အခန်း (၂၈၇-၂၈၈)
Vol. 24 Ch. 287-288
အခန်း(၂၈၇)
တစ်ချိန်တည်းမှာပဲ ဂရက်ဖ်တက်ကလတ်စတာရဲ့ ဗဟိုမြို့မဆီမှာတော့ ဘူးလ်ရန်တစ်ယောက် စိုးရိမ်စိတ်တွေနဲ့ ခေါင်းရှုပ်ပြီး ဟိုဟိုဒီဒီ လျှောက်လျှာခေါက်နေမိတယ်။ ဟက်စတု သူ့ဆီ ရောက်လာပြီး ကူညီပေးနေခဲ့တာ သီတင်းပတ်အနည်းငယ်တောင် ရှိနေပြီဖြစ်ပေမဲ့ ဂရက်ဖ်တက်ကလတ်စတာကို ဖလဲယားကော့ပ်ရဲ့ အလံတော်အောက် သွတ်သွင်းဖို့ရာ ဘာတိုးတက်မှုမှ ရှိမလာခဲ့ဘူး။ တကယ်တမ်းပြောရရင် စီးပွားရေးလောကထဲမှာ သူ့ရဲ့ဩဇာအာဏာဟာ တဖြည်းဖြည်း မှေးမှိန်လာနေပြီး အရာရာတိုင်းကို ရီနေးတားကုမ္ပဏီကပဲ ဝါးမြိုသွားနေတယ်။
နောက်ဆုံးတော့ ဟက်စတုဟာ ဘတ်ချ်ရောခ့်မြို့ကနေ ပြန်ရောက်လာခဲ့တယ်၊ ဂရက်ဖ်တက်ကလတ်စတာမှာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတော့မယ့်အကြောင်း သူ့ရဲ့အရှင်သခင်မင်းကြီးဆီ သတင်းပို့ထားခဲ့တာလေ။ ဒါကြောင့်မို့လို့ ဘူးလ်ရန်ရဲ့ အိမ်တော်ကြီးဆီ သူရောက်လာတဲ့အခါ ဂိုဒေါင်တစ်ခုထဲမှာ ဖလဲယားကော့ပ်ရဲ့ ကုန်သေတ္တာတွေ ဒီအတိုင်း စုပုံပြီး အသုံးမပြုဘဲ ထားထားတာကို မြင်လိုက်ရတော့ အံ့ဩမှင်တက်သွားရတယ်။
"ဒါ ဘာသဘောလဲ" ဟက်စတုက အော်ဟစ်လိုက်တယ်။
"ဘူးလ်ရန်ကို အခုချက်ချင်း ခေါ်ခဲ့စမ်း"
ဘူးလ်ရန်ဟာ စိုးရိမ်တကြီး ခြေလှမ်းတွေနဲ့ ဂိုဒေါင်ထဲကို ရောက်လာခဲ့တယ်။ သူက ဟက်စတုကို ဦးညွှတ်ပြီး နှုတ်ဆက်လိုက်ပေမဲ့ ထိုလူကတော့ အကောင်းအမွန် တုံ့ပြန်နှုတ်ဆက်ဖို့ စိတ်အခြေအနေ သိပ်ရှိမနေတဲ့ပုံပဲ။
"မင်း ဘာလို့ ဒီပစ္စည်းတွေကို မရောင်းတာလဲ။ ဒါတွေက တခြားနယ်မြေတွေမှာဆိုရင် အကြီးအကျယ် အရောင်းသွက်မယ့် အဆင့်မြင့် ကုန်ပစ္စည်းတွေပဲလေ။ အဲဒါကို မင်းက ဂိုဒေါင်ထဲမှာ ဒီအတိုင်း အလဟဿ ပုပ်သိုးအောင် ထားနေတယ်ပေါ့။ ဂရက်ဖ်တက်ကလတ်စတာကို သိမ်းပိုက်ဖို့ မင်း စိတ်ကူးမရှိတော့ဘူးလား"
ဟက်စတုဟာ ဒေါသတွေ တောက်လောင်နေခဲ့တယ်။
"ကျွန်တော် မရောင်းချင်လို့ မဟုတ်ပါဘူး ဆရာ။ ဘယ်သူမှ ဝယ်မယ့်သူ မရှိလို့ပါ"
နောက်ဆုံးတော့ ထိုလူဟာ အသက်ရှူသံအပြင်းကြီးတွေ စိုက်ထုတ်ပြီး ဒေါသထွက်နေတာကို ရပ်တန့်လိုက်တယ်။ သူ ကြားလိုက်ရတဲ့စကားကို နားကြားလွဲတာ သေချာပါတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ ဘူးလ်ရန်ကို စိုက်ကြည့်လိုက်တယ်။
"ဘယ်သူမှ ဝယ်မယ့်သူမရှိဘူး ဟုတ်လား။ ဒါ ဘာဆင်ခြေလဲ"
"တကယ်ပြောတာပါ" ဘူးလ်ရန်က အတင်းအကျပ် ထပ်ပြောတယ်။
"ဆရာ သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းတွေက ဈေးကွက်ထဲမှာ ဘယ်သူမှ မဝယ်နိုင်တဲ့ အနေအထားမို့လို့ပါ။ ဖလဲယားကော့ပ် တံဆိပ်ကြီး ရိုက်နှိပ်ထားရင်တောင်မှ တခြားအမှတ်တံဆိပ်တွေထက် နှစ်ဆလောက် ပိုဈေးကြီးနေတဲ့ ပစ္စည်းကိုတော့ ဘယ်သူမှ မဝယ်ချင်ကြဘူးလေ"
ဒါက ဟက်စတုအတွက်တော့ အတော်လေးကို ရှုပ်ထွေးသွားစေတယ်။ အကြောင်းကတော့ သူဟာ သယ်ယူပို့ဆောင်ခတွေ၊ လုပ်အားခတွေနဲ့ အာမခံကြေးတွေကိုပါ ထည့်သွက်တွက်ချက်ပြီး ဒီပစ္စည်းတွေအတွက် အဆင်ပြေဆုံး ဈေးနှုန်းကို သေသေချာချာ သတ်မှတ်ခဲ့တာ ဖြစ်လို့ပဲ။ ဒါတွေဟာ သူတို့ ပို့လိုက်သမျှထဲမှာ အသက်သာဆုံး ပစ္စည်းတွေ ဖြစ်သင့်တယ်။ အဲဒါကို လူတွေက ဈေးကြီးတယ်လို့ ပြောနေကြတာလား။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟက်စတုက မေးလိုက်တယ်။
"ရီနေးတား ကြောင့်ပါ" ဘူးလ်ရန်က ရှင်းပြတယ်။
"သူတို့က လူတိုင်း ဝယ်ချင်စရာကောင်းလောက်အောင် အလွန်သက်သာတဲ့ဈေးနှုန်းတွေနဲ့ ကုန်ပစ္စည်းတွေကို ရောင်းချနေကြတာပါ"
ဘူးလ်ရန်ဟာ ရီနေးတား ကုန်ပစ္စည်းတွေနဲ့ ဖလဲယားကော့ပ် ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းနှိုင်းယှဉ်ချက်စာရင်းကို ဟက်စတုဆီ ကမ်းပေးလိုက်တယ်။
ကွာခြားချက်ကတော့ တကယ့်ကို အံ့ဩစရာပဲ။ ဒီလိုဈေးနှုန်းမျိုးနဲ့ဆိုရင် ဟက်စတု ကိုယ်တိုင်တောင် ရီနေးတားကုမ္ပဏီဆီကနေ ဝယ်ယူဖို့ စိတ်ကူးမိမှာ သေချာတယ်။
"သူတို့က ဘယ်လိုလုပ် ဒီလောက်အထိ ချိုသာတဲ့ဈေးနဲ့ ရောင်းနိုင်ရတာလဲ" သူက မယုံနိုင်လောက်အောင် မေးလိုက်တယ်။
"ပိုးထည်လိပ်တစ်လိပ်ကို ငွေပြား ၅၀၀ ပဲ ဟုတ်လား။ ဒါက ဒေသတွင်း ပေါက်ဈေးပဲလေ။ ဘာသယ်ယူပို့ဆောင်ခမှ ထည့်မတွက်ထားတဲ့ပုံပဲ။ နေပါဦး... ငါသိသလောက်ဆိုရင် ဒီလိုပိုးစာပိုးကောင်မျိုးတွေကို ကင်းစ်နယ်မြေ ထဲမှာပဲ တွေ့နိုင်တာ။ အဲဒီကနေ ဒီအထိ သယ်ယူပို့ဆောင်ခတင် ငွေပြား ၅၀၀ ထက်မက ကုန်ကျမှာလေ"
ဟက်စတုဟာ ရီနေးတားရဲ့ ဈေးနှုန်းသတ်မှတ်ပုံကို ကြည့်ပြီး လုံးဝကို အံ့အားသင့် ဆွံ့အသွားရတယ်။
"အခုဆို ကျွန်တော့်ရဲ့ အခက်အခဲကို နားလည်ပြီမလား ခင်ဗျာ။ ရီနေးတားကုမ္ပဏီက ဈေးကွက်ထဲမှာ အတော်လေးကို ကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက်ကြီးပါ"
သူတို့ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်က ဘယ်လိုအခြေအနေလဲဆိုတာကို ဟက်စတု နောက်ဆုံးတော့ သဘောပေါက်သွားပြီဆိုတာ သိလိုက်ရလို့ ဘူးလ်ရန်လည်း စိတ်သက်သာရာ အနည်းငယ် ရသွားတယ်။ ရီနေးတားကုမ္ပဏီရဲ့ ရွှေလမ်းမကြီးဟာ သူတို့ရဲ့ အမြတ်အစွန်းတွေအတွက် မယုံနိုင်လောက်အောင် အကျိုးကျေးဇူး အများကြီး ဖြစ်ထွန်းစေတယ်။
"ဟွန်း... သိပ်ပြီး စိုးရိမ်မနေပါနဲ့" ဟက်စတုက ပြောတယ်။
"သူတို့က ဒီလောက်အထိ အောက်ဈေးနဲ့ ချရောင်းနေတယ်ဆိုရင် ဒီကုန်ပစ္စည်းတွေကို ရောင်းချရတာ အရှုံးပေါ်နေတာ သေချာတယ်။ သူတို့ ဒေဝါလီခံရမယ့် အချိန်အထိ ငါတို့ဘက်က အောင့်အီး စောင့်ဆိုင်းနေရုံပဲပေါ့"
ဒါပေမဲ့ အဲဒီစကားက ဘူးလ်ရန်ကို ယုံကြည်သွားစေဖို့ မလုံလောက်ခဲ့ဘူး။ ရီနေးတားကုမ္ပဏီဟာ အချိန်မရွေး ရပ်တန့်သွားမယ့် အရိပ်အယောင်မျိုး လုံးဝမရှိတာကြောင့်ပဲ။
ပြီးတော့ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ဟက်စတုက သူတို့ အကြီးအကျယ် အရှုံးပေါ်နေပါတယ်လို့ ပြောနေပေမဲ့ သူတို့ဘက်က ဘာဘဏ္ဍာရေး အကျပ်အတည်းမှ ကြုံတွေ့နေရတဲ့ လက္ခဏာ မတွေ့ရဘူး။ အချိန်ကြာလာတာနဲ့အမျှ သူတို့ဟာ ပိုပြီးတော့တောင် ချမ်းသာကြွယ်ဝလာပုံရတယ်၊ ဘာလို့လဲဆိုတော့ ရွှေလမ်းမကြီး တည်ဆောက်ရေးက တဖြည်းဖြည်း ပိုမိုမြန်ဆန်လာလို့ပဲ။ သူတို့က ဂရက်ဖ်တက်ကလတ်စတာထဲက အလုပ်သမားတွေကို ဟိုကဒီကနေ ဘယ်ညာမရှောင် အပြည့်အစုံ ခေါ်ယူခန့်ထားနေကြတာကိုး။
"မင်း စိုးရိမ်တာတွေကို ငါနားလည်ပါတယ်" ဟက်စတုက ပြောတယ်။
"ဒါပေမဲ့ မပူပါနဲ့။ အရှင်မင်းကြီးက ဒီအလုပ်မှာ ကူညီဖို့ ဖလဲယားကော့ပ်ရဲ့ မှော်ပညာရှင်တွေကို စေလွှတ်ခွင့်ပြုထားတယ်။ သူတို့က ငါတို့ ကြုံတွေ့နေရတဲ့ ရီနေးတား ပြဿနာကို သေသေချာချာ ကူညီဖြေရှင်းပေးလိမ့်မယ်"
"ဟင်... မင်း တစ်ခုခု ပြောလိုက်တာလား" ဟက်စတုက မေးလိုက်တယ်။
ဘူးလ်ရန်က ဇဝေဇဝါပုံစံနဲ့ ပြန်ကြည့်ပြီး "ကျွန်တော် ဘာမှမပြောပါဘူး" လို့ ဆိုတယ်။
"မဟုတ်ဘူး... မင်း တစ်ခုခု ပြောလိုက်တာကို ငါ အသေအချာ ကြားလိုက်ရတယ်" ဟက်စတုက အတင်းအကျပ် ထပ်ပြောတယ်။
ဒါပေမဲ့ ဘူးလ်ရန်ရော ဂိုဒေါင်ထဲမှာရှိနေတဲ့ တခြားအစောင့်တွေပါ ဘာအသံမှ မကြားခဲ့ရဘူး။ ထူးဆန်းတဲ့ အသံတစ်သံ ကြားရပါတယ်ဆိုပြီး ဟက်စတုက ဇွတ်ငြင်းနေတာကြောင့် သူတို့ စိတ်ထဲမှာ ထိုလူ့အပေါ် အမြင်တစ်မျိုး ပြောင်းလဲသွားစေတယ်။
နောက်တစ်နေ့မှာတော့ ဖလဲယားကော့ပ်ရဲ့ မှော်ပညာရှင်တွေဟာ ဂရက်ဖ်တက်ကလတ်စတာဆီကို နောက်ဆုံးတော့ ရောက်ရှိလာခဲ့ကြတယ်။ သူတို့ဟာ တောက်ပတဲ့ လိမ္မော်ရောင် ဝတ်ရုံတွေကို ဆင်မြန်းထားပြီး သူတို့ရဲ့ ကျောပြင်မှာတော့ တောက်လောင်နေတဲ့ မီးလျှံတောင်ပံတွေ ရှိနေကြတယ်။ သူတို့ဟာ အတော်လေးကို မာန်မာနကြီးကြပြီး ဘူးလ်ရန်ကို လျစ်လျူရှုထားဖို့ ရွေးချယ်ကာ ဟက်စတုနဲ့သာ စကားပြောဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
သူတို့ဟာ ဖလဲယားကော့ပ်ရဲ့ အဓိက စစ်တပ်ကြီးဆီကနေ ငှားရမ်းလာခဲ့တဲ့ အဆင်ခြောက် မှော်ပညာရှင်တွေ ဖြစ်ကြတယ်။ သူတို့ရဲ့ အထူးစွမ်းရည်တွေထဲက တစ်ခုကတော့ နယ်မြေတစ်ခုကို ပြင်ပကမ္ဘာနဲ့ သီးခြားခွဲထုတ်ပစ်နိုင်တဲ့ ကြီးမားတဲ့ အကာအကွယ်အတားအဆီးတွေနဲ့ နယ်ပယ်တွေကို ဖန်တီးနိုင်တာပဲ ဖြစ်တယ်။
မကြာခင်မှာပဲ သူတို့ဟာ ဘူးလ်ရန် သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးကို လှည့်လည်သွားလာပြီး အဲဒီနေရာတွေကို ဂရက်ဖ်တက်ကလတ်စတာရဲ့ ကျန်ရှိတဲ့အပိုင်းတွေနဲ့ သီးခြားစီဖြစ်အောင် စတင် ဆောင်ရွက်ခဲ့ကြတော့တယ်။
"မီးလောင်ပြင်ကမ္ဘာ" မှော်ပညာရှင်တွေဟာ သူတို့ရဲ့ လက်ဖဝါးရှေ့မှာ မှော်အစီအရင်စက်ဝိုင်းတစ်ခု ပေါ်ထွက်လာတာနဲ့အတူ မန္တန်ကို ရွတ်ဆိုလိုက်ကြတယ်။
သူတို့ဟာ စက္ကန့်အနည်းငယ်လောက် အာရုံစူးစိုက်လိုက်ပြီးတဲ့နောက်မှာတော့ မှော်အစီအရင်စက်ဝိုင်းတွေဟာ လက်ဖဝါးပေါ်ကနေ အထက်ကို မြင့်တက်သွားပြီး လေထုထဲမှာ ငြိမ်သက်စွာ တည်ရှိနေခဲ့တယ်။
ဖလဲယားကော့ပ်ရဲ့ မှော်ပညာရှင်တွေဟာ တစ်နယ်မြေလုံး အနှံ့အပြားမှာ ဒီလိုမျိုး မှော်အစီအရင်စက်ဝိုင်းတွေကို နောက်ထပ် လေးခုအထိ ဆက်လက်ဖန်တီးလိုက်ပြီး သူတို့အချင်းချင်း ကြယ်ငါးပွင့်ပုံစံ ဆက်သွယ်မှုတစ်ခုကို တည်ဆောက်လိုက်ကြတယ်။
နောက်ဆုံး မှော်အစီအရင်စက်ဝိုင်းကို ချမှတ်လိုက်တာနဲ့ တစ်ပြိုင်နက် မြေပြင်ကနေ ကြီးမားတဲ့ မီးတောက်မီးလျှံတွေ ပေါက်ကွဲထွက်လာပြီး ရွာတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ တောင်ပို့ပုံစံ မီးလျှံအတားအဆီးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ ရွာသူရွာသားတွေဟာ ထိတ်လန့်တုန်လှုပ်သွားကြပေမဲ့ နေရာတကျ ရှိနေတဲ့ အစောင့်တွေက ဒါဟာ ရွာကို ဘေးကင်းအောင် ကာကွယ်ပေးမယ့် အကာအကွယ်မန္တန် ဖြစ်ပါတယ်လို့ သေသေချာချာ ပြောပြီး စိတ်အေးအောင် လုပ်ပေးခဲ့ကြတယ်။
သူတို့ ပြောတာက နည်းပညာအရ လိမ်ညာနေတာတော့ မဟုတ်ပါဘူး။ ကာကွယ်မှု ရနေတာကတော့ အမှန်ပဲလေ၊ ဒါပေမဲ့ ဒီမီးလျှံအတားအဆီးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရီနေးတားကုမ္ပဏီက သူတို့ရဲ့ ရွှေလမ်းမကြီးကို သူတို့အလိုရှိတဲ့ နေရာတိုင်းမှာ လာရောက်တည်ဆောက်မယ့်အရေးကို တားဆီးဖို့ပဲ ဖြစ်တယ်။
ဖလဲယားကော့ပ်ရဲ့ မှော်ပညာရှင်တွေဟာ ရီနေးတာရောဂါမကူးစက်ရသေးတဲ့ ကျန်ရှိနေတဲ့ နယ်မြေတွေအပေါ်မှာပါ ဒီလိုအတားအဆီးတွေကို လိုက်လံတပ်ဆင်ခဲ့ကြတယ်။
ဘူးလ်ရန်ဟာ ဖလဲယားကော့ပ်နဲ့ သူတို့ရဲ့ မှော်ပညာရှင်တွေရဲ့ စွမ်းပကားကို နောက်တစ်ကြိမ် ထပ်မံပြီး အံ့ဩမိရပြန်တယ်။ ဒီအတားအဆီးတွေကို ဆက်လက်ရှင်သန်နေစေဖို့အတွက် ကုန်ဆုံးရမယ့် မှော်စွမ်းအင် ပမာဏကတော့ တကယ့်ကို ထိတ်လန့်စရာကောင်းလောက်အောင် များပြားလှတယ်။ ဒါတွေ ပျက်စီးမသွားအောင် သူတို့ဟာ တစ်နေ့ကုန် အာရုံစူးစိုက်ထားကြရမှာလေ။
ဘယ်လိုပဲဖြစ်ဖြစ် ဖလဲယားကော့ပ်ဟာ ဒီလိုမျိုး ထူးချွန်လှတဲ့ ခြောက်ဆင့်ရှိ မှော်ပညာရှင်တွေကို ဘာမှမဟုတ်သလိုမျိုး မှော်စွမ်းအင် ထုတ်လွှတ်ပေးတဲ့ စက်ပစ္စည်းတွေအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တာပဲ။
မိုက်ကယ်ဟာ ဒီမီးလျှံအတားအဆီးတွေ တပ်ဆင်ပြီးတာနဲ့ ချက်ချင်းပဲ အသိပေးချက် ရရှိခဲ့တယ်။ သူဟာ ဒေါသထွက်မယ့်အစား သူတို့က ဒီလိုမျိုး ဒြပ်စင် အမြုတေတွေကို ဘယ်လိုနည်းနဲ့ အစောကတည်းက ဖန်တီးနိုင်ခဲ့ကြတာလဲဆိုတာကို အတော်လေး စိတ်ဝင်စားသွားခဲ့တယ်။
သူဟာ အရိပ်ဝံပုလွေတွေ ထည့်သွင်းပေးထားတဲ့ ကလုန်းတစ်ခုကတစ်ဆင့် အဲဒီနယ်မြေတွေထဲက တစ်ခုဆီကို ချက်ချင်းပဲ ကိုယ်ရောင်ဖျောက် ရောက်ရှိသွားခဲ့တယ်။
သူ ရောက်သွားတဲ့အခါ သေးငယ်တဲ့ ရွာကလေးရဲ့ အတွင်းပိုင်းမှာ တောင်ပို့ပုံစံ ဖွဲ့စည်းတည်ဆောက်ထားတဲ့ တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာနေတဲ့ မီးလျှံတံတိုင်းကြီးကို မြင်လိုက်ရတယ်။
စိတ်ဝင်စားစရာကောင်းတာမို့ သူက အဲဒီအပေါ်ကို လက်နဲ့ ထိကိုင်ကြည့်ဖို့ ကြိုးစားလိုက်တဲ့အခါ သူ့ရဲ့ အရေပြားကို လောင်ကျွမ်းပစ်ဖို့ ကြိုးစားလာတဲ့အတွက် အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်က အလိုအလျောက် ပေါ်ထွက်လာပြီး ကာကွယ်ပေးခဲ့တယ်။
သာမန်လူတွေဆိုရင်တော့ ဒီနေရာထဲကို ဝင်နိုင် ထွက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သူ သဘောပေါက်သွားတယ်။
သူဟာ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို အသက်သွင်းလိုက်ပြီး ဒီမီးလျှံတံတိုင်းထဲက မှော်စွမ်းအင်တွေ စီးဆင်းပုံကို အကဲခတ်ကြည့်လိုက်တဲ့အခါ လေထုထဲမှာ မျောလွင့်နေတဲ့ တစ်စုံတစ်ခုသော မှော်အစီအရင်စက်ဝိုင်းဆီကို သူ့ကို လမ်းပြပေးသွားခဲ့တယ်။
[မှော်ကျင့်စဉ်အသစ် ရရှိပါသည်] နိုဗာ က ကြေညာလိုက်တယ်။
ခါတိုင်းလိုပဲ အချိန်ကိုက်ပါပဲဗျာ။ ကျေးဇူးပဲ။ ကဲ... အခု ငါတို့ သုံးလို့ရအောင် ဒီမှော်မန္တန်ကို နည်းနည်းလောက် ပြုပြင်မွမ်းမံပေးနိုင်မလား။
[ဘယ်လိုမျိုး စိတ်ကူးရှိလို့လဲ]
ငါက သိပ်ပြီး ရန်လိုမှုမရှိတဲ့ အရာမျိုးကို လိုချင်တာ။ ပိုးမွှားတွေနဲ့ ကိုက်ဖြတ်တတ်တဲ့ သတ္တဝါတွေကိုပဲ အပြင်မှာ မောင်းထုတ်ထားပြီး သူတို့ကိုတော့ ဘာအနာတရမှ မဖြစ်စေမယ့် အရာမျိုးပေါ့
[ဒါကို ရွှေလမ်းမကြီး ထဲမှာ အသုံးချဖို့ စီစဉ်နေတာလား]
မင်းက ငါ ဘာတွေးနေလဲဆိုတာကို ကောင်းကောင်းကြီး သိတာပဲ နိုဗာ။
* * * * * * * *
စာစဉ်(၂၄)
အခန်း(၂၈၈)
နိုဗာ က မိုက်ကယ်ရဲ့ အလိုရှိချက်နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် မန္တန်တစ်ခုကို စက္ကန့်ပိုင်းအတွင်းမှာပဲ အသီးသီး ထုတ်ပေးလိုက်ပါတယ်။
- - ဒီမန္တန်ကတော့ အသုံးပြုသူကို ကျူးကျော်သူမှန်သမျှ အဝင်အထွက် မလုပ်နိုင်အောင် တားဆီးပေးမယ့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်တစ်ခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတားအဆီးကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို သဟဇာတ ပေါင်းစည်းခြင်း မီးတောက်တွေရဲ့ စွမ်းအားနဲ့ လောင်ကျွမ်းပြာကျသွားမှာ ဖြစ်ပါတယ်။
ဒါဟာ မိုက်ကယ် နိုဗာ ဆီကနေ ရရှိခဲ့တဲ့ မန္တန်တွေထဲမှာ အားအကောင်းဆုံး မန္တန်တစ်ခု ဖြစ်နိုင်ပါတယ်။ မန္တန်ရဲ့ ဖော်ပြချက်အရ ဆိုရင် ဒါကို ကြယ်ငါးပွင့်မန္တန်အဆင့်ပဲ သတ်မှတ်ထားတာကိုတောင် သူ အံ့ဩမိသွားသေးတယ်။
သူ သေချာနားလည်အောင် ဖတ်ကြည့်လိုက်တော့ သတ်မှတ်ထားတဲ့ ဧရိယာအကန့်အသတ်တစ်ခုထဲမှာ ဒီလို အကာအကွယ်မျိုး ဖန်တီးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ ဒီအကာအကွယ်တံတိုင်းက မီးဒြပ်စင်မှော်စွမ်းအင်နဲ့ လုပ်ထားတဲ့ မီးတံတိုင်းမျိုး မဟုတ်ဘဲ သဟဇာတ ပေါင်းစည်းခြင်း မှော်စွမ်းအင်နဲ့ ဖန်တီးထားတာ ဖြစ်လို့ ပိုပြီးတော့ အသက်အန္တရာယ်ရှိသလို ရိုးရိုးနည်းလမ်းတွေနဲ့လည်း ဘယ်လိုမှ ငြှိမ်းသတ်လို့ ရမှာမဟုတ်ပါဘူး။
‘မိုက်တယ် နိုဗာ ရာ။ မင်းကတော့ တကယ့်ကို လူစွမ်းကောင်းပဲ’
[ဒီမန္တန်ကို ကြယ်ငါးပွင့်မန္တန်အဖြစ်ပဲ သတ်မှတ်ထားရတဲ့ အကြောင်းရင်းကတော့ တခြားလူတွေအပေါ် သုံးရတာ သိပ်ပြီး လက်တွေ့မကျလို့ ဖြစ်ပါတယ်။ ကုဗမီတာ တစ်မီတာစာလောက်ရှိတဲ့ နယ်မြေကွက်လပ်လေးတစ်ခုကို ဖန်တီးဖို့အတွက်တင် လိုအပ်တဲ့ မှော်စွမ်းအင် ပမာဏက အဆမတန် များပြားလွန်းတာကြောင့် ဒါဟာ ကြယ်ခုနစ်ပွင့် မှော်ပညာရှင်တစ်ယောက်ပဲ လုပ်နိုင်တဲ့ အရာမျိုး ဖြစ်နိုင်ပါတယ်။ ဒီမန္တန်ကို အချိန်အကြာကြီး အသက်သွင်းထားဖို့ ဆိုတာကလည်း လက်တွေ့မှာ လုံးဝမဖြစ်နိုင်ပါဘူး]
ဒီလောက်အထိ အဆင့်နိမ့်နိမ့်ပဲ သတ်မှတ်ထားရတဲ့ အကြောင်းရင်းကို မိုက်ကယ် အခုမှပဲ သေသေချာချာ သဘောပေါက်သွားတော့တယ်။ လက်တွေ့မှာ ဒါကို သုံးနိုင်မယ့်သူ ဘယ်သူမှ မရှိလို့ပဲ။
ဒါပေမဲ့ မိုက်ကယ်ကလွဲလို့ပေါ့လေ။
ငါ့ရဲ့ မှော်စွမ်းအင် ဆန့်ဝင်ဆံ့အားက တကယ့်ကို အကန့်အသတ်မရှိတာ တော်သေးတယ်။ ငါ့ရဲ့ အကန့်အသတ်က ဒီကမ္ဘာကြီးတစ်ခုလုံးရဲ့ အကန့်အသတ်ပဲ။
မိုက်ကေလ်အနေနဲ့ မှော်စွမ်းအင်တွေ ရှိနေတဲ့ နေရာမှာ ရှိနေသရွေ့ အဲဒီမှော်စွမ်းအင်အားလုံးကို သူ့ဘာသာ စုပ်ယူနိုင်ပြီး မန္တန်တစ်ခုကို ထာဝရပတ်လုံး ဆက်တိုက် လည်ပတ်နေစေဖို့ လောင်စာအဖြစ် သုံးနိုင်ပါတယ်။
မိုက်ကယ်က ဒါကို ချက်ချင်း စမ်းသပ်ကြည့်ချင်စိတ် ပေါက်လာတယ်။ သူက လောင်ကျွမ်းနေတဲ့ မီးတံတိုင်း အကာအကွယ်အပြင်ဘက်ကို ကိုယ်ယောင်ဖျောက် ရွှေ့ပြောင်းလိုက်ပြီး ရွှေလယ်ယာရဲ့ ပထမဆုံး အခြေစိုက်စခန်းနဲ့ ကီလိုမီတာ တစ်ရာလောက်ဝေးတဲ့ ရွှေလမ်းမကြီးရဲ့ လူသူတိတ်ဆိတ်တဲ့ နေရာတစ်ခုဆီ ရောက်သွားတယ်။ ဒီနေရာမှာ ဘာမှမရှိဘဲ အဆုံးမရှိ ဆန့်တန်းနေတဲ့ ကွန်ကရစ်လမ်းမကြီးနဲ့ ဂရက်ဖ်တက်ကလတ်စတာရဲ့ ကွင်းပြင်ကျယ်ကြီးပဲ ရှိနေတာပါ။
သူက လက်ကို မြှောက်လိုက်ပြီး အသစ်ရထားတဲ့ မန္တန်ဖြစ်တဲ့ ပြန်လည်မွေးဖွားခြင်းတံတိုင်း ကို ရွတ်ဆိုလိုက်တယ်။
သူ အဲလိုလုပ်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင် အမြုတေ ရှစ်ခုဟာ ကုဋေကုဋာချီတဲ့ မှော်စွမ်းအင် အမှုန်အမွှားတွေကို သူ့ရဲ့ လက်ဖဝါးတွေဆီ အဆက်မပြတ် တွန်းထုတ်ပေးပါတော့တယ်။ ဒါပေမဲ့ အဲဒါက မှော်ကျင့်စဉ်ရဲ့ ပုံကြမ်းကိုတောင် ပုံဖော်ဖို့အတွက် မလုံလောက်သေးပါဘူး။
သူက ဘလက်ဟိုးတစ်ခုလိုမျိုး ဘေးပတ်ဝန်းကျင်မှာရှိတဲ့ မှော်စွမ်းအင်အားလုံးကိုပါ ဝါးမြိုစုပ်ယူပြီး စုဆောင်းရပါမယ်။
လေတွေက သူ့ဆီကို ဦးတည်ပြီး စတင်တိုက်ခတ်လာတာကြောင့် သူ့ရဲ့ အဝတ်အစားတွေ တဖျတ်ဖျတ် လွင့်ပျံသွားတယ်။ မြေပြင်ကလည်း စတင်တုန်ခါလာပြီး မြေကြီးအမှုန်အမွှားတွေက လေထဲကို ပျံတက်လာတယ်။
တိမ်တိုက်တွေထဲက မိုးရေစက်တွေက သူ့အပေါ်ကိုပဲ တည့်တည့် ကျဆင်းလာပြီး တခြားဘယ်နေရာမှာမှ မရွာပါဘူး။ နောက်ဆုံးမှာတော့ နေမင်းရဲ့ ပြင်းထန်တဲ့ အပူရှိန်က မိုက်ကယ်ရဲ့ လက်ဖဝါးပေါ်ဆီ စုစည်းရောက်ရှိလာပြီး အပေါ်ကို လွင့်ပျံတက်သွားတဲ့ မီးခိုးငွေ့တွေနဲ့ ရေနွေးငွေ့တွေကို ဖန်တီးပေးလိုက်ပါတယ်။
ပတ်ဝန်းကျင်မှာရှိတဲ့ မှော်စွမ်းအင် အမှုန်အမွှားတွေက သူ့ရဲ့ ကိုယ်ပိုင် အမြုတေတွေထက် အဆမတန် ပိုမိုပေါများတာကြောင့် မှော်အဝန်းအဝိုင်းက နောက်ဆုံးမှာ ပုံပေါ်လာနိုင်ခဲ့ပါပြီ။
မှော်အဝန်းအဝိုင်းပေါ်က စာသားတွေမှာ လှိုင်းတွန့်ပုံစံတွေနဲ့ ဂျီဩမေတြီ အကွက်အကွင်း စာလုံးတွေ ပြည့်နှက်နေပြီး ဒီမန္တန်ရဲ့ နောက်ကွယ်က မှော်ကျင့်စဉ် သဘောတရားကို ပြဋ္ဌာန်းနေပါတယ်။
အနားသတ်တွေက တောက်ပတဲ့ အဖြူရောင်အလင်းတန်းတွေနဲ့ လင်းထိန်သွားပြီး ဒါဟာ တည်ဆောက်မှု ပြီးဆုံးသွားပြီဆိုတာကို အချက်ပြလိုက်တာပဲ။
သူက မှော်အဝန်းအဝိုင်းကို အသာလေး တွန်းထုတ်လိုက်ပြီး ရွှေလမ်းမကြီးရဲ့ အစွန်းနားတင် လေထဲမှာ ကွက်တိ လွင့်မျောနေစေလိုက်ပါတယ်။
ဒါက မန္တန်ရဲ့ ပထမဆုံး တစ်ဝက်ပဲ ရှိပါသေးတယ်။
သူက နောက်ထပ် လက်တစ်ဖက်မှာလည်း နောက်ထပ် မှော်အဝန်းအဝိုင်းတစ်ခုကို ဖန်တီးလိုက်ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူ ပတ်ဝန်းကျင်ကနေ စုပ်ယူလိုက်တဲ့ မှော်စွမ်းအင်တွေက အခြေခံ ဒြပ်စင် လေးခုနဲ့ လုံးဝ ကွဲပြားခြားနားနေပါတယ်။
အလင်း၊ အမှောင်၊ လျှပ်စီးနဲ့ အဆိပ်တို့ဟာ မိုက်ကယ်ရဲ့ လက်ဖဝါးထဲဆီ ဖြည်းဖြည်းချင်းနဲ့ သေချာပေါက် စုစည်းလာကြတယ်။ အချို့က မြေအောက်အနက်ကြီးထဲကနေ ပျံတက်လာကြပြီး အချို့ကတော့ ကောင်းကင်ယံအထက်၊ အာကာသထဲကနေ မိုးရွာချသလို ကျဆင်းလာကြတာပါ။
မှော်အဝန်းအဝိုင်း တည်ဆောက်လို့ ပြီးသွားတာနဲ့ သူက လမ်းရဲ့ တခြားတစ်ဖက်ဆီကို တွန်းလွှတ်လိုက်ပြီး နောက်ဆုံးမှာတော့ ပိတ်ဆို့ထားတဲ့ ကွင်းဆက်တစ်ခုကို ဖန်တီးလိုက်နိုင်ပါတယ်။
၎င်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်သွားတာနဲ့ ချက်ချင်းပဲ အသိုင်းအဝိုင်းတွေဆီကနေ ရွှေရောင်အရှိန်းအဝါတွေနဲ့ တောက်ပနေတဲ့ တပိုင်းပွင့်လင်းမြင်သာ တံတိုင်းတစ်ခု ထွက်ပေါ်လာပြီး ရွှေလမ်းမကြီးရဲ့ အပြင်ဘက် အနားသတ်တွေဆီ ပျံ့နှံ့သွားပါတော့တယ်။
ဒါဟာ လမ်းရဲ့ ဝဲယာနှစ်ဖက်လုံးကို ကီလိုမီတာဝက်လောက်အထိရော၊ ကောင်းကင်ယံအထိပါ ဆန့်တန်းသွားပြီး ရွှေလမ်းမကြီးရဲ့ ဒီအစိတ်အပိုင်းပေါ်မှာ ပိတ်ဆို့ထားတဲ့ ဧရိယာတစ်ခုကို ဖန်တီးပေးလိုက်ပါတယ်။
မိုက်ကယ်က သူဖန်တီးလိုက်တဲ့အရာကို ကြည့်ပြီး အတိုင်းထက်အလွန် ကျေနပ်သွားတယ်။
ဒါဟာ မန္တန်တစ်ခုက သူ့အပေါ်မှာ ဒီလောက်အထိ သက်ရောက်မှုရှိတာ ပထမဆုံးအကြိမ် ဖြစ်နိုင်ပါတယ်။ သူ့အမြုတေတွေထဲက မှော်စွမ်းအင်တွေကမှော်အဝန်းအဝိုင်းတွေကြောင့် အဆက်မပြတ် ကုန်ခမ်းနေပြီး ပတ်ဝန်းကျင်ကနေလည်း အဆက်မပြတ် ပြန်လည်ဖြည့်တင်းပေးနေတာကို သူ ခံစားနေရတယ်။
ပြီးတော့ သူက မြေကြီးပေါ်က ကျောက်ခဲသေးသေးလေးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ရွှေရောင်အရှိန်းအဝါ တံတိုင်းဆီကို ပစ်ပေါက်လိုက်တယ်။
ကျောက်ခဲက သဟဇာတ ပေါင်းစည်းခြင်း အကာအကွယ်နဲ့ ထိမိသွားတာနဲ့ ချက်ချင်းပဲ တောက်ပတဲ့ အဖြူရောင် မီးတောက်တစ်ခုက ၎င်းကို ရုတ်တရက် ဝါးမြိုသွားပြီး စက္ကန့်ပိုင်းအနည်းငယ်အတွင်းမှာတင် ကျောက်ခဲရဲ့ တည်ဆောက်ပုံတစ်ခုလုံးကို ပြာအဖြစ် ခြေဖျက်ပစ်လိုက်ပါတယ်။
ကျောက်ခဲဆီကနေ ပြာမှုန့်တစ်စတောင် ကျန်မနေခဲ့ပါဘူး။ မြေဒြပ်စင်မှော်စွမ်းအင်က မှော်အသိုင်းအဝိုင်းတွေကနေ ပေးဝေနေတဲ့ တခြားမှော်စွမ်းအင်တွေကြောင့် ချက်ချင်းပဲ ပျယ်ပျက်သွားခဲ့တာပါ။
ဒီလမ်းပေါ်ကို ရောက်လာမယ့် ဓားပြတွေ ဒါမှမဟုတ် တောရိုင်းတိရစ္ဆာန်တွေဟာ သူတို့ရဲ့ အမြုတေကအစ ချက်ချင်း ဖျက်ဆီးခံရလိမ့်မယ်ဆိုတာကို မိုက်ကယ်အနေနဲ့ ဘာမှ သံသယဝင်စရာ မရှိပါဘူး။
ဒါက တကယ့်ကို စွမ်းအားပြင်းတာပဲလို့ မိုက်ကယ်က သူ့ဘာသာ တွေးလိုက်တယ်။ ဖြစ်နိုင်ရင် စွမ်းအားကြီးလွန်းနေတာ။
ဒါပေမဲ့ အခုကတော့ ဒါက စိုးရိမ်စရာ အချို့ကို ဖြစ်ပေါ်စေပါတယ်။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်က ဒီအကာအကွယ်ကို မတော်တဆ ထိမိပြီး ချက်ချင်းပဲ လက်ချောင်းတစ်ချောင်း မရှိတော့တာမျိုး ဖြစ်လာနိုင်တဲ့ အချိန်ရှိလာနိုင်တာပဲ။ တကယ်လို့ အဲလိုသာဆိုရင် ဒီအကာအကွယ်က အကျိုးရှိတာထက် ဒုက္ခပေးတာက ပိုများနေလိမ့်မယ်။
နိုဗာ ရာ...မန္တန်ကို နည်းနည်းလောက် ပြင်ပေးလို့ရမလား၊ ဒါမှ လူတစ်ယောက်က ကျူးကျော်သူ ဟုတ်မဟုတ်ဆိုတာကို ခွဲခြားသိနိုင်မှာ။ အဲလိုလုပ်လို့ရမယ့် နည်းလမ်း ရှိမလား။
[စိတ်မကောင်းပါဘူး၊ လူတစ်ယောက်ကို ကျူးကျော်သူအဖြစ် သတ်မှတ်ဖို့ စည်းမျဉ်းသတ်မှတ်ချက်က ကျွန်ုပ်အနေနဲ့ မန္တန်အတွက် ထည့်သွင်းစဉ်းစားဖို့ဆိုရင် သိပ်ပြီး ဝေဝါးလွန်းသလို ရှုပ်ထွေးလွန်းလှပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို မဟာမိတ် ဒါမှမဟုတ် သူငယ်ချင်းအဖြစ် သတ်မှတ်ပေးနိုင်မယ့် နည်းလမ်းတော့ ရှိပါတယ်]
သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူအညီပေးသူက စက္ကန့်ပိုင်းလောက် အချိန်ယူပြီးနောက် မိုက်ကယ်ကို မန္တန်ရဲ့ ဗားရှင်းအသစ်တစ်ခု ပြသပေးလိုက်ပါတယ်။
- - ဒီမန္တန်ကတော့ အသုံးပြုသူကို မလိုလားအပ်တဲ့ ကျူးကျော်သူမှန်သမျှ အထဲကို မဝင်နိုင်အောင် တားဆီးပေးမယ့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်တစ်ခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို သဟဇာတ ပေါင်းစည်းခြင်း မီးတောက်တွေရဲ့ စွမ်းအားနဲ့ လောင်ကျွမ်းပြာကျသွားမှာ ဖြစ်ပါတယ်။
- - ခွင့်ပြုချက်ရထားတဲ့ သူတွေကတော့ ‘ရီနေးတားပေါ်တယ်’ကနေ အဝင်အထွက် လုပ်ခွင့်ရှိမှာ ဖြစ်ပါတယ်။
- - ရီနေးတားရဲ့ အရိပ်ခွဲတစ်ခုကို ပိုင်ဆိုင်ထားတဲ့သူတွေကိုသာ ခွင့်ပြုချက် ပေးအပ်မှာ ဖြစ်ပါတယ်။
မိုက်ကယ်က ဒီမန္တန်အသစ်ကို ကြည့်ပြီး တော်တော်လေးကို ရှုပ်ထွေးတယ်လို့ မြင်မိတယ်။ နိုဗာ ရဲ့ ပြောကြားချက်အရ ဒီ ‘ရီနေးတားပေါ်တယ် ’ အသစ်က ရီနေးတားရဲ့ အရိပ်ခွဲတွေကို ပိုင်ဆိုင်ထားတဲ့သူတွေကိုပဲ အဝင်အထွက် လုပ်ခွင့်ပေးမှာ ဖြစ်ပါတယ်။
အရိပ်ခွဲတွေဆိုတာ ငါ့ရဲ့ အရိပ်ခွဲတွေနဲ့ အော့ခ်တွေရဲ့ အရိပ်ခွဲတွေကို ပြောတာလား။
ခဏလောက် တွေးတောပြီးနောက် မိုက်ကယ်က နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပါပြီ။ အရိပ်ခွဲတွေအကြောင်းက အစပိုင်းမှာတော့ စည်းကမ်းမရှိသလို ထင်ရပေမဲ့ သူတို့ ဘာကို ပိုင်ဆိုင်ထားသလဲဆိုတာကို ထည့်သွင်းစဉ်းစားလိုက်တဲ့အခါမှာတော့ ဒါက ကျိုးကြောင်းဆီလျော်သွားပါတယ်။
ရီနေးတားရဲ့ အရိပ်ခွဲတွေက ရီနေးတားမျိုးနွယ်စုရဲ့ အလိုလျောက်အစွမ်းပြတဲ့ ပင်ကိုယ်စွမ်းရည် ဖြစ်တဲ့ အဆင့်နိမ့် သဟဇာတ ကာကွယ်ရေးကို အသုံးပြုနိုင်တာပဲ။
ပြီးတော့ တကယ်လို့ အဲဒီအရိပ်ခွဲတွေက ရီနေးတားမျိုးနွယ်စု မဟုတ်တဲ့ တခြားတစ်ယောက်ယောက်နဲ့ ပူးကပ်နေတယ်ဆိုရင်တောင် သူတို့ဟာ အဆင့်နိမ့် သဟဇာတ ကာကွယ်ရေးစွမ်းရည်ထဲမှာ အလိုအလျောက် ပါဝင်သွားမှာဖြစ်လို့ ရီနေးတားပေါ်တယ်က ထွက်လာတဲ့ သဟဇာတ ပေါင်းစည်းခြင်း မီးတောက်တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အကျဉ်းချုပ်ပြောရရင် ရီနေးတားမျိုးနွယ်စုဝင်တွေ ဒါမှမဟုတ် ရီနေးတားရဲ့ အရိပ်ခွဲတွေ ကပ်ပါလာတဲ့သူတွေပဲ ရီနေးတားပေါ်တယ်ကို ဘာအန္တရာယ်မှမရှိဘဲ အဝင်အထွက် လုပ်နိုင်ကြမှာပါ။
ဟင်း...ဒါဆိုရင်တော့ ငါ လမ်းခွန်ကောက်တဲ့ ဂိတ်တွေ စပြီး ဆောက်ရတော့မယ်ဆိုတဲ့ သဘောပဲပေါ့။
* * * * * * * *