အခန်း (၇၇)
Vol. 6 Ch. 77
အခန်း (၇၇) - ထိပ်တန်းဆုလာဘ် ကောင်းကင်အရှင်သခင်၏ မူလအစ
“တကယ်ပဲလား… မဟာနေမင်းအမှတ် လေးရာ့နှစ်ဆယ်တောင်လား"
“သွားပြီ… သူက ဒုတိယနေရာထက် မဟာနေမင်းအမှတ် ၃၅၆ မှတ်တောင် ပိုများနေတာပဲ"
“ဒီကလေးက ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်… သူက အနာဂတ်မှာ ငါ့ရဲ့ အကြီးမားဆုံး ရန်သူဖြစ်လာမှာ သေချာတယ်"
“သူက မရိုးမသား လုပ်ထားတာလား ဘယ်လိုလုပ်ပြီး မဟာနေမင်းအမှတ်တွေ ဒီလောက်အများကြီး ရှိနိုင်ရတာလဲ"
“ငါ တိုင်ချင်တယ်… သူ မရိုးမသား လုပ်ထားတာကို တိုင်ချင်တယ်"
“ငါ တကယ်ကို သိချင်မိတယ်… သူ သုံးကျော့စလုံးမှာ ဘာအကဲဖြတ်ချက်တွေ ရခဲ့တာလဲဆိုတာကို”
“ငါ့အထင်တော့ သူက နဝမအဆင့် နတ်ဘုရား မဟုတ်တော့ဘဲ စစ်မှန်တဲ့ နဝမအဆင့် နတ်ဘုရား ဖြစ်နေပြီထင်တယ်"
“သွားပြီ… နဝမအဆင့် နတ်ဘုရားကြီးလား… ဒါက တကယ်ကြီးလား"
“မပြောနဲ့တော့… တကယ်ကို မပြောနဲ့တော့"
အောက်ခြေရှိ ကမ္ဘာမြေမှ နတ်ဘုရားများသည် မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေကြပြီး ၎င်းတို့၏ မျက်လုံးများ ပြူးကျယ်လျက် အံ့အားသင့်စွာဖြင့် ဆွေးနွေးငြင်းခုံနေကြသည်။ လီယွဲ့သည် လွန်လွန်ကဲကဲ များပြားလှသော မဟာနေမင်းအမှတ်များကို ရရှိခဲ့ခြင်း ဖြစ်သည်။ တကယ်လို့သာ သူက ဒုတိယနေရာထက် အမှတ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ပိုများခဲ့လျှင် ၎င်းတို့ လက်ခံနိုင်ကြဦးမည်ဖြစ်သည်။
သို့သော် ယခုမူ… သူက ဒုတိယနေရာထက် အမှတ်သုံးရာကျော် ပိုများနေသည်။
ယခုအချိန်တွင် လေထဲ၌ ရပ်နေကြသော ဒုတိယနှင့် တတိယရရှိသူများပင်လျှင် လုံးဝ ဆွံ့အသွားခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဤမျှလောက် များပြားသော မဟာနေမင်းအမှတ်များကို ရရှိရန် မည်မျှလောက် ခက်ခဲခဲ့သည်ကို သိရှိထားကြသည်။ သို့သော် ယခုမူ တစ်စုံတစ်ယောက်က ၎င်းတို့အား ဤမျှအထိ သာလွန်သွားခဲ့ပြီ ဖြစ်သည်။ ဒါက တကယ်ကို မယုံနိုင်စရာ ကောင်းလှသည်။
“ဒါက နည်းနည်းတော့ လူသိထင်ရှားလွန်းသွားပြီ……”
လီယွဲ့က တိုးတိုးလေး ရယ်မောလိုက်သည်။ သို့သော်လည်း သူက အမှန်တကယ်တော့ သိပ်ပြီး ဂရုမစိုက်ချေ။ ကမ္ဘာမြေမှ နတ်ဘုရားများသည် သူ၏ တည်ရှိမှုကိုသာ သိရှိကြသော်လည်း သူက ဘယ်နေရာမှာ ရှိနေသနည်းဆိုသည်ကိုမူ လုံးဝ သိရှိနိုင်ကြမည်မဟုတ်သဖြင့် သူ့အား မည်သို့မျှ သက်ရောက်မှုရှိလိမ့်မည် မဟုတ်ချေ။
ဝူး……
နတ်ဘုရားမျှော်စင် သုံးခုသည် ထပ်မံ၍ တောက်ပသောအလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး ဒုတိယမြောက် နတ်ဘုရားစာရင်း ပေါ်ထွက်လာခဲ့သည်။ ထိပ်တန်း အဆင့်တစ်သောင်းအထိ ရရှိမည့် ဆုလာဘ်များကို ထိုစာရင်းပေါ်တွင် ပြသထားသည်။ လီယွဲ့က ချက်ချင်း ကြည့်လိုက်လေသည်။
...
[အဆင့် ၁၀၀၁ မှ ၁၀၀၀၀ အထိ - ပထမအဆင့် ကောင်းချီးပေးအဆောင် ငါးခုနှင့် ဒုတိယအဆင့် ကောင်းချီးပေးအဆောင် တစ်ခု]
[အဆင့် ၁၀၁ မှ ၁၀၀၀ အထိ - ပထမအဆင့် ကောင်းချီးပေးအဆောင် တစ်ဆယ်နှင့် ဒုတိယအဆင့် ကောင်းချီးပေးအဆောင် တစ်ခု]
[အဆင့် ၁၁ မှ ၁၀၀ အထိ - ပထမအဆင့် ကောင်းချီးပေးအဆောင် တစ်ဆယ့်ငါးခုနှင့် ဒုတိယအဆင့် ကောင်းချီးပေးအဆောင် နှစ်ခု]
[အဆင့် ၄ မှ ၁၀ အထိ - ပထမအဆင့် ကောင်းချီးပေးအဆောင် အခုနှစ်ဆယ်နှင့် ဒုတိယအဆင့် ကောင်းချီးပေးအဆောင် သုံးခု]
[တတိယနေရာ - ပထမအဆင့် ကောင်းချီးပေးအဆောင် အခုသုံးဆယ်၊ ဒုတိယအဆင့် ကောင်းချီးပေးအဆောင် လေးခု၊ တတိယအဆင့် ကောင်းချီးပေးအဆောင် တစ်ခုနှင့် နဝမအဆင့် နတ်ဘုရားဥပဒေသ အပိုင်းအစ ငါးဆယ်]
[ဒုတိယနေရာ - ပထမအဆင့် ကောင်းချီးပေးအဆောင် အခုလေးဆယ်၊ ဒုတိယအဆင့် ကောင်းချီးပေးအဆောင် ငါးခု၊ တတိယအဆင့် ကောင်းချီးပေးအဆောင် နှစ်ခုနှင့် နဝမအဆင့် နတ်ဘုရားဥပဒေသ အပိုင်းအစ တစ်ရာ]
[ပထမနေရာ - ပထမအဆင့် ကောင်းချီးပေးအဆောင် အခုတစ်ရာ၊ ဒုတိယအဆင့် ကောင်းချီးပေးအဆောင် တစ်ဆယ်၊ တတိယအဆင့် ကောင်းချီးပေးအဆောင် ငါးခု၊ စတုတ္ထအဆင့် ကောင်းချီးပေးအဆောင် တစ်ခု၊ ဝိဉာဉ်အဆောင်တစ်ခု၊ နတ်ဘုရားအမှတ်အသားတစ်ခု၊ ကောင်းကင်အရှင်သခင်၏ မူလအစတစ်ခုနှင့် နတ်ဘုရားဥပဒေသ အပိုင်းအစ နှစ်ရာ]
...
“ဒီဆုလာဘ်ကတော့……”
လီယွဲ့၏ မျက်လုံးများထဲတွင် ဝမ်းသာအားရမှုများဖြင့် တောက်ပသွားခဲ့သည်။ စင်စစ်အားဖြင့် ကမ္ဘာမြေ နတ်ဘုရားမဟာညီလာခံကြီး၏ ကွယ်ရာက ကြိုးကိုင်သူ သည် သူ့အား စိတ်ပျက်အောင် မလုပ်ခဲ့ချေ။ ဆုလာဘ်များသည် ကမ္ဘာမြေမှ နတ်ဘုရားအားလုံး မနာလိုဖြစ်လောက်အောင်ပင် အလွန်အမင်း များပြားလှသည်။
ဆုလာဘ်များထဲတွင် ပါဝင်သော ကောင်းချီးပေးအဆောင်များနှင့် နတ်ဘုရားဥပဒေသ အပိုင်းအစများ၏ စုစုပေါင်း တန်ဖိုးမှာ… နတ်ဘုရားစွမ်းအား အမျှင်တန်းပေါင်း ရှစ်ထောင်နီးပါး ရှိနေပြီဖြစ်သည်။ ထို့အပြင် ၎င်းတို့အထဲတွင် သူတစ်ခါမျှ မကြားဖူးခဲ့သော ရတနာ သုံးခုလည်း ပါဝင်နေသေးသည်။ ဝိဉာဉ်အဆောင်တစ်ခု၊ နတ်ဘုရားအမှတ်အသားတစ်ခုနှင့် ကောင်းကင်အရှင်သခင်၏ မူလအစတစ်ခုတို့ ဖြစ်ကြသည်။
ထိုပစ္စည်း သုံးခုသည် သာမန်မဟုတ်ပုံရသော်လည်း ၎င်းတို့၏ တိကျသော အသုံးဝင်ပုံကိုမူ ဆုလာဘ်များကို လက်ခံရရှိပြီးမှသာ သိရှိနိုင်မည်ဖြစ်သည်။ ပြီးတော့ ထိုရတနာ သုံးခုကို အဆင့်တစ်ရရှိသူသာ ရရှိနိုင်ခြင်း ဖြစ်သည်။
နောက်တစ်ကိုယ်တွင် အလင်းတန်းတစ်ခုက သူ့အား လွှမ်းခြုံသွားခဲ့ပြီး သူသည် နေမင်းကြီးအတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။ အခြားသော ကမ္ဘာမြေမှ နတ်ဘုရားများအားလုံးလည်း ပျောက်ကွယ်သွားခဲ့ကြသည်။
ထိုခဏ၌ အတိတ်မျှော်စင်၊ ပစ္စုပ္ပန်မျှော်စင်နှင့် အနာဂတ်မျှော်စင်တို့သည် အိပ်မက်တစ်ခုကဲ့သို့ ကွဲအက်ပျောက်ကွယ်သွားခဲ့ကြသည်။ ဆန်းကြယ်လှသော နေမင်းကြီးသာ ကောင်းကင်ယံတွင် ကျန်ရစ်တော့ပြီး ၎င်း၏ တည်နေရာကိုမူ မည်သူမျှ မသိရှိနိုင်တော့ချေ။
...
နတ်ဘုရားနယ်မြေ အတွင်း၌။
လီယွဲ့သည် ဟာလာဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာခဲ့ပြီး သူ၏ အကြည့်က ချက်ချင်းဆိုသလို နတ်ဘုရားနယ်မြေ ၏ ပြင်ပသို့ ရောက်ရှိသွားသည်။ လေးပြင်ကျယ်မြို့တွင် ထူးခြားမှုတစ်စုံတစ်ရာ မရှိသဖြင့် သူ ထွက်ခွာသွားခဲ့သော အချိန်တိုအတွင်းမှာ ဘာမျှဖြစ်မလာခဲ့ကြောင်း ထင်ရှားသည်။
“ငါ ထွက်သွားခဲ့တာ တစ်နာရီခွဲလောက် ကြာမြင့်ခဲ့ပြီ……”
“ငါတို့ လေးပြင်ကျယ်မြို့ကို စတုတ္ထအဆင့် တိုက်ခိုက်ရေးစွမ်းရည် ရှိလာအောင် အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်"
မဟုတ်လျှင်မူ…
“ငါတို့ ဒီလိုမျိုး ထပ်မံထွက်ခွာသွားတဲ့ အချိန်မှာ စတုတ္ထအဆင့် မိစ္ဆာတစ်ကောင်က ငါတို့ရဲ့ အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ”
သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
သို့သော်လည်း သူ၏ ယခုတစ်ခေါက် နတ်ဘုရားမဟာညီလာခံမှ ရရှိခဲ့သော အကျိုးအမြတ်များမှာ မုချဧကန်အားဖြင့် အလွန်ပင် များပြားလှသည်။ အထူးသဖြင့် အဆင့်တစ်အတွက် ရရှိခဲ့သော ဆုလာဘ်များထဲမှ နတ်ဘုရားအမှတ်အသား နှင့် ကောင်းကင်အရှင်သခင်၏ မူလအစ တို့သည် အလွန်ပင် အဖိုးတန်လှကြောင်း သူ စိတ်ထဲမှ ကြိုတင်ခံစားမိနေသည်။
“ဟိုရွာက……”
သူ၏ အကြည့်သည် လေးပြင်ကျယ်မြို့မှ မိုင်သုံးဆယ်ခန့် ကွာဝေးသော လွင်ပြင်တစ်ခုဆီသို့ ကျရောက်သွားခဲ့သည်။ ထိုနေရာက မူလက ကျောက်ခဲများဖြင့် ပြည့်နှက်နေသော လွင်ပြင်တစ်ခုသာဖြစ်ပြီး မည်သည့်လူသားမျှ နေထိုင်ခြင်း မရှိကြချေ။ စင်စစ်အားဖြင့် ထိုနေရာအနီးတွင် ရေအရင်းအမြစ်မရှိသဖြင့် လူသားများ ရှင်သန်နေထိုင်ရန် မသင့်တော်ချေ။ သို့သော် ယခုအချိန်တွင်မူ ထိုလွင်ပြင်ထက်၌ ရွာတစ်ရွာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ ဒါက ပစ္စုပ္ပန်မျှော်စင် ထဲတွင် စမ်းသပ်မှုခံယူခဲ့စဉ်က ရွာနှင့် တစ်ပုံစံတည်း ဖြစ်သည်။
“ကောင်းကင်ဘုံကြီးရယ်"
“ရွာသားတွေအားလုံး ရောက်လာရုံတင်မကဘဲ ရွာတစ်ရွာလုံးပါ ဒီကို ရွှေ့ပြောင်းလာခဲ့တာလား”
“ဒါက ရွာသားအားလုံးကို ကိုးကွယ်ယုံကြည်သူတွေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက် ရရှိလာတဲ့ ဆုလာဘ်အသေးစားလေး ဖြစ်နိုင်မလား” လီယွဲ့က ပြုံးလိုက်သည်။
သို့သော်လည်း သူ အနည်းငယ် ဝေခွဲမရဖြစ်သွားခဲ့သည်။ လေးပြင်ကျယ်မြို့က သဘာဝအတိုင်း သူ၏ အဓိက တည်နေရာဖြစ်ပြီး သူ၏ စီရင်ပိုင်ခွင့်နယ်မြေ၏ ဗဟိုချက်မလည်း ဖြစ်သည်။ သူ၏ နယ်မြေချဲ့ထွင်မှုများသည်လည်း လေးပြင်ကျယ်မြို့ရှိ မြေစောင့်နတ်ကျောင်းကို ဗဟိုပြု၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ သူ၏ စီရင်ပိုင်ခွင့်နယ်မြေက ဟက်တာပေါင်း နှစ်သောင်းအထိ ကျယ်ဝန်းနေပြီဖြစ်ရာ သူ၏ လူသားများအားလုံးကို လေးပြင်ကျယ်မြို့တစ်ခုတည်းတွင် စုပြုံထားရန် မသင့်တော်တော့ချေ။ ဒါက စိုက်ပျိုးရေး လုပ်ငန်းများအတွက် မကောင်းမွန်လှချေ။
“ကိုးကွယ်ယုံကြည်သူတွေ ပိုမိုများပြားလာတာနဲ့အမျှ လီယူမင်တစ်ယောက်တည်းနဲ့ စီမံခန့်ခွဲဖို့ မလွယ်ကူတော့ဘူး"
“အဲဒီလိုဖြစ်နေမှတော့…”
“ငါတို့ နောက်ထပ် ဓမ္မဆရာ အချို့ကို ထပ်မံပြီး ဘွဲ့အမည်တွေ ပေးအပ်ရမှာပေါ့ု"
လီယွဲ့က တည်ငြိမ်စွာ ဆုံးဖြတ်လိုက်သည်။ နတ်ဘုရားတစ်ပါး၏ လက်အောက်တွင် ကိုးကွယ်ယုံကြည်သူများကို စီမံခန့်ခွဲရန်နှင့် ယုံကြည်မှုများကို ပြန့်ပွားစေရန်အတွက် တာဝန်ယူရသော အထူးအဖွဲ့အစည်းတစ်ခု ရှိရမည်ဖြစ်သည်။ ထိုရွာက ယခုအခါ အခြားကမ္ဘာတစ်ခုမှ ရောက်ရှိလာခြင်း ဖြစ်သည်။
ရွာသားများသည် ဤအရာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေကြလိမ့်မည်။ ထို့အပြင် နယ်မြေအတွင်းရှိ အခြားသော လူသားများကလည်း ဤအရာကို သိရှိသွားပြီးနောက်တွင် စိုးရိမ်ပူပန်မှုများ ရှိလာကြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ စင်စစ်အားဖြင့် ထိုရွာမှ လူသားများသည် အဝါရောင်သန်းသော အသားအရေရှိကြပြီး သဲကန္တာရနှင့်ပင် တူညီလှသည်။
“အဆင့်မြင့် ဓမ္မဆရာ……”
သူက လေးပြင်ကျယ်မြို့ရှိ ထိပ်တန်း ကိုးကွယ်ယုံကြည်သူများကို ငုံ့ကြည့်လိုက်သည်။
အဆုံးသတ်တွင် သူ၏ အကြည့်သည် ကျန်းရုံကွေ့၊ လီရှို့တောက်နှင့် ကျန့်ရှင်းလန်တို့ဆီသို့ ကျရောက်သွားခဲ့သည်။ ကျန့်ရှင်းလန်က အသစ်ထပ်မံတိုးပွားလာသော အဆင့်အေ ကိုးကွယ်ယုံကြည်သူ ဖြစ်သည်။ ထို့အပြင် ဟွန်းရှာရွာ မှ တတိယအဆင့် အထက်တန်းစား ကိုယ်ခံပညာရှင် ဟော်ယွမ်မင်လည်း ရှိနေသေးသည်။ ထိုလေးဦးအား ဓမ္မဆရာ များအဖြစ် လတ်တလော ခန့်အပ်လိုက်မည်ဖြစ်၏။
ဟော်ယွမ်မင်သည် သူ၏ ယုံကြည်မှုတွင် အတော်လေး ရိုသေကိုင်းရှိုင်းသော်လည်း သူက အဆင့်အေ ကိုးကွယ်ယုံကြည်သူ မဟုတ်သေးဘဲ အဆင့်ဘီ မျှသာ ရှိသေးသည်။ သို့သော်လည်း ဟွန်းရှာရွာ တွင် တာဝန်ယူရန်အတွက် အဓိက ဓမ္မဆရာ တစ်ဦး လိုအပ်နေသည်။ စိတ်ပိုင်းဖြတ်ပြီးနောက်တွင် လီယွဲ့၏ အကြည့်သည် နတ်ဘုရားမဟာညီလာခံ၏ အဆင့်တစ်ဆုလာဘ်များဆီသို့ ကျရောက်သွားခဲ့သည်။
သူက ကောင်းချီးပေးအဆောင်များနှင့် နတ်ဘုရားဥပဒေသ အပိုင်းအစများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝိဉာဉ်အဆောင်၊ နတ်ဘုရားအမှတ်အသားနှင့် ကောင်းကင်အရှင်သခင်၏ မူလအစတို့အပေါ်တွင် သူ၏ အကြည့်ကို အာရုံစိုက်လိုက်သည်။
ဝူး…… ထိုပစ္စည်း သုံးခု၏ အချက်အလက်များက သူ၏ စိတ်ထဲသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
...
[အမည်] - ဝိဉာဉ်အဆောင်
[အဆင့်] - ပထမအဆင့် နတ်ဘုရားစာလုံး
[အကျိုးသက်ရောက်မှု] - အသုံးပြုပြီးနောက်တွင် လူတစ်ဦးအား နဝမအဆင့် ဝိဉာဉ်စွမ်းအားရှင်အဖြစ်သို့ မြှင့်တင်ပေးနိုင်သည်။
...
[အမည်] - နတ်ဘုရားအမှတ်အသား
[အကျိုးသက်ရောက်မှု] - အသုံးပြုပြီးနောက်တွင် သင်သည် မိမိ၏ စီရင်ပိုင်ခွင့်နယ်မြေမှ ထွက်ခွာသွားသည့်တိုင်အောင် သင်၏ စွမ်းအားက ပြောင်းလဲမှုမရှိဘဲ တည်ရှိနေမည်ဖြစ်ပြီး၊ နတ်ဘုရားအတတ်ပညာများကို အသုံးပြုရာတွင်လည်း ဆယ်ဆသော နတ်ဘုရားစွမ်းအား ကို အသုံးပြုရန် မလိုအပ်တော့ချေ။
[အသုံးပြုနိုင်မည့်အကြိမ်ရေ] - တစ်ကြိမ်
...
“ဒီကောင်းကင်အရှင်သခင်၏ မူလအစကတော့……”
လီယွဲ့၏ မျက်စိသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားခဲ့ပြီး ကောင်းကင်အရှင်သခင်၏ မူလအစ ၏ အချက်အလက်များကို ကြည့်ရှုရင်း သူ လုံးဝ တုန်လှုပ်သွားခဲ့ရသည်။ ဒါက တကယ်ကို အံ့မခန်းလှသော နတ်ဘုရားရတနာတစ်ပါး ဖြစ်သည်။