အခန်း (၇၂)
Vol. 8 Ch. 72
အခန်း (၇၂) ဧကရာဇ်တပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ ရှောင်ယာ၏ ဝိညာဉ်ကို တိုက်စားခြင်း
အစပိုင်းတွင် ဆုလာဘ်ကြီးတစ်ခု ရရှိခဲ့သဖြင့် အခမဲ့ရယူရသည်မှာ အလွန်ကောင်းမွန်လှသော်လည်း ယခုအခါ တစ်ကြိမ်တည်းဖြင့် ကံကြမ္မာတန်ဖိုး သုံးသိန်းကျော် သုံးစွဲရမည်ဖြစ်ရာ ချင်လော့အတွက် အတော်လေး နှမြောစရာ ကောင်းနေပေ၏။
သို့သော် စနစ်က သူ့ကို တစ်ခါမှ မလိမ်ညာဖူးသဖြင့် ချင်လော့က ပြတ်သားစွာ ရွေးချယ်လိုက်သည်။
"ကောင်းပြီ..."
စနစ်က ဆုချီးမြှင့်မည်ဟု ဆိုမှတော့ ချင်လော့အနေဖြင့် ဆက်မလုပ်စရာ အကြောင်းမရှိပေ။
သူက ရှောင်ယာကို ကြည့်ကာ ရယ်မောလိုက်၏။
"ဟားဟားဟား... အရမ်းကောင်းတယ်..."
ဖြန်း...
သူက လက်ခုပ်တီးရင်း ရှောင်ယာရှိရာဘက်သို့ လျှောက်သွားလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... မင်းပြောတာ မှန်တယ်... ငါက အစွန်းရောက်နတ်ဆိုးပဲ... ဒီဧကရာဇ်... အာ မဟုတ်ပါဘူး... ဒီဝိညာဉ်တစ်သောင်းအလံက မင်းပြောသလိုပါပဲ..."
"ဒီအလံရဲ့ အလံတိုင်ကို သူတော်စင်အဆင့် အစွမ်းထက်သူ ကိုးရာကိုးဆယ့်ကိုးယောက်ရဲ့ အရိုးတွေနဲ့ သန့်စင်ထားတာ..."
"ဒီအလံရဲ့ အလံစက အလောင်းကောင်တွေကို ထုပ်ပိုးတဲ့ အဝတ်ဖြစ်ပြီး ဧကရာဇ်တချို့ရဲ့ သွေးမူလအဆီအနှစ်တွေနဲ့ စွန်းထင်းနေသလို ဧကရာဇ်တချို့ရဲ့ ရုပ်အလောင်းတွေကိုလည်း ထုပ်ပိုးထားခဲ့ဖူးတယ်..."
"အလံထဲမှာတော့ သဘာဝကျကျပဲ မရေမတွက်နိုင်တဲ့ နာကြည်းဝိညာဉ်တွေ ရှိနေပြီး အဲဒါက သန်းပေါင်းများစွာသော လူသားမျိုးနွယ်တွေကို သတ်ဖြတ်ပြီး စုဆောင်းထားတာပဲ..."
လူတိုင်း ရုတ်တရက် မှင်တက်သွားကြသည်။
သူတို့၏ အမြင်တွင် ရှောင်ယာ၏ စွပ်စွဲချက်က အနည်းငယ် မှော်ဆန်လွန်းနေသော်လည်း ပို၍ပင် မထင်မှတ်ထားသောအရာမှာ ချင်လော့က အမှန်တကယ် ဝန်ခံလိုက်ခြင်းပင်။
"ဒါ တကယ်လား... အဲဒါက ဝိညာဉ်တစ်သောင်းအလံတား..."
"ချင်လော့က တကယ်ပဲ အစွန်းရောက်နတ်ဆိုးလား... နတ်ဆိုးသားတော် ဆိုတာက ဘာလဲ..."
"မင်းတို့ ခေါင်းထဲမှာ ဘာတွေ တွေးနေတာလဲ... ချင်လော့က မဟာချင်အင်ပါယာရဲ့ မင်းသားပဲလေ... သူက အစွန်းရောက်နတ်ဆိုး ဖြစ်နေရင် မဟာချင်အင်ပါယာက မသိဘဲ နေပါ့မလား... ပြီးတော့ သူ့ရဲ့ ဝိညာဉ်တစ်သောင်းအလံကို ကြည့်လိုက်ဦး..."
[စစ်မှန်သောနတ်ဆိုးသွေးကြော ၁ ခုကို ရရှိပါသည်... စစ်မှန်သောနတ်ဆိုးပဲဖြစ်ဖြစ်၊ မိစ္ဆာနတ်ဆိုးပဲဖြစ်ဖြစ် အဆုံးမှာတော့ လူတွေချည်းပဲ မဟုတ်ဘူးလား... သူတို့က ဒီကမ္ဘာက မဟုတ်ရုံလေးပါပဲ... သွေးကြောကတော့ အနည်းငယ် ပိုစွမ်းအားကြီးပါတယ်...]
[လူသားဧကရာဇ်အလံ အဆင့်မြှင့်တင်မှုကို ရရှိပါသည်...]
[လူသားဧကရာဇ်အလံ၏ အလံတိုင်ကို လူသားမျိုးနွယ် ဧကရာဇ် ၉၉၈၁ ပါး၏ အရိုးများဖြင့် ပြုလုပ်ထားပြီး အလံစကို ဧကရာဇ်၏ မူလအဆီအနှစ်သွေးများဖြင့် သန့်စင်ထားကာ နာကြည်းဝိညာဉ်အရေအတွက် သန်းဆယ်ချီ တိုးလာပါသည်... အဆင့်မှာ…]
[သူတော်စင်အဆင့်... အဆင့်မြင့်အဆင့်...]
[သူတော်စင်အဆင့် ထိပ်တန်းအဆင့် ...]
[ဧကရာဇ်တပိုင်းအဆင့်...]
ဘုန်း...
ချင်လော့၏ လက်ထဲရှိ လူသားဧကရာဇ်အလံသည် လေထဲသို့ မြင့်တက်သွားပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်၏။ ဤအခိုက်အတန့်တွင် လူသားဧကရာဇ်အလံပေါ်ရှိ ရွှေရောင်အလင်းများက တောက်ပလာပြီး ထွက်ပေါ်လာစ နေမင်းကြီးကဲ့သို့ ဖြစ်နေပေသည်။
ဖြောင့်မတ်ခြင်းနှင့် သမာဓိရှိခြင်း စွမ်းအင်များက မြစ်တစ်စင်းကဲ့သို့ စုစည်းလာပြီး လှိုင်းထန်ကာ ကမ္ဘာမြေကို တုန်လှုပ်သွားစေခဲ့သည်။
လူတိုင်းက အသက်ရှူမှားမတတ် စိုက်ကြည့်နေကြပြီး အလံပေါ်တွင် ကံကောင်းခြင်း နိမိတ်များ ရစ်သိုင်းနေကာ ဧကရာဇ်၏ ကြီးမြတ်မှုကို ပြသနေ၏။
သူတို့၏ နှလုံးသားများတွင် အကြောက်တရားနှင့် ရိုသေလေးစားမှုများ ပြည့်နှက်နေပြီး မျိုးနွယ်စုရှိ အကြီးအကဲများ၊ ဘိုးဘေးများနှင့် လူသားမျိုးနွယ်၏ ဧကရာဇ်ကို ယေဘုယျအားဖြင့် ကြည့်ရှုနေရသည့်အလား ခံစားနေကြရသည်။
ဤအခိုက်အတန့်တွင် လူတိုင်းနီးပါး မတ်တတ်ရပ်လိုက်ကြပြီး သူတို့၏ မျက်လုံးများက ရိုသေလေးစားမှုများဖြင့် လူသားဧကရာဇ်အလံပေါ်သို့ ကျရောက်သွားပေသည်။
ဒါက ဝိညာဉ်တစ်သောင်းအလံတော်လား။
နောက်မနေပါနဲ့။
ဤလူသားဧကရာဇ်အလံက အဘယ်ကြောင့် ရွှေရောင်တောက်ပပြီး ကြီးမြတ်သော စွမ်းအင်များကို ထုတ်လွှတ်နိုင်မည်နည်း။
"ချီး..."
"ချီး..."
"ချီး..."
ချင်လော့၏ ရင်ထဲတွင် သုံးကြိမ်ဆက်တိုက် ကျိန်ဆဲလိုက်မိ၏။ ယင်းက ရုတ်တရက် ဧကရာဇ်တပိုင်းအဆင့် ဖြစ်သွားသည်လား။ ဤသည်မှာ ရိုးရှင်းစွာပင် အလွန်မိုက်လွန်းသည် မဟုတ်ပါလား။
ဧကရာဇ်လက်နက် မဟုတ်သော်လည်း ဧကရာဇ်တပိုင်းအဆင့်သည်လည်း လုံလောက်အောင် ကြောက်မက်ဖွယ် ကောင်းပေသည်။ ယင်းက မြင့်မြတ်နယ်မြေကို ဖိနှိပ်ရန် မဆိုထားနှင့် မဟာချင်အင်ပါယာ၏ နောက်ခံအင်အားကိုပင် လုံးဝ ဖိနှိပ်နိုင်စွမ်း ရှိပေ၏။
ချင်လော့၏ နှုတ်ခမ်းထောင့်တွင် မှေးမှိန်သော အပြုံးတစ်ခု ရှိနေဆဲဖြစ်ပြီး သူ၏ မျက်လုံးများက လျိုရူယန်ပေါ်သို့ ကျရောက်သွားကာ သူ၏ အထင်အမြင်သေးမှုကို ဖုံးကွယ်မထားခဲ့ချေ။
"မင်းလို မြွေဟောက်နဲ့ ကင်းမြီးကောက်လို ကြမ်းကြုတ်စိတ် ထားတတ်တဲ့ မိန်းမက လူဖြူလေးတစ်ယောက်အတွက်နဲ့ ငါ့ကို စွပ်စွဲရဲသေးတယ်ပေါ့... ငါက မင်းအပေါ် စိတ်ဝင်စားနေသေးတယ်လို့ ထင်နေတာလား..."
"ငါက အဲဒီလောက်တောင် တန်ဖိုးမရှိဘူးလား... မင်းလို လူမျိုးက အပြင်ပန်းကြည့်ကောင်းပေမဲ့ အတွင်းစိတ်က တကယ်ကို ရွံစရာကောင်းတယ်... ငါက မင်းနဲ့ အိပ်ချင်တယ်တဲ့လား... ဘယ်လောက်တောင် လှပတဲ့ အတွေးလေးလဲ..."
"မင်းလို ခွေးမကို အရူးကလွဲရင် ဘယ်သူက သဘောကျမှာလဲ..."
ဖုံးကွယ်မထားသော စော်ကားမှုများနှင့် ရက်စက်သော စကားလုံးများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် လျိုရူယန် ယိမ်းယိုင်သွားပေ၏။
မလှမ်းမကမ်းရှိ စုန့်ဖော်ယွင်က စကားပြောရန် ဟန်ပြင်လိုက်သည်။
"ငါက သူ့ကို မရွံပါဘူး..."
ဘေးနားရှိ စုန့်ရီထျန်း၏ သတိပေးသော အကြည့်ကို မြင်လိုက်ရသဖြင့် ချက်ချင်း ငြိမ်သွား၏။
"ရက်စက်တာ၊ မရက်စက်တာ အရေးမကြီးပါဘူး... လူက လှပပြီး ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်ဖို့ပဲ အရေးကြီးတာပါ..." စုန့်ဖော်ယွင်က သူ၏ စိတ်ထဲတွင် တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"ဒါက ဝိညာဉ်တစ်သောင်းအလံလား..."
မုရုန်းရွှဲ့က သံသယဖြစ်နေသော မျက်လုံးများဖြင့် ရှောင်ယာကို ကြည့်လိုက်သည်။
ခုနက ရှောင်ယာက ကျိန်ဆိုပြောဆိုခဲ့သဖြင့် ရိုးရိုးသားသားပြောရလျှင် သူမ အနည်းငယ် ယုံကြည်ခဲ့မိသည်။
သို့သော် သူမက ဤ 'ဝိညာဉ်တစ်သောင်းအလံ' မှ ဧကရာဇ်၏ ကြီးမြတ်မှုကို ခံစားမိပြီး ကြီးမြတ်သော စွမ်းအင်များကို ခံစားမိသော်လည်း မကောင်းဆိုးဝါး စွမ်းအင်များကို အနည်းငယ်မျှပင် မခံစားမိခဲ့ချေ။
ရှောင်ယာ ပြောဆိုသော ဝိညာဉ်တစ်သောင်းအလံနှင့် လုံးဝ မတူညီပေ။
"ဒါ သေချာပေါက် ဟုတ်ရမယ်..."
ရှောင်ယာက အံကြိတ်ကာ ပြောဆိုလိုက်၏။ သူမက အမှောင်လမ်းကို ဆက်လျှောက်ချင်နေသည်။
"ချင်လော့... ရှင် အဲဒီ ဝိညာဉ်တစ်သောင်းအလံကို ဖွင့်ရဲလား... အဲဒီအထဲမှာ ငါတို့ လူသားမျိုးနွယ်တွေရဲ့ သေဆုံးသွားတဲ့ နာကြည်း ဝိညာဉ်တွေ ရှိမရှိ ကြည့်ကြရအောင်..."
ချင်လော့က ရယ်မောလိုက်၏။
စနစ်ကြောင့်သာ ဝန်ခံခဲ့ခြင်းဖြစ်ရာ အဘယ်ကြောင့် ဖွင့်ပြရမည်နည်း။
"မင်းက ဘာမို့လို့ ဖွင့်ပြခိုင်းနေတာလဲ... တကယ့်ကို ရယ်စရာကောင်းတဲ့ ဟာသပဲ..."
သူက လူသားဧကရာဇ်အလံကို သိမ်းဆည်းလိုက်ပြီး ရှောင်ယာရှိရာဘက်သို့ ကြီးမားသော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။
"ရဲ့ချန်က အရင်က ထိုက်ရွှီမြင့်မြတ်နယ်မြေမှာ ငါ့ကို စွပ်စွဲဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးတော့ သူ့ခြေထောက်ကို သူပြန်ပစ်မိသလို ဖြစ်သွားခဲ့တာပဲ..."
"ငါ သူ့ကို ထိုက်ရွှီမြင့်မြတ်နယ်မြေကနေ နှင်ထုတ်လိုက်တာက သူနဲ့ ရန်ငြိုးကို အဆုံးသတ်လိုက်တာပဲ... ငါက ကိုယ်ရေးကိုယ်တာ ရန်ငြိုးအတွက် အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို အသုံးချပြီး လက်စားချေတတ်တဲ့သူ မဟုတ်ဘူး... ဒါပေမဲ့ သူက ဝူယွမ်စစ်သူကြီးစံအိမ်က မိသားစုဝင်တွေကို သတ်ဖြတ်တဲ့ကိစ္စမှာ ပါဝင်ပတ်သက်ရဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး…
မဟာချင်အင်ပါယာရဲ့ မင်းသားနဲ့ မဟာချင် နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ တပ်မှူးအနေနဲ့ ငါ ချင်လော့က သူ့ကို သဘာဝကျကျပဲ တရားဥပဒေနဲ့အညီ အပြစ်ပေးရမယ်..."
"ငါက ကိုယ်ရေးကိုယ်တာ ရန်ငြိုးအတွက် အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို အသုံးချပြီး လက်စားချေတတ်တဲ့သူ မဟုတ်ပေမဲ့ ငါ့မှာ ဒေါသ မရှိဘူးလို့တော့ မဆိုလိုဘူး... မင်းက ငါ့လို မဟာချင်အင်ပါယာရဲ့ မင်းသားကို အစွန်းရောက်နတ်ဆိုးလို့ ဒီနေရာမှာ ပေါ်ပေါ်ထင်ထင် စွပ်စွဲနေတာ... မင်း ဘာလုပ်ချင်နေတာလဲ..."
"မင်းက ငါတို့ မဟာချင်အင်ပါယာကို ဖြုတ်ချချင်နေတာလား... မင်းက ရွှမ်ထျန်းတာအိုဂိုဏ်းက တာအိုသမီးတော်ဆိုတာ မပြောနဲ့ဦး... မင်းက ရွှမ်ထျန်းတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေရင်တောင် ဘာအရေးလဲ... ငါ ချင်လော့က ဒီနေ့ ငါတို့ မဟာချင်အင်ပါယာအတွက် ရှင်းပြချက်တစ်ခု တောင်းဆိုရမယ်..."
"တိုက်ခိုက်စမ်း..."
ချင်လော့က ချင်းဖုန်းဓားကို ထုတ်ယူကာ ရှောင်ယာကို အဝေးမှ ချိန်ရွယ်လိုက်၏။
"အဲဒီ ရှောင်ယာလို့ ခေါ်တဲ့ မိန်းမက စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်... မဟာချင်အင်ပါယာရဲ့ မင်းသားက ဘယ်လိုလုပ် အစွန်းရောက်နတ်ဆိုး ဖြစ်နိုင်မှာလဲ..."
"ဟုတ်တယ်... သူမက လက်စားချေဖို့အတွက် ဘာမဆို လုပ်ရဲတာ... အဲဒီ ဝိညာဉ်တစ်သောင်းအလံဆိုတာလည်း သူမ ဖန်တီးထားတဲ့ ယုံတမ်းစကားပဲလို့ ငါ သံသယရှိတယ်... ပြီးတော့ သေသေချာချာကို ရှင်းပြထားထားတာ..."
"နှမြောစရာပဲ... သူမရဲ့ စွပ်စွဲချက်က အမှန်ဖြစ်နေရင်တောင် ဘာဖြစ်လဲ... ဒီကမ္ဘာမှာ ခွန်အားကသာ အရာအားလုံးကို အဆုံးအဖြတ်ပေးတာ... မင်းက အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလား..."
ရှောင်ယာက အံကြိတ်ကာ ချင်လော့ကို ကြည့်လိုက်သည်။
သူမ၏ ကျင့်ကြံမှုအဆင့်သည် နတ်ဘုရားအသွင်ပြောင်းအဆင့် ငါးလွှာသို့ ရောက်ရှိနေပြီဖြစ်ရာ ချင်လော့နှင့် တစ်ပွဲတစ်လမ်း ယှဉ်ပြိုင်နိုင်မည်ဟု သူမ ယုံကြည်ထားပေ၏။
"ကောင်းပြီ... ရှင် နဲ့ တိုက်မယ်..."
ရှောင်ယာက ခြေတစ်လှမ်း ဆုတ်လိုက်ရာ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက စတင်မြင့်တက်လာပြီး သူမ၏ အနောက်တွင် နတ်ဖီးနစ်၏ ပုံရိပ်တစ်ခု လင်းလက်သွားသည့်အလားပင်။
"အဆိုးဆုံးအခြေအနေ အတွက် ပြင်ဆင်ထားလိုက်တော့"
ချင်လော့က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လူသားဧကရာဇ်အလံသည် သူ၏လက်ထဲသို့ ရောက်ရှိလာပြီး ရှီးဟွမ်၏ အသံက သူ၏နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"အဆင်သင့်ဖြစ်ပြီ..."
ရှီးဟွမ်သည် သူမ၏ လျှို့ဝှက်နည်းလမ်းကို စတင်အသုံးပြုနေပြီဖြစ်ပြီး လက်ရှိ ဝိညာဉ်မှ ဝိညာဉ်တစ်စကို အတင်းအကျပ် ခွဲထုတ်ကာ ရှောင်ယာ၏ ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်ရန် အဆင်သင့်ဖြစ်နေပေ၏။
ဤမြင်ကွင်းကို ကြည့်ရင်း မုရုန်းရွှဲ့သည် သူမ၏လက်ထဲရှိ ကျောက်စိမ်းအဆောင်တစ်ခုကို တိတ်တဆိတ် ချေမွလိုက်ပြီဖြစ်သည်။
ရွှမ်ထျန်းတာအိုဂိုဏ်း၏ အနာဂတ် တာအိုသမီးတော် လောင်းလျာဖြစ်နိုင်သူတစ်ဦးအနေဖြင့် ရွှမ်ထျန်းတာအိုဂိုဏ်းက သူမကို ဤနေရာတွင် သေဆုံးခွင့်ပြုမည် မဟုတ်ချေ။
ချင်လော့၏ လှုပ်ရှားမှုသည် သတ်ဖြတ်လိုသော လှုပ်ရှားမှုပင် ဖြစ်၏။
ဓားဆန္ဒက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဓားတစ်လက်ကို ပူဇော်ကာ နိမိတ်လေးပါးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သည်။
ရွှေ၊ သစ်၊ ရေ၊ မီး စွမ်းအားများက အချင်းချင်း ရောယှက်နေပြီး အဆုံးအစမဲ့သော ဓားစွမ်းအင်များက ဖုံးလွှမ်းကာ ရှေ့တိုးနောက်ဆုတ် အသွင်အပြင် ရှိနေ၏။
"အရမ်းသန်မာတယ်... အရမ်းကြောက်စရာကောင်းတယ်..."
"ဒါက... ဒါက တကယ်ပဲ ဓားဆန္ဒပဲ... ဘုရားရေ... ဒီချင်လော့က ဓားကျင့်ကြံသူ ဖြစ်နေတာပဲ..."
"ဓားဆန္ဒကို ထိန်းချုပ်နိုင်တဲ့ ဓားကျင့်ကြံသူ... သူက နတ်ဘုရားအသွင်ပြောင်းအဆင့်မှာ ရှိနေပေမဲ့ လိုဏ်ဂူကောင်းကင်အဆင့်က အစွမ်းထက်သူတွေတောင် သတ်နိုင်လိမ့်မယ်..."
ရှောင်ယာ၏ မျက်နှာက ပြောင်းလဲသွားသည်။
ချင်လော့က ဓားဆန္ဒ မူလပုံစံကို ရရှိထားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
သူမ၏ ပတ်လည်တွင် ပြင်းထန်သော မီးတောက်တစ်ခု ပေါ်လာပြီး သူမ၏ လက်ထဲတွင် မြင့်မြတ်သော လက်နက်တစ်ခု ပေါ်လာကာ ချင်လော့ရှိရာသို့ ပြေးဝင်သွားသည်။
"ဝိညာဉ်ချည်ကြာပွတ်... ချည်နှောင်စမ်း..."
ချင်လော့က ဝိညာဉ်ချည်ကြာပွတ်ကို တတ်နိုင်သမျှ မြန်မြန် ဆင့်ခေါ်လိုက်ရာ ရွှီးခနဲ အသံနှင့်အတူ ရှောင်ယာ၏ ခြေလက်များကို ချည်နှောင်လိုက်ပေ၏။
ဝိညာဉ်က ခိုင်မာစွာ ချည်နှောင်ခံထားရသဖြင့် သူမ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ချေ။
တစ်ခဏမျှသာ လုံလောက်ပေသည်။
ချင်လော့၏ ဓားစွမ်းအင်များက သူမကို ချက်ချင်း ဝိုင်းရံသွား၏။
"မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ မဖြစ်လာဘူးလို့ ထင်တယ်နော်..."
ချင်လော့က ရယ်မောလိုက်သည်။
"ဒါဆိုရင် မင်း သေမင်းဆီကို သွားလို့ရပြီ..."
သူ၏ စကားလုံးများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံသည် ချက်ချင်း မှောင်မိုက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
"မကောင်းတော့ဘူး... အစွမ်းထက်တဲ့သူ တစ်ယောက် ရောက်လာပြီ..."
ရှီးဟွမ်၏ သတိပေးသံ ထွက်ပေါ်လာ၏။
" အရန်အစီအစဉ် ကို အကောင်အထည်ဖော်မယ်..."
ချင်လော့က အနည်းငယ်မျှ တွန့်ဆုတ်မနေခဲ့ချေ။
မရေမတွက်နိုင်အောင် သေးငယ်သွားသော ရှီးဟွမ်သည် လူသားဧကရာဇ်အလံထဲမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး ရှောင်ယာ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပေသည်။
တစ်စက္ကန့်ပင် မပြည့်မီအချိန်အတွင်း ရှီးဟွမ်သည် ရှောင်ယာ၏ ဝိညာဉ်ထဲတွင် အမြစ်တွယ်သွားခဲ့သည်။
[ရှောင်ယာ၏ ဝိညာဉ်သည် တိုက်စားခံရပြီး ကံကြမ္မာတန်ဖိုး ၂၀,၀၀၀ ဆုံးရှုံးသွားပါသည်... ပိုင်ရှင်သည် ဗီလိန်မှတ်များ ၂၀,၀၀၀ ကို ရရှိပါသည်…]