← Chapters

အခန်း (၂၈၄၉-၂၈၅၀)

Vol. 225 Ch. 2849-2850

အခန်း (၂၈၄၉-၂၈၅၀)

Vol. 225 Ch. 2849-2850

အခန်း(၂၈၄၉)

ကျန်းချန်က အင်မော်တယ်ကျောက်တိုင်၏ ဝိညာဥ်ကို အမြဲတစေ ယုံကြည်အားကိုးခဲ့သူ ဖြစ်သည်။

ထို့ကြောင့် အင်မော်တယ်ကျောက်တိုင်၏ စကားကိုကြားလျှင် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လှုံ့ဆော်ကာ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ခွန်အား အလုံးစုံကို လျှို့ဝှက်ဆန်းကြယ်သော ဓားကျိုး ထဲသို့ ထည့်သွင်းလိုက်ပြီး အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

နောက်ထပ်တစ်ခဏတွင်‌ လောကကြီးကို ငုံ့ကြည့်နေသည့် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် တစ်ပါးသည် ဟင်းလင်းပြင်တံခါးကို ဖြတ်ကျော်ကာ ရောက်ရှိလာခဲ့သည်။

အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အကြည့်က ယောင်ရွဲ့၏ တလော့ဓမ္မခန္ဓာကိုယ် ဆီသို့ ကျရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကျန်းချန် ဆီသို့ သက်ရောက်လာသည့် စွမ်းအားများက တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

“ဒီတစ်ကြိမ်တော့ ကိုယ်တိုင် ရောက်လာပါလား”

ကျန်းချန်၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ယခင်က ကျန်းချန်သည် အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်ရာတွင် အသိစိတ်ရှိသော အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်ကို ဆင့်ခေါ်နိုင်ခြင်း မရှိတော့ပေ။

မမျှော်လင့်ဘဲ ယခုတစ်ကြိမ်တွင်မူ လျှို့ဝှက်ဆန်းကြယ်သော ဓားကျိုးကို အသုံးပြုလိုက်သောအခါတွင် ထိုပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကို နောက်တစ်ကြိမ် ဆွဲဆောင်နိုင်ခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော ဓားကျိုးသည် ထိုပုဂ္ဂိုလ်နှင့် အမှန်တကယ်ပင် ပတ်သက်ဆက်နွှယ်မှု ရှိနေပုံရ၏။

“မင်း.. မင်းဘယ်သူလဲ”

တလော့ဓမ္မခန္ဓာကိုယ်ဖြင့် တိုက်ခိုက်မှုကို အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် တစ်ပါးက ချေမှုန်းလိုက်သည်အား မြင်လိုက်ရလျှင် ယောင်ရွဲ့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ လက်ရှိ အခြေအနေဖြင့် ပေါင်းစပ်ထားသော တလော့ဓမ္မခန္ဓာကိုယ်သည် စစ်မှန်သော တလော့အင်မော်တယ် ပေါင်းစပ်ထားသည့် တလော့ဓမ္မခန္ဓာကိုယ်ထက် အနည်းငယ်နိမ့်ကျနေသော်လည်း အနည်းဆုံးတော့ စွမ်းအားတစ်ဝက်ခန့် ရှိနေပါသေး၏။

သို့သော်လည်း အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်သည် သူ၏ တိုက်ခိုက်မှုကို အသာအယာပင် ချေမှုန်းနိုင်ခဲ့သည်။

သို့ဖြစ်ရာ ထိုပုဂ္ဂိုလ်သည် တလော့အဆင့်ထက် မနိမ့်ကျသည့် ခွန်အားကို ပိုင်ဆိုင်ထားသည်မှာ သေချာနေခဲ့၏။

“ငါဘယ်သူလဲဆိုတာ သိဖို့ မင်းမှာ အရည်အချင်းမရှိဘူး”

အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က ယောင်ရွဲ့ကို အေးစက်စက် လှမ်းကြည့်ကာ ပြောလိုက်သည်။

“ကံကောင်းပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သာမန် တလော့အင်မော်တယ်လေးကများ ငါဧကရာဇ်ရဲ့လူကို ထိရဲတယ်”

“ငါ ဧကရာဇ်တဲ့လား”

အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်၏ ကိုယ့်ကိုယ်ကိုယ်သုံးနှုန်းလိုက်သော အခေါ်အဝေါ်ကို ကြားလိုက်ရလျှင် ယောင်ရွဲ့သည် ချက်ချင်းဆိုသလိုပင် မှင်တက်သွားခဲ့ပြီး ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

“စီနီယာက ရှေးခေတ်ကာလက အင်မော်တယ်ဧကရာဇ်လား”

ယနေ့ခေတ် အင်မော်တယ်လောကတွင် အင်မော်တယ်ဧကရာဇ်မရှိတော့မှန်း ယောင်ရွဲ့ကောင်းစွာ သိရှိထားခဲ့သည်။

သူ၏ တိုက်ခိုက်မှုကို ချေမှုန်းလိုက်သော အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က ရှေးခေတ်ကာလမှ အင်မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ယောင်ရွဲ့က အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။

အင်မော်တယ်ဧကရာဇ်အဆင့်သည် ရှေးခေတ်ကာလက အင်မော်တယ်လောက၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ကြသည့် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ကောင်းကင်ယံကို ဖြတ်ကျော်လာသော ဤပုံရိပ်၏ စွမ်းအားသည် မူလခန္ဓာကိုယ်၏ တစ်သောင်းပုံ တစ်ပုံပင် မရှိစေကာမူ ယင်းသည် သူ လုံးဝခုခံနိုင်သောအရာ မဟုတ်ပေ။

“ငါ မင်းကို ထွက်သွားခွင့်မပေးဘဲနဲ့ ထွက်သွားနိုင်မယ်လို့များ မင်းထင်နေလား”

စကားဆုံးသည်နှင့် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က လက်ချောင်း တစ်ချောင်းကို အသာအယာ လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ် ဓားအရှိန်အဝါတစ်ခုသည် ယောင်ရွဲ့၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ယောင်ရွဲ့သိမ်းပိုက်ထားသော ရှင်းချီ၏ ခန္ဓာကိုယ်သည် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်၏ လက်ညှိုးအောက်တွင် ခံနိုင်ရည် မရှိတော့ဘဲ လုံးဝပျောက်ကွယ်သွားခဲ့၏။

သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့သည်။

ဤသည်က ကောင်းကင်ယံကနေ ဖြတ်ကျော်လာသော ပုံရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း ယောင်ရွဲ့ကို အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်သည်။

“ကောင်လေး မင်းနဲ့ငါက တကယ်ကို ရေစက်ရှိတာပဲ.. ဒီဓားက မင်းရဲ့ လက်ထဲ ရောက်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ယောင်ရွဲ့ကို အလွယ်တကူ သတ်ဖြတ်လိုက်ပြီးနောက်တွင် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်သည် ကျန်းချန် လက်ထဲရှိ ဓားကျိုးကို ကြည့်ကာ ပြောလိုက်သည်။

ကျန်းချန်က စူးစမ်းစွာ မေးလိုက်၏။

“ဒီဓားကျိုးက စီနီယာရဲ့ လက်နက်လား”

အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် မင်းအခွင့်အရေး ရခဲ့ရင် ငါ့အတွက် ဒီဓားရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေကို ရှာပေးပါဦး”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

“ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်”

အင်မော်တယ်လောကသည် အတိုင်းအဆမရှိ ကျယ်ပြော၏။

ဤဓားကျိုးကို ရရှိခဲ့သည်ကပင် သူ၏ ကံတရားကြောင့် ဖြစ်ရာ ကျန်ရှိသော အစိတ်အပိုင်းများကို ရှာဖွေရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

“ငါက အမှတ်မထင် ပြောလိုက်မိတာပါ.. မင်းအရမ်းကြီး ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးမိစေနဲ့”

အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး ဒီတစ်ကြိမ်က မင်းလက်ထဲက ဓားကျိုးရဲ့အရှိန်အဝါကို ခံစားမိတဲ့ အတွက် ငါကိုယ်တိုင် လာခဲ့တာပဲ.. နောက်ဆိုရင်တော့ ငါ အလွယ်တကူ လာတော့မှာ မဟုတ်ဘူး ငါက အမြဲတစေ ဝင်ရောက် စွက်ဖက်နေမယ် ဆိုရင် မင်းကို ပိုပြီး ကြီးမားတဲ့ အန္တရာယ်တွေထဲ တွန်းပို့သလို ဖြစ်သွားလိမ့်မယ်”

“ကျွန်တော် နားလည်ပါတယ်”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

ယနေ့ခေတ် အင်မော်တယ်လောကတွင် အင်မော်တယ်ဧကရာဇ်အဆင့် ကျင့်ကြံသူ မရှိတော့ပေ။

ဤအပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က လောကကြီးတွင် ရှိနေသေးသည်ဆိုလျှင်ပင် အခက်အခဲများ ရှိနေပုံရ၏။

အကယ်၍ အပြာရောင်ဧကရာဇ် ဓားကွက်ကို အသုံးပြုတိုင်း ထိုပုဂ္ဂိုလ်ကို ဆင့်ခေါ်နိုင်မည် ဆိုလျှင် သူ့အနေဖြင့် ကျင့်ကြံစရာ မလိုအပ်ဘဲ အင်မော်တယ်လောကတွင် ပြိုင်ဘက်ကင်း ဖြစ်နေလိမ့်မည် မဟုတ်ပါလား။

“မင်းရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် အင်မော်တယ်လောကထဲမှာ သွားလာဖို့က တကယ်ကို လွယ်ကူမှာ မဟုတ်ဘူး.. ဘာပဲဖြစ်ဖြစ် ငါမင်းကို နောက်ဆုံးအနေနဲ့ ကူညီပေးသွားမယ်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ဓားကျိုးနှင့်အတူ ကျန်းချန် သိမ်းဆည်းထားသော လျှို့ဝှက်ဆန်းကြယ်သည့် အလောင်းသည် ကျန်းချန် ရှေ့ရှိ လေထုထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ထို့နောက်တွင် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က ဆန်းကြယ်သော လက်ဟန်တချို့ကို ပြုလုပ်လိုက်ရာ ကြယ်ပုံသဏ္ဌာန် စည်းတံဆိပ်တစ်ခုသည် သူ၏ လက်ဖဝါးကြားတွင် ဖြစ်ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်လေး မင်းရဲ့သွေးတစ်စက်ကို ဒီထဲ ထည့်လိုက်”

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ သူ၏ သွေးတစ်စက်ကို ညှစ်ထုတ်ကာ ကြယ်ပုံသဏ္ဌာန် စည်းတံဆိပ်ထဲသို့ ထည့်လိုက်သည်။

အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က ချက်ချင်းဆိုသလိုပင် ကြယ်ပုံသဏ္ဌာန် စည်းတံဆိပ်ကို လှုံ့ဆော်လိုက်ပြီး အလောင်းကောင်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်၏။

စည်းတံဆိပ်က အလောင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည့် တစ်ခဏမှာပင် ကျန်းချန်သည် ထိုအလောင်းနှင့် သူနှင့်ကြား၌ ဆက်သွယ်မှု တစ်ခု ဖြစ်ပေါ်လာသည်ကို ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။

ဆိုရလျှင် သူက ထိုအလောင်းကောင်ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားခဲ့ချေပြီ။

“ကောင်လေး.. ငါက အထူးနည်းလမ်းတချို့ကို သုံးပြီး ဒီအင်မော်တယ်ဘုရင် ရုပ်အလောင်းကို မင်းထိန်းချုပ်နိုင်အောင် အကူအညီပေးလိုက်တာပဲ.. မင်းရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် ဒီအလောင်းက တလော့အဆင့်နဲ့ ယှဥ်နိုင်တဲ့ စွမ်းအားကို ထုတ်ဖော်ဖို့ လုံလောက်တယ်.. မင်းရဲ့ခွန်အား တိုးတက်လာတာနဲ့အမျှ ဒီအလောင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ပိုပြီး သန်မာလာလိမ့်မယ်.. ကဲ ငါသွားတော့မယ်.. နောက်တစ်ကြိမ် ငါတို့ ပြန်ဆုံတဲ့နေ့ကျရင် မင်းက အင်မော်တယ်လောကရဲ့ ထိပ်ဆုံးကို ရောက်နေလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

စကားဆုံးသည်နှင့် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်၏ ပုံရိပ်သည် အပြာရောင် အလင်းစက်ကလေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

ကျန်းချန်က အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် ပျောက်ကွယ်သွားသော နေရာကို တရိုတသေ ဦးညွှတ်ကာ ဂါရဝ ပြုလိုက်သည်။

ယင်းနောက်တွင် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည့် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ကြည့်ကာ သူ၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ယခုတစ်ကြိမ်တွင် သူက ယောင်ရွဲ့၏ လုပ်ကြံမှုကို ခံရသော်လည်း သေရေးရှင်ရေး အချိန်တွင် အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် ပြန်လည် ပေါ်ထွက်လာခြင်းမှာ အဆိုးထဲက အကောင်းဟုပင် ဆိုရပေမည်။

အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်က အင်မော်တယ်ဘုရင်၏ ရုပ်အလောင်းကို သူအသုံးပြုနိုင်ရန် အတွက် သန့်စင်ပေးလိမ့်မည်ဟုပင် ကျန်းချန် ထင်မထားခဲ့ပေ။

ဤအင်မော်တယ်ဘုရင် ရုပ်အလောင်း ရှိနေသရွေ့ သူက တလော့အင်မော်တယ် အဆင့်နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိသွားပြီဟု သတ်မှတ်နိုင်သည် မဟုတ်ပါလား။

ထို့နောက်တွင် ကျန်းချန်သည် သူ၏ ရှေ့မှ ခန်းမဆောင်ကို ဂရုတစိုက် အကဲခတ်လိုက်သည်။

ယခုအခါတွင် သူက ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်၍ အခြားသော ရတနာများရှိ မရှိ ရှာဖွေလိုခဲ့သည်။

သို့သော်လည်း ခန်းမထဲတွင် ပျက်စီးနေသော တလော့အဆင့်ရတနာ တချို့ကိုသာ တွေ့ရှိခဲ့ရပြီး လဝိညာဥ်ကျောက်တုံး အစုအပုံသာလျှင် သူ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ကျန်းချန်က ထိုလဝိညာဥ်ကျောက်တုံး အားလုံးကို သူ၏ သိုလှောင်အိတ် ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက်တွင် ချာခနဲလှည့်ထွက်ကာ ခန်းမထဲကနေ ထွက်ခွာလာခဲ့သည်။

အခန်း(၂၈၄၉)ပြီး၏။

အခန်း(၂၈၅၀)

ရှေးဟောင်းနန်းတော်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်းသို့ ပြန်ရန် အလျင်မလိုခဲ့ပေ။

သူက သူ၏ ခွန်အားများကိုမြှင့်တင်ရင်း ဝိရောဓိနယ်မြေအတွင်း လှည့်လည်သွားလာရန် စီစဥ်ခဲ့သည်။

သူက အနီးအနားရှိ မြို့တစ်မြို့ကနေ အင်မော်တယ်ကျောက်တုံး သောင်းချီ အကုန်ကျခံကာ ရထားလုံး တစ်စီးကို ဝယ်ယူခဲ့၏။

ထိုရထားလုံးသည် အသွင်အပြင်အားဖြင့် အတော်လေး ရိုးရှင်းသည်။

ရထားလုံးကို ဆွဲနေသော သတ္တဝါမှာ ကောင်းကင်အင်မော်တယ် ပထမအဆင့်ရှိ မီးလျှံနက် ယူနီကွန်း တစ်ကောင် ဖြစ်သည်။

မီးလျှံနက် ယူနီကွန်းသည် ခန္ဓာကိုယ် တစ်ခုလုံးတွင် မီးလျှံများ တောက်လောင်နေလျက်ဖြင့် တိမ်တိုက်များကို ကျော်ဖြတ်ကာ ရထားလုံး အတွင်းရှိ ကျန်းချန်ကို တင်ဆောင်၍ ကောင်းကင်ယံတွင် ဖြတ်သန်း မောင်းနှင်နေခဲ့သည်။

လမ်းတစ်လျှောက်တွင် ကျန်းချန်သည် ရှေးဟောင်းမြို့တော်ကို ဖြတ်သန်းပြီး အဆုံးမဲ့ ကျယ်ပြောသော လွင်ပြင်များကို ကျော်ဖြတ်ရင်း သူ၏ ခွန်အားများကို မြှင့်တင်ကာ လောကကြီးကို လေ့လာ ဆင်ခြင်နေခဲ့သည်။

လက်ရှိ အချိန်တွင် ကျန်းချန်သည် အင်မော်တယ်လောကသို့ စတင် ဝင်ရောက်ကာစ ကဲ့သို့ ဘာမှ မသိနားမလည်သော လူငယ်လေး မဟုတ်တော့ပေ။

သူက အင်မော်တယ်လောက၏ ကျင့်ကြံခြင်း အဆင့်အတန်းများနှင့် ပတ်သက်၍ အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။

ရွှေအင်မော်တယ် အဆင့်အောက်တွင် ကျင့်ကြံရသည်မှာ အတော်အသင့် လွယ်ကူသည်။

ပါရမီနှင့် အရည်အချင်း ညံ့ဖျင်းသော အင်မော်တယ်များပင်လျှင် အချိန်နှင့် အရင်းအမြစ်များကို အသုံးပြုခြင်းဖြင့် ၎င်းတို့၏ ခွန်အားကို တဖြည်းဖြည်း မြှင့်တင်နိုင်၏။

သို့သော် ရွှေအင်မော်တယ်အဆင့်တွင်မူ ကျင့်ကြံသည်က များစွာ ပို၍ ခက်ခဲလာခဲ့၏။

အကြောင်းရင်းမှာ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးသည် တလော့အဆင့်သို့ ထိုးဖောက် ဝင်ရောက်လိုလျှင် ကျင့်ကြံမှုတွင် အဆင့်တက်ရုံသာမက အင်မော်တယ် ဥပ‌ဒေသကိုပါ အနည်းငယ် နားလည် သဘောပေါက်ရန် လိုအပ်ပြီး အင်မော်တယ်စွမ်းအားကို အသုံးပြု၍ ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်စွမ်းရှိရန် လိုအပ်သောကြောင့်ဖြစ်သည်။

ဆိုရလျှင် ရွှေအင်မော်တယ်အဆင့်မှ တလော့အင်မော်တယ် အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခြင်းသည် ကြိုးစားအားထုတ်မှုသက်သက်ဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။

အင်မော်တယ်လောကတွင် ရွှေအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိပြီး တလော့စွမ်းအားကိုပင် စုစည်းနိုင်ကာ ခြေလှမ်းတစ်ဝက် တလော့အဆင့်သို့ ရောက်ရှိခဲ့ကြသည့် ပါရမီရှင်များစွာ ရှိခဲ့သည်။

သို့သော်လည်း အဆုံးသတ်တွင် ၎င်းတို့သည် အင်မော်တယ်ဥပဒေသကို နားလည်သဘောပေါက်ရန်နှင့် အင်မော်တယ်စွမ်းအားကို အသုံးပြု၍ ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သောအဆင့် အထိ ရောက်ရှိကာ စစ်မှန်သော တလော့အင်မော်တယ်တစ်ပါး ဖြစ်လာရန် အလွန်တရာ ခဲယဥ်းခဲ့သည်။

ထိုအကြောင်းကြောင့်ပင် အင်မော်တယ်လောကရှိ အင်မော်တယ် အများစုသည် ရွှေအင်မော်တယ် အဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက်တွင် အင်မော်တယ် ဥပဒေသကို စတင်နားလည်နိုင်ရန် ကြိုးစားခဲ့ကြသည်။

အချို့သော ပြိုင်ဘက်ကင်း ပါရမီရှင်များသည် ခြေလှမ်းတစ်ဝက် တလော့အဆင့်သို့ မရောက်သေးမီမှာပင် အင်မော်တယ်စွမ်းအားဖြင့် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်စွမ်းရှိကြ၏။

ထိုကဲ့သို့သော ပါရမီရှင်များသည် ခြေလှမ်းတစ်ဝက် တလော့အဆင့် ဖြစ်သည့် တလော့စွမ်းအားများ ပြီးပြည့်စုံသောအဆင့်အထိ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် မည်သည့်အဟန့်အတားမှ မရှိဘဲ တလော့အင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်ကြသည်။

ကျန်းချန်ကမူ အချိန်မျှော်စင်၏ အဆ ၁၀၀ အချိန်စီးဆင်းမှုနှုန်းနှင့် အဆ ၁၀၀ စနစ်၏ အဆ ၁၀၀ အတွေ့အကြုံများ ရှိနေခဲ့သည်။

ထို့ကြောင့် သူ၏ ကျင့်ကြံမှုကို ရွှေအင်မော်တယ် နဝမအဆင့်သို့မဟုတ် ခြေလှမ်းတစ်ဝက် တလော့အဆင့်အထိ မြှင့်တင်ရန်မှာ သူ့အတွက် အလွန်ပင် မခက်ခဲပေ။

ကျန်းချန်က ခရီးသွားရင်း တစ်ဖက်ကလည်း ကျင့်ကြံနေခဲ့ပြီး အင်မော်တယ်ဥပဒေသကို နားလည်သဘောပေါက်ရန်နှင့် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်စွမ်းရှိသော အင်မော်တယ်စွမ်းရည်ကို ပိုင်ဆိုင်နိုင်ရန် ကြိုးစားနေခဲ့သည်။

“အင်မော်တယ်ဥပ‌ဒေသကို နားလည်ဖို့က တကယ်ကို ခက်ခဲတာပဲ.. အင်မော်တယ်လောကမှာ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတွေ အများအပြား ရှိပေမဲ့ တလော့အင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်တဲ့သူက တစ်သောင်းမှာ တစ်ယောက်တောင် မရှိတာ မထူးဆန်းတော့ဘူး”

ရထားလုံး အတွင်း၌ ရှိနေသော ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဤကာလအတွင်း သူက အင်မော်တယ် ဥပ‌ဒေသကို နားလည်ရန် ကြိုးစားခဲ့သော်လည်း ဘာမှ ထူးခြားမလာခဲ့ပေ။

“တလော့အင်မော်တယ်အဆင့် အင်အားစုတွေနဲ့ ဆက်သွယ်ဖို့ လိုအပ်နေပုံပဲ”

ကျန်းချန်၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ် ဥပဒေသကို နားလည်၍ ကမ္ဘာလောကကြီးအား ထိန်းချုပ်နိုင်စွမ်းကို အခြေခံ မရှိဘဲ တတ်မြောက်ရန်မှာ မလွယ်ကူပေ။

ဆိုရလျှင် တလော့အဆင့် အင်အားစုများတွင်သာ ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်မည့် အင်မော်တယ် စွမ်းရည်ကို နားလည်သဘောပေါက်ရန် အတွေ့အကြုံ တချို့ ရှိကြမည်မှာ သေချာ၏။

အကယ်၍ သူသာ တလော့အဆင့် အင်အားစု ထံကနေ ထိုးထွင်းသိမြင်မှု တချို့ ရရှိနိုင်ခဲ့လျှင် အဆ ၁၀၀စနစ်ကို အသုံးပြု၍ အဆ ၁၀၀ နားလည်သဘောပေါက်မှုကို လှုံ့ဆော်နိုင်မည် ဖြစ်သည်။

သို့ဆိုလျှင် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သော အင်မော်တယ်စွမ်းရည်ကို နားလည်ရန်မှာ သူ့အတွက် များစွာ ပို၍ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။

ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် ဝိရောဓိနယ်မြေရှိ ရှောင်လုံအင်မော်တယ် မြို့တော် ဆီသို့ ရထားလုံးကို တိုက်ရိုက် မောင်းနှင်လိုက်သည်။

ရှောင်လုံအင်မော်တယ်မြို့တော်သည် ဝိရောဓိနယ်မြေ အတွင်းရှိ မြို့တော်များထဲတွင် အစည်ကားဆုံးသော အင်မော်တယ် မြို့တော်များထဲမှ တစ်ခု ဖြစ်သည်။

ဤမြို့တော်အတွင်း နာမည်ကျော်ကြားသော တလော့အဆင့် အင်အားစု နှစ်ခု ရှိနေခဲ့၏။

ကျန်းချန်က ထိုတလော့အဆင့် အင်အားစုများတွင် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိသည့် အင်မော်တယ်စွမ်းရည်နှင့် ပတ်သက်၍ ထိုးထွင်းသိမြင်မှု တချို့ ရှာဖွေနိုင်ခြင်းရှိ မရှိ သိလိုခဲ့သည်။

ရှောင်လုံအင်မော်တယ် မြို့တော် ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် အခြေအနေ တချို့ကို စုံစမ်းလေ့လာခဲ့ပြီး ဖန်ယင်ရတနာခန်းမဟု ခေါ်သော နေရာသို့ ရောက်ရှိလာခဲ့သည်။

ဖန်ယင်ရတနာခန်းမသည် ဝိရောဓိနယ်မြေ အတွင်းရှိ ထိပ်တန်းအင်အားစု တစ်စု ဖြစ်သော ဖန်ယင်အင်မော်တယ်နန်းတော် ပိုင်ဆိုင်သည့် နေရာ ဖြစ်သည်။

ဝိရောဓိနယ်မြေထဲရှိ လူသိများသော အင်မော်တယ်မြို့တော်တိုင်းတွင် ဖန်ယင်အင်မော်တယ်နန်းတော်မှ တည်ထောင်ထားသည့် ဖန်ယင်ရတနာခန်းမများ ရှိကြသည်။

ဖန်ယင်ရတနာခန်းမတွင် ရတနာ အမျိုးမျိုး ရောင်းချပြီး အမြင့်ဆုံးအဆင့်မှာ တလော့အင်မော်တယ်အဆင့် ရတနာနှင့် တလော့အဆင့် အင်မော်တယ်ဆေးဝါးများ ဖြစ်ကြသည်။

ဆိုရလျှင် လုံလောက်သော ချမ်းသာကြွယ်ဝမှု ရှိနေသရွေ့ ဖန်ယင်အင်မော်တယ်ခန်းမတွင် အလိုရှိသမျှ အရာအားလုံး နီးပါးကို ဝယ်ယူနိုင်၏။

ကျန်းချန်က ဖန်ယင်အင်မော်တယ် ခန်းမတွင် လောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းရည်အား နားလည်ရန်အတွက် အကူအညီပေးနိုင်မည့်အရာ ရှိမရှိ သိလိုခဲ့သည်။

ဖန်ယင်အင်မော်တယ်ခန်းမ၏ အပြင်ဘက် အသွင်အပြင်သည် အလွန်ပင် ရိုးရှင်းပြီး ပေအနည်းမျှသာ မြင့်သော အဆောက်အအုံလေး တစ်ခုသာ ဖြစ်သည်။

သို့သော် အတွင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးခြားသော အရာများ ရှိနေသည်ကို တွေ့ရပေလိမ့်မည်။

ဆိုရလျှင် ဖန်ယင်အင်မော်တယ်ခန်းမ တစ်ခုလုံး၏ ဧရိယာသည် အတွင်းထဲတွင် အလွန်ပင် ကျယ်ဝန်းပြီး မိုင်ပေါင်းများစွာ ရှိ၏။

ထို့အပြင် အထပ်ပေါင်း ဆယ်ထပ်မက ရှိပြီး တစ်ထပ်နှင့်တစ်ထပ်ကြားတွင် အလွန်တရာ ကွာခြား၏။

ဆိုရလျှင် အထပ်တစ်ခုနှင့် တစ်ခုကြားတွင် ဟင်းလင်းပြင် စွမ်းအား တစ်မျိုးမျိုးကို အသုံးပြုထားပုံ ရသည်။

“ဒီက လူကြီးမင်း ဘာအလိုရှိပါသလဲ”

ကျန်းချန်က ဖန်ယင်ရတနာခန်းမ ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် အစေခံတစ်ဦးက လာရောက် နှုတ်ဆက်ကာ မေးမြန်းလိုက်သည်။

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“တလော့အဆင့် ရတနာတစ်ခုလောက် ဝယ်ချင်လို့ပါ”

ထိုစကားကိုကြားလျှင် အစေခံသည် ကျန်းချန်ကို စတုတ္ထထပ်ဆီသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့သည်။

ဖန်ယင်ရတနာခန်းမတွင် အထပ်များကို ပစ္စည်း အဆင့်အတန်းအလိုက် ရှင်းလင်းစွာ ခွဲခြားထားသည်။

ပထမထပ်တွင် ရောင်းချသော ပစ္စည်းများမှာ ပကတိအင်မော်တယ်အဆင့် ပစ္စည်းများ ဖြစ်သည်။

ဒုတိယထပ်တွင်မူ ကောင်းကင်အင်မော်တယ် အဆင့် ရတနာများကို ရောင်းချပြီး တတိယထပ်တွင်မူ ရွှေအင်မော်တယ်အဆင့် ရတနာများကို ရောင်းချသည်။

တလော့အင်မော်တယ် အဆင့် ရတနာများကမူ စတုတ္ထထပ်တွင် ရှိ၏။

ကျန်းချန်က ဖန်ယင်ရတနာခန်းမ၏ စတုတ္ထထပ်သို့ ရောက်ရှိလာသောအခါတွင် စတုတ္ထထပ်သည် ပထမထပ်ထက် ပို၍ ခန့်ထည်သည်ကို တွေ့လိုက်ရသည်။

စတုတ္ထထပ်တွင် ဧည့်သည်များစွာ ရှိနေခဲ့ပြီး ၎င်းတို့အားလုံးသည် အလွန်တရာ ထူးခြားသူများ ဖြစ်ကြသည်။

ထိုလူများမှာ ရွှေအင်မော်တယ်အဆင့် သို့မဟုတ် တလော့အဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး အစေခံများစွာ ခြံရံနေသည့် ရွှေအင်မော်တယ် အဆင့် ပါရမီရှင်များကို တွေ့ရ၏။

၎င်းတို့က အတော်လေး ချမ်းသာကြွယ်ဝပြီး မောက်မာပုံလည်း ရသည်။

ကျန်းချန်က ပတ်ဝန်းကျင်မှ လူများကို ဂရုစိုက်မနေဘဲ စတုတ္ထထပ်တွင် တစ်ယောက်တည်း လှည့်လည် ကြည့်ရှုနေခဲ့သည်။

စတုတ္ထထပ်၏ နေရာလွတ်သည် အလွန်တရာပင် ကျယ်ဝန်းသည်။

ဧည့်သည်များအနေဖြင့် ဝယ်ယူလိုသော အရာကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ရန် အတွက် ဖန်ယင်အင်မော်တယ်ခန်းမသည် စတုတ္ထထပ်ရှိ ရတနာများကို အမျိုးအစားများ ခွဲခြားပေးထားသည်။

တလော့အဆင့်ရတနာ၊ တလော့အဆင့်ဆေးဝါး၊ တလော့တိုက်ခိုက်ရေးနည်းစနစ်၊ တလော့အင်မော်တယ်နည်းစနစ် စသည်ဖြင့် ဧရိယာ တစ်ခုစီတွင် သီးသန့်ခွဲခြားထားသည်။

ကျန်းချန်က တလော့အဆင့် ရတနာနှင့် တလော့အဆင့်ဆေးဝါး ဧရိယာများကို တိုက်ရိုက်ဆိုသလို ကျော်ဖြတ်လာခဲ့ပြီး တလော့အဆင့် တိုက်ခိုက်ရေးနည်းစနစ်နှင့် တလော့အင်မော်တယ် နည်းစနစ် ဧရိယာများတွင် စူးစမ်းရှာဖွေခဲ့သည်။

သို့သော် ဖန်ယင်ရတနာခန်းမတွင် တလော့အဆင့် တိုက်ခိုက်ရေးနည်းစနစ်နှင့် တလော့အင်မော်တယ် နည်းစနစ် များစွာ ရှိသော်လည်း ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်မည့် အင်မော်တယ် စွမ်းရည်ကို နားလည် သဘောပေါက်စေမည့် အရာမျိုး မရှိပေ။

“အင်မော်တယ်လောကမှာ တလော့အဆင့် အင်အားစု အများအပြားရှိပေမဲ့ ဘယ်အင်အားစုကမှ ဒီလျှို့ဝှက်ချက်ကို အလွယ်တကူ မဖြန့်ဝေလောက်ဘူး ထင်တယ်”

ကျန်းချန်က စိတ်ထဲကနေ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်မည့် အင်မော်တယ်စွမ်းရည်ကို နားလည်သဘောပေါက်ခြင်းသည် တလော့အင်မော်တယ် အဆင့်ကို ထိုးဖောက်ရန် အတွက် အဓိကသော့ချက် ဖြစ်သည်။

သို့ဖြစ်ရာ မည်သူက ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်မည့် အင်မော်တယ် စွမ်းရည်ကို နားလည်ရန် အခြားသူများကို အလွယ်တကူ သင်ကြားပေးလိုပါမည်နည်း။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် စတုတ္ထထပ်ရှိ အဓိက ဧရိယာကြီးလေးခု အပြင် ရှုပ်ပွနေသော ဧရိယာ တစ်ခုလည်း ရှိနေသည်ကို တွေ့ရှိခဲ့သည်။

“ဟိုနေရာက ဘာနေရာလဲ”

ကျန်းချန်က သိချင်စိတ် ပြင်းပြ‌နေသော အမူအရာဖြင့် နံဘေးရှိ အစေခံကို မေးလိုက်သည်။

အစေခံက တရိုတသေ ပြန်ဖြေလိုက်၏။

“အဲဒီနေရာက အမှိုက်ဧရိယာပါ.. အဲနေရာမှာ ရှိနေတာတွေက ပြီးပြည့်စုံမှု မရှိတဲ့ တလော့အဆင့် ပစ္စည်းတွေနဲ့ အသုံးဝင်ပုံကို အတိအကျ မသိပေမဲ့ ဖန်ယင်ရတနာခန်းမက တလော့ ရတနာအဖြစ် အခိုင်အမာ သတ်မှတ်ထားတဲ့ ပစ္စည်း‌တွေကို စုပုံထားတာပါ”

အခန်း(၂၈၅၀)ပြီး၏။

All Chapters