← Chapters

အခန်း (၂၈၄၃-၂၈၄၄)

Vol. 225 Ch. 2843-2844

အခန်း (၂၈၄၃-၂၈၄၄)

Vol. 225 Ch. 2843-2844

အခန်း(၂၈၄၃)

ကျန်းချန်က စိတ်ထဲတွင် အံ့အားသင့်သွားခဲ့ပြီး လင်းယန်ချန်းကို ကြည့်ကာ မေးလိုက်သည်။

“ဒီလူနဲ့ပတ်သက်ပြီး ဂိုဏ်းချုပ်လင်း ဘယ်လောက်အထိ သိထားလဲ”

“ငါလည်း သူ့အကြောင်းကို သိပ်မသိဘူး.. အခုတစ်ခေါက် ရှင်းယွင်အင်‌မော်တယ်နန်းတော်ကို သွားမှပဲ သူနဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ”

လင်းယန်ချန်းက ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ ဒီလူ့ဆီမှာ ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတယ်လို့ ငါခံစားမိနေတယ်”

ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။

“ဘာကိုဆိုလိုတာလဲ ခေါင်းဆောင်လင်း”

“တလော့ဓမ္မခန္ဓာကိုယ် ဆိုတာက အရင်းအနှီးတစ်ခုခု ပေးဆပ်ပြီးမှ တလော့အင်မော်တယ်ရဲ့ စိတ်ဝိညာဥ်စွမ်းအားနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ စွမ်းအားတစ်မျိုးပဲ.. တကယ်လို့ တလော့ဓမ္မာခန္ဓာကိုယ်မှာ ထိခိုက် ဒဏ်ရာရသွားရင် ဖန်တီးသူရဲ့ခန္ဓာကိုယ်မှာလည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်.. ဒါကြောင့် ယေဘုယျအားဖြင့် ပြောရရင် တလော့အင်‌မော်တယ်တွေက သူတို့ရဲ့ ဓမ္မခန္ဓာကိုယ်ကို တခြားသူတွေရဲ့ လက်ထဲ အလွယ်တကူ ပေးအပ်လေ့မရှိဘူး"

"သူတို့ရဲ့တိုက်ရိုက်တပည့် ဒါမှမဟုတ် သွေးသားအရင်းအချာတွေလောက်ကိုပဲ ပေးအပ်လေ့ရှိတယ်.. ငါသိသလောက်‌တော့ ရှင်းချီက ရှင်းယွင်အင်‌မော်တယ် နန်းတော်မှာ သာမန် အကြီးအကဲ တစ်ယောက်ပဲ.. ရှင်းယွင်အင်‌မော်တယ် နန်းတော်ကနေ တလော့ဓမ္မခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပဲ”

လင်းယန်ချန်းက ဘာမှ ဖုံးကွယ်မထားဘဲ သူ၏ တွေးဆချက်အားလုံးကို ကျန်းချန်အား ပြောပြလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။

“ရှင်းချီရဲ့ နောက်ကွယ်မှာ ရှင်းယွင်အင်‌မော်တယ် နန်းတော်က တလော့အင်မော်တယ် မဟုတ်ဘဲ တခြား တလော့ အင်မော်တယ် တစ်ပါး ရှိနေနိုင်တယ်လို့ ဂိုဏ်းချုပ်လင်း ဆိုလိုချင်တယ်လား”

တလော့ဓမ္မခန္ဓာကိုယ် ဆိုသည်မှာ သက်ရှိ ထင်ရှားရှိနေဆဲ ဖြစ်သည့် တလော့အင်မော်တယ်များသာ ဖန်တီးနိုင်သည့် အရာမျိုး ဖြစ်သည်။

ထို့ကြောင့် ရှင်းချီ၏ နောက်ကွယ်တွင် တလော့အင်မော်တယ် တစ်ပါး ရှိနေနိုင်ခြေ အလွန်များနေခဲ့သည်။

“ဟုတ်တယ်”

လင်းယန်ချန်းက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ငါရှင်းယွင်အင်‌မော်တယ်နန်းတော်က တလော့ အင်မော်တယ်ကို မြင်ဖူးတယ်.. စောစောက ဓမ္မခန္ဓာကိုယ်ကနေ ထုတ်ဖော်လိုက်တဲ့ အရှိန်အဝါက ရှင်းယွင်အင်မော်တယ် နန်းတော်က တလော့ အင်မော်တယ် အရှိန်အဝါနဲ့ လုံးဝ ကွဲပြားနေတယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ စိတ်ထဲတွင် အနည်းငယ် လေးလံသွားခဲ့ပြီး ရှင်းချီ အပေါ်၌ ပို၍ပင် သတိထားရလိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် ရှင်းချီထံ၌ မကောင်းသော ရည်ရွယ်ချက်များ ရှိနေနိုင်သည်ဟု ခံစားနေရသော်လည်း ကျန်းချန်သည် ရှင်းချီ ပြောသည့်နေရာသို့ သွားကြည့်ရန် ဆုံးဖြတ်ထားဆဲ ဖြစ်သည်။

“ဝုန်း..”

ကျန်းချန်နှင့် လင်းယန်ချန်းတို့ စကားပြောဆိုနေစဥ်မှာပင် အောက်ဘက်ရှိ အင်‌မော်တယ် သတ္တုတွင်းထဲကနေ ကြောက်မက်ဖွယ်ရာကောင်းသော ဓားဆန္ဒ တစ်ခုသည် ကောင်းကင်ယံသို့ ရုတ်တရက် ထိုးတက်လာခဲ့သည်။

ကျန်းချန်တို့ နှစ်ဦး ပင်လျှင် ထိုဓားဆန္ဒ၏ တုန်လှုပ်ဖွယ်အရှိန်အဝါကို ခံစားမိလိုက်၏။

လင်းယန်ချန်က ရုတ်တရက် ထိတ်လန့်ကာ ပြောလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ.. အင်မော်တယ်သတ္တုတွင်းထဲမှာ ဘယ်လိုဖြစ်ပြီး ဒီလောက်ကြောက်ဖို့ ကောင်းတဲ့ ဓားဆန္ဒ ရှိနေရတာလဲ”

“အင်‌မော်တယ်သတ္တုတွင်းထဲမှာ တစ်ခုခု ထူးခြားတာ ဖြစ်နေပြီ.. သွားကြစို့”

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် အောက်ဘက်ရှိ အင်‌မော်တယ် သတ္တုတွင်း ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

သူတို့ နှစ်ဦးက သတ္တုတွင်း၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ အလျင်အမြန် သွားလိုက်ကြသည်။

ထိုအခါ သူတို့ရှေ့တွင် ဖြစ်ပျက်နေသော အခြေအနေအား မြင်လိုက်ရလျှင် အလွန်အမင်း အံ့အားသင့်သွားပြီး တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ဤအင်မော်တယ် သတ္တုကြောထဲတွင် ဆန်းကြယ်သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ချိတ်ပိတ်ခံထားရပြီး ထိုပုဂ္ဂိုလ်၏ လက်ထဲတွင် အင်‌မော်တယ်ကျောက်တုံး အရင်းအမြစ် ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

အင်‌မော်တယ် သတ္တုတွင်း ပေါ်ပေါက်လာခြင်းသည်ပင် ထိုအစွမ်းထက် ပုဂ္ဂိုလ်၏ လက်ထဲမှ အင်‌မော်တယ်ကျောက်တုံး အရင်းအမြစ်ကြောင့် ဖြစ်မှန်း သိသာနေခဲ့သည်။

လင်းယန်ချန်းက ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားခဲ့ပြီး ရှင်းယွင်အင်‌မော်တယ် နန်းတော်ကို အင်မော်တယ် ကျောက်တုံးသုံးသန်း ပေးလိုက်ရ၍ စိတ်ပျက်နေမှုများက တစ်ခဏအတွင်း လွင့်စင်သွားခဲ့သည်။

အင်‌မော်တယ်‌ကျောက်တုံး အရင်းအမြစ်သာ ရှိလျှင် ပိုထျန်းအင်‌မော်တယ်ဂိုဏ်း အနေဖြင့် မကုန်မခန်း နိုင်သော အင်‌မော်တယ်ကျောက်တုံးများကို ရရှိနိုင်ပေလိမ့်မည် မဟုတ်ပါလား။

ရှင်းယွင်အင်‌မော်တယ်နန်းတော်က အင်မော်တယ် ကျောက်တုံး အားလုံးကို ယူသွားလျှင်ပင် သူတို့ ပိုထျန်းအင်‌မော်တယ်ဂိုဏ်း အနေဖြင့် အဆမတန် အကျိုးအမြတ် ရရှိနေဦးမည်သာ ဖြစ်သည်။

လင်းယန်ချန်းသည် စိတ်လှုပ်ရှားနေသလို တစ်ဖက်တွင်လည်း ကံကောင်းသည်ဟု မှတ်ယူနေမိသည်။

ရှင်းချီသည် အင်‌မော်တယ်သတ္တုတွင်းထဲ အထိ ဝင်ရောက်မစစ်ဆေးခဲ့သည်မှာ တော်သေး၏။

သို့မဟုတ်လျှင် အင်‌မော်တယ်ကျောက်တုံး အရင်းအမြစ်သည်ပင် ရှင်းယွင်အင်‌မော်တယ် နန်းတော်၏ လက်ထဲသို့ ကျရောက်သွားနိုင်ခြေ ရှိနေခဲ့သည်။

“ဂိုဏ်းချုပ်နဲ့ မိတ်ဆွေလေးကျန်းချန်...ဒီဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ရဲ့ လက်ထဲက ဓားကျိုးက သိပ်ကို အစွမ်းထက်လွန်းတယ်.. ပိုထျန်းအင်‌မော်တယ်ဂိုဏ်းက တပည့်နှစ်ယောက်က ဒီအင်မော်တယ်သတ္တုကြောကို တူးနေတုန်းမှာ ဒီဓားကျိုးဆီက ထွက်လာတဲ့ ဓားဆန္ဒ အရှိန်အဝါကြောင့် အသတ်ခံလိုက်ရတယ်”

လင်းကျုံးက အင်‌မော်တယ်သတ္တုကြော ထဲရှိ ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်ကို ကြည့်ရင်း လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ငါစမ်းကြည့်မယ်”

လင်းယန်ချန်းက ပြောပြောဆိုဆိုဖြင့် ဆန်းကြယ်သောပုဂ္ဂိုလ်ရှိရာသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားခဲ့သည်။

သို့သော်လည်း ဆန်းကြယ်သောပုဂ္ဂိုလ်၏ နံဘေးသို့ ရောက်ခါနီးမှာပင် ထိုပုဂ္ဂိုလ်၏ လက်ထဲမှ ဓားကျိုးသည် အနည်းငယ် တုန်ခါသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် လင်းယန်ချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရသကဲ့သို့ အပြင်းအထန် တုန်ယင်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ နောက်သို့ ခြေဆယ်လှမ်းမက ဆုတ်လိုက်ရပြီး ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ ဓားကျိုးလဲ.. ဒီဓားကျိုးက အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့် လက်နက် တစ်ခုပဲ ဖြစ်မယ်”

လင်းယန်ချန်းက သူ၏ ခန္ဓာကိုယ်အတွင်းရှိ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်ရင်း အထိတ်တလန့် ရေရွတ်လိုက်သည်။

လင်းကျုံးက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“ဒါဆို အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ ဂိုဏ်းချုပ်”

ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်ဖြစ်သော လင်းယန်ချန်းပင်လျှင် အနားမကပ်နိုင်လျှင် သူတို့ အနေဖြင့် အင်‌မော်တယ်ကျောက်တုံး အရင်းအမြစ်ကို မည်ကဲ့သို့ ရယူရပါမည်နည်း။

အင်‌မော်တယ်ကျောက်တုံး အရင်းအမြစ်သည် ဤနေရာတွင် အင်‌မော်တယ်ကျောက်တုံးများကို အဆက်မပြတ် ထုတ်လုပ်ပေးနေမည် ဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် ဤနေရာကို အင်အားစု တစ်စုထက်မက သိရှိသွားကြပြီ ဖြစ်သည်။

အင်‌မော်တယ် ကျောက်တုံး သတ္တုတွင်းကနေ မကုန်မခန်းနိုင်သော အင်‌မော်တယ် ကျောက်တုံးများ ထွက်ရှိနေသည်ကို သိရှိသွားလျှင် သံသယ ဖြစ်လာပြီး အင်‌မော်တယ်ကျောက်တုံး အရင်းအမြစ် ရှိနေခြင်းမှာလည်း ဖော်ထုတ်ခံရနိုင်မည့်အန္တရာယ် ရှိလာနိုင်သည်။

“ကောင်လေး.. အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လှုံ့ဆော်လိုက်ရင် ဒီဓားကျိုးကို လွှမ်းမိုးနိုင်လိမ့်မယ်.. အဲဒါဆို ဒီဓားကျိုးက မင်းကို အန္တရာယ်မပေးနိုင်တော့ဘူး”

ထိုအခိုက်အတန့်တွင် အင်‌မော်တယ် ကျောက်တိုင်၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“စီနီယာ.. ဒီဆန်းကြယ်တဲ့ပုဂ္ဂိုလ်ရဲ့ နောက်ခံကို သိလား”

ကျန်းချန်က စိတ်လှုပ်ရှားလာခဲ့သည်။

သူ့ရှေ့မှ ဆန်းကြယ်သော ပုဂ္ဂိုလ်သည် သူ့ကို အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် လက်ဆင့်ကမ်းပေးခဲ့သည့် အစွမ်းထက်ပုဂ္ဂိုလ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှုများ ရှိနေနိုင်ပါသလော။

“ငါမသိဘူး”

အင်‌မော်တယ်ကျောက်တိုင်က ခပ်တိုးတိုး ပြောလိုက်သည်။

“ဒါပေမဲ့ ဒီလူ့လက်ထဲက ဓားကျိုးကတော့ မင်းကို အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် သင်ပေးခဲ့တဲ့ ပုဂ္ဂိလ်နဲ့ တကယ်ကို ပတ်သက်မှု ရှိနေတယ်.. ဒီဓားကျိုးကို အရင်သိမ်းထားလိုက်ပါ.. နောက်ပိုင်းကျရင် အသုံးဝင်လာပါလိမ့်မယ်”

ထိုစကားကို ကြားလျှင် ကျန်းချန်သည် ဆက်လက် မမေးမြန်းတော့ဘဲ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လှုံ့ဆော်ကာ ဆန်းကြယ်သောပုဂ္ဂိုလ် ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်သည် ထိုဆန်းကြယ်သောပုဂ္ဂိုလ်နှင့် မီတာအနည်းငယ်အကွာသို့ ရောက်ရှိလာခဲ့၏။

ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နဂိုအတိုင်း ရှိနေခဲ့ပြီး ခန္ဓာကိုယ် ပေါ်တွင် ခြစ်ရာ အနည်းငယ်မျှပင် ရှာမတွေ့ပေ။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ် ခရစ္စတယ် သည်ပင် ပျက်စီးခြင်း မရှိဘဲ ခန္ဓာကိုယ် တစ်ခုလုံးက အိပ်စက်နေသကဲ့သို့ ရှိနေခဲ့သည်။

“ဒီလူက အသက်ရှင်နေသေးတာတော့ မဟုတ်ဘူးမလား”

ဆန်းကြယ်သော ပုဂ္ဂိုလ်ကို အသေအချာ အကဲခတ်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာ တစ်ခု ယှက်သန်းသွားခဲ့သည်။

အင်‌မော်တယ်လောကမှ အင်‌မော်တယ်များသည် ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ် ခရစ္စတယ် မပျက်စီးသရွေ့ ထာဝရအသက်ရှင်နိုင်သည် မဟုတ်ပါလော။

သူ့ရှေ့မှ ဆန်းကြယ်သော ပုဂ္ဂိုလ်သည် အင်‌မော်တယ်ကျောက်ကြော ထဲတွင် နှစ်ပေါင်းမည်မျှ တည်ရှိခဲ့မှန်း သူ မသိသော်လည်း ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ် ခရစ္စတယ်ကမူ နဂိုအတိုင်းရှိနေဆဲ ဖြစ်သည်။

သို့ဆိုလျှင် ထိုပုဂ္ဂိုလ်သည် အမှန်တကယ် အသက်ရှင်နေသေးပါသလော။

“မစိုးရိမ်ပါနဲ့.. သူက သေတာမှ နှစ်ကာလကြာမြင့်နေပါပြီ.. အင်မော်တယ်တစ်ပါးက အင်‌မော်တယ်ခရစ္စတယ် မပျက်စီးသရွေ့ ထာဝရရှင်သန်နိုင်တယ် ဆိုတာက သူ့ရဲ့ အင်‌မော်တယ်ဝိညာဥ်နဲ့ အင်‌မော်တယ်ခရစ္စတယ် ပေါင်းစပ်သွားလို့ပဲ.. ဒီပုဂ္ဂိုလ်က ဘာဒဏ်ရာမှ မရှိဘဲ အိပ်ပျော်နေသလို ဖြစ်နေရတာက သူ့ရဲ့ အင်‌မော်တယ်ခရစ္စတယ်ထဲမှာ ရှိတဲ့ အင်‌မော်တယ်ဝိညာဥ်က ချေမှုန်းခံလိုက်ရလို့ပဲ.. အင်‌မော်တယ်ဘုရင်တစ်ပါးရဲ့ အင်‌မော်တယ်ဝိညာဥ်ကို ဒီလောက်အထိ အလွယ်တကူ ချေမှုန်းပစ်နိုင်ပုံ ထောက်ရင် ဒီလူက သာမန်ပုဂ္ဂိုလ်တော့ မဟုတ်လောက်ဘူး”

အင်‌မော်တယ်ကျောက်တိုင်၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိက်မိလိုက်သည်။

သူ့ရှေ့မှ ဆန်းကြယ်သောပုဂ္ဂိုလ်သည် အသက်ရှင်စဥ်အခါက အလွန်အမင်း အစွမ်းထက်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း အင်‌မော်တယ်ဘုရင် တစ်ပါး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်ကို ပို၍ အံ့ဩထိတ်လန့်သွားစေသည်မှာ အင်‌မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ အင်မော်တယ်ဝိညာဥ်ကိုပင် အလွယ်တကူ ချေမှုန်းပစ်နိုင်ခြင်း ဖြစ်သည်။

ထိုအချက်အလက်ကို‌ ထောက်လျှင် ဤပုဂ္ဂိုလ်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်ခဲ့ရမှန်း စိတ်ကူး၍ပင် မရနိုင်တော့ပေ။

အခန်း(၂၈၄၃)ပြီး၏။

အခန်း(၂၈၄၄)

ကျန်းချန်က ‌ခေါင်းခါရမ်းလိုက်သည်။

သူက အတွေးများကို ရှင်းထုတ်လိုက်ပြီး အသက်ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်ကာ ထိုဆန်းကြယ်သော ပုဂ္ဂိုလ် ရှိရာဆီသို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

ထိုပုဂ္ဂိုလ်၏ နံဘေးသို့ ကျန်းချန် ရောက်ရှိသွားသည်ကို မြင်လျှင် လင်းယန်ချန်းနှင့် အခြားသူများ၏ အကြည့်က ကျန်းချန် ထံသို့ စုပြုံ၍ ကျရောက်လာခဲ့သည်။

သို့သော်လည်း ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်သည် သူတို့ မျှော်လင့်ထားသကဲ့သို့ ဓားကျိုး၏ တိုက်ခိုက်ခြင်းကို မခံရဘဲ ဓားကျိုးကို လက်ထဲ၌ အသာအယာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လင်းယန်ချန်းတို့ လူစုက တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး သူတို့၏ မျက်လုံးများကိုပင် ကိုယ်တိုင် မယုံကြည်နိုင်လောက်သည် အထိ ဖြစ်သွားခဲ့သည်။

ဓားကျိုးထဲတွင် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများ ကိန်းအောင်းနေသည်ကို အစောပိုင်းကပင် လင်းယန်ချန်းသည် ကောင်းစွာ သိမြင်ခဲ့ပြီးပြီဖြစ်သည်။

တလော့အင်မော်တယ် တစ်ဦး ပင်လျှင် ထိုဓားကျိုး၏ စွမ်းအားကို အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ကျန်းချန်ကမူ ဓားကျိုးကို မည်သည့် အားစိုက်ထုတ်မှုမျှ မလိုအပ်ဘဲ အသာလေး ယူဆောင်သွားနိုင်ခဲ့သည်။

လင်းယန်ချန်းက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်လိုက်မိသည်။

ဤလူငယ်၏ နောက်ခံသည် သူထင်ထားသည်ထက်ပင် ပို၍ နက်ရှိုင်းပုံရ၏။

ကျန်းချန်က သူ၏လက်ထဲတွင် ဆန်းကြယ်သော ဓားကျိုးကို ကိုင်ထားရင်း ဤဆန်းကြယ်သော ဓားကျိုးနှင့် သူကျင့်ကြံထားသည့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်တို့ အကြားတွင် ဖော်ပြ၍ မရနိုင်သည့် ပတ်သက်ဆက်နွှယ်မှု တစ်ခု ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

အကယ်၍ သူသာ ဤဓားကျိုးကို အသုံးပြုပြီး အပြာရောင်ဧကရာဇ်ဓားသိုင်းကို ထုတ်‌ဖော်လိုက်မည် ဆိုလျှင် ဓားသိုင်း၏ စွမ်းအားကို ပိုမို မြင့်မားသော အဆင့် တစ်ဆင့် အထိ သေချာပေါက် မြှင့်တင်ပေးနိုင်လိမ့်မည်ဟု သူ ခံစားမိနေခဲ့၏။

ကျန်းချန်က ချက်ချင်းဆိုသလိုပင် သိချင်စိတ် ပြင်းပြလာခဲ့သည်။

ဤဆန်းကြယ်သော ဓားကျိုးနှင့် သူ့ကို အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ် လက်ဆင့်ကမ်းပေးခဲ့သော ပုဂ္ဂိုလ်တို့ အကြားတွင် မည်သို့သော ပတ်သက်မှု ရှိနေပါသနည်း။

သို့သော်လည်း သူမေးမြန်းရန် ပြင်လိုက်စဥ်မှာပင် အင်မော်တယ်ကျောက်တိုင်ထံမှ စကားသံက ထွက်ပေါ်လာခဲ့သည်။

“အများကြီးမမေးနဲ့ဦး.. အခုအချိန်မှာ မင်းရဲ့ခွန်အားကို အရင်မြှင့်တင်ဖို့ပဲ ကြိုးစားသင့်တယ်.. သိသင့်သိထိုက်တဲ့ အချိန်ရောက်ရင် မင်းအလိုလို သိလာပါလိမ့်မယ်”

ကျန်းချန်က အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို အင်မော်တယ်ကျောက်တုံး အရင်းအမြစ်ကို ယူလိုက်ပြီး ဓားကျိုးနှင့် ဆန်းကြယ်သော ပုဂ္ဂိုလ်၏ ရုပ်အလောင်းကိုမူ သိမ်းဆည်းလိုက်သည်။

အင်မော်တယ်တစ်ပါး၏ ရုပ်အလောင်းသည် သူ့အတွက် အသုံးဝင်ကောင်း ဝင်လာနိုင်သည် မဟုတ်ပါလား။

အင်မော်တယ်ဘုရင်အဆင့် ရုပ်အလောင်းကို သိမ်းဆည်းပြီးနောက်တွင် ကျန်းချန်သည် လှည့်ပြန်လာခဲ့ပြီး လင်းယန်ချန်း၏ ရှေ့သို့ လျှောက်လာခဲ့ကာ အင်မော်တယ်သတ္တု အရင်းအမြစ်ကို ပစ်ပေးလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. ပိုထျန်း အင်မော်တယ်ဂိုဏ်းအပေါ်ထားတဲ့ မင်းရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး”

အင်မော်တယ်ကျောက်တုံး အရင်းအမြစ်ကို ဖမ်းယူလိုက်ပြီးနောက်တွင် လင်းယန်ချန်း၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

ဤ အင်မော်တယ်ကျောက်တုံး အရင်းအမြစ် ရှိနေသ‌‌ရွေ့ သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ်ကျောက်တုံးများ အဆက်မပြတ် ထွက်ရှိနေမည့် အင်မော်တယ်သတ္တုကြောများကို ဖန်တီးနိုင်မည် ဖြစ်သည်။

ထိုအတိုင်းသာဆိုလျှင် ပိုထျန်း အင်မော်တယ်ဂိုဏ်းသည် သေချာပေါက် လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာလိမ့်မည် ဖြစ်၏။

သူတို့အနေဖြင့် ရွှေအင်မော်တယ်အဆင့် အင်အားစု အဆင့်ကို ကျော်လွန်ပြီး တလော့အဆင့်အထိ တက်လှမ်းနိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သည်ဟု ဆို၍ မရတော့ပေ။

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“အားနာနေစရာမလိုပါဘူး.. ကျွန်တော်လည်း ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တလော့အင်အားစု တစ်စု အဖြစ်နဲ့ အမြန်ဆုံး မြင်ချင်ပါတယ်”

အကယ်၍ ပိုထျန်းအင်မော်တယ်ဂိုဏ်းသာ တလော့အဆင့် အင်အားစု တစ်စု ဖြစ်လာခဲ့လျှင် လင်းရှီယောင်၏ ဆန္ဒကို ဖြည့်ဆည်းရန်အတွက် သူ့အနေဖြင့် ပို၍ လွယ်ကူသွားမည်ဖြစ်သည်။

အင်မော်တယ် သတ္တုတွင်း ကိစ္စကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် အချိန်ဖြုန်းမနေတော့ဘဲ ဆက်လက် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

သုံးလ ကြာပြီးနောက်တွင် ရှင်းချီသည် ရတနာမြေတစ်ခုအား ရှာဖွေရန် သူ့ထံသို့ ရောက်လာလိမ့်မည် ဖြစ်သည်။

ရှင်းချီ ဆိုသူက အလွန်ပင် ဆန်းကြယ်ပြီး သူ့ကို အတူလေ့လာရန် ဖိတ်ခေါ်ခြင်းမှာ ကောင်းမွန်သော ရည်ရွယ်ချက် ရှိချင်မှသာ ရှိပေလိမ့်မည်။

ထို့ကြောင့် သူက ဤသုံးလအတွင်း သူ၏ ခွန်အားကို ဖြစ်နိုင်သမျှ မြှင့်တင်ရလိမ့်မည် ဖြစ်သည်။

သို့မှသာ ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာလိမ့်မည် မဟုတ်ပါလော။

သုံးလဆိုသည်မှာ သာမန် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် ဆိုလျှင် ကြီးမားသော အခွင့်အလမ်း တစ်စုံတစ်ရာ မရှိဘဲ တိုးတက်မှုရရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။

သို့သော်လည်း ကျန်းချန်တွင်မူ အချိန်မျှော်စင် ရှိနေခဲ့သည်။

လက်ရှိအချိန်တွင် သူက အချိန်စီးဆင်းမှု အဆ ၁၀၀ မြန်ဆန်သည့် အချိန်မျှော်စင်၏ ဒုတိယထပ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။

ပြင်ပကမ္ဘာတွင် သုံးလသည် အချိန်မျှော်စင်ထဲတွင် နှစ်ပေါင်း နှစ်ဆယ်ကျော် ကျင့်ကြံခြင်းနှင့် ညီမျှသည်ဟု ဆိုနိုင်သည်။

စနစ်၏ အဆ ၁၀၀ အတွေ့အကြုံနှင့် ပေါင်းစပ်လိုက်လျှင် လက်ရှိ ကျင့်ကြံမှုအဆင့်ကို အဆင့်နှစ်ဆင့် သုံးဆင့်ခန့် မြှင့်တင်ရန်မှာ မခက်ခဲပေ။

သူသာ ရွှေအင်မော်တယ် တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့လျှင် ရှင်းချီ အနေဖြင့် တလော့ဓမ္မခန္ဓာကိုယ်ကို အသုံးမပြုသရွေ့ သူ့ကို အနည်းငယ်မျှ ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။

-------------------

ဝိရောဓိနယ်မြေ၏ အစွန်ဆုံးရှိ မြောက်ဘက်အရပ်သည် အလွန်တရာ ကျယ်ပြောသည့် အဆုံးမဲ့ ရေခဲပြင်ကြီး ဖြစ်၏။

ထိုနေရာ၏ အပူချိန်က အနှုတ်လေးဆယ် ဒီဂရီအောက်တွင် ရှိ၍ အလွန်အမင်း အေးစိမ့်သည်။

ရေခဲပြင်၏ အလယ်ဗဟိုရှိ ကြီးမားသော ရေခဲတောင်တန်းတစ်ခု ပေါ်တွင် အဘိုးအိုတစ်ဦး ထိုင်နေခဲ့သည်။

ထိုအဘိုးအိုသည် ဆံပင်များ ဖွေးဖွေးလှုပ် ဖြူနေသော်လည်း အသွင်အပြင်ကမူ အလွန်ပင် နုပျိုနေပြီး မျက်နှာတွင် အရေးအကြောင်း တစ်ခုမျှ မရှိပေ။

သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေခဲ့၏။

အဘိုးအိုက ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေသည်မှာ ရှေးခေတ်ကာလက ရေခဲတောင်ပေါ်တွင် တည်ရှိနေသည့် ရေခဲရုပ်ထုကြီး တစ်ခု အလားပင် ဖြစ်နေခဲ့သည်။

အဘိုးအို၏ ရှေ့ရှိ ထူထဲသော ရေခဲပြင်ပေါ်၌ လက်မအရွယ်အစားခန့် ရှိသည့် အပေါက် တစ်ပေါက် ဖောက်ထားပြီး ထိုအဘိုးအိုက ထိုအပေါက်လေးထဲကနေ ငါးမျှားနေခြင်း ဖြစ်သည်။

သို့သော်လည်း အဘိုးအို၏ ငါးမြှားပုံက အလွန်ပင် ထူးဆန်း၏။

သူ၏ လက်ထဲတွင် ငါးမြှားတံ သို့မဟုတ် ကြိုးတစ်ခုမျှ မရှိဘဲ လက်ဖဝါး တစ်ဖက်ကို မြှောက်ထားရုံသာ ဖြစ်သည်။

အသေအချာကြည့်လျှင် သူ၏ လက်ဖဝါးကနေ ဖြူဖွေးသော ပိုးမျှင် တစ်မျှင် ထွက်ပေါ်နေခဲ့ပြီး အောက်ခြေ မမြင်ရသည့် ရေခဲတွင်း ထဲသို့ ဆန့်ထွက်နေခြင်း ဖြစ်၏။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရ‌ပေ။

အဖြူရောင်ဝတ်စုံဝတ် အဘိုးအို၏ မှိတ်ထားသော မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ထိုးဖောက်သွားနိုင်လောက်သည့် ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို မိုင်ပေါင်းထောင်ချီကျယ်ဝန်းသော ရေခဲပြင်ကြီးသည် တစ်ခဏအတွင်း အရေပျော်သွားခဲ့ပြီး ကျယ်ပြောသော သမုဒ္ဒရာကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သို့သော် နောက်ထပ် တစ်စက္ကန့်မှာပင် ထိုကျယ်ပြောသော သမုဒ္ဒရာကြီးသည် ပြန်လည် ခဲသွားခဲ့ပြီး မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော ရေခဲမြစ်ကြီး အဖြစ် တစ်ဖန် ပြောင်းလဲသွားခဲ့သည်။

“ဟားဟား ကမ္ဘာလောကကြီးရဲ့ စွမ်းအားကို ငါထိန်းချုပ်နိုင်ပြီ.. ဒီအဆင့်ကို ငါ နားလည်သဘောပေါက်ဖို့ နှစ်ပေါင်းကိုးထောင် ကြာအောင် ကြိုးစားခဲ့ရတယ်.. နောက်ဆုံးတော့ တလော့ အင်မော်တယ် တစ်ပါး ဖြစ်လာခဲ့ပြီ”

အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုက မတ်တတ် ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ဝင့်ကြွားစွာ ရယ်မောလိုက်သည်။

ရေခဲပြင်ကြီးပေါ်တွင် သူ၏ ရယ်မောသံက ကျယ်လောင်စွာ ပဲ့တင်ထပ်နေခဲ့၏။

အကယ်၍ အဘိုးအို ပြောလိုက်သော စကားကိုသာ လင်းယန်ချန်းတို့ ကြားလိုက်ရလျှင် သေချာပေါက် ထိတ်လန့်သွားလိမ့်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအဖြူရောင်ဝတ်စုံဝတ် အဘိုးအိုသည် စန်းရှန်အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း စန်းမင်ဟဲမှ လွဲ၍ တခြားသူ မဟုတ်သောကြောင့်ပင်။

စန်းမင်ဟဲ တစ်ယောက် သူ့ကိုယ်သူ အလွန် ဂုဏ်ယူနေစဥ်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး မျက်နှာပေါ်ရှိ အပြုံးများက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

သူက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ကျောက်စိမ်းတံဆိပ်ပြား တစ်ခုက သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

ထိုကျောက်စိမ်းတံဆိပ်ပြား ပေါ်၌ အက်ကြောင်းများကို မြင်လိုက်ရလျှင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် လူသတ်ငွေ့များ ဖုံးလွှမ်းသွားခဲ့၏။

"ငါ့သားကို ဘယ်သူ သတ်လိုက်တာလဲ”

အေးစက်စက် ကြုံးဝါးသံ တစ်သံက စန်းမင်ဟဲ၏ နှုတ်ကနေ ထွက်ပေါ်လာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းကိုးထောင်ခန့်က သူ၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်တွင် ပိတ်မိနေခဲ့သဖြင့် ဂိုဏ်းချုပ်ရာထူးကို သားဖြစ်သူထံ လွှဲပြောင်းပေးခဲ့ပြီး သူကမူ တလော့အဆင့်ကို တက်လှမ်းနိုင်မည့် အခွင့်အလမ်းအား ရှာဖွေရန်အတွက် ဂိုဏ်းကနေ ထွက်ခွာလာခဲ့သည်။

သူက အခွင့်အလမ်းကို လိုက်လံရှာဖွေရင်း ဤရေခဲပြင်တွင် အခွင့်အလမ်း တစ်ခုကို ရရှိခဲ့ပြီး အဆုံးသတ်၌ တလော့ စွမ်းအားကို နားလည် သဘောပေါက်သွားခဲ့ပြီး တလော့အင်မော်တယ် တစ်ပိုင်း အဆင့်ကို ရောက်ရှိသွားခဲ့သည်။

သူက ရေခဲပြင်ကြီးမှာပင် အပြင်းအထန် ဆက်လက်အားထုတ်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ခန့်တွင် သူ၏ ခန္ဓာကိုယ် အတွင်းရှိ တလော့စွမ်းအားများကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ကာ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိခဲ့သည်။

သို့သော်လည်း စစ်မှန်သော တလော့အင်မော်တယ် တစ်ပါး အဖြစ်သို့ မရောက်ရှိနိုင်သေးပေ။

အဘယ်ကြောင့်ဆိုသော် တလော့အင်မော်တယ် တစ်ပါး ဖြစ်လာရန် အတွက် တလော့စွမ်းအား ပြီးပြည့်စုံရမည်သာမက အင်မော်တယ် ဥပ‌ဒေသကိုပါ နားလည်သဘောပေါက်ရန်နှင့် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းအားကို နားလည်ရန် လိုအပ်သောကြောင့်ပင်။

နှစ်ပေါင်း သုံးထောင်ကြာပြီးနောက်တွင် စန်းမင်ဟဲသည် အဆုံးသတ်၌ ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သည့် အင်မော်တယ်စွမ်းအားကို နားလည် သဘောပေါက်သွားခဲ့ပြီး စစ်မှန်သော တလော့အင်မော်တယ် တစ်ပါး အဖြစ် နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။

သို့သော်လည်း တလော့အင်မော်တယ် အဆင့်သို့ အဆင့်ထိုးဖောက်ပြီးကာစ အချိန်မှာပင် သူ၏ သားဖြစ်သူ ကျဆုံးသွားသည့်သတင်းကို သိလိုက်ရသည်ဖြစ်ရာ စန်းမင်ဟဲ အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

“ငါ့သားကို သတ်ဝံ့တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ငါစန်းမင်ဟဲက ကြီးမားတဲ့ အဖိုးအခ သေချာပေါက် ပေးဆပ်စေမယ်”

စန်းမင်ဟဲက အေးစက်စက် ကြုံးဝါးလိုက်သည်။

ယင်းနောက်တွင်မူ သူ၏ ပုံရိပ်သည် နေရာကနေ ပျောက်ကွယ်သွားခဲ့၏။

အခန်း(၂၈၄၄)ပြီး၏။

All Chapters