အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း။ ၁၆၁
"မသေမျိုးဂိုဏ်းကလူ နောက်တစ်ယောက် ဖြစ်ပြန်ပြီဟေ့..."
"ယွမ်ရှန်းရဲ့ စိန်ခေါ်မှုကို ပထမဆုံး လက်ခံဝံ့တဲ့ ဒီယွမ်လျောင်ဆိုတာက ဘယ်သူလဲဗျ"
"သူ့ပုံစံက အသက် နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိသေးတာ ဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံးကို ရောက်နေရတာလဲ"
"ဒီကောင်က စောစောက အသက် ၁၅ နှစ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနစ်ကို ရောက်နေတဲ့ကောင်ထက်တောင် ပိုပြီးတော့ မိစ္ဆာဆန်နေတာလား"
လာရောက်ကြည့်ရှုသူများနှင့် ဂိုဏ်းတပည့်များ၏ ဝေဖန်ဆွေးနွေးသံများကြားတွင် တာဝန်ခံလုံသည် ယခုတစ်ကြိမ်၌ ပါးနပ်စွာဖြင့် ယွမ်လျောင်ကို သေချာစွာ အကဲခတ်၍ ကြည့်ရှုလိုက်သည်။
သူ သေချာ အနီးကပ်ကြည့်လိုက်သည့် ခဏ၌ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့သည်။
ပွဲကြည့်စင်ပေါ်မှ အကြည့်ပေါင်းများစွာအောက်တွင် တာဝန်ခံလုံက စကားပြောလာခဲ့သည်။
"နောက်ထပ်... စင်ကြယ်သော ခန္ဓာကိုယ်တစ်ခု ဖြစ်နေပြန်ပြီ"
"ဘာ..."
လုံအော့သည် နေရာမှ ဆတ်ခနဲ ထရပ်လိုက်မိသည်။
ထို့နောက်တွင် သူသည် ထိုချောမောခန့်ညားလှသော ယွမ်လျောင်ကို မယုံကြည်နိုင်လောက်အောင် မှင်တက်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။
စင်ကြယ်သော ခန္ဓာကိုယ်ဆိုတာက အခုအချိန်မှာ ဒီလောက်တောင် ပေါပေါလောလော ဖြစ်သွားရတာလား။
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ ရှိနေတဲ့လူတိုင်းက ဒါကို ပိုင်ဆိုင်နိုင်နေကြတာလား။
ရှန်လုံက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဝမ်ပင်းဘက်သို့ လှည့်ကာ "ဂိုဏ်းချုပ်ဝမ်... မင်းက ဒီနေ့ ငါတို့ရဲ့ အမြင်တွေကို တကယ်ပဲ ဖွင့်ပေးလိုက်တာပဲဗျာ။ ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရင်တောင်မှ ငါတို့ရဲ့ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကတော့ မင်းတို့ဂိုဏ်းနဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ အဆင်သင့်ပါပဲ" ဟု ပြောလိုက်သည်။
"ခန်းမခေါင်းဆောင်ရှန်... ခင်ဗျား ကျွန်တော့်ကို မြှောက်ပြောနေပြန်ပါပြီ။ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စကိုတော့... နောက်မှပဲ ဆွေးနွေးကြတာပေါ့"
ဝမ်ပင်းက ယဉ်ကျေးစွာဖြင့် ပြန်လည်ဖြေကြားလိုက်ပြီး စိတ်ထဲမှနေ၍ “ခင်ဗျားက အခုကတည်းက ဆက်ဆံရေးကောင်းတွေ တည်ဆောက်ချင်နေပြီပေါ့လေ... အကယ်လို့ နက်နဲသောအဆင့်ငါးယောက် သေဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရရင်ကော ခင်ဗျား ဒီလောက်အထိ ယဉ်ကျေးပျူငှာနေနိုင်ဦးမလားဆိုတာ ငါ တကယ်သိချင်မိတယ်” ဟု တွေးတောလိုက်သည်။
ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ဝမ်ပင်းသည် သူ၏ဘေးနားရှိ လုကျန်းယီကို တစ်ချက် လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ... ဂိုဏ်းချုပ်လု"
"ကျွန်တော် အချိန်ခဏလောက် လိုအပ်တယ်ဗျာ"
လုကျန်းယီသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ရုတ်တရက် မေးလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... မင်းရဲ့ ဒီတပည့်ကကော မွေးရာပါ စင်ကြယ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလားဗျ"
မွေးရာပါ စင်ကြယ်သော ခန္ဓာကိုယ်ဆိုသည်မှာ ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။
ယခင်က မည်သူတစ်ဦးမျှ မမြင်ဖူးခဲ့ကြချေ။
ရုတ်တရက် တစ်ယောက်ကို မြင်တွေ့လိုက်ရခြင်းကပင် အလွန်အမင်း အံ့အားသင့်စရာကောင်းလှသော ဖြစ်ရပ်တစ်ခု ဖြစ်နေခဲ့ပြီဖြစ်ရာ ယခုအခါ နောက်ထပ်တစ်ယောက်ကို ထပ်မံမြင်တွေ့လိုက်ရသဖြင့် သူသည် တစ်စုံတစ်ခုကို မယုံကြည်ရဲသကဲ့သို့ ဖြစ်နေခဲ့သည်။
"အင်း... ယွမ်ရှန်း စင်ပေါ်က ဆင်းသွားတဲ့အခါကျမှပဲ ခင်ဗျားကို ကျွန်တော် ပြောပြတော့မယ်"
ဝမ်ပင်း၏ စကားကို ကြားရသောအခါ သူ၏ဘေးနားရှိ ပိုင်ဖုန်း၏ မျက်ခုံးများမှာ တွန့်ချိုးသွားခဲ့ရပြီး ထို့နောက်တွင် သူသည် နေရာမှ ထရပ်လိုက်ကာ အေးစက်စွာဖြင့် "စင်ကြယ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံနဲ့... တကယ့်ကို အထင်ကြီးစရာကောင်းလှပြီလို့ ထင်နေတာလား" ဟု ပြောလိုက်သည်။
ထိုစကားလုံးများ ကျဆင်းသွားသည်နှင့်အမျှ စင်မြင့်ထက်ရှိ ယွမ်ရှန်းကလည်း စကားပြောလာခဲ့သည်။
"မထင်မှတ်ဘဲ... အစကတည်းက မင်းလို ပြိုင်ဘက်မျိုးနဲ့ ဆုံရလိမ့်မယ်လို့ မတွေးထားခဲ့ဘူး"
ထိုသို့ပြောရင်း သူ၏လက်ထဲရှိ တုတ်ကောက်ရှည်ကြီးမှာ အကြိမ်အနည်းငယ်မျှ လည်ပတ်သွားခဲ့ပြီးနောက် စင်မြင့်ထက်သို့ ပြင်းထန်စွာဖြင့် တစ်ချက် ထောက်လိုက်တော့သည်။
ရှူး...
ပြာလီလီအရောင် ရှိသော ချီများမှာ ထိုတုတ်ကောက်ရှည်ကြီးပေါ်သို့ ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့သည်။
သူသည် တုတ်ကောက်ဖြင့် မြေပြင်ကို ထပ်မံ၍ ထောက်လိုက်သည့်အချိန်၌ စင်မြင့်ထက်ရှိ ကြွေပြားများပေါ်တွင် သာမန်မျက်စိဖြင့် ထင်ထင်ရှားရှား မြင်တွေ့နိုင်လောက်သော ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့တော့သည်။
ပေါက်ကွဲစေတတ်သော တုတ်ကောက်သိုင်းကို မြင်တွေ့ရသောအခါ ပွဲကြည့်စင်ပေါ်ရှိ နက်နဲသောအဆင့် ကျင့်ကြံသူအများအပြားမှာ မနေနိုင်ဘဲ တီးတိုးရေရွတ်မိကြတော့သည်။
"အဆင့်တူချင်း ယှဉ်ပြိုင်တဲ့ ပွဲပဲဟေ့"
"ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာတင်... သွေးကြောသိုင်းကွက်ကို အသေးစားအောင်မြင်မှုအဆင့်အထိ ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ခဲ့တာ။ သူက ထူးခြားဆန်းပြားတဲ့ သွေးကြောပါရမီရှင်တွေရဲ့အောက်မှာ မတ်မတ်ရပ်တည်နိုင်ပြီး အရှေ့အိုင်ရဲ့ ဒုတိယမြောက် အသန်မာဆုံးသူ ဖြစ်လာတာ မဆန်းပါဘူး"
"စင်ကြယ်သော ခန္ဓာကိုယ်နဲ့ အသေးစားအောင်မြင်မှု သွေးကြောသိုင်းကွက်တို့ ထိပ်တိုက်တွေ့တာဆိုတော့... ဒီပွဲက တကယ်ကို ကြည့်လို့ကောင်းမှာပဲ"
"ငါတို့က ထိပ်သီးပါရမီရှင်ဆယ်ပါး နေရာအတွက် ပြိုင်ပွဲကို ကြိုတင်ပြီး ကြည့်နေရသလိုပဲ"
လူတိုင်းက ရယ်မောလိုက်ကြပြီး သူတို့၏ အာရုံစိုက်မှုအားလုံးကို လက်ဝှေ့ကြိုးဝိုင်းဆီသို့ ပို့ဆောင်လိုက်ကြသည်။
ထိုအချိန်တွင် ယွမ်လျောင်ကမူ မည်သည့်အရာကိုမျှ ပြုလုပ်ခြင်း မရှိသေးချေ။
သူ၏လက်များက မန္တန်အမှတ်အသားများကို စတင်ပုံဖော်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ လေထုမှာ အလွန်အမင်း ပူပြင်းလာခဲ့သည်။
ဆယ်ပေခန့် ရှည်လျားလှသော မီးမြွေကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။
ရှူး... ရှူး...
၎င်းမှာ တကယ့်မြွေအစစ်တစ်ကောင်က သူ၏လျှာကို ထုတ်ပြနေသကဲ့သို့ပင်။
ထို့နောက်တွင် ထိုမီးမြွေကြီးသည် အဝေးတွင် ရပ်နေသော ယွမ်ရှန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
ယွမ်ရှန်းက ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း မီးမြွေကြီး၏ အရှိန်အဟုန်က သူ့ထက် ပို၍ လျင်မြန်နေခဲ့သည်။
သူသည် လွတ်မြောက်အောင် မရှောင်တိမ်းနိုင်တော့သဖြင့် သူ၏တုတ်ကောက်ရှည်ကြီးကို မနားတမ်း လွှဲယမ်းလျက် ထိုမီးမြွေကြီးကို လူစုခွဲပစ်ရန် ကြိုးစားနေခဲ့ရသည်။
ပတ်ဝန်းကျင်ရှိ ကြွေပြားများမှာ တစ်ခုပြီးတစ်ခု တစစီ ကြေမွပျက်စီးသွားခဲ့ပြီး စင်မြင့်တစ်ခုလုံး ရှုပ်ပွ၍ ပျက်စီးသွားခဲ့သော်လည်း သူ၏ ပြန်လည်ခုခံမှုမှာ အသုံးမဝင်ခဲ့ချေ။
နောက်တစ်စက္ကန့်တွင် မီးမြွေကြီးက သူ့ကို တိုက်ရိုက် မြိုချလိုက်တော့သည်။
ဂျန်း...
ကြေးမောင်းသံ ထွက်ပေါ်လာခဲ့သည်။
"မသေမျိုးဂိုဏ်းက ယွမ်လျောင် အနိုင်ရရှိပါတယ်"
လုကျန်းယီသည် စင်အောက်တွင် လဲကျနေပြီး အဝတ်အစားများ အကုန်လုံး လောင်ကျွမ်းကာ ခန္ဓာကိုယ်တစ်ခုလုံး မည်းတူးနေသော ယွမ်ရှန်းကို ကြည့်ရင်း အချိန်အတော်ကြာသည်အထိ စကားလုံး ပျောက်ဆုံးသွားခဲ့ရသည်။
အတိအကျပြောရရင် သူတစ်ယောက်တည်း မဟုတ်ချေ။
ထိုအချိန်တွင် လူတိုင်းမှာ ဆွံ့အမှင်တက်နေခဲ့ကြသည်။
ဒါက အရမ်း မြန်လွန်းမနေဘူးလား။
သူတို့က အဆင့်တူချင်း အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်လူတွေ မဟုတ်ဘူးလား။
ဒီမီးမြွေကြီးက အတိအကျပြောရရင် ဘာကြီးလဲဗျာ။
လူတိုင်းက ထိတ်လန့်တုန်လှုပ်နေကြသော်လည်း လူတစ်ဦးကမူ ထိုအံ့အားသင့်နေသော လူအုပ်ကြီးအတွင်း၌ ပါဝင်ရန် စိတ်ဝင်စားမှု မရှိခဲ့ချေ။
ပိုင်ဖုန်းသည် စင်ပေါ်သို့ အလျင်အမြန် ပြေးတက်သွားပြီး သူ၏အဝတ်အစားများကို ချွတ်ကာ ယွမ်ရှန်း၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးလိုက်ပြီးနောက် သူ၏ အသက်ရှူနှုန်းကို အမြန်စစ်ဆေးလိုက်သည်။
ယွမ်ရှန်းတွင် အသက်ရှင်ရန် အခွင့်အလမ်း ရှိနေသေးသည်ကို မြင်ရသောအခါမှသာ ဆေးလုံးပုလင်းတစ်ခုကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး သူ၏ပါးစပ်အတွင်းသို့ ခွံ့ကျွေးလိုက်တော့သည်။
"မင်းတို့က ဘာကို စောင့်နေကြတာလဲ သူ့ကို အမြန် လာမကြစမ်း"
"အော်... ဟုတ်ကဲ့"
ပတ်ဝန်းကျင်ရှိ လူများသည် ယွမ်ရှန်းကို အလျင်အမြန်ပင် ပွေ့ချီ၍ အောက်သို့ ဆင်းသွားကြသည်။
ထိုအချိန်တွင် စင်မြင့်ထက်ရှိ ယွမ်လျောင်၏ စကားသံကို ကြားလိုက်ကြရသည်။
"အခြား စိန်ခေါ်မယ့်သူ ရှိသေးလား"
စင်မြင့်၏ အစွန်းတွင်ရှိသော မည်သူတစ်ဦးမျှ လှုပ်ရှားဝံ့ခြင်း မရှိကြချေ။
ကျန်ရှိနေသော ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံးရှိသူ နှစ်ဦးမှာ ချွေးစေးများ တဖြန်းဖြန်း ထွက်လာခဲ့ကြပြီး အသိစိတ်၏ စေခိုင်းမှုအရ စင်အောက်သို့ ခြေလှမ်းများဖြင့် ဆုတ်ခွာသွားခဲ့ကြတော့သည်။
"ပျင်းစရာကြီးပဲ"
ဝမ်ပင်းက ထိုအချိန်တွင် ခေါင်းခါလိုက်ပြီး ပွဲကြည့်စင်ပေါ်မှ ထရပ်လိုက်သည်။
"ဟဟ... သွားကြစို့"
ထိုသို့ပြောပြီးနောက် သူသည် တောင်ပေါ်ခွေးကို ဦးဆောင်လျက် ရယ်မောရင်း ပွဲကြည့်စင်အောက်သို့ ဆင်းသက်သွားခဲ့တော့ရာ သူ၏အနောက်ဘက်ရှိ ကြယ်နှစ်ပွင့်အဆင့်ရှိသော ဂိုဏ်းများမှ လူများက သူ့ကို ထူးဆန်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်ကိုမူ သတိမထားမိခဲ့ချေ။
သူတို့သည် ၎င်းက ထူးခြားဆန်းပြားသော သွေးကြောသိုင်းကွက်တစ်ခု ဖြစ်နိုင်ခြေကို စဉ်းစားနေခဲ့ကြသည်။
သို့သော်လည်း သူတို့သည် ယွမ်လျောင်၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ထူးခြားဆန်းပြားသော သွေးကြောကိုမျှ အာရုံမခံနိုင်ခဲ့ကြချေ။
ထို့အပြင် ထူးခြားဆန်းပြားသော သွေးကြောသိုင်းကွက်တစ်ခုကို ထုတ်ဖော်ရန်အတွက် သွေးကြောတံခါးတစ်ခု လိုအပ်သည်ဖြစ်ရာ ၎င်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံးတွင် လေ့ကျင့်နိုင်မည့် သာမန် သွေးကြောသိုင်းကွက်တစ်ခု မဟုတ်သည်မှာ ဧကန်မုချပင်။
ဝမ်ပင်း ပွဲကြည့်စင်မှ ထွက်ခွာသွားခဲ့ပြီးနောက် နောက်ထပ် လက်ဝှေ့ကြိုးဝိုင်းတစ်ခု၏ ပွဲစဉ်က စတင်ခဲ့သည်။
သို့သော်လည်း လက်ဝှေ့ကြိုးဝိုင်းမှာ ပျက်စီးသွားခဲ့ပြီဖြစ်သောကြောင့် လူတိုင်းက နေရာပြောင်းလဲခဲ့ကြရသည်။ သို့သော် အခြားဂိုဏ်းများ၏ ပွဲစဉ်များကို စောင့်ကြည့်ရာတွင်မူ မည်သူတစ်ဦးမျှ စိတ်ဝင်စားမှု အနည်းငယ်မျှပင် မရှိကြတော့ချေ။
သူတို့၏ စိတ်ထဲတွင် မသေမျိုးဂိုဏ်း၏ တပည့်များအကြောင်းကိုသာ ထပ်တလဲလဲ ပြန်လည်တွေးတောနေမိကြတော့သည်။
ထိုအချိန်မှာပင် ယွမ်ရှန်းတစ်ယောက် ထိပ်သီးပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် အရည်အချင်းပင် ဆုံးရှုံးသွားခဲ့ရပြီဟူသော သတင်းမှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီး အမျိုးမျိုးသော ကြယ်နှစ်ပွင့်ဂိုဏ်းများနှင့် ကြယ်တစ်ပွင့်ဂိုဏ်းများစွာတို့က သိရှိသွားခဲ့ကြသည်။
ယွမ်ရှန်းကို မြင်ဖူးသူ နည်းပါးလှသော်လည်း သူ၏နာမည်မှာမူ ကျော်ကြားသည်။ အဆင့်တစ်ဆယ့်သုံးနယ်ပယ်၌ ထိပ်သီးပါရမီရှင်ဆယ်ပါး နေရာတစ်ခုကို အသေအချာ ရယူနိုင်စွမ်းရှိသူတစ်ဦးမှာ ထိပ်သီးပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် အခွင့်အရေးပင် မရရှိခဲ့ချေ။
ထို့ကြောင့်ပင် ပထမဆုံးနေ့၏ စင်မြင့်ထက် တိုက်ပွဲများမှာ ပြီးဆုံးသွားခဲ့ရတော့သည်။
ချီဟွာဂိုဏ်း၏ လူများမှာမူ ယခုအချိန်တွင် ပျော်ရွှင်မှုပင်လယ်ပြင်ကြီးအတွင်း၌ နစ်မြုပ်နေခဲ့ကြသည်။
တစ်ဖက်တွင်မူ ပထမဆုံးနေ့၏ စင်မြင့်ထက်တိုက်ပွဲများ ပြီးဆုံးသွားခဲ့ပြီးနောက် ဝမ်ပင်းသည် လုမီရှိနေသော ဆေးပေးခန်းသို့ ရောက်ရှိလာခဲ့ပြီး ကုတင်ပေါ်တွင် မလှုပ်မယှက်ဘဲ လဲလျောင်းနေသော လုမီကို မြင်တွေ့လိုက်ရသည်။
သို့သော်လည်း လုကျန်းယီကမူ ထိုမီးမြွေသိုင်းကွက်အပေါ်တွင် ပို၍ စိတ်ဝင်စားနေပုံပင်။ သူ၏သားဖြစ်သူ၏ ကုတင်ရှေ့တွင် ထိုင်နေရင်း "ဂိုဏ်းချုပ်ဝမ်... လူငယ်လေးယွမ် ထုတ်သုံးခဲ့တဲ့ ဒီမီးမြွေက အတိအကျပြောရရင် ဘာလဲဗျာ" ဟု မေးလိုက်သည်။
"သိချင်လို့လား"
ဝမ်ပင်းက ပြုံးလိုက်သည်။
"ဒါပေါ့... ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နဲ့တင် ထူးခြားဆန်းပြားတဲ့ သွေးကြောသိုင်းကွက်နဲ့ ဆင်တူတဲ့ အရာမျိုးကို ထုတ်ဖော်နိုင်တာဆိုတော့ ဘယ်လိုလုပ်ပြီး စူးစမ်းလိုစိတ် မရှိဘဲ နေနိုင်မှာလဲဗျ။ ဒါကို ဂိုဏ်းချုပ်ဝမ်ကိုယ်တိုင် သင်ကြားပေးခဲ့တာလား"
လုကျန်းယီသည် အခြားဂိုဏ်းတစ်ခု၏ လျှို့ဝှက်ချက်များကို ပေါ့ပေါ့ဆဆ စုံစမ်းမေးမြန်းခြင်းက မလျော်ကန်မှန်း သိသော်လည်း ဤကဲ့သို့သော မီးလျှံသိုင်းကွက်များမှာ မသေမျိုးဂိုဏ်းအတွင်းရှိ အပြင်လူအား မမျှဝေသော လျှို့ဝှက်ချက်များ ဖြစ်ရမည်ဖြစ်ရာ သူက မနေနိုင်ဘဲ စုံစမ်းမိခြင်းပင်။
အကယ်လို့ တစ်ဖက်လူက သူ၏ အလယ်အလတ် နက်နဲသောအဆင့်ခွန်အားကို မိတ်ဆွေဖွဲ့ရကျိုးနပ်သည်ဟု ယူဆပါက အမှန်တကယ်ပင် ဖွင့်ဟပြောပြလာနိုင်မလားဟူသော မျှော်လင့်ချက်အချို့ကိုလည်း ရင်ဝယ်ပိုက်ထားခဲ့သေးသည်။
ဝမ်ပင်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် "သင်ယူချင်လို့လား... ဒါဆိုရင် ခင်ဗျားရဲ့သားကို ကျွန်တော့်ရဲ့ မသေမျိုးဂိုဏ်းထဲ ဝင်ခိုင်းလိုက်လေ။ ရွှေဒင်္ဂါးအချို့သာ ပေးချေလိုက်ရုံနဲ့... ကျွန်တော် သူ့ကို အကုန်လုံး စနစ်တကျ သင်ကြားပေးမှာပေါ့" ဟု ပြောလိုက်သည်။
"ရွှေဒင်္ဂါးတွေ ပေးရမယ် ဟုတ်လား"
လုကျန်းယီမှာ ကြောင်အသွားခဲ့ရပြီး ဝမ်ပင်း၏ ဤစကားလုံးများက ဘာကို ဆိုလိုမှန်း သဘောမပေါက်ခဲ့ချေ။
ဝမ်ပင်းက ဆက်လက်၍ "သေချာ စဉ်းစားကြည့်ပါဦး... မသေမျိုးဂိုဏ်းထဲကို ဝင်မယ်။ ရွှေဒင်္ဂါးအချို့ သုံးစွဲမယ်။ ဒါဆိုရင် ခင်ဗျားက မီးလျှံသိုင်းကွက်၊ မီးမြွေသိုင်းကွက်နဲ့ အခြား မီးလျှံလျှို့ဝှက်အတတ်ပညာတွေကို သင်ယူနိုင်လိမ့်မယ်" ဟု ပြောလိုက်သည်။
လုကျန်းယီသည် ၎င်းကို သဘောပေါက်သွားခဲ့ပြီး ချက်ချင်းပင် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကာ "ဂိုဏ်းချုပ်ဝမ်... တကယ်ပဲလားဗျာ။ ရွှေဒင်္ဂါးတွေ ပေးရုံနဲ့ သင်ယူလို့ရတာလား" ဟု မေးလိုက်တော့သည်။
ဝမ်ပင်းက ခေါင်းငြိမ့်ပြကာ "ဒါပေါ့" ဟု ပြောလိုက်သည်။
လုကျန်းယီက အလျင်အမြန်ပင် "ဒါဆိုရင် ကျွန်တော့်သားကို အပ်နှံပါရစေဦး။ သူက နောက်ကျရင် မသေမျိုးဂိုဏ်းထဲကို ဝင်ပြီး တပည့်တစ်ယောက် ဖြစ်လာပါလိမ့်မယ်" ဟု ပြောလိုက်သည်။
ဝမ်ပင်းက ရယ်မောလိုက်ပြီး "တောက်ပတဲ့ အနာဂတ်တစ်ခုပဲ။ သူ ဒဏ်ရာတွေ သက်သာသွားတာနဲ့... သူ့ကို ဆန်းဝူမြို့ဆီ ခေါ်လာပြီး ကျွန်တော့်ကို လာရှာခိုင်းလိုက်ပါ" ဟု ပြောလိုက်သည်။
လုကျန်းယီက ပြန်ပြောလိုက်သည်။
"စောင့်နေဖို့ မလိုပါဘူးဗျာ... ကျွန်တော် သူ့ရဲ့ ပြန်လည်ကောင်းမွန်မှုကို မြန်ဆန်စေမယ့် ဆေးဝါးတွေကို ယူဆောင်လာခဲ့မှာပါ။ မကြာခင်မှာပဲ သူက ဂိုဏ်းချုပ်ဝမ်ရဲ့ အနောက်ကို လိုက်သွားနိုင်ပါလိမ့်မယ်"
အခန်း။ ၁၆၂
"မင်း ထိပ်သီးပါရမီရှင်ဆယ်ပါး စမ်းသပ်ပွဲမှာ ပါဝင်မှာ မဟုတ်ဘူးလား"
"ကျွန်တော့်ဦးနှောက်ကို ကြည့်ပါဦးဗျာ"
လုကျန်းယီက အိုးတိုးအိမ်တိုးဖြင့် ပြုံးလိုက်ပြီးနောက် နေရာမှ ထရပ်လိုက်သည်။
ဝမ်ပင်းသည်လည်း စိတ်အားထက်သန်မှုများ တဖွားဖွား ဖြစ်ပေါ်လာလျက် နေရာမှ ထရပ်လိုက်တော့သည်။ ပွဲကြည့်စင်မှ ထွက်ခွာလာကတည်းက ခရီးသွားခြင်းလုပ်ငန်းတာဝန်မှာ အောင်မြင်ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ အသစ်ပွင့်လာသော အဆောက်အအုံဧရိယာကိုမူ လောလောဆယ်တွင် တောင်းဆိုအသုံးပြု၍ မရသေးချေ။
သို့သော်လည်း အခြားဆုလာဘ်တစ်ခုဖြစ်သည့် ချန်မိုကျင့်စဉ်အား နက်နဲသောအဆင့်သို့ မြှင့်တင်ခြင်းကိုမူ ဝမ်ပင်း အလိုချင်ဆုံး ဖြစ်နေခဲ့သည်။
ပီယွီမျှော်စင်သို့ ပြန်ရောက်ပြီးနောက် ဝမ်ပင်းသည် လုပ်ငန်းတာဝန်ဇယားကို ဖွင့်လိုက်ပြီး ဆုလာဘ်ကို တောင်းခံလိုက်သည်။
သူ အတည်ပြုလိုက်သည့် ခဏ၌ပင် ဝမ်ပင်းသည် ရုတ်တရက် တုန်ရင်သွားခဲ့ရပြီး စိမ့်ကနဲဖြစ်ကာ လန်းဆန်းစေသော ခံစားချက်တစ်ခုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြတ်သန်းသွားခဲ့သည်။
အမှန်စင်စစ် ဤအေးမြမှုမှာ အရေပြားပေါ်၌သာ ဝဲလည်နေခြင်းမျိုး မဟုတ်ဘဲ ရိုးတွင်းခြင်ဆီအထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ကာ နှလုံးနှင့် အဆုတ်တို့အတွင်းသို့ ပျံ့နှံ့သွားသကဲ့သို့ဖြစ်ပြီး ဝမ်ပင်း၏ ခန္ဓာကိုယ်အား ဖော်ပြရန်ခက်ခဲသော ပေါ့ပါးလွတ်လပ်သည့် ခံစားချက်မျိုးကို ပေးစွမ်းခဲ့သည်။
ဝမ်ပင်းသည် ကုတင်ပေါ်တွင် ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်လိုက်ပြီး တရားမှတ်သည့် အခြေအနေသို့ ဝင်ရောက်လိုက်တော့သည်။
မကြာမီအချိန်အတွင်းမှာပင် စနစ်၏အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ချန်မိုကျင့်စဉ် အဆင့်မြှင့်တင်မှု အောင်မြင်ပါတယ်"
[ဝမ်ပင်း]
[ကျား/မ: ကျား]
[နယ်ပယ်: ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံး]
[ပါရမီ: ကြယ်သုံးပွင့်]
[ကျင့်ကြံခြင်းကျင့်စဉ်: ချန်မိုကျင့်စဉ် (နက်နဲသောအဆင့်)]
[လေ့ကျင့်နေသော သွေးကြောသိုင်းကွက်: အဝါရောင်ဂိုဏ်းအဆင့် အောက်တန်း နဂါးလှိုင်းဒေါသ (အသေးစားအောင်မြင်မှု)၊ မီးနဂါးသိုင်း (အခြေခံအဆင့်)]
သူ၏ အချက်အလက်ပြကွက်ကို ကြည့်ရင်း ဝမ်ပင်းက မယုံကြည်နိုင်လောက်အောင်ဖြင့် "ဒီလောက်တောင် မြန်တာလား" ဟု ရေရွတ်လိုက်မိသည်။
သူသည် ဤခံစားချက်မှာ အချိန်အတော်ကြာ တည်ရှိနေပြီး ကြီးမားသော လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အရာအားလုံးက သူထင်မှတ်ထားသကဲ့သို့ ဖြစ်မလာခဲ့ချေ။
သူ၏ခန္ဓာကိုယ်အတွင်းသို့ အေးမြသောလှိုင်းတစ်ခု တရှိန်ထိုး စီးဆင်းသွားပြီးနောက်တွင် အားလုံးပြီးဆုံးသွားခဲ့သည်။
နေပါဦး….
"ဘာလို့ အေးစိမ့်နေတဲ့ ခံစားချက်ကနေ ရုတ်တရက်ကြီး ငါ့သွေးကြောတွေထဲကို မီးလျှံလှိုင်းတွေလို တဟုန်ထိုး စီးဝင်လာရတာလဲ"
"စနစ်... ချန်မိုကျင့်စဉ်က အဆင့်မြှင့်တင်မှု အောင်မြင်ပြီးသွားပြီ မဟုတ်ဘူးလား။ ဘာလို့ အခုလို ထူးဆန်းနေရတာလဲ"
"သခင်... ချန်မိုကျင့်စဉ်ကို အဆင့်မြှင့်တင်နေတဲ့အချိန်မှာပဲ ဒါက သခင်ရဲ့ မြေကမ္ဘာခွဲ သွေးကြောတံခါးကိုပါ သဘာဝအလျောက် ဖွင့်လှစ်ပေးလိုက်တာပါ"
"ဒါဆို... ငါ အခု သွေးကြောတံခါးကို ဖွင့်တော့မှာပေါ့ ဟုတ်လား"
"ဟုတ်ပါတယ်"
စနစ်က ပြန်လည်ဖြေကြားလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ပင်းသည် နေရာမှ ချက်ချင်းထရပ်ကာ တံခါးများနှင့် ပြတင်းပေါက်များကို ပိတ်ဆို့လိုက်တော့သည်။
သွေးကြောတံခါးဖွင့်လှစ်ခြင်းကို မည်သူတစ်ဦးတစ်ယောက်ကမျှ မနှောင့်ယှက်စေရသလို မည်သည့်အဖြတ်အတောက်မျိုးကိုမျှလည်း ခွင့်ပြု၍မရချေ။
တံခါးများနှင့် ပြတင်းပေါက်များကို သေချာစွာ ပိတ်ဆို့ပြီးနောက် ဝမ်ပင်းက မိစ္ဆာဝိညာဉ်ဓားအား "အကယ်လို့ တစ်ယောက်ယောက် အတင်းဝင်လာရင်... တိုက်ရိုက် သတ်ပစ်လိုက်" ဟု အမိန့်ပေးလိုက်သည်။
ဟီးး…ဟီး…
မိစ္ဆာဝိညာဉ်ဓားက စပ်ဖြဲဖြဲ ပြုံးလိုက်သည်။
သူ၏ အရိုးစုပါးစပ်အတွင်းမှ ပြာလီလီ မီးလျှံများက တောက်လောင်နေခဲ့ပြီး စိတ်မပူပါနဲ့... ကျူးကျော်ဝင်ရောက်လာသူတွေရဲ့ ဝိညာဉ်အားလုံးကို ငါ ဝါးမြိုပစ်ပါ့မယ်ဟု ပြောဆိုနေသကဲ့သို့ပင်။
ဝမ်ပင်းသည် သူစဉ်းစားမိသမျှကို ကြိုတင်ပြင်ဆင်ပြီးနောက် ကုတင်ပေါ်တွင် ချက်ချင်းပင် တင်ပလ္လင်ခွေ ပြန်ထိုင်လိုက်ပြီး ဒန်တျန်အတွင်းရှိ ဖိနှိပ်ထားသော ချီစွမ်းအင်များကို ချန်မိုကျင့်စဉ်၏ လည်ပတ်မှုမှတစ်ဆင့် သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ဆီသို့ လမ်းညွှန်၍ ခေါ်ဆောင်သွားခဲ့တော့သည်။
ဝုန့်...
မြည်ဟီးသံတစ်ခုက ဟိန်းထွက်သွားခဲ့သည်။
၎င်းမှာ မြေကမ္ဘာခွဲသွေးကြောတံခါး ပွင့်လှစ်လာသည့် အသံပင်။
"ဝင်စမ်း"
ဝမ်ပင်းက အော်ဟစ်လိုက်ရင်း ချန်မိုကျင့်စဉ်၏ လည်ပတ်မှုကို အလျင်အမြန် မြှင့်တင်လိုက်ကာ ဒန်တျန်အတွင်းရှိ ကောင်းကင်နှင့်မြေကမ္ဘာ ချီစွမ်းအင်များကို သွေးကြောတံခါးအတွင်းသို့ မနားတမ်း ပုံအောကာ ထည့်သွင်းလိုက်တော့သည်။
သို့သော်လည်း ထိုသွေးကြောတံခါးမှာ မည်မျှပင် ဖြည့်ဆည်းပေးပါစေ ပြည့်လျှံမသွားနိုင်သော အနက်ဆုံးချောက်ကမ္ဘာကြီးကဲ့သို့ပင် ဖြစ်နေခဲ့ပြီး ကောင်းကင်နှင့်မြေကမ္ဘာ ချီစွမ်းအင်များကို ဆာလောင်မွတ်သိပ်စွာဖြင့် ဆက်လက်တောင်းဆိုနေခဲ့သဖြင့် ဝမ်ပင်းကလည်း ဆက်တိုက်ဆိုသလို သွန်းလောင်းပေးနေခဲ့သည်။
အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားခဲ့ရာ... တစ်နာရီ... နှစ်နာရီ...။
အချိန်များ မည်မျှကုန်လွန်သွားခဲ့မှန်း မသိရသည့်အချိန်တွင် ဒန်တျန်တစ်ခုလုံးမှာ လုံးဝဥဿုံ လွတ်လပ်ဆိတ်သုဉ်းသွားခဲ့ပြီး သိုလှောင်ထားသမျှသော ကောင်းကင်နှင့်မြေကမ္ဘာ ချီစွမ်းအင်အားလုံးမှာ မြေကမ္ဘာခွဲ သွေးကြောတံခါးအတွင်းသို့ အကုန်အစင် ရောက်ရှိသွားခဲ့သည်။
ထပ်မံပေးပို့စရာ မရှိတော့သည့် အချိန်တွင် ဝမ်ပင်း၏ ဘယ်ဘက်လက်ကောက်ဝတ်မှနေ၍ နီရဲသော အလင်းကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝုန့်...
၎င်းမှာ ရေပြင်ပေါ်ရှိ ရေလှိုင်းဂယက်များကဲ့သို့ပင် တစ်ကွင်းပြီးတစ်ကွင်း အပြင်ဘက်သို့ ပြန့်ကားသွားခဲ့တော့သည်။
ခြေလှမ်းအနည်းငယ်မျှကွာဝေးသော စားပွဲပေါ်ရှိ တောက်ပနီရဲနေသော ပန်းတစ်ပွင့်မှာ ရုတ်တရက် ညှိုးရော်သွားခဲ့ပြီး ၎င်း၏ အရွက်များနှင့် ခက်လက်များမှာ ဝါးတားတားဖြစ်လာကာ လုံးဝဥဿုံ ခြောက်သွေ့သွားခဲ့ပြီး အသက်ဓာတ် ကင်းမဲ့သွားခဲ့ရသည်။
ဝုန့်...
ဒုတိယအကြိမ် မြည်ဟီးသံနှင့်အတူ ထိုအလင်းကွင်းမှာ ပိုမိုနက်မှောင်သော ကြက်သွေးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
၎င်းက ထပ်မံပြန့်ကားသွားခဲ့သည့်အချိန်တွင် အလင်းစက်တစ်ခုမှနေ၍ နီရဲသော အလင်းကွင်းတစ်ခု ဆင်းသက်လာခဲ့ပြီး ဝမ်ပင်း၏ လက်ကောက်ဝတ်မှ ပေဝက်ခန့်အကွာအထိ ဖြည်းညှိးစွာ ကျယ်ပြန့်သွားပြီးမှ ရပ်တန့်သွားခဲ့သည်။
ထို့နောက်တွင် လက်ကောက်ဝတ်မှနေ၍ အလင်းစက်တစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြီး ထိုကြီးမားသောအလင်းကွင်းအတွင်း၌ ပိုမိုသေးငယ်သော အလင်းကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထူးခြားသော စည်းချက်တစ်ခုဖြင့် တည်ငြိမ်စွာ ဝဲပျံနေခဲ့သည်။
အသက်ရှူလိုက်တိုင်း တစ်ချက်တက်လာပြီး တစ်ချက်ကျကာ နောက်ဆုံးတွင် လက်မအရွယ်အစားခန့်ရှိသော အလင်းစက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းကွင်းနှစ်ခု၏ အလယ်ဗဟိုတည့်တည့်တွင် မတ်မတ်ရပ်တန့်သွားခဲ့တော့သည်။
ဝမ်ပင်းသည် သူ၏မျက်ဝန်းများကို ဖြည်းညှိးစွာ ဖွင့်လှစ်လိုက်ပြီး သူ့မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကြက်သွေးရောင်အလင်းကွင်းကြီး ပြန့်ကားသွားသည်နှင့်အမျှ ဝမ်းမြောက်ဝမ်းသာဖြင့် ပြုံးလိုက်မိသည်။
ထူးခြားဆန်းပြားသော သွေးကြောတံခါး ဖွင့်လှစ်ခြင်းက အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
သူသည် နက်နဲသောအဆင့်သို့ ခြေလှမ်းလှမ်းနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သလို ထူးခြားဆန်းပြားသော သွေးကြောပါရမီရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟုလည်း မတွေးထားခဲ့မိချေ။ သို့သော်လည်း ယခုအခါတွင်မူ အရာအားလုံးက အောင်မြင်သွားခဲ့သည်။ အမှန်အတိုင်း ပြောရရင် သူ တကယ့်ကို ပျော်ရွှင်နေမိကာ မည်မျှအထိ ပျော်ရွှင်နေသလဲဆိုလျှင် တောင်ထိပ်ပေါ်တွင် မတ်မတ်ရပ်လျက် အတိုင်းအဆမရှိ ကျယ်ပြောလှသော ရိုင်းစိုင်းတဲ့တောရိုင်းကမ္ဘာကြီးထဲသို့ မြေပြင်တစ်ခုလုံး ဟိန်းထွက်သွားရလောက်အောင် အော်ဟစ်ပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်နေခဲ့သည်။
သို့သော်လည်း ထိုအရာက အဆုံးသတ်မဟုတ်သေးမှန်း သူ ကောင်းကောင်း သိရှိသည်။
သူ၏ အတုအယောင် စင်ကြယ်သော ခန္ဓာကိုယ်မှာ စစ်မှန်သော စင်ကြယ်သော ခန္ဓာကိုယ်အဖြစ်သို့ လုံးဝဥဿုံ ဆင့်ကဲပြောင်းလဲသွားရဦးမည်ပင်။
ဝမ်ပင်းသည် သူ၏ မသေမျိုးလေညင်းဝတ်ရုံကို အလျင်အမြန် ချွတ်ပစ်လိုက်ပြီး ကုတင်ပေါ်တွင် ဗလာကျင်းလျက် လဲလျောင်းလိုက်ကာ၊ စောင်နှင့် ခေါင်းအုံးများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး စင်ကြယ်ခြင်းအခြေအနေသို့ ထပ်မံဝင်ရောက်လိုက်တော့သည်။
ပထမဆုံးအနေဖြင့် လက်များ၊ မျက်နှာ၊ ရင်ဘတ်နှင့် အခြားနေရာများနှင့် ခန္ဓာကိုယ်အထက်ပိုင်းမှာ ချက်ချင်းပင် ဆန်ခါတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ပြီး အပေါက်ငယ်များမှတစ်ဆင့် မည်းတူးပြီး နံစော်လှသော စေးကပ်ကပ် အရည်များ ညှစ်ထုတ်ခြင်း ခံလိုက်ရသည်။
၎င်းတို့က သူ၏ နှုတ်ခမ်းများကို ဖုံးလွှမ်းကာ နှာခေါင်းဘေးမှ စီးကျသွားခဲ့သော်လည်း ဝမ်ပင်းကမူ ထိုအနံ့ဆိုးကြောင့် မျက်မှောင်ကြုတ်ခြင်း မရှိခဲ့ချေ။
ထိုအရာများက ဘာတွေလဲဆိုတာကို သူ သိသော်လည်း ယခုတစ်ကြိမ်၌ စွန့်ထုတ်လိုက်ရသော ညစ်ညမ်းမှုများမှာ ယခင်က လရောင်မုန့်လုံးများကို စားသုံးခဲ့စဉ်တုန်းကထက် ပို၍ များပြားလိမ့်မည်ဟု မထင်ထားခဲ့မိချေ။
ညစ်ညမ်းမှုများ စွန့်ထုတ်ခြင်းခံရသည်နှင့်အမျှ ဝမ်ပင်းသည် တစ်ကိုယ်လုံး ပေါ့ပါးသွားခဲ့ပြီး ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ချပစ်လိုက်ရသကဲ့သို့ပင် ခံစားလိုက်ရသည်။
သူ ဘာဖြစ်လို့ ဒီလိုမျိုး ခံစားနေရသလဲဆိုတာကို သူကိုယ်တိုင်ပင် သဘောမပေါက်ခဲ့ချေ။
ထိုပေါ့ပါးလွတ်လပ်သည့် ခံစားချက်နှင့်အတူ ဝမ်ပင်းသည် သူ၏ ခွန်အားများ တိုးပွားလာခြင်း၊ ခန္ဓာကိုယ် ပြောင်းလဲလာခြင်းနှင့် စစ်မှန်သော သာမန်ထက်ထူးကဲသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားခြင်းတို့ကို အာရုံခံမိလိုက်တော့သည်။
ဤသို့ဖြင့် အချိန်များက အတော်အတန် ကြာအောင် ထပ်မံကုန်လွန်သွားခဲ့ပြန်သည်။
ဝမ်ပင်းတစ်ယောက် စင်ကြယ်ခြင်းအခြေအနေ ပြီးဆုံးသွားခဲ့သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မည်းတူးပြီး စေးကပ်နေသော ညစ်ညမ်းမှုများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ညဘက်ဝတ်ဆင်ရသော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသကဲ့သို့ပင် ဖြစ်နေခဲ့တော့သည်။
နောက်တစ်စက္ကန့်တွင် ဝမ်ပင်းသည် သူ၏ မျက်ဝန်းများကို ဖွင့်လှစ်လိုက်သည်
သူ၏ခန္ဓာကိုယ်က စွန့်ထုတ်နိုင်သမျှကို အကုန်အစင် စွန့်ထုတ်ပစ်လိုက်ပြီဖြစ်ရာ စင်ကြယ်သော ခန္ဓာကိုယ်ဖြစ်သွားခဲ့သည်။
ဝမ်ပင်းသည် နေရာမှ ချက်ချင်းထရပ်လိုက်ပြီး သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရုံမျှဖြင့်ပင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တုန်းကထက် အဆပေါင်းများစွာ သို့မဟုတ် ၎င်းထက်မက သာလွန်လှသော ကြီးမားလှသည့် စွမ်းအင်များကို ခံစားလိုက်ရတော့သည်။
"ရေချိုးရမယ့် အချိန်ပဲ"
ဝမ်ပင်းသည် သူ၏ သွေးကြောတံခါးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး နေရာမှ ထရပ်ကာ တံခါးကို ပိတ်ဆို့ထားသော စားပွဲကို ရွှေ့ဆွဲလိုက်သည်။
"အလုပ်သမား... ရေနွေးအိုး တည်ပေးစမ်း"
"စီနီယာ... မင်း နောက်ဆုံးတော့ ထွက်လာခဲ့ပြီပဲ။ ကျွန်တော်တို့ရဲ့ သူဌေးက ရေနွေးတွေကို ကြိုတင်ပြီး ပြင်ဆင်ထားပါတယ်ဗျာ"
ထိုအချိန်တွင် ဧည့်သည်များကို ဧည့်ခံနေသော ဆိုင်ရှင်က မော့ကြည့်လိုက်ရာ ဝမ်ပင်းကို ချက်ချင်းမြင်တွေ့သွားခဲ့သဖြင့် ဝမ်းမြောက်ဝမ်းသာဖြင့် ပီယွီမျှော်စင်၏ အနောက်ဘက်ဆီသို့ အပြေးအလွှား သွားတော့သည်။
ထိုအချိန်မှာပင် ဘေးနားရှိ အခန်းတံခါးက ရုတ်တရက် ပွင့်ဟလာခဲ့သည်။
ရန်လီလီနှင့် ယွမ်လျောင်တို့က တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြပြီး "ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်... နက်နဲသောအဆင့်ကို ရောက်ရှိသွားတဲ့အတွက်" ဟု ဆိုလိုက်ကြသည်။
"မင်းတို့က အခုကတည်းက သိနေပြီလား"
"ဂိုဏ်းချုပ်... ဒီလောက်တောင် သန်မာတဲ့ အရှိန်အဝါမျိုးကို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အာရုံမခံမိဘဲ နေမှာလဲဗျာ"
ယွမ်လျောင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
ဝမ်ပင်းက သဘောပေါက်သည့်အလား ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူ၏ အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ "ဒီနေရာကို တစ်ယောက်ယောက်ကို လာပြီး သန့်ရှင်းရေးလုပ်ခိုင်းလိုက်ဦး... ငါ ရေချိုးဖို့ လိုအပ်တယ်" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ပီယွီမျှော်စင်၏ အနောက်ဘက် အိမ်ယာဝင်းထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားခဲ့တော့သည်။
အနောက်ဘက် အိမ်ယာဝင်းထဲတွင်မူ အလုပ်သမားဖြစ်သူက ဝမ်ပင်း ရောက်ရှိလာခြင်းအတွက် ရေနွေးပုံးအချို့နှင့် ရေချိုးကန်ကြီးတစ်ခုကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်ကာ သဘာဝအတိုင်းပင် အစေခံမိန်းကလေး နှစ်ဦးကလည်း အသင့်စောင့်ဆိုင်းနေခဲ့ကြသည်။
ဝမ်ပင်းသည် မည်သည့်စကားမျှမဆိုဘဲ ရေပုံးတစ်ပုံးကို လှမ်းကိုင်လိုက်သည်။
ဝူး...
ရေတစ်ပုံးလုံး အပေါ်မှနေ၍ သွန်းလောင်းချလိုက်သည့်အချိန်တွင်မှသာ သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ မူလအရောင်အသွေးအတိုင်း ပြန်လည်ပေါ်ထွက်လာခဲ့တော့သည်။