်သာ ရှိသေးသည်။

မကြာသေးမီက သတ္တုတွင်း၌ ဆယ်ရက်ကျော်ကြာ ကျင့်ကြံခဲ့ပြီးနောက်တွင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

ယခု တစ်ခေါက်တွင်လည်း ကျင့်ကြံရန် အခန်းအောင်းနေသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည့်တိုင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်ကနေ ရွှေအင်မော်တယ် ပထမအဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြန်သည်။

သိထားရမည့်အချက်မှာ သူကိုယ်တိုင်က ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိပြီးနောက်တွင် နှစ်ပေါင်းထောင်ချီ ကြာအောင် ထိုအဆင့်၌ သောင်တင်နေခဲ့ခြင်း ဖြစ်ပြီး ရွှေအင်မော်တယ် ပထမအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပေ။

သို့သော်လည်း သူ၏ ရှေ့မှ လူငယ်ကမူ ရက်အနည်းငယ်သာ အချိန်ပေးခဲ့ရ၏။

လူချင်း အတူတူပင် ဖြစ်သော်လည်း နှိုင်းယှဥ်ကြည့်လျှင် ယင်းမှာ အမှန်တကယ်ကို စိတ်ပျက်စရာ ကောင်းနေခဲ့၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ မေးလိုက်သည်။

“အကြီးအကဲ အကြောင်းကိစ္စ မရှိဘဲနဲ့တော့ ခင်ဗျား ဒီကို လာမှာ မဟုတ်လောက်ဘူး.. ပြောပါဦး.. ဘာကိစ္စ ထပ်ဖြစ်ပြန်ပြီလဲ”

ကျန်းချန်က ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်သည်အား ကြားလျှင် လင်းထယ်၏ အမူအရာက ချက်ချင်းပင် လေးနက်သွားခဲ့သည်။

“ငါတို့ အခုလေးတင် ရရှိထားတဲ့ သတင်းအရ ဆိုရင် စန်းရှန်အင်မော်တယ်ဂိုဏ်းက မကြာသေးခင်ကပဲ ကြီးမားတဲ့လှုပ်ရှားမှု တစ်ခုကို လုပ်ဆောင်ခဲ့တယ်.. သိပ်မကြာခင်မှာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်လာနိုင်ခြေ ရှိနေတယ်.. အခု ဂိုဏ်းချုပ်ကလည်း ရှင်းယွင်အင်မော်တယ် နန်းတော်ကနေ ပြန်မရောက်သေးဘူး.. လက်ရှိမှာ ပိုထျန်းအင်မော်တယ်ဂိုဏ်းက ခေါင်းဆောင် မရှိတဲ့ အတွက် အကြီးအကဲတွေက ကျွန်တော့်ကို မိတ်ဆွေလေး ကျန်းချန်ဆီ စေလွှတ်ပြီး အခြေအနေကို ထိန်းကျောင်းပေးဖို့ လာရောက် ဖိတ်ကြားခိုင်းလိုက်တာပါ”

“မစိုးရိမ်ပါနဲ့.. စန်းရှန်အင်မော်တယ်ဂိုဏ်းက ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ရိုက် တိုက်ခိုက်မှာ မဟုတ်ဘူး”

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ကျွန်တော် ခန့်မှန်းတာမမှားရင် စန်းရှန် အင်မော်တယ်ဂိုဏ်းရဲ့ပစ်မှတ်က အင်မော်တယ် သတ္တုတွင်းပဲ ဖြစ်လိမ့်မယ်.. ကျွန်တော်တို့ အင်မော်တယ် သတ္တုတွင်း ဆီကိုပဲ တိုက်ရိုက်သွားကြစို့”

အခန်း(၂၈၃၇)ပြီး၏။

အခန်း(၂၈၃၈)

“အင်မော်တယ်သတ္တုတွင်းကို သွားမယ်.. ဟုတ်လား”

လင်းထျယ်က အနည်းငယ် အံ့အားသင့်ကာ မေးလိုက်သည်။

“ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက အင်မော်တယ်သတ္တုတွင်းအကြောင်းကို စန်းရှန်အင်မော်တယ်ဂိုဏ်းဆီ ပြောပြလိမ့်မယ်လို့ မင်းထင်လို့လား”

အင်မော်တယ်သတ္တုတွင်း ဆိုသည်မှာ သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းအတွက် ဖြစ်စေ၊ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းအတွက် ဖြစ်စေ၊ မည်သူမဆို ကိုယ်ပိုင်အဖြစ်သာ သိမ်းပိုက်ထားချင်ကြသည် မဟုတ်ပါလော။

ထိုအကြောင်းပြချက်ကြောင့်ပင် ပိုထျန်းအင်မော်တယ်ဂိုဏ်းနှင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း တို့သည် အင်မော်တယ်သတ္တုတွင်း ကိစ္စကို မည်သည့်အခါမှ လူသိရှင်ကြား မထုတ်ဖော်ခဲ့ကြပေ။

စန်းရှန်အင်မော်တယ်ဂိုဏ်းသာ ထိုကိစ္စကို သိရှိသွားလျှင် အင်မော်တယ် သတ္တုတွင်းသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် မည်သို့မျှ သက်ဆိုင်တော့မည် မဟုတ်ပေ။

သို့ဖြစ်ရာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် စန်းရှန်အင်မော်တယ်ဂိုဏ်းကို အဘယ်ကြောင့် ပြောပြရပါမည်နည်း။

ကျန်းချန်က ယုံကြည်ချက်ရှိစွာ ပြုံး၍ ပြောလိုက်သည်။

“အရင်ကတော့ မဖြစ်နိုင်ပေမဲ့ အခုတော့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက အဲဒီလို သေချာပေါက် လုပ်လိမ့်မယ်”

ယခင်က ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ပိုထျန်းအင်မော်တယ်ဂိုဏ်းထက် အနည်းငယ် ပိုမို အင်အား တောင့်တင်းသဖြင့် အင်မော်တယ်သတ္တုတွင်းကို လုယူရန် အတော်လေး ယုံကြည်ချက် ရှိခဲ့သည်။

သို့သော်လည်း မကြာသေးမီက တိုက်ပွဲအပြီးတွင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ပိုထျန်း အင်မော်တယ်ဂိုဏ်းနှင့် အင်မော်တယ်သတ္တုတွင်း အတွက် ယှဥ်ပြိုင်နိုင်စွမ်း မရှိတော့ပေ။

ပိုထျန်းအင်မော်တယ်ဂိုဏ်းက အင်မော်တယ် သတ္တုတွင်းကို ရရှိသွားပြီးနောက်တွင် ခွန်အားများစွာ တိုးတက်လာခဲ့ပြီး သူတို့အား ပြန်လည် ဒုက္ခပေးလာမည်ကို စိုးရိမ်နေခဲ့သည်။

လက်ရှိအချိန်တွင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အတွက် အကောင်းဆုံးနည်းလမ်းမှာ လက်ဦးမှု ရယူကာ စန်းရှန်အင်မော်တယ်ဂိုဏ်း၏ အင်အားကို အသုံးချ၍ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဖြေရှင်းရန်ပင် ဖြစ်သည်။

သို့ရာတွင် စန်းရှန်အင်မော်တယ်ဂိုဏ်းမှ လူများသည်လည်း ငတုံးငအများ မဟုတ်ကြပေ။

ပိုထျန်းအင်မော်တယ်ဂိုဏ်းတွင် သူကဲ့သို့ ပါရမီရှင် တစ်ယောက် ရှိနေကြောင်း သိရှိပြီးနောက်တွင် ၎င်းတို့သည် သူ၏ ဇာစ်မြစ်ကို အသေအချာ မသိသေးသဖြင့် သူ၏ အဆင့်အတန်းကို သေချာပေါက် ကြောက်ရွံ့နေကြမည် ဖြစ်ရာ ပေါ့ပေါ့ဆဆ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း အနေဖြင့် စန်းရှန်အင်မော်တယ်ဂိုဏ်း လှုပ်ရှားလာစေရန် အတွက် အင်‌မော်တယ်သတ္တုတွင်း ကိစ္စကို ထုတ်ဖော်ပြောပြရန်သာ ရှိတော့သည်။

စန်းရှန်အင်မော်တယ်ဂိုဏ်း အတွက်မူ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းတို့ ကြားရှိ ရန်ငြိုးများကို ဂရုစိုက်နေမည် မဟုတ်ပေ။

သူတို့အတွက် အင်မော်တယ် သတ္တုတွင်းကို ရရှိရန်မှာ အရေးအကြီးဆုံး ဖြစ်ပေလိမ့်မည်။

“တကယ်လို့ စန်းရှန်အင်မော်တယ်ဂိုဏ်းသာ သတ္တုတွင်းအကြောင်း သိသွားခဲ့ရင် ဘယ်လိုအဖိုးအခပဲ ပေးဆပ်ရပါစေ သေချာပေါက်ရအောင် ယူဖို့ကြိုးစားလာလိမ့်မယ်.. ငါတို့ သွားရင်တောင် ဒီကိစ္စကို တားဆီးနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်”

ထိုစကားကို ပြောနေစဥ် လင်းထယ်၏ အမူအရာက ပို၍ပင် လေးနက်လာခဲ့သည်။

“ခင်ဗျားတို့ ဂိုဏ်းချုပ်က တလော့အဆင့် အင်အားစု ဆီကို အကူအညီတောင်းဖို့ သွားနေတာ မဟုတ်လား.. ကျွန်တော်တို့က စန်းရှန်အင်မော်တယ်ဂိုဏ်းကို တစ်ခဏလောက် အချိန်ဆွဲထားနိုင်ရင်ပဲ လုံလောက်ပါပြီ”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်က တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအချင်းအရာကို မြင်လိုက်ရလျှင် လင်းထျယ်သည် သွားများကို အံကြိတ်ကာ ကျန်းချန်၏ နောက်ကနေ အလျင်အမြန် လိုက်ပါသွားခဲ့၏။

ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ အဆက်မပြတ် တူးဖော်မှု အပြီးတွင် အင်မော်တယ်သတ္တုတွင်း တစ်ခုလုံးရှိ ထက်ဝက်နီးပါးကို တူးဖော်ပြီးစီးခဲ့ပြီ ဖြစ်သည်။

ကျန်းချန်က အင်မော်တယ်သတ္တုတွင်းသို့ ရောက်ရှိလာပြီးနောက်တွင် ကျင့်ကြံရန်အတွက် အင်မော်တယ်သတ္တုတွင်း၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ ဝင်ရောက်သွားခဲ့သည်။

သို့သော် ထိုနေရာသို့ ဝင်ရောက်ပြီး နာရီဝက်ပင် မကြာသေးမီမှာပင် လင်းထယ်သည် သူ့ထံသို့ တစ်ဖန် ရောက်လာပြန်သည်။

“မိတ်ဆွေလေးကျန်းချန်.. အင်မော်တယ် သတ္တုတွင်း ထဲမှာ တုန်လှုပ်စရာကောင်းတဲ့ အရာတစ်ခု ရှာဖွေတွေ့ရှိတယ်.. လာကြည့်ပါဦး”

လင်းထယ်က ကျန်းချန်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးစမ်းလိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ပြီး ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ လူများက အင်မော်တယ်သတ္တုတွင်း ထဲတွင် မည်သည့်အရာကို ရှာဖွေ့တွေ့ရှိခဲ့မှန်း သေချာပေါက် သိချင်နေမိသည်။

လင်းထယ်၏ ဦးဆောင်မှု အောက်တွင် ကျန်းချန်သည် အင်မော်တယ်ကျောက်တုံးများ တူးဖော်သည့် နေရာသို့ အလွန် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများနှင့် အင်မော်တယ်ကျောက်တုံးများကို တူးဖော်ရန် တာဝန်ကျသော တပည့်များသည် မလှမ်းမကမ်းရှိ မတူးဖော်ရသေးသော အင်မော်တယ်ကျောက်ကြောများ ဆီသို့ အကြည့်များ စုပုံ၍ ကျရောက်နေသည်ကို သူတွေ့လိုက်ရသည်။

ကျန်းချန်က လူတိုင်း၏ အကြည့်များ ကျရောက်နေသော နေရာ ဆီသို့ လှမ်းကြည့်လိုက်ရာ တုန်လှုပ်စရာကောင်းသော မြင်ကွင်း တစ်ခုကို ချက်ချင်းဆိုသလို မြင်လိုက်ရသည်။

အင်မော်တယ်သတ္တုကြော ထဲတွင် ပိတ်ဆို့ခံထားရသည့် လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခု ရှိနေခဲ့၏။

ထိုလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်သည် အင်မော်တယ်သတ္တုကြော ထဲတွင် နှစ်ပေါင်းမည်မျှကြာအောင် ပိတ်ဆို့ခံထားရမှန်း သူ မသိသော်လည်း ခန္ဓာကိုယ်ကမူ အကောင်းအတိုင်း ရှိနေဆဲ ဖြစ်ကာ မျက်လုံးများမှိတ်ထား၍ အိပ်ပျော်နေသည့်ဟန် ဖြစ်ပေါ်နေခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်၏ ညာဘက်လက်တွင် ရိုးရှင်းသော ဓားကျိုး တစ်လက်ကို ဆုပ်ကိုင်ထားသည်။

ကျန်းချန်က သူ၏ နတ်အသိစိတ်အာရုံကို အတတ်နိုင်ဆုံး စုစည်းကာ အင်မော်တယ် သတ္တုကြောကို ထိုးဖောက်၍ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်၏ အခြေအနေကို စစ်ဆေးရန် ကြိုးစားလိုက်သည်။

ထိုအချိန်မှာပင် သူ၏နှလုံးသားထဲသို့ ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားဆန္ဒတစ်ခုက ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

ကျန်းချန်၏ ရုတ်တရက်တုန်လှုပ်သွားခဲ့ပြီး သူ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ် ဓားအလင်းတန်း တစ်ခု ပေါ်လာခဲ့သည်။

ထိုဓားအလင်းတန်းသည် လောကရှိ တောင်တန်းများ၊မြစ်ချောင်းများနှင့် ကြယ်တာရာများကို အပိုင်းပိုင်း ဖြတ်ပစ်လိုက်သကဲ့သို့ပင်။

“တကယ်ကို ကြောက်စရာကောင်းတဲ့ ဓားကျိုးပါလား”

ကျန်းချန်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရကာ နှုတ်ခမ်းထောင့်ကနေ သွေးစအချို့ ထွက်ပေါ်လာခဲ့သည်။

ထိုဓားကျိုးသည် အင်မော်တယ်သတ္တုကြော ထဲတွင် နှစ်ပေါင်း မည်မျှ ကြာအောင် ပိတ်ဆို့ ခံထားရမှန်း သူ မသိသော်လည်း ယခုထိတိုင် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

သူ၏ နတ်အသိစိတ်အာရုံသည်ပင် ဓားကျိုးနှင့် ထိတွေ့လိုက်ရုံမျှဖြင့် ဒဏ်ရာအပြင်းအထန် ရရှိလုနီးပါး ဖြစ်သွားခဲ့၏။

ဤဓားကျိုးသည် တလော့အဆင့် လက်နက်များထက် များစွာ သာလွန်မည်မှာ သေချာသလောက်ပင်။

“ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပုံရိပ်ရဲ့ ဇာစ်မြစ်က တကယ်ကို ထူးခြားလွန်းတယ်.. သူက ဘယ်လိုလုပ်ပြီး ဒီအင်မော်တယ်သတ္တုတွင်းထဲမှာ ပိတ်ဆို့ခံထားရတာလဲ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူ၏ အကြည့်က ရွေ့လျားသွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်၏ အခြား လက်တစ်ဖက် ဆီသို့ ကျရောက်သွားခဲ့သည်။

ထိုလက်တစ်ဖက်ကမူ လက်ဖဝါးကို ဖြန့်ထားပြီး သန့်စင်သော အလင်းရောင်များ ခပ်ရေးရေး ထွက်ပေါ်ကာ ပတ်ဝန်းကျင်ရှိ အင်မော်တယ် သတ္တုကြောများနှင့် ချိတ်ဆက်နေသည်ကို သူတွေ့လိုက်ရသည်။

ကျန်းချန်က တစ်ခဏမျှ အသေအချာ အကဲခတ်လေ့လာခဲ့ပြီး နောက်တွင် အဆုံးသတ်၌ တစ်စုံတစ်ရာကို ထိတ်လန့်တုန်လှုပ်စွာ ရှာတွေ့သွားခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်၏ လက်ဖဝါးနှင့် ထိတွေ့နေသော အင်မော်တယ် သတ္တုကြောသည် ပတ်ဝန်းကျင်ရှိ အင်မော်တယ် သတ္တုများနှင့် ကွဲပြားနေပုံရ၏။

သေချာကြည့်လျှင် လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်သည် ထူးခြားသော အင်မော်တယ် ကျောက်တုံး တစ်တုံးကို ကိုင်ထား၏။

ယင်း ကျောက်တုံး၏ ပုံသဏ္ဌာန်သည် မွေးကင်းစ ကလေးငယ်နှင့် အတော်လေး ဆင်တူနေခဲ့သည်။

ထိုအင်မော်တယ်ကျောက်တုံးတွင် အလွန်တရာ သန့်စင်သော စွမ်းအင်များ ပါဝင်နေပြီး ထိုစွမ်းအင်သည် ကျန်းချန် ယခင်က မြင်တွေ့ဖူးသမျှ မည်သည့် အင်မော်တယ်ကျောက်တုံးထက် မဆို ပို၍ သန့်စင်နေခဲ့သည်။

ဤနေရာတွင် အင်မော်တယ်သတ္တုတွင်း ဖြစ်တည်လာခြင်းသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်၏ လက်ထဲရှိ အင်မော်တယ် ကျောက်တုံးနှင့် ပတ်သက်နေနိုင်ခြေ ရှိသည်ဟု ကျန်းချန် ခံစားမိနေခဲ့သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ နံဘေးရှိ လင်းကျုံးကို ကြည့်ကာ မေးလိုက်သည်။

“အကြီးအကဲလင်းကျုံး အင်မော်တယ် သတ္တုတွင်းတွေက ယေဘုယျအားဖြင့် ဘယ်လို ဖြစ်ပေါ်လာတတ်သလဲ ဆိုတာ ခင်ဗျားသိလား”

“အင်မော်တယ်သတ္တုတွင်းတွေက သဘာဝအလျောက် ဖြစ်ပေါ်လာဖို့ အရမ်းကို ခက်ခဲတယ်.. ဒီနေရာရဲ့ ပတ်ဝန်းကျင်အနေအထားအရ ဆိုရင် အင်မော်တယ်သတ္တုတွင်း ဘယ်လိုမှ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဘူး.. တကယ်တော့ ငါတို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အမြဲတမ်း ဇဝေဇဝါ ဖြစ်နေခဲ့ရတယ်”

လင်းကျုံး၏ စကားသံက တစ်ခဏမျှ ရပ်တန့်သွားခဲ့ပြီး အင်မော်တယ်သတ္တုကြော အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်ကို လှမ်းကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“ဒီနေရာက အင်မော်တယ် သတ္တုကြောက သဘာဝအလျောက် ဖြစ်ပေါ်လာတာ မဟုတ်တာတော့ အမှန်ပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး လင်းကျုံးကို မေးလိုက်သည်။

“အဲဒီ လျှို့ဝှက်ဆန်းကြယ်ပုံရိပ်ရဲ့ လက်ဖဝါးထဲက အရာက ဘာလဲဆိုတာ ခင်ဗျားသိလား”

လင်းကျုံးက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြန်ဖြေလိုက်သည်။

“အဲဒါက ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တုံး အရင်းအမြစ်ပဲ.. အဲဒီအရာကြောင့်ပဲ ဒီနေရာမှာ အင်မော်တယ်သတ္တုကြောတွေ ဖြစ်တည်လာတာ ဖြစ်နိုင်တယ်”

အင်မော်တယ်ကျောက်တုံး အရင်းအမြစ်သည် ယေဘုယျအားဖြင့် အလွန်ရှေးကျသော အင်မော်တယ် သတ္တုကြောများတွင်သာ ရှိတတ်သည်။

အင်မော်တယ်ကျောက်တုံး အရင်းအမြစ် တစ်ခု၏ တန်ဖိုးသည် အဖိုးဖြတ်၍ပင် မရနိုင်ပေ။

အင်မော်တယ်ကျောက်တုံး အရင်းအမြစ်ကို မည်သည့်နေရာတွင် ထားရှိသည်ဖြစ်စေ ၎င်းသည် အင်မော်တယ် သတ္တုကြောတစ်ခုကို ဖြစ်ပေါ်စေနိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည် ရှိ၏။

သို့သော်လည်း အင်မော်တယ်ကျောက်တုံး အရင်းအမြစ်သည် အလွန်ပင် ရှားပါးသည်။

ဒဏ္ဍာရီများအရ အင်မော်တယ်ကျောက်တုံး အရင်းအမြစ်ရှိသော အင်မော်တယ် သတ္တုကြောများကို ပိုင်ဆိုင်သည့် အင်မော်တယ်ဘုရင်အဆင့် အင်အားစုများသည် မကုန်မခမ်းနိုင်သော အင်မော်တယ် ကျောက်တုံးများကို ပိုင်ဆိုင်လိမ့်မည်ဖြစ်သည်။

ဤနေရာတွင် အင်မော်တယ်ကျောက်တုံး အရင်းအမြစ် ရှိနေလိမ့်မည်ဟု လင်းကျုံးသည် လုံးဝ မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ ဤကိစ္စသာ ပျံ့နှံ့သွားလျှင် ဝိရောဓိနယ်မြေတစ်ခုလုံးရှိ မရေမတွက်နိုင်သော ထိပ်သီး အင်အားစုများသည် အင်မော်တယ်သတ္တုတွင်း အတွက် ရူးသွပ်သွားကြမည်မှာ သေချာသလောက်ပင်။

“အင်မော်တယ်ကျောက်တုံး အရင်းအမြစ်ကို အမြန်ဆုံး ရရှိဖို့အတွက် အင်မော်တယ်ကျောက်တုံးတွေကို ဆက်လက်တူးဖော်ပါ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။

ထို့နောက် သူက လင်းကျုံးကို တည်ငြိမ်စွာ ပြောလိုက်သည်။

အင်မော်တယ် ကျောက်တုံး အရင်းအမြစ်နှင့် နှိုင်းယှဥ်လျှင် အင်မော်တယ် သတ္တုတွင်း၏ တန်ဖိုးသည် လျစ်လျူရှုထားနိုင်လောက်လု နီးပါး ဖြစ်၏။

အကယ်၍ အင်မော်တယ်ကျောက်တုံး အရင်းအမြစ်ကိုသာ ရရှိနိုင်မည် ဆိုလျှင် ဤနေရာရှိ အင်မော်တယ် သတ္တုတွင်းကို စန်းရှန် အင်မော်တယ်ဂိုဏ်းက လုယူသွားလျှင်ပင် သူတို့အတွက် မည်သို့မျှ အရေးမကြီးတော့ပေ။

အခန်း(၂၈၃၈)ပြီး၏။

All Chapters