← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း။ ၁၆၅

စိတ်ဝင်စားစရာ မသေမျိုးသတ်ဖြတ်ခြင်း ကမ္ဘာကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ပြီးနောက်တွင် ဝမ်ပင်းသည် ၎င်းအပေါ်၌ ထူးထူးခြားခြား ခံစားရခြင်းမျိုး မရှိဘဲ အပန်းဖြေစရာတစ်ခုအဖြစ်သာ သတ်မှတ်လိုက်တော့သည်။

သူသည် ကြည့်ရှုခြင်း ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံခြင်းကို စတင်ရန်အတွက် တိုက်ပွဲနယ်ပယ်ဆီသို့ ချက်ချင်း သွားရောက်ခဲ့သည်။

ဒုတိယမြောက်နေ့ မွန်းတည့်ချိန်တွင် ချင်မိုသည် ကြီးမားလှသော အထုပ်အပိုးကြီးများကို သယ်ပိုးလျက် ယွမ်းလန်တောင်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုအထုပ်များထဲ၌ သဘာဝအတိုင်းပင် လရောင်မုန့်လုံးပြုလုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ အပြည့်အဝ ပါဝင်နေခဲ့သည်။

မြောင်ယင်း၏ အဆိုအရ ချင်မိုသည် ဆန်းဝူမြို့တစ်မြို့လုံးရှိ ကုန်ကြမ်းပစ္စည်းများကို အကုန်အစင် သိမ်းကျုံးဝယ်ယူခဲ့တာဟု ပြောလိုက်သည်။

ဝမ်ပင်းသည် တောင်ပို့တစ်ခုကဲ့သို့ စုပုံနေသော ကုန်ကြမ်းပစ္စည်းများကို ကြည့်ရင်း မတတ်သာဘဲ ခပ်ဖွဖွ ရယ်မောလိုက်မိသည်။

ဒီကောင်ကတော့ မုန့်လုံးစားချင်လွန်းလို့ တကယ်ကို ရူးနေတာပဲ။

ကုန်ကြမ်းပစ္စည်းများကို သေချာစွာ သိမ်းဆည်းပြီးနောက် ဝမ်ပင်းသည် ယွီမိုထံသို့ သက်စောင့်ဆေးလိပ်သွားရောက်ပေး အပ်ရန် ထွက်ခွာခဲ့သော်လည်း လူတိုင်းမှာ အခြားတစ်နေရာဆီသို့ အပြေးအလွှား ရောက်ရှိနေကြသည်ကိုသာ မြင်တွေ့ခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ကြေညာချက်သင်ပုန်းပေါ်တွင် အရာသစ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့ခဲ့ကြရသောကြောင့်ပင်။

ရန်လီလီကတော့ ထုံးစံအတိုင်း အတက်ကြွဆုံးလူ ဖြစ်နေခဲ့ပြီး အိပ်ဆောင်ဧရိယာအတွင်းသို့ အပြေးအလွှား ဝင်ရောက်လာကာ ဝမ်ပင်း၏အနားတွင် ဝိုင်းအုံလျက် "ဂိုဏ်းချုပ်... အရာသစ်တစ်ခု ထပ်ပွင့်လာပြန်ပြီလားဗျ။ ရုပ်ရှင်ကြည့်ခန်းမဆိုတာက ဘာလဲဟင်" ဟု စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

ရန်လီလီ၏ မေးခွန်းနှင့်အတူ ဘေးနားရှိ စူးစမ်းလိုသော အကြည့် ခြောက်ခု၊ ခုနစ်ခုခန့်မှာ ဝမ်ပင်းထံသို့ ချက်ချင်းပင် ကျရောက်သွားခဲ့ကြတော့သည်။

သူတို့သည် အရာသစ်တစ်ခု ပွင့်လာတိုင်း ပိုမိုသန်မာလှသော ခွန်အားများကို ရရှိနိုင်မှန်း သိရှိထားကြသည်။

အဆင့်ဆယ်ဆင့်မျှော်စင်က ၎င်းအတွက် အကောင်းဆုံး သက်သေတစ်ခုပင်။

ဝမ်ပင်းက တည်ငြိမ်စွာဖြင့်ပင် "မင်းက မေးခွန်းနှစ်ခုကို ဆက်တိုက်မေးလိုက်တာပဲ။ ငါ ဘယ်ကိစ္စကို အရင်ဖြေရမလဲ။ ရုပ်ရှင်ကြည့်ခန်းမက ဘာလဲဆိုတာကနေပဲ စလိုက်ကြတာပေါ့။ အဖြေကတော့... ဘာမှထူးထူးခြားခြား မဟုတ်ပါဘူး။ ဇာတ်လမ်းကြည့်ရတဲ့ နေရာတစ်ခုပါပဲ" ဟု ပြန်ဖြေလိုက်သည်။

"ဝါးစင်မြင့် ပြဇာတ်လိုမျိုးလားဗျာ"

ဆန်းဝူမြို့အတွင်း၌ ညဘက်အချိန်များတွင် ဝါးစင်မြင့်များဆောက်လုပ်လျက် လူအုပ်ကြီး၏ရှေ့မှောက်၌ သီဆိုကပြဖျော်ဖြေကာ ဇာတ်လမ်းများကို ပုံဖော်တတ်သော အနုပညာရှင်များ အမြဲတမ်း ရှိတတ်ကြသည်။

သာမန်လူများ ဖျော်ဖြေတင်ဆက်ကြသောအရာများမှာ သဘာဝအတိုင်းပင် ရိုးရာပုံပြင်များမျှသာဖြစ်ပြီး သူတို့ထဲ၌ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများနှင့် မြင့်မြတ်လှသော နက်နဲသောအဆင့် ကျင့်ကြံသူများ အမြဲတမ်း ပါဝင်လေ့ရှိသည်။

အကျဉ်းချုပ်ပြောရလျှင် သူတို့အားလုံးမှာ ရိုးအီနေသော စိတ်ကူးယဉ်ဇာတ်လမ်းများမျှသာ ဖြစ်သည်။

ဝမ်ပင်းက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် "နီးစပ်ပါတယ်... အကျဉ်းချုပ်ပြောရရင်တော့ အကယ်လို့ မင်းတို့အနေနဲ့ ကျင့်ကြံခြင်းတွေက ပျင်းစရာကောင်းလာတာ ဒါမှမဟုတ် ပင်ပန်းလာတာမျိုး ရှိခဲ့ရင် အဲဒီရုပ်ရှင်ကြည့်ခန်းမကို သွားပြီး ဇာတ်လမ်းကြည့်နိုင်ပါတယ်။ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို အနည်းငယ် ဖြေဖျောက်နိုင်တာပေါ့" ဟု ပြောလိုက်သည်။

ဝမ်ပင်းက သေချာစွာ ပြောဆိုခဲ့သော်လည်း သူ၏စကားများမှာ သမုဒ္ဒရာထဲသို့ အပ်တစ်ချောင်း ပစ်ချလိုက်သကဲ့သို့ပင် ဖြစ်နေခဲ့ပြီး မည်သည့်လှိုင်းဂယက်မျိုးကိုမျှ မဖြစ်ပေါ်စေခဲ့ချေ။

လူတိုင်းက ထိုစကားကို ကြားပြီးနောက် နှမြောတောင့်တစွာဖြင့် သက်ပြင်းချလိုက်ကြတော့သည်။

"ကျင့်ကြံခြင်းက ပျင်းစရာကောင်းလာရမယ် ဟုတ်လား။

မဖြစ်နိုင်တာ...ငါတို့အတွက်ဆိုရင် နေ့စဉ်ကုန်လွန်နေတဲ့ အချိန်တွေကတောင် မလောက်မငှ ဖြစ်နေရတာ မဟုတ်ဘူးလား။

ကျင့်ကြံခြင်းက ပင်ပန်းလာရမယ် ဟုတ်လား။

အဲဒါကတော့ ပိုတောင် မဖြစ်နိုင်ဘူး။ တကယ်လို့ ပင်ပန်းလာရင် ရေတွင်းရေကို သောက်လို့ရသလို၊ အိပ်ဆောင်ဧရိယာဆီ သွားပြီး နဂါးလှိုင်းဒေါသသိုင်းကွက်ကို လေ့ကျင့်လို့လည်း ရသေးတယ်။ ဒီလောက် အလုပ်ရှုပ်နေတဲ့အချိန်မှာ ဇာတ်လမ်းကြည့်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"

ချင်မိုက ပထမဆုံးအနေဖြင့် ခြေလှမ်းလှမ်းလိုက်ကာ "ဂိုဏ်းချုပ်... ကျွန်တော် ကျင့်ကြံဖို့ လိုအပ်သေးလို့ အရင်ဆုံး သွားခွင့်ပြုပါဦး" ဟု ပြောလိုက်သည်။

"ဂိုဏ်းချုပ်... ကျွန်တော်တို့လည်း အရင်သွားပါဦးမယ်ဗျာ"

၎င်း၏နောက်တွင် ရန်လီလီနှင့် အခြားလူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။

သို့သော်လည်း ယွီမိုကမူ ဝမ်ပင်း၏ စကားကို ကြားရသောအခါ သူ၏မျက်ဝန်းများမှာ တောက်ပသွားခဲ့ရပြီး ဝမ်ပင်း၏ အဝတ်အစားများကို လှမ်းဆွဲလျက် "ကောင်လေး... ငါကော သွားပြီး ကြည့်လို့ရမလား" ဟု စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

"ရတာပေါ့... ခင်ဗျားမှာ ပထမဆုံးအကြိမ် အတွေ့အကြုံတစ်ခု ရှိနေတာပဲဥစ္စာ"

"ကောင်းပြီ... ဒါဆို သွားကြစို့။ တစ်ခေါက်လောက် သွားကြည့်ရတာလည်း မဆိုးပါဘူး။ ဒီတစ်ကြိမ်မှာတော့ အချိန်ကန့်သတ်ချက်မျိုး မရှိဘူး မဟုတ်လား"

သူ တွေးမိသည်မှာ အကယ်၍ အချိန်ကန့်သတ်ချက် မရှိဘူးဆိုလျှင် သူ ဆက်တိုက် ကြည့်ရှုနိုင်မည်ပင်။ အဘယ်ကြောင့်ဆိုသော် သူသည် စစ်တုရင်ကစားခြင်းမှတစ်ပါး အခြားလုပ်စရာ ကိစ္စဟူ၍ မရှိသောကြောင့်ပင်။

"အချိန်ကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်"

ဝမ်ပင်းက ပြန်လည်ဖြေကြားလိုက်ပြီးနောက် ချူရောက်တောင်တန်းဆီသို့ ဦးတည်သွားခဲ့ရာ ယွီမိုကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

သူတို့ ရုပ်ရှင်ကြည့်ခန်းမသို့ ရောက်ရှိချိန်တွင် ယွီမိုသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလိုက်ပြီး အခန်းတွင်းရှိ အရာများကို ကြည့်ကာ သံသယဖြစ်ဖွယ် မျက်နှာအမူအရာဖြင့် မျက်မှောင်ကြုတ်လျက် "ဖျော်ဖြေမယ့်လူတွေက ဘယ်မှာလဲဗျ" ဟု မေးလိုက်သည်။

"ဖျော်ဖြေမယ့်လူတွေ မရှိပါဘူး။ ဒီရုပ်ရှင်ကြည့်ခန်းမမှာ နေရာနှစ်ခု ရှိတယ်။ ပုံရိပ်

ကြည့်ရှုတဲ့နေရာက တစ်နာရီကို ရွှေဒင်္ဂါး ၂၀ ကျမှာဖြစ်ပြီး စိတ်ဝင်စားမှုနယ်ပယ်ကတော့ တစ်နာရီကို ရွှေဒင်္ဂါး ၁၀၀ ကျမှာ"

"ဒီလောက်တောင် စျေးကြီးတာလား"

သူ အံ့ဩတကြီး ရေရွတ်လိုက်ပြီးနောက် ဝမ်ပင်းက လှည့်ထွက်သွားရန် ပြင်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် မတတ်သာဘဲ ရယ်မောလျက် ဝမ်ပင်းကို လှမ်းဆွဲကာ "မသေမျိုးဂိုဏ်းထဲမှာ စျေးမကြီးတဲ့အရာ ဘာမှမရှိတော့တဲ့အတိုင်းပါပဲလား။ အဲဒီနေရာနှစ်ခုရဲ့ ကွာခြားချက်က ဘာလဲ။ ငါ့ကို ပြောပြဦးမှ... ငါ ဘယ်နေရာကို သွားမလဲဆိုတာ ဆုံးဖြတ်လို့ရမှာ" ဟု ပြောလိုက်သည်။

"ကျွန်တော် ရှင်းမပြချင်ဘူး... တိုက်ရိုက်သာ ရွေးချယ်လိုက်တော့။ ကျွန်တော် လုပ်စရာ ကိစ္စတွေ ရှိသေးလို့"

"ကောင်လေး... ငါက ငွေပေးချေရမယ့်လူလေ။ မင်းက အနည်းငယ်လောက်တော့ ရှင်းပြသင့်တာ မဟုတ်ဘူးလား"

သူ ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ပင်းက ထပ်မံ၍ လှည့်ထွက်သွားရန် ပြင်ဆင်ပြန်သဖြင့် ယွီမိုမှာ သူ့ကို ထပ်မံဆွဲကိုင်လိုက်ရပြီး ညာဘက်ခြမ်းရှိ ပုံရိပ်ကြည့်ရှုသည့် နေရာကို လက်ညှိုးထိုးပြကာ "အရင်ဆုံး ငါ့ကို အဲဒီနေရာကနေပဲ ပေးစမ်းပါ။ တစ်နာရီကို ရွှေဒင်္ဂါး ၂၀ ကျသင့်တဲ့ နေရာကိုပဲ အရင်ဆုံး စမ်းကြည့်လိုက်မယ်" ဟု ပြောလိုက်တော့သည်။

"ထိုင်လိုက်ပါ... ပြီးရင် ဒါကို ဝတ်ဆင်လိုက်"

ဝမ်ပင်းက ပြောဆိုလိုက်ရင်း စင်ပေါ်မှ မျက်မှန်တစ်လက်ကို လှမ်းယူလိုက်ကာ သူကိုယ်တိုင် မျက်မှန်ဝတ်ဆင်သည့် အမူအရာကို လုပ်ဆောင်ပြသခဲ့သည်။

ယွီမို နားလည်သွားခဲ့သည့် အချိန်ကျမှသာ ထိုမျက်မှန်ကို ယွီမိုထံသို့ ကမ်းပေးလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့တော့သည်။

ယွီမိုသည် ပြင်းပြလှသော စူးစမ်းလိုစိတ်များနှင့်အတူ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထိုကုလားထိုင်မှာ အိပ်ဆောင်ဧရိယာရှိ ကုလားထိုင်များကဲ့သို့ပင် နူးညံ့အိစက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူသည် ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ရပြီး အနောက်သို့ မှီချလိုက်ရင်း မျက်မှန်ကို ဝတ်ဆင်လိုက်တော့သည်။

ရုတ်တရက်ဆိုသလိုပင် "ချင်ယွမ်းမှတ်တမ်းများ အပိုင်း ၁" ဟူသော စာသားများက သူ၏ မျက်စိရှေ့မှောက်၌ ပေါ်ထွက်လာခဲ့သည်။

ထိုစာသားများ ကွယ်ပျောက်သွားသည်နှင့်အမျှ မြင်ကွင်းကြီးမှာ ကောင်းကင်ယံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အဆုံးမရှိသော မည်းမှောင်လှသည့် တိမ်တိုက်ကြီးများက အပေါ်ယံတွင် ဝဲပျံနေခဲ့ကြကာ ထူထပ်လှသော တိမ်တိုက်များက ကောင်းကင်ကြီး၏ တောက်ပမှုကို ဖုံးလွှမ်းထားခဲ့သဖြင့် ကမ္ဘာမြေကြီးတစ်ခုလုံးကို မှောင်မိုက်ခြင်းအမှောင်ထုအတွင်းသို့ ကျရောက်သွားစေခဲ့သည်။

၎င်းမှာ ဇာတ်လမ်းကြည့်ရှုခြင်း ဖြစ်သော်လည်း မည်သည့်အနုပညာရှင်ကမျှ သီဆိုကပြခြင်း မရှိချေ။

သူသည် အမျိုးမျိုးသော ဖြစ်နိုင်ချေများကို တွေးတောထားခဲ့မိသော်လည်း ယခုကဲ့သို့ ထိုင်နေရုံမျှဖြင့်ပင် ပုံရိပ်များကို မြင်တွေ့နိုင်လိမ့်မည်ဟုမူ မထင်ထားခဲ့မိချေ။

"ဒါက ဘာကြီးလဲ"

သူ အံ့အားသင့်နေစဉ်အတွင်းမှာပင် အိုမင်းပြီး နက်ရှိုင်းလှသော အသံတစ်ခုက သူ၏ နားထဲသို့ ထွက်ပေါ်လာခဲ့သည်။

မြင့်မြတ်လှသော ကမ္ဘာမြေကြီးသည် အတိုင်းအဆမရှိ ကျယ်ပြောလှပေသည်

နှစ်ပေါင်း ထောင်ချီ ကုန်လွန်သွားခဲ့သော်လည်း

လမ်းစဉ်နှစ်ခုကြားရှိ တိုက်ပွဲကမူ ရပ်တန့်သွားခြင်း မရှိခဲ့ချေ

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်အမျှ အဖြူရောင်ဝတ်စုံကို ဆင်ယင်ထားသော အဖိုးအိုတစ်ဦးသည် တောင်ထိပ်ပေါ်တွင် ကောင်းကင်ကမ္ဘာကြီး၏ အောက်၌ မတ်မတ်ရပ်လျက် ထွက်ပေါ်လာခဲ့သည်။

သူ ဝတ်ဆင်ထားသော ဝတ်စုံမှာ သာမန်လူများ ဝတ်ဆင်ကြသောအရာများနှင့် မခြားနားဘဲ ရိုးရှင်းလှသော်လည်း သူ၏ အရှိန်အဝါကမူ ဖော်ပြရန်ခက်ခဲလောက်အောင် ထူးကဲလှသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

ယွီမိုကို အံ့အားသင့်စေဆုံးအရာမှာ ထိုအဖိုးအို၏ အနောက်ကွယ်၌ ဓားအစောင်းပေါင်း ဒါဇင်ချီကာ လေထဲတွင် ဝဲပျံနေခြင်းပင်။

ထို့နောက်တွင် နက်ရှိုင်းပြီး အိုမင်းလှသော အသံက ဆက်လက်၍ ထွက်ပေါ်လာခဲ့ပြန်သည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်ခန့်က….

မိစ္ဆာဂိုဏ်းသည် စစ်ပွဲအတွက် ပြင်ဆင်ခဲ့ကြပြီး…..

အလယ်ပိုင်းလွင်ပြင်ကြီးကို ကျူးကျော်ဝင်ရောက်ခဲ့ကြသည်…..

ထိုအသံနှင့်အတူ မျက်စိတဆုံး မြက်ပင်တစ်ပင်မျှ မရှိဘဲ ထူထပ်လှသော မည်းမှောင်သည့် ချီစွမ်းအင်များ ဖုံးလွှမ်းနေသော ရိုင်းစိုင်းလှသည့် ကမ္ဘာမြေကြီးတစ်ခုမှာ ထိုအဖိုးအို၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့ပြီး ၎င်းမှာ သေဆုံးခြင်းနယ်မြေတစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။

သေဆုံးခြင်းနယ်မြေဟူသည့် နာမည်နှင့်အညီ ထိုနေရာတွင် ရေတွက်၍မရနိုင်လောက်အောင်များပြားလှသော လူအများအပြားမှာ မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံထားခဲ့ကြရပြီး မည်သည့်အသက်ရှင်ကျန်ရစ်သူကိုမျှ မြင်တွေ့ရခြင်း မရှိချေ။

ထိုသေဆုံးခြင်းနယ်မြေအတွင်း၌မူ အဖြူရောင်နှင့် အမည်းရောင်အဖွဲ့အစည်းပေါင်း ထောင်ချီကာ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး ၎င်းမှာ တကယ့်ကိုပဲ အံ့ဩမှင်တက်စရာ မြင်ကွင်းကြီး ဖြစ်သည်။

အဖြူရောင်အဖွဲ့အစည်းက အနောက်သို့ ဆုတ်ခွာသွားခဲ့သည့်အချိန်တွင် အဖြူရောင်ဝတ်စုံဆင်ယင်ထားသော အဖိုးအိုသည် မည်သည့်သွေးကြောတံခါးကိုမျှ ဖွင့်လှစ်ခြင်းမရှိဘဲ သူ၏ လက်ညှိုးတစ်ချောင်းကိုသာ အသာအယာ လှုပ်ရှားလိုက်ရာ လေထဲတွင် ဝဲပျံနေသော ဓားများအားလုံးက တရှိန်ထိုး ပျံသန်းထွက်ခွာသွားခဲ့ကြတော့သည်။

ထိုဓားများမှာ တောင်ထိပ်၏ ရှေ့မှောက်ရှိ သေဆုံးခြင်းနယ်မြေအတွင်းသို့ မိုးပဒေသာ ရွာသွန်းချလိုက်သကဲ့သို့ပင် တရဟော ကျရောက်သွားခဲ့ကြရာ ယွီမိုကို ပို၍ပင် အံ့ဩသွားစေခဲ့သောအရာမှာ ထိုဓားများတွင် မျက်လုံးများ ပါရှိနေသကဲ့သို့ပင် ဖြစ်နေပြီး ၎င်းတို့က အမည်းရောင်ဝတ်စုံဝတ်ဆင်ထားသူများ၏ ရင်ဘတ်များကိုသာ တည့်တည့်မတ်မတ် ထိုးဖောက်သွားခဲ့ကြခြင်းပင်။

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူ မည်သူတစ်ဦးတစ်ယောက်မျှ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ချေ။

ခဏချင်းအတွင်းမှာပင် အမည်းရောင်ဝတ်စုံဝတ်ဆင်ထားသူ ရာပေါင်းများစွာမှာ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားခဲ့ကြရပြီး သေကျေပျက်စီးမှု အရေအတွက်မှာ အကြည့်တစ်ချက်တည်းနှင့်တင် ရေတွက်ရန် မဖြစ်နိုင်လောက်အောင်ပင် များပြားသည်။

"ဒါက ဘယ်လိုမျိုး သွေးကြောသိုင်းကွက်လဲ"

သူ သိရှိထားသည်မှာ ဓားချီစွမ်းအင်များကို စေခိုင်းလျက် အခြားသူများကို ထိခိုက်နာကျင်စေခြင်းက နက်နဲသောအဆင့် ဓားသိုင်းပညာရပ်တွင် အမြင့်မားဆုံးသော သိုင်းကွက်ပင်။

သို့သော်လည်း ယခုမြင်ကွင်းအတွင်း၌မူ ဓားများက လေထဲတွင် လွတ်လပ်စွာ ပျံသန်းနိုင်နေကြသည်။

ထိုအရာတင်မကသေးဘဲ ကိုက်ပေါင်း ရာချီ၊ ထောင်ချီကွာဝေးသော နေရာအထိ ပျံသန်းသွားနိုင်ကြပြီး လူပေါင်း ရာချီကို သတ်ဖြတ်နိုင်ကြသည်။

ယွီမိုက မနေနိုင်ဘဲ "ဒီချင်ယွမ်းမှတ်တမ်းများဆိုတာက... ဘယ်လိုဇာတ်လမ်းမျိုးလဲ" ဟု အံ့ဩတကြီးဖြင့် ညည်းတွားလိုက်မိတော့သည်။

...

အခြားတစ်ဖက်တွင်မူ ချူရောက်တောင်တန်းမှ ထွက်ခွာလာပြီးနောက် ဝမ်ပင်းသည် ယနေ့ညအတွက် လရောင်မုန့်လုံးများကို ပြင်ဆင်ချက်ပြုတ်ရန် မီးဖိုချောင်ဆီသို့ သွားရောက်ခဲ့သည်။

မီးဖိုချောင်အတွင်း၌မူ ဓားဖြင့် စဉ်းတီတုံးပေါ် တတောက်တောက်စဥ်းနေသော အသံများက မနားတမ်း ထွက်ပေါ်နေခဲ့သည်။

နက်နဲသောအဆင့်သို့ တက်လှမ်းပြီးနောက်တွင် သူ၏ ခွန်အားနှင့် အလျင်နှုန်းမှာ နှစ်ဆခန့် တိုးပွားလာခဲ့ပြီဖြစ်ရာ ဝမ်ပင်းသည် ကုန်ကြမ်းပစ္စည်းအားလုံးကို အလျင်အမြန်ပင် ပြုပြင်စီမံလိုက်ပြီး မုန့်လုံးများအဖြစ် သေချာစွာ ထုပ်ပိုးလျက် အိုးအတွင်းသို့ ထည့်သွင်းလိုက်တော့သည်။

အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားခဲ့ရာ ညနေစောင်းအချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဟွမ်ယီသည် တစ်ကိုယ်လုံး မောပန်းနွမ်းနယ်နေသော ပုံစံဖြင့် တိုက်ပွဲနယ်ပယ်အတွင်းမှ အပြေးအလွှား ထွက်လာခဲ့ပြီး တိုက်ပွဲနယ်ပယ်ဆီသို့ သွားရောက်ရန် ပြင်ဆင်နေသော ချင်ရှန်းနှင့် ချက်ချင်းပင် ထိပ်တိုက်ဆုံတွေ့သွားခဲ့ကာ "အကြီးအကဲချင်... မင်း ရောက်လာပြီပဲ" ဟု နှုတ်ဆက်လိုက်သည်။

ချင်ရှန်းက "မင်း တိုက်ပွဲနယ်ပယ်ကို ဆက်ပြီး မသုံးတော့ဘူးလား" ဟု မေးလိုက်သည်။

"မသုံးတော့ပါဘူး အကြီးအကဲချင်ပဲ အေးအေးဆေးဆေး သွားပြီး ကျင့်ကြံပါတော့။ ကျွန်တော်ကတော့ အရင်ဆုံး ညစာစားဖို့ သွားတော့မယ်"

"ကောင်မလေး... ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး အချိန်ကို လုရမယ်လေ။ နေ့တိုင်း အစားအသောက်အကြောင်းပဲ တွေးနေလို့ မရဘူး။ မင်း ငါ့အသက်အရွယ်လောက် ရောက်လာတဲ့ အချိန်ကျရင် အချိန်ရဲ့ တန်ဖိုးကို ပိုပြီးတော့ နားလည်လာလိမ့်မယ်"

"ဟီးဟီး... အကြီးအကဲချင် အချိန်က တကယ်ပဲ တန်ဖိုးရှိပါတယ်။ အကြီးအကဲပဲ အချိန်ယူပြီး ကျင့်ကြံနေလိုက်ပါဦး"

ဟွမ်ယီသည် ထိုသို့ပြောပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားခဲ့တော့သည်။

ဟွမ်ယီတစ်ယောက် မြှားတစ်စင်းကဲ့သို့ အလွန်အမင်း အပြေးအလွှား ထွက်ခွာသွားသည်ကို ကြည့်ရင်း ချင်ရှန်းသည် သူ၏ခေါင်းကို ပုတ်လိုက်မိကာ ရုတ်တရက်ဆိုသလို သဘောပေါက်သွားခဲ့ရသည်။

"ငါ မေ့သွားတယ်... ဒီနေ့ညက မုန့်လုံးစားရမယ့် ညပဲ"

ထို့နောက်တွင် ချင်ရှန်းသည်လည်း အနောက်မှနေ၍ အလျင်အမြန် လိုက်ပါသွားခဲ့တော့သည်။

သို့သော်လည်း သူသည် မှေးမှိန်လှသော ညနေဆည်းဆာအချိန်၌ ယွမ်းလန်တောင်ဆီသို့ လှမ်းလျှောက်သွားနေသည့်အချိန်တွင် လမ်းမထက်၌ ဖြည်းညှင်းစွာ လျှောက်လှမ်းလျက် ကိုယ့်ကိုကိုယ် တတွတ်တွတ် ရေရွတ်နေသော ယွီမိုနှင့် မထင်မှတ်ဘဲ ထိပ်တိုက်ဆုံတွေ့သွားခဲ့ရပြီး ထိုယွီမိုက "ငါ ကမ္ဘာမြေကြီးပေါ်မှာ ဆယ်စုနှစ်ပေါင်းများစွာ လှည့်ပတ်ခဲ့တာတောင်မှ... ဖားတစ်ကောင်လို ရေတွင်းထဲမှာပဲ လည်ပတ်နေခဲ့ရတာပါလား။ ဒီကမ္ဘာပေါ်မှာ ချင်ယွမ်းတောင်ဆိုတာ ရှိနေပြီး၊ အဲဒီနေရာက လူတိုင်းက သွေးကြောတံခါးကို ဖွင့်စရာမလိုဘဲ အမျိုးမျိုးသော သိုင်းကွက်တွေကို စေခိုင်းနိုင်ကြတာပဲ" ဟု ရေရွတ်နေခဲ့တော့သည်။

အခန်း။ ၁၆၆

"အစ်ကိုယွီ... ခင်ဗျား ဘာဖြစ်နေတာလဲ"

"ဦးလေးယွီ... ဘာတွေ လျှောက်ပြောနေတာလဲဟင်"

သူတို့နှစ်ဦးက တပြိုင်နက်တည်း မေးမြန်းလိုက်ကြသည်။

တစ်ဖက်တွင်မူ ယွီမိုတစ်ယောက် စိတ်လွင့်နေသည်ကို သူတို့ သတိပြုမိကြပြီး အခြားတစ်ဖက်တွင်မူ ချင်ရှန်းသည် သွေးကြောတံခါးကို ဖွင့်စရာမလိုဘဲ သိုင်းကွက်များကို စေခိုင်းနိုင်သည်ဟူသော စကားကို ကြားလိုက်ရသဖြင့် သူတို့၏ စူးစမ်းလိုစိတ်ကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

သို့သော်လည်း ယွီမိုသည် သူတို့၏အသံကို ကြားလိုက်ရသည့်အခါ သူ၏နားအနီးတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရုတ်တရက် တုန်လှုပ်သွားခဲ့ရသည်။

သူ သတိပြန်ဝင်လာရန်အတွက် ခဏမျှ အချိန်ယူလိုက်ရပြီးမှ "ဩော်... မင်းတို့နှစ်ယောက်ကိုး" ဟု ရေရွတ်လိုက်သည်။

ဟွမ်ယီက ဖြဲပြုံး ပြုံးပြလိုက်ရင်း "ဟဲဟဲ... ကျွန်မ စကားတစ်ခွန်းတည်းနဲ့တင် နက်နဲသောအဆင့် ကျင့်ကြံသူတစ်ယောက်ကို လန့်သွားအောင် လုပ်နိုင်ခဲ့တာပဲ။ ဟွမ်ယီတစ်ယောက် ဒီလောက်အထိ သန်မာလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး" ဟု ပြောလိုက်သည်။

"ကောင်မလေး... ငါ့ကို လာပြီး မစနောက်စမ်းပါနဲ့"

ယွီမိုသည် ဟွမ်ယီ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်ထားခဲ့သည်။

ထိုအချိန်တွင် ချင်ရှန်းက "အစ်ကိုယွီ... ခင်ဗျား ခုနက ပြောနေတဲ့ ချင်ယွမ်းတောင်ဆိုတာ ဘာကြီးလဲဗျ" ဟု မေးမြန်းလိုက်ပြန်သည်။

"အဲဒါက မြင့်မြတ်လှသော ကမ္ဘာမြေကြီးလို့ လူသိများတဲ့ နေရာတစ်ခုက တောင်ထိပ်တစ်ခုပဲ"

"မြင့်မြတ်လှသော ကမ္ဘာမြေကြီး ဟုတ်လား... တစ်ခါမှ မကြားဖူးပါဘူး။ အစ်ကိုယွီက အဲဒီနေရာကို အရင်က သွားဖူးခဲ့လို့ ရုတ်တရက်ကြီး မယုံနိုင်စရာကောင်းတဲ့ အရာတစ်ခုကို ပြန်တွေးမိနေတာလား"

ယွီမိုသည် အရှေ့အိုင်တစ်ခွင်လုံးတွင် ကျော်ကြားလှသော လှည့်လည်သွားလာသူတစ်ဦး ဖြစ်သည်။

သူ သွားရောက်ခဲ့သော နေရာများနှင့် သူ မြင်တွေ့ခဲ့ရသောအရာများမှာ လူအများစုအနေဖြင့် ဘဝဆယ်ဘဝစာ ကျင်လည်ခဲ့လျှင်တောင် မြင်တွေ့နိုင်လိမ့်မည်မဟုတ်ချေ။

သူ ပြောပြသောအရာအချို့မှာလည်း ယုံကြည်ရန် ခက်ခဲသည်။ ၎င်းက ချင်ရှန်းအား အရှေ့အိုင်၏ အပြင်ဘက်ရှိ ထိုမြင့်မြတ်လှသော ကမ္ဘာမြေကြီးအကြောင်းကို အလွန်အမင်း စူးစမ်းချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။

"အဲဒီနေရာမှာ ဘာတွေများ ထူးခြားနေလို့ နက်နဲတဲ့အဆင့် ကျင့်ကြံသူတစ်ယောက်တောင် စိတ်လွင့်သွားရလောက်တဲ့အထိ ဖြစ်သွားတာလဲ"

အဆန်းဆုံးအရာမှာ သူ အနားသို့ ကပ်၍ နှုတ်ဆက်လိုက်သည့်အချိန်တွင် ယွီမိုတစ်ယောက် လန့်ဖျပ်သွားခဲ့ခြင်းပင်။

သူ့၌ နက်နဲသောအဆင့်၏ အာရုံခံစားမှုမျိုး မရှိတော့သည့်အပြင် အခြေခံအကျဆုံးဖြစ်သော သတိဝီရိယမျိုးပင် ကင်းမဲ့နေခဲ့သည်။

အကယ်၍ ထိုအချိန်တွင် ရန်သူတစ်ယောက်သာ ရောက်ရှိလာခဲ့မည်ဆိုပါက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံးရှိသော လူတစ်ယောက်ကပင် သူ့ကို အလွယ်တကူ သတ်ဖြတ်သွားနိုင်သည်။

ထိုသို့သာဆိုလျှင် သူသည် နက်နဲသောအဆင့်တွင် ရှိနေပါလျက်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ့်သုံးရှိသော လူတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရသည့် သမိုင်းတစ်လျှောက် ပထမဆုံးသော လူသား ဖြစ်လာလိမ့်မည်။

ယွီမိုသည် ခဏမျှ တွေးတောလျက် ဝေခွဲမရ ဖြစ်နေပြီးမှ "ငါ အဲဒါကို ရုပ်ရှင်ကြည့်ခန်းမထဲမှာ မြင်ခဲ့တာ။ ငါ အဲဒီမှာ ထိုင်နေတုန်း... ငါ့ကို အခြားကမ္ဘာတစ်ခုထဲ ခေါ်သွားတာ။ အဲဒီနေရာကို မြင့်မြတ်လှသော ကမ္ဘာမြေကြီးလို့ ခေါ်ပြီး အဲဒီ မြင့်မြတ်လှသော ကမ္ဘာမြေကြီးပေါ်မှာ ချင်ယွမ်းတောင်ဆိုတာ ရှိတယ်။ ချင်ယွမ်းတောင်ပေါ်မှာတော့ အဓိက တာအိုဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ ချင်ယွမ်းဂိုဏ်းရှိတယ်။ အဲဒီဂိုဏ်းက ကျင့်ကြံသူအားလုံးက သွေးကြောတံခါးကို ဖွင့်စရာမလိုဘဲ သိုင်းကွက်တွေကို စေခိုင်းနိုင်ကြတဲ့အပြင် ဓားတွေကိုပါ လေထဲမှာ ထိန်းချုပ်နိုင်ကြတာ သူတို့က ငါတို့ရဲ့ ဓားချီစွမ်းအင်နဲ့ သတ်ဖြတ်တဲ့ သဘောတရားတွေကို လုံးဝစွန့်ပယ်ထားကြပြီး အဲဒီအစား ဓားရှည်တွေကို ပေပေါင်း ရာချီကွာဝေးတဲ့ နေရာကနေ တိုက်ရိုက် ပျံသန်းသတ်ဖြတ်နိုင်အောင် စေခိုင်းနိုင်ကြတာ" ဟု ပြောလိုက်တော့သည်။

"ဒီလို ဆန်းကြယ်တဲ့ နယ်မြေထဲမှာ တကယ်ပဲ အံ့ဩစရာကောင်းတဲ့ သိုင်းကွက်တွေ ရှိနေတာပဲကိုး"

ချင်ရှန်းသည် စိတ်ထဲမှ တိတ်တဆိတ် အံ့ဩသွားခဲ့ရပြီး ချင်ယွမ်းဂိုဏ်းအပေါ်တွင် အလွန်အမင်း စိတ်ဝင်စားသွားခဲ့သည်။

ထို့နောက် သူက "ဒါက အခြားသော အာကာသဟင်းလင်းပြင်တစ်ခုက ကမ္ဘာများလားဗျာ" ဟု မေးလိုက်သည်။

"ငါလည်း မသိဘူး။ ဒီကိစ္စကိုတော့ ကောင်လေး ဝမ်ပင်းကိုပဲ သွားမေးရလိမ့်မယ်။ အဲဒီကမ္ဘာထဲမှာ ငါက ကြည့်ရှုသူတစ်ယောက်အဖြစ်ပဲ ကန့်သတ်ခံထားရပြီး အခြားဘာမှ လုပ်လို့မရတဲ့အတွက် အများကြီးတော့ မသိရဘူး"

"အစ်ကိုယွီရဲ့ စကားတွေက တကယ်ကို တုန်လှုပ်စရာကောင်းတာပဲ"

ရုပ်ရှင်ကြည့်ခန်းမ….

ချင်ရှန်းသည် ဤစကားလုံး လေးလုံးကို သူ၏စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်တော့သည်။

၎င်းကို ကြားလိုက်ရသည့်အချိန်တွင် ဟွမ်ယီက သူမ၏ဘေးနားမှနေ၍ ရုတ်တရက် အော်ဟစ်လိုက်ကာ "ရုပ်ရှင်ကြည့်ခန်းမကို ဂိုဏ်းချုပ်က ဒီနေ့တင် အသစ်ဖွင့်ပေးခဲ့တာပဲ။ သူက ကျင့်ကြံခြင်းအတွက် အထောက်အကူမပြုဘူးလို့ ပြောခဲ့လို့ ဘယ်သူမှ မသွားခဲ့ကြတာ" ဟု ပြောလိုက်သည်။

ချင်ရှန်းက သူ၏စိတ်ကို ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။

"ကျင့်ကြံခြင်းအတွက် အထောက်အကူမပြုရင်တောင်မှ... ငါကတော့ သေချာပေါက် သွားကြည့်ရမယ်"

ယွီမိုကို နှုတ်ဆက်ပြီးနောက်တွင် သူသည် လူတိုင်းနှင့်အတူ မုန့်လုံးများ စားသုံးရန်အတွက် မီးဖိုချောင်ဆီသို့ တိုက်ရိုက် သွားရောက်ခဲ့တော့သည်။

သူတို့ ထိုနေရာတွင် ရှိနေသည့်အချိန်အတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ရုပ်ရှင်ကြည့်ခန်းမအကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြချေ။

သူသည် ထိုအကြောင်းအရာကို စကားစတင်လိုသော်လည်း ယွမ်လျောင်က သူ၏ သွေးကြောတံခါး ပွင့်တော့မည့်အကြောင်းကို ပြောဆိုလာခဲ့သဖြင့် ထိုအကြောင်းအရာကိုသာ ဆက်လက်၍ မြိုင်မြိုင်ဆိုင်ဆိုင် စကားစမြည် ပြောဖြစ်သွားခဲ့ကြတော့သည်။

ဆန်းဝူမြို့အတွင်း၌ ရန်အိမ်တော်တံခါးဝအပြင်ဘက်တွင် မြင်းရထားတစ်စီး ဆိုက်ရပ်လာခဲ့ပြီး ဝဝတုတ်တုတ်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဆင်းသက်လာခဲ့သည်။

သူ၏ လက်မောင်းနှစ်ဖက်မှာ အခြားလူများ၏ ပေါင်ထက်ပင် ပို၍ တုတ်ခိုင်နေပြီး တစ်ကိုယ်လုံး၏ အလေးချိန်မှာ ပေါင်သုံးရာခန့် ရှိမည့်ပုံပေါ်သည်။ သို့သော်လည်း သူ၏ ထိုမျှလောက်သော အဝလွန်မှုများကြားမှပင် သူ၏မျက်ဝန်းများကမူ ဝံပုလွေတစ်ကောင်ကဲ့သို့ ပြင်းထန်လှသော ထက်မြက်မှုများကို ထုတ်ဖော်ပြသနေခဲ့ရာ ၎င်းမှာ အဝလွန်သော လူအများစု၏ အိပ်ချင်မူးတူးဖြစ်နေတတ်သော မျက်လုံးများနှင့် လုံးဝဥဿုံ ကွဲပြားခြားနားသည်။

သူ မြင်းရထားပေါ်မှ ဆင်းလာသည်နှင့်တစ်ပြိုင်နက် ဟွမ်ခုန်းက အပြင်သို့ထွက်၍ ကြိုပြောလိုက်သည်။

"အစ်ကိုရှန်... ကျွန်တော် ခင်ဗျားကို စောင့်နေတာ ကြာလှပြီ"

ဟွမ်ခုန်းက လက်သီးစုကာ နှုတ်ဆက်လိုက်ရာ ထိုဝဝတုတ်တုတ် သက်လတ်ပိုင်းအမျိုးသားက သူ၏ဖြူဖွန်းလှသော သွားများကို ပေါ်အောင် ဖြဲပြုံး ပြုံးလိုက်ရင်း "မင်း ဒီရက်ပိုင်းတွေမှာ ပိန်သွားတာပဲ ဘာမှစားစရာ မရှိဘူးလား" ဟု ပြန်မေးလိုက်သည်။

"မှန်ပါတယ်... ဒီရက်ပိုင်းတွေမှာ တကယ်ပဲ စားစရာ ဘာမှမရှိဘူး"

"ဒါဆိုရင်လည်း နောက်ဆုံးကျမှ ကိုယ့်ကိုကိုယ် ပြန်စားမပစ်နဲ့ဦးပေါ့။ မင်းသာမရှိရင် ငါက နောက်ထပ် နှစ်ပေါင်းတစ်ထောင်ကို ဘယ်လိုမျိုး ဖြတ်သန်းရမလဲ... ငါ့သူငယ်ချင်းလေး"

"အစ်ကိုရှန်ကတော့ နောက်ပြောင်နေပြန်ပြီ"

ဟွမ်ခုန်းက ပြုံးလျက် ခေါင်းခါလိုက်ပြီး အဝေးတွင် မတ်မတ်ရပ်နေသော ဟွမ်ချန်အား ပေါ့ပေါ့ပါးပါး လှမ်းကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဟွမ်ချန်တစ်ယောက် လှည့်ထွက်သွားသည်ကို ကြည့်နေခဲ့သည်။

ထိုခဏ၌ပင် ထိုဝတုတ်ကြီးသည် သူ၏အိတ်ကပ်ထဲမှ ကြက်ဥတစ်လုံးခန့် ပမာဏရှိသော အဖြူရောင် လုံးဝန်းသည့် ပုံဆောင်ခဲတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်ပြီး သူ၏ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်တော့သည်။

ခဏချင်းအတွင်းမှာပင် သတ္တုများ ကြေမွပျက်စီးသွားသကဲ့သို့သော အသံမျိုးက သူ၏ပါးစပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ထိုအသံက လူကို ကြက်သီးမွေးညင်းထသွားစေလောက်ပြီး ထိုဝတုတ်ကြီး၏ သွားများက စတီးလ်ကဲ့သို့ မာကျောလှသော အဖြူရောင်ပုံဆောင်ခဲကို မည်ကဲ့သို့ ကြိတ်ခြေပစ်နိုင်ရသလဲဆိုသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။

ထိုဝတုတ်ကြီးက မတတ်သာဘဲ သူ၏လက်ချောင်းများကို လျှာဖြင့် လျက်လိုက်ရင်း "မင်းမှာ စားစရာမရှိဘူး၊ ငါကကျတော့ ဘာကိုမှ မစားချင်ဘူး။ ငါက အဖြူရောင်ပုံဆောင်ခဲတွေကို စားပြီးတော့ပဲ အသက်ရှင်နိုင်တာ။ ကဲ... သွားကြစို့ ငါတို့ ခရီးစတင်သင့်ပြီ" ဟု ပြောလိုက်သည်။

"ခဏစောင့်ပါဦး... မသွားခင် ငါ ဟွမ်ယီကို နောက်ဆုံးတစ်ခေါက်လောက် ကြည့်ပါရစေဦး"

"မင်းသမီးလေးက ဘာဖြစ်လို့လဲ"

"ငါ သူမရဲ့ မိစ္ဆာသဘာဝကို ဖိနှိပ်ပေးနိုင်မယ့် နေရာတစ်ခုကို ရှာတွေ့ခဲ့လို့ သူမက အဲဒီမှာပဲ သိုင်းကျင့်နေတာ"

"ဒါဆိုရင်တော့ ဂုဏ်ယူပါတယ်ဗျာ မင်း အရှေ့အိုင်တစ်ခုလုံးကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ သူမရဲ့ မိစ္ဆာသဘာဝကို ဖိနှိပ်ပေးနိုင်မယ့် နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီပေါ့။ သွားကြစို့... မင်းရဲ့ ရတနာလို သမီးလေးကို သွားကြည့်ပြီးရင် ငါတို့ အရှေ့အိုင်ကနေ ထွက်ခွာကြတာပေါ့"

ဟွမ်ခုန်းက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူ၏အနောက်ရှိ ရန်ကျုံးရှန်အား "အစ်ကိုရန်... နောင်အနာဂတ်ကျမှ ပြန်ဆုံကြတာပေါ့" ဟု စကားပြောလိုက်သည်။

"ဂရုစိုက်ပါ အစ်ကိုဟွမ်။ ကျွန်တော် ဟွမ်ယီကို ခင်ဗျားကိုယ်စား သေချာ စောင့်ရှောက်ပေးထားပါ့မယ်"

ရန်ကျုံးရှန်က ပြန်လည်၍ အမူအရာ ပြုလုပ်လိုက်ပြီးနောက် ဘေးနားရှိ အစေခံတစ်ဦးအား လက်ဟန်ပြလိုက်ရာ ထိုအစေခံက လက်ဆောင်သေတ္တာတစ်ခုကို အလျင်အမြန် သယ်ဆောင်လာခဲ့သည်။

"အစ်ကိုဟွမ်... ဒါက ကျွန်တော့်ဇနီးသည် လုပ်ထားတဲ့ မုန့်အချိုပွဲလေးပါ။ ခင်ဗျားလုပ်တဲ့ မုန့်တွေလောက် မကောင်းပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ စေတနာတွေကို ကိုယ်စားပြုပါတယ်။ ကျေးဇူးပြုပြီး ခရီးစဉ်အတွက် ယူဆောင်သွားပေးပါ"

"အင်း"

ဟွမ်ခုန်းက ခေါင်းငြိမ့်ကာ ထိုလက်ဆောင်သေတ္တာကို လှမ်းယူလိုက်သည်။

ထို့နောက်တွင် သူသည် မြင်းရထားပေါ်သို့ လှမ်းတက်လိုက်ပြီး ထိုဝဝတုတ်တုတ် သက်လတ်

ပိုင်းအမျိုးသားနှင့်အတူ ယွမ်းလန်တောင်ဆီသို့ ဦးတည်၍ ထွက်ခွာခဲ့ကြတော့သည်။

ယွမ်းလန်တောင်သို့ ရောက်ရှိပြီးနောက် ထိုဝတုတ်ကြီးသည် မြင်းရထားပေါ်မှ ခြေတစ်လှမ်းဖြင့် ဆင်းသက်လာခဲ့ပြီး ဓားကျောက်စာတိုင်ကို လက်ညှိုးထိုးပြကာ "မင်းသမီးလေးက တကယ်ပဲ ဒီမှာ ရှိနေတာလား" ဟု မေးလိုက်သည်။

"သေချာတာပေါ့"

"မဆိုးပါဘူး... ကောင်းမွန်တဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့တာပဲ။ မသေမျိုးဂိုဏ်းက ကျော်ကြားတဲ့ ဂိုဏ်းကြီးတစ်ခု မဟုတ်ပေမဲ့လည်း ဂိုဏ်းချုပ် ဝမ်ရန်ကတော့ သတ္တိနဲ့ အမြော်အမြင် ရှိတဲ့ လူတစ်ယောက်ပဲ"

"ဝမ်ရန်က ပျောက်ဆုံးသွားခဲ့ပြီ"

"ပျောက်ဆုံးသွားခဲ့ပြီ ဟုတ်လား... ကောင်းပြီလေ မင်းလည်း ငါ့အကြောင်း သိတာပဲ... ငါက မိုင်ထောင်ချီလွင်ပြင်ထဲကနေ ထွက်ခဲတယ်ဆိုတာ"

သူက ပြုံးလိုက်ရင်း အခြားသော အဖြူရောင်ပုံဆောင်ခဲတစ်ခုကို ထပ်မံ ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်သွင်းလိုက်ပြီး ပါးစပ်အတွင်း၌ ပဲစိမ်းများကို ဝါးစားနေသကဲ့သို့ပင် အလွယ်တကူ တဂျွတ်ဂျွတ် ဝါးစားလိုက်တော့သည်။

အဖြူရောင်ပုံဆောင်ခဲ၏ တန်ဖိုး သို့မဟုတ် နက်နဲသောအဆင့် ကျင့်ကြံခြင်းအတွက် ၎င်း၏ အကျိုးကျေးဇူးများကို ထည့်မပြောဘဲထားလျှင်ပင် ယွီမိုကိုယ်တိုင်ကပင် ၎င်း၏မာကျောမှုကို မဖျက်ဆီးနိုင်ချေ။

သို့သော်လည်း ဤလူ၏ ပါးစပ်အတွင်း၌မူ ၎င်းက ပဲစိမ်းတစ်စေ့ကဲ့သို့ ဖြစ်နေခဲ့ရာ တကယ်ကိုပဲ တုန်လှုပ်ချောက်ချားစရာ ကောင်းသည်။

အမှန်စင်စစ်အားဖြင့် သူ၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ချက်က ပို၍ပင် တုန်လှုပ်စရာ ကောင်းလှသည်။

သူသည် ဝူမြို့၏ အပြင်ဘက်ရှိ မိုင်ပေါင်းထောင်ချီကျယ်ပြောလှသော လွင်ပြင်ကြီး၏ မိစ္ဆာဘုရင်ဖြစ်ပြီး ငွေရောင်လမင်း ဝံပုလွေဘုရင်ဟု လူသိများသလို ရှန်လီရန်ဟုလည်း ခေါ်တွင်ကြသည်။

သူသည် တောက်တီကဲ့သို့ပင် အစားအသောက်ကို အလွန်အမင်း နှစ်သက်သော်လည်း ပို၍ ဇီဇာကြောင်ကာ လူသားတို့၏ မီးခိုးနှင့် မီးလျှံများ ငြိစွန်းနေသောအရာ မှန်သမျှကို ငြင်းပယ်လေ့ရှိပြီး မြေအောက်မှ သူကိုယ်တိုင် တူးဖော်ရရှိသော အဖြူရောင်ပုံဆောင်ခဲများကိုသာ စားသုံးလေ့ရှိသည်။

၎င်းကို ကြားလိုက်ရသည့်အခါ ဟွမ်ခုန်းမှာ မတတ်သာသလို သနားကရုဏာလည်း သက်မိသွားကာ "မင်း အနည်းငယ်လောက် လျှော့ပြီး မစားနိုင်ဘူးလား" ဟု ပြောလိုက်သည်။

"ဒါက အကျင့်ဖြစ်နေလို့ပါ"

သူ ပြုံးလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် အခြားလက်တစ်ဖက်ဖြင့် အတွင်းသို့ လှမ်းနှိုက်လိုက်ရာ သဘာဝအတိုင်းပင် အခြားသော အဖြူရောင်ပုံဆောင်ခဲတစ်ခုကို ထပ်မံ၍ ဖမ်းဆုပ်မိသွားခဲ့ပြန်သည်။

ထိုမိစ္ဆာနှစ်ကောင် တောင်ပေါ်သို့ တက်လာသည့်အချိန်တွင် ဝမ်ပင်းသည် သဘာဝကျကျပင် သတိပြုမိခဲ့သော်လည်း သူသည် လရောင်မုန့်လုံးများကို သေချာစွာ စောင့်ကြည့်နေရမည်ဖြစ်သဖြင့် ဟွမ်ခုန်းအား သွားရောက်ကြိုဆိုရန်အတွက် ဟွမ်ယီကိုသာ အပြင်သို့ ထွက်ခွာခိုင်းလိုက်နိုင်သည်။

ရှန်လီရန်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ဟွမ်ယီ၏ မျက်နှာအမူအရာမှာ သိပ်ပြီးတော့ မကြည်လင်လှဘဲ နှုတ်ခမ်းကို စူလိုက်ရင်း "ဦးလေးရှန်က ဘာဖြစ်လို့ မသေမျိုးဂိုဏ်းဆီကို ဒီလောက်တောင် ညဉ့်နက်တဲ့အချိန်ကြီး ရောက်လာရတာလဲ" ဟု စကားပြောလိုက်သည်။

ရှန်လီရန်က ခါးသီးလှသော အပြုံးတစ်ခုကို အတင်းအကြပ် ပြုံးလိုက်ရင်း "ဟေး... မင်းသမီးလေး ငါတို့ မတွေ့ရတာ တစ်နှစ်တောင် ရှိသွားပြီပဲ။ မင်း ငါ့ကို သတိမရတာက ထားပါတော့... အခုတော့ ငါ့ကိုတောင် လာပြီး စောဒကတက်နေပြီပေါ့လေ" ဟု ပြောလိုက်သည်။

ဟွမ်ယီက တခိခိ ရယ်မောလိုက်သော်လည်း လရောင်မုန့်လုံးများမှာ မကြာခင်မှာပင် စားသုံးနိုင်တော့မည်ဖြစ်သည်ကို တွေးမိကာ သူမအနေဖြင့် လက်လွတ်သွားမည်ကို စိုးရိမ်မိသဖြင့် အလျင်အမြန်ပင် "အာ... ဦးလေးရှန် ဒီမှာ ခဏလောက် ထိုင်နေလိုက်ပါဦး သမီး... ဦးလေးအတွက် ရေနွေးကြမ်း သွားခပ်ပေးမယ်လေ" ဟု ပြောလိုက်တော့သည်။

ထိုသို့ပြောပြီးနောက်တွင် ဟွမ်ယီသည် အနောက်ဘက်သို့ ချက်ချင်းပင် အပြေးအလွှား ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။

All Chapters