← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 24 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 24 Ch. 279-280

အခန်း(၂၇၉)

စလစ်ဇီနဲ့ ဓားပြတွေဟာ သူတို့ရဲ့ ဓားမြှောင်တွေကို အပေါ်မြှောက်ပြီး လက်ထဲမှာ လှည့်ပတ်ကစားရင်း လက်နက်ကို ဘယ်လောက် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်ကြောင်း ကြွားဝါပြလိုက်ကြတယ်။ တစ်ယောက်တည်းဖြစ်နေတဲ့ ရီနေးတားကုမ္ပဏီရဲ့ ယာဉ်မောင်းကို သူတို့ အယောက်နှစ်ဆယ်က ဝိုင်းထားတာမို့လို့ နည်းနည်းလောက် ခြိမ်းခြောက်လိုက်ရုံနဲ့တင် အဲဒီလူ ကြောက်ဒူးတုန်သွားမယ်ဆိုတာ သူတို့ ကောင်းကောင်းကြီး သိကြတယ်။ ပိုလို့တောင် သေချာတာက အဲဒီယာဉ်မောင်းဟာ အဝါရောင်မျောက်လူ တစ်ယောက်ပဲ ဖြစ်နေလို့ပဲ။

ဒါပေမဲ့ အဲဒီယာဉ်မောင်းက ကုန်တင်ကားသော့ကို သူတို့ဆီ ဒီလောက်အလွယ်တကူ ကမ်းပေးလာလိမ့်မယ်လို့ သူတို့ လုံးဝမထင်ထားခဲ့ကြဘူး။

"ရော့" လို့ သူက စလစ်ဇီဆီ သော့ပစ်ပေးရင်း ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။

"ယူရဲရင် ယူသွားကြလေ"

အယောက်နှစ်ဆယ်ရှိတဲ့ ဓားပြတွေရှေ့မှာ ဒီလူတစ်ပိုင်းသတ္တဝါက ဘာလို့ဒီလောက်တောင် ယုံကြည်မှုလွန်ကဲနေရတာလဲဆိုတာကို စလစ်ဇီက သံသယဝင်သွားပြီး မျက်မှောင်ကြုတ်ကြည့်လိုက်မိတယ်။

"ကုန်တင်ကားကို ဖွင့်လိုက်စမ်း" လို့ စလစ်ဇီက သော့ကို ပစ်ပေးရင်း သူ့ရဲ့ဓားပြတွေကို အမိန့်ပေးလိုက်တယ်။ သူ့စိတ်ထဲမှာတော့ ဒီသံကွန်တိန်နာသေတ္တာကြီးထဲမှာ တံခါးဖွင့်လိုက်တာနဲ့ ပေါက်ကွဲသွားမယ့် ဗုံးတစ်လုံးလုံးကို တစ်နေရာရာမှာ ဝှက်ထားတာ နေမှာပါလို့ တွေးနေမိတယ်။ ယာဉ်မောင်းက ဘာမှမဖြစ်သလို ပေါ့ဆဆလုပ်နေတာဟာ ဒါကြောင့်ပဲ ဖြစ်ရမယ်ပေါ့။

ဓားပြတွေ သော့ကို ရသွားတာနဲ့ ကုန်တင်ကားဆီကို အလုအယက် ပြေးသွားကြတော့တာပဲ။ ဒါပေမဲ့ ဒီသော့တွေကို ဘယ်လိုသုံးရမလဲ၊ ဘယ်နေရာမှာ ထိုးရမလဲဆိုတာကို လုံးဝနားမလည်ကြမှန်း သိလိုက်ရတဲ့အချိန်မှာတော့ သူတို့ရဲ့ ပျော်ရွှင်တက်ကြွမှုတွေက ချက်ချင်းပဲ ရေစုန်မျောသွားရရှာတယ်။

ဓားပြတွေဟာ သံကိုယ်ထည် ကားကြီးရဲ့ အနှံ့အပြားမှာ သော့နဲ့ လိုက်ထိုးကြည့်၊ လိုက်ဆွကြည့်ကြပေမဲ့ ဘယ်လိုမှ ဖွင့်လို့မရဘဲ အားထုတ်မှုတွေ အကုန် အလဟဿ ဖြစ်နေခဲ့တယ်။ တော်တော်ကြာသွားတဲ့အခါမှာတော့ စလစ်ဇီတစ်ယောက် စိတ်မရှည်တော့ဘဲ အဲဒီသံကွန်တိန်နာကို ကိုယ်တိုင်လာဖွင့်ဖို့ ယာဉ်မောင်းကို အမိန့်ပေးလိုက်ပါတော့တယ်။

"ဘာလှည့်ကွက်မှ မသုံးနဲ့နော်" လို့ သူက ယာဉ်မောင်းကို သတိပေးလိုက်တယ်။

ဒါပေမဲ့ ယာဉ်မောင်းက အဲလိုလုပ်ဖို့ စိတ်ကူးတောင် မရှိပါဘူး။ သူက သူ့ရဲ့ကိုယ်ပိုင်အရိပ်ကိုပဲ ငုံ့ကြည့်လိုက်ပြီး စိတ်အေးလက်အေးနဲ့ လုံခြုံမှုကို ခံစားနေခဲ့တယ်။

သူက သော့ကို သုံးပြီး ကုန်တင်ကားရဲ့ နောက်ဘက် ကွန်တိန်နာအမိုးအကာကို ဖွင့်ပေးလိုက်တဲ့အခါမှာတော့ အထဲမှာ သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေအကုန်လုံးကို ဓားပြတွေ မြင်လိုက်ကြရတယ်။

ပေါက်ကွဲမယ့် ဗုံးတွေ ဘာတွေ မရှိဘူးဆိုတာကို စလစ်ဇီ သေချာသွားတဲ့အခါမှ ကားပေါ် တက်သွားပြီး သူအပိုင်ရလိုက်တဲ့ ပစ္စည်းတွေကို ကြည့်ပြီး အံ့သြမှင်တက်နေမိတော့တယ်။

အထဲမှာ ဘာအစင်းရာ၊ ဘာအချိုင့်အနာအဆာမှမရှိဘဲ ပြောင်လက်နေတဲ့ သတ္တုချပ်ဝတ်တန်ဆာတွေ အပြည့်ထည့်ထားတဲ့ သေတ္တာအထပ်လိုက်ကြီးတွေ ရှိနေတာပဲ။ စလစ်ဇီက သေတ္တာတွေကို တစ်ခုချင်း လိုက်လှန်လှောကြည့်ပြီး ဒီပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ တန်ဖိုးက ဘယ်လောက်ရှိမလဲဆိုတာကို စစ်ဆေးနေမိတယ်။

သူ့လက်ချောင်းတွေကြားထဲမှာ ကိုင်ထားမိတဲ့အရာက ဘာလဲဆိုတာကို သိသွားတဲ့အချိန်မှာတော့ သူ့မျက်လုံးတွေ အဝိုင်းသား ဖြစ်သွားခဲ့ရတယ်။ ခါတိုင်းဆို အမြဲတမ်း တည်ငြိမ်နေတတ်တဲ့ သူ့လက်တွေဟာ စိတ်လှုပ်ရှားလွန်းလို့ တုန်ရင်လာတဲ့အထိပဲ။

နောက်တော့ ကျန်တဲ့ဓားပြတွေလည်း ကားပေါ်ကို လိုက်တက်လာကြပြီး စလစ်ဇီကို ဒီလောက်တောင် အံ့အားသင့်သွားစေတဲ့ အရာကို မြင်လိုက်ကြရတယ်။

သူတို့တွေဟာ ရင်ဘတ်အကာချပ်တွေ၊ စစ်သုံးဖိနပ်တွေနဲ့ ဟယ်လ်မက်ဦးထုပ်တွေကို ကောက်ကိုင်ကြည့်ကြရင်းပေါ့။

"မဖြစ်နိုင်တာ၊ ဒါက လူပုတွေ လုပ်ထားတာပဲ"

"ဒါတင်မကသေးဘူး၊ ဒီမှာ ဒမတ်စကပ်စ် စတီးလ်အစိမ်းတွေလည်း ရှိသေးတယ်"

ဓားပြတွေရဲ့ မျက်လုံးထဲမှာတော့ ဒါဟာ ရွှေဒင်္ဂါးပြားတွေထက်တောင် ပိုပြီး အဖိုးတန်နေပါသေးတယ်။ ရွှေဒင်္ဂါးပြားဆိုတာကတော့ ဘာနဲ့မဆို လဲလှယ်လို့ ရတာမှန်ပေမဲ့ လူပုတွေရဲ့ လက်ရာပစ္စည်းတွေကိုတော့ မှောင်ခိုဈေးကွက်မှာပဲ ရနိုင်တာလေ။ အဲဒီလို မှောင်ခိုဈေးကွက်မှာတောင်မှ ရနိုင်တဲ့ အရေအတွက်က မဆိုစလောက်လေးပဲ ရှိတာ။

ဒီကုန်တင်ကားထဲက သေတ္တာတစ်လုံးစာလောက်ကိုတင် မှောင်ခိုဈေးကွက်မှာ တစ်နှစ်မှ တစ်ကြိမ်လောက်ပဲ ရခဲတဲ့အရာမျိုး ဖြစ်တယ်။ အခုတော့ ဒီမှာ အဲဒီလိုသေတ္တာမျိုးတွေ အများကြီး ရှိနေတာလေ။

"ဟေ့ကောင်တွေ၊ ငါတို့တော့ ရတနာသိုက်ကြီး တိုးပြီဟေ့" လို့ စလစ်ဇီက အားရပါးရ အော်ပြောလိုက်တယ်

ကျန်တဲ့ဓားပြတွေလည်း ဝမ်းသာအားရနဲ့ ဟစ်အော်အောင်ပွဲခံကြတော့တယ်။ သူတို့ဟာ သဘောကျတဲ့ ပစ္စည်းတွေကို ကိုယ်စီ ကောက်ယူကြရင်း တစ်ခါတလေ တခြားဓားပြတွေနဲ့ လုကြယက်ကြရာကနေ စကားများ ရန်ဖြစ်တဲ့အထိ ဖြစ်ကုန်ကြတယ်။ စလစ်ဇီကတော့ သူတို့ဘာသာသူတို့ ရှင်းကြပါစေဆိုပြီး ပစ်ထားလိုက်တယ်။ ဒါက သူတို့အတွက်တော့ ရိုးနေတဲ့ သဘာဝပဲလေ။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူတို့အားလုံး ကုန်တင်ကားထဲ ရောက်နေကြတာကို စလစ်ဇီ သတိပြုမိသွားတယ်။ အပြင်ဘက်မှာ ရီနေးတားကုမ္ပဏီရဲ့ ယာဉ်မောင်းကို စောင့်ကြည့်နေမယ့်လူ တစ်ယောက်မှ ရှိမနေဘူး။

"ဒီငတုံးတွေ" လို့ စလစ်ဇီက အော်ဟစ်ဆဲဆိုရင်း ကုန်တင်ကားထဲကနေ အမြန်ပြေးထွက်ခဲ့တယ်။

ဒါပေမဲ့ သူ အပြင်ကို လှည့်ပတ်ကြည့်လိုက်တဲ့အခါမှာတော့ အဝါရောင် ဟော့ဘ်မျောက်လူ ယာဉ်မောင်းကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး။ အဆုံးအစမရှိ ကျယ်ပြောလှတဲ့ လွင်ပြင်ကြီးထဲမှာ အဲဒီယာဉ်မောင်းဟာ ဘာခြေရာလက်ရာမှ မချန်ဘဲ လေထဲကိုပဲ ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေခဲ့တယ်။

"သူ ဘယ်ရောက်သွားတာလဲ" လို့ သူက ဒေါသတကြီးနဲ့ အော်လိုက်တာမို့လို့ သူ့အသံကြီးက လွင်ပြင်ထဲမှာ ဟိန်းခနဲ ပြန်ထွက်လာတယ်။ တစ်ခုခုတော့ မရိုးမသား ဖြစ်နေပြီလေ

ကျန်တဲ့ဓားပြတွေကတော့ ဒါကို ပြဿနာတစ်ခုလို့ တွေးမိဖို့နေနေသာသာ အသိဉာဏ်ကမရှိ၊ လောဘကလည်း တက်နေကြတယ်။ သူတို့အတွက်ကတော့ ဒီရတနာတွေကို ရဖို့ပဲ အရေးကြီးတာမို့လို့ အဝါရောင်မျောက်လူ တစ်ယောက်တည်း ပျောက်သွားတာကို ဂရုမစိုက်နိုင်ကြဘူး။

"တောက်၊ ကောင်းပြီလေ၊ ဒီသေတ္တာတွေကို ငါတို့မြင်းလှည်းတွေပေါ် အကုန်တင်ကြ" လို့ သူက ဓားပြတွေကို ပြောလိုက်တယ်။

"ကျိန်စာတိုက်မိသလိုပဲ၊ ငါသာ ဒီကောင်ကြီးကို မောင်းတတ်ရင် အခုလို ဒုက္ခခံပြီး သယ်နေစရာ မလိုဘူး"

ဓားပြတွေဟာ လူပုတွေရဲ့ လက်ရာပစ္စည်းတွေနဲ့ ဒမတ်စကပ်စ် စတီးလ်တွေ အပြည့်ပါတဲ့ သေတ္တာတွေကို တက်တက်ကြွကြွနဲ့ပဲ စပြီး သယ်ယူချကြတော့တယ်။

ဒါပေမဲ့ ပထမဆုံးသေတ္တာ မြေကြီးပေါ်ကို ချလိုက်မိရုံပဲ ရှိသေးတယ်၊ စလစ်ဇီရဲ့ လက်မောင်းပေါ်က အရေပြားတွေဟာ ဖျန်းခနဲ ဖြစ်သွားပြီး ကြက်သီးတွေ ထသွားခဲ့ရတယ်။ အန္တရာယ်ရှိတဲ့ လူတွေရဲ့ အငွေ့အသက်ကို သူ အာရုံရလိုက်တာပဲ။

"မင်းတို့တွေ တကယ့်အမှားကြီးကို လုပ်မိသွားပြီ။ ဒါတွေက ရီနေးတားကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်တယ်"

ဓားပြတွေ လန့်ဖျပ်သွားပြီး လက်ထဲက လေးလံတဲ့ သေတ္တာတွေကို မြေကြီးပေါ် ချက်ချင်း ပစ်ချလိုက်ကြတယ်။ သူတို့ဟာ ဓားမြှောင်တွေကို အပေါ်မြှောက်ပြီး အသင့်ပြင်ရင်း အဲဒီအသံထွက်လာတဲ့ နေရာကို ပတ်ပတ်လည် လိုက်ရှာကြတော့တယ်

သူတို့ကိုရော ကုန်တင်ကားကိုပါ ဝိုင်းထားတဲ့ လူအယောက်တစ်ဆယ်လောက် ရှိနေတာကို သူတို့ မြင်လိုက်ရတယ်။ အဲဒီလူတွေ ဘယ်ကနေ ရောက်လာမှန်းလည်း မသိရဘူး။ ဘာအရိပ်အယောင်မှမပြဘဲ လေထဲကနေ ချက်ချင်း ပေါ်လာသလိုမျိုးမို့လို့ ဓားပြတွေ စိတ်ထဲမှာ မသက်မသာ ဖြစ်သွားကြရတယ်။

စလစ်ဇီက အဲဒီလူတွေရဲ့ ထူးခြားတဲ့ မျက်နှာသွင်ပြင်တွေကို မှတ်မိသွားတာမို့လို့ မျက်လုံးကို မှေးကြည့်လိုက်တယ်။

"အနီရောင်မျောက်လူတွေပဲ" လို့ သူက တဟားဟား ရယ်ရင်း ပြောလိုက်တယ်။ သူတို့က ဘာမျိုးနွယ်လဲဆိုတာကို သိသွားတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ စလစ်ဇီရဲ့ သတိကြီးကြီးထားနေတဲ့ ပုံစံကနေ ပေါ့ပေါ့ပါးပါး ပုံစံကို ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။

သူတို့တွေက ထူးဆန်းတဲ့ ယူနီဖောင်းတွေကို ဝတ်ထားကြပေမဲ့ အဲဒီထင်ရှားတဲ့ အနီရောင်အမွှေးအမျှင်တွေကိုတော့ သူ ဘယ်နေရာမှာမြင်မြင် အလွယ်တကူ မှတ်မိနေတယ်။

"အခုပဲ လက်နက်ချလိုက်ရင် မင်းတို့ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးမယ်" လို့ အနီရောင်မျောက်လူက စလစ်ဇီကို ပြောလိုက်တယ်။

"ဟားဟားဟား၊ တော်တော်ရယ်ရတဲ့ ဟာသပဲ။ မင်းတို့တွေက လူရွှင်တော်တွေမှန်း ငါ အရင်က မသိခဲ့ဘူး"

"ငါ အတည်ပြောနေတာ" လို့ အနီရောင်မျောက်လူက ဆိုတယ်။

"ပထမဆုံး ပြစ်မှုကတော့ ခွင့်ပြုချက်မရှိဘဲ ရီနေးတားကုမ္ပဏီရဲ့ တရားဝင် ယာဉ်တစ်စီးကို တားဆီးတာ၊ အဲဒါက ထောင်ဒဏ် တစ်နှစ်ကနေ နှစ်နှစ်အထိ ကျခံရမယ်။ ဒုတိယ ပြစ်မှုကတော့ ရီနေးတားကုမ္ပဏီရဲ့ ကုန်ပစ္စည်းတွေကို ခိုးယူဖို့ ကြိုးစားတာ၊ အဲဒါက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်။ ပြီးတော့ တတိယ ပြစ်မှုကတော့ အားလုံးထဲမှာ အဆိုးရွားဆုံး ပြစ်မှုပဲ၊ ရီနေးတားကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာ၊ အဲဒါကတော့ ထောင်ဒဏ် ၁၅ နှစ် ကျခံရမယ်"

ဓားပြတွေဟာ အနီရောင်မျောက်လူတွေကို ကြည့်ပြီး သူတို့ ရောက်နေရတဲ့ ရယ်စရာကောင်းတဲ့ အခြေအနေကြီးကို တစ်ယောက်ပြီးတစ်ယောက် လှောင်ပြောင်ပြီး တဟားဟား ရယ်မောကြတော့တယ်။

"ဟာသတွေ၊ မင်းတို့ တကယ်ပဲ လူရွှင်တော်တွေ မဟုတ်ဘူးလို့ သေချာလို့လား" လို့ စလစ်ဇီက ရယ်လွန်းလို့ ဝမ်းဗိုက်ကို နှိပ်ရင်း မေးလိုက်တယ်။

"မင်းတို့ ဘာလုပ်နိုင်မှာလဲ။ ငါတို့ဘက်မှာက အယောက်နှစ်ဆယ် ရှိတယ်၊ မင်းတို့ဘက်မှာက တစ်၊ နှစ်၊ သုံး... ဆယ်ယောက်ထဲ ရှိတာကို"

"အဲဒီလောက်ဆို လုံလောက်ပါတယ်" လို့ အနီရောင်မျောက်လူက တိုးတိုးကလေး ပြောလိုက်တယ်။

စလစ်ဇီက ခေါင်းခါလိုက်ပြီး သူ့ရဲ့ဓားပြတွေကို တိုက်ခိုက်ဖို့ လက်ဟန်ခြေဟန်နဲ့ အချက်ပြလိုက်ပါတော့တယ်။

ဓားပြတစ်ယောက်က သူ့ရဲ့ဓားမြှောင်ကို လျှာနဲ့သပ်လိုက်ပြီး အနီးဆုံးမှာရှိတဲ့ အနီရောင်မျောက်လူဆီကို ပြေးဝင်သွားတယ်။ သူက ဓားမြှောင်နဲ့ လည်ပင်းကို တည့်တည့်ချိန်ပြီး ထိုးစိုက်လိုက်တယ်။

အဲဒီအချိန်မှာပဲ အနီရောင်မျောက်လူ စစ်သည်တော်က သူ့ရဲ့ကိုယ်ပိုင်ဓားမြှောင်နဲ့ အဲဒီဓားကို လှပစွာ ခုခံကာကွယ်လိုက်တာမို့လို့ ဓားသွားချင်း ထိခတ်မိပြီး မီးပွားတွေ တဖျတ်ဖျတ် ထွက်သွားခဲ့ရတယ်။

အဲဒီမျောက်လူက သူ့ကို ပြန်တွန်းထုတ်နိုင်လိမ့်မယ်လို့ မထင်ထားတဲ့အတွက် ဓားပြရဲ့ မျက်လုံးတွေ အဝိုင်းသား ဖြစ်သွားခဲ့တယ်။

ချက်ချင်းဆိုသလိုပဲ အနီရောင်မျောက်လူက သူ့ရဲ့လက်နက်ကို အပေါ်ဘက်ကို ပင့်တင်လိုက်တာကြောင့် ဓားပြဟာ လက်ထဲက ဓားမြှောင်ကို လွတ်ကျသွားရတော့တယ်။

သူ ဘာမှတောင် ပြန်မတုံ့ပြန်နိုင်သေးခင်မှာပဲ အနီရောင်မျောက်လူက သူ့လက်ကို ဖမ်းဆွဲပြီး နောက်ကျောဘက်ကို လိမ်ချိုးလိုက်တာမို့လို့ နာကျင်လွန်းလို့ အော်ဟစ်လိုက်ရရှာတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဓားပြဟာ သူ့ရဲ့လက်နှစ်ဖက်စလုံး နောက်ကျောဘက်မှာ ကြက်ခြေခတ်အချိုးခံရပြီး မြေကြီးပေါ်ကို လဲကျသွားတာကို သိလိုက်ရတယ်။ သူက သံခြင်းထိခတ်မိတဲ့ အသံကိုပဲ ကြားလိုက်ရပြီး နောက်တော့ အနီရောင်မျောက်လူရဲ့ လက်ထိပ်ခတ်ခြင်းကို ခံလိုက်ရပြီဆိုတာ သိသွားတော့တာပဲ။

"ဓားပြတစ်ယောက် ရှင်းပြီးပြီ" လို့ သူက အစီရင်ခံလိုက်တယ်။

တခြားဓားပြနှစ်ယောက်ကတော့ သူတို့ရဲ့အပေါင်းအဖော်ကို ကယ်ထုတ်ဖို့အတွက် အနီရောင်မျောက်လူရဲ့ နောက်ကျောဘက်ကနေ ညှပ်ပိတ်ပြီး ဝင်တိုက်ကြတယ်။

ဒါပေမဲ့ အဲဒီစစ်သည်တော်က သူ့နောက်ကျောမှာ မျက်လုံးပါနေတဲ့အတိုင်းပဲ ကိုယ်ကို ငုံ့လိုက်ပြီး သူတို့ရဲ့ လှံစိုက်ထိုးမှုတွေကို ရှောင်တိမ်းလိုက်တယ်။

သူတို့ရဲ့ ခြေထောက်ကြားထဲကို လျင်မြန်တဲ့ ခြေကန်ချက်တစ်ချက် ကျွေးလိုက်ရုံနဲ့တင် အဲဒီဓားပြနှစ်ယောက်ဟာ ဟန်ချက်ပျက်ပြီး တစ်ယောက်ပေါ်တစ်ယောက် ထပ်လျက်သား လဲပြိုကျသွားကြတော့တာပဲ။

သူတို့ ပြန်မထနိုင်ခင်မှာပဲ သူတို့ရဲ့လက်မောင်းတွေက ထုံးတစ်ခုလို လိမ်ချိုးခံလိုက်ရပြီး အဲဒီအနီရောင်မျောက်လူရဲ့ လက်ထိပ်ခတ်ခြင်းကိုပဲ ထပ်ပြီး ခံလိုက်ကြရပြန်တယ်။

စစ်သည်တော်က ထပ်လျက်သားဖြစ်နေတဲ့ ဓားပြတွေရဲ့အပေါ်မှာ ခြေတစ်ဖက်နင်းပြီး စလစ်ဇီကို လှမ်းကြည့်လိုက်တယ်။

အဲဒီလို လှပချောမွေ့တဲ့ လှုပ်ရှားမှုတစ်ခုတည်းနဲ့တင် ဓားပြသုံးယောက်စလုံးဟာ အလဲထိုး အဖမ်းခံလိုက်ရရှာပြီ။

ကျန်တဲ့ဓားပြတွေလည်း ရယ်မောသံတွေ တိတ်သွားကြတော့တယ်။ ဘာတွေ ဖြစ်သွားလဲဆိုတာကိုတောင် သူတို့ သေချာမမြင်လိုက်ရဘူး။

ဒါပေမဲ့ ကုန်းပြင်မြင့်ပေါ်ကနေ အပေါ်စီးကနေ အခြေအနေအားလုံးကို စောင့်ကြည့်နေတဲ့ မိုက်ကယ်အတွက်တော့ ဒါဟာ အခြေခံ ကိုယ်ခံပညာရပ်တစ်ခုပဲ ဖြစ်နေခဲ့တယ်။

အတိအကျပြောရရင် ဒါကတော့ ခရက်ဗ်မဂါလို့ ခေါ်တဲ့ အစ္စရေး ကိုယ်ခံပညာတိုက်ခိုက်ရေးစတိုင်ဖြစ်ပြီး အနီရောင်မျောက်လူ စစ်သည်တော်တွေကို ဓားမြှောင်ကိုင်တွယ်မှုနဲ့ လုံးထွေးသတ်ပုတ်တဲ့ စွမ်းရည်တွေ ပိုပြီး ထူးချွန်ထက်မြက်လာအောင် သူကိုယ်တိုင် သင်ကြားပြသပေးထားတဲ့ အရာပဲ ဖြစ်ပါတော့တယ်။

* * * * * * * *

စာစဉ်(၂၄)

အခန်း(၂၈၀)

စက္ကန့်ပိုင်းအတွင်းတင် သူ့လူသုံးယောက် အလဲထိုးခံလိုက်ရတာကို တွေ့လိုက်ရပြီးတဲ့နောက် စလစ်ဇီက အနီရောင်မျောက်လူတွေကို ပိုပြီး သတိထားတဲ့မျက်လုံးနဲ့ ကြည့်လိုက်တယ်။

"တောက်။ အဲဒါတွေကို ကြောက်မနေကြနဲ့" လို့ သူက ဓားပြတွေကို အော်ပြောလိုက်တယ်။

"ငါတို့ဘက်က လူအင်အား ပိုသာတယ်။ ခါတိုင်း လုပ်နေကျအတိုင်းပဲ လုပ်ကြ"

ဓားပြတွေဟာ လည်ချောင်းကွဲမတတ် အော်ဟစ်ပြီး အနီရောင်မျောက်လူ စစ်သည်တော်တွေဆီကို စတင်ပြေးဝင်သွားကြတယ်။ သူတို့ရဲ့ ကိုယ်ခံပညာရပ်မန္တန်တွေကို ထုတ်သုံးလိုက်တာနဲ့အမျှ ဓားမြှောင်တွေမှာ မှော်စွမ်းအင်တွေ စီးဆင်းလာပြီး လင်းထိန်သွားတော့တယ်။

သူတို့ရဲ့ စွမ်းအားတွေဟာ ကြယ်သုံးပွင့်အဆင့် တိုက်ခိုက်ရေးသမားတွေရဲ့ အဆင့်အတန်းအထိ ရှိနေတယ်။

သူတို့ရဲ့ တိုက်ကွက်တွေက ကုန်သည်တွေဆီကနေ ခိုးယူလာတဲ့ အခြေခံမှော်ပရပိုဒ်တွေကနေ ရတာဖြစ်ပေမဲ့ ဒီမန္တန်ကို သူတို့ အကောင်အထည်ဖော်ပုံကတော့ အသက်အန္တရာယ် ပေးနိုင်လောက်အောင်ကို သေချာလှတယ်။

ဓားပြတစ်ယောက်က အနီရောင်မျောက်လူရဲ့ လည်ပင်းကို ဓားမြှောင်နဲ့ ပိုင်းချလိုက်ရာ ဓားသွားကနေ ထက်မြက်တဲ့ လခြမ်းပုံသဏ္ဌာန် ရေလှိုင်းတိုက်ကွက်တွေ ထွက်ပေါ်လာပြီး ပစ်မှတ်ဆီ ဦးတည်ပြေးဝင်သွားတယ်။

သူ့ဘေးနားက နောက်ထပ် ဓားပြတစ်ယောက်ကတော့ လခြမ်းပုံသဏ္ဌာန် ရေလှိုင်းကို လုံးဝဂရုမစိုက်ဘဲ အတူတူ တွဲပြီး ပြေးဝင်လာတယ်။ ဒါက သူတို့ရဲ့ ပြိုင်ဘက်တွေကို အသက်ရှူရကျပ်အောင် တိုက်ခိုက်လေ့ရှိတဲ့ နည်းဗျူဟာပဲ။

ဒါပေမဲ့ ဘယ်လိုဖြစ်တယ်မသိ၊ နောက်ထပ် အနီရောင်မျောက်လူနှစ်ယောက်က ကူညီဖို့အတွက် အချိန်ကိုက် ရောက်ရှိလာတယ်။ တစ်ယောက်က လခြမ်းပုံသဏ္ဌာန် ရေလှိုင်းကို ခုခံကာကွယ်ပေးပြီး ကျန်တဲ့တစ်ယောက်က ပြေးဝင်လာတဲ့ ဓားပြကို ဝင်တိုက်လိုက်တယ်။ မူလအနီရောင်မျောက်လူက ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး သူ့နောက်မှာ ဖုန်မှုန့်တွေ ထတောက်သွားတဲ့အထိ အရှိန်နဲ့ ရှေ့ကို ပြေးဝင်ကာ လခြမ်းပုံသဏ္ဌာန် ရေလှိုင်းထုတ်လွှတ်လိုက်တဲ့ ဓားပြကို ဝင်ရောက်တိုက်ခိုက်တော့တယ်။

သူက ကြယ်နှစ်ပွင့် ခရက်ဗ်မဂါစွမ်းရည်တစ်ခုဖြစ်တဲ့ တော်ပီဒိုတံတောင်ဆစ် တိုက်ကွက်ကို သုံးလိုက်တာပါ။ သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို လိမ်လှည့်လိုက်ပြီး တံတောင်ဆစ်ရိုက်ချက်အတွက် အရှိန်အဟုန်အပြင်းအထန်ကို ဖန်တီးလိုက်တယ်။

ဓားပြက ငုံ့ရှောင်လိုက်ပြီး အနီရောင်မျောက်လူရဲ့ တံတောင်ဆစ်ကို ဓားမြှောင်နဲ့ ပြန်ထိုးနှက်ဖို့ ကြိုးစားတယ်။ အဲဒီတံတောင်ဆစ်ရိုက်ချက်ကို အားပြင်းတဲ့ တွန်းကန်အားနဲ့ တန်ပြန်ဖို့အတွက် သူက ရေစက်တိုက်ကွက်ကို အသုံးပြုလိုက်တယ်။

ဒါပေမဲ့လည်း အနီရောင်မျောက်လူရဲ့ ခန္ဓာကိုယ်ဘေးပတ်လည်မှာ မမြင်နိုင်တဲ့ ပရစ်ဇမ်ရောင်စုံ ဒိုင်းကာတစ်ခု ပေါ်လာပြီး ဓားပြရဲ့ ဓားမြှောင်ကနေ ထွက်လာတဲ့ ရေမှုန်ရေမွှားတွေကို ဖျက်ဆီးပစ်လိုက်တယ်။

တွန်းကန်အား မရှိတော့တဲ့အတွက် ဓားပြခမျာ အနီရောင်မျောက်လူရဲ့ တံတောင်ဆစ်ရိုက်ချက်ကို ကာကွယ်ဖို့ သူ့ရဲ့ လက်မောင်းတွေကိုပဲ သုံးလိုက်ရတော့တယ်။

ထိခတ်မိသွားတဲ့အချိန်မှာ ဓားပြဟာ သူ့ရဲ့ တစ်ကမ္ဘာလုံး တုန်ခါသွားသလို ခံစားလိုက်ရပြီး တံတောင်ဆစ်ရိုက်ချက်ကြောင့် သူ့လက်မောင်းတွေ တစ်စစီ ကြေမွသွားခဲ့တယ်။

သူ့အတွက် ပိုပြီးကံဆိုးသွားတာက အနီရောင်မျောက်လူက သူ့ခေါင်းကို လှမ်းဆွဲပြီး ကြယ်နှစ်ပွင့် ဒူးပျံဗုံး တိုက်ကွက်နဲ့ အမိအရ အောက်ကို ဆွဲနှိမ့်ကာ တိုက်ခိုက်လိုက်တာပဲ။

ဓားပြဟာ သတိလစ်သွားပြီး မြေပြင်ပေါ်ကို လဲကျသွားတော့တယ်။

သူ့အလုပ် ပြီးသွားတာနဲ့ အနီရောင်မျောက်လူဟာ သူ့ရဲ့ ရဲဘော်ရဲဘက်ကို ကူညီဖို့အတွက် နောက်ထပ် ဓားပြတစ်ယောက်ဆီ ချက်ချင်း ပြေးဝင်သွားပြန်တယ်။

ဓားပြတွေဘက်က လူအင်အား ပိုသာနေနိုင်ပေမဲ့ အနီရောင်မျောက်လူတွေကတော့ ဘာ အတိုက်အခံမှမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနဲ့ အလွန် ချောချောမွေ့မွေ့ ပူးပေါင်းဆောင်ရွက်နိုင်ကြတယ်။

အကယ်၍ အနီရောင်မျောက်လူတစ်ယောက်ဟာ ဓားမြှောင်နဲ့ ပြေးဝင်လာတဲ့ ဓားပြနှစ်ယောက်ကြောင့် ဒဏ်ရာရလုနီးပါး ဖြစ်နေပြီဆိုရင် နောက်ထပ် အနီရောင်မျောက်လူသုံးယောက်က အချိန်ကိုက် ရောက်လာပြီး ကူညီပေးလေ့ရှိတယ်။ အဲဒီဓားပြနှစ်ယောက်ကို မောင်းထုတ်ပြီးမှ သူတို့ရဲ့ မူလတိုက်ပွဲဆီ ပြန်သွားကြတယ်။

သူတို့တွေဟာ စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နေကြသလိုပဲ။

ဒါက ဓားပြတွေအတွက်တော့ အလွန် စိတ်ပျက်စရာကောင်းတဲ့ တိုက်ပွဲပဲဖြစ်ပြီး လက်ရှိရှိနေတဲ့ အနီရောင်မျောက်လူ အရေအတွက်ထက် သုံးဆလောက် ပိုများတဲ့ အင်အားနဲ့ တိုက်ခိုက်နေရသလို သူတို့ ခံစားနေရတယ်။

ဓားပြတွေအတွက် ဒီတိုက်ပွဲကို ခက်ခဲစေတာက သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်တင် မဟုတ်ဘဲ အဆုံးမရှိတဲ့ ဆက်တိုက်ကွက်တွေနဲ့အတူ ထွက်ပေါ်လာတဲ့ ပြင်းထန်တဲ့ စွမ်းရည်တွေကြောင့်လည်း ပါတယ်။

သူတို့ရဲ့ ကန်ချက်က လွဲချော်သွားရင် ချက်ချင်းပဲ အလှည့်အပြောင်းလုပ်ပြီး လက်သီးနဲ့ ထိုးနှက်ကြတယ်။ အဲဒါကမှ အလုပ်မဖြစ်ရင် ကန်တော့မလိုလိုနဲ့ အယောင်ပြပြီးမှ ဓားပြရဲ့ ဟန်ချက်ပျက်သွားမှုကို အသုံးချကာ မြေပြင်ပေါ် လှဲသိပ်ပစ်လိုက်ကြတယ်။

သူတို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ ကြယ်နှစ်ပွင့် ဒါမှမဟုတ် ကြယ်သုံးပွင့်မန္တန်တွေနဲ့ အားဖြည့်ထားတာမို့ ပိုပြီးတော့တောင် ပျက်စီးပြင်းထန်တဲ့ တိုက်ကွက်တွေ ဖြစ်လာစေတယ်။

"ဒီမျောက်လူတွေက ဘယ်ငရဲက ရောက်လာကြတာလဲ" လို့ စလစ်ဇီက အော်ဟစ်လိုက်တယ်။

"သူတို့က ကုမ္ပဏီအသစ် မဟုတ်ဘူးလား။ ဒီမန္တန်တွေကို ဘယ်လိုလုပ် ရထားကြတာလဲ"

သူတို့ရဲ့ တိုက်ခိုက်ရေးပုံစံက ပြင်ပအရောင်းဌာနမှာ ဝယ်လို့ရတဲ့ အခြေခံမန္တန်တစ်ခု ဖြစ်ဖို့အတွက်ဆိုရင်တော့ ထူးခြားလွန်းပြီး အထူးပြုလွန်းနေတယ်။ ဆိုလိုတာက ဒီမန္တန်တွေဟာ ရီနေးတားကုမ္ပဏီကိုယ်တိုင် ဖန်တီးထားတဲ့ အရာတစ်ခု ဖြစ်ရမယ်။

ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူးလေ။ သူသိထားတာကတော့ ရီနေးတားကုမ္ပဏီဟာ အခုအချိန်မှာ သက်တမ်း နှစ်အနည်းငယ်ပဲ ရှိဦးမှာဖြစ်တယ်။ ဒီလို ထူးခြားတဲ့ မန္တန်မျိုးတွေကို ဖော်ထုတ်ပြီး အချောသပ်ဖို့ဆိုရင် အနည်းဆုံး ဆယ်စုနှစ် လေးခုလောက် အချိန်ယူရမှာပေါ့။

"တောက်။ သူတို့ ငါတို့ကို လှည့်စားသွားတာပဲ" လို့ စလစ်ဇီက သွားကြိတ်ပြီး ပြောလိုက်တယ်။

"သူတို့က မှော်ကျင့်စဉ် ဖော်စပ်တဲ့နေရာမှာလည်း ကျွမ်းကျင်ကြတာ နေမှာ။ ငါကတော့ ဝတ်စုံနဲ့ လက်နက်တွေကိုပဲ ထုတ်လုပ်တယ် အောက်မေ့နေတာ"

ဓားပြတွေ တစ်ယောက်ပြီးတစ်ယောက် သတိလစ်ကာ မြေပြင်ပေါ် လဲကျသွားတာကို စလစ်ဇီ စောင့်ကြည့်နေမိတယ်။ အခုဆိုရင် သူတို့ရဲ့ လူအင်အားက လုံးဝ ညီမျှသွားပြီဖြစ်လို့ သူတို့ အနှိမ်နှင်းခံရဖို့ အချိန်သိပ်မလိုတော့ဘူးဆိုတာ ထင်ရှားနေတယ်။

ကိုယ့်အသက်ကိုယ် နှမျောတဲ့ စိတ်နဲ့ စလစ်ဇီဟာ တိုက်ပွဲထဲကနေ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားခဲ့တယ်။

သူက ချက်ချင်း ကိုယ်ကိုလှည့်ပြီး ထရပ်ကားရဲ့ ရှေ့ခန်းဆီ ပြေးသွားတော့တယ်။ သူ့ရဲ့ အစီအစဉ်က ဒီနေရာကနေ တတ်နိုင်သမျှ အမြန်ဆုံး မောင်းပြေးဖို့ပဲ။ ဟုတ်တယ်၊ သူ ခိုးရာပါတွေကို စွန့်ပစ်ခဲ့ရမှာ ဖြစ်ပေမဲ့ ဒီထရပ်ကားထဲက ရတနာတွေကိုတော့ ယူဆောင်ပြီး ထွက်ပြေးနိုင်မှာ ဖြစ်တယ်။ ဒီခိုးရာပါပစ္စည်းတွေကို အရှင်သခင်ဆီ ဆက်သလိုက်ရင် အရှင်သခင်က သူ့ကို ခွင့်လွှတ်မှာ အသေအချာပဲ။

ဒါပေမဲ့ ထရပ်ကားရဲ့ ရိုးစင်းမှုမရှိတဲ့ ဒိုင်ခွက်တွေကို ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ သူဟာ မော်တော်ကားကို ဘယ်လိုမောင်းရမလဲဆိုတာ လုံးဝ နားမလည်ကြောင်း သတိရသွားတယ်။ သူက မြင်းတစ်ကောင်ကို ခိုင်းစေသလိုမျိုး ကားပြေးစေဖို့အတွက် စတီယာရင်ကို ရိုက်နှက်ကြည့်လိုက်တယ်။

ဟွန်းသံ အကျယ်ကြီး ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားတာမို့ စလစ်ဇီ လန့်ဖျပ်သွားတော့တယ်။

"မင်း ထွက်ပြေးလို့မရဘူး"

ရုတ်တရက်ဆိုသလို စလစ်ဇီဟာ သူ့ဘေးနားတင်ရှိတဲ့ ထရပ်ကားရဲ့ ရှေ့ခန်းထဲမှာ အနီရောင်မျောက်လူတွေရဲ့ ခေါင်းဆောင် ပေါ်လာတာကို တွေ့လိုက်ရတယ်။

သူက သူ့ရဲ့ အော့ပ်ဆီဒီယန်ဓားမြှောင်နဲ့ ချက်ချင်းပဲ ထိုးစိုက်လိုက်ပေမဲ့ အနီရောင်မျောက်လူက သူ့ကိုယ်ပိုင်ဓားနဲ့ အပေါ်ကို ပင့်တင်ပြီး ခုခံလိုက်တယ်။ သူတို့ရဲ့ လက်နက်တွေက ကားခေါင်မိုးကို ဖောက်ထွက်သွားပြီး နှစ်ယောက်သား တစ်ယောက်ရဲ့ဓားကို တစ်ယောက်က တွန်းထုတ်ဖို့ လုံးပန်းနေကြတယ်။

စလစ်ဇီက ပြုံးလိုက်တယ်။

"ငါက ဟို အောက်ခြေလူတန်းစားတွေလို မဟုတ်ဘူးဟ"

သူက အနီရောင်မျောက်လူရဲ့ ဓားကို တွန်းထုတ်လိုက်ရာ ထရပ်ကားရဲ့ မျက်နှာကြက်မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး စစ်သည်တော်ရဲ့ လည်ပင်းဆီကို ဓားဦးက တည့်တည့်ကျရောက်သွားတယ်။

"ငါက အစွမ်းထက်တယ်" လို့ စလစ်ဇီက ကြေညာလိုက်တယ်။

ဓားမြှောင်က သူ့လည်ပင်းနဲ့ လက်မအနည်းငယ်အကွာတင် ရှိနေပေမဲ့ အနီရောင်မျောက်လူက သူ့ရဲ့ နောက်ထပ်လက်တစ်ဖက်ကို သုံးပြီး အိတ်ထဲကနေ တစ်ခုခုကို ထုတ်ယူလိုက်တယ်။

အပေါ်ဘက်က ရွှေရောင်နဲ့ ခရမ်းရောင် ထုပ်ပိုးမှုကို ဆုတ်ဖြဲလိုက်ပြီးတာနဲ့ အနီရောင်မျောက်လူဟာ ချောကလက်တုံးကို လွတ်လွတ်လပ်လပ် ကိုက်ဝါးလိုက်တော့တယ်။

ရုတ်တရက်ဆိုသလို အနီရောင်မျောက်လူရဲ့ ဓားကနေ စွမ်းအားအသစ်တစ်ခု ပေါက်ကွဲထွက်လာပြီး စလစ်ဇီရဲ့ ဓားကို သူ့ဆီ ပြန်တွန်းထုတ်နိုင်စွမ်း ပေးလိုက်တယ်။

"ဘာလဲ။ ဘယ်လိုလုပ်ပြီး" လို့ စလစ်ဇီက အော်ဟစ်လိုက်တယ်။

အနီရောင်မျောက်လူရဲ့ စွမ်းအားအသစ်နဲ့အတူ သူက စလစ်ဇီရဲ့ တိုက်ကွက်တွေကို ပြန်လည် တုံ့ပြန်တိုက်ခိုက်တော့တယ်။

စလစ်ဇီက သွားကြိတ်ပြီး သူ့ဓားကို နောက်ပြန်ဆွဲလိုက်ကာ အနီရောင်မျောက်လူရဲ့ ပခုံးဆီကို ပြန်လည် ထိုးစိုက်လိုက်ပြန်တယ်။

အနီရောင်မျောက်လူက ဓားကို ပယ်ဖျက်ဖို့ ကြိုးစားပေမဲ့ သူ့ရဲ့ဓားက အော့ပ်ဆီဒီယန်လက်နက်ကို ဖြတ်သန်းသွားရုံသက်သက်သာ ရှိတာကို တွေ့လိုက်ရတယ်။

တကယ်တမ်း ဓားအစစ်က အနီရောင်မျောက်လူရဲ့ လည်ပင်းဆီကို ပြေးဝင်နေတာပဲ။

ဒါပေမဲ့ နောက်ဆုံး စက္ကန့်ပိုင်းအလိုမှာပဲ အနီရောင်မျောက်လူက နောက်ကို ဆုတ်လိုက်တာမို့ အော့ပ်ဆီဒီယန်ဓားမြှောင်က ထရပ်ကားရဲ့ သားရေထိုင်ခုံကိုပဲ ဖောက်ဝင်သွားတော့တယ်။

"တောက်" လို့ စလစ်ဇီက ညည်းတွားရင်း ထိုင်ခုံထဲကနေ သူ့ဓားကို ပြန်ဆွဲထုတ်လိုက်တယ်။

အနီရောင်မျောက်လူက ဒီအခွင့်အရေးကို သုံးပြီး မောင်းနှင်သူထိုင်ခုံမှာရှိတဲ့ စလစ်ဇီဆီကို ခုန်ဝင်လာကာ ဒါကို အနီးကပ်တိုက်ပွဲတစ်ခု ဖြစ်စေခဲ့တယ်။ သူက ဓားပြကို ဖမ်းချုပ်ဖို့ ကြိုးစားပြီး ထိုင်ခုံခါးပတ်ကို လှမ်းဆွဲကာ သူ့ကို လည်ပင်းညှစ်သတ်ဖို့ ကြိုးစားတယ်။

မြွေဟောက်ရစ်ပတ်ခြင်း တိုက်ကွက်လို့ အနီရောင်မျောက်လူက အော်ဟစ်လိုက်ပြီး သူ့ရဲ့ မှော်စွမ်းအင်တွေကို ထိုင်ခုံခါးပတ်ထဲ စီးဆင်းစေကာ ပိုမိုပြင်းထန်တဲ့ စွမ်းအားတွေနဲ့ အားဖြည့်လိုက်တယ်။

စလစ်ဇီဟာ သူ့လည်ပင်း ညှစ်ထားခံရသလို ခံစားလိုက်ရပြီး အနီရောင်မျောက်လူကို သူ့အပေါ်ကနေ ဖယ်ထုတ်ဖို့ ရုန်းကန်နေရတယ်။ ကူကယ်ရာမဲ့ဖြစ်နေတဲ့ အခြေအနေမှာ သူက သူ့လည်ပင်း အဖြတ်ခံရမယ့် အန္တရာယ်ကို စွန့်ပြီး ထိုင်ခုံခါးပတ်ကို ဖြတ်တောက်ဖို့အတွက် ကြယ်လေးပွင့်မန္တန်ဖြစ်တဲ့ ခုတ်ထစ်ပိုင်းဖြတ်ခြင်း တိုက်ကွက်ကို အသုံးပြုလိုက်တယ်။

သူ့လည်ပင်းက အသားအရေဒဏ်ရာကနေ သွေးတွေ စီးကျလာပေမဲ့ စလစ်ဇီကတော့ ဂရုမစိုက်အားဘူး။ သူက လူတစ်ပိုင်းသတ္တဝါဖြစ်တဲ့ မျောက်လူ လွတ်မြောက်ခွင့်မရစေဘဲ အနီရောင်မျောက်လူရဲ့ ဝမ်းဗိုက်ကို ချက်ချင်း ထိုးစိုက်ဖို့ ကြိုးစားတော့တယ်။

အနီရောင်မျောက်လူက အန္တရာယ်ကို မြင်လိုက်ပြီး ချက်ချင်းပဲ လီဗာနင်းတံကို နင်းချလိုက်ရာ ထရပ်ကားဟာ စက္ကန့်ပိုင်းအတွင်းတင် သုည ကီလိုမီတာကနေ အရရှိန် ပြင်းပြင်းနဲ့ ရှေ့ကို ပြေးထွက်သွားတော့တယ်။

ရုတ်တရက် အရှိန်မြှင့်လိုက်မှုက စလစ်ဇီရဲ့ ထိုင်ခုံကို နောက်ဘက်ကို တွန်းပို့လိုက်တာမို့ အနီရောင်မျောက်လူဟာ ဓားဒဏ်ရာကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့တယ်။

လူတစ်ပိုင်းသတ္တဝါက သူ့အပေါ်မှာ ရှိနေတာမို့ စလစ်ဇီဟာ သူ့ခေါင်းဆီ ဦးတည်လာတဲ့ လျင်မြန်တဲ့ ဥက္ကာပျံတံတောင်ဆစ် တိုက်ကွက်ကြောင့် အရေးနိမ့်တော့မယ့် အခြေအနေ ဖြစ်နေတယ်။

သူက ကန်ကျောက်ရုန်းကန်ပြီး စတီယာရင်ကို ဘယ်ဘက်ကို အမြန်လှည့်လိုက်တာမို့ ထရပ်ကားတစ်စီးလုံး ဘေးတိုက် စောင်းထွက်သွားတော့တယ်။ ဘီးတွေထဲက တစ်ခုက လမ်းပေါ်က ကျောက်ခဲတစ်ခုကို တက်နင်းမိသွားတာကြောင့် ထရပ်ကားတစ်စီးလုံး ဘေးတိုက် တိမ်းစောင်းသွားပြီး အရှိန်အဟုန်ကြောင့် နောက်ဆုံးမှာတော့ ထရပ်ကားကြီး ဘေးတိုက် မှောက်ခုံ ဖြစ်သွားခဲ့ရတယ်။

ကားမှောက်သွားတာနဲ့အမျှ စလစ်ဇီက လွတ်မြောက်ဖို့အတွက် ဒီအခွင့်အရေးကို အသုံးပြုလိုက်တယ်။

သူက ရှေ့လေကာမှန်ကို လက်သီးနဲ့ ထိုးခွဲလိုက်ရာ ဖန်သားပြင်တွေက အပိုင်းအစပေါင်းများစွာအဖြစ် ကြေမွသွားတယ်။ သူ့နဖူးကနေ သွေးတွေ စီးကျလာရင်း ထရပ်ကားထဲကနေ သူ စတင်တွားသွားပြီး ထွက်လာခဲ့တယ်။

လွတ်မြောက်ဖို့ မျှော်လင့်ချက်နဲ့ ကားမှောက်တဲ့နေရာကနေ သူ့ခန္ဓာကိုယ်ကို သူ ဆွဲထုတ်သွားခဲ့တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့အပေါ်ကို ဖိနင်းလိုက်တဲ့ စွမ်းအားတစ်ခုကို သူ ရုတ်တရက် ခံစားလိုက်ရတယ်။

သူ နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်နှာမှာ ဒဏ်ရာအနာတဆာ မရှိသလောက်ဖြစ်နေတဲ့ အနီရောင်မျောက်လူက သူ့ကို အထက်စီးကနေ ငုံ့ကြည့်နေတာကို တွေ့လိုက်ရတယ်။

"မင်းတို့က ဘယ်သူတွေလဲ" လို့ သူက သူတို့ကို မေးလိုက်တယ်။

အနီရောင်မျောက်လူက ဒီတိုက်ပွဲအပြီးမှာ အနည်းငယ် မောပန်းနေတာကြောင့် အသက်ကို ပြင်းပြင်းရှူလိုက်တယ်။

"မင်းနဲ့ ပတ်သက်သ၍ ငါတို့က မင်းရဲ့ အဆိုးဝါးဆုံး အိပ်မက်ဆိုးတွေပဲ။ မင်းတို့ ရင်ဆိုင်ခဲ့ရတာ ငါတို့ဖြစ်နေလို့ ကံကောင်းတယ်လို့သာ မှတ်လိုက်။ အကယ်၍ ငါတို့ရဲ့ အော့ခ်စီနီယာတွေသာ ဒီအမှုကို ကိုင်တွယ်ခဲ့ရင် မင်းတို့ရဲ့ ကံကြမ္မာက သေတာထက် ပိုပြီး ဆိုးဝါးသွားလိမ့်မယ်"

သူက စလစ်ဇီရဲ့ ခေါင်းဆီကို နောက်ဆုံး နဂါးခြေကျင်းဝတ် တိုက်ကွက်ကို မထုတ်သုံးမီ သူ့ရဲ့ ခြေထောက်ကို လေထဲမှာ မြင့်မြင့်မားမား မြှောက်တင်လိုက်တော့တယ်။

* * * * * * * *

All Chapters