← Chapters

အခန်း (၂၈၄၇-၂၈၄၈)

Vol. 225 Ch. 2847-2848

အခန်း (၂၈၄၇-၂၈၄၈)

Vol. 225 Ch. 2847-2848

အခန်း(၂၈၄၇)

ကျန်းချန်က သူ့ရှေ့ရှိ အခြေအနေကို ကြည့်ကာ မျက်ဝန်းထဲတွင် စိတ်ပျက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ရှင်းချီ၏ ပြောစကားအရ ကောင်းကင်ဧကရာဇ် နန်းတော်နှင့် သက်ဆိုင်သော နေရာသည် ထျန်းရွမ်ခန်းမ ကဲ့သို့ပင် ကောင်းကင်ဧကရာဇ်နန်းတော်၏ ခန်းမသုံးဆယ့်ခြောက်ခုထဲမှ တစ်ခုဖြစ်လိမ့်မည်ဟု သူထင်မှတ်ထားခဲ့သည်။

ယခု ကြည့်ရသည်မှာ ဤရေအောက်နန်းတော်သည် ကောင်းကင်ဧကရာဇ်နန်းတော်နှင့် သက်ဆိုင်နေလျှင်ပင် ဤနေရာ၌ မတော်တဆ ကျန်ရစ်ခဲ့သော နန်းတော် တစ်ခုသာ ဖြစ်ဟန်တူသည်။

နန်းတော်၏ ပိုင်ရှင်က မည်သူမည်ဝါ ဖြစ်မှန်းကိုပင် သူ မသိရှိပေ။

ရှင်းချီက ဤနေရာသို့ တစ်ကြိမ် ရောက်ရှိဖူးသည့် အတွက် သူ့ရှေ့ရှိ နန်းတော်နှင့် အတော်လေး ရင်းနှီးပုံရပြီး ဝင်ပေါက်တစ်ခု ကနေ ကျန်းချန်ကို နန်းတော် အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

နန်းတော်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ကြည်လင်တောက်ပသော လရောင်ကဲ့သို့ ပြင်းထန်သော အင်မော်တယ်စွမ်းအင်များသည် သူ၏ နှာခေါင်းထဲကို တိုက်ရိုက် တိုးဝင်လာခဲ့ပြီး လန်းဆန်းတက်ကြွသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။

ကျန်းချန်က အကဲခတ် ကြည့်လိုက်သောအခါ မှိန်ပျပျ လရောင်အလင်းများ ထွက်ပေါ်နေသည့် ဆန်းကြယ်သောကျောက်တုံးများကို မြင်လိုက်ရသည်။

“ဒါက ဘယ်လို ကျောက်တုံးမျိုးလဲဟ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤကျောက်တုံးများသည် အင်မော်တယ် ကျောက်တုံးများနှင့် အနည်းငယ် ကွဲပြားပုံရသော်လည်း ၎င်းတို့အတွင်း၌ ကိန်းအောင်းနေသော စွမ်းအားမှာ အင်မော်တယ်ကျောက်တုံးများထက်ပင် ပိုမို၍ သိပ်သည်းနေခဲ့သည်။

ထိုကျောက်တုံးများက သာမန် ကျောက်တုံးများ မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။

ကျန်းချန်က ထိုဆန်းကြယ်သော ကျောက်တုံးများကို ကြည့်ရင်း စိတ်နှလုံးထဲတွင် တုန်လှုပ်သွားခဲ့သည်။

ရှင်းချီက ဤနန်းတော်သို့ တစ်ကြိမ် ရောက်ဖူးသူ ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဤဆန်းကြယ်သော ကျောက်တုံးများကို မြင်လျှင် လျစ်လျူရှုထားပြီး အိတ်ကပ်ထဲသို့ မထည့်ဘဲ နေလိမ့်မည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ထို့အပြင် နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် နန်းတော်ထံကနေ ခြိမ်းခြောက်မှု အနည်းငယ်မျှပင် မခံစားခဲ့ရပေ။

ဤအတိုင်းဆိုလျှင် ရှင်းချီက သူ့ကို ဤနေရာသို့ ဖိတ်ခေါ်လာသည်မှာ အခြားသော ရည်ရွယ်ချက် တစ်ခုခု ရှိနေပုံရ၏။

“ဒါက လဝိညာဥ်ကျောက်တုံးပဲ.. ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ခန်းမသုံးဆယ့်ခြောက်ခု ထဲက တစ်ခု ဖြစ်တဲ့ လဝိညာဥ်ခန်းမဆောင်မှာပဲ ရှိတဲ့ ထူးခြားတဲ့ ကျောက်တုံးအမျိုးအစားပဲ.. သူ့ရဲ့ တန်ဖိုးက အင်မော်တယ်ကျောက်တုံးထက် အများကြီး ပိုမိုမြင့်မားတယ်”

ယင်းအခိုက်အတန့်တွင် ရှင်းချီ၏ စကားသံက ကျန်းချန်၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

ကျန်းချန်က ရှင်းချီနှင့် အကွာအဝေး တစ်ခုတွင် နေလိုက်ပြီး ရှင်းချီကို စိုက်ကြည့်ကာ မေးလိုက်သည်။

“မင်းက ဒီနေရာကို တစ်ခါ ရောက်ဖူးပြီးသားပဲ.. ဒီလဝိညာဥ်ကျောက်တုံးက အဲလောက်တောင် တန်ဖိုးကြီးနေတယ် ဆိုရင် ဘာလို့ မင်းအိတ်ကပ်ထဲ မထည့်ဘဲ ငါ့ကို ဒီနေရာဆီ ခေါ်လာရတာလဲ”

“ကောင်လေး ဒီလောက်အထိ မြန်မြန်ဆန်ဆန် ရိပ်မိသွားတယ်ဆိုတော့ မင်းက အတော် သတိကြီးသားပဲ”

ရှင်းချီက တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် မျက်နှာထက်၌ မထီမဲ့မြင် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဒါက ဒီအရှင်ရဲ့ နေရာပဲ.. လဝိညာဥ်ကျောက်တုံး ဆိုတာကလည်း ဒီအရှင်ရဲ့ ပိုင်ဆိုင်မှုပဲ.. ငါ့ရဲ့ပိုင်ဆိုင်မှုကို ငါက ဘာလို့ အိတ်ကပ်ထဲ ထည့်သိမ်းထားရမှာလဲ.. ဒီအရှင်က ဒီပစ္စည်းတွေကို ဒီနေရာမှာ ထားရတာက မင်းတို့လို အပြင်လူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ပဲ”

ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

“မင်းက ရှင်းယွင်အင်မော်တယ်နန်းတော်က ရှင်းချီ မဟုတ်ဘူး မဟုတ်လား”

ဤလူက သူ့ကိုယ်သူ အရှင်ဟု သုံးနှုန်းနေ၍ တလော့အဆင့် အင်မော်တယ် တစ်ပါး ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

ယခု သူက ဤနေရာကို သူ၏ နေရာဟု ခေါ်ဆိုနေသည် ဖြစ်ရာ ဤခန်းမ၏ အရှင်သခင် ဖြစ်သည်မှာ သေချာသလောက်ပင်။

ကျန်းချန်က အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ရှင်းယွင်အင်မော်တယ်နန်းတော်မှ ရှင်းချီသည် ဤနေရာသို့ အမှန်တကယ် ရောက်ရှိလာခဲ့ဖူးလောက်သည်။

သို့သော်လည်း ရှင်းချီက ဤနေရာသို့ ရောက်ရှိလာပြီးနောက်တွင် ခန်းမပိုင်ရှင်နှင့် တွေ့ဆုံကာ ခန္ဓာကိုယ်ကို သိမ်းပိုက်ခံလိုက်ရခြင်း ဖြစ်နိုင်၏။

ရှင်းချီ၏ ခန္ဓာကိုယ်ပေါ်တွင် တလော့ဓမ္မခန္ဓာကိုယ် တစ်ခု အဘယ်ကြောင့် ရှိနေမှန်း အဆုံးသတ်တွင် ကျန်းချန် နားလည်သွားခဲ့သည်။

ထိုအချိန်က ထွက်ပေါ်လာခဲ့သော တလော့ဓမ္မခန္ဓာကိုယ်သည် သူ့ရှေ့တွင် ရှိနေသော သူပင် ဖြစ်ပုံရ၏။

ရှင်းချီက လှောင်ရယ်၍ ပြောလိုက်သည်။

“အဲဒီကောင်လေးက ဒီနေရာကို ပထမဆုံး ကျူးကျော် ဝင်ရောက်လာတဲ့ အတွက် ဒီအရှင်ရဲ့ အဲဒီ ကောင်လေးရဲ့ ခန္ဓာကိုယ်ကို တစ်ခဏလောက် ယူသုံးထားတာပဲ”

“မင်းက ရှင်းချီရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးပြီ ဆိုမှတော့ ငါ့ကို ဘာဖြစ်လို့ ဒီနေရာဆီ ခေါ်လာရတာလဲ”

ကျန်းချန်က စူးစမ်းစွာ မေးလိုက်သည်။

ရှင်းချီက ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်၏။

“ဘာလို့လဲဆိုတော့ ကျင့်ကြံဖို့ အတွက်ပဲ.. ဒီအရှင် အလိုအပ်ဆုံးက မင်းလို ထူးခြားတဲ့ ပါရမီရှင်တွေရဲ့ အင်မော်တယ်ဝိညာဥ်ပဲ.. မင်းအနေနဲ့ အခြေအနေကို နားလည်မယ်ဆိုရင် မင်းရဲ့အင်မော်တယ်ဝိညာဥ်ကို လိမ်လိမ်မာမာ လွှဲအပ်လိုက်ပါ”

သူက ရှေးခေတ်ကာလက ကောင်းကင်ဧကရာဇ်နန်းတော် လက်အောက်ရှိ လဝိညာဥ်ခန်းမမှ ယောင်ရွဲ့ဟု အမည်ရသည့် တလော့အရှင်တစ်ပါး ဖြစ်သည်။

တိုက်ပွဲတစ်ပွဲတွင် ယောင်ရွဲ့သည် အသတ်ခံလိုက်ရပြီး အင်မော်တယ်ဝိညာဥ် အစအနလေး တစ်ခုသာ ကျန်ရှိခဲ့သည်။

ထို့အပြင် လဝိညာဥ်ခန်းမသည်လည်း ပင်လယ်ထဲသို့ ရိုက်ချခြင်း ခံလိုက်ရ၏။

ဤနှစ်ပေါင်းများစွာ အတွင်း ယောင်ရွဲ့သည် သူ၏ခွန်အားများကို တဖြည်းဖြည်း ပြန်လည် ရရှိရန် ဤနေရာ၌ ခိုအောင်းနေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ရာချီက လဝိညာဥ်ခန်းမထဲကို ရုတ်တရက် ရှင်းချီက ကျူးကျော် ဝင်ရောက်လာခဲ့ရာ ယောင်ရွဲ့သည် ပြတ်ပြတ်သားသားပင် ရှင်းချီကို ဖမ်းဆီးလိုက်ပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့သည်။

သို့ရာတွင် ယောင်ရွဲ့သည် ရှင်းချီ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း သူ၏ အင်မော်တယ်ဝိညာဥ်က အားနည်းနေခဲ့သည်။

သူ၏ ခွန်အားကို အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိလိုလျှင် သူ၏ အင်မော်တယ်ဝိညာဥ်ကို အရင်ပြုပြင်ရမည် ဖြစ်၏။

အင်မော်တယ်ဝိညာဥ်ကို အမြန်ဆုံး ပြုပြင်ရန် အတွက် ယောင်ယွဲ့သည် ရှေးဟောင်း အင်မော်တယ် နည်းစနစ် တစ်ခုကို ကျင့်ကြံခဲ့သည်။

ထိုနည်းစနစ်သည် အင်မော်တယ်ဝိညာဥ်ကို လျင်မြန်စွာ ပြုပြင်ပေးနိုင်သော်လည်း အဓိက လိုအပ်ချက်မှာ ပါရမီရှင်များ၏ အင်မော်တယ်ဝိညာဥ်ကို ဝါးမျိုရန် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ရာချီအတွင်း ယောင်ရွဲ့သည် သူ၏ အင်မော်တယ်ဝိညာဥ်ကို ပြုပြင်ရန် အတွက် ပါရမီရှင် အချို့ကို ဤနေရာသို့ တစ်ကြိမ်ထက်မက ခေါ်ဆောင်ကာ အင်မော်တယ် ဝိညာဥ်များအား ဝါးမျိုခဲ့သည်။

သို့သော်လည်း ယောင်ရွဲ့ ဤနေရာသို့ ဆွဲဆောင်ခဲ့သော ပါရမီရှင်များသည် သာမန် ပါရမီရှင် အချို့သာ ဖြစ်ရာ အင်မော်တယ်ဝိညာဥ်ကို ပြုပြင်ရာတွင် အကျိုးသက်ရောက်မှုသည် အကန့်အသတ် ရှိနေခဲ့၏။

ယခု သူ့ရှေ့တွင် ရှိနေသော ကျန်းချန်ဟု ခေါ်သည့် လူငယ်ကမူ ရွှေအင်မော်တယ် ပထမအဆင့်ဖြင့်ပင် ရွှေအင်မော်တယ် ဆဋ္ဌမအဆင့်ကို ရင်ဆိုင်နိုင်သည့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ဖြစ်သည်။

ရှေးခေတ်ကာလက ကောင်းကင်ဧကရာဇ်နန်းတော်မှာပင် ဤကဲ့သို့ ပါရမီရှင်မျိုးသည် လက်ချိုးရေတွက်၍ ရနိုင်သည် အထိသာ ရှိခဲ့သည်။

စင်စစ် ပြီးခဲ့သည့် သုံးလလုံးတွင် ယောင်ရွဲ့သည် ကျန်းချန်၏ ဝိညာဥ်ကို ဝါးမျိုရန် အတွက် ပြင်ဆင်နေခဲ့ခြင်းသာ။

အကယ်၍ သူသာ ကျန်းချန်၏ အင်မော်တယ်ဝိညာဥ်ကို ဝါးမျိုနိုင်မည် ဆိုလျှင် သူ၏ အင်မော်တယ်ဝိညာဥ်ကို ပြန်လည်ပြုပြင်ရာတွင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိမည်မှာ သံသယဖြစ်စရာ မလိုပေ။

“ဒါက မင်းရဲ့ အဓိက ရည်ရွယ်ချက်ပေါ့”

ကျန်းချန်က ယောင်ရွဲ့ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ အင်မော်တယ်ဝိညာဥ်ကို ဝါးမျိုချင်တယ်ဆိုမှာ‌တော့ မင်းမှာ အဲဒီလို အရည်အချင်းရှိ မရှိ အရင်ကြည့်ရသေးတာပေါ့”

“ကျန်းချန်.. မင်းဘယ်လောက်ပဲ ထူးချွန်တဲ့ပါရမီရှင် ဖြစ်နေပါစေ.. ဒီနေ့ ဒီနေရာကို ‌ရောက်နေပြီ ဆိုမှတော့ မင်းရဲ့ အင်မော်တယ်ဝိညာဥ်ကို ငါ့ဆီ မဖြစ်မနေ လွှဲအပ်ရမှာပဲ”

ယောင်ရွဲ့က အေးစက်စက်‌ ရေရွတ်လိုက်ပြီးနောက်တွင် ရွှေအင်မော်တယ် သတ္တမအဆင့် အရှိန်အဝါက ယောင်ရွဲ့၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။

ယောင်ရွဲ့သည် ယခင်က တလော့ အထွတ်အထိပ် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ရှင်းချီကို သိမ်းပိုက်ရာတွင် မပြည့်စုံသော အင်မော်တယ်ဝိညာဥ် အစအနလေး တစ်ခုကိုသာ အသုံးပြုခဲ့ရသည်။

ရှင်းချီ၏ ခန္ဓာကိုယ်က ယောင်ရွဲ့၏ သိမ်းပိုက်မှုကြောင့် ခွန်အားများစွာ တိုးတက်လာသော်လည်း ရွှေအင်မော်တယ်သတ္တမအဆင့်သို့သာ ရောက်ရှိခဲ့သည်။

သို့သော် ယောင်ရွဲ့၏ အမြင်တွင်မူ သူ၏ လက်ရှိ စွမ်းရည်သည် သူ့ရှေ့ရှိ လူငယ်ကို ကိုင်တွယ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေခဲ့သည်။

ဆိုရလျှင် လွန်ခဲ့သော သုံးလက ကျန်းချန်သည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူနှင့် ယှဥ်ပြိုင်နိုင်ရုံမျှလောက်သာ စွမ်းရည် ရှိခဲ့သည်။

ယောင်ရွဲ့က အချိန်ဆွဲမနေတော့ဘဲ သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ ရွှေအင်မော်တယ် အဆင့်၏ ကြောက်မက်ဖွယ်စွမ်းအားများသည် ဟင်းလင်းပြင်ကို သက်ရောက်သွားခဲ့ပြီး ကျန်းချန် ဆီသို့ တစ်ခဏအတွင်း လွှမ်းမိုးလာခဲ့သည်။

ယောင်ရွဲ့က စတင် တိုက်ခိုက်လာပြီ ဖြစ်သော်လည်း ကျန်းချန်၏ အမူအရာကမူ ထူးခြားစွာ တည်ငြိမ်နေခဲ့သည်။

သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ သူ၏ လက်ဖဝါးထဲတွင် ရင်သပ်ရှုမောဖွယ်ကောင်းသော အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် တစ်ခဏအတွင်း စုစည်းလာခဲ့သည်။

“ယောင်ရွဲ့ မင်းက ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်နေမှတော့ ငါ့ရဲ့ ဒီစည်းတံဆိပ်တော်ကိုတော့ မင်းသိမယ်ထင်တယ်”

အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်က လေထုထဲတွင် လျင်မြန်စွာ ကြီးထွားလာခဲ့ပြီးနောက်တွင် ဝုန်းခနဲ အသံနှင့်အတူ ယောင်ရွဲ့ ဆီသို့ ဦးတည်လာခဲ့သည်။

ထိုစည်းတံဆိပ်က ယောင်ရွဲ့ ထုတ်ဖော်လိုက်သည့် စွမ်းအားများကို တစ်ခဏအတွင်း ချေမှုန်းပစ်လိုက်ပြီး ယောင်ရွဲ့ ဆီသို့ သက်ရောက်လာခဲ့သည်။

အခန်း(၂၈၄၇)ပြီး၏။

အခန်း(၂၈၄၈)

“ဝုန်း..”

ယောင်ရွဲ့က ကျန်းချန်၏ စည်းတံဆိပ် ထိမှန်ကာ ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွားခဲ့ပြီး ခန်းမဆောင်၏ နံရံနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့သည်။

အကယ်၍ ခန်းမဆောင်၏ နံရံသာ ထူးခြားမနေခဲ့လျှင် နံရံတစ်ခုလုံးသည် လုံးဝ ပျက်စီးသွားလောက်ပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ယောင်ရွဲ့၏ ကျန်းချန်ကို ကြည့်နေသော အကြည့်ထဲ၌ ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ပါလား.. မင်း.. မင်းက ဘယ်လိုလုပ်ပြီး ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို တတ်မြောက်နေရတာလဲ”

ကောင်းကင်ဧကရာဇ် စည်းတံဆိပ်သည် ကောင်းကင်ဧကရာဇ်နန်းတော်ကို တည်ထောင်ခဲ့သည့် ကောင်းကင်ဧကရာဇ် ကိုယ်တိုင် တီထွင်ခဲ့သော အထွတ်အထိပ် ဧကရာဇ်နည်းစနစ် ဖြစ်သည်။

ယောင်ရွဲ့သည် ကောင်းကင်ဧကရာဇ် နန်းတော်တွင် ရာထူးအဆင့်အတန်း မမြင့်မားသော်လည်း မည်သို့ပင် ဖြစ်စေကာမူ တလော့ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူး၍ ကောင်းကင်ဧကရာဇ် နည်းစနစ်၏ အရှိန်အဝါကို သဘာဝကျစွာပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်။

သူ့ရှေ့တွင် ရှိသော လူငယ်က ကောင်းကင်ဧကရာဇ်စည်းတံဆိပ်ကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။

သိထားရမည့်အချက်မှာ ထိုစဥ်က ကောင်းကင်ဧကရာဇ်နန်းတော်မှာပင် ကောင်းကင်ဧကရာဇ် နည်းစနစ်ကို ကျင့်ကြံခွင့်ရသူသည် လက်ချိုးရေတွက်၍ ရသော ပမာဏာသာ ရှိခဲ့ခြင်းပင်။

ကျန်းချန်က ယောင်ရွဲ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ယောင်ရွဲ့...မင်းက ကောင်းကင်ဧကရာဇ်နန်းတော်က လူတစ်ယောက် ဖြစ်နေပြီးတော့ ငါ့ကို တိုက်ခိုက်ရဲတယ်.. မင်းရဲ့အပြစ်က ဘယ်လောက်တောင် ကြီးမားလဲ ဆိုတာ မင်းသိလား”

‌ယောင်ရွဲ့၏ မျက်နှာ အမူအရာက အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်နန်းတော်တွင် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ကျင့်ကြံခွင့် ရှိသူများသည် အဆင့်အတန်း အလွန် မြင့်မားကြ၏။

လဝိညာဥ်ခန်းမ၏ အရှင်သခင် ပင်လျှင် ၎င်းတို့ကို ယဥ်ကျေးပျူငှာစွာ ဆက်ဆံကြရသည်။

သူက တလော့အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ပြီး ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး၏ ရှေ့တွင် ပုရွက်ဆိတ် တစ်ကောင်နှင့် သိပ်မခြားနားပေ။

သို့သော်လည်း ကောင်းကင်ဧကရာဇ် နန်းတော်သည် သမိုင်းထဲတွင် ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ထိုခေတ်ကာလက အသက်ရှင် ကျန်ရစ်ခဲ့သော အကြီးအကဲများသည်ပင် အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

သူ့ရှေ့မှ ကောင်လေးသည် တစ်စုံတစ်ယောက်၏ အမွေအနှစ်ကို ကံကောင်းထောက်မစွာ ရရှိထားခြင်းသာ ဖြစ်ဖို့များ၏။

သူက တလော့အရှင်တစ်ပါး ဖြစ်ရာ ထိုကောင်လေးက ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို တတ်မြောက်ထားရုံမျှဖြင့် အရှုံးပေး ဒူးထောက်ဖို့ ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ထို့အပြင် သူက ကျန်းချန်၏ အင်မော်တယ်ဝိညာဥ်ကို ဝါးမျိုရန်အတွက် အပြည့်အဝ ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ကျန်းချန်၏ အင်မော်တယ်ဝိညာဥ်ကို ဝါးမျိုနိုင်သရွေ့ သူ၏ ကျင့်ကြံခြင်းအဆင့်ကို တလော့အင်မော်တယ် အဆင့်သို့ အမြန်ဆုံး ပြန်လည် ရောက်ရှိအောင် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်၏။

ယင်းအပြင် ကျန်းချန်၏ အင်မော်တယ်ဝိညာဥ်ကိုသာ ဝါးမျိုနိုင်မည် ဆိုလျှင် ကျန်းချန်၏ မှတ်ဥာဏ်များမှ တစ်ဆင့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ် ကဲ့သို့ အထွတ်အထိပ်ဧကရာဇ်နည်းစနစ်များကိုပါ ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

“ကျန်းချန်.. မင်းက ငါ့ကို တကယ်ပဲ အံ့အားသင့်စေတယ်.. ကောင်းကင်ဧကရာဇ် နန်းတော်က အကြီးအကဲ တစ်ယောက်ယောက်ရဲ့ အမွေအနှစ်ကို မင်းရထားမှတော့ မင်းရဲ့ အင်မော်တယ်ဝိညာဥ်နဲ့အတူ အဲဒီ အမွေအနှစ်တွေကိုပါ ငါ့ကို လွှဲအပ်ဖို့ ပြင်ထားလိုက်တော့‌”

ယောင်ရွဲ့၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် လက်ခနဲ ဖြစ်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ ကြယ်တာရာများထက်ပင် ပိုမို တောက်ပသော အလင်းတန်းများက ပေါက်ကွဲထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားဖြင့် ကျန်းချန်ကို တိုက်ိခုက်လိုက်သည်။

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို အသုံးပြုပြီး သူ့ရှေ့မှ ယောင်ရွဲ့ကို ခြောက်လှန့်ဖို့ ဆိုသည်မှာ မဖြစ်နိုင်မှန်း ထင်ရှားနေခဲ့သည် မဟုတ်ပါလော။

သို့သော်လည်း ယောင်ရွဲ့နှင့် ရင်ဆိုင်ရာတွင် ကျန်းချန်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ရွှေအင်မော်တယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျန်းချန် အတွက် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ တစ်ဦးကို တိုက်ခိုက်ရန်မှာ မည်သည့် ဖိအားမျှ ရှိမနေခဲ့ပေ။

ယောင်ရွဲ့သည် တစ်ချိန်က တလော့ အင်မော်တယ်တစ်ပါး ဖြစ်ခဲ့၍ တိုက်ခိုက်ရေးစွမ်းရည်တွင် သာမန်ရွှေအင်မော်တယ်သတ္တမအဆင့်ထက် သာလွန်သော်လည်း ကျန်းချန်နှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင်မူ အားနည်းမှု ရှိနေဆဲ ဖြစ်ပြီး ကျန်းချန်၏ တိုက်ခိုက်မှုကြောင့် နောက်သို့ ဆက်တိုက်ဆိုသလို ဆုတ်ခွာခဲ့ရသည်။

“ဝုန်း..”

နောက်ထပ် ပြင်းထန်သော ထိပ်တိုက် ရင်ဆိုင်မှုအပြီးတွင် ယောင်ရွဲ့သည် ခန်းမဆောင်၏ နံရံသို့ တစ်ဖန် လွင့်စင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

“ရွှေအင်မော်တယ် တတိယအဆင့် အထွတ်အထိပ်ပါလား.. ဒီ‌ကောင်လေးရဲ့ ခွန်အားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာရတာလဲ”

ယောင်ရွဲ့က အတော်လေး အံ့ဩတုန်လှုပ်သွားခဲ့သည်။

သုံးလအတွင်း ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ် ပထမအဆင့်ကနေ တတိယအဆင့် အထွတ်အထိပ်ကို ရောက်သွားလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

သူ၏ လက်ရှိ ရွှေအင်မော်တယ် သတ္တမအဆင့် စွမ်းအားနှင့် တလော့အဆင့် နည်းစနစ် တချို့ဖြင့်ပင် ထိုကောင်လေးကို လုံးဝ မယှဥ်နိုင် ဖြစ်နေခဲ့သည်။

“ကျန်းချန် မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ.. ဒီနေ့ ငါ့ရှေ့မှာ မင်းဘာမှ တတ်နိုင်မှာ မဟုတ်ဘူး”

ယောင်ရွဲ့က အေးစက်စက် ကြုံးဝါးလိုက်ပြီး အင်မော်တယ်စွမ်းအားများ ပြည့်နှက်နေသည့် တောက်ပသော အလင်းတန်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ခွန်အားများ အရှိန်အဟုန်ဖြင့် တိုးတက်လာသော ကျန်းချန်ကို ရင်ဆိုင်ရန် အတွက် ယောင်ရွဲ့သည် သူ၏ တလော့ဓမ္မခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။

သူက ရှင်းချီ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးနောက်တွင် ရွှေအင်မော်တယ် သတ္တမအဆင့် အထိသာ ကျင့်ကြံနိုင်ခဲ့သော်လည်း တလော့အင်မော်တယ် တစ်ပါး၏ အင်မော်တယ်ဝိညာဥ်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

ထို့ကြောင့် သူက တလော့ဓမ္မခန္ဓာကိုယ်ကို ဖော်ထုတ်နိုင်စွမ်း ရှိ၏။

ရွှေအင်မော်တယ် သတ္တမအဆင့်နှင့် အင်မော်တယ်ဝိညာဥ်စွမ်းအားဖြင့် ပေါင်းစပ်ထားသော တလော့ဓမ္မခန္ဓာကိုယ်သည် စစ်မှန်သော တလော့ဓမ္မခန္ဓာကိုယ်နှင့် မယှဥ်နိုင်သော်လည်း ခြေလှမ်းတစ်ဝက် တလော့ အင်မော်တယ် တစ်ပါး၏ ခွန်အားကို ထုတ်ဖော်နိုင်ဆဲ ဖြစ်ပြီး သာမန် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိသည်။

“တလော့ဓမ္မခန္ဓာကိုယ်”

ယောင်ရွဲ့၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ထိုနေ့က ယောင်ရွဲ့သည် တလော့ဓမ္မခန္ဓာကိုယ်ကို အသုံးပြု၍ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်သည့် စန်းဟန်ရှန်းကို နှိမ်နင်းခဲ့သော မြင်ကွင်းသည် သူ၏ မှတ်ဥာဏ်ထဲတွင် ယခုအချိန်အထိ ထင်ရှားစွာ ရှိနေသေးသည်။

သူ၏ ကျင့်ကြံခြင်း အဆင့်က ယခုအခါတွင် ရွှေအင်‌မော်တယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း တလော့ အင်မော်တယ် တစ်ပါး၏ တလော့ဓမ္မခန္ဓာကိုယ်ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိသေးပေ။

ယောင်ရွဲ့၏ ခန္ဓာကိုယ်မှ ပျံ့လွင့်လာသည့် တောက်ပသော အလင်းတန်းများသည် ဟင်းလင်းပြင်ထဲတွင် လရောင်လွှမ်းနေသော ပုံရိပ်တစ်ခု အဖြစ်သို့ တစ်ခဏအတွင်း ပြောင်းလဲသွားခဲ့သည်။

ဤပုံရိပ်သည် နောက်ဆုံးအကြိမ်က ယောင်ရွဲ့ ဖော်ထုတ်ခဲ့သည့် တလော့ဓမ္မခန္ဓာကိုယ်လောက် မမြင့်မားသော်လည်း ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါကမူ အားနည်းခြင်း မရှိပေ။

“ကျန်းချန် သေဖို့သာ ပြင်ထားပေတော့”

ယောင်ရွဲ့က အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ တလော့ဓမ္မခန္ဓာကိုယ်ကို လှုံ့ဆော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ် လက်ဖဝါး တစ်ဖက်သည် ဟင်းလင်းပြင်ကို ချေမှုန်းနိုင်လောက်သော စွမ်းအားဖြင့် ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး နတ်ခန္ဓာပုံရိပ် ဖြစ်သည့် ပျက်စီးခြင်းဓားပုံရိပ်ကို ထုတ်ဖော်ကာ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို တစ်ကွက်ပြီးတစ်ကွက် ထုတ်ဖော်လိုက်သည်။

ဓားအလင်းများက သူ့ထံသို့ သက်ရောက်လာသည့် လက်ဖဝါးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

သို့သော်လည်း အရာအားလုံးက အချည်းနှီးသာ ဖြစ်သွားခဲ့သည်။

ကျန်းချန်၏ ဓားစွမ်းအားများသည် လက်ဖဝါးမှ စွမ်းအားများနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားခဲ့သည်။

အဆုံးသတ်တွင် ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြု၍ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို ထုတ်ဖော်လိုက်သောအခါမှသာ ထိုလက်ဝါးရိုက်ချက်ကို ခုခံနိုင်ခဲ့သည်။

“မင်းရဲ့ကိုယ်ပေါ်မှာ ဒီလို အင်‌မော်တယ်ရတနာ တစ်ပါး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ကြည့်ရတာ မင်းက ရှေးခေတ်ကာလက အင်အားကြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်ရဲ့ အမွေအနှစ်ကို ရထားတဲ့ပုံပဲ”

ကျန်းချန် ထုတ်ဖော်လိုက်သည့် အင်မော်တယ်ကျောက်တိုင်ကိုမြင်လျှင် ယောင်ရွဲ့၏ မျက်ဝန်းထဲ၌ လောဘအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ဘာစကားမျှ မပြောဘဲ ကုန်ဆုံးသွားသော ခွန်အားများကို ပြန်လည် ဖြည့်တင်းရန် အတွက် ဆေးလုံးတစ်လုံးကို အလျင်အမြန် မျိုချလိုက်သည်။

ယ‌နေ့တွင် ယောင်ရွဲ့၏ တလော့ဓမ္မခန္ဓာကိုယ်ကို ရင်ဆိုင်ရန်အတွက် သူ့အနေဖြင့် အစွမ်းကုန် ကြိုးစားရတော့မည် ဖြစ်သည်။

“မင်းက အားကုန်ခံပြီး ရုန်းကန်နေဦးမလို့လား.. မင်းရဲ့ လက်ရှိခွန်အားနဲ့က ဒီအရှင်ရဲ့ တလော့ဓမ္မခန္ဓာကိုယ်ကို ရင်ဆိုင်ဖို့ အရည်အချင်း မရှိသေးဘူး”

ယောင်ရွဲ့က အေးစက်စက် ပြုံးလိုက်ပြီး တလော့ဓမ္မခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထပ်မံ လှုံ့ဆော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ် လက်ဖဝါးတစ်ဖက်သည် ကောင်းကင်ယံကနေ ကျန်းချန်ထံ သက်ရောက်လာခဲ့ပြန်သည်။

ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို ထပ်မံ အသုံးပြုရန် ပြင်လိုက်စဥ်မှာပင် အင်မော်တယ်ကျောက်တိုင် ထံမှ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ကောင်လေး တလော့ဓမ္မခန္ဓာကိုယ်ကို ဒီလိုမျိုး တိုက်ခိုက်လို့မရဘူး.. လျှို့ဝှက်ဆန်းကြယ် ဓားကျိုးကို အသုံးပြုပြီး အပြာရောင်ဧကရာဇ် ဓားကွက်ကို အမြန်ဆုံး ထုတ်ဖော်လိုက်”

အခန်း(၂၈၄၈)ပြီး၏။

All Chapters