← Chapters

အခန်း (၇၉)

Vol. 8 Ch. 79

အခန်း (၇၉)

Vol. 8 Ch. 79

အခန်း (၇၉) မိန်းကလေးများက ပွင့်လင်းကြသည်၊ ချင်လော့က မိန်းမလှကို မကယ်တင်ခဲ့ပါ

ချင်လော့သည် လူသားဧကရာဇ်အလံတော်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ထိုသူတော်စင်သည် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံထားရပြီး ဝိညာဉ်များ အကုန်ထုတ်ယူခံထားရကာ ဝိညာဉ်ပေါ်တွင် အကိုက်ခံထားရသော အရာများပင် ရှိနေပေ၏။

သေဆုံးခြင်းက အဆိုးရွားဆုံး ပြစ်ဒဏ်ဟု ထင်မှတ်ခဲ့သော်လည်း သေဆုံးပြီးနောက်တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုး ရှိနေမည်ကို မည်သူ သိနိုင်မည်နည်း။

"မင်းက သွေးသတ်ဖြတ်ရေးမျှော်စင်က လုပ်ကြံသတ်ဖြတ်သူ..."

ချင်လော့က မေးမြန်းလိုက်၏။

"ဟုတ်ပါတယ်... ကျွန်တော်က သွေးသတ်ဖြတ်ရေးမျှော်စင်က လုပ်ကြံသတ်ဖြတ်သူပါ... ကျွန်တော် ဝန်ခံပါတယ်..."

"မင်းတို့ရဲ့ သွေးသတ်ဖြတ်ရေးမျှော်စင်အကြောင်း ငါကို ပြောပြစမ်း..."

ချင်လော့သည် ဤသွေးသတ်ဖြတ်ရေးမျှော်စင်အကြောင်းကို သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိထားသကဲ့သို့ သူ၏ မှတ်ဉာဏ်ထဲတွင်လည်း သွေးသတ်ဖြတ်ရေးမျှော်စင်သည် လူသတ်အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းကိုသာ သိရှိထားပေသည်။

ဤသူ၏ ပါးစပ်မှတစ်ဆင့် ချင်လော့က များစွာ သိရှိသွားခဲ့သည်။

သွေးသတ်ဖြတ်ရေးမျှော်စင်သည် အလွန်ရှေးကျသော အမွေအနှစ် လူသတ်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့ကာ လွန်ခဲ့သော ဆယ်နှစ်ကျော်ကမှ ပြန်လည် နိုးထလာခဲ့ခြင်း ဖြစ်၏။

သူသည် သွေးသတ်ဖြတ်ရေးမျှော်စင်မှ ပြုစုပျိုးထောင်ထားသော သူတော်စင်အဆင့် လုပ်ကြံသတ်ဖြတ်သူများထဲမှ တစ်ဦး ဖြစ်သည်။

သူကဲ့သို့ လုပ်ကြံသတ်ဖြတ်သူမျိုးသည် သွေးသတ်ဖြတ်ရေးမျှော်စင်အတွင်း၌ ရွှေတံဆိပ်လူသတ်သမားဖြစ်ပြီး သူ၏အောက်တွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ် လုပ်ကြံသတ်ဖြတ်သူများ ရှိပေသည်။

သူ၏အထက်တွင် ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူများလည်း ရှိသေးသော်လည်း အရေအတွက်ကိုမူ မသိရချေ။

"သွေးသတ်ဖြတ်ရေးမျှော်စင်ရဲ့ နောက်ကွယ်က သခင်က ဘယ်သူလဲ... မင်း သူ့ကို မြင်ဖူးလား..."

ချင်လော့က မေးမြန်းလိုက်သည်။

ထိုသူက ခေါင်းခါယမ်းလိုက်၏။

"ကျွန်တော် မမြင်ဖူးပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ သွေးသတ်ဖြတ်ရေးမျှော်စင်ရဲ့ သခင်က လူတွေရဲ့ နှလုံးသားကို နားလည်နိုင်တဲ့ မျက်လုံးတစ်စုံ ရှိပြီး မင်းရဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာကို သူက မြင်နိုင်စွမ်းရှိတယ်လို့ တခြားသူတွေ ပြောတာကိုတော့ ကြားဖူးတယ်... အဲဒါက အရမ်း ကြောက်စရာကောင်းတယ်..."

"သွေးသတ်ဖြတ်ရေးမျှော်စင်မှာ လူတွေကို ထိန်းချုပ်တဲ့ နည်းလမ်းတွေလည်း ရှိသေးတယ်... သွေးသတ်ဖြတ်ရေးမျှော်စင်ကို သစ္စာဖောက်ရင် ကျွန်တော့်ရဲ့ ဝိညာဉ်က မကြာခင် ဖျက်ဆီးခံရလိမ့်မယ်..."

"ဖျက်ဆီးခံရမယ် ဟုတ်လား... ဟားဟား... ငါ့ရဲ့ လူသားဧကရာဇ်အလံ အတွင်းမှာတော့ မင်းတို့ သွေးသတ်ဖြတ်ရေးမျှော်စင်ရဲ့ နည်းလမ်းတွေက သက်ရောက်မှု မရှိနိုင်လောက်ဘူး..."

ထိုလုပ်ကြံသတ်ဖြတ်သူက တစ်စုံတစ်ယောက်သည် သွေးသတ်ဖြတ်ရေးမျှော်စင်၌ ချင်လော့အား သတ်ဖြတ်ရန် အမိန့်ပေးခဲ့ကြောင်းကိုသာ သိရှိထားပြီး မည်သူက အမိန့်ပေးခဲ့သည်ကိုမူ မသိရှိခဲ့ချေ။

သွေးသတ်ဖြတ်ရေးမျှော်စင်၏ စစ်မှန်သော ခွန်အားနှင့် ပတ်သက်၍ ဤလျှို့ဝှက်ဆန်းကြယ်သော လူသတ်အဖွဲ့အစည်းတွင် သူတော်စင်ဘုရင်အဆင့်များစွာ မရှိသကဲ့သို့ သူတော်စင်အဆင့် အစွမ်းထက်သူများလည်း ရှိသော်လည်း အများအပြား မရှိကြောင်းကို သူ ခန့်မှန်းသိရှိထားပေသည်။

မဟာသူတော်စင် ရှိမရှိ ဆိုသည်ကိုမူ သူ သေချာပေါက် မသိရှိချေ။

"သွေးသတ်ဖြတ်ရေးမျှော်စင် ဟုတ်လား... ဟဟား... ငါ့ကို လုပ်ကြံရဲမှတော့ မင်းတို့ကို ဒုက္ခပေးတာကို အပြစ်မတင်နဲ့တော့..."

"ရှီးဟွမ်... သူ့ကို သူ့နေရာ သူပြန်သွားခိုင်းလိုက်... ပြီးရင် မိန်းမလှလေး အလှည့်ရောက်ပြီ..."

ချင်လော့၏ အကြည့်က လင်းယွဲ့အပေါ်သို့ ချက်ချင်း ကျရောက်သွားရာ လင်းယွဲ့မှာ အလွန်အမင်း တုန်လှုပ်သွားခဲ့၏။

"နင် ငါ့ကို ဘာလုပ်ရဲလို့လဲ... နင်က ဘာကောင်မို့လို့လဲ... ငါက နောင်တဓားချောက်ကမ်းပါးရဲ့ တပည့်ပဲ... နင် ငါ့ကို တစ်ခုခု လုပ်ရဲရင် ငါ့ရဲ့ ဆရာက နင့်ကို လွှတ်ပေးမှာ မဟုတ်ဘူး..."

"အဲ့ဒီလောက်ကြီး စိတ်မပူပါနဲ့... မင်းရဲ့ ဆရာက ငါ့ကို အလွတ်ပေးမလား မပေးဘူးလားဆိုတာ ငါ မသိပေမဲ့ မင်းကိုတော့ ငါ သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး ဆိုတာကိုတော့ ငါ သိတယ်..."

"မင်း ပူးပေါင်းဆောင်ရွက်တာ အကောင်းဆုံးပဲ... မဟုတ်ရင်တော့..."

"မမ မမ..."

"မမရဲ့ အသားနဲ့ သွေးက အရမ်း အရသာရှိမှာ သေချာတယ်..."

"သူမကို စား... သူမကို စားလိုက်..."

"လာပြီး ငါ့ကို အဖော်လုပ်ပေးပါ... ငါ အရမ်း ဟာလာဟင်းလင်း ဖြစ်နေတယ်... ငါ အရမ်း အထီးကျန်နေတာပဲ.."

အေးစက်သော အသံများက လင်းယွဲ့၏ နားထဲတွင် ဆက်တိုက် ပဲ့တင်ထပ်လာခဲ့ပြီး သူမသည် မိစ္ဆာနတ်ဆိုးဂူတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။

ချင်လော့ ထွက်လာပြီးနောက် ရှန်ဝမ်နင်က နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သော်လည်း သူမသည် အနည်းငယ် တွန့်ဆုတ်နေဆဲပင်။

“သူတော်စင်မလေး… ကျွန်မတို့ အပြင်ထွက်လာတာ ကြာနေပြီဖြစ်လို့ အမွေအနှစ် လက်ခံရယူမယ့်ကိစ္စကို နှောင့်နှေးစေခဲ့ပါတယ်…

မြင့်မြတ်သခင်ကလည်း ပြန်လာဖို့ တင်းကြပ်စွာ အမိန့်ပေးထားပါတယ်…”

ယန်ရှန်းက ဘေးမှနေ၍ သတိပေးလိုက်၏။

"ကောင်းပါပြီ... အကြီးအကဲယန်..."

ရှန်ဝမ်နင်က တွန့်ဆုတ်စွာဖြင့် နှုတ်ဆက်လိုက်သည်။

"စီနီယာအစ်ကို... ညီမ ပြန်သွားပြီး သေချာ ကျင့်ကြံပါ့မယ်... သူတို့က ညီမရဲ့ ပါရမီက အံ့မခန်းပဲလို့ ပြောကြတယ်... ညီမ ကျင့်ကြံတာ အောင်မြင်တဲ့အထိ စောင့်နေပါ... ညီမ ထွက်လာပြီး အစ်ကို့ကို ကူညီမယ်... အစ်ကို မဟာချင်အင်ပါယာရဲ့ ချင်ဧကရာဇ် ဖြစ်လာဖို့ ညီမ ကူညီပေးမယ်..."

"စီနီယာအစ်ကို... အစ်ကို ညီမကို သေချာပေါက် စောင့်နေရမယ်နော်..."

‘ကောင်းလိုက်လေ…’ ဤကောင်မလေးက အလွန် ရည်မှန်းချက် ကြီးမားလှပေသည်။

အခြားသူများအားလုံးက ချင်လော့အား အိမ်ရှေ့မင်းသား နေရာအတွက် ယှဉ်ပြိုင်ရန် တွေးနေကြသော်လည်း သူမက ပါးစပ်ဟလိုက်သည်နှင့် လက်ရှိ ချင်ဧကရာဇ်ကို ဖြုတ်ချချင်နေခဲ့ပေ၏။

"ကောင်းပြီ... မင်း သေချာ ကျင့်ကြံပါ... အစ်ကို အားတဲ့အခါ မင်းဆီ လာလည်ပါ့မယ်..."

ရှန်ဝမ်နင်သည် ယန်ရှန်းနှင့်အတူ မြူခိုးမြင့်မြတ်နယ်မြေသို့ ထွက်ခွာသွားခဲ့ပြီး လမ်းခုလတ်တွင် ယန်ရှန်းက သတိပေးလိုက်သည်။

"မြူခိုးမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မလေး တစ်ယောက်အနေနဲ့ မဟာချင်အင်ပါယာရဲ့ မင်းသားနဲ့ နီးနီးကပ်ကပ် အသွားအလာ မလုပ်ဖို့ အကြံပေးချင်တယ်..."

"အကြီးအကဲယန်... ရှင်က ကျွန်မနဲ့ စီနီယာအစ်ကိုကြားကို ခွဲခြားချင်နေတာလား..."

ရှန်ဝမ်နင်က လေသံမာမာဖြင့် မေးမြန်းလိုက်၏။

"ကျွန်မနဲ့ စီနီယာအစ်ကိုက အတူတူ ကြီးပြင်းလာခဲ့ကြတာ... အဖေ သေဆုံးသွားပြီးတဲ့နောက်မှာ သူက ကျွန်မရဲ့ အရင်းနှီးဆုံး ဆွေမျိုးပဲ... တခြား ဘယ်သူမှ မရှိဘူး... တကယ်လို့ မြူခိုးမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မလေး တစ်ယောက်အနေနဲ့ မဟာချင်အင်ပါယာရဲ့ မင်းသားနဲ့ အသွားအလာ လုပ်လို့မရဘူး ဆိုရင်လည်း... ဒီသူတော်စင်မလေး နေရာကို ကျွန်မ မလိုချင်တော့ဘူး..."

ဤစကားကြောင့် ယန်ရှန်း၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားပြီး သူမ၏ မျက်လုံးများတွင် စိတ်အနှောင့်အယှက်ဖြစ်မှု တစ်ရပ် ဖြတ်ပြေးသွားခဲ့သော်လည်း ရှန်ဝမ်နင်၏ မျက်လုံးများထဲရှိ ပြတ်သားမှုကို သူမ မြင်တွေ့လိုက်ရသည်။

သူမက လေသံကို အနည်းငယ် လျှော့ချကာ ပြောဆိုလိုက်၏။

"မဟာချင်အင်ပါယာရဲ့ ကိစ္စတွေက အရမ်း ရှုပ်ထွေးလွန်းတယ်... သူတို့ မင်းသားတွေကြားက အာဏာလုပွဲတွေကလည်း အရမ်း ရက်စက်လွန်းတယ်... ငါ အရာအားလုံး လုပ်နေတာက သူတော်စင်မလေး အတွက်ပါပဲ..."

"ကျေးဇူးတင်ပါတယ် အကြီးအကဲယန်... ကျွန်မမှာ ကိုယ်ပိုင် ဆင်ခြင်တုံတရား ရှိပါတယ်..."

ရှန်ဝမ်နင်၏ လေသံတွင် ခပ်ခွာခွာနေလိုသော အရိပ်အယောင်တစ်ခု ပါဝင်နေပေသည်။

ယန်ရှန်း၏ မျက်လုံးများထဲရှိ အေးစက်စက် အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး ပြန်ရောက်ပါက ရှန်ဝမ်နင်၏ ကိစ္စကို မြင့်မြတ်သခင် ထံ တင်ပြရန် ဆုံးဖြတ်လိုက်သည်။

မြူခိုးမြင့်မြတ်နယ်မြေမှ ပြုစုပျိုးထောင်ထားသော သူတော်စင်မလေးသည် မဟာချင်အင်ပါယာ၏ မင်းသားအား အမျိုးသမီးတစ်ဦးအဖြစ် ပေးအပ်ရန် မဟုတ်ချေ။

ဤကဲ့သို့ အရှုံးပေါ်သော အရောင်းအဝယ်မျိုးကို လုပ်ဆောင်၍ မရနိုင်ပေ။

"သွားကြစို့... အရင်ဆုံး တန်ဆေးဂိုဏ်းကို သွားမယ်... ပြီးရင် ဓားတစ်သောင်းစံအိမ်ကို သွားမယ်... နောက်ဆုံးကျမှ ထိုက်ရွှီမြင့်မြတ်နယ်မြေကို သွားမယ်... သုံးရက်အချိန်က မလုံလောက်စရာ မရှိပါဘူး..."

လမ်းတစ်လျှောက်တွင် စစ်ပွဲမှ ရရှိသော ပစ္စည်းများကို စုဆောင်းခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို သေဒဏ်ပေးပြီးဖြစ်သော်လည်း သူတို့၏ ပိုင်ဆိုင်မှုများကိုမူ သိမ်းဆည်းရန် လိုအပ်နေသေးပေ၏။

နတ်လက်နက်တောင်ကြားမှ ထွက်လာပြီး မကြာမီမှာပင် ချင်လော့သည် အလွန် စိတ်ဝင်စားစရာကောင်းသော ကိစ္စတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

"ကယ်ပါ... ကျွန်မကို ကယ်ပါဦး..."

နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦးသည် ထိတ်လန့်တကြားဖြင့် ချင်လော့တို့ ရှိရာဘက်သို့ ပြေးလာခဲ့သည်။

သူမသည် ပေါ့ပါးသော ပိုးသားပါးကို ဝတ်ဆင်ထားပြီး သူမ၏ စကတ်က ယိမ်းနွဲ့နေကာ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရှိနေသေးပြီး သူမ၏ လျှို့ဝှက်ဆွဲဆောင်မှုများ အနည်းငယ် ပေါ်လွင်နေခဲ့ပေ၏။

သူမက ချင်လော့ ပေါ်လာသည်ကို မြင်ချိန်၌ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခုနှင့်အတူ တောင်းပန်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"သခင်လေး... ကျွန်မကို ကယ်ပါ... ကယ်ပါဦး..."

ထိုမျက်နှာလေး ချင်လော့၏ မျက်လုံးထဲသို့ ဝင်ရောက်လာချိန်၌ အပြစ်အနာအဆာကင်းစင်နေပြီး အထူးသဖြင့် အမျိုးသမီး၏ မျက်လုံးများက ကြယ်များကဲ့သို့ နက်ရှိုင်းကာ ပိုးသားကဲ့သို့ ဆွဲဆောင်မှုရှိပြီး ညှို့ငင်နိုင်စွမ်း ရှိပေသည်။

ချင်လော့ပင်လျှင် တစ်ခဏမျှ မိန်းမောသွားခဲ့လေ၏။

"မွေးရာပါ ဆွဲဆောင်မှုခန္ဓာပဲ..."

စုချန်ချန်က ချင်လော့ကို ပြောဆိုလိုက်သည်။

မွေးရာပါ ဆွဲဆောင်မှုရှိသူများ အားလုံးသည် လှပသော အမျိုးသမီးများ ဖြစ်ကြပြီး သူတို့၏ မျက်မှောင်ကြုတ်ခြင်း၊ အပြုံး၊ စကားလုံးများ၊ အပြုအမူများနှင့် လုပ်ရပ်များ အားလုံးက ဆွဲဆောင်မှုရှိသော အမူအရာကို ထုတ်လွှတ်နေပေ၏။

"သခင်လေး... သခင်လေး... ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး..."

ချင်လော့ဆီသို့ အလျင်အမြန် ပြေးလာရင်း သူမ၏ အရိုးထဲမှ စိမ့်ထွက်နေသော ညှို့ငင်မှုများက ချင်လော့ကို နှစ်ခါပြန်၍ မကြည့်ဘဲ မနေနိုင်အောင် ဖြစ်စေခဲ့သည်။

ဤအမျိုးသမီးသည် အကောင်းဆုံးပင်။ သူမကို သိမ်းပိုက်လိုက်ပါက ဘုရင်သည် နံနက်ခင်း ညီလာခံသို့ သွားရောက်တော့မည် မဟုတ်ချေ။

ကံမကောင်းစွာဖြင့် ချင်လော့မှာ ကံကြမ္မာသားတော် မဟုတ်သဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးလာသော ဤကဲ့သို့ ကောင်းမွန်သည့်အရာမျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ဘဲ တစ်ခုခု မှားယွင်းနေချိန်တွင် မကောင်းဆိုးဝါးတစ်ကောင် ရှိနေလိမ့်မည်ဟု သူ ခံစားလိုက်ရပေသည်။

အမျိုးသမီး၏ နောက်တွင် အမျိုးသား အနည်းငယ် ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာဖြင့် အမျိုးသမီးကို လိုက်လံ ဖမ်းဆီးနေကြ၏။

"ပြေးလေ... မင်း ထပ်ပြေးကြည့်စမ်း... ဒီနေ့တော့ မင်းကို ဖမ်း‌ခေါ်ရမယ်..."

"ကောင်လေး... ဖယ်နေစမ်း... မဟုတ်ရင် မင်းပါ အတူတူ ခံရလိမ့်မယ်..."

အမျိုးသမီးက ချင်လော့ကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်ရာ ချင်လော့၏ နှလုံးသားထဲတွင် ကာကွယ်ပေးလိုစိတ် အနည်းငယ် အမှန်တကယ်ပင် ပေါ်ပေါက်လာခဲ့၏။

ချင်လော့၏ နှလုံးသားသည် အလွန် ရိုးသားသော်လည်း သူက လှည့်ကွက်ကို လက်မခံခဲ့ချေ။

သူက ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။

"ငါတို့က လမ်းကြုံရုံလေးပါ... ကျေးဇူးပြုပြီး ဆက်လုပ်ကြပါ..."

ချင်လော့၏ စကားကြောင့် အမျိုးသမီးမှာ နေရာမှာပင် ရပ်တန့်သွားလုနီးပါး ဖြစ်သွားခဲ့သည်။

သူက မိန်းမလှကို ကယ်တင်မယ့် သူရဲကောင်း မဟုတ်ဘူးလား။

နောက်ထပ် စကားတစ်ခွန်းက အမျိုးသမီးများ၏ အမြင်ကို ချိုးဖဲ့လိုက်သည်။

"မင်းတို့ စိတ်မဆိုးဘူး ဆိုရင် ငါလည်း ဘေးကနေ ထိုင်ကြည့်နေမယ်လေ... ဘယ်လိုလဲ..."

All Chapters