← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 24 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 24 Ch. 285-286

အခန်း(၂၈၅)

မိုက်ကယ်တစ်ယောက် ဂရက်ဖ်တက်ကလတ်စတာမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ အလုပ်ရှုပ်နေချိန်မှာ ရီနေးတားရဲ့ အရိပ်အဖွဲ့ကလည်း ရီနေးတားပိုင်နက်နယ်မြေတွေရဲ့ ပတ်ပတ်လည်မှာ ဖြစ်ပျက်နေတဲ့ ကွယ်ရာကိစ္စရပ်တွေ အားလုံးကို လိုက်လံကိုင်တွယ်ဖို့ အလုပ်ရှုပ်နေခဲ့ကြတယ်။

သူတို့ရဲ့အလုပ်က ရီနေးတားကုမ္ပဏီ လက်လှမ်းမှီသမျှ ထောင့်အစုံနေရာတိုင်းဆီ သူတို့ရဲ့မျက်စိတွေကို ဖြန့်ကြက်ထားဖို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ မြင်တွေ့နိုင်တဲ့ ကမ္ဘာကြီးထဲမှာ ဖြစ်ပျက်နေသမျှ အရာရာတိုင်းကို စောင့်ကြည့်ထောက်လှမ်းဖို့အတွက် သူတို့ရဲ့ သီးသန့်ခွဲထွက်ခြင်းနဲ့ အရိပ်စွမ်းရည်တွေကို အသုံးပြုခဲ့ကြတယ်။

အိမ်နီးနားချင်းတွေရဲ့ အရေးမပါတဲ့ အတင်းအဖျင်းစကားတွေကအစ ကုန်သွယ်မှုလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်ပျက်ပြားအောင် ခြိမ်းခြောက်နေတဲ့ ဓားပြတွေရဲ့ ပူးပေါင်းကြံစည်မှုကြီးတွေအဆုံး အရာအားလုံးကို သူတို့ ကြားသိခဲ့ရတယ်။

တိုက်ခိုက်ရေးအပိုင်းမှာ အထူးပြုတဲ့ ဝံပုလွေအော့ခ်တွေကတော့ နင်ဂျာမစ်ရှင်တွေ လုပ်ဆောင်ချိန်မှာ ပိုပြီးတော့ ကြမ်းတမ်းခက်ထန်တဲ့ တာဝန်တွေကို ရရှိခဲ့ကြတယ်။ ဒါတွေထဲမှာ တစ်ပါးသူရဲ့ ပိုင်နက်နယ်မြေတွေထဲကို ခိုးဝင်တာ၊ စိတ်ဝင်စားစရာကောင်းတဲ့ လူပုဂ္ဂိုလ်တွေကို စောင့်ကြည့်ထောက်လှမ်းတာ စတာတွေ ပါဝင်တယ်။

တစ်ဖက်မှာလည်း လိပ်ပြာဆူးအော့ခ်တွေကိုတော့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိပြီး လူမိုက်ဆန်ဆန် ပြုမူတတ်သူတွေရဲ့ ရန်ကနေ ရီနေးတားနိုင်ငံသားတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ပေးထားခဲ့တယ်။

ဒါပေမဲ့ အဲဒီလို ခွဲခြားသတ်မှတ်မှုက အသေကြီးတော့ မဟုတ်ပါဘူး။ ရီနေးတားကုမ္ပဏီဟာ တခြားနယ်မြေတွေဆီပါ တိုးချဲ့လာတာနဲ့အမျှ ရီနေးတားရဲ့ အရိပ်အဖွဲ့ဟာလည်း နေရာအနှံ့မှာ စောင့်ကြည့်ထောက်လှမ်းမှုတွေ ဆက်လုပ်နိုင်ဖို့အတွက် နောက်ဆုံးမှာ အဖွဲ့ဝင်အင်အား ပိုပြီး လိုအပ်လာခဲ့လို့ပဲ ဖြစ်ပါတယ်။

သူတို့ဟာ လူသားတွေကိုရော လူတစ်ပိုင်းသတ္တဝါတွေကိုပါ မပြတ် စည်းရုံးသိမ်းသွင်းခဲ့ကြတယ်။ သူတို့မှာ သူလျှိုလုပ်ငန်းအတွက် ပါရမီသာရှိမယ်ဆိုရင် ဒီသီးသန့်အဖွဲ့ကြီးထဲကို အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့် ပြုခဲ့တယ်။ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် တခြားအမည်ဝှက်တစ်ခုခုအနေနဲ့ ဟန်ဆောင်ပြီး လုပ်ဆောင်ရတဲ့ သူလျှိုမစ်ရှင်အချို့ ရှိနေတာကြောင့်လည်း ပါတယ်။

ဒီလိုမျိုး တိုးချဲ့ခန့်အပ်ထားတဲ့ ရီနေးတားရဲ့ အရိပ်အဖွဲ့ဝင်တွေအားလုံးမှာ သူတို့ရဲ့ ကိုယ်ပိုင်အဖွဲ့တွေနဲ့ ကိုယ်ပိုင်အထက်လူကြီးတွေ ရှိကြပေမဲ့ သူတို့အားလုံးဟာ အော့ခ်မျိုးနွယ်စုခေါင်းဆောင်တွေဖြစ်တဲ့ နာရီတိုနဲ့ ဆာစူကီတို့ရဲ့ အမိန့်ကို နာခံကြရတယ်။

အဲဒီ အော့ခ်နှစ်ယောက်က အရိပ်အဖွဲ့ရဲ့ နေ့စဉ်မစ်ရှင် အများစုကို ဦးစီးမောင်းနှင်နေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ သူလျှိုတွေနဲ့ အရိပ်တွေကနေ တစ်နေ့တာလုံး ရှာဖွေစုဆောင်းရရှိလာတဲ့ အဓိကဖြစ်ရပ်မှန် အားလုံးကို သူတို့ရဲ့ မျက်စိနဲ့ နားတွေကနေတစ်ဆင့် အရင်ဆုံး စစ်ထုတ်လိုက်ကြတယ်။ ဒါဟာ တကယ်ပဲ အရေးကြီးလောက်တယ်လို့ သူတို့ ဆုံးဖြတ်ပြီးတာနဲ့ တစ်ပြိုင်နက် ဒဏ္ဍာရီလာ နင်ဂျာကြီးဖြစ်တဲ့ ဖတ်ချ်ဆီကို ဆက်လက် အစီရင်ခံ တင်ပြကြတယ်။

နာရီတိုနဲ့ ဆာစူကီတို့က ရီနေးတားအရိပ်တွေရဲ့ လက်ရှိအခြေအနေတွေအကြောင်းကို လာရောက်အစီရင်ခံနေစဉ်မှာ ဖတ်ချ်က "ပျင်းစရာကြီး" လို့ တိုးတိုးလေး ညည်းတွားလိုက်တယ်။

နာရီတိုက ဒူးထောက်လိုက်ပြီး သူ့ရင်ဘတ်ကို သူ ပြန်ထုလိုက်တယ်။

"ဒါတင်မကသေးဘူး ဆရာကြီးဖတ်ချ်။ ဘားကပ်စ်ရဲ့ အမြွှာအစ်ကိုဖြစ်တဲ့ ဘူးလ်ရန်နဲ့ ဟက်စတုလို့ အမည်ရတဲ့ လူတစ်ယောက် လာရောက်ဆက်သွယ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့ ခုလေးတင် ရရှိထားပါတယ်"

ဖတ်ချ်က စိတ်ဝင်စားသွားပြီး သူ့မှာ မရှိတဲ့ မျက်ခုံးတွေကို ပင့်လိုက်တယ်။

"ဒီ ဟက်စတုဆိုတာ ဘယ်သူလဲ"

"သူ့ရဲ့ မြင်းလှည်းထဲမှာ ဝှက်ထားတဲ့ စာရွက်စာတမ်းတွေကို ကြည့်ပြီး ဆုံးဖြတ်ရရင်တော့ သူဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဖလဲယားကော့ပ် ကုမ္ပဏီက အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အတည်ပြုထားနိုင်ခဲ့ပါတယ်" လို့ ဆာစူကီက အစီရင်ခံလိုက်တယ်။

"ဟင်း... သခင်ကြီးက ဒါကို ကြားရင် ငါ့ကို ခေါင်းလေးပုတ်ပြီး ချီးကျူးမှာ သေချာတယ်" ဖတ်ချ်က တခိခိ ရယ်မောလိုက်တယ်။

"ငါ့ကို ထပ်ပြောပြဦး။ သူတို့ ဘာတွေ ပြောကြလဲ။ ငါတို့ ရီနေးတားကုမ္ပဏီက ပိုပြီး သာလွန်ကောင်းမွန်တယ်ဆိုတာကို သူတို့ နောက်ဆုံးတော့ သဘောပေါက်သွားကြပြီလား"

နာရီတိုနဲ့ ဆာစူကီတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားပြောဖို့ တွန့်ဆုတ်နေကြတယ်။ သူတို့ ပြောရမယ့်အရာကို ဖတ်ချ်အား မကြားစေချင်ကြတဲ့ ပုံစံမျိုး ဖြစ်နေတယ်။

ဖတ်ချ်က သူ့နေရာကနေ ဝုန်းခနဲ ခုန်ထွက်လိုက်ပြီး အဲဒီနှစ်ယောက်ရဲ့ ရှေ့တည့်တည့်မှာ လာရပ်လိုက်တယ်။

"ဘာဖြစ်လို့လဲ။ သူတို့က ငါတို့ပိုင်နက်ကို ကျူးကျော်ဝင်ရောက်ဖို့ စီစဉ်နေကြတာလား ဒါမှမဟုတ် ဘာလဲ"

"မဟုတ်ပါဘူး" နာရီတိုက တိုးတိုးလေး ပြောရှာတယ်။

"ဒီလို ဖြစ်သွားတာပါ..."

အော့ခ်မျိုးနွယ်စုခေါင်းဆောင်တွေက ဘူးလ်ရန်ရဲ့ ရုံးခန်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဖတ်ချ်ဆီ စကားလုံးတစ်လုံးမကျန် ပြန်လည်ပြောပြပါတော့တယ်။

သူတို့ရဲ့ တင်ပြမှုတွေ ပြီးသွားတာနဲ့ တစ်ပြိုင်နက် တစ်ခန်းလုံး အေးစိမ့်သွားသလိုမျိုး သူတို့ ခံစားလိုက်ရတယ်။ သူတို့ ရောက်နေတဲ့ မှောင်မည်းနေပြီးသား မြေအောက်ဂူဗိမာန်ကြီးက ဘာမှမရှိတဲ့ လွတ်လပ်မှုအာကာသကြီးရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရသလိုမျိုး ပိုပြီးတော့တောင် မှောင်မည်းသွားခဲ့တယ်။ အပူချိန်ကလည်း ရေခဲမှတ်အောက်ကို ထိုးကျသွားတာကြောင့် ပြင်ပအာကာသရဲ့ အေးစိမ့်မှုကို သူတို့ ခံစားလိုက်ရတဲ့အထိပဲ ဖြစ်ပါတယ်။

"ဘာ" ဖတ်ချ်က တိုးတိုးလေး ညည်းတွားလိုက်ပြီး မရှိတဲ့ လေပြင်းတွေကြောင့် သူ့ရဲ့ ဝတ်ရုံကြီးက တဖျတ်ဖျတ် လွင့်ပျံနေခဲ့တယ်။ "သူတို့က ရီနေးတားအကြောင်း ဘာပြောလိုက်တယ်" သူက ထပ်မံ မေးမြန်းလိုက်တယ်။

နာရီတိုနဲ့ ဆာစူကီတို့က ရိုရိုသေသေ ဒူးထောက်လိုက်ကြတယ်။ "သူတို့က ငါတို့ ဘယ်သူလဲဆိုတာကို မသိကြဘူး ဆရာကြီးဖတ်ချ်"

ခရမ်းရောင် စလိုင်းမ်ကြီးက သူ့ခေါင်းကို ခါယမ်းလိုက်တယ်။

"မဟုတ်ဘူး။ အဲဒီကောင် သုံးသွားတဲ့ အတိအကျ စကားလုံးက ဘာလဲ"

"ကျွန်တော်တို့ ကုမ္ပဏီကို တုံ့ပြန်တဲ့အနေနဲ့ ဟက်စတုက... ဘယ်... ဘယ်သူ.. လို့ မေးခဲ့ပါတယ်"

"ဟားဟားဟားဟား" ဖတ်ချ်က တဟားဟား ရယ်မောလိုက်တယ်။ "ဘယ်သူလဲလို့ သူက မေးတယ် ဟုတ်လား။ သိပ်ရယ်ရတာပဲ။ မရယ်ရဘူးလား"

အော့ခ်မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်စလုံး တံတွေးကို ဂလုခနဲ မျိုချလိုက်ကြတယ်။ ဖတ်ချ်ရဲ့ စလိုင်းမ်ခန္ဓာကိုယ်ကြီးက ပိုပြီးတော့ လုံးဝန်းလာလေလေ အခြေအနေက ပိုပြီးတော့ ပြင်းထန်လာလေလေဆိုတာကို သူတို့ သိထားကြလို့ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူက လုံးဝဥဿုံ ပြည့်စုံတဲ့ အလုံးကြီးတစ်လုံး ဖြစ်နေခဲ့ပြီ။ သူ တကယ်ကို ဒေါသထွက်နေရုံမကဘဲ ပေါက်ကွဲလုနီးပါး ဖြစ်နေတယ်။

"ငါတို့ရဲ့ အရိပ်တွေအားလုံးကို ပြန်ရုပ်သိမ်းလိုက်" ဖတ်ချ်က ကြေညာလိုက်တယ်။

"ဆရာကြီး။ အားလုံးကိုလား"

"မင်း ငါပြောတာ ကြားတယ်မဟုတ်လား။ အခုအချိန်ကစပြီး အဲဒီကောင်ရဲ့ မေးခွန်းကို နောက်ဆုံးမှာ အဖြေပေးနိုင်ဖို့အတွက် ငါတို့ရဲ့ အရင်းအမြစ်တွေ အားလုံးကို ပုံအော သုံးစွဲသွားမယ်။ ငါတို့က ဘယ်သူလဲလို့ သူက မေးတယ် ဟုတ်လား။ ငါတို့က ရီနေးတားပဲ။ သူ့ကို တစ်ကျော့ပြန် မွေးဖွားခြင်းရဲ့ အရသာကို အပြည့်အဝ မြည်းစမ်းစေရမယ်"

တစ်ဖက်မှာလည်း ရီနေးတားကုမ္ပဏီဟာ ဂရက်ဖ်တက်ကလတ်စတာကို သိမ်းပိုက်ဖို့အတွက် သူ့ရဲ့ အရှိန်အဟုန်ကို ရရှိနေချိန်မှာ ဘူးလ်ရန်ကတော့ ရက်တွေ ကုန်လွန်လာတာနဲ့အမျှ ပိုပြီးတော့ စိတ်ပျက်အားငယ်မှုကို ခံစားနေရတယ်။

ရီနေးတားရဲ့ ရွှေလမ်းမကြီးက သူ့ကုမ္ပဏီကနေ ရရှိနိုင်မယ့် အလားအလာရှိတဲ့ အကျိုးအမြတ်တွေ အားလုံးကို စုပ်ယူသွားခဲ့တယ်။ သူတို့ရဲ့ သစ္စာရှိတဲ့ ဖောက်သည်တွေတောင်မှ အခုဆိုရင် ရွှေလမ်းမကြီးအတိုင်း ခရီးသွားဖို့နဲ့ ရီနေးတားရဲ့ ထုတ်ကုန်တွေကို သူတို့ဘာသာ လိုက်လံရှာဖွေဖို့ ရွေးချယ်နေကြပြီ ဖြစ်ပါတယ်။

သူ့ရဲ့ အဓိက စီးပွားရေးလုပ်ငန်းကတော့ မြေအောက်တွင်းထွက်ပစ္စည်းတွေကို စုဆောင်းတာပဲ ဖြစ်တယ်။ အဓိကအားဖြင့် ဂရက်ဖ်တက်ကလတ်စတာမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အသုံးပြုတဲ့ ကျောက်တုံးတွေ၊ သလင်းကျောက်တွေနဲ့ စကျင်ကျောက်တွေ ဖြစ်တယ်။ အဲဒီဒေသမှာရှိတဲ့ တောင်တွေနဲ့ မိုင်းတွင်းအများစုကို သူက ပိုင်ဆိုင်ထားတာကြောင့် စီးပွားရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားနိုင်ခဲ့ပြီး သူ့စိတ်ကြိုက် ဈေးနှုန်းတွေကို သတ်မှတ်ဖို့ လွတ်လပ်ခွင့် ရရှိထားခဲ့တယ်။

ဒါပေမဲ့ ရီနေးတားကုမ္ပဏီက သူတို့ရဲ့ အံ့ဖွယ် ဘိလပ်မြေကို မိတ်ဆက်ပေးခဲ့ကတည်းက လူအများစုဟာ အဆောက်အဦးတွေကို ဆောက်လုပ်ဖို့အတွက် အဲဒီပစ္စည်းကိုပဲ ပြောင်းလဲအသုံးပြုဖို့ ရွေးချယ်ခဲ့ကြတယ်။

လူတွေဟာ ကျောက်တုံးတွေကို ဆက်လက်အသုံးပြုနေကြတုန်းပဲ ဖြစ်ပေမဲ့ အရင်လောက်တော့ မဟုတ်တော့ပါဘူး။ အဲဒီအကြောင်းရင်းကြောင့် ဘူးလ်ရန်ဟာ သူ့ရဲ့ ဈေးနှုန်းတွေကို တကယ့် ဈေးကွက်တန်ဖိုးအထိ လျှော့ချခဲ့ရတယ်။

ဒီပြဿနာက သူ့ကို ရက်ပေါင်းများစွာ နှိပ်စက်နေခဲ့တာကြောင့် အိပ်စက်ခြင်းများစွာကိုလည်း ဆုံးရှုံးစေခဲ့တယ်။ သူ့ရဲ့ ထိုးကျသွားတဲ့ အကျိုးအမြတ်တွေကို မပြောနဲ့ဦးတော့။ ဖလဲယားကော့ပ်အဖွဲ့သားတွေ မရောက်လာခင်မှာ ဒီဒေသတစ်ခုလုံးကို သူတို့သာ အပြည့်အဝ မသိမ်းပိုက်နိုင်ခဲ့ရင် ဖလဲယားကော့ပ်က သူ့ကို ဘာတွေလုပ်မလဲဆိုတာကိုလည်း သူ စိုးရိမ်နေခဲ့မိတယ်။

သူ့ရဲ့ တစ်ခုတည်းသော အခွင့်အရေးကတော့ သူတို့ကို ကတိပေးထားတဲ့ ပံ့ပိုးကူညီမှုတွေ ဖြစ်တဲ့ ဖလဲယားကော့ပ် ထုတ်ကုန်တွေပဲ ဖြစ်ပါတယ်။

သူ့အတွက် ကံကောင်းချင်တော့ ဖလဲယားကော့ပ် ထုတ်ကုန်တွေရဲ့ ပထမဆုံး သေတ္တာအချို့ဟာ ဘတ်ချ်ရောခ့်မြို့ကနေ ခုလေးတင် ရောက်ရှိလာခဲ့တယ်။ မြင်းလှည်းအစီးတစ်ရာနီးပါးဟာ ဂရက်ဖ်တက်ကလတ်စတာရဲ့ မြို့လယ်ခေါင်မှာ လာရောက်ဆိုက်ကပ်ခဲ့ကြပြီး မြင်းလှည်းတစ်စီးချင်းစီကို ဖလဲယားကော့ပ်နဲ့ ဆက်နွှယ်နေတဲ့ တော်ဝင်လိမ္မော်ရောင်တွေ ခြယ်သထားတယ်။

ဒါပေမဲ့ ဘူးလ်ရန်က အဲဒီသေတ္တာတွေကို မဖွင့်ရသေးခင်မှာပဲ လာရောက်ပို့ဆောင်သူတွေထဲက တမန်တစ်ယောက်က သူ့ဆီ ချဉ်းကပ်လာပြီး ပို့ဆောင်ပေးခဲ့တဲ့ ထုတ်ကုန်အားလုံးရဲ့ အသေးစိတ်စာရင်းနဲ့ အဲဒီမှာ ဖော်ပြထားတဲ့ ဈေးနှုန်းတွေကို ပေးအပ်ခဲ့တယ်။

"ဘာ" ဘူးလ်ရန်က အကျယ်ကြီး အော်ဟစ်လိုက်တယ်။

"ဘာဖြစ်လို့ ဒီလောက်တောင် ဈေးကြီးနေရတာလဲ"

တမန်က ပခုံးတွန့်ပြလိုက်တယ်။ "ဒါက ပုံမှန်ပါပဲ" သူက ပြောတယ်။

"ဒီကုန်ပစ္စည်းတွေကို ဒီအထိ သယ်ယူပို့ဆောင်ဖို့အတွက် အချိန်တွေနဲ့ ငွေကြေးတွေ အများကြီး ကုန်ကျခဲ့တာပဲလေ။ ဒါက သဘာဝကျပါတယ်"

အကယ်၍ ဘူးလ်ရန်အနေနဲ့ ဒီထုတ်ကုန်တွေကို ဒီလောက် မြင့်မားတဲ့ ကုန်ကျစရိတ်နဲ့ ဝယ်ယူရမယ်ဆိုရင် သူ အရင်းကျေဖို့အတွက်တင် ဒီထက် ပိုမြင့်မားတဲ့ ဈေးနှုန်းနဲ့ ပြန်လည်ရောင်းချရတော့မယ်ဆိုတဲ့ သဘော ဖြစ်နေတယ်။

ဥပမာအားဖြင့် ကမ္ဘာပေါ်မှာ အလိုချင်ဆုံး အမွှေးအကြိုင်တွေထဲက တစ်ခုဖြစ်တဲ့ ဖလဲယားကော့ပ် ဆားဟာ တစ်ထုပ်ကို ရောင်းချဖို့အတွက် ရွှေဒင်္ဂါးတစ်ပြားခန့် ကုန်ကျတယ်။

ဒါပေမဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရွှေလမ်းမကြီးပေါ်မှာ ရောင်းချနေတဲ့ ရီနေးတား ဆားကတော့ အဲဒီဈေးနှုန်းရဲ့ ထက်ဝက်ခန့်သာ ရှိတာပဲ ဖြစ်ပါတယ်။

ဘယ်သူမှ ဖလဲယားကော့ပ် ဆားကို ဝယ်ကြမှာ မဟုတ်တော့ဘူး။

ဒါဟာ ရီနေးတားကုမ္ပဏီရဲ့ ကုန်ပစ္စည်းတွေကို ဒီလောက် သက်သာတဲ့ ကုန်ကျစရိတ်နဲ့ သယ်ယူပို့ဆောင်နိုင်တဲ့ စွမ်းရည်က ဘယ်လောက်တောင် အဓိပ္ပာယ်မရှိဘဲ ရူးသွပ်စရာကောင်းလဲဆိုတာကို ဘူးလ်ရန် နောက်ဆုံးတော့ သဘောပေါက်သွားစေခဲ့တယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ အမှန်တရားတစ်ခုကို သူ လက်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဘူးလ်ရန်အနေနဲ့ ရီနေးတားကုမ္ပဏီရဲ့ ကုန်သွယ်မှု ထုတ်ကုန်တွေကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ပါဘူး။ သူတို့ကို အနိုင်ယူဖို့ နည်းလမ်း လုံးဝမရှိတော့တယ်။

ဒါပေမဲ့ သူ ဒီအတိုင်းတော့ အရှုံးမပေးနိုင်ခဲ့ပါဘူး။ အကယ်၍ သူတို့ရဲ့ သဘောတူညီချက်ကို သူ ဖောက်ဖျက်လိုက်မယ်ဆိုရင် ဖလဲယားကော့ပ်က သူ့ကို အပြစ်ပေးမှာ ဖြစ်တာကြောင့် နောက်ဆုံးမှာ သူပါ သိမ်းပိုက်ခြင်း ခံရလိမ့်မယ်လေ။

ဒါကြောင့် သူဟာ သူ့ရဲ့ မာနကို မြိုသိပ်လိုက်ပြီး သူ့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ သူ့ရဲ့ ညီဖြစ်သူ ဘားကပ်စ်ရဲ့ တံခါးကို သွားရောက်ခေါက်ပါတော့တယ်။

"ညီလေး... ငါ့စကားကို နားထောင်ပါဦး" ဘူးလ်ရန်က ဘားကပ်စ်ရဲ့ ရုံးခန်းထဲကို လျှောက်လှမ်းဝင်ရင်း ပြောလိုက်တယ်။

"အကယ်၍ ငါတို့ အတူတူ ပူးပေါင်းပြီး ငါတို့ရဲ့ အရင်းအမြစ်တွေကို ပေါင်းစည်းလိုက်မယ်ဆိုရင် ငါတို့ ရီနေးတားကုမ္ပဏီကို အနိုင်ယူနိုင်လိမ့်မယ်"

ဒါပေမဲ့ ဘားကပ်စ်က ဘာမှပြန်မပြောဘဲ တည်ငြိမ်အေးဆေးစွာ တွေးတောရင်း သူ့ရဲ့ ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေခဲ့တယ်။

"မင်းသာ ဒါကို လုပ်ပေးမယ်ဆိုရင် ဖလဲယားကော့ပ်ရဲ့ ကိုယ်စားလှယ်နဲ့ ငါ တွေ့ဆုံတဲ့အခါမှာ မင်းအတွက် စကားကောင်းလေး ပါးပေးပါ့မယ်" ဘူးလ်ရန်က တောင်းပန်တိုးလျှိုးတဲ့ လေသံနဲ့ ပြောလိုက်တယ်။

ဘားကပ်စ်က နောက်ဆုံးတော့ လှည့်ကြည့်လာခဲ့တယ်။ "မင်းက သူတို့ကို အနိုင်ယူနိုင်သေးတယ်လို့ ထင်နေတုန်းပဲလား" အဲဒီလူက လှောင်ပြုံး ပြုံးရင်း မေးလိုက်တယ်။

* * * * * * * *

စာစဉ်(၂၄)

အခန်း(၂၈၆)

ဘူးလ်ရန်က သူ့ရဲ့အမြွှာအစ်ကိုဖြစ်သူကို ကြည့်ရင်း ရီနေးတားကုမ္ပဏီဘက်ကနေ ဘာလို့ ကာကွယ်ပြောဆိုနေရတာလဲ၊ ဘာလို့တောင် အားပေးအားမြှောက်ပြုနေရတာလဲဆိုတာကို တွေးပြီး အံ့ဩနေမိတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကတင် သူတို့နှစ်ယောက်စလုံးဟာ ရွှေလမ်းမကြီးကို ဆန့်ကျင်ဖို့ စိတ်ကူးတူခဲ့ကြတာလေ။

"ငါပြောတာကို နားမလည်ဘူးလား။ ငါတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ဖလဲယားကော့ပ်က ဂရက်ဖ်တက်ကလတ်စတာကို သိမ်းပိုက်မှာပဲ။ ဒါပေမဲ့ အခုအချိန်မှာ သူတို့ကို ငါတို့က ကူညီထားမယ်ဆိုရင် သူတို့ရောက်လာတဲ့အခါ ငါတို့ကို သေချာပေါက် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးလိမ့်မယ်"

ဒါပေမဲ့ ဘားကပ်စ်က သူ့အစ်ကိုရဲ့ ကျိုးကြောင်းပြချက်ကို နားလည်ပေးမယ့်အစား ဒီလိုတွေးတာကိုပဲ လှောင်ပြောင်သရော်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။

"ရီနေးတားကုမ္ပဏီက ဖလဲယားကော့ပ်ကို ပြန်မခုခံနိုင်ဘူးလို့ မင်းက ဘာလို့ ထင်နေတာလဲ" လို့ ဘားကပ်စ်က မေးလိုက်တယ်။

"အစ်ကို... ကိုယ်ပြောနေတာကို ကိုယ်ကော ပြန်ကြားရဲ့လား။ ဖလဲယားကော့ပ်က အုပ်စုကြီးတစ်ခုရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲကြီးတစ်ခုလေ။ သူတို့ဆီမှာရှိတဲ့ ငွေကြေးနဲ့ အင်အားက ငါတို့လို သာမန်လူတွေ အိပ်မက်တောင် မမက်နိုင်တဲ့ အရာမျိုး။ အခုအချိန်မှာ ရီနေးတားကုမ္ပဏီက ဘယ်လောက်ပဲ အင်အားကြီးနေပါစေဦးတော့ ဘတ်ချ်ရောခ့်မြို့လို ကံကြမ္မာမျိုးပဲ ကြုံရမှာ။ ငါက ငါတို့နှစ်ယောက် အဲဒီလိုမဖြစ်အောင် ကြိုတင်ပြင်ဆင်နေတာ"

အမြွှာညီအစ်ကိုနှစ်ယောက်ဟာ ထုံးစံအတိုင်း သူတို့ရဲ့ ပြဿနာတွေအပေါ် အမြင်ချင်း မတိုက်ဆိုင်ကြဘူး။

တစ်ယောက်က ဖလဲယားကော့ပ်ရဲ့ ခြောက်လှန့်နိုင်တဲ့ အစွမ်းသတ္တိကို ကြောက်ရွံ့နေပြီး နောက်တစ်ယောက်ကတော့ ရီနေးတားကုမ္ပဏီရဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တဲ့ စွမ်းအားကို အသိဝင်နေတာ ဖြစ်တယ်။ ဒီအခက်အခဲအပေါ် သူတို့ရဲ့ အမြင်တွေက အဖြူနဲ့ အမည်းထက်တောင် ပိုပြီး ကွာခြားနေခဲ့တယ်။

"ဒါဆို မင်းက ဘာလုပ်ဖို့ စိတ်ကူးနေတာလဲ" လို့ ဘားကပ်စ်က မေးလိုက်တယ်။

"ဂရက်ဖ်တက်ကလတ်စတာကို သိမ်းပိုက်ပြီး ရီနေးတားကုမ္ပဏီကို မောင်းထုတ်မလို့လား။ မင်း အဲဒီလို လုပ်နိုင်မယ်လို့ တကယ် ထင်နေတာလား"

ဘူးလ်ရန်က သွားကြိတ်လိုက်ပြီး "အစ်ကို့အကူအညီပါရင် လုပ်နိုင်တာပေါ့။ ဒါတင်မကသေးဘူး။ ငါတို့ဘက်မှာ လူဆိုးဂိုဏ်းတွေလည်း ရှိနေလိမ့်မယ်" လို့ ပြောတယ်။

ဘားကပ်စ်က သူ့ညီကို ပြန်ကြည့်ပြီး "လူဆိုးဂိုဏ်းတွေ ဟုတ်လား" လို့ မေးလိုက်တယ်။

"ဟုတ်တယ်။ သူတို့က အဲဒီလောက်အထိ အင်အားတောင့်တင်းတာ။ ဖလဲယားကော့ပ်က အဲဒီလူဆိုးဂိုဏ်းတွေကိုပါ သူတို့ရဲ့ ငွေအင်အားနဲ့ ထိန်းချုပ်ထားပြီးသား။ အခုလည်း ဒီတာဝန်ကို အောင်မြင်ဖို့ သူတို့က ငါတို့ကို ကူညီချင်နေကြတယ်။ အဲဒီဂိုဏ်းရဲ့ ထိပ်တန်းအရာရှိတစ်ယောက်ဖြစ်တဲ့ ညဘက်လူသတ်သမားလို့ နာမည်ကြီးတဲ့ စလစ်ဇီဆိုတဲ့လူကို စေလွှတ်ပေးမယ်လို့ ငါ့ကို ကတိပေးထားတယ်"

အဲဒီစကားကို ကြားလိုက်ရတဲ့အခါ ဘားကပ်စ်ဆီကနေ ကျယ်လောင်တဲ့ ရယ်သံကြီး ထွက်လာတော့တယ်။

"ဟားဟားဟား။ မင်း ဒီလောက်အထိ ယုံကြည်မှုလွန်ကဲနေတာ အဲဒီ စလစ်ဇီ ကြောင့်ပေါ့ ဟုတ်လား"

"ဟုတ်တယ်လေ" လို့ ဘူးလ်ရန်က ပြန်ဖြေလိုက်ပြီး ဘားကပ်စ် ဘာဖြစ်လို့ ဒီလောက် ထူးထူးဆန်းဆန်း ပြုမူနေရတာလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေတယ်။

"သူက ငါတို့ရဲ့ ကုန်သည်တွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အကြာကြီး ဒုက္ခပေးခဲ့တာ မဟုတ်ဘူးလား။ ရီနေးတားကုမ္ပဏီကိုလည်း အဲဒီလိုပဲ သေချာပေါက် လုပ်နိုင်မှာပေါ့"

"မင်းအတွက် သတင်းဆိုးတစ်ခု ရှိတယ် ညီလေး။ စလစ်ဇီက အဲဒီလို သွားလုပ်ပြီးပြီ။ ပြီးတော့ အရှက်ရစရာကောင်းလောက်အောင်ကို ရှုံးနိမ့်ခဲ့တယ်"

ဘူးလ်ရန်က ဒီသတင်းကြောင့် လုံးဝ တုန်လှုပ်သွားပြီး ဆွံ့အသွားခဲ့တယ်။

"ဘာ။ မင်းက ဘယ်လိုလုပ် သေချာနေရတာလဲ"

"ငါကိုယ်တိုင် အဲဒီမှာ ရှိနေခဲ့တာ။ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ။ ရီနေးတားလူတွေက သူတို့လာမယ်ဆိုတာကို ကြိုသိနေပြီး စလစ်ဇီရဲ့ ချုံခိုတိုက်ခိုက်မှုကို ချေမှုန်းပစ်ခဲ့တာ"

ဘူးလ်ရန်က ဟိုဟိုဒီဒီ လျှောက်လှမ်းနေမိတယ်။ သူ့အစ်ကိုက ဘယ်လိုလူပဲဖြစ်ဖြစ် လိမ်ပြောတတ်တဲ့လူတော့ မဟုတ်ဘူး။ ဒါက စလစ်ဇီဟာ ရီနေးတားလူတွေလက်ထဲမှာ တကယ်ပဲ အရေးနိမ့်သွားခဲ့ပြီဆိုတာကို ပြနေတာပဲ။

"ဒါဆို ဒရာဂွန်ဘွန်းတွေအကြောင်း ကောလာဟလက တကယ်ပေါ့..." လို့ ဘူးလ်ရန်က ရေရွတ်လိုက်တယ်။

"ဒါကတော့ ဟုတ်နိုင်တာပဲ။ သူတို့က စတုန်းကိုးလ် ဆစ်ခ်စ်လို အင်အားကြီးတဲ့အဖွဲ့ကိုတောင် အနိုင်တိုက်နိုင်တာဆိုတော့ စလစ်ဇီက သူတို့အတွက်တော့ အေးဆေးပေါ့"

ဘားကပ်စ်က အဲဒီစကားကို ကြားတော့ စိတ်ထဲကနေ မရယ်ဘဲ မနေနိုင်တော့ဘူး။ တကယ့် ရယ်စရာအကောင်းဆုံးအပိုင်းက အဲဒီနာမည်ကြီး ဒရာဂွန်ဘွန်းတွေက စလစ်ဇီကို နှိမ်နင်းခဲ့တာ မဟုတ်ဘဲ ရီနေးတားလူတွေနဲ့ ဒရာဂွန်ဘွန်းတွေဘက်က တိုက်ခိုက်ရေးအပိုင်းမှာ အားအနည်းဆုံးလို့ သတ်မှတ်ထားတဲ့ အနီရောင်မျောက်လူတွေ ဖြစ်နေလို့ပဲ။

"နောက်ဆုံးတော့ ဒါက အရေးမကြီးပါဘူး။ ဖလဲယားကော့ပ်က အနှေးနဲ့အမြန် ရောက်လာမှာပဲ။ ပြီးတော့ သူတို့ရဲ့ အင်အားအပြည့်အစုံကိုပါ ခေါ်လာလိမ့်မယ်" လို့ ဘူးလ်ရန်က အကျိုးအကြောင်းပြပြောတယ်။

"ငါတို့ အခုပဲ လှုပ်ရှားပြီး သူတို့ရဲ့ မျက်နှာသာပေးမှုကို ရအောင်လုပ်ရမယ်။ အစ်ကို... ငါနဲ့အတူ လိုက်ခဲ့ပါ"

ဘူးလ်ရန်က သူ့အစ်ကိုဆုပ်ကိုင်ဖို့ လက်ကမ်းပေးလိုက်ပေမဲ့ ဘားကပ်စ်ကတော့ ဂရုမစိုက်ဘဲ နေလိုက်တယ်။

"ငါ ငြင်းတယ်" လို့ သူက ပြောလိုက်တယ်။

"ငါက ရီနေးတားကုမ္ပဏီနဲ့ လက်တွဲထားပြီးသား"

ဘားကပ်စ်က သူ့ရဲ့ လက်ရှည်ဂျာကင်အင်္ကျီကို ချွတ်လိုက်တဲ့အခါ ကျောပြင်ဘက်မှာ အပ်ချုပ်ချည်မျှင်တွေနဲ့ သေသေသပ်သပ် ပန်းထိုးထားတဲ့ သင်္ကေတအသေးစားလေးတွေကို တွေ့လိုက်ရတယ်။

အဲဒီမှာ သင်္ကေတနှစ်ခု ရှိနေတယ်။ တစ်ခုက ဘားကပ်စ်ကုမ္ပဏီရဲ့ အမှတ်တံဆိပ် ဖြစ်ပြီး အဲဒီအပေါ်မှာတော့ ရီနေးတားကုမ္ပဏီရဲ့ ထင်ရှားလှတဲ့ 'R' သင်္ကေတ ရှိနေတာပဲ။

"မဖြစ်နိုင်တာ..." လို့ ဘူးလ်ရန်က ရေရွတ်လိုက်တယ်။

"မင်းက သူတို့ရဲ့ လက်အောက်ခံကုမ္ပဏီ ဖြစ်သွားတာလား"

ဘူးလ်ရန်က ဒါကို လုံးဝ သစ္စာဖောက်မှုတစ်ခုလို သတ်မှတ်လိုက်တယ်။ သူ့အစ်ကိုက ရီနေးတားကုမ္ပဏီရဲ့ လက်အောက်ကို ဝင်ရောက်သွားလိမ့်မယ်လို့ သူ လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေတယ်။

"ငါတို့ကြားမှာ ထင်ရှားတဲ့ ကွာခြားချက်တစ်ခု ရှိတယ် ညီလေး" လို့ ဘားကပ်စ်က ပြောလိုက်တယ်။

"မင်းက ဖလဲယားကော့ပ်ကို ကြောက်လို့ သူတို့လက်အောက် ဝင်ချင်တာ။ ငါကတော့ ရီနေးတားကုမ္ပဏီကို ယုံကြည်လို့ လက်တွဲတာ။ သူတို့... မဟုတ်ဘူး... ငါတို့က အနှေးနဲ့အမြန် သေချာပေါက် အောင်နိုင်မှာ။ မင်းလည်း ဒါကို မြင်နိုင်ရင် ကောင်းမှာပဲ"

ဒါပေမဲ့ ဘူးလ်ရန်ကတော့ အဲဒီလို မမြင်နိုင်ခဲ့ဘူး။ သူ့မျက်လုံးထဲမှာတော့ ရီနေးတားကုမ္ပဏီဆိုတာ ဧရာမ ဖလဲယားကော့ပ်ကြီးနဲ့ နှိုင်းယှဉ်ရင် အတွေ့အကြုံမရှိသေးတဲ့ ကုမ္ပဏီသစ်ကလေးတစ်ခုမျှသာ ဖြစ်နေတယ်။ အဲဒီလိုကုမ္ပဏီမျိုးတွေကတော့ ကမ္ဘာ့စျေးကွက်ထဲမှာ ပိုပြီးကြီးမားတဲ့ သားရဲကြီးတွေရဲ့ ဝါးမြိုခြင်းကိုပဲ ခံရစမြဲပဲလေ။

"ငါတို့ လမ်းခွဲရမယ့်အချိန် ရောက်ပြီထင်တယ် အစ်ကို"

ဘားကပ်စ်က လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်ပေမဲ့ ဘူးလ်ရန်က ငြင်းပယ်လိုက်တယ်။ သူက ဘာစကားမှမပြောဘဲ စဉ်းစားခန်းဝင်ရင်း ခေါင်းငိုက်စိုက်ချကာ အခန်းထဲကနေ ထွက်ခွာသွားတော့တယ်။

သူ့အစ်ကိုနဲ့ ထိပ်တိုက်တွေ့ပြီးနောက် ဘားကပ်စ်က သူ့ရဲ့ အရိပ်ကို ချက်ချင်း ငုံ့ကြည့်လိုက်ပြီး မိုက်ကယ်နဲ့ တွေ့ဆုံဖို့ တောင်းဆိုလိုက်တယ်။

စက္ကန့်အနည်းငယ်အကြာမှာတော့ လိပ်ပြာဆူးအော့ခ် အရိပ်ဝံပုလွေတစ်ကောင်က သူ့ဘေးနားမှာ လေးလေးစားစား ဦးညွှတ်ရင်း ပေါ်လာခဲ့တယ်။

အဲဒီအော့ခ်က လက်ကို မြှောက်လိုက်ပြီး သူတို့နှစ်ယောက်စလုံးကို အဆုံးမရှိတဲ့ မှောင်မိုက်ခြင်းအမှောင်ထုနဲ့ ဖုံးလွှမ်းလိုက်တယ်။

တစ်စက္ကန့်အကြာမှာတော့ အမှောင်ထုက ပျယ်လွင့်သွားပြီး ဘားကပ်စ်ဟာ အန်ဂိုရာမြို့မှာ ရှိတဲ့ ရီနေးတားဌာနချုပ်ထဲကို ရောက်ရှိနေတာကို တွေ့လိုက်ရတယ်။

မိုက်ကယ်ရဲ့ ဘေးနားမှာ အမြဲရှိနေတတ်တဲ့ အကြေးခွံအဖြူရောင်နဲ့ ဒရာဂွန်ဘွန်းမလေးကို သူ မြင်လိုက်ရတယ်။ "အထဲကို ဝင်ပြီး သခင်မိုက်ကယ်နဲ့ စကားပြောနိုင်ပါတယ်" လို့ သူမက ပြောတယ်။

သူက မိုက်ကယ်ရဲ့ ရုံးခန်းထဲကို ဝင်သွားတဲ့အခါ မိုက်ကယ်က ပြွန်ပုံသဏ္ဍာန် သတ္တုပစ္စည်းအချို့ကို ပြင်ဆင်နေတာကို တွေ့လိုက်ရတယ်။

"ဘာကိစ္စရှိလို့လဲ" လို့ မိုက်ကယ်က နှုတ်ဆက်လိုက်တယ်။

ဘားကပ်စ်က သူ့ညီနဲ့ ထိပ်တိုက်တွေ့ခဲ့ပုံတွေကို မိုက်ကယ်ကို ချက်ချင်း ပြောပြလိုက်ပြီး ဟက်စတုနဲ့ လူဆိုးဂိုဏ်းတွေအကြောင်း သတင်းအချက်အလက်တွေကိုပါ ထည့်သွင်းပြောပြလိုက်တယ်။

"ဖလဲယားကော့ပ်က ကျွန်တော့်ညီကို စည်းရုံးပြီး ခင်ဗျားနဲ့ ပြိုင်ဆိုင်ခိုင်းဖို့ ကြိုးစားနေတာ။ သူတို့က မကြာခင်မှာ ဂရက်ဖ်တက်ကလတ်စတာဆီကို ခင်ဗျားရဲ့ ရွှေလမ်းမကြီး တိုးချဲ့လာမှာကို တားဆီးဖို့ ကြိုးစားကြလိမ့်မယ်"

မိုက်ကယ်က သူ့ရဲ့ အရိပ်ကို ငုံ့ကြည့်လိုက်ပြီး ဖတ်ချ်ကို ဆင့်ခေါ်လိုက်တယ်။ စောင့်ကြည့်ထောက်လှမ်းခြင်းလို ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ သူ့ရဲ့ သူငယ်ချင်းဟောင်းကြီးကို သူက တာဝန်ပေးအပ်လိုက်တာဖြစ်တယ်။ သေချာတာကတော့ အရာရာကို စပ်စုတတ်တဲ့ ဖတ်ချ်လိုကောင်မျိုးက ဖလဲယားကော့ပ်ရဲ့ နောက်ကွယ်က လှုပ်ရှားမှုတွေကို သိနေမှာပဲ။

"ဖတ်ချ်... မင်း ဒါနဲ့ပတ်သက်ပြီး ဘာသိထားလဲ"

ခရမ်းရောင် လုံးဝန်းအိစက်နေတဲ့ အလုံးကြီးတစ်ခုက မြေကြီးထဲကနေ ခုန်ထွက်လာပြီး မိုက်ကယ်ရဲ့ စာရေးခုံရှေ့မှာ ကျရောက်လာတဲ့အတွက် သေသေသပ်သပ် စီထားတဲ့ စာရွက်စာတမ်းတွေအကုန်လုံး ဖရိုဖရဲ ဖြစ်သွားရတယ်။

"အရိပ်ဝံပုလွေတွေ ဘာတွေ့ခဲ့လဲ" လို့ သူက ဖတ်ချ်ကို မေးလိုက်တယ်။

"ဟင်... အော်... အဲဒါလား... ဟုတ်သားပဲ" လို့ ဖတ်ချ်က အနေခက်ဟန်နဲ့ ရေရွတ်လိုက်တယ်။

"အဲဒီလိုမျိုး ဖြစ်ပျက်ခဲ့တာကို ငါ မှတ်မိသလိုလိုတော့ ရှိသားပဲ"

"ပြီးတော့ကော" လို့ မိုက်ကယ်က မေးလိုက်ပြီး “အဲဒီထက်ပိုပြီး အသေးစိတ်ကျတဲ့ ရှင်းလင်းချက်ကို ကြားချင်နေတယ်။”

"ဟင်း... ဘာတွေ အတိအကျ ဖြစ်ပျက်ခဲ့လဲဆိုတာ ငါ သိပ်မမှတ်မိတော့ဘူး ဟားဟား။ ငါ့ရဲ့ လက်အောက်ငယ်သားတွေက အမြဲတမ်း စာနဲ့ချရေးထားဖို့ မေ့နေကြလို့ပါ ဟားဟား..."

မိုက်ကယ်က ဖတ်ချ်ကို သံသယမျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တဲ့အတွက် ခရမ်းရောင်စလိုင်းမ်လေးဟာ နေရာတင်တင် ပျာပျာသလဲနဲ့ တုန်လှုပ်သွားရတယ်။

"စိတ်မပူပါနဲ့ သခင်ကြီး။ ဒါကို ငါတို့ ထိန်းချုပ်ထားနိုင်ပါတယ်။ ငါတို့ရဲ့ အော့ခ်နင်ဂျာတွေကတစ်ဆင့် အဲဒီလူဆိုးဂိုဏ်းတွေရဲ့ ပုန်းခိုရာနေရာကို နောက်ကွယ်ကနေ စတင်ဝင်ရောက်နေပြီ။ ပြီးတော့ ငါတို့ရဲ့ လူဆိုး အချို့ကိုလည်း အတွင်းထဲကို သူလျှိုအဖြစ် စေလွှတ်ထားပြီးသားပါ" လို့ ဖတ်ချ်က ရှင်းပြလိုက်တဲ့အတွက် မိုက်ကယ်ရဲ့ သံသယဝင်နေတဲ့ မျက်လုံးတွေအောက်ကနေ လွတ်မြောက်သွားပုံရတယ်။

"မင်းတို့က သူတို့ရဲ့ ပုန်းခိုရာနေရာကို ရှာတွေ့ထားပြီးပြီ ဟုတ်လား" လို့ ဘားကပ်စ်က မယုံကြည်နိုင်လောက်အောင် ဖြစ်ပြီး စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလိုက်မိတယ်။

"ဟုတ်တာပေါ့" လို့ ဖတ်ချ်က ပြန်ဖြေတယ်။

"သူတို့က ငါတို့ရဲ့ ကုန်သည်တစ်ယောက်ကို ဖြတ်တိုက်ခိုက်တဲ့ အမှားမျိုးကို လုပ်ခဲ့တာလေ။ ဒါကြောင့် သူတို့ ပြန်သွားတဲ့အချိန်မှာ ငါတို့ရဲ့ အရိပ်တွေကိုပါ တစ်ပါတည်း ထည့်ပေးလိုက်တာပေါ့။ ဟဟ... ငါက တကယ့်ကို တော်တဲ့ နင်ဂျာတစ်ယောက် မဟုတ်ဘူးလား"

ဖတ်ချ်က ဘားကပ်စ်အနားကို တိုးကပ်သွားပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေတယ်။

ဘားကပ်စ်က ဖြည်းဖြည်းချင်းနဲ့ အနေခက်စွာပဲ လက်ကိုဆန့်ထုတ်ပြီး ဖတ်ချ်ရဲ့ ခေါင်းကို ပုတ်ပေးလိုက်တယ်။

"အေးပါ... အေးပါ... မင်းက တော်တဲ့ နင်ဂျာတစ်ယောက်ပါ... ဟုတ်ပြီလား"

"ဟိဟိ... အဲဒါပေါ့" လို့ ဖတ်ချ်က ပြောလိုက်တယ်။

ဒါပေမဲ့ မိုက်ကယ်ကတော့ အဲဒီလို ချစ်စနိုး ပြုမူပြနေတာတွေကို လုံးဝ မယုံကြည်ဘူး။ သူက ရှေ့ကို တိုးကပ်လိုက်ပြီး မျက်မှောင်ကုတ်ကြည့်လိုက်တယ်။ ဖတ်ချ်ပြောတဲ့ ဇာတ်လမ်းလျှောက်လုံးမှာ လှည့်စားမှုတွေ ရှိနေတာကို သူ ခံစားမိလို့ပဲ။

"ဒါအကုန်ပဲလား" လို့ သူက ဖတ်ချ်ကို မေးလိုက်တယ်။

"ဟိဟိ... ဒါပေါ့ သခင်ကြီး။ အို... အချိန်ကိုလည်း ကြည့်ပါဦး။ ငါ အခု သွားရတော့မယ်... တာ့တာ"

မိုက်ကယ်က သူ့ရဲ့ အစီအစဉ်တွေကို ရိပ်မိမသွားခင်မှာတင် ဖတ်ချ်က အရိပ်တွေထဲကို ချက်ချင်း ငုပ်လျှိုးကွယ်ပျောက်သွားတော့တယ်။

* * * * * * * *

All Chapters