အခန်း ၄၆
Vol. 4 Ch. 46
အခန်း (၄၆)
ထိုစကားများအား ကြားသောအခါ ဖုန်းကျို့သည် မျက်လုံးများကို ပင့်လျှင်မ သူ့အား ကြည့်လိုကိ်သည်။ ဝိညာဉ်ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်လာနေသည်အား မြင်လိုက်ရသဖြင့် သူမသည် သူ့အနီးသို့ လျှောက်သွားလိုက်တော့သည်။
သူမ၏ မျက်စိရှေ့ရှိ လေထဲတွင် ဝဲပျံနေသော ထိုဝိညာဉ်ပုံရိပ်မှာ သွေးအဆီနှစ်ထဲတွင် ကျန်ရစ်နေခဲ့သည့် နောက်ဆုံးသော အသိစိတ်အာရုံမျှသာ ဖြစ်ကြောင်း သူမ သိထားလေသည်။ သွေးအဆီနှစ်များ ခမ်းခြောက်သွားသည်နှင့် တစ်ပြိုင်နက် ထို အသိစိတ်အာရုံနှင့် ထိုလူသားသည် ဤလောကကြီးထဲမှ ထာဝရ ပျောက်ကွယ် သွားတော့မည် ဖြစ်သည်။
"မင်းရဲ့ အသိစိတ်ကို တည်ငြိမ်အောင်ထား စိတ်နှလုံးနဲ့ ချီစွမ်းအင်တွေကို ငြိမ်သက်အောင် လုပ်ထားလိုက် လုပ်ငန်းစဉ်က နည်းနည်းတော့ နာကျင်လိမ့်မယ် ဒါပေမဲ့ မင်း တောင့်ခံထားမှ ရလိမ့်မယ်"
ချူပါထျန်းသည် ဩဇာပါသော အသံကြီးဖြင့် ပြောလိုက် ပြီးနောက် သူ၏ နောက်ဆုံးကျန်ရှိနေသော သွေးအဆီနှစ်များအား ဖုန်းကျို့၏ ကိုယ်ပေါ်သို့ ရစ်ပတ် လွှမ်းခြုံစေရန် ပို့လွှတ် လိုက်တော့သည်။ မျက်စိဖြင့် မြင်နိုင်သော အလင်းတန်း တစ်ခုသည် ဖုန်းကျို့၏ ခန္ဓာကိုယ်ထက်သို့ လွှမ်းမိုးသွား ပြီးနောက် သူမ၏ မရီဒန်များ အတွင်းသို့ တိုးဝင် သွားခဲ့ကာ ပိတ်ဆို့နေသည်များအား ပွင့်ဟသွားစေခဲ့သည်။
[နာကျင်လိုက်တာ]
[အသည်းခိုက်မတတ် အရိုးကွဲမတတ် နာကျင်မှုကြီးပါလား]
သူမ၏ မရီဒန် လမ်းကြောင်းများ အားလုံးသည် အတွင်းသို့ ဖြတ်သန်း စီးဆင်း လာသော ပြင်းထန် အားကောင်းသည့် ချီစွမ်းအင် လှိုင်းများကြောင့် အတင်းအဓမ္မ ချဲ့ကားခံ နေရလေသည်။ ကျဉ်းမြောင်းရာမှ ကျယ်ပြန့်လာသည် အထိ ပေါက်ကွဲထွက်တော့မည့် အလား ခံစားရသည်အထိ ဆွဲဆန့်ခံနေရခြင်း ဖြစ်သည်။
အလွန်အမင်း နာကျင်ရသော ဝေဒနာကြောင့် သူမ တစ်ကိုယ်လုံး ချွေးစေးများ ရွှဲနစ်သွားစေပြီး ယင်းနာကျင်မှုသည် လူတစ်ယောက်မှ မိမိအသားအား ဓားဖြင့် လှီးဖြတ်နေသည် ထက်ပင် ပို၍ သည်းခံနိုင်စရာ မရှိအောင် ပြင်းထန်လှပေသည်။
သို့သော် သူမသည် အံတင်းတင်းကြိတ် ထားခဲ့ကာ ညည်းတွားသံ တစ်ချက်လေးမျှပင် ထွက်မလာစေရန် တောင့်ခံထားခဲ့သည်။ သူမ၏ လက်နှစ်ဖက်အား လက်သီးဆုပ် ထားလေရာ လက်သည်းခွံများ စိုက်ဝင်သွားသည့် လက်ဖဝါးပြင်ရှိ ဒဏ်ရာများဆီမှ သွေးများပင် စီးကျလာခဲ့တော့သည်။
အကာအကွယ် အတားအဆီး၏ အပြင်ဘက်တွင်မူ မီးဖီးနစ်ငှက်လေးသည် သွေးဆုတ် ဖြူရော်နေသော သူမ၏ မျက်နှာအား မြင်ပြီး စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့လေသည်။ သူသည် အော်ဟစ် ခေါ်ဆိုချင်သော်လည်း သူမ၏ အာရုံစူးစိုက်မှုအား အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်သဖြင့် မည်သည်ကိုမှ မလုပ်နိုင်ပဲ မရီဒန်များ ချဲ့ကားခြင်း၏ ပြင်းထန်သော နာကျင်မှု အောက်တွင် ဖုန်းကျို့ တစ်ယောက် ဝေဒနာ ခံစားနေရသည်ကိုသာ ကြည့်နေရရှာတော့သည်။
သူမ၏ ခန္ဓာကိုယ်အား လွှမ်းခြုံထားသော စွမ်းအင် အရှိန်အဝါများ အားပျော့ လာချိန်တွင် အချိန် တစ်နာရီခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ထိုအခါ သူမသည် မြေပြင်ပေါ်သို့ အားပျော့စွာ လဲကျသွားခဲ့ကာ လေအား ပြင်းပြင်းထန်ထန် ရှူသွင်းနေခဲ့ရလေသည်။
ထိုအဖြစ်အား မြင်သောအခါ မီးဖီးနစ်ငှက်လေးလေးသည် ရုတ်တရက် စိုးရိမ်ထိတ်လန့်စွာ ခုန်ပေါက်သွားပြီး အော်ဟစ်မေးမြန်းလိုက်သည်။
"ဟေး သခင်စုတ် မင်း အဆင်ပြေရဲ့လား"
ဖုန်းကျို့သည် ခန္ဓာကိုယ် အတွင်းမှ အားနည်းနုံးခွေမှုအား ကြိုးစား ရုန်းကန်ရင်း ဝိညာဉ်ပုံရိပ်အား ကြည့်လျှက် မေးလိုက်သည်။
"ဆရာ ဆရာ ဘယ်လိုနေသေးလဲ
"ဆရာက အချိန်အကြာကြီး ကတည်းက သေဆုံးသွားခဲ့တဲ့သူပါကွာ ဆရာ့ရဲ့ စိတ်ဆန္ဒတွေကို ဆက်လက် အကောင်အထည် ဖော်ပေးမယ့် မင်းလို တပည့် တစ်ယောက်ကို ရဖို့အတွက် ငါ့ရဲ့ သွေးအဆီနှစ်တွေနဲ့ အသိစိတ်ကို ဒီအချိန်အထိ ထိန်းထားပြီး စောင့်ဆိုင်းနေခဲ့ရတာ အခုတော့ ဆရာ့မှာ ဘာနောင်တမှ မရှိတော့ပါဘူး"
ချူပါထျန်းသည် သူမအား ကြည့်လျှက် သတိပေးစကား ဆိုလိုက်လေသည်။
"ကလေးမလေး ကိုယ့်ကိုယ်ကိုယ် ကာကွယ် နိုင်လောက်တဲ့ အထိ သန်မာ မလာသေးခင် အချိန်အတွင်းမှာ မင်းရဲ့ လုပ်ရပ်တွေကို သိုသိုသိပ်သိပ် လုပ်ဖို့ မှတ်ထားပါ မင်းမှာ ဆန်းကြယ် ဝိညာဉ်ခန္ဓာကိုယ် ရှိနေတယ်ဆိုတာကို ဘယ်သူ့ကိုမှ အသိမခံနဲ့ မဟုတ်ရင် မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ် ကျင့်ကြံသူတွေရဲ့ လောက ဆိုတာ သနားညှာတာမှု ကင်းမဲ့ပြီး ရက်စက် ကြမ်းကြုတ်တယ် အစွမ်းအထက်ဆုံး ပါရမီရှင် ကျင့်ကြံသူ တစ်ယောက် အနေနဲ့တောင်မှ အရင်ဆုံး ရှင်သန်ကြီးထွားဖို့နဲ့ တိုးတက်ဖို့ လိုအပ်တယ်ဆိုတာကို မှတ်ထားပါ"
"ဟုတ်ကဲ့ပါ ဆရာ တပည့် မှတ်သားထားပါ့မယ်"
ဖုန်းကျို့မှ ခေါင်းညိတ်လိုက်လေရာ သူမ၏ ရင်ထဲတွင် ရုတ်တရက် နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားခဲ့သည်။
"မင်းရဲ့ ကျင့်ကြံခြင်း လမ်းစဉ်အတွက် ဆရာက သိပ်ပြီး လမ်းညွှန်ပေးနိုင်တော့မှာ မဟုတ်ဘူး မင်း ပြန်ရောက်တဲ့အခါ သိုလှောင်လက်စွပ်ထဲမှာ ဆရာ ချန်ထားခဲ့တဲ့ ကျင့်စဉ်တွေကို ကြိုးစားပမ်းစား လေ့လာဖတ်ရှုပါ နောင်တချိန်မှာ မင်းကို ဆက်ပြီး လမ်းညွှန်ပေးနိုင်မယ့် ဆရာကောင်း တစ်ယောက်ကို ရှာဖွေပါ ဒါပေမဲ့ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ဖို့ မမေ့နဲ့ အမြဲတမ်း သတိဝီရိယရှိပါ မင်းရဲ့ ခန္ဓာကိုယ်ထဲက ထူးခြားတဲ့ ဂုဏ်သတ္တိတွေကို တခြားသူတွေကို လုံးဝ(လုံးဝ) ပေးမသိစေနဲ့"
"နားလည်ပါပြီ ဆရာ"
ဖုန်းကျို့မှ ပြုံးလျက် ပြောလိုက်လေသည်။ ထိုအခိုက်အတန့်တွင် သူမသည် သူ့အား ဆရာတစ်ယောက် အဖြစ် အမှန်တကယ် လက်ခံ အသိအမှတ်ပြု လိုက်ပြီ ဖြစ်သည်။
"ဒီ မြေအောက် ရေကန်နက်ကြီးရဲ့ အောက်ခြေမှာ ရောက်နေတဲ့ အတွက် မင်းတို့ နှစ်ယောက်လုံး ဒီကနေ ထွက်သွားနိုင်ကြမှာ မဟုတ်ဘူး မင်းအတွက် ဆရာ လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာကတော့ မင်းကို ဓားတစ်ထောင်သင်္ချိုင်း ဆီ ပို့ပေးဖို့ပဲ အပြာရောင်အနားသတ် ဓား ကို ရှာတွေ့တဲ့အခါ လူတွေရှေ့မှာ ပေါ့ပေါ့ဆဆ ထုတ်မပြနဲ့အုန်း မဟုတ်ရင် အဲ့ဒီဓားက မင်းအတွက် မလိုလားအပ်တဲ့ ပြဿနာတွေကို ဆွဲဆောင်လာလိမ့်မယ်"
သူမှ ထပ်မံ၍ သတိပေးလိုက်ပြန်သည်။
"ဆရာ ဓားတစ်ထောင်သင်္ချိုင်းကို ရောက်ပြီးတဲ့နောက် အပြာရောင်အနားသတ် ဓားကို ရှာတွေ့ဖို့ တပည့် ဘာလုပ်ရမလဲ"
"ဓားတစ်ထောင် သင်္ချိုင်းဆိုတာ လူတွေက ဓားတွေကို မြှုပ်နှံထားတဲ့ နေရာတစ်ခုပဲ ဒါပေမဲ့ ဓားတစ်ထောင်သင်္ချိုင်းထဲ ဝင်သွားတဲ့ သူတိုင်းက သူတို့နဲ့ ကိုက်ညီတဲ့ ဓားတစ်လက်ကို ရှာတွေ့နိုင်ချင်မှ တွေ့နိုင်ကြလိမ့်မယ် ဓားတွေမှာ သူတို့ ကိုယ်ပိုင် ဝိညာဉ် အသိရှိကြပြီး သူတို့ရဲ့ ပိုင်ရှင်တွေကို သူတို့ကိုယ်တိုင် ရွေးချယ်ကြတယ် အပြာရောင်အနားသတ် ဓားကလည်း အဲ့ဒီလိုပဲ ရွေးချယ်လိမ့်မယ်"
သူ၏ အသံသည် ထိုနေရာတွင် ခေတ္တ ရပ်တန့် သွားပြီးနောက် ဆက်ပြောသည်။
"မင်းဆီမှာ ဆရာ့ရဲ့ သွေးအဆီနှစ် အနည်းငယ် ရှိနေတဲ့အတွက် အဲ့ဒီအရာက မင်းကို အပြာရောင်အနားသတ် ဓားရှိတဲ့ နေရာဆီ လမ်းညွှန်ပေးလိမ့်မယ် ဒါပေမဲ့ အပြာရောင်အနားသတ် ဓားရဲ့ အသိအမှတ် ပြုမှုကို မင်းရမရ ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ် အကယ်၍ ဒီတစ်ကြိမ်မှာ အပြာရောင်အနားသတ် ဓားကို မင်း ယူမလာနိုင်ခဲ့ရင်တောင် နောင်တစ်ချိန် ဓားတစ်ထောင်သင်္ချိုင်းထဲကနေ အဲ့ဒီဓားကို မင်း ယူထုတ်လာ နိုင်ရမယ်ဆိုတာ သေချာအောင် လုပ်ပါ"
"တပည့် ယူလာခဲ့ပါ့မယ်"
ဖုန်းကျို့မှ ကတိပေးလိုက်သည်။ ထိုစဉ် သူသည် လက်တစ်ချက်ဝှေ့ယမ်းကာ အကာအကွယ် အတားအဆီးအား ဖယ်ရှားလိုက်သည်ကို သူမ မြင်လိုက်ရပြီးနောက် မီးဖီးနစ်လေးသည် ၎င်း၏ ခြေထောက် တိုတိုလေးများဖြင့် ပြေးဝင်လာခဲ့သည်။
နောက်တစ်ခဏ၌ သူ၏ လက်ထဲတွင် ခရုပတ်ပုံစံ အရာ တစ်ခု ပေါ်လာသည်အား သူမ မြင်လိုက်ရပြီး နောက်ဆုံး အော်ဟစ်သံ နှင့်အတူ သူတို့နှစ်ဦးလုံး ထိုခရုပတ် အဝဲကြီးထဲသို့ စုပ်ယူခံလိုက်ရတော့သည်။
"သွားကြပေတော့"