အခန်း ၄၇
Vol. 4 Ch. 47
အခန်း (၄၇)
ဖုန်းကျို့ သတိပြန်လည် လာချိန်တွင် သူမနှင့် မီးဖီးနစ်လေးတို့သည် ဓားသင်္ချိုင်း အတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ မျက်စိတစ်ဆုံး ကြည့်လိုက်ပါက နေရာအနှံ့တွင် ဓားများကိုသာ မြင်တွေ့နေရပြီး လေထုထဲ၌ပင် ဓားများ၏ ထက်မြက်သော အရှိန်အဝါကို ထင်ရှားစွာ ခံစားသိရှိနိုင်ပေသည်။
သူမသည် ခေါင်းငုံ့လျှက် သူမ၏ အဝတ်စအား ဆွဲကိုင်ထားသော ကောင်လေးကို တစ်ချက်ကြည့် လိုက်ပြီးနောက် သူမ ဆုပ်ကိုင်ထားသော သာမန် ပုံပေါက်နေသည့် လက်စွပ်လေးအား ကြည့်ရန် လက်ဖဝါးအား ဖြန့်လိုက်လေသည်။ ထို့နောက် သူမ၏ လက်ချောင်းများအား တင်းတင်းကိုက်ကာ သွေးတစ်စက် ချလိုက်လေသည်။
အရောင်အဆင်း ညစ်ထေးနေသော လက်စွပ်လေးသည် တောက်ပသော အလင်းရောင်တစ်ချက် လက်သွားပြီးနောက် ရုတ်တရက် အသစ်စက်စက်ကဲ့သို့ ဖြစ်သွားသည်ကို သူမ မြင်လိုက်ရသည်။ သို့သော်လည်း လက်စွပ်လေး၏ ပုံစံမှာ အသစ် မဖြစ်ခင်ကဲ့သို့ပင် သာမန် မျှသာဖြစ်ပြီး ထူးခြား ပေါ်လွင်နေခြင်း မရှိပေ။
သူမသည် လက်စွပ်အား လက်ချောင်းတွင် စွပ်လိုက်လေရာ ၎င်းသည် သူမ၏ လက်ချောင်း အရွယ်အစားနှင့် အလိုအလျောက် ကွက်တိ ဖြစ်သွားသည်။ သူမ၏ အသိစိတ်အား လက်စွပ် အတွင်းသို့ ပို့လွှတ်လိုက်ရာ ဆရာဖြစ်သူ ပြောခဲ့သည့်အတိုင်း ၎င်းအတွင်း၌ ကျင့်စဉ်စာအုပ်များနှင့် ရတနာများစွာ ပါဝင်သော နေရာလွတ် တစ်ခုအား မြင်တွေ့လိုက်ရသည်။
ထိုနေရာလွတ် အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ထိုးထွင်း ကြည့်ရှုရန် ကြိုးစားလိုက်သောအခါ ရုတ်တရက် သူမ၏ အသိစိတ်သည် အပြင်ဘက်သို့ ပြန်လည် ကန်ထွက်လာသည်ကို ခံစားလိုက်ရလေသည်။
သူမသည် အသိစိတ်အား ပြန်လည် စုစည်းလိုက်ပြီး လက်စွပ် အတွင်းသို့ ထပ်မဝင်တော့ဘဲ သူမရှေ့ရှိ တောင်တန်းသဖွယ် စုပုံနေသော ဓားများကိုသာ စိုက်ကြည့်လျှက် သက်ပြင်းချလိုက်မိသည်။
"ဒီလောက်များပြားတဲ့ ဓားတွေထဲကနေ အပြာရောင် အနားသတ် ဓားကို ရှာရမှာလား ကြည့်ရတာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့ ဖြစ်လာမှာ မဟုတ်ဘူး"
"မင်း အပြာရောင် အနားသတ် ဓားကို မရှာနိုင်ဘူး ဆိုရင်တောင် တခြားဟာတွေကို ရှာလို့ရပါသေးတယ် ဓားသင်္ချိုင်းထဲမှာ ကောင်းမွန်တဲ့ ဓားတွေ အများကြီးရှိတယ်လေ"
မီးဖီးနစ်ငှက်လေးမှ သူမ၏ စကားအား အလိုအလျောက် တုံ့ပြန်လိုက်လေသည်။ ထိုစကားများအား ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူသည် ရုတ်တရက် တစ်ခုခုအား သတိရသွားဟန်ဖြင့် သူမအား မာနတခွဲသား ကြည့်ကာ ပြောလိုက်သည်။
"အများကြီး တွေးမနေနဲ့ ဒီကိုယ်တော်က မင်းကိစ္စတွေကို သိပ်ပြီး ဂရုစိုက်နေတာ မဟုတ်ဘူး"
"သိပါတယ်ရှင် သိပါတယ်"
ဖုန်းကျို့မှ ရယ်မောလျက် ပြောလိုက် ပြီးနောက် အသားပြည့်နေသော လက်ဖဝါးလေးအား ဆုပ်ကိုင်လျှက် ထိုနေရာ၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားရင်းဖြင့် ပြောလိုက်သည်။
"သွားကြစို့ ငါတို့ ဒီကို ရောက်နေမှတော့ ဟိုဟိုဒီဒီ နည်းနည်းလောက် လျှောက်ကြည့်ကြတာပေါ့ ငါတို့မှာ အချိန် ခြောက်နာရီ ရထားတယ်လေ အဲ့ဒီအချိန် အတွင်းမှာ သင့်တော်တဲ့ ဓားတစ်လက်ကို မရှာနိုင်ဘူးဆိုရင် ငါတို့ ဒီနေရာကနေ အပြင်ဘက်ကို ပို့ဆောင်ခံရလိမ့်မယ် ရထားတဲ့ အချိန်ကို အပြည့်အဝ အသုံးချရမယ်"
သူမသည် သူ၏ လက်အား ဆုပ်ကိုင်ထားသောကြောင့် မီးဖီးနစ်ငှက်လေးသည် အနည်းငယ် ရှက်ရွံ့သွားခဲ့ကာ နှာခေါင်းရှုံ လိုက်လေသည်။
"ဟွန့်"
သို့သော်လည်း သူသည် သူမ၏ လက်အား မလွှတ်ဘဲ အတွင်းဘက်သို့ ခေါ်ဆောင်သွားရာ နောက်သို့ လိုက်ပါသွားခဲ့တော့သည်။ သူတို့၏ ပတ်လည်ရှိ ဓားများသည် ထက်မြက်သော အရှိန်အဝါများအား ထုတ်လွှတ်နေကြပြီး ဓားတိုင်းသည် မြေကြီးထဲတွင် စိုက်ဝင် နေကြလေသည်။
အချို့သော ဓားအသွားများမှာ သံချေးတက်နေပြီ ဖြစ်သည်။ အချိန်အတော်ကြာ လမ်းလျှောက် ပြီးနောက်တွင်လည်း သူတို့သည် အပြာရောင် အနားသတ် ဓား၏ တည်နေရာအား မခံစားမိကြသေးပေ။ ထို့ကြောင့် ဖုန်းကျို့သည် ဆရာဖြစ်သူ၏ စကားများအား စမ်းသပ်ကြည့်ချင် စိတ် ပေါ်လာခဲ့သည်။ ဓားများသည် တကယ်ပဲ သူတို့၏ ပိုင်ရှင်များအား ရွေးချယ်တတ်ကြသည်လား။
သူမသည် အနီးရှိ ဓားတစ်လက်အား ဆွဲကိုင်လျှက် ဆွဲနုတ်ရန် ကြိုးစားလိုက်လေသည်။ သို့သော် ဓားသည် မြေကြီးထဲတွင် နက်ရှိုင်းစွာ စိုက်ဝင်နေပြီး တစ်လက်မမျှပင် ရွေ့လျားခြင်း မရှိပေ။ သူမမှ ခွန်အား ပိုသုံး၍ နောက်တစ်ကြိမ် ကြိုးစားရန် ပြင်လိုက်သောအခါ ဓားဆီမှ ထွက်ပေါ်လာသော အေးစက်စက် အရှိန်အဝါတစ်ခုအား ရုတ်တရက် ခံစားလိုက်ရသဖြင့် လက်အား အမြန်ရုပ်သိမ်းလိုက်ရသည်။
"ဟဟတော်တော်လေး အံ့သြဖို့ကောင်းတာပဲ"
ဖုန်းကျို့မှ အံ့သြတကြီး ပြောလိုက်လေရာ သူမ၏ မျက်လုံးများတွင် ပြင်းပြသော စိတ်ဝင်စားမှုများ တောက်ပနေခဲ့သည်။
"ဘာတွေများ အံ့သြစရာ ရှိနေလို့လဲ ဓားသင်္ချိုင်းထဲက ဓားတွေက အမြဲတမ်း အဲ့ဒီလိုပဲလေ"
မီးဖီးနစ်ငှက်လေးမှ အထင်အမြင်သေးသော လေသံဖြင့် ပြောလိုက်သည်။ သာမန်လူ တစ်ယောက်ကဲ့သို့ ပြုမူနေသော ထိုသခင်စုတ်အား ကြည့်ရန် သူ၏ ခေါင်းလေးအား မော့ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"မင်းက တကယ်ကြီး ဓားတွေ အကုန်လုံးကို လိုက်ရှာနေတော့မလို့လား"
ထိုစကားအား ကြားသောအခါ ဖုန်းကျို့မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် မေးလိုက်သည်။
"ဒီလိုမှ မဟုတ်ရင် ဘယ်လိုရှာရမှာလဲ"
မီးဖီးနစ်ငှက်လေး၏ မျက်နှာအမူအရာမှာ သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်နေခဲ့ကာ မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများ အပြည့်ဖြင့် ပြောလိုက်သည်။
"မင်းက တကယ့်ကို တုံးတာပဲ"
ထိုသို့ ပြောင်ပြောင်တင်းတင်း အထင်သေးခံ လိုက်ရသော်လည်း ဖုန်းကျို့မှာ အမှန်တကယ်ပင် ဘာမှမတတ်နိုင်ချေ။ ဤအကြောင်းများအား သူမ မသိသည်မှာ သူမ၏ အပြစ်မှ မဟုတ်ပါချေ။
"ဟိုလူက မင်းကို သူ့ရဲ့ သွေးဆီနှစ် အနည်းငယ် ချန်ထားခဲ့ပေးတယ် မဟုတ်ဘူးလား မျက်လုံးကို မှိတ်ပြီး မင်းရဲ့ အသိစိတ်အာရုံကို ဖြန့်ကြည့်လိုက်လေ ပတ်ဝန်းကျင်မှာ အပြာရောင် အနားသတ် ဓားရဲ့ အရှိန်အဝါ အရိပ်အယောင်တွေကို ခံစားသိရှိနိုင်မလားဆိုတာ စမ်းကြည့်လေ"
"အဲ့ဒီနည်းက အလုပ်ဖြစ်ပါ့မလား"
ကောင်လေးမှ မေးစေ့အား ပင့်လိုက်ပြီးနောက် သူ၏ အသံအား နှိမ့်ကာ ပညာရှိဟန် ပေါက်စေရန် အစွမ်းကုန် ကြိုးစားလျက် ပြောလိုက်သည်။
"အပြာရောင် အနားသတ် ဓားဆိုတာ သာမန်ဓားမဟုတ်ဘူး ဒါ့အပြင် မင်းဆီမှာ ဓားရဲ့ အရင် ပိုင်ရှင်ဟောင်းဆီက သွေးဆီနှစ် နည်းနည်း ရှိနေသေးတယ် ဒါကြောင့် အဲ့ဒီဓား ဘယ်မှာရှိနေလဲဆိုတာ မင်း ခံစားသိရှိနိုင်မှာ သေချာတာပေါ့"
"ငါ စမ်းကြည့်လိုက်ပါ့မယ်"
ထို့နောက် သူမသည် ချက်ချင်းပင် စမ်းသပ် ကြည့်လိုက်လေသည်။ ဖုန်းကျို့သည် မျက်လုံးများအား မှိတ်လိုက်ပြီးနောက် ခေါင်းထဲမှ အခြားသော အနှောင့်အယှက် ဖြစ်စေမည့် အတွေးအားလုံးကို ဖယ်ရှားလိုက်ကာ ဓားသင်္ချိုင်း အတွင်းရှိ မတူညီသော အရှိန်အဝါများအား တိတ်ဆိတ်စွာ ခံစားကြည့်လိုက်လေသည်။ နံ့သာတိုင် တစ်ဝက်စာခန့် လောင်ကျွမ်းချိန် အကြာတွင်မူ သူမသည် ရုတ်တရက် မျက်လုံးများအား ဖွင့်လိုက်ရာ အံ့သြဝမ်းသာမှုများ တောက်ပနေလေတော့သည်။
"ငါ တွေ့ပြီ ဟိုဘက်မှာ"
အပြာရောင် အနားသတ် ဓား၏ အရှိန်အဝါအား အမှန်တကယ် ခံစားလိုက်ရသဖြင့် သူမ၏ ရင်ထဲတွင် အလွန်တရာ ဝမ်းသာပီတိ ဖြစ်သွားခဲ့လေတော့သည်။