အခန်း (၂၇၇-၂၇၈)
Vol. 24 Ch. 277-278
အခန်း(၂၇၇)
ဘားကပ်စ်က သူ့ပတ်ပတ်လည်မှာ ရှိနေတဲ့ ရီနေးတားနိုင်ငံသားတွေအကုန်လုံးကို လှည့်ကြည့်လိုက်တယ်။ သူတို့ပြောနေကြတာ တကယ်ပဲ စွမ်းရည်အကြောင်း မဟုတ်လောက်ပါဘူးလေ။ ဘာလို့လဲဆိုတော့ စွမ်းရည်ဆိုတာ လူတွေမွေးကတည်းက ပါလာပြီး ဘဝသက်တမ်းတစ်လျှောက်မှာ အလိုလိုနိုးထလာတတ်တဲ့ ပင်ကိုယ်တန်ခိုးမျိုးပဲလေ။ အဲဒါက ဒင်္ဂါးပြားတစ်ခုလိုမျိုး လောင်းကြေးထပ်လို့ရတဲ့အရာ ဒါမှမဟုတ် သူများဆီ ပေးပစ်လို့ရတဲ့အရာမျိုး မဟုတ်သင့်ဘူး။
“တကယ်ကြီးလား အစ်ကိုမိုက်ကယ်။ ငါ အဲဒီ ကြယ်၄ပွင့် အရိပ်ရွှေ့ပြောင်းခြင်းစွမ်းရည်ကို ရအောင်ယူမှာ။ မင်းတို့လူတွေ သုံးနေတာ တွေ့ဖူးတယ်။ ရထားလုံးထဲမှာ ရက်ပေါင်းများစွာ အကြာကြီး ထိုင်မသွားချင်တော့ဘူးလေ” လို့ ဇိုင်ယွန်က သူ့မျက်လုံးထဲမှာ အရှုံးမပေးချင်တဲ့ ဇွဲထက်သန်မှုတွေ ပြည့်နှက်ရင်း ပြောလိုက်တယ်။
အနီရောင် ဟော့ဘ်မျောက်လူတောင်မှ သူသာ နိုင်သွားရင် ရမယ့်စွမ်းရည်အကြောင်းကို စဉ်းစားပြီး တံတွေးခွက်ခနဲ မျိုချလိုက်မိတယ်။
“အိုး... ဒါက တကယ့်ကို လောင်းကြေးအကြီးကြီးပဲ” လို့ ဘေးကနေ ကြည့်နေတဲ့လူတွေထဲက တစ်ယောက်က ရေရွတ်လိုက်တယ်။
“ငါလည်း ကိုယ်ပိုင်စွမ်းရည်တစ်ခုလောက် လိုချင်တာပဲ။ ဒါပေမဲ့ ဆရာ့ဆီကနေ အချိန်တစ်ခု သတ်သတ်မှတ်မှတ် ရဖို့အတွက် နောက်ထပ် လအနည်းငယ်လောက်တော့ ကြိုးစားပြီး အလုပ်လုပ်ရဦးမယ်”
အခုဆိုရင် ရီနေးတားနိုင်ငံက နိုင်ငံသား ၃၀,၀၀၀ ကျော်လောက်အထိ အင်အားကြီးထွားလာခဲ့ပြီ ဖြစ်လို့ မိုက်ကယ်အနေနဲ့ ရီနေးတားနိုင်ငံသားတွေ လိုချင်တဲ့အချိန်တိုင်း စိတ်ကြိုက်စွမ်းရည်တွေကို ဒီအတိုင်း လွယ်လွယ် ပေးလို့မရတော့ဘူး။
အရင်တုန်းက လူထောင်ဂဏန်းလောက်ပဲ ရှိသေးတဲ့အချိန်တုန်းကတော့ သူက စွမ်းရည်တွေကို ကြေးဒင်္ဂါးပြားတွေလိုမျိုး အလွယ်တကူ ပေးခဲ့တယ်။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ ဆုလာဘ်အပ်နှင်းခြင်းအပိုင်းမှာ နည်းနည်းလေး ပိုပြီး ခြိုးခြံချွေတာလာရတယ်။ အဲလိုသာ မလုပ်ရင် သူက နေ့တိုင်း ရီနေးတားနိုင်ငံသားတွေကို စွမ်းရည်တွေ ပေးနေရရုံနဲ့တင် အချိန်တွေအများကြီး ကုန်သွားမှာပဲလေ။
ဒါကြောင့် သူက စွမ်းရည်တွေအတွက် လုပ်အားအပေါ် အခြေခံတဲ့ စနစ်တစ်ခုကို ကျင့်သုံးလိုက်တယ်။ သူတို့တွေ ရီနေးတားနိုင်ငံ တိုးတက်ဖို့အတွက် အပြည့်အဝ ကြိုးစားအားထုတ်ပြီးတာနဲ့ သူ့ဆီမှာ တစ်ယောက်ချင်းစီ တွေ့ဆုံခွင့်ရမှာဖြစ်ပြီး သူတို့စိတ်ကြိုက် လိုချင်တဲ့ စွမ်းရည်ကို တောင်းဆိုခွင့် ရှိမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်က အလုပ်သမားတွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ စိတ်ဓာတ်လှုံ့ဆော်မှုတစ်ခု ဖြစ်လာခဲ့တယ်။ ဒါကြောင့် မိုက်ကယ်က နိုင်ငံတော်ထဲက အခြားသော အထောက်အပံ့ပစ္စည်းတွေမှာလည်း ဒီစနစ်ကို စတင်ကျင့်သုံးခဲ့ပြန်တယ်။ ဥပမာပြောရရင် လူတွေဟာ သူတို့ရဲ့ လုပ်အားအလိုက် မီသရယ် မှော်ဝင်ပစ္စည်းတွေ၊ တစ်နှစ်စာ သောက်လို့ရမယ့် ဘီယာတွေ ဒါမှမဟုတ် ခြောက်သွေ့လွင်ပြင်က အိမ်နဲ့ခြံကွက်ကိုပါ ရရှိနိုင်မှာ ဖြစ်တယ်။
ဒါပေမဲ့ လူတိုင်း အလိုချင်ဆုံး ဖြစ်နေတဲ့ ဆုလာဘ်ကတော့ စိတ်ကြိုက်ဖန်တီးပေးမယ့် စွမ်းရည်ပါပဲ။ မိမိတို့ ကျွမ်းကျင်တဲ့ ကဏ္ဍအလိုက် စွမ်းရည်တွေကို မြှင့်တင်ချင်ကြတဲ့ လူတွေအတွက်တော့ ဒါက အခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့အရာ ဖြစ်ပြီး လုပ်အားတွေ ပိုမိုရရှိအောင်လည်း ကူညီပေးနိုင်တယ်။
ဒါကြောင့် သူက စွမ်းရည်တစ်ခုကို လောင်းကြေးအဖြစ် ကမ်းလှမ်းလိုက်တဲ့အခါမှာတော့ ရီနေးတားနိုင်ငံသားအားလုံး စိတ်ဝင်တစား ဖြစ်သွားကြတယ်။
“ဒိုင်... ဖဲချပ်တွေ လှန်လိုက်တော့” ဇိုင်ယွန်က စားပွဲကို လက်သီးနဲ့ ထုပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တယ်။
အဲဒီနောက် အရိပ်ဝံပုလွေက စားပွဲပေါ်က ဖဲချပ်ငါးချပ်ကို အပေါ်ဘက် လှန်ပြလိုက်တယ်။
“ဟားဟား” ဇိုင်ယွန်က နေရာကနေ ဝမ်းသာအားရ ခုန်ထလိုက်ပြီး သူ့ရဲ့ ဖဲချပ်နှစ်ချပ်ကို မိုက်ကယ်ကို ပြလိုက်တယ်။ “အစ်ကိုမိုက်... ငါ Two Pair Combo ရတယ်ဟေ့”
(TR Note: ပိုကာဝိုင်းအသုံးအနှုန်းတွေကို မူရင်းရသမပျက်အောင် Englishလိုပဲဆက်သုံးပါမယ်)
သူက သူ့ဖဲချပ်တွေကို ပြလိုက်တဲ့အခါမှာတော့ ဒိုင်ကလည်း သူ့ရဲ့ ဖဲချပ်နှစ်ချပ်ဟာ စားပွဲပေါ်က ငါးချပ်ထဲက နှစ်ချပ်နဲ့ တူနေပြီး Two Pairs ဖြစ်နေတာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်တယ်။
“စိတ်မကောင်းပါဘူးဗျာ... ငါက Trips ရထားတာ”
မိုက်ကယ်က သူ့ရဲ့ ဖဲချပ်နှစ်ချပ်ဖြစ်တဲ့ Hearts 5 နဲ့ Clubs 5 ကို ပြလိုက်တယ်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒိုင်ရဲ့ စားပွဲပေါ်မှာ ရှိနေတဲ့ ဖဲချပ်တွေထဲက တစ်ချပ်ကလည်း Diamonds 5 ဖြစ်နေတဲ့အတွက် 5 set ဖြစ်သွားတယ်။
“ဟာကွာ” ဇိုင်ယွန်က ရှုံးနိမ့်သွားတဲ့ပုံစံနဲ့ သူ့ခုံပေါ် ပြန်ထိုင်ကျသွားတယ်။
အခုဆိုရင် စားပွဲပေါ်မှာ ဖဲချပ်မလှန်ရသေးတဲ့ နောက်ထပ်တစ်ယောက်ပဲ ကျန်တော့တယ်။
“မင်းက Tripsကို နိုင်နိုင်ဦးမလား” လို့ ဒိုင်က အနီရောင် ဟော့ဘ်မျောက်လူကို မေးလိုက်တယ်။
သူက ပထမတော့ ဖဲချပ်ပြဖို့ ရှက်နေပုံရပေမယ့် နောက်ဆုံးတော့ Clubs 2 နဲ့ Diamonds 3 ဖဲချပ်တွေကို လှန်ပြလိုက်တယ်။
အဲဒီ ဖဲချပ်နှစ်ချပ်က အစမှာတော့ သိပ်ပြီး ထူးခြားပုံမရပေမယ့် ဒိုင်ရဲ့ စားပွဲပေါ်က ငါးချပ်နဲ့ ပေါင်းလိုက်တဲ့အခါမှာတော့ လုံးဝကို ကွဲပြားခြားနားတဲ့ ရလဒ်တစ်ခု ထွက်လာခဲ့တယ်။
ဒိုင်ရဲ့ စားပွဲပေါ်မှာ ရှိနေတာက Hearts 4၊ Diamonds 5 နဲ့ Clubs 6 တို့ ဖြစ်နေလို့ပဲ။
နံပါတ် ၂ ကနေ ၆ အထိ ဖဲချပ်တွေဟာ Straight Combo ဖြစ်သွားခဲ့ပြီ။ အနီရောင် ဟော့ဘ်မျောက်လူ နိုင်သွားပြီပေါ့။
အနီရောင် ဟော့ဘ်မျောက်လူဟာ သူ့ရဲ့ ကံကောင်းမှုကိုတောင် သူကိုယ်တိုင် မယုံနိုင်အောင် ဖြစ်နေတယ်။
“ဂုဏ်ယူပါတယ်” လို့ မိုက်ကယ်က သူ့ကို ပြောလိုက်တယ်။ “ကတိအတိုင်းပဲ... ငါ မင်းကို စွမ်းရည်တစ်ခု ပေးရမယ်။ ဘာလိုချင်လဲ”
အနီရောင် ဟော့ဘ်မျောက်လူက ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။ စက္ကန့်ပိုင်းလောက်ကြာတော့ သူ့တပ်ခွဲထဲက မျောက်လူသူငယ်ချင်းအချို့ သူ့နားကို အပြေးအလွှား ရောက်လာကြပြီး တစ်ယောက်တစ်ပေါက် တောင်းဆိုကြတော့တာပဲ။
“သူငယ်ချင်းရာ... မင်း လျှပ်စီးအစွမ်းတွေနဲ့ ခုတ်တဲ့ ဆာဂျာကူ လိုမျိုးလန်းတဲ့ ဓားသိုင်းစွမ်းရည်တစ်ခုလောက် ယူလိုက်ပါလား။ ကြယ်၄ ပွင့်အဆင့် လျှပ်စီးဓားချက်ဆိုရင် မိုက်မှာ” လို့ သူတို့ထဲက တစ်ယောက်က ပြောတယ်။
“မဟုတ်ဘူး၊ မဟုတ်ဘူး... သူက အရိပ်စွမ်းရည်ကိုပဲ ယူသင့်တာ။ အော့ခ်တွေရဲ့ နင်ဂျာစွမ်းရည်တွေက တကယ့်ကို လန်းတာ မဟုတ်ဘူးလား”
အနီရောင် ဟော့ဘ်မျောက်လူက လူတိုင်းရဲ့ တောင်းဆိုချက်တွေကို နားထောင်ပေမယ့် ဘယ်အရာကမှ သူ့စိတ်ကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ဘူး။ သူက တပ်ခွဲတစ်ခုလုံးကို ခြုံငုံပြီး ကူညီပေးနိုင်မယ့် တခြားထူးခြားတဲ့အရာတစ်ခုကိုပဲ လိုချင်တယ်။
“ဟို... ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခု ရှိပါတယ်” လို့ သူက မိုက်ကယ်ကို ပြောလိုက်တယ်။ “သခင်... ကျွန်တော် စကားပြောစရာမလိုဘဲနဲ့ ကျွန်တော့်အဖွဲ့သားတွေနဲ့ ဆက်သွယ်ချင်တယ်... စိတ်ချင်းအာရုံခံပြီး ပြောသလိုမျိုးပေါ့”
ဒီစကားကို ကြားလိုက်ရတဲ့အခါမှာတော့ ဘားကပ်စ်က ဒီကမ္ဘာပေါ်မှာ အဲလိုမျိုးမန္တန် မရှိနိုင်ဘူးလို့ စိတ်ထဲကနေ တွေးမိနေတယ်။ ကွင်းစ်နယ်မြေရဲ့ ဒီလိုမျိုး တောကျတဲ့နေရာမှာတော့ လုံးဝမရှိနိုင်တာ အသေအချာပဲပေါ့။
မိုက်ကယ်က ဒီတောင်းဆိုချက်ကို ချက်ချင်း ငြင်းပယ်လိုက်လိမ့်မယ်လို့ သူ ထင်ထားခဲ့တာ။ ဒါပေမဲ့ မိုက်ကယ်က အဲဒီအစား မျက်လုံးကို ခဏလောက်မှိတ်ပြီး စဉ်းစားလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်းပြီလေ” လို့ မိုက်ကယ်က ပြောတယ်။ “စိတ်ကြိုက်ဖန်တီးပေးထားတဲ့ ကြယ် ၃ ပွင့်အဆင့် စွမ်းရည် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးတစ်ခု အခုပဲ ရစေရမယ်”
သူက လက်ကို မြှောက်လိုက်တဲ့အခါမှာတော့ ချက်ချင်းပဲ အနီရောင် ဟော့ဘ်မျောက်လူရဲ့ ရင်ဘတ်ပေါ်မှာ တောက်ပတဲ့ အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့တယ်။
အဲဒီအလင်းက ခဏလောက် လူတိုင်းရဲ့ မျက်စိကို ကျိန်းသွားစေပြီးမှ ပြန်လည်ပျောက်ကွယ်သွားတယ်။
“ဘာဖြစ်သွားတာလဲ” လို့ ဘားကပ်စ်က အကျယ်ကြီး မေးလိုက်တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ အနီရောင် ဟော့ဘ်မျောက်လူရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားတာကို သူ သတိထားမိလိုက်တယ်။ သူက အခြားမျောက်လူတွေကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ အားလုံးက တစ်ချိန်တည်းမှာပဲ လက်တွေကို မြှောက်ပြီး တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြသလိုမျိုး အမူအရာတွေ လုပ်နေကြတယ်။
“မဖြစ်နိုင်တာ...” သူ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ “သူတို့တွေ... သူတို့တွေ စွမ်းရည်တစ်ခုကနေတစ်ဆင့် စိတ်ချင်း ဆက်သွယ်နေကြတာလား”
မိုက်ကယ်က ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်တယ်... ငါ သူ့ကို ရေဒီယိုလှိုင်းလိုမျိုး ဖြစ်သွားစေမယ့် စွမ်းရည်တစ်ခု ပေးလိုက်တာ။ အော်... မင်းကတော့ ဒါကို နားလည်မှာ မဟုတ်သေးပါဘူးလေ။ အဲဒါက သူ့ရဲ့ တပ်ခွဲဝင်တွေနဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ဆက်သွယ်မှုတစ်ခုကို ဖန်တီးပေးပြီး စိတ်ထဲကနေ စကားပြောနိုင်အောင် လုပ်ပေးတာပဲ”
“ဒါပေမဲ့... ဒါပေမဲ့... စွမ်းရည်တစ်ခုကို... မဖြစ်နိုင်တာ... ဘယ်လိုလုပ်ပြီး...”
ဘားကပ်စ်ရဲ့ ပါးစပ်ကနေ စကားလုံးတွေ သေသေချာချာ ထွက်မလာတော့ဘူး။ အခုအချိန်မှာ သူ့ရဲ့ ခံစားချက်ကို တုန်လှုပ်ချောက်ချားတယ်လို့ ပြောရင်တောင် မလုံလောက်သေးဘူး။ စိတ်အနှောင့်အယှက်ဖြစ်ပြီး ကမောက်ကမ ဖြစ်သွားရတာမျိုးလို့ ပြောရမယ်။
သူဟာ မိုက်ကယ်နဲ့ ရီနေးတားနိုင်ငံသားတွေကို အရင်နဲ့မတူတဲ့ အကြည့်မျိုးနဲ့ ကြည့်ရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူး။
လောင်းကြေးကိစ္စ ပြီးသွားတဲ့အခါမှာတော့ လူတိုင်းက ဘာမှမဖြစ်ခဲ့သလိုမျိုး သူတို့ရဲ့ ကစားပွဲတွေဆီ ပြန်လှည့်ပြီး ပုံမှန်အတိုင်း ဆက်ကစားနေကြတယ်။
မိုက်ကယ်က စွမ်းရည်တစ်ခုကို ဘာမှမရှိတဲ့အရာကနေ ဖန်တီးပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူတစ်ပါးကို ပေးပစ်လိုက်တာကို မြင်တွေ့လိုက်ရတာ ဖြစ်ပြီး ဘာလို့သူတစ်ယောက်တည်းပဲ ကြောင်အမ်းအမ်း ဖြစ်နေရတာလဲဆိုတာ သူ နားမလည်နိုင်တော့ဘူး။
‘ဒါက သူတို့အတွက် ပုံမှန်အလုပ်တစ်ခုလို ဖြစ်နေတာလား။ ကြယ် ၄ ပွင့်အဆင့် စွမ်းရည်တစ်ခုကို ဒီအတိုင်း လွယ်လွယ်လေး ပေးလိုက်တာလား…’
ဘားကပ်စ်အနေနဲ့ မေးခွန်းတစ်ခုကိုတောင် သေသေချာချာ မတွေးတောနိုင်သေးခင်မှာပဲ မိုက်ကယ်ရဲ့ နောက်ကျောဘက် မြေပြင်ကနေ မည်းမှောင်တဲ့ အရိပ်တစ်ခု ထွက်ပေါ်လာတာကို မြင်လိုက်ရတယ်။ အဲဒီအရိပ်က ဖြည်းဖြည်းချင်း ပုံစံပြောင်းလဲသွားပြီး သူတို့စားပွဲမှာ ဖဲဝေပေးနေတဲ့ အော့ခ်နဲ့ ဆင်တူတဲ့ အော့ခ်တစ်ယောက်ရဲ့ ပုံသဏ္ဌာန် ဖြစ်လာခဲ့တယ်။
အဲဒီအော့ခ်က မိုက်ကယ်ကို ဦးညွှတ်လိုက်တယ်။ “သခင်... ဓားပြတွေ နောက်ဆုံးတော့ လှုပ်ရှားလာကြပြီ။ သူတို့တွေ အန်ဂိုရာမြို့ကနေ ပထမအခြေစိုက်စခန်းကို သွားတဲ့ လမ်းတစ်ဝက်က ရွှေလမ်းမကြီးအနီးက ချို့င်ဝှမ်းတွေရဲ့ အပေါ်ဘက်မှာ နေရာယူထားကြပြီ ခင်ဗျာ”
ဘားကပ်စ်က သူတို့ရဲ့ စကားဝိုင်းကို ကြားလိုက်ရတဲ့အခါမှာတော့ သူ့စိတ်ထဲရှိတဲ့အတိုင်း ဝင်ပြောမိတော့တယ်။ “နေပါဦး... အဲဒီဓားပြတွေက လည်ပင်းမှာ အမည်းရောင် ပဝါတွေ ပတ်ထားကြတာလား”
အော့ခ်က စကားပြောဖို့ ခွင့်ပြုချက်တောင်းတဲ့အနေနဲ့ မိုက်ကယ်ကို အရင်ကြည့်လိုက်တယ်။ မိုက်ကယ်က ခေါင်းညိတ်ပြလိုက်တော့မှ သူက ဘားကပ်စ်ဘက်ကို လှည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်ပါတယ်... သူတို့ကို အားဖြည့်ထားတဲ့ ကျောက်နက်သားနဲ့ လုပ်ထားတဲ့ ဓားကောက်ကြီးတစ်လက်ကို ကိုင်ထားတဲ့လူက ဦးဆောင်နေတာပါ”
ဘားကပ်စ်က ဘယ်သူလဲဆိုတာ သိသွားပြီး လန့်ဖျပ်သွားခဲ့တယ်။
“ဒါဆို အဲဒါ လူယုတ်မာဓားပြဂိုဏ်းက စလစ်ဇီပဲ။ သူက ဖြတ်သန်းသွားတဲ့နေရာတိုင်းမှာ လွတ်နေတဲ့ ရထားလုံးတွေနဲ့ သွေးကွက်တွေကိုပဲ ချန်ထားခဲ့တတ်တာကြောင့် နာမည်ကြီးတယ်။ မင်းတို့ရဲ့ ကုန်သည်တွေကို အခုချက်ချင်း ပြန်ဆုတ်ခိုင်းရမယ်”
* * * * * * * *
စာစဉ်(၂၄)
အခန်း(၂၇၈)
"ကျိန်စာမိသလိုပဲဗျာ။ သူတို့က ကူညီမယ့်သူမရှိတဲ့ နေဝင်ချိန်ကြီးကိုမှ ရွေးပြီး တိုက်ခိုက်ကြတာပဲ။ အကယ်၍ သူတို့က အန်ဂိုရာမြို့နဲ့ ပထမဆုံးအခြေချစခန်းရဲ့ အလယ်တည့်တည့်မှာ ရောက်နေတာဆိုရင် စစ်ကူလွှတ်ဖို့ အနည်းဆုံး သုံးရက်တော့ ကြာလိမ့်မယ်" လို့ ဘားကပ်စ်က သွားကြိတ်ပြီး ပြောလိုက်တယ်။ "ကျွန်တော် ဒီလိုမျိုး အကြံအဖန်တွေရဲ့ သားကောင်ဖြစ်ခဲ့ရတာ အကြိမ်ကြိမ်ပဲ"
ပြီးတော့ သူက မိုက်ကယ်ကို ကြည့်ပြီး တစ်ခုခုကို သဘောပေါက်သွားတယ်။
"အကယ်၍ မင်းက ဒါကို စုံစမ်းသိရှိနိုင်ခဲ့တယ်ဆိုရင် မင်းရဲ့ ကုန်သည်တွေကို ဘာလာမလဲဆိုတာ အကြောင်းကြားဖို့ နည်းလမ်းရှိနေပြီပေါ့။ လမ်းလွှဲလိုက်ရင်ကော ဘာဖြစ်မလဲ"
ဒါပေမဲ့ ထူးဆန်းတာက ဒီအခြေအနေကို သူတစ်ယောက်တည်းပဲ ပျာပျာသလဲ ဖြစ်နေပုံရတာပါပဲ။
"မင်း ဘာလို့ ဘာမှမပြောတာလဲ" လို့ သူက မိုက်ကယ်ကို မေးလိုက်တယ်။
"မင်းရဲ့ ကုန်သည်တွေ ဓားပြတိုက်ခံရမှာကို မစိုးရိမ်ဘူးလား"
မိုက်ကယ်က ပုခုံးတွန့်ပြလိုက်တယ်။
"အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ အော့ခ်တွေက အဲဒီဓားပြတွေကို စောင့်ကြည့်နေတာ ကြာလှပြီ။ ပြီးတော့ ရွှေလမ်းမကြီးက သူ့ဘာသာသူ ရပ်တည်နိုင်စေချင်လို့ ကျွန်တော် အဲဒီကိစ္စထဲ ဝင်မပါဖို့ စိတ်ကူးထားတယ်"
ဘားကပ်စ်က မိုက်ကယ်ကို စိုက်ကြည့်လိုက်တယ်။
"မင်းက ရွှေလမ်းမကြီးရဲ့ အကန့်အသတ်ကို စမ်းသပ်နေတယ်"
"ဟုတ်တယ်" လို့ မိုက်ကယ်က ပြန်ဖြေတယ်။
"အနာဂတ်မှာ ဒီလမ်းပေါ်ကနေ ဖြတ်သန်းသွားလာမယ့် တခြားကုန်သည်တွေ အများကြီး ရှိလာလိမ့်မယ်။ သူတို့ အိပ်ပျော်နေတုန်း သူခိုးတွေ ဓားပြတိုက်မှာကို စိုးရိမ်စရာမလိုအောင် ကျွန်တော် သေချာအောင် လုပ်ထားရမယ်"
ဒါက ဘားကပ်စ်လို လူမျိုးအတွက်တော့ စိတ်ကူးလို့တောင်မရတဲ့ အရာပဲ။ မိုက်ကယ်က သူ့လူတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဘာသံသယမှမရှိဘဲ လုံးဝဥဿုံ ယုံကြည်မှုလွန်ကဲနေပုံရတယ်။
"မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
ပြီးတော့ မိုက်ကယ်က ဖဲခုံမှာ ထိုင်နေတဲ့ အနီရောင်မျောက်လူဆီကို လှည့်လိုက်တယ်၊ တခြား အနီရောင်မျောက်လူတွေကလည်း စွမ်းရည်အသစ် ရသွားတဲ့အတွက် သူ့ကို ဝိုင်းပြီး ဂုဏ်ပြုနေကြတုန်းပဲ။
ဘားကပ်စ်က ဖဲခုံနားမှာ စုဝေးနေတဲ့ မျောက်လိုလို လူတစ်ပိုင်းသတ္တဝါ ဆယ်ယောက်ကျော်လောက်ကို ကြည့်လိုက်တယ်။ သူတို့က ပုံမှန်မျိုးစိတ်တွေနဲ့ နည်းနည်းကွဲပြားနေပုံရပေမဲ့ ကွင်းစ်နယ်မြေမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အနီရောင်မျောက်လူတွေဖြစ်တာကတော့ လုံးဝ သံသယဖြစ်စရာမလိုပါဘူး။
ဘားကပ်စ် မှတ်မိသလောက်တော့ အနီရောင်မျောက်လူတွေမှာ မှော်ပညာအတွက် ပါရမီ လုံးဝမရှိကြဘူး။ သူတို့က တစ်ကမ္ဘာလုံးမှာ အနိမ့်တန်းစား အကျဆုံး လူတစ်ပိုင်းသတ္တဝါတွေပဲ။ ဒါကို မိုက်ကယ်က သူ့ရဲ့ စည်းစိမ်ဥစ္စာ လုံခြုံရေးအတွက် သူတို့ကို လွှဲအပ်ထားတယ်ဆိုတော့ မယုံနိုင်စရာပဲ။
"ဟို…ဟို….ဟိုး...မင်းတို့ အဲဒီအသုံးမကျတဲ့ကောင်တွေကို ကိုင်တွယ်တဲ့အခါ ငါ့ရဲ့ အတွေးအမြင်လေးတွေကို စိတ်ထဲမှတ်ထားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဂရီးဗ်က သူ့ရဲ့ တပည့်တွေကို ပြောလိုက်တယ်။
"ငါ့ရဲ့ ပထမဆုံးစည်းကမ်းကို မှတ်ထားကြ... အဲဒါက ဘာလဲဟင်။ ဟို…ဟိုး... ငါကိုယ်တိုင်တောင် မမှတ်မိတော့ဘူး"
"တောက်။ မင်းတို့တွေ ဒါကို တလွဲလုပ်ရင်တော့ ငါ တော်တော်လေး စိတ်ပျက်မိမှာပဲ" လို့ ဇိုင်ယွန်က အနီရောင်မျောက်လူတွေကို သတိပေးလိုက်တယ်။
"အင်း... ဒီည ငါ့အစ်မက ငါ့ကို ပန်းကန်ဆေးတဲ့အလုပ်သာ မပေးထားရင် မင်းတို့နဲ့အတူ ငါ လိုက်ခဲ့မှာ"
"ငါ့ရဲ့ ညီငယ်တို့" လို့ ဖတ်ချ်က အနီရောင်မျောက်လူတွေရဲ့ ခေါင်းပေါ်ကို တစ်ယောက်ပြီးတစ်ယောက် ခုန်ကူးရင်း ကြေညာလိုက်တယ်။
"မင်းတို့က နင်ဂျာကောင်းရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတယ်။ ရှေ့ဆက်သွားပြီး အဲဒီလူဆိုးတွေကို နှိမ်နင်းလိုက်ကြစမ်း"
သူတို့ဆီကနေ အနည်းငယ် ထိရောက်တဲ့ အားပေးစကားတွေကို ကြားရပြီးနောက်မှာတော့ ‘ရေဒီယိုမန်း’ လို့ လျှို့ဝှက်အမည်ပေးထားတဲ့ အနီရောင်မျောက်လူတွေရဲ့ ခေါင်းဆောင်က ပြတ်သားတဲ့ မျက်နှာထားနဲ့ မိုက်ကယ်ဘက်ကို လှည့်လိုက်တယ်။
"ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ သခင်။ ကျွန်တော်တို့ကို တာဝန်ပေးစေချင်ပါတယ်"
"ရတယ်" လို့ မိုက်ကယ်က ခေါင်းညိတ်ပြလိုက်တယ်။
"ဟေး... ဘားကပ်စ်။ ခင်ဗျား သွားကြည့်ချင်လား"
ဘားကပ်စ်က မိုက်ကယ်ကို ကြည့်လိုက်တယ်။
"ဘာကို ကြည့်ရမှာလဲ"
သူ ထပ်ပြီး မမေးနိုင်ခင်မှာပဲ မိုက်ကယ်ရဲ့ အရိပ်က ရှည်လျားလာပြီး သူ့ခြေထောက်ဆီအထိ ရောက်လာတာကို မြင်လိုက်ရတယ်။ ပြီးတော့ ဘာမှန်းမသိလိုက်ခင်မှာပဲ မြေပြင်ကနေ အရိပ်ကမ္ဘာတစ်ခုလုံး ထွက်ပေါ်လာပြီး အဆုံးအစမရှိတဲ့ နက်မှောင်မှုကြီးထဲမှာ သူ့ကို ပတ်ပတ်လည် ဝိုင်းပတ်ပိတ်ဆို့သွားခဲ့တယ်
ဘားကပ်စ်ရဲ့ အာရုံခံစားမှုတွေထဲမှာ ရင်မချိစရာ ပျို့အန်ချင်တဲ့ ခံစားမှုကြီးက လွှမ်းမိုးသွားပြီး ဝမ်းဗိုက်ထဲကနေ ကမောက်ကမ ဖြစ်လာတယ်။ အရိပ်နံရံတွေ မြေပြင်ထဲ ပြန်မဝင်သွားခင်အထိ သူ မြေပြင်ပေါ် ဒူးထောက်ပြီး အန်မကျအောင် အောင့်အီးထားလိုက်ရတယ်၊ အဲဒီနောက်မှာတော့ လုံးဝ ကွဲပြားခြားနားတဲ့ ပတ်ဝန်းကျင်တစ်ခု ပေါ်လာပါတယ်။
လွန်ခဲ့တဲ့ တစ်စက္ကန့်က သူတို့ဟာ ပထမဆုံးအခြေချစခန်းရဲ့ အပန်းဖြေအဆောက်အအုံထဲမှာ ရှိနေခဲ့တာဖြစ်ပြီး၊ နောက်တစ်စက္ကန့်မှာတော့ သူတို့ရဲ့ အထက်မှာ ကြယ်တွေလင်းလက်နေတဲ့ ကောင်းကင်ကြီးကလွဲလို့ ဘာမှမရှိတဲ့၊ ဧရာမ ကျောက်တုံးကြီးတွေနဲ့ ကုန်းပြင်မြင့်တွေ နေရာအနှံ့ ပျံ့ကြဲနေတဲ့ အဆုံးမဲ့ မြေပြန့်လွင်ပြင်ကျယ်ကြီးထဲကို ရောက်နေခဲ့ပြီ။
ဘားကပ်စ်က ပါးစပ်က သွားရည်တွေကို သုတ်ရင်း ကိုယ်ကို အတင်းပြန်မတ်လိုက်တယ်။
"ဘာ... ဘာဖြစ်သွားတာလဲ။ ငါတို့ ဘယ်ရောက်နေတာလဲ" လို့ သူက မေးလိုက်တယ်။
သူ ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ မိုးကုတ်စက်ဝိုင်းနဲ့ အပြိုင် ဘယ်ကနေ ညာကို တည့်တည့်ကြီး ဖောက်ထားတဲ့ လမ်းမကြီးတစ်ခုကို မြင်လိုက်ရတယ်။
"ငါတို့ ရွှေလမ်းမကြီးရဲ့ အလယ်ခေါင်မှာ ရောက်နေတာ" လို့ မိုက်ကယ်က ပြန်ဖြေတယ်။
"ငါတို့ရဲ့ အနောက်ဘက်က အန်ဂိုရာမြို့ကို ဦးတည်ထားပြီး ညာဘက်ကတော့ ပထမဆုံးအခြေချစခန်းဆီကို ပြန်ဦးတည်ထားတယ်"
သူ့အနားမှာတော့ မိုက်ကယ်နဲ့အတူ အနီရောင် ဟော့ဘ်မျောက်လူ ဆယ်ယောက်ကျော်လောက် ရှိနေပြီး၊ သူတို့ကတော့ ခုနတင်က ဖြစ်သွားတဲ့ ရုတ်တရက် ရွှေ့ပြောင်းခြင်းကြောင့် ဘာမှ ထိတ်လန့်တုန်လှုပ်ပုံမရကြဘူး။
'နေရာရွှေ့ပြောင်းခြင်းမှော်ပညာလား။ ရိုးရိုးနေရာရွှေ့ပြောင်းတာတင် မဟုတ်ဘူး၊ အဝေးကြီးကို လူအများကြီးကိုပါ ရွှေ့ပြောင်းနိုင်တာလား'
မိုက်ကယ်က ဘားကပ်စ်ရဲ့ အံ့ဩမှင်တက်နေတဲ့ မျက်နှာထားကို ဂရုမစိုက်ဘဲ အနီရောင် ဟော့ဘ်မျောက်လူတွေဘက်ကို လှည့်လိုက်တယ်။
"မင်းတို့အားလုံး မင်းတို့ရဲ့ ပထမဆုံးမစ်ရှင်အတွက် အဆင်သင့်ဖြစ်ပြီလား" လို့ သူက သူတို့ကို မေးလိုက်တယ်။
"အကယ်၍ မင်းတို့ ဓားပြတွေကို နှိမ်နင်းရာမှာ အောင်မြင်ခဲ့ရင် မင်းတို့တပ်ဖွဲ့ကို ခေါ်ဖို့ သင့်တော်တဲ့ နာမည်တစ်ခု ပေးမယ်။ ရီနေးတားစစ်တပ်ရဲ့ ပထမဆုံး စစ်ကြောင်းပေါ့"
အနီရောင် ဟော့ဘ်မျောက်လူတွေက စိတ်လှုပ်ရှားစွာနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့မျက်လုံးထဲမှာ စိုးရိမ်စိတ်တွေ နည်းနည်း ရှိနေသေးပေမဲ့ သူတို့အတွင်းထဲမှာတော့ တောက်လောင်နေတဲ့ မီးလျှံတစ်ခု ရှိနေသလိုပဲ။
"ကောင်းပြီ၊ မင်းတို့ အဆင်သင့်ဖြစ်ရင် ယူနီဖောင်းတွေကို ထုတ်ပြီး နောက်ဆုံးပြင်ဆင်မှုတွေ လုပ်ကြတော့" လို့ သူက ဟော့ဘ်မျောက်လူတွေကို ပြောလိုက်တယ်။
သူတို့က သူတို့ရဲ့ အရိပ်တွေထဲကို လက်လှမ်းပြီး ခေတ်သစ်ကမ္ဘာမှာ နေထိုင်သူတွေအတွက် အလွန်ရင်းနှီးနေမယ့် ဝတ်စုံတွေနဲ့ အသုံးအဆောင်တွေကို ထုတ်ယူလိုက်ကြတယ်။
အနီရောင် မျောက်လူတွေက လွင်ပြင်ရဲ့ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်အောင် ရောနှောနိုင်မယ့် အညိုနုရောင်နဲ့ အညိုရောင် အင်္ကျီတွေ၊ ဘောင်းဘီတွေကို ဝတ်ဆင်လိုက်ကြတယ်။
သူတို့ ဝတ်ဆင်လိုက်တာက စစ်သုံးပြောက်ကျားဝတ်စုံတွေပဲ။
မိုက်ကယ်က ဒါကို ရီနေးတားစစ်တပ်ရဲ့ ပထမဆုံးအဖွဲ့အတွက် သီးသန့် ဒီဇိုင်းဆွဲထားတာ ဖြစ်တယ်။ ပြီးတော့ မိုက်ကယ်အနေနဲ့ သူတို့ဝတ်စုံရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ လက်နက်တွေကိုလည်း မေ့ထားမှာ မဟုတ်ပါဘူး။
ဒီအနီရောင် မျောက်လူတွေက ဓားရေးမှာ ပါရမီရှိကြတယ်။ ဒါကြောင့် မိုက်ကယ်က လွယ်လွယ်ကူကူ ထုတ်သုံးနိုင်ဖို့အတွက် မီသရယ် မှော်ဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ စစ်သုံးဓားမြှောင်တွေကို သူတို့ရဲ့ ခါးပတ်တွေမှာ တပ်ဆင်ပေးထားတယ်။
အနီရောင် ဟော့ဘ်မျောက်လူတွေ သူတို့ရဲ့ ပြင်ဆင်မှုတွေကို အဆုံးသတ်နေတုန်းမှာပဲ ဘားကပ်စ်က ရုတ်တရက် အဝေးဆီကို လှမ်းကြည့်လိုက်တယ်။
အနောက်ဘက်ကနေ တည့်တည့်မတ်မတ် မောင်းနှင်လာတဲ့ မြန်နှုန်းမြင့် မော်တော်ကားတစ်စီး ရှိနေတယ်။
သူ့ဘေးဘက်မှာ ရေးဆွဲထားတဲ့ ဧရာမ ‘R’ သင်္ကေတအရ ဒါဟာ ရီနေးတားရဲ့ ပိုင်ဆိုင်မှုဖြစ်တာ ထင်ရှားလှပါတယ်။
အဲဒီအခါကျမှ ဘားကပ်စ်က အကြောင်းအရာတွေကို ဆက်စပ်မိသွားတော့တယ်။
"ဒီနေရာ... ဒီနေရာက ခြုံခိုတိုက်ခိုက်မယ့် နေရာပေါ့" လို့ သူက တိုးတိုးလေး ကမူးရှူးထိုး ပြောလိုက်တယ်။
"ဟုတ်တယ်။ ပြီးတော့ ဟိုကောင်တွေက ငါတို့ကို ခြုံခိုတိုက်မယ့်ကောင်တွေပဲ" လို့ မိုက်ကယ်က လမ်းရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ လမ်းလယ်ခေါင် တည့်တည့်မှာ ကျောက်တုံးကြီးတစ်ခုနဲ့ ပိတ်ဆို့ထားတဲ့ နေရာကို ညွှန်ပြပြီး ပြောလိုက်တယ်။
အဲဒီအတားအဆီးရဲ့ နောက်ကွယ်မှာတော့ မျက်နှာကို ပဝါအမည်းတွေနဲ့ စည်းထားတဲ့ လူအယောက်နှစ်ဆယ်လောက် ရှိနေတယ်။ ဒါပေမဲ့ သူတို့ရဲ့ သွေးဆာမှုနဲ့ လောဘဇောတွေကတော့ သူတို့ရဲ့ မျက်နှာဖုံးတွေကြားကနေ လျှံထွက်နေတုန်းပဲ။
အဲဒီလူတွေထဲက တစ်ယောက်ကတော့ တခြားသူတွေနဲ့ မတူဘဲ ကွဲပြားနေတယ်။ သူ့ရဲ့ ကိုယ်နေဟန်ထားက ခြိမ်းခြောက်မှု အပြည့်ပဲ။ သူက ညဉ့်မှောင်မှောင်ထက် ပိုမည်းမှောင်တဲ့ လက်နက်တစ်ခုကို သူ့ရဲ့ လုံခြုံရေးကို ဂရုမစိုက်ဘဲ ကိုင်ဆောင်ထားပြီး ပျော်ရွှင်စရာတစ်ခုလိုမျိုး အဲဒီဓားပြားကို လျှာနဲ့ ရက်နေတယ်။
"အဲဒါ စလစ်ဇီပဲ..." လို့ ဘားကပ်စ် သဘောပေါက်သွားတယ်။
"သူတို့ မော်တော်ကားကို တားတော့မယ်"
သူ ခန့်မှန်းခဲ့တဲ့အတိုင်းပဲ၊ ကားမောင်းသမားက လမ်းပေါ်က ကျောက်တုံးကြီးတွေကို မြင်လိုက်တာနဲ့ ချက်ချင်း ဘရိတ်ကို နင်းလိုက်တယ်။
ကားက တရွတ်တိုက်ပြီး ရပ်သွားတဲ့အတွက် စူးရှတဲ့ အသံကြီးတစ်ချက် ထွက်ပေါ်လာတယ်။
မျက်နှာကို ပဝါအမည်းစည်းထားတဲ့ ဓားပြတွေက သူတို့ရဲ့ ခြေလှမ်းတွေထဲမှာ ဝင့်ကြွားမှုအပြည့်နဲ့ သူတို့ ပုန်းနေတဲ့နေရာကနေ လမ်းလျှောက်ထွက်လာကြတယ်။ သူတို့မှာ ယုံကြည်မှုတွေ ရှိနေကြတယ်။
"ငါတို့ ဒီမှာ ဘာတွေ့လဲ ကြည့်စမ်းပါဦး ကောင်တို့ရာ။ ဝါး... ငါတို့မျက်စိရှေ့မှာတင် တကယ့် မော်တော်ကားအစစ်ကြီးပါလား" လို့ စလစ်ဇီက ကားမောင်းသမားကို သူ့ဓားနဲ့ ညွှန်ပြပြီး ပြောလိုက်တယ်
"အို... ဝိုး။ ဒီအကောင်ရဲ့ သံထည်သက်သက်တင် ငါတို့ကို တစ်နှစ်ပတ်လုံး ထားကျွေးနိုင်တယ်" လို့ ဓားပြတစ်ယောက်က ပြောလိုက်တယ်။
"မင်း နောက်နေတာလား။ မြင်းမပါတဲ့ ရထားလုံးက ဒီထက်မက အများကြီး ပိုတန်ဖိုးရှိတာ"
တစ်ချိန်တည်းမှာပဲ မော်တော်ကားရဲ့ ကောင်မောင်းသမားက ကားထဲကနေ ထွက်လာပြီး သူ့မျက်လုံးထဲမှာ ဘာအရေးတကြီးဖြစ်ရမယ့် ပုံစံမျိုးမှမရှိဘဲ ဓားပြတွေဆီ လမ်းလျှောက်သွားခဲ့တယ်။
"အို... ကြည့်စမ်းပါဦး၊ အဝါရောင် မျောက်လူတစ်ကောင်ပါလား" လို့ စလစ်ဇီက ပြောလိုက်တယ်။
"ငါ့လူ... မင်း အခုပဲ အညံ့ခံလိုက်ဖို့ ငါ အကြံပြုချင်တယ်၊ မဟုတ်ရင်တော့ မင်းရဲ့ အမွှေးတွေကို အနီရောင် ပြောင်းပစ်ရလိမ့်မယ်"
* * * * * * * *
စာစဉ်(၂၄)