အခန်း (၂၈၄၁-၂၈၄၂)
Vol. 225 Ch. 2841-2842
အခန်း(၂၈၄၁)
စန်းယွမ်၏ စိတ်နှလုံးထဲတွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
စန်းရှန်အင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် သတ္တုတွင်းကို မဖြစ်မနေ သိမ်းပိုက်ရန် ဆုံးဖြတ်ထားခဲ့ပြီး အင်အားအလုံးအရင်းဖြင့် ချီတက်လာခဲ့ခြင်း ဖြစ်သည်။
သူက စန်းရှန်အင်မော်တယ်ဂိုဏ်း၏ ရှေ့ပြေးအနေဖြင့်သာ အရင်ဦးဆုံး ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ယခုအခါတွင် စန်းရှန်အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် အုံလိုက်ကျင်းလိုက် ရောက်ရှိလာခဲ့ချေပြီ။
လူအုပ်ကြီးက အနက်ရောင်ဧရာမတိမ်တိုက်ကြီး တစ်ခု ကဲ့သို့ ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးလွှမ်းနေခဲ့ပြီး ကျန်းချန်တို့နှင့် ဆန့်ကျင်ဘက်ရှိ မီတာထောင်ချီ ဝေးကွာသောဟင်းလင်းပြင်တွင် ပေါ်လာခဲ့သည်။
ရှေ့ဆုံးကနေ ဦးဆောင်လာသူမှာ လက်နှစ်ဖက်ကို ဟန်ပါပါနောက်ပစ်၍ ရပ်နေသည့် ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထိုရွှေရောင်ဝတ်စုံဝတ် အမျိုးသားသည် အတော်လေးခန့်ညားပြီး သူ၏ လှုပ်ရှားမှုတိုင်းတွင် ပြင်းထန်သော အရှိန်အဝါများ ပါဝင်နေခဲ့၏။
ထိုရွှေရောင်ဝတ်စုံဝတ် အမျိုးသား၏ အရှိန်အဝါကို ရင်ဆိုင်ရလျှင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများသည်ပင် ပေသောင်းချီ မြင့်မားသော တောင်တန်းကြီး တစ်ခု ပိနေသကဲ့သို့ ခံစားရပြီး အသက်ရှူရ ကျပ်လာခဲ့သည်။
ဤရွှေရောင်ဝတ်စုံဝတ် အမျိုးသားမှာ အခြားသူ မဟုတ်ပေ။
စန်းရှန်အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် ရွှေအင်မော်တယ်နဝမအဆင့် ကျင့်ကြံသူ စန်းဟန်ရှန်ပင် ဖြစ်သည်။
စန်းဟန်ရှန်က ထိုနေရာသို့ ရောက်ရှိလာသည်နှင့် စန်းယွမ်တို့အဖွဲ့နှင့်အတူ လျင်မြန်စွာ ပူးပေါင်းလိုက်သည်။
“စန်းယွမ် ဘာတွေဖြစ်နေတာလဲ”
သူ့ရှေ့မှ အခြေအနေကို ကြည့်ရင်း စန်းဟန်ရှန်က အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
စန်းယွမ်၏ ခွန်အားနှင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ လဲ့ထျန်းချီတို့ ပူးပေါင်းလိုက်လျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းထံမှ သတ္တုတွင်းကို လုယူရန်မှာ မခက်ခဲလောက်ဟု သူထင်ထားခဲ့သည်။
သူ့အနေဖြင့် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အင်မော်တယ် ကျောက်တုံးများကို တူးဖော်ရန်သာ လိုအပ်လိမ့်မည်ဟု ယူဆခဲ့၏။
သို့သော်လည်း စန်းယွမ်တို့အဖွဲ့က ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ တားဆီးခြင်းကို ခံထားရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
စန်းယွမ်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“ဂိုဏ်းချုပ် အခြေအနေက နည်းနည်းရှုပ်ထွေးနေတယ်.. ရှင်းယွင်အင်မော်တယ်နန်းတော်က လူတွေလည်း ဒီကိစ္စမှာ ပါဝင် ပတ်သက်လာခဲ့ပြီ”
စန်းယွမ်၏ စကားကိုကြားလျှင် စန်းဟန်ရှန်း၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
လျင်မြန်စွာပင် သူ၏ အကြည့်သည် လင်းယန်ချန်း၏ နံဘေးမှ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသား ဆီသို့ အကြည့်ရောက်သွားခဲ့၏။
“ရှင်းယွင်အင်မော်တယ်နန်းတော်က မိတ်ဆွေ.. ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ငါတို့ စန်းရှန် အင်မော်တယ်ဂိုဏ်းရဲ့ကိစ္စမှာ လက်ရှောင်ပေးဖို့ တောင်းဆိုချင်ပါတယ်”
စန်းဟန်ရှန်းက ထိုလူကို အလွန် ယဥ်ကျေးသော အမူအရာဖြင့် လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသား၏ ကျင့်ကြံမှုအဆင့်သည် သိပ်မမြင့်မားဘဲ ရွှေအင်မော်တယ် သတ္တမအဆင့်သာ ရှိ၍ ကြောက်နေစရာမလိုပေ။
သို့သော်လည်း ၎င်း၏ နောက်တွင် တလော့အဆင့် အင်အားစု ဖြစ်သည့် ရှင်းယွင်အင်မော်တယ် နန်းတော် ရှိနေခြင်းကြောင့် သူ့အနေဖြင့် လျစ်လျူရှု၍ မဖြစ်ပေ။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်စန်းကို မျက်နှာသာပေးရအောင် ဂိုဏ်းချုပ်စန်းရဲ့ မျက်နှာက ဒီလောက်အထိ တန်ဖိုးရှိပုံ မရဘူး.. ကျုပ်တို့ ရှင်းယွင်အင်မော်တယ် နန်းတော်က ဒီကိစ္စကို သေချာပေါက် ပါဝင်ပတ်သက်နေမှာပဲ”
ထိုစကားကို ကြားလိုက်ရလျှင် စန်းဟန်ရှန်း၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်း အနေဖြင့် ရှင်းယွင်အင်မော်တယ်နန်းတော်မှ အစွမ်းထက် ကျင့်ကြံသူများကို ဖိတ်ခေါ်နိုင်ခဲ့ပုံထောက်လျှင် အင်မော်တယ်သတ္တုတွင်း အကြောင်းကို ရှင်းယွင်အင်မော်တယ် နန်းတော်ထံ သေချာပေါက် ထုတ်ဖော်ခဲ့သည်မှာ ထင်ရှားနေခဲ့သည်။
ဤကဲ့သို့သော အင်မော်တယ် သတ္တုတွင်းမျိုးကို တလော့အဆင့်အင်အားစု ဖြစ်သည့် ရှင်းယွင်အင်မော်တယ် နန်းတော် ပင်လျှင် အလွန်တရာ မက်မောမည်မှာ သေချာသလောက်ပင်။
သူတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းသည် ထိပ်တန်းအဆင့်အင်အားစု ဖြစ်ပြီး တလော့အဆင့် နောက်ခံ ရှိသော်လည်း တလော့အဆင့် အင်အားစုကြီးများနှင့်မူ မနှိုင်းယှဥ်နိုင်ပေ။
သို့ဆိုလျှင် သူတို့သည် အင်မော်တယ် သတ္တုတွင်းကို ရှင်းယွင်အင်မော်တယ်နန်းတော်ထံ လက်လွှတ် ပေးလိုက်ရတော့မည်လော။
“မဖြစ်ဘူး.. ဒီအင်မော်တယ်သတ္တုတွင်းက ငါတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းကို တလော့အဆင့် အင်အားစု အဖြစ် တက်လှမ်းနိုင်စေမဲ့ အရင်းအနှီးပဲ.. ဘယ်လို အကြောင်းပဲရှိရှိ ဒီအင်မော်တယ် သတ္တုတွင်းကို အရယူရမယ်”
စန်းဟန်ရှန်း၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
ရှင်းယွင်အင်မော်တယ် နန်းတော်သည် အတော်လေး ယုံကြည်မှု ရှိနေပုံရသည်။
သူတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းက တလော့အဆင့်အင်အားစုဖြစ်သည့် ရှင်းယွင်အင်မော်တယ် နန်းတော်ကို ရင်မဆိုင်ရဲဟု ထင်မှတ်ကာ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ တစ်ဦးတည်းကိုသာ စေလွှတ်ခဲ့၏။
စင်စစ် ယင်းမှာ သူ့အတွက် အင်မော်တယ် သတ္တုတွင်းကို သိမ်းပိုက်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်နေခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ စန်းဟန်ရှန်းသည် အင်မော်တယ်သတ္တုတွင်းကို သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်။
အင်မော်တယ်သတ္တုတွင်းကို ရရှိသည်နှင့် တလော့အဆင့်ဆေးလုံးကို လဲလှယ်နိုင်မည့် ကြွယ်ဝမှုကို ရရှိမည်ဖြစ်ပြီး တလော့ အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
ရှင်းယွင်အင်မော်တယ်နန်းတော်က အစွမ်းထက်သော်လည်း ဤဝိရောဓိနယ်မြေ ထဲတွင် ရှင်းယွင်အင်မော်တယ်နန်းတော်၏ အစွမ်းထက် ပြိုင်ဘက်များစွာ ရှိသည်။
သူတို့သာ ထိုအင်အားစုများကို ရှင်းယွင်အင်မော်တယ်နန်းတော်က ရင်ဆိုင်ရန် စီစဥ်ထားနိုင်လျှင် ရှင်းယွင်အင်မော်တယ်နန်းတော် အနေဖြင့် သူတို့ စန်းရှန်အင်မော်တယ်ဂိုဏ်းကို ကိုင်တွယ်ရန် အချိန်တိုအတွင်း အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူက တလော့အင်မော်တယ် တစ်ပါး အဖြစ်ကို ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ရှင်းယွင်အင်မော်တယ် နန်းတော်သည်ပင် သူတို့ကို ရန်မူရန် နှစ်ခါပြန် စဥ်းစားရလိမ့်မည် ဖြစ်သည်။
“မင်းက သူများကိစ္စမှာ ဇွတ်ဝင်ပါဖို့ လုပ်နေမှတော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့”
စန်းဟန်ရှန်းထံမှ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
“ဒါက ရွှေအင်မော်တယ်နဝမအဆင့် ကျင့်ကြံသူရဲ့ ခွန်အားလား.. တကယ်ကို သန်မာလွန်းတာပဲ”
စန်းဟန်ရှန်းထံမှ ထွက်ပေါ်လာသော ခွန်အားကို ခံစားမိလျှင် ကျန်းချန် တုန်လှုပ်သွားခဲ့သည်။
သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် အစွမ်းကုန် ကြိုးစားလျှင်ပင် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ၏ တိုက်ကွက်တစ်ကွက်ကို တောင့်ခံရန်မှာ မဖြစ်နိုင်သလောက်ပင်။
စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်နေသော စန်းဟန်ရှန်း၏ ရှေ့တွင် စန်းယွင်အင်မော်တယ်နန်းတော်မှ အမျိုးသားသည် တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။
သူကို ခေါင်းကို ခါရမ်းလိုက်ပြီး စန်းဟန်ရှန်းကို ကြည့်ကာ ကရုဏာသက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဂိုဏ်းချုပ်စန်း.. ခင်ဗျားအခုနေ နောက်ဆုတ်မယ်ဆိုရင် နောက်မကျသေးဘူး.. မင်းရဲ့ လူတွေကို သေတွင်းထဲပို့ဖို့ မစဥ်းစားပါနဲ့”
“မင်းရဲ့စကားကို ငါက နားထောင်ရမှာလား.. နောက်မဆုတ်တော့ရော မင်းဘာတတ်နိုင်မှာမို့လဲ”
စန်းဟန်ရှန်းက ဒေါသတကြီး ပြောဆိုလိုက်ပြီး ဟင်းလင်းပြင်ကို ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ ပျက်စီးခြင်းအလင်းကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော ဟင်းလင်းပြင် စွမ်းအင်လှိုင်းများသည် ရှင်းယွင်အင်မော်တယ် နန်းတော်မှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ ဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။
“ဘာလို့ ကိုယ့်သေတွင်း ကိုယ်တူးချင်ရတာလဲ”
ရှင်းယွင်အင်မော်တယ်နန်းတော်မှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူက သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ တောက်ပသော ကြယ်အလင်းတန်းများက ကောင်းကင်ယံသို့ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ယင်းအခိုက်အတန့်တွင် ကမ္ဘာကြီး တစ်ခုလုံးက ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ လူတိုင်း ခံစားလိုက်ရ၏။
ရှင်းယွင်အင်မော်တယ် နန်းတော်မှ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို ဗဟိုပြု၍ မိုင်ပေါင်းထောင်ချီ ဧရိယာအတွင်းရှိ အရာအားလုံးသည် အချိန်များအေးခဲသွားသကဲ့သို့ လည်ပတ်မှု ရပ်တန့်သွားခဲ့သည်။
ထိုနေရာအတွင်းရှိ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူအားလုံးပင်လျှင် ထိုအခိုက်အတန့်၌ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
တောက်ပသော ကြယ်တာရာများက ဟင်းလင်းပြင်ထက်တွင် ဆက်တိုက်ဆိုသလို စုစည်းလာခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်နှင့်မြေကြီး ကြားတွင် ရပ်တည်နေသည့် ဝိညာဥ်ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤပေသောင်းချီ မြင့်မားသော ပုံရိပ်သည် ထိုနေရာတွင် မည်သည့် စွမ်းအင်မျှ အသုံးမပြုဘဲ သာမန်မျှ ရပ်နေရုံမျှဖြင့်ပင် လူတိုင်းကို ဒူးထောက်ကိုးကွယ်ချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
“ဒါ ဒါက တလော့ဓမ္မခန္ဓာကိုယ်ပဲ”
လင်းယန်ချန်းက ကောင်းကင်နှင့်မြေကြီးကြားရှိ ပုံရိပ်ကို မြင်လျှင် အသက်ရှူမှားမတတ် ဖြစ်သွားခဲ့သည်။
တလော့ဓမ္မခန္ဓာကိုယ် ဆိုသည်မှာ တလော့အင်မော်တယ်များသာလျှင် ဖန်တီးနိုင်သည့် အင်မော်တယ်စွမ်းအား တစ်မျိုး ဖြစ်သည်။
ရှင်းယွင်အင်မော်တယ်နန်းတော်ကနေ သူ ဖိတ်ခေါ်ခဲ့သော ကျင့်ကြံသူထံတွင် တလော့အင်မော်တယ် တစ်ပါး ချန်ရစ်ထားခဲ့သည့် တလော့ဓမ္မခန္ဓာကိုယ် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
“ဒါက တလော့အင်မော်တယ်တစ်ပါးရဲ့ စစ်မှန်တဲ့စွမ်းအားလား”
ကျန်းချန်၏ အကြည့်က ဟင်းလင်းပြင်ရှိ ပေသောင်းချီမြင့်မားသော ပုံရိပ်ပေါ်ကို ကျရောက်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ တောက်ပနေခဲ့၏။
ဤကာလအတွင်း ကျန်းချန်သည် တလော့အဆင့် ဝှက်ဖဲ အများအပြားကို မြင်တွေ့ခဲ့ရသည်။
သို့သော်လည်း ယခုမှသာ တလော့အဆင့်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို အမှန်တကယ် မြင်တွေ့ရခြင်း ဖြစ်၏။
တလော့အဆင့်သည် ရွှေအင်မော်တယ် အဆင့်နှင့် လုံးဝကွဲပြားသည်။
တလော့အဆင့်သည် အင်မော်တယ် ဥပဒေသကို စတင်နားလည်ပြီး ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြ၏။
ဤသည်က တလော့ဓမ္မခန္ဓာကိုယ်မျှသာ ဖြစ်သော်လည်း သာမန် ရွှေအင်မော်တယ်နဝမအဆင့် ကျင့်ကြံသူ တစ်ဦးပင် ခုခံနိုင်စွမ်း မရှိသလောက်ပင်။
ယခု ပေါ်ထွက်လာသည့် တလော့ခန္ဓာကိုယ်သည် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းအင်ကို အသုံးပြုခဲ့သည်မှာ ထင်ရှားနေခဲ့သည်။
ထို့ကြောင့်လည်း မိုင်ပေါင်းထောင်ချီ ဧရိယာအတွင်းရှိ အရာအားလုံးက ရပ်တန့်သွားခြင်းပင်။
“မသတ်ပါနဲ့”
ကောင်းကင်နှင့်မြေကြီးကြားမှ ပုံရိပ်ကို မြင်လျှင် စန်းဟန်ရှန်းသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
သူက ခန္ဓာကိုယ်ထဲမှ ရွှေအင်မော်တယ်စွမ်းအားများကို အလျင်အမြန် စုစည်းကာ လည်ပတ်မှု ရပ်တန့်နေသော ဟင်းလင်းပြင်ထဲကနေ ရုန်းထွက်ရန် အတွက် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်သည်။
ထို့နောက်တွင် ခြောက်လှန့်ခံရသော ငှက်တစ်ကောင်ကဲ့သို့ ပျာပျာသလဲ ထွက်ပြေးသွားခဲ့သည်။
အခန်း(၂၈၄၁)ပြီး၏။
အခန်း(၂၈၄၂)
“တလော့အရှင်တစ်ပါးကို မင်းတို့လိုကောင်တွေက ဘယ်လိုလုပ်ပြီး စော်ကားရဲတာလဲ”
ထိတ်လန့်တကြား ထွက်ပြေးနေသော စန်းဟန်ရှန်းကို ကြည့်ရင်း ကောင်းကင်ယံရှိ ပုံရိပ်ထံမှ ကြုံးဝါးသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကောင်းကင်ယံမှ ပုံရိပ်သည် လက်ညှိုးတစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်သည်။
ထိုလက်ညှိုးသည် နတ်ဆိုးဆန်သော အရှိန်အဝါများနှင့်အတူ ကောင်းကင်ယံမှ လမင်းကြီး ပြုတ်ကျလာသည့်နှယ် ဟင်းလင်းပြင်၏ မိုင်ပေါင်းထောင်ချီ ဧရိယာကို တစ်ခဏအတွင်း ဖုံးလွှမ်းသွားခဲ့သည်။
အသေအလဲ ပြေးလွှားနေသော စန်းဟန်ရှန်း၏ ပုံရိပ်သည် အလွန် မြန်ဆန်စွာ ပြေးလွှားနေရကနေ ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့၏။
စန်းဟန်ရှန်က မျှော်လင့်ချက်မဲ့စွာဖြင့် ထိတ်လန့် တုန်လှုပ်နေခဲ့ပြီး သူ၏ အစွမ်းရှိသမျှဖြင့် အသည်းအသန် ရုန်းကန်နေခဲ့သည်။
သို့သော်လည်း အရာအားလုံးမှာ အချည်းနှီးသား ဖြစ်သွားခဲ့သည်။
တလော့အင်မော်တယ်သည် အင်မော်တယ်စွမ်းအားဖြင့် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည်ဖြစ်ရာ စန်းဟန်ရှန်း ကဲ့သို့ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ပင်လျှင် တလော့အင်မော်တယ်၏ ရှေ့မှောက်၌ ပုရွက်ဆိတ် တစ်ကောင်နှင့် မခြားပေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လက်ညှိုးမှ ထွက်ပေါ်လာသည့် အရှိန်အဝါသည် စန်းဟန်ရှန်း၏ ခန္ဓာကိုယ်ကို ချေမှုန်းပစ်လိုက်ရာ စန်းဟန်ရှန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဟင်းလင်းပြင်ထဲတွင် အငွေ့ပျံကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
“တလော့အရှင်တစ်ပါးရဲ့ စွမ်းအားက ကြောက်စရာကောင်းလှချည်လား”
စန်းဟန်ရှန်ကဲ့သို့ သန်မာသော ရွှေအင်မော်တယ်နဝမအဆင့်ကျင့်ကြံသူ ပင်လျှင် လက်ညှိုးတစ်ချောင်းတည်းဖြင့် အသတ်ခံလိုက်ရသည်ကိုမြင်လျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်မိလိုက်သည်။
ဤအခိုက်အတန့်တွင် ကျန်းချန်သည် တလော့အင်မော်တယ်၏ စွမ်းရည်နှင့်ပတ်သက်၍ ကောင်းစွာ နားလည်သွားခဲ့ပြီဖြစ်သည်။
တလော့အင်မော်တယ် ထုတ်ဖော်လိုက်သည့် တလော့ဓမ္မခန္ဓာကိုယ်သည်ပင် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကို အလွယ်တကူ နှိမ်နင်းနိုင်သည် ဖြစ်ရာ ကိုယ်တိုင်သာ တိုက်ခိုက်မည် ဆိုလျှင် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမည်မှာ တွေးနေစရာပင် မလိုပေ။
“တလော့အဆင့်နဲ့ ရွှေအင်မော်တယ်အဆင့်ကြားမှာ တော်ရုံကျော်ဖြတ်လို့ မရနိုင်တဲ့ ကြီးမားတဲ့ ကွာဟချက်ကြီး ရှိနေတာပဲ အင်မော်တယ်လောကမှာ ကောင်းကင်အင်မော်တယ် အဆင့်နဲ့ ရွှေအင်မော်တယ်အဆင့်ကို ယှဥ်တိုက်နိုင်တဲ့ ပါရမီရှင်တွေအများအပြား ရှိပေမဲ့ ရွှေအင်မော်တယ် အဆင့်နဲ့ တလော့ အင်မော်တယ်အဆင့်ကို အနိုင်တိုက်နိုင်တဲ့ ပါရမီရှင်မျိုးကတော့ တကယ်ကို ရှားပါးလွန်းတယ်”
လင်းယန်ချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
အင်မော်တယ်လောကတွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ များစွာ ရှိသော်လည်း တလော့အင်မော်တယ် အဆင့်ကို ရောက်ရှိနိုင်သူမှာ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်သောင်းတွင် တစ်ယောက်ပင် မရှိပေ။
တလော့အဆင့်သို့ မရောက်မချင်း ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူ အားလုံးသည် တလော့အဆင့် ကျင့်ကြံသူ ရှေ့တွင် ပုရွက်ဆိတ်များသာ ဖြစ်ကြ၏။
“ဂိုဏ်းချုပ် ကျဆုံးသွားပြီ”
စန်းဟန်ရှန်းကို တလော့ဓမ္မခန္ဓာကိုယ်က သတ်ဖြတ်လိုက်သည်အားမြင်လျှင် စန်းရှန်အင်မော်တယ်ဂိုဏ်းက စန်းယွမ်နှင့် အခြားသော အဆင့်မြင့် အကြီးအကဲများသည် မျက်နှာများ ဖြူဖျော့သွားကြသည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်းက အကူအညီ တောင်းခံခဲ့သည့် ရှင်းယွင်အင်မော်တယ် နန်းတော်မှ ကျင့်ကြံသူသည် တလော့ဓမ္မခန္ဓာကိုယ်ကိုပါ ယူဆောင်လာခဲ့ပြီး စန်းဟန်ရှန်းကို အလွယ်တကူ သတ်ပစ်လိုက်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။
“အမြန်ဆုတ်ခွာကြတော့”
ဤအချိန်တွင် စန်းယွမ်တို့ လူစုသည် အင်မော်တယ်သတ္တုတွင်းကို လုယူလိုစိတ် လုံးဝမရှိတော့ဘဲ အလောတကြီး ဆုတ်ခွာရန်သာ စိုင်းပြင်းနေခဲ့ကြသည်။
တလော့ဓမ္မခန္ဓာကိုယ် ဆိုသည်မှာ သူတို့ လုံးဝ ရင်ဆိုင်နိုင်သောအရာမျိုး မဟုတ်ပေ။
အမြန်ဆုံး မပြေးနိုင်လျှင် သူတို့အားလုံးသည် ယနေ့တွင် အမြစ်ပြတ် သုတ်သင်ခံရနိုင်ခြေ ရှိနေခဲ့၏။
တလော့ဓမ္မခန္ဓာကိုယ်က ဆုတ်ခွာသွားသော လူအုပ်ကြီးကို ကြည့်လိုက်သော်လည်း ဆက်လက် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။
သူက ဂုဏ်သိက္ခာကြီးမားသော တလော့အင်မော်တယ် တစ်ပါး ဖြစ်ရာ ဤကဲ့သို့ ပုရွက်ဆိတ်များကို အရေးတယူလုပ်ရန် မလိုလားပေ။
ထို့နောက်တွင် တလော့ဓမ္မခန္ဓာကိုယ်သည် ဆန်းကြယ်သော လရောင်အလင်း အဖြစ်သို့ ပြောင်းလဲကာ ရွှေအင်မော်တယ်သတ္တမအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ထိုအချင်းအရာကို မြင်လိုက်ရလျှင် လင်းယန်ချန်းသည် အလျင်အမြန်ပင် ရှေ့သို့ တိုးလာခဲ့ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
“ညီနောင်ရှင်းချီ.. တကယ်ကို ကျေးဇူးတင်ပါတယ်”
“အားနာမနေပါနဲ့ ဂိုဏ်းချုပ်လင်း.. ငါတို့သဘောတူထားတဲ့အတိုင်း အင်မော်တယ်ကျောက်တုံး သုံးသန်းကို ရှင်းယွင်အင်မော်တယ်နန်းတော်ဆီ အမြန်ဆုံး ပို့ပေးဖို့သာ မမေ့ပါနဲ့”
ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ရှင်းချီက တည်ငြိမ်စွာ ပြောလိုက်သည်။
လင်းယန်ချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။
“ဒီအတွက်တော့ စိတ်ချပါ.. အင်မော်တယ်ကျောက်တုံးသုံးသန်းကို တစ်လအတွင်း ရှင်းယွင်အင်မော်တယ် နန်းတော်ဆီ အရောက်ပို့ပေးပါမယ်”
ရှင်းယွင်အင်မော်တယ် နန်းတော်ကို အကူအညီတောင်းခံခဲ့သည့်အတွက် ပေးဆပ်ရသည့်တန်ဖိုးမှာ အင်မော်တယ်ကျောက်တုံး သုံးသန်း ဖြစ်သည်။
အင်မော်တယ်သတ္တုတွင်းကနေ သူတို့ တူးဖော်ရရှိမည့် အင်မော်တယ်ကျောက်တုံး စုစုပေါင်းသည် ငါးသန့်ခန့်သာရှိ၏။
ဆိုလိုသည်မှာ သူတို့ တူးဖော်ရရှိသမျှ အင်မော်တယ်ကျောက်တုံး အများစုကို ရှင်းယွင်အင်မော်တယ် နန်းတော်၏ လက်ထဲသို့ ဆက်သရလိမ့်မည် ဖြစ်သည်။
ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ခြိမ်းခြောက်လာသော စန်းရှန်အင်မော်တယ်ဂိုဏ်းကို ရင်ဆိုင်ရန် အတွက် လင်းယန်ချန်းသည် ရှင်းယွင်အင်မော်တယ် နန်းတော်၏ အကူအညီကို ယူရန် ထိုမျှ ကြီးမားသော တန်ဖိုးကို ပေးအပ်ခဲ့ရခြင်းပင်။
ရှင်းချီက ခေါင်းညိတ်ပြလိုက်ပြီး ဘာစကားမျှ ထပ်မပြောတော့ပေ။
ရှင်းယွင်အင်မော်တယ် နန်းတော်သည် ဂုဏ်သိက္ခာကြီးမားသော တလော့အဆင့် အင်အားစု ဖြစ်ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းမှာ ဒုတိယတန်းစား ရွှေအင်မော်တယ်အဆင့် အင်အားစုမျှသာ ဖြစ်၏။
ထို့ကြောင့် ပိုထျန်းအင်မော်တယ်ဂိုဏ်းက သူတို့ရှင်းယွင်အင်မော်တယ် နန်းတော်အား လှည့်စားမည်ကို သူလုံးဝ စိတ်မပူခဲ့ပေ။
ထို့နောက်တွင် သူ၏ အကြည့်သည် ကျန်းချန် ဆီသို့ တိုက်ရိုက်ဆိုသလို ကျရောက်သွားခဲ့သည်။
“မင်းက တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်ပဲ.. ငါတို့ ရှင်းယွင်အင်မော်တယ်နန်းတော်ထဲကို ဝင်ဖို့ ဆန္ဒရှိလား”
ရှင်းယွင်အင်မော်တယ်နန်းတော်၏ စကားကို ကြားလျှင် လင်းယန်ချန်း၏ အကြည့်သည်လည်း ကျန်းချန် ဆီသို့ ကျရောက်သွားခဲ့သည်။
ရှင်းယွင်အင်မော်တယ်နန်းတော်သည် ဤဝိရောဓိနယ်မြေတွင် နာမည်ကျော်ကြားသော တလော့အဆင့် အင်အားစု ဖြစ်သည်။
ကျန်းချန်၏ ပါရမီဖြင့်သာဆိုလျှင် ရှင်းယွင်အင်မော်တယ် နန်းတော်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် အလွန် မြင့်မားသော အဆင့်အတန်းကို ရရှိနိုင်လိမ့်မည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည်လည်း ကျန်းချန်ကို အားကိုးကာ ဤဝိရောဓိ နယ်မြေထဲတွင် အခိုင်အမာ ခြေကုပ်ယူနိုင်မည် ဖြစ်သည်။
“ကျွန်တော့်ကို ဖိတ်ခေါ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ရှင်းယွင်အင်မော်တယ်နန်းတော်ထဲ ဝင်ဖို့ အစီအစဥ်မရှိသေးပါဘူး”
ကျန်းချန်က ခေါင်းခါရမ်း၍ ငြင်းပယ်လိုက်သည်။
သူက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် အကြွင်းမဲ့ဓား အင်မော်တယ်နန်းတော် ကဲ့သို့ အင်မော်တယ်ဘုရင်အဆင့် အင်အားစုများကိုပင် ငြင်းပယ်ခဲ့သူ ဖြစ်ရာ ရှင်းယွင်အင်မော်တယ် နန်းတော် ကဲ့သို့ တလော့အဆင့် အင်အားစုလောက်ကို အဘယ်ကြောင့် ဂရုစိုက်ရပါမည်နည်း။
ကျန်းချန်က ငြင်းဆိုလိုက်သည်ကို မြင်လျှင် ရှင်းချီသည် ထိုကိစ္စနှင့် ပတ်သက်၍ အတင်းအကျပ် မတိုက်တွန်းတော့ပေ။
သူက ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
“ငါတို့ ရှင်းယွင်အင်မော်တယ်နန်းတော်ထဲ မဝင်ချင်ရင်လည်း မင်းကို အတင်း မတိုက်တွန်းပါဘူး.. သိပ်မကြာခင်ကပဲ ငါထူးခြားတဲ့ နေရာ တစ်ခုကို ရှာတွေ့ထားတယ်.. အဲဒီနေရာကို အတူတူ စူးစမ်းလေ့လာဖို့ အတွက် ပါရမီရှင်တစ်ယောက် လိုအပ်နေတယ်.. မင်း ငါနဲ့ လိုက်ခဲ့ဖို့ စိတ်ဝင်စားလား”
ကျန်းချန်၏ မျက်ဝန်းများက လှုပ်ခတ်သွားခဲ့ပြီး ရှင်းချီကို ပြန်လည် မေးခွန်းထုတ်လိုက်သည်။
“ရှင်းယွင်အင်မော်တယ်နန်းတော်မှာ ပါရမီရှင်တွေ အမျာအပြား ရှိနေရဲ့သားနဲ့ ဘာလို့ ကျွန်တော့်ကိုမှ ဖိတ်ခေါ်ရတာလဲ”
“မင်းပြောတာမှန်ပါတယ်.. ဒါပေမဲ့ ငါတို့ ရှင်းယွင်အင်မော်တယ်နန်းတော်မှာ ရွှေအင်မော်တယ် ပထမအဆင့်လောက်နဲ့ ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်ကို ယှဥ်တိုက်နိုင်တဲ့ ပါရမီရှင်မျိုးတော့ ရှိမနေဘူးလေ”
ရှင်းချီက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“အဲဒီနေရာက ရှေးခေတ်ကာလက ကောင်းကင်ဧကရာဇ်နန်းတော်လို့ ခေါ်တဲ့ အင်အားစု တစ်စုနဲ့ ဆက်စပ်နေတယ်.. မင်းသာ ငါနဲ့အတူ လိုက်လာခဲ့မယ် ဆိုရင် မမျှော်လင့်ထားတဲ့အကျိုးကျေးဇူးတွေ ရနိုင်လိမ့်မယ်”
ထိုစကားကိုကြားလျှင် ကျန်းချန် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
အကယ်၍ ရှင်းချီ ပြောသည့် နေရာသည် ကောင်းကင်ဧကရာဇ် နန်းတော်နှင့် အမှန်တကယ် ပတ်သက်နေလျှင် သူ့အနေဖြင့် သွားကြည့်ရန် လိုအပ်၏။
ကျန်းချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ရှင်းချီကို ကြည့်ကာ မေးလိုက်သည်။
“ဘယ်တော့သွားမှာလဲ”
“အဲဒီနေရာကို သွားဖို့အတွက် ငါပြင်ဆင်စရာလေးတွေ ရှိသေးတယ်.. နောက်သုံးလကြာရင် ငါမင်းကို လာခေါ်ပ့ါမယ်”
ကျန်းချန် သဘောတူလိုက်သည်ကို မြင်လျှင် ရှင်းချီ၏ မျက်နှာထက်တွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ကောင်းပြီ အဲဒါဆို ကျွန်တော် စောင့်နေမယ်”
ကျန်းချန်က ချက်ချင်းပင် သဘောတူလိုက်သည်။
သူ၏ လက်ရှိစွမ်းအင်ဖြင့် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရလျှင် ပြန်လည် ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ယင်းကြောင့် ထိုနေရာကို ယခုအချိန် သွားရမည် ဆိုလျှင် ကျန်းချန် အနေဖြင့် စဥ်းစားရလိမ့်မည် ဖြစ်သည်။
သို့သော် သုံးလကြာမှ သွားမည် ဆိုလျှင်မူ အခြေအနေက ကွဲပြားသွားခဲ့ပြီ ဖြစ်၏။
ယခုအခါတွင် အချိန်မျှော်စင်၏ ဒုတိယထပ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပြီး ထိုနေရာ၏ အချိန်စီးဆင်းမှုသည် အဆ ၁၀၀ ပိုမို မြန်ဆန်မှုရှိသည်။
အပြင်လောက၏ သုံးလသည် အချိန်မျှော်စင်၏ ဒုတိယထပ်တွင် လပေါင်း သုံးရာနှင့် ညီမျှပြီး နှစ်ပေါင်း နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ရှိသည်။
ရွှေအင်မော်တယ် အဆင့်သည် ကောင်းကင်အင်မော်တယ် အဆင့်ထက် အဆင့်တက်ရန် ဆယ်ဆမက ပိုမို ခက်ခဲသော်လည်း ကျန်းချန်၏ ကျင့်ကြံခြင်း အရှိန်အဟုန်ဖြင့်သာ ဆိုလျှင် အဆင့်နှစ်ဆင့်ခန့် ထိုးဖောက်ရန်မှာ လုံးဝ ပြဿနာမရှိပေ။
ထိုအချိန်သို့ ရောက်လျှင် ရှင်းချီ ထံ၌ ကောက်ကျစ်သောအကြံအစည် ရှိနေခဲ့လျှင်ပင် သူ့ကိုယ်သူ ကာကွယ်ရန် အတွက် ပြဿနာရှိတော့မည် မဟုတ်ချေ။
“ဒါဆိုလည်း ငါတို့ နောက်သုံးလနေရင် တွေ့ကြတာပေါ့”
ရှင်းချီက ပြုံး၍ ပြောလိုက်ပြီးနောက်တွင် ကြယ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ တိုးဝင်ကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
လင်းယန်ချန်းက ပျောက်ကွယ်သွားသော ရှင်းချီကို ငေးကြည့်ရင်း ကျန်းချန်ကို အလေးအနက် ပြောလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. ဒီရှင်းချီ ဆိုတဲ့ လူကို ငါ သိပ်မသင်္ကာဘူး.. မင်းသူနဲ့ ဆက်ဆံရင် အထူးသတိထားပါ”
အခန်း(၂၈၄၂)ပြီး၏။