အခန်း (၇၈)
Vol. 8 Ch. 78
အခန်း (၇၈) စစ်မှန်သော နတ်ဆိုးအငွေ့အသက်၊ လုပ်ကြံသတ်ဖြတ်သူ ၏ ဇာစ်မြစ်
အိမ်တိုင်ရာရောက် လာပို့သော သားကောင်ကို ချင်လော့က လက်မခံလျှင် တကယ်ကို အလဟဿ ဖြစ်သွားပေလိမ့်မည်။
ချင်လော့၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် နတ်လက်နက်တောင်ကြားမှ သူတော်စင် သုံးပါးက မတ်တတ်ထရပ်လိုက်ကြသည်။
ကောင်းကင်ကပ်ဘေးနန်းတော်မှ သူတော်စင် သုံးပါးနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း သူတော်စင် ခြောက်ပါးက လင်းယွဲ့ကို ဖိနှိပ်ရန် ရှေ့ထွက်လာကြ၏။
ဤသည်က လင်းယွဲ့၏ မျက်နှာကို ရုတ်တရက် ပြောင်းလဲသွားစေခဲ့သည်။
ချူဖုန်းသည် ဤအချိန်တွင် လုံးဝ တည်ငြိမ်သွားပြီဖြစ်ပြီး သူက အလျင်အမြန် သတိပေးလိုက်သည်။
"တတိယစီနီယာအစ်မ... တစ်ခုခု မှားယွင်းနေတယ်..."
"ကျွန်တော် ဒီနေ့ လက်စားမချေရရင်တောင် ရတယ်... ဒါပေမဲ့ စီနီယာအစ်မမှာတော့ ဘာအန္တရာယ်မှ မဖြစ်စေရဘူး..."
လင်းယွဲ့၏ ရင်ထဲတွင် နွေးထွေးသွားပေ၏။
ဂျူနီယာမောင်လေးက သူမကို ဤမျှ ဂရုစိုက်နေသည်ဖြစ်ရာ သူမက ဂျူနီယာမောင်လေးကို မည်သို့ စိတ်ပျက်အောင် လုပ်နိုင်မည်နည်း။
"စိတ်မပူပါနဲ့... သူတို့ဆီမှာ သူတော်စင်တွေ အများကြီး ရှိနေရင်တောင် ဘာဖြစ်လဲ... သူတော်စင်ဘုရင်အဆင့် အစွမ်းထက်သူ မရှိဘူးဆိုရင် ငါ ထွက်သွားချင်တာကို သူတို့ တားဆီးနိုင်မှာ မဟုတ်ဘူး..."
သူမ စကားကြီးစကားကျယ် ပြောဆို၍ပင် မပြီးသေးမီ အလွန် အစွမ်းထက်သော အငွေ့အသက်တစ်ခု မြင့်တက်လာပြီး သူမကို ပြင်းထန်စွာ ဖိနှိပ်လိုက်သည်ကို ခံစားလိုက်ရပေသည်။
ဘုန်း…
မိုးကြိုးစွမ်းအားများ လင်းလက်သွားပြီး ကျိုးဟုန်ယွီက သူ၏လက်ထဲရှိ တူကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ လင်းယွဲ့ကို ပစ်မှတ်ထားလိုက်၏။
သူမ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။
သူမက ဓားဆန္ဒမူလပုံစံကို ဖွဲ့စည်းထားနိုင်ပြီး သူမ၏ သူတော်စင်အဆင့် နောက်ပိုင်းအဆင့် စွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် သူတော်စင်ဘုရင်အဆင့် အစွမ်းထက်သူနှင့် ကြုံတွေ့ရပါကပင် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
သို့သော် သူတော်စင်ဘုရင် တစ်ပါးနှင့်အတူ နောက်ထပ် သူတော်စင် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါးပါး ပေါင်းလာလျှင် သူမအနေဖြင့် အနည်းငယ် ခွန်အားမဲ့သွားသလို ခံစားရပေသည်။
လူတွေ အရမ်း များလွန်းနေသည်။
သူမ စကားပြောပြီးသည်နှင့် သူမ၏ ပါးကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားရကာ အလွန် ရှက်ရွံ့သွားခဲ့၏။
"မင်းတို့ တကယ်ပဲ ငါတို့ နောင်တဓားချောက်ကမ်းပါးကို ဆန့်ကျင်ချင်နေတာလား... အကျိုးဆက်က ဘာဖြစ်လာမလဲဆိုတာ မင်းတို့ သိရဲ့လား..."
လင်းယွဲ့က လေးနက်သော အသံဖြင့် အော်ဟစ်လိုက်သည်။
"မင်းက ရယ်စရာ ကောင်းတာပဲ... မင်းက ဒီနေရာကို ပြဿနာ လာရှာတာလေ... အခုတော့ ငါတို့က မင်းတို့ရဲ့ နောင်တဓားချောက်ကမ်းပါးကို ဆန့်ကျင်တယ်လို့ ပြောနေတာလား... တကယ့်ကို ရယ်စရာကောင်းတဲ့ ဟာသကြီးပဲ..."
"ဒီနေ့တော့ မင်းတို့ ထွက်သွားလို့ မရတော့ဘူး..."
"သူတို့ကို ဖမ်းလိုက်... အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် ကိစ္စမရှိဘူး..."
ချင်လော့က အေးစက်စွာ အမိန့်ပေးလိုက်၏။
"ဂျူနီယာမောင်လေး... မြန်မြန် ထွက်ပြေး..."
လင်းယွဲ့က ယနေ့ကိစ္စ အဆုံးသတ် မကောင်းနိုင်တော့ကြောင်း သိရှိသွားသဖြင့် ချူဖုန်းကို အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဓားဆန္ဒများ ကောင်းကင်သို့ ထိုးတက်သွားကာ ကျိုးဟုန်ယွီတို့ကို တားဆီးလိုက်သည်။
ယနေ့တွင် သူမက လူခြောက်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ရတော့မည်။
ဤအချိန်တွင် ချူဖုန်း၏ နားထဲ၌ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ငါ့အကူအညီ လိုအပ်လား..."
"သူတို့ကို သတ်ဖို့ ငါ့ကို ကူညီပေး... မင်း အရင်က တောင်းဆိုထားတာကို ငါ သဘောတူတယ်..."
“ဟီးဟီး…”
လှောင်ပြောင်ရယ်မောသံ ထွက်ပေါ်လာ၏။
"ကောင်လေး... ငါ ကူညီပေးမယ်ဆိုတာ မင်းကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးမယ်လို့ ပြောတာ... သူတို့ကို သတ်ပေးရမယ် ဟုတ်လား... မင်းက မင်းရဲ့ အခြေအနေကို အရမ်း အထင်ကြီးနေတာပဲ..."
"တကယ်လို့ မင်းက ငါ့ကို အပြင်ထွက်ခွင့်ပေးမယ် ဆိုရင်တော့... မင်းကို သဘောတူပေးလို့ ရနိုင်တယ်..."
"မဖြစ်နိုင်ဘူး..."
ချူဖုန်းက ချက်ချင်း ငြင်းဆန်လိုက်သည်။ ထိုအရာများက ဘာတွေလဲဆိုတာ သူ သိထားပြီး အပြင်ထွက်ခွင့် ပေးလိုက်ပါက သူတို့ကို လွှတ်ပေးသည့် သူ့ ကိုပင် ပထမဆုံး သတ်ဖြတ်လိမ့်မည် ဖြစ်၏။
"ချူဖုန်း... မြန်မြန် ထွက်ပြေး..."
လင်းယွဲ့က သူမ၏လက်ထဲရှိ ဓားငယ်လေးတစ်လက်ကို အသက်သွင်းလိုက်ရာ ဟင်းလင်းပြင်ကို ချက်ချင်း ဖောက်ထွင်းသွားခဲ့သည်။
"ထွက်သွားချင်တာလား..."
ချင်လော့က လှောင်ပြောင်လိုက်၏။
"ငါ့ကို ခွင့်ပြုချက် တောင်းပြီးပြီလား..."
"အဘိုး..."
စုချန်ချန်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ကျိုးပျက်သွားသော ဟင်းလင်းပြင်မှာ ချက်ချင်း ပြန်လည် ပိတ်ဆို့သွားခဲ့သည်။
လင်းယွဲ့က ဤမြင်ကွင်းကို မြင်ချိန်၌ သူမ၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့သွားပြီး အော်ဟစ်လိုက်၏။
"မင်းတို့က ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့... ငါတို့ရဲ့ ဆရာက မင်းတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး..."
သူမက နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သော်လည်း သူတော်စင်ဘုရင် တစ်ပါးနှင့် သူတော်စင် ခြောက်ပါးတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အားလုံးမှာ အုတ်ချပ်များကဲ့သို့ အလွယ်တကူ ကျိုးပျက်သွားခဲ့ရသည်။
ဤအခိုက်အတန့်တွင် သူမ အမှန်တကယ် ငိုချင်သွားခဲ့သည်။
ဤသည်မှာ ရိုးရှင်းစွာပင် အနိုင်ကျင့်နေခြင်း မဟုတ်ပါလား။
‘လူအများကြီးက သူမလို မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာ... အရှက်မရှိလိုက်တာ’
ဘန်း…
မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသော လင်းယွဲ့က မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော ချူဖုန်း၏ နှလုံးသားထဲတွင် သတိပေးခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့သည်။
သူ ထွက်မသွားလျှင် တကယ်ကို ထွက်သွားလို့ ရနိုင်တော့မည် မဟုတ်ကြောင်း သူ သိရှိသွား၏။
"ကောင်းပြီ... ငါ သဘောတူတယ်..."
"ငါ့ကို ခေါ်သွားပေး... ပြီးတော့ ငါ့ရဲ့ စီနီယာအစ်မကိုပါ..."
"မင်းဆန္ဒရှိတဲ့အတိုင်းပဲ... မင်းရဲ့ စီနီယာအစ်မကတော့ ခေါ်သွားလို့မရဘူး..."
ဤအချိန်တွင် လူတိုင်းက ပုံမှန်မဟုတ်သော အငွေ့အသက်တစ်ခု ပျံ့လွင့်လာသည်ကို ခံစားလိုက်ရသည်။
ချူဖုန်း၏ ရင်ဘတ်ပေါ်ရှိ အနက်ရောင် ဆွဲသီးလေးတစ်ခုမှ အလွန် ပြင်းထန်သော ဓားဆန္ဒများ ထွက်ပေါ်လာပြီး အနက်ရောင် ဓားစွမ်းအင်များက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။
ဟင်းလင်းပြင်ကို ချက်ချင်း ဖောက်ထွင်းသွားခဲ့ပြီး ချင်လော့ကို အနည်းငယ် ရင်းနှီးနေစေသော အငွေ့အသက်တစ်ခုက ချူဖုန်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားစေခဲ့သည်။
စုချန်ချန်က ချက်ချင်း လှုပ်ရှားလိုက်ပြီး ကြီးမားသော လက်ဝါးကြီးတစ်ခုဖြင့် ချူဖုန်းကို ဖမ်းဆီးရန် ရွယ်လိုက်သော်လည်း ထက်မြက်သော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာကာ ထိုလက်ဝါးကြီးကို ချက်ချင်း ဆုတ်ဖြဲသွားပြီး ချူဖုန်းကို ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားစေခဲ့သည်။
"အစွန်းရောက်နတ်ဆိုးလား..."
ချင်လော့က ထိုအချိန်မှသာ ထိုအငွေ့အသက်ကို အဘယ်ကြောင့် ရင်းနှီးနေရသနည်းဆိုသည်ကို မှတ်မိသွားခဲ့သည်။
စစ်မှန်သောနတ်ဆိုးသွေးကြော၏ အငွေ့အသက်များနှင့် အလွန် တူညီနေခဲ့ပေသည်။
သူတို့က ကမ္ဘာတစ်ခုတည်းက လာတာများလား။
ဟင်းလင်းပြင်ထဲတွင် ချူဖုန်း၏ မျက်နှာက ချင်လော့၏ မျက်လုံးထဲ၌ ပေါ်လာခဲ့သည်။ သူက ချင်လော့ကို နက်ရှိုင်းစွာ စိုက်ကြည့်နေပြီး ချင်လော့၏ ပုံရိပ်ကို သူ၏ နှလုံးသားထဲတွင် မှတ်သားထားမည့်ပုံ ပေါ်နေ၏။
"မင်းကို ငါ မှတ်ထားတယ်... ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ အကြီးမားဆုံး ရန်သူပဲ..."
ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီဖြစ်ရာ စုချန်ချန်က ကြိုးစားကြည့်ခဲ့သော်လည်း ချင်လော့ကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
"ဖမ်းလို့ မှီမှာမဟုတ်ဘူး..."
ချင်လော့မှာ အနည်းငယ် နှမြောမိသွားသော်လည်း တွေးကြည့်လိုက်လျှင် ပုံမှန်သာ ဖြစ်ပေသည်။
ဤမျှများပြားသော ကံကြမ္မာတန်ဖိုးများရှိသည့် ကံကြမ္မာသားတော်တစ်ယောက်တွင် အသက်ကယ်ရန် နည်းလမ်းတစ်ခုမျှ မရှိခဲ့လျှင် တစ်ဖက်လူမှာ အတုဖြစ်နေမည်ဟုပင် သူ ခံစားမိလိမ့်မည်။
သူက ချူဖုန်းရှိရာဘက်သို့ ကြည့်ကာ ပြောဆိုလိုက်၏။
"ဘာလဲ... မင်းရဲ့ စီနီယာအစ်မနဲ့ မင်းချစ်သူကိုတောင် မလိုချင်တော့ဘူးလား..."
"မင်းကို အမှန်အတိုင်း ပြောရရင်... မင်းရဲ့ချစ်သူကို စုန့်ဖော်ယွင်က မထိရသေးဘူး..."
"ဒါနဲ့ မင်းရဲ့ စီနီယာအစ်မကလည်း ယောက်ျားတစ်ယောက်နဲ့မှ မပတ်သက်ဖူးသေးဘူး မဟုတ်လား..."
"မင်းကို သုံးရက်အချိန်ပေးမယ်... ထိုက်ရွှီမြင့်မြတ်နယ်မြေကို လာခဲ့... မဟုတ်ရင် သူတို့နှစ်ယောက်လုံးရဲ့ အပျိုစင်ဘဝကို ထိန်းသိမ်းထားနိုင်မလားဆိုတာ ငါ အာမမခံနိုင်ဘူး..."
"သုံးရက်ကြာရင် သူတို့က မိန်းမပျက်တွေ ဖြစ်သွားရုံတင်မကဘူး... မင်းကြောင့် သူတို့ရဲ့ အသက်တွေပါ ဆုံးရှုံးရလိမ့်မယ်... မှတ်ထား... သုံးရက်ပဲ အချိန်ရှိတယ်..."
ခြိမ်းခြောက်ခြင်းသည် အောက်တန်းကျသော နည်းဗျူဟာတစ်ခု ဖြစ်သော်လည်း အလွန် အသုံးဝင်ပေသည်။
တစ်ဖက်လူက သေချာပေါက် လာမည်ဖြစ်ပြီး သူ၏ နောက်ကွယ်မှ ကျောထောက်နောက်ခံကိုပါ ခေါ်လာလိမ့်မည်ဟု ချင်လော့ ယုံကြည်ထားပေ၏။
နတ်လက်နက်တောင်ကြားတွင် သူ လုပ်ဆောင်ခဲ့သမျှသည် မဟာချင်အင်ပါယာသို့ သေချာပေါက် ရောက်ရှိသွားမည်ဖြစ်သည်။
သူက ဗီလိန်မှတ်များကို ရယူရန် နည်းလမ်းတစ်ခု မရှာဖွေခဲ့လျှင် နဂါးဂူ၊ကျားကျင်းထဲသို့ မည်သို့ သွားရောက်နိုင်မည်နည်း။
သူ စဉ်းစားနေစရာပင် မလိုဘဲ လူများစွာက သူ့ကို ရန်သူတစ်ယောက်အဖြစ် သတ်မှတ်ထားကြပြီဖြစ်ကြောင်း သူ သိရှိထားပေသည်။
" ငါ မင်းကို သတ်မယ်..."
ချူဖုန်း၏ ပုံရိပ်က စတင် ပျောက်ကွယ်သွားပြီး သူက အော်ဟစ်လိုက်သည်။
"မင်းကို ငါ့လက်နဲ့ကိုယ်တိုင် သတ်မယ်... သေချာပေါက်... သေချာပေါက် သတ်မယ်..."
အသံ ပျောက်ကွယ်သွားသည်နှင့်အမျှ ဟင်းလင်းပြင်ထဲတွင် ချူဖုန်း၏ ပုံရိပ်လည်း ပျောက်ကွယ်သွားခဲ့လေ၏။
ချင်လော့၏ မျက်လုံးများက လင်းယွဲ့ပေါ်သို့ ကျရောက်သွားသည်။
"ငါ့ရဲ့ လူသားဧကရာဇ်အလံထဲကို ဝင်သွားလိုက်... အဲ့ဒီအထဲမှာ ကောင်းကောင်း စကားပြောကြတာပေါ့..."
သူ၏လက်ကို ဝှေ့ယမ်းကာ လူသားဧကရာဇ်အလံကို ဖွင့်လိုက်ပြီး လင်းယွဲ့ကို အတွင်းသို့ ထည့်လိုက်ကာ ရှီးဟွမ်ကို သူမနှင့် အရင်စကားပြောခိုင်းလိုက်သည်။
ကိုယ့်ကိုယ်ကိုယ် သိပြီး ရန်သူကို သိလျှင် တိုက်ပွဲတိုင်းတွင် အနိုင်ရလိမ့်မည်။ သို့သော် တစ်ဖက်လူ၏ နက်နဲမှုကို မသိရှိဘဲ မည်သို့ ဆုပ်ကိုင်နိုင်မည်နည်း။
"နောက်တစ်ခုက နတ်လက်နက်တောင်ကြား မင်းတို့ရဲ့ သစ္စာရှိမှုကို ပြသရမယ့် အချိန်ပဲ..."
ချင်လော့က နတ်လက်နက်တောင်ကြားမှ သူတော်စင်များကို အေးစက်စွာ ကြည့်ရှုလိုက်၏။
လူများကို ဖိနှိပ်ရန်အတွက် သာမန်မဟုတ်သော နည်းလမ်းများဖြင့် ထိန်းချုပ်ရမည်ဖြစ်သည်။
ဖန်ရှင်းနှင့် ပတ်သက်၍မူ သူက ကူညီရန် ရောက်လာခြင်းဖြစ်ရာ ချင်လော့အနေဖြင့် တစ်ဖက်လူကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထိန်းချုပ်ရန် မလုံလောက်ချေ။
လက်ဆောင်များ ပေးသင့်သလို တစ်ချိန်တည်းမှာပင် ချင်လော့က ဖန်ရှင်းကို သူ၏ အဖွဲ့သို့ ဝင်ရောက်ရန်လည်း ကမ်းလှမ်းခဲ့သည်။
သူက သူ၏ ခွန်အားကို ပြသခဲ့ပြီးဖြစ်သလို သူ၏ ရည်မှန်းချက်များကိုလည်း ဖုံးကွယ်မထားခဲ့ချေ။ ဖန်ရှင်းက အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိရှိထားပေ၏။
ဖန်ရှင်းက ချင်လော့ကို ရင်ဆိုင်ကာ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"နဝမမင်းသား... ကျွန်တော် ဒီကိစ္စကို စဉ်းစားဖို့ လိုအပ်ပါသေးတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ မိသားစုတစ်ခု ရှိနေသေးတော့ သူတို့ရဲ့ အနာဂတ်ကို ကျွန်တော် စဉ်းစားဖို့ လိုတယ်လေ…”
သူက စစ်သူကြီး ကျန်းတိုတို့လို တစ်ကောင်ကြွက် မိသားစုများနှင့် မတူညီပေ။
သူ့တွင် အခြား ရွေးချယ်စရာများလည်း ရှိနေပြီး ဤမင်းသားများကြား အာဏာလုပွဲထဲသို့ စောစီးစွာ ဝင်ရောက်ခြင်းက အကျိုးအမြတ်များ ကြီးမားသော်လည်း အန္တရာယ်ကလည်း အလွန် မြင့်မားလှပေသည်။
သူက ချင်လော့ကို ကူညီပြီး တောင်တန်းတစ်သောင်းနယ်မြေအတွင်းရှိ ဂိုဏ်းများကို ရင်ဆိုင်ဖြေရှင်းပေးနိုင်ကာ ဝူယွမ်စစ်သူကြီးစံအိမ် အရေးအခင်းအတွက် နာမည်ကောင်းလည်း ရရှိနိုင်ပေသည်။
သို့သော် မင်းသားများ၏ အာဏာလုပွဲတွင် ပါဝင်ခြင်းက အခြားမင်းသားများနှင့် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရမည်ဖြစ်ပြီး သူ အလွယ်တကူ သေဆုံးသွားနိုင်ပေသည်။
"ကောင်းပါပြီ... စစ်ဖန်စစ်သူကြီး သေချာ စဉ်းစားကြည့်ပါဦး... ခင်ဗျားက သူတော်စင်အဆင့်မှာ ရပ်တန့်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီလို့ ကြားတယ်... ဒီရွေးချယ်မှုက အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်တာပဲ..."
ချင်လော့က သူ၏ ငါးမြှားစာကို ချန်ထားခဲ့ရန် တွန့်ဆုတ်မနေခဲ့ချေ။
ဖန်ရှင်း ထွက်သွားပြီးနောက် ချင်လော့သည် နတ်လက်နက်တောင်ကြားမှ ထိုသူတော်စင် သုံးပါးကို စတင် ထိန်းချုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရှီးဟွမ်၏ စစ်ဆေးမေးမြန်းမှုကလည်း ရလဒ်ထွက်ပေါ်လာခဲ့သည်။
"သူ ရှင်းပြတယ်... သူက သွေးသတ်ဖြတ်ရေးမျှော်စင်က လာတာတဲ့... တစ်ယောက်ယောက်က သွေးသတ်ဖြတ်ရေးမျှော်စင်မှာ လုပ်ငန်းစဉ်တစ်ခု တင်ထားလို့ မင်းကို သတ်ဖို့ လာခဲ့တာတဲ့..."
"ကျွတ် ကျွတ်... အရင်တုန်းက ငါက နတ်ဘုရားအသွင်ပြောင်းအဆင့်လေးပဲ ရှိသေးတာကို တစ်ယောက်ယောက်က မြင့်မြတ်သောလက်နက် နှစ်ခုတောင် အကုန်အကျခံပြီး ငါကို သတ်ခိုင်းခဲ့တာ... ငါက တကယ်ကို တန်ဖိုးရှိတာပဲ…”