← Chapters

အခန်း (၂၈၄၅-၂၈၄၆)

Vol. 225 Ch. 2845-2846

အခန်း (၂၈၄၅-၂၈၄၆)

Vol. 225 Ch. 2845-2846

အခန်း(၂၈၄၅)

ကျန်းချန်က အင်မော်တယ် သတ္တုတွင်း ကိစ္စကို ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင် ပိုထျန်း အင်မော်တယ်ဂိုဏ်းသို့ ပြန်လာခဲ့ပြီး တံခါးပိတ် ကျင့်ကြံမှုကို စတင်ခဲ့သည်။

သုံးလဟူသော အချိန်ကာလသည် အလွန်လျင်မြန်စွာပင် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။

လွန်ခဲ့သည့် သုံးလအတွင်း ကျန်းချန်သည် အချိန်မျှော်စင်၏ ဒုတိယထပ်တွင် တစ်ခဏမျှ မရပ်မနားဘဲ အပတ်တကုတ် ကျင့်ကြံ အားထုတ်ခဲ့သည်။

ပြင်ပကမ္ဘာတွင် သုံးလသာ ရှိသေးသော်လည်း အချိန်မျှော်စင်၏ ဒုတိယထပ်တွင်မူ နှစ်ပေါင်း နှစ့်ဆယ့်ငါးနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူက နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ် အတွင်း မရေမတွက်နိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို သုံးစွဲခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အဆင့်နှစ်ဆင့် အထိ ထပ်မံ ချိုးဖြတ်နိုင်ခဲ့သည်။

“ရွှေအင်မော်တယ် အဆင့်က ကောင်းကင်အင်မော်တယ် အဆင့်ထက် ကျင့်ကြံရတာ ဆယ်ဆမက ပိုမိုခက်ခဲတာပဲ.. ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် ကျင့်ကြံမှုမှာ ရွှေအင်မော်တယ် တတိယအဆင့် အထွတ်အထိပ်ထိ ထိုးဖောက်နိုင်ခဲ့တယ်ဆိုတော့ မဆိုးဘူးလို့ ပြောရမယ်”

ကျန်းချန်က မျက်လုံးများကို ဖွင့်လိုက်ပြီးနောက်တွင် သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ဤတစ်ကြိမ် ကျင့်ကြံမှုတွင် သူမျှော်လင့်ထားသည်ထက် အနည်းငယ် လျော့နည်းခဲ့သော်လည်း ရွှေအင်မော်တယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် သာမန် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရန်မှာ လုံးဝပြဿနာမရှိတော့ပေ။

“ရှင်းချီ ဆိုတဲ့လူက သိပ်မကြာခင် ငါ့ဆီ ရောက်လာတော့မှာဆိုတော့ အပြင်ထွက်ဖို့ အချိန်တန်ပြီ”

ထိုသို့ တွေးမိလိုက်ပြီးနောက်တွင် ကျန်းချန်သည် အချိန်မျှော်စင်ထဲကနေ လျင်မြန်စွာ ထွက်လာခဲ့သည်။

အချိန်မျှော်စင်ထဲမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် လွန်ခဲ့သော သုံးလအတွင်း ပိုထျန်းအင်မော်တယ်ဂိုဏ်း တစ်ခုလုံးတွင် အပြောင်းအလဲ များစွာ ဖြစ်ပေါ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်း ကဲ့သို့ ရွှေအင်မော်တယ်အဆင့် အင်အားစုများ အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရန် ခက်ခဲရသည့် အဓိက အကြောင်းအရင်းမှာ အရင်းအမြစ် ရှားပါးမှုကြောင့် ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ အင်မော်တယ် ကျောက်တုံး များစွာကို ရရှိလိုက်ပြီ ဖြစ်ရာ ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ချမ်းသာကြွယ်ဝမှုသည် များစွာ မြင့်တက်လာခဲ့ပြီး ဂိုဏ်းသားများ ခွဲဝေရရှိသည့် ကျင့်ကြံခြင်း အရင်းအမြစ်သည်လည်း နှစ်ဆမက တိုးပွားလာခဲ့သည်။

အရင်းအမြစ် ရှားပါး၍ အဆင့်မတက်နိုင်သော ဂိုဏ်းသားများသည် တစ်ဦးပြီး တစ်ဦး အဆင့်တက်လှမ်းနိုင်ခဲ့ကြသည်။

လင်းယန်ချန်း၏ ကျင့်ကြံခြင်း အဆင့်သည်ပင် နောက်ထပ် အဆင့်တစ်ဆင့်သို့ ထပ်မံ တိုးတက်လာခဲ့ပြီး ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ရွှေအင်မော်တယ် သတ္တမအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

“မိတ်ဆွေလေးကျန်းချန်.. ငါ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ချင်တယ်.. မင်းဘယ်လိုသဘောရလဲ”

ကျန်းချန်က တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာသည်ကို သိသည်နှင့် လင်းယန်ချန်းသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်မည့် ကိစ္စအား ဆွေးနွေးရန် အတွက် ကျန်းချန် ထံသို့ ရောက်ရှိလာခဲ့သည်။

“ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်မလို့လား”

ထိုစကားကိုကြားလျှင် ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

“တိုက်ခိုက်သင့်တာပေါ့ ဂိုဏ်းချုပ်လင်း”

အင်မော်တယ် သတ္တုတွင်းကို ရရှိပြီးနောက်တွင် လင်းယန်ချန်း၏ ရည်မှန်းချက်သည် များစွာ မြင့်တက်လာခဲ့ပြီး ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ရန်ပင် အဆင်သင့် ဖြစ်နေခဲ့ချေပြီ။

ဤကိစ္စသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်၏။

ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းတွင် ကောင်းမွန်သော အရင်းအမြစ်များ ရှိ၍ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကိုသာ သိမ်းပိုက်နိုင်ခဲ့မည် ဆိုလျှင် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ အင်အားကို ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ သေချာ‌ပေါက် ပို့ဆောင်ပေးနိုင်လိမ့်မည် ဖြစ်သည်။

သူ၏ လက်ရှိ ခွန်အားအရ ရွှေအင်မော်တယ် သတ္တမအဆင့်အောက်တွင် သူ့ကို ယှဥ်ပြိုင်နိုင်သူမှာ အနည်းငယ်မျှသာ ရှိတော့သည်။

သာမန် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းလောက်သည် သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့ပေ။

ကျန်းချန်၏ သဘောတူညီချက်ကို ရလျှင် လဲ့ယန်ချန်းသည် လုံးဝ တွေဝေနေခြင်း မရှိတော့ဘဲ လူအင်အားကို လျင်မြန်စွာ စုစည်းကာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း ရှိရာ ဆီသို့ ချီတက်လာခဲ့သည်။

မကြာမီမှာပင် ကျန်းချန်တို့ လူစုသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ အပြင်ဘက်ရှိ ကျယ်ပြောသော ကောင်းကင်ယံသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့ကြသည်။

ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ရုတ်တရက် ရောက်ရှိလာသော လူများကို မြင်လျှင် လဲ့ထျန်းချန်း၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

“လင်းယန်ချန်း.. မင်း ဒါတော့ အနိုင်ကျင့်လွန်းသွားပြီ”

“လဲ့ထျန်းချန်း.. အနိုင်ကျင့်လွန်းတာက ငါတို့မဟုတ်ဘူး.. မင်းတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းပဲ.. အစတုန်းက အင်မော်တယ်သတ္တုတွင်းရဲ့ ပိုင်ဆိုင်မှုကို လောင်းကြေးထပ်ပြိုင်ပွဲနဲ့ ဆုံးဖြတ်ဖို့ မင်းနဲ့ငါ သဘောတူခဲ့ကြတယ်.. ဒါပေမဲ့ ပြိုင်ပွဲကို ရှုံးနိမ့်သွားပြီးတဲ့နောက်မှာ မင်းက စန်းရှန်အင်မော်တယ်ဂိုဏ်းနဲ့ ပူးပေါင်းပြီး ငါ့ရဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ခဲ့တယ်”

လင်းယန်ချန်းက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“ဘာလဲ.. မင်းတို့က ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်လို့ရပြီး ငါတို့က မင်းတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်လို့ မရဘူးလား”

ထိုစကားကိုကြားလျှင် လဲ့ထျန်းချန်းသည် ခက်ထန်စွာ ပြောဆိုလိုက်သည်။

“လင်းယန်ချန်း.. ငါတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းက မင်းအနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ ဂိုဏ်းအသေးလေး မဟုတ်ဘူး.. တကယ်လို့ မင်းသာ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်မယ် ဆိုရင် မင်းရဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကလည်း ဒီအတွက် ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြုလုပ်စေရမယ်လို့ ငါအာမခံတယ်”

“ဂိုဏ်းချုပ်လင်း ဘာလို့ သူနဲ့ အပိုစကားတွေ ပြောနေတာလဲ.. အချိန်မဖြုန်းနဲ့တော့.. ဒီကိစ္စကို အမြန်ဆုံးပဲ ဖြေရှင်းလိုက်ကြရအောင်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ လဲ့ထျန်းချန်းကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

“မင်းကို စဥ်းစားဖို့ အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. ငါတို့ဆီမှာ အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား”

ကျန်းချန်၏ စကားကို ကြားလျှင် လဲ့ထျန်းချန်၏ မျက်နှာထက်တွင် မထီမဲ့မြင် အပြုံးများ ဖြစ်ပေါ်လာခဲ့သည်။

“ကောင်လေး.. မင်းက ထူးချွန်တဲ့ပါရမီရှင် တစ်ယောက် ဖြစ်ပေမဲ့ ငါ့ကို သတ်ဖြတ်ဖို့ ဆိုရင်တော့ အများကြီးလိုပါသေးတယ်’

ထိုနေ့က သူ့ရှေ့မှ ကောင်လေးနှင့် စန်းယွမ်တို့ တိုက်ခိုက်သည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ထိုကောင်လေးသည် ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်နှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိရုံမျှသာ ဖြစ်ပြီး ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်ကို သတ်ပစ်ရန် ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်သလောက်ပင်။

“လွန်ခဲ့တဲ့ သုံးလကသာ ဆိုရင်တော့ မင်းကို သတ်ဖို့ ငါ့အတွက် ခက်ခဲလိမ့်မယ်”

ကျန်းချန်က လဲ့ထျန်းချန်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။

“အခုအချိန်မှာတော့ မင်းကို သတ်ဖို့က ငါ့အတွက် ကြက်တစ်ကောင်ကို သတ်ရသလောက် အလွယ်လေးပဲ”

လဲ့ထျန်းချန်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“သေချာရဲ့လား.. ဒါဆိုရင်လည်း ဒီနေ့ မင်းငါ့ကို ကြက်တစ်ကောင် သတ်သလို ဘယ်လို အလွယ်တကူ သတ်မလဲဆိုတာ ကြည့်ရသေးတာပေါ့”

“ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့ပြီးပြီ.. မင်းကိုယ်တိုင်က တန်ဖိုးမထားတာတော့ ငါလည်း မတတ်နိုင်ဘူး”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီးနောက်တွင် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ကြောက်မက်ဖွယ် စည်းတံဆိပ် တစ်ခုသည် သူ၏ လက်ဖဝါးကြားတွင် တစ်ခဏအတွင်း စုစည်းလာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် လဲ့ထျန်းချန်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ထိုနေ့က သူ့ရှေ့မှ ကောင်လေးသည် ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် စန်းယွမ်ကို ဤစည်းတံဆိပ်ကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သို့‌သော်လည်း ယခုတစ်ကြိမ် ထုတ်ဖော်လိုက်သော စည်းတံဆိပ်၏ စွမ်းအားသည် ပြီးခဲ့သည့် အကြိမ်ကထက် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

ဤအခိုက်အတန့်တွင် လဲ့ထျန်းချန်းသည် စည်းတံဆိပ် ထံကနေ အန္တရာယ် အငွေ့အသက်ကို ပင်ကိုဗီဇအရ ခံစားမိလိုက်သည်။

သူက လုံးဝ တုံ့ဆိုင်းမနေရဲတော့ဘဲ ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်ကာ ရွှေအင်မော်တယ်ဆဋ္ဌမအဆင့်စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ ကျောဘက်တွင် လေနှင့်မိုးကြိုးများ ရောယှက်နေသော ဧရာမ အ‌တောင်ပံတစ်စုံ ဖြစ်ပေါ်လာခဲ့၏။

လဲ့ထျန်းချန်းက တောင်ပံများကို ခတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် မိုးကြိုးလျှပ်စီး အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန် ထံသို့ တိုးဝင်လာခဲ့သည်။

တောင်ပံခတ်ရာကနေ ထွက်ပေါ်လာသော မိုးကြိုးစွမ်းအားများသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ဟင်းလင်းပြင်ထဲတွင် အက်ကြောင်းကြီးများပင် ဖြစ်ပေါ်လာစေခဲ့သည်။

လဲ့ထျန်းချန်းက ကျန်းချန် ဆီသို့ ဦးတည်လာရင်း အ‌တောင်ပံခတ်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်က စည်းတံဆိပ်ကို အသုံးပြုရန် အချိန်မရစေရန် အတွက် လဲ့ထျန်းချန်းက လျင်မြန်စွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် သူ၏ အရှိန်အဟုန်က မြန်ဆန်သလို ကျန်းချန်၏ လှုပ်ရှားမှုများကလည်း နှေးကွေးခြင်း မရှိခဲ့ပေ။

ကျန်းချန်က ချက်ချင်းဆိုသလိုပင် စည်းတံဆိပ်ဖြင့် တိုက်ခိုက်လိုက်ရာ လဲ့ထျန်းချန်း၏ အတောင်ပံ ခတ်သံကနေ ဖြစ်ပေါ်လာသော မိုးကြိုးစွမ်းအားများက ချေမှုန်းခံလိုက်ရသည်။

သို့ရာတွင် စည်းတံဆိပ်က ထိုမျှနှင့် မရပ်တန့်သေးဘဲ လဲ့ထျန်းချန်း၏ ခန္ဓာကိုယ်ကိုပါ ထိမှန်သွားခဲ့သည်။

ယင်းအခိုက်အတန့်တွင် လဲ့ထျန်းချန်၏ ပုံရိပ်သည် ဧရာမတူကြီးဖြင့် အထုခံလိုက်ရသကဲ့သို့ တောင့်တင်းသွားခဲ့သည်။

သူ၏ ကျောဘက်ရှိ အတောင်ပံ နှစ်ဖက်သည်ပင် လေထဲ၌ ကျိုးပဲ့သွားခဲ့ပြီး အရိုးကျိုးသံ များသည်လည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

“ဖူး..”

လဲ့ထျန်းချန်းက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့ကာ ဟင်းလင်းပြင်တွင် ဧရာမတွင်းနက်ကြီး တစ်ခုပင် ဖြစ်ပေါ်သွားစေခဲ့သည်။

သူ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး အရှိန်အဝါကလည်း အတော်လေး အားနည်းသွားခဲ့ကာ အတွင်းအင်္ဂါများလည်း စုတ်ပြဲသွားခဲ့သည်။

ခန္ဓာကိုယ် တစ်ခုလုံးကလည်း သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး သူ၏ အင်မော်တယ် ဝိညာဥ်ပင်လျှင် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့၏။

ကျန်းချန်၏ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်အောက်တွင် လဲ့ထျန်းချန်းသည် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပြီး သေလုဆဲဆဲ အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ဆန့်ကျင်ဘက်မှ ပုံရိပ်ကို ကြည့်ကာ လဲ့ထျန်းချန်း၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သည့် အမူအရာများ အဆုံးသတ်တွင် ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သော သုံးလခန့်က ထိုကောင်လေးသည် ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်နှင့် ယှဥ်ပြိုင်နိုင်ရုံမျှသာ ရှိခဲ့သည်။

သို့သော် သုံးလအတွင်းမှာပင် သူ့ကို တစ်ကွက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိလာခဲ့၏။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အခန်း(၂၈၄၅)ပြီး၏။

အခန်း(၂၈၄၆)

“ထွက်ပြေးမှ ဖြစ်မယ်”

ဤအခိုက်အတန့်တွင် လဲ့ထျန်းချန်းသည် ဝိညာဥ်လွင့်စင်မတတ် ထိတ်လန့်သွားခဲ့ပြီး သူ၏ စိတ်ထဲရှိ တစ်ခုတည်းသောအတွေးမှာ ထွက်ပြေးရန်သာ ဖြစ်သည်။

သို့မဟုတ်လျှင် ယနေ့ဤနေရာတွင် သူကအမှန်တကယ် ကျဆုံးသွားရပေလိမ့်မည်။

သို့သော် သူက ပေတစ်ရာခန့် မပြေးရသေးမီမှာပင် ကျန်းချန်၏ ပုံရိပ်သည် သူ၏ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ကျန်းချန်၏ အေးစက်စက် စကားသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

“မင်းပြေးလို့လွတ်မယ်များထင်နေလား”

ကျန်းချန်ကို ကြည့်ကာ လဲ့ထျန်းချန်း၏ မျက်ဝန်းများက တစ်ခဏအတွင်း နီရဲလာခဲ့ပြီး မျက်နှာထက်တွင် ရူးသွပ်သောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ကောင်လေး မင်းငါ့ကို သတ်ချင်တယ်ဆိုရင် မင်းကိုယ်တိုင်လည်း ကြီးမားတဲ့ ပေးဆပ်မှုမျိုး ပြုလုပ်ရလိမ့်မယ်”

လဲ့ထျန်းချန်းက စကားဆုံးသည်နှင့် ကျန်းချန် ထံသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲတော့မည့် ပူဖောင်းတစ်လုံးနှယ် လျင်မြင်စွာ ဖောင်းကားလာခဲ့၏။

“ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမလို့လား.. ကံမကောင်းတာက ငါ့ရှေ့မှာ အဲဒါက အသုံးမဝင်ဘူး”

ကျန်းချန်က အတွေးတစ်ချက် လှုပ်ရှားလိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သော ဓားကျိုးသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။

သူက ထိုဓားကျိုးဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ထိုဓားချက်သည် အရာအားလုံးကို တိတ်တဆိတ် ထိုးဖောက်သွားခဲ့ပြီး လဲ့ထျန်းချန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ပူဖောင်းတစ်လုံးနှယ် ဖောင်းကားနေသည့် လဲ့ထျန်းချန်း၏ ခန္ဓာကိုယ်သည် ရေကာတာ ကျိုးပေါက်သွားသည့်နှယ် ဖြစ်သွားခဲ့သည်။

ယခုအခါ ကျန်းချန်သည် ရွှေအင်မော်တယ် တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သလို လျှို့ဝှက်ဆန်းကြယ်သော ဓားကျိုးကိုပါ ရရှိထားခဲ့သည်။

ထို့ကြောင့် သူ၏ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်သည် ယခင်ထက် အဆများစွာ အစွမ်းထက်နေခဲ့၏။

“မသတ်ပါနဲ့”

သူ၏ စွမ်းအားများက ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် လွင့်ပြယ်သွားသည်ကို ခံစားလိုက်ရလျှင် လဲ့ထျန်းချန်းသည် တစ်ခဏအတွင်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

သုံးလဟူသော အချိန်ကာလအတွင်း ကျန်းချန်၏ ခွန်အားသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်လောက်သည် အထိ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်အထိ ရောက်ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့မိပေ။

သူ့အနေဖြင့် ကျန်းချန်၏ ရှေ့မှောက်တွင် သူ့ကိုယ်သူ ဖောက်ခွဲရန်ပင် အရည်အချင်း မပြည့်မီခဲ့ပေ။

“ငါ ငါ မင်းဆီမှာ အညံ့ခံပါ့မယ်.. ငါ့ရဲ့ လက်ကျန် ဘဝတစ်လျှောက်လုံးကို မင်းကို သခင်အဖြစ် ခစားပါ့မယ်”

ဤအခိုက်အတန့်တွင် လဲ့ထျန်းချန်းသည် အတော်လေး ထိတ်လန့်သွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန်ပင် အသက်ချမ်းသာပေးရန် တောင်းပန် တိုးလျှိုးခဲ့သည်။

သူ၏ ကျင့်ကြံမှုအဆင့်က ကျန်းချန်၏ ဓားချက်ဖြင့် ဖြတ်တောက်ခံလိုက်ရပြီ ဖြစ်ရာ ယခုအချိန်တွင် အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ ကျန်းချန်ထံမှ ကရုဏာကို တောင်းခံရန်သာ ဖြစ်သည်။

“ငါ ခုနက မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းကိုယ်တိုင်က တန်ဖိုးမထားခဲ့ဘူး.. အခု မင်းက အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်သွားခဲ့ပြီ.. မင်းက ငါ့အတွက် ဘာအသုံးဝင်ဦးမှာမို့လို့လဲ”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရေရွတ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ လဲ့ထျန်းချန်းနှင့် ၎င်းရှိနေသည့် ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးသည် ဘာမှမကျန်ရှိတော့သည် အထိ ချေမှုန်းခံလိုက်ရသည်။

ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် လဲ့ထျန်းချန်းက ကျဆုံးသွားခဲ့ချေပြီ။

သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် မျက်နှာများ ဖြူဖျော့ကာ မျှော်လင့်ချက်မဲ့သွားခဲ့ကြသည်။

သူတို့၏ ဂိုဏ်းချုပ် ဖြစ်သည့် ‌ရွှေအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ထဲတွင် အသတ်ခံလိုက်ရချေပြီ။

ဆိုရလျှင် သူတို့ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ယနေ့တွင် လုံးဝ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

လဲ့ထျန်းချန်း ကျဆုံးသွားခြင်းနှင့် အတူ ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းသည် ခုခံနိုင်စွမ်း ပျောက်ဆုံးသွားခဲ့ပြီး ဂိုဏ်းအတွင်းရှိ အကြီးအကဲများနှင့် တပည့်များစွာသည် သေဆုံးသူသေ၊ထွက်ပြေးသူပြေး၊ အညံ့ခံသူ အညံ့ခံ ဖြစ်ကုန်ကြသည်။

နာရီဝက်ပင် မပြည့်မီမှာပင် ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို လုံးဝ သိမ်းပိုက်နိုင်ခဲ့၏။

ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ ခန်းမဆောင် အတွင်း၌ လင်းယန်ချန်းသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် ပတ်သက်သည့်ကိစ္စအဝဝကို ကိုင်တွယ် ဖြေရှင်းပြီးနောက်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်း အနေဖြင့် ဤအဆင့်သို့ ရောက်ရှိလာမည်ဟု လင်းယန်ချန်း ယခင်က မတွေးဝံ့ခဲ့ပေ။

ကျန်းချန် မရောက်လာခင်က ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အင်အားသည် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းထက်ပင် နိမ့်ကျနေခဲ့သည်။

ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းနှင့် ထိပ်တိုက် ရင်ဆိုင်မှုများတွင် သူတို့သည် အမြဲတစေ အရေးနိမ့်ခဲ့၏။

ကုန်ကုန်ပြောရလျှင် သူတို့ ရှာဖွေတွေ့ရှိခဲ့သည့် အင်မော်တယ် သတ္တုတွင်းပင်လျှင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ သိမ်းပိုက်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သည်။

သို့သော်လည်း ကျန်းချန် ရောက်ရှိလာခြင်းနှင့်အတူ အရာအားလုံးသည် လုံးဝ ပြောင်းလဲသွားခဲ့၏။

ကျန်းချန်က သူတို့ကို အင်မော်တယ် သတ္တုတွင်းအား သိမ်းပိုက်နိုင်အောင် ကူညီပေးခဲ့ရုံသာမက ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း၏ တိုက်ခိုက်မှုကိုလည်း ခုခံပေးခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ လဲ့ထျန်းချန်းကိုပါ သတ်ဖြတ်ပေးခဲ့ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်း အနေဖြင့် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကို အလွယ်တကူ သိမ်းပိုက်နိုင်ရန် အတွက် လမ်းဖွင့်ပေးခဲ့သည်။

ယခုအခါ သူတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းသည် လုံလောက်သော အင်မော်တယ် ကျောက်တုံးများ ရှိနေပြီ ဖြစ်သလို ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

သူ့ကိုသာ အချိန်အနည်းငယ် ပေးမည် ဆိုလျှင် ဖုန်းလဲ့အင်မော်တယ်ဂိုဏ်းထက် မနိမ့်ကျသည့် ထိပ်တန်း ရွှေအင်မော်တယ် အဆင့် အင်အားစု တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။

ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တလော့အဆင့် အင်အားစု အဖြစ်သို့ မြှင့်တင်နိုင်ရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ဖုန်းလဲ့အင်မော်တယ်ဂိုဏ်း ဖျက်ဆီးခံရပြီး ဒုတိယနေ့တွင် ရှင်းယွင်အင်မော်တယ် နန်းတော်မှ ရှင်းချီသည် ကတိအတိုင်း ကျန်းချန်ဆီ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က မည်သည့် တွေဝေမှုမျှ ရှိမနေဘဲ ရှင်းချီနှင့်အတူ ပိုထျန်းအင်မော်တယ်ဂိုဏ်းကနေ ထွက်ခွာသွားခဲ့ပြီး ရှင်းချီ ပြောပြခဲ့သည့် ကောင်းကင်ဧကရာဇ် နန်းတော်နှင့် ပတ်သက်နေသည့် နေရာအား စူးစမ်းရန် ထွက်ခွာလာခဲ့ကြသည်။

ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ ထွက်ခွာလာပြီးနောက်တွင် ရှင်းချီသည် ကျန်းချန်ကို မြောက်ဘက်အရပ် ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

လဝက်ခန့် ခရီးနှင်ပြီးနောက်တွင် သူတို့နှစ်ဦးသည် ဝိရောဓိနယ်မြေ၏ မြောက်ဘက်ရှိ ပင်လယ်ပြင် တစ်ခု ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် သူတို့ နှစ်ဦးသည် ပင်လယ်ပြင်ထက်တွင် ရက်အနည်းငယ်ကြာ ပျံသန်းခဲ့ကြပြီး အဆုံးသတ်၌ ရှင်းချီသည် တစ်နေရာ၌ ရပ်တန့်လိုက်သည်။

“ဒီနေရာပဲ”

ရှင်းချီက အောက်ဘက်ရှိ ပင်လယ်ပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ ပြင်ပမှာ လှည့်လည်သွားလာရင်း ဒီနေရာမှာ လိုက်လံသတ်ဖြတ်တာ ခံခဲ့ရတယ်.. နောက်ဆုံးတော့ ပင်လယ်အောက်ခြေကို ရောက်သွားခဲ့ပြီး အဲဒီနေရာမှာ ကံကောင်းထောက်မစွာနဲ့ ရေအောက်နန်းတော်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်”

“ဒါဆိုလည်း ကျွန်တော်တို့ ရေအောက်ကို ဆင်းကြတာပေါ့”

ကျန်းချန်က ရှင်းချီ၏ စကားကိုကြားလျှင် စကားများစွာ ပြောမနေတော့ပေ။

ကောင်းကင်ဧကရာဇ် နန်းတော်တွင် စုစုပေါင်း ခန်းမ သုံးဆယ့်ခြောက်ခု ရှိပြီး ထိုခန်းမများသည် အင်မော်တယ်လောက တစ်ခုလုံးတွင် ပျံ့နှံ့၍ တည်ရှိနေခဲ့သည်။

လက်ရှိအချိန်တွင် ကောင်းကင်ဧကရာဇ် နန်းတော်နှင့် ပတ်သက်သည့် အရာအားလုံးသည် အင်မော်တယ်လောကတွင် ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ထိုခန်းမများထဲမှ တစ်ခုသည် ဤပင်လယ်အောက်ခြေတွင် မြှုပ်နှံခံထားရသည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

“သတိထားပါ.. ဒီပင်လယ်ပြင်ထဲမှာ အင်အားကြီးတဲ့ သားရဲတွေ အများကြီးရှိတယ်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ရှင်းချီသည် ပင်လယ်ထဲသို့ ငုံ့ဆင်းသွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်ကလည်း တိုက်ရိုက်ပင် နောက်ကနေ လိုက်ပါသွားခဲ့သည်။

သူတို့နှစ်ဦးစလုံးသည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်၍ ပင်လယ်ရေ၏ ဖိအားအောက်တွင် စိုးရိမ်စရာ မရှိခဲ့ပေ။

တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦးသည် ပင်လယ်အောက်ခြေရှိ ပေရာပေါင်းများစွာ အနက် ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ရုတ်တရက် ထူးဆန်းသော အနက်ရောင် ငါးကြီး ဆယ်ကောင်ကျော်သည် မလှမ်းမကမ်းတွင် ပေါ်လာခဲ့ပြီး ကျန်းချန်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။

ဤကြီးမားသော အနက်ရောင် ငါးတစ်ကောင်ချင်းစီသည် ပေတစ်ရာခန့် ရှည်လျာားပြီး ဦးခေါင်းတွင် ချိုများ ပါရှိကာ သွားများကလည်း ဓားသွားများ ကဲ့သို့ ထက်မြက်၏။

၎င်းတို့က ရေထဲတွင် အလွန်ပင် လျင်မြန်ပြီး အနက်ရောင်လျှပ်စီးဓားများနှယ် ကျန်းချန်တို့ နှစ်ဦးကို တိုက်ခိုက်လာကြသည်။

ထိုငါးတစ်ကောင်ချင်းစီ၏ အင်အားသည် ရွှေအင်မော်တယ်ပထမအဆင့်ထက် မနိမ့်ကျဘဲ ပင်လယ်ထဲတွင် ဖြစ်နေ၍ အားသာချက်များ ရှိနေကာ သာမန် ရွှေအင်မော်တယ်အဆင့်ထက် ပို၍ သန်မာကြ၏။

“သူတို့ကို မတိုက်ခိုက်မိစေနဲ့.. ဒီနေရာမှာ သတ်ဖြတ်မှု ပြုလုပ်လိုက်တာနဲ့ သွေးနံ့တွေကြောင့် နောက်ထပ် သားရဲအများအပြား ရောက်ရှိလာနိုင်တယ်...အုပ်စုလိုက် နေထိုင်တတ်တဲ့ ပင်လယ်သားရဲ ထောင်ပေါင်းများစွာကိုတောင် ဆွဲဆောင်မိသွားနိုင်တယ်.. အဲဒီအချိန်ကျရင် ငါတို့ လွတ်မြောက်ဖို့ ခက်ခဲသွားလိမ့်မယ်”

ကျန်းချန်က တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် ရှင်းချီက ရုတ်တရက် ပြောလိုက်သည်။

သူက ထိုစကားကို ပြောရင်း ပင်လယ်အောက်ခြေ ဆီသို့ အရှိန်အဟုန် မြှင့်ကာ ဆင်းသွားခဲ့သည်။

ကျန်းချန်က လက်ဖဝါးကို တစ်ချက် ဝှေ့ရမ်းလိုက်ရာ ရွှေအင်မော်တယ်အဆင့် စွမ်းအားများသည် တစ်ခဏအတွင်း အတားအဆီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့ကိုတိုက်ခိုက်လာသော ငါးကြီးများကို ပိတ်ဆို့လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် ရှင်းချီ၏ နောက်သို့ ဆက်လက်လိုက်ပါသွားခဲ့ပြီး ပင်လယ်အောက်ခြေသို့ ဆင်းသွားခဲ့သည်။

သူတို့နှစ်ဦးက ပေပေါင်းထောင်ချီ အကွာအဝေးအထိ ငုံ့ဆင်းသွားခဲ့ပြီးနောက်တွင် အဆုံးသတ်၌ ပင်လယ်အောက်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုအခါ ပင်လယ်အောက်ခြေရှိ ရွှံ့နွံထဲတွင် နစ်မြုပ်နေသော ဧရာမနန်းတော်ကြီး တစ်ခုကို မြင်လိုက်ရပြီး အဆောက်အအုံ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုသာ ပေါ်ထွက်နေခဲ့သည်။

သူ့ရှေ့မှ နန်းတော်သည် ရှင်းချီ ပြောပြခဲ့သည့် ရေအောက်နန်းတော် ဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပေ။

နန်းတော်တစ်ခုလုံးသည် ကောင်းကင်ယံကနေ ပြိုကျလာခဲ့ပြီး ရင်ပြင် အလယ်ထဲသို့ နစ်ဝင်သွားခဲ့ပုံရသည်။

“ဒီရေအောက်နန်းတော်က ကောင်းကင်ဧကရာဇ် နန်းတော်ရဲ့ ခန်းမသုံးဆယ့်ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ ထျန်းရွမ်ခန်းမနဲ့အတော်လေး ဆင်တူတာပဲ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့မှ နန်းတော်တွင် အမှန်တကယ်ပင် ကောင်းကင်ဧကရာဇ်နန်းတော်နှင့် ပတ်သက်နိုင်ခြေ ရှိနေခဲ့၏။

အခန်း(၂၈၄၆)ပြီး၏။

All Chapters