← Chapters

အခန်း ၄၈

Vol. 4 Ch. 48

အခန်း ၄၈

Vol. 4 Ch. 48

အခန်း (၄၈)

အပြာရောင် အနားသတ် ဓား၏ အရှိန်အဝါများ ထွက်ပေါ်လာသည်ဟု သူမ ခံစားရသော နေရာဆီသို့ မီးဖီးနစ်ငှက်လေးအား သူမ ခေါ်ဆောင် သွားခဲ့လေသည်။ ထိုနေရာမှာ တောင်ကုန်းငယ်လေး တစ်ခုဖြစ်ပြီး မြေကြီးထဲသို့ စိုက်ဝင်နေသော အမျိုးအစား စုံလင်လှသည့် ဓားပေါင်း များစွာဖြင့် ပြည့်နှက်နေခဲ့ကာ အပြာရောင် အနားသတ် ဓားမှာမူ တောင်ကုန်း၏ အမြင့်ဆုံးနေရာတွင် ရှိနေခဲ့သည်။

ထိုအချိန်၌ ဓားသည် အလွန် ထက်မြက်ပြီး ဖြတ်တောက်နိုင် စွမ်းရှိသော အရှိန်အဝါများအား ထုတ်လွှတ်နေခဲ့ကာ ဓားဆီမှ ထွက်ပေါ် လာသည့် တိုးတိတ်သော ညည်းတွားသံသည် သူမ၏ အသိစိတ်ဆီသို့ ရောက်ရှိလာသောကြောင့် သူမ၏ စိတ်အား တုန်လှုပ်သွားစေခဲ့သည်။

"အဲ့ဒါ အပြာရောင် အနားသတ် ဓားလား"

တောင်ကုန်းငယ်လေး၏ ထိပ်တွင် အေးစက်သော အလင်းရောင်များ ဖြာထွက်နေသည့် ထက်မြက်သော ဓားအား သူမ၏ တောက်လောင်နေသော အကြည့်များဖြင့် စိုက်ကြည့်လိုက်လေရာ သူမ၏ မရီဒန်ထဲမှ သွေးများ ဆူပွက်လာသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရလေသည်။ ထိုခံစားချက်မျိုးမှာ အတော်လေး စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

'ဝှီးးး'

ဓား၏ ညည်းသံသည် သူမ၏ နားထဲတွင် ပဲ့တင်ထပ် သွားခဲ့သည်။ တောင်ခြေတွင် ရပ်နေရင်း တောင်ထိပ်၌ တုန်ခါနေသော အပြာရောင် အနားသတ် ဓားအား သူမ မြင်တွေ့နိုင်လေသည်။ ဓားဆီမှ ထွက်ပေါ် လာသော ညည်းသံများမှာ စိတ်လှုပ်ရှားစွာ ညည်းတွားနေသည့် အလား ထင်မှတ်ရပေသည်။

ဓားဆီမှ ထွက်ပေါ်လာသော အရှိန်အဝါသည် တဖြည်းဖြည်း ပိုမို အားကောင်း ပြင်းထန်လာပြီး နောက်ဆုံးတွင် အပြာရောင် အနားသတ် ဓားသည် "ဝှစ်" ခနဲ မြေကြီးထဲမှ သူ့အလိုလို ရုန်းထွက်လာခဲ့ကာ တောင်ပေါ်မှ နေ၍ သူမဆီသို့ တည့်မတ်စွာ အရှိန်ဖြင့် ပြေးဆင်းလာလေတော့သည်။

ထိုအဖြစ်အပျက်အား မြင်လိုက်ရသောအခါ မီးဖီးနစ်ငှက်လေးမှာ အတော်လေး အံ့အားသင့် သွားတေ့ာသည်။ ဝိညာဉ်ဓားများမှာ သူတို့၏ ကိုယ်ပိုင်ပိုင်ရှင်များအား ရွေးချယ်နိုင်စွမ်းရှိသည်ကို သူ သိရှိထားသော်လည်း ယခုကဲ့သို့ ဖုန်းကျို့မှ ဓားဆီသို့ သွား၍ ဆွဲနှုတ်စရာပင် မလိုသော အခြေအနေမျိုးမှာ အလွန်တရာ ရှားပါးလှပေသည်။

သူ၏ အကြည့်များမှာ ထူးဆန်းနေလျှက် ရှိကာ ဖုန်းကျို့အား သေချာစွာ စူးစမ်းကြည့်လိုက်မိသည်။ မီးဖီးနစ်ငှက်လေးသည် သူမ၌ မည်သည့် အရာက ထူးခြားနေသနည်း ဆိုသည်အား ယခုတိုင် ရှာမတွေ့နိုင်သေးချေ။

'ဝှစ်'

ဓားရှည်ကြီးသည် ကျဆင်းလာပြီးနောက် ဓားသွားသည် မြေကြီးထဲသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့ကာ ဖုန်းကျို့၏ ညာဘက် လက်၏ ဘေးတွင် ရပ်တန့်သွားလေတော့သည်။

ဖုန်းကျို့သည် လက်လှမ်းလျှက် အပြာရောင် အနားသတ် ဓားအား ဆုပ်ကိုင်လိုက်တော့သည်။ ဓားဆီမှ ထွက်ပေါ်လာသော ပြင်းထန်သည့် တုန်ခါမှု နှင့်အတူ ညည်းသံ တစ်ခုအား သူမ ခံစားလိုက်ရပြီးနောက် ၎င်းသည် သူမ၏ နှလုံးသား အနက်ရှိုင်းဆုံး နေရာ အထိ ထိုးဖောက် ဝင်ရောက် သွားလေတော့သည်။ သူမသည် ခွန်အား အနည်းငယ်သုံးလျှက် ဓားအား ဆွဲနုတ်လိုက်တော့သည်။

"ရွှမ်း" ခနဲ မြည်သံ နှင့်အတူ အေးစက်သော အလင်းရောင်များဖြင့် တောက်ပလာခဲ့ကာ အရောင်အဆင်း ညစ်ထေးနေသော ဓားသည် နောက်တစ်ခဏတွင် ညင်သာသော အလင်းရောင်များဖြင့် တောက်ပလာပြီး ပန်းပဲဖိုမှ ယခုလေးတင် ထွက်လာသည့် အလား အသစ်စက်စက် ဖြစ်သွားတော့သည်။

ဓားသွား တစ်လျှောက်လုံး မှေးမှိန်သော အပြာရောင် အလင်းများဖြင့် တောက်ပနေလျှက် ရှိပြီး ၎င်းအပေါ်တွင် ထွင်းထု ထားသော တရုတ်စာလုံး သုံးလုံးမှာလည်း အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေသည်အား မြင်လိုက်ရသောအခါ မအော်ဟစ်ပဲ မနေနိုင်တော့ချေ။

"ဒါ တကယ့်ကို ကောင်းတဲ့ ဓားတစ်လက်ပဲ"

သူမသည် လက်ထဲရှိ ဓားအား လှည့်ကာ မျက်စိကျိန်းမတတ် မြန်ဆန်လှသော ဓားရေးတစ်ကွက်အား ကစားလိုက်တော့သည်။ ဓားသွားအား လွှမ်းခြုံထားသော အေးစက်စက် အရှိန်အဝါများသည် လေထုအား ခွဲခြမ်းသွားသည်ကို သူမ မြင်တွေ့လိုက်ရကာ ၎င်း၏ ဓားသွားမှာလည်း အထူးပင် ထက်မြက်လှပေသည်။

"အပြာရောင် အနားသတ် ဓားက ငါ့ကို သူ့ရဲ့ ပိုင်ရှင်အဖြစ် ရွေးချယ်လိမ့်မယ်လို့ ဆရာ မျှော်လင့်ထားခဲ့မှာ မဟုတ်ဘူး"

သူမက သဲ့သဲ့လေး ရယ်မောလျက် ပြောလိုက်ပြီးနောက် အပြာရောင် အနားသတ် ဓားအား သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်တော့သည်။ ထိုအချိန်မှသာ ခြောက်နာရီ အချိန် မပြည့်သေးကြောင်းနှင့် သူတို့ ထွက်ခွာ၍ မရနိုင်သေးကြောင်းကို သူမ သတိထားမိ လိုက်တော့သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဒီနေရာကနေ ခဏလောက်တော့ ထွက်သွားနိုင်ကြဦးမှာ မဟုတ်ဘူး ဒါကြောင့် အရင်ဆုံး ထိုင်နားဖို့ နေရာတစ်ခု သွားမရှာကြဘူးလား သိုလှောင်လက်စွပ်ထဲမှာ ဘယ်လို ကျင့်စဉ် စာအုပ်တွေ ရှိလဲဆိုတာ ကြည့်ဖို့ ဒီအချိန်ကို ငါ အသုံးချလို့ ရတာပေါ့"

သူမသည် မီးဖီးနစ်ငှက်လေး၏ လက်အား ဆုပ်ကိုင်ရင်း ပြောလိုက်ကာ ဓားများ၏ အရှိန်အဝါ သိပ်မပြင်းထန်သော ထိုင်စရာနေရာ တစ်ခုကို သူတို့ လိုက်ရှာကြတော့သည်။

ကိုယ်ရောင်ဖျောက်ခြင်းနှင့် ပတ်သက်သော စာအုပ်တစ်အုပ်အား သူမ ဆွဲထုတ်ကာ လှန်လှော ကြည့်နေစဉ် ကောင်လေး၏ အကြည့်များသည် သူမ၏ မျက်နှာပေါ်တွင် စူးစိုက်နေကြောင်း ရုတ်တရက် ခံစားလိုက်ရလေသည်။ သူမသည် မော့ကြည့်လိုက်ကာ သူ့ဘက်သို့ လှည့်ကာ ပြုံးလျက် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ခိုးကြည့်နေစဉ် လူမိသွားသဖြင့် သူသည် အလျင်စလို အကြည့်လွှဲလိုက်ကာ အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် မျက်လုံးများအား ဟိုဟိုဒီဒီ လှည့်ကြည့်နေသော်လည်း သူမကိုမူ လုံးဝ(လုံးဝ) ပြန်မကြည့်တော့ပေ။

သို့သော်လည်း သူ၏ ရင်ထဲရှိ စပ်စုလိုစိတ်အား မကျော်လွှားနိုင်ခဲ့သဖြင့် ခေတ္တမျှ တုံ့ဆိုင်း နေပြီးနောက် နောက်ဆုံးတွင် ပါးစပ်ဟကာ မေးလိုက်သည်။

"မင်းရဲ့ မျက်နှာပေါ်မှာ ဘာလို့ အမာရွတ်တွေ အများကြီး ရှိနေရတာလဲ"

ထိုအမေး စကားကြောင့် သူမသည် ရေကန်ထဲတွင် နစ်မြုပ်သွားပြီးနောက် သူမ လိမ်းကျံထားသော ဆေးဖက်ဝင် အရည်များ အားလုံး ရေဆေးချခံလိုက်ရပြီး သူမ၏ အမာရွတ်များ ပြည့်နှက်နေသော မျက်နှာကြီး ထင်ရှားစွာ ပေါ်လွင်နေပြီ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားတော့သည်။

သူမသည် လက်အား မြှောက်ကာ ကိုယ်ပိုင်မျက်နှာအား စမ်းသပ် ကြည့်လိုက် ပြီးနောက် ပြောလိုက်သည်။

"ယုတ်မာတဲ့ မိန်းမ တစ်ယောက်က ဓားကိုင်ပြီး ငါ့မျက်နှာကို တစ်ချက်ချင်း လှီးဖြတ်သွားခဲ့တာ"

သူမ၏ လေသံမှာ ဂရုမစိုက်သကဲ့သို့ ထင်ရသော်လည်း သူမ၏ မျက်လုံးများ အတွင်း၌မူ သတိမပြု မိနိုင်သော အေးစက်စက် အငြိုးအတေးများ ဖုံးကွယ်နေခဲ့ပေသည်။

ထိုစကားအား ကြားသောအခါ မီးဖီးနစ်ငှက်လေးမှ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး မေးလိုက်သည်။

"မင်းက ဘာလို့ ပြန်မတိုက်ခိုက်ခဲ့တာလဲ"

"ငါက သူ့ကို ယှဉ်နိုင်ဖို့ အရမ်းအားနည်းနေခဲ့တာကိုး"

သူမမှ မျက်လုံးများအား ကျဉ်းမြောင်းကာ ပြောလိုက်ပြီးနောက် ရင်ထဲတွင်မူ တွေးတောနေမိခဲ့သည်။

[အဲ့ဒီအချိန်တုန်းက သူက ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်မှ မဟုတ်ခဲ့တာ အကယ်၍ သူသာ အဲ့ဒီမှာရှိနေခဲ့ရင် အခြေအနေတွေက ဒီလို သနားစရာကောင်းတဲ့ အဖြစ်မျိုး ရောက်သွားခဲ့မှာ မဟုတ်ဘူး]

"မင်းက အားနည်းတယ်လို့ ငါပြောတုန်းကတော့ မင်းက မယုံဘူး ဒါပေမဲ့ အဆင်ပြေပါတယ် ဒီကိုယ်တော်က စွမ်းအား ကြီးနေသရွေ့ အားလုံး လုံလောက်ပါတယ် နောင်ကျရင် မင်းကို ဒီကိုယ်တော် ကိုယ်တိုင် ကာကွယ်ပေးမယ်"

ကောင်လေးမှ ခါးအား မတ်မတ် ထားလိုက်ပြီးနောက် သူ၏ မျက်နှာလေးပေါ်တွင် တည်ကြည် လေးနက်သော အမူအရာလေးအား ဖန်တီးလျှက် ပြောလိုက်သည်။

"မင်းရဲ့ မျက်နှာကို လှီးဖြတ်သွားတဲ့သူက ဘယ်သူလဲဆိုတာသာ ငါ့ကို ပြောစမ်းပါ ဒီကိုယ်တော်က မင်းအတွက် ကလဲ့စားချေပေးမယ်"

All Chapters