အခန်း ၄၉
Vol. 4 Ch. 49
အခန်း (၄၉)
မီးဖီးနစ်ငှက်လေး၏ စကားအား ကြားသောအခါ ဖုန်းကျို့၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ ပြည့်လျှံသွားခဲ့ကာ သူ၏ ပန်းရောင် သန်းနေသော ပါးပြင်လေးအား ဆွဲညှစ်လျှက် ပြောလိုက်သည်။
"မင်းက ငါ့ကို ဘယ်လောက်တောင် ရွံရှာ မုန်းတီးတယ်ဆိုတာ အမြဲတမ်း ပြောနေကျသူ မဟုတ်ဘူးလား"
"ဒီကိုယ်တော်က မင်းကို အခုထိ ရွံရှာနေတုန်းပဲ ဒါပေမဲ့ မင်းက ငါ့လူလေ ဒီကိုယ်တော်က မင်းကို အနိုင်ကျင့်ရင်တော့ ရတယ် ဒါပေမဲ့ တခြား ဘယ်သူ့ကိုမှ အဲ့ဒီလိုလုပ်ဖို့ ငါ ခွင့်မပြုနိုင်ဘူး"
ကောင်လေးက ဒေါသတကြီးဖြင့် ပြောလိုက်သော်လည်း သူ၏ စူးရှသော ကလေးသံလေးမှာ သူရည်ရွယ် ထားသလောက် ခြိမ်းခြောက်နိုင်စွမ်း မရှိသည်မှာ နှမြောစရာပင် ဖြစ်ချေသည်။
"ဒီလို သေးကွေးတဲ့ ခန္ဓာကိုယ်လေးနဲ့များ"
သူမမှ မျက်ခုံးတစ်ဖက်အား ပင့်ကာ တခစ်ခစ် ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။
"လက်နဲ့ ခပ်ဖွဖွလေး တွန်းလိုက်ရင်တောင် မင်း လဲကျသွားမယ် ထင်ပါတယ်"
သူ၏ စွမ်းအားအား သူမက သံသယဝင်နေကြောင်း ခံစားမိသောအခါ သူသည် ချက်ချင်း မတ်တတ်ရပ်လိုက်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေတော့သည်။
"ဒီကိုယ်တော်က ရှေးဟောင်းသန့်စင်တဲ့ အထွတ်အမြတ် သားရဲဖြစ်တဲ့ မီးဖီးနစ်ငှက်ပါဟ အခုချိန်မှာ ငါက ကလေးအရွယ်ပဲ ရှိသေးပေမယ့် ရှေးဟောင်းခေတ်က စွမ်းအားတွေကို ဆက်ခံထားပြီး ကြီးမားတဲ့ စွမ်းအားတွေ ရှိတယ်"
"အေးပါ အေးပါ ဟုတ်ပါပြီ ဒါဆိုလည်း ပြောပြစမ်းပါ မင်း ဘာတွေများ သိထားလို့လဲ"
သူမက ဂရုမစိုက်သည့် ဟန်ဖြင့် ရယ်မောလျှက် မေးလိုက်လေသည်။ သူသည် အသက် သုံးနှစ် အရွယ်ခန့်သာ ရှိသေးသော ကလေးတစ်ဦး ဖြစ်နေသောကြောင့် မည်မျှပင် စွမ်းအားကြီးနိုင်မည်နည်း။
"ဒီကိုယ်တော်ကို သေးငယ်တဲ့ ကလေး တစ်ယောက်ဆိုတဲ့ အပြင်ပန်းပုံစံလေးနဲ့ အကဲမဖြတ်နဲ့ ငါ့ရဲ့ စွမ်းအားက ဝိညာဉ် သန္ဓေတည်ခြင်း အဆင့်မှာရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ထက်တောင် ပိုပြီး စွမ်းအားကြီးသေးတယ် အရင်တုန်းက လျှို့ဝှက်နန်းတော်ထဲမှာ ဟိုလူကြီးရဲ့ အသိစိတ်ကသာ ငါ့ကို ချည်နှောင် မထားခဲ့ဘူးဆိုရင် အဲ့ဒီ အကာအကွယ် အတားအဆီးက ဒီကိုယ်တော်ကို တားဆီးနိုင်ခဲ့မှာ မဟုတ်ဘူး"
မီးဖီးနစ်ငှက်လေးသည် သူ၏ ပုပုသေးသေး ခန္ဓာကိုယ်လေးဖြင့် ဖုန်းကျို့အား 'ငါက အရမ်းစွမ်းတာကွ' ဆိုသည့် ပုံစံမျိုး ဖမ်းပြဖို့ ကြိုးစားရင်း မေးလေးမော့လျှက် ရပ်နေခဲ့လေသည်။ ထို ပုံစံလေးကြောင့် ဖုန်းကျို့ တစ်ယောက် ပြုံးချင်သွားသည့် နှုတ်ခမ်းစွန်းလေးများအား မအောင့်ထားနိုင်တော့ဘဲ အလိုက်တသိနဲ့ သူ့အား အားကျ မြတ်နိုးဟန် ရသည့် အကြည့်မျိုးဖြင့်သာ ပြန်ကြည့်ပေးလိုက်ရင်း ပြောလိုက်လေသည်။
"မင်းက တကယ်ကြီးကို အဲ့ဒီလောက်တောင် စွမ်းအားကြီးတာလား"
"ဒါပေါ့"
သူသည် မိမိကိုယ်ကို အလွန်ဂုဏ်ယူနေဟန် ရကာ သူ၏ မျက်လုံးများတွင် တက်ကြွမှုများ ထင်ဟပ်နေလေသည်။
"ဒါပေမဲ့ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ မင်းက ငါ့ရဲ့ စာချုပ် သားရဲပဲလေ ငါက မင်းရဲ့ ပိုင်ရှင်ပဲ"
သူမသည် ပြုံးရွှင်သော မျက်လုံးများဖြင့် ပြောလိုက်လေရာ ထိုစကားသည် ကောင်လေးမှ အလွန်ပင် မေ့ပျောက်ချင်နေသော အမှန်တရားအား သတိရသွားစေခဲ့သည်။ ထင်ထားသည့် အတိုင်းပင် သူ၏ တစ်ကိုယ်လုံး ညှိုးကျသွားပြီးနောက် သူမအား ဝမ်းနည်း ပူဆွေးသော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
"အော် ဒါနဲ့ မင်း သိုလှောင်လက်စွပ်ထဲ ဝင်ချင်လား မဝင်ဘူးဆိုရင် မင်းလို သေးကွေးတဲ့ ကလေးတစ်ယောက်က ထောင်ချောက်ကိုးသွယ် တောအုပ် ထဲမှာ ရုတ်တရက် ပေါ်လာရင် လူတွေရဲ့ အာရုံစိုက်မှုကို အများကြီး ရသွားလိမ့်မယ် အဲ့ဒီကျင့်ကြံသူတွေက မင်းဟာ မီးဖီးနစ်ငှက်ဆိုတာ သိသွားကြရင် ငါတို့ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်နော်"
သူတို့ ဓားသင်္ချိုင်းမှ ထွက်လာသောအခါ ထောင်ချောက်ကိုးသွယ် တောအုပ်အတွင်းသို့ ပြန်ရောက် လာမည်ဖြစ်ကြောင်း သူတို့အား ဤနေရာသို့ မပို့မီတွင် ဆရာဖြစ်သူမှ သူမအား ပြောပြခဲ့ပြီး ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူတို့သည် ထောင်ချောက်ကိုးသွယ် တောအုပ်၏ မြေအောက် အနက်ရှိုင်းဆုံးတွင် ရှိနေခဲ့သောကြောင့် ဖြစ်ပေသည်။ သူသည် သူတို့အား မြေအောက် အနက်ရှိုင်းဆုံး နေရာမှ အပြင်သို့ ပို့ဆောင် ပေးနိုင်သော်လည်း ထောင်ချောက်ကိုးသွယ် တောအုပ်ထဲ အတွင်းမှ အပြင်သို့ ပို့ဆောင်မပေးနိုင်ချေ။
မီးဖီးနစ်ငှက်လေးသည် အစပိုင်းတွင် ငြင်းဆန်ချင်ခဲ့သော်လည်း သူမ၏ နောက်ဆုံးစကားများအား ကြားသောအခါ အလွန်တရာ တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ပြ လိုက်တော့သည်။ သူမသည် အလွန် အားနည်းနေသေးပြီး သူသည် စွမ်းအား ကြီးသော်လည်း အပြင် ထွက်သောအခါ အာရုံစိုက်ခံရပါမူ သူတို့အတွက် အတော်လေး ပြဿနာ ဖြစ်လာနိုင်ပေသည်။
"လိမ္မာလိုက်တဲ့ ကလေးလေး"
သူ ခေါင်းညိတ်သည်အား မြင်ပြီးနောက် ဖုန်းကျို့သည် သူ့အား ပွေ့ချီလျှက် နမ်းလိုက်လေရာ သူ၏ မျက်နှာလေး ချက်ချင်း နီရဲသွားသည်ကိုသာ မြင်လိုက်ရပြီး သူ၏ ရှက်ရွံ့နေသော တုံ့ပြန်မှုများကြောင့် သူမ မအောင့်နိုင်ဘဲ အသံထွက်အောင် ရယ်မောလိုက်မိသည်။
ဖုန်းကျို့သည် သူမ၏ အသိစိတ်အား အာရုံပြုလိုက်ရာ မီးဖီးနစ်ငှက်လေးသည် လက်စွပ်အတွင်းရှိ နေရာလွတ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။
ခြောက်နာရီ ပြည့်လွန် သွားပြီးနောက် ဓားသင်္ချိုင်း၏ အထက်တွင် လေဝဲကြီးတစ်ခု ပေါ်လာပြီး "ဝှစ်" ခနဲ သူမသည် ထိုအထဲသို့ စုပ်ယူခံလိုက်ရတော့သည်။
"ဟင် ဒီနေရာက ဘယ်နေရာလဲ"
သူမ ယခုလေးတင် ရောက်ရှိလာသော နေရာအား ပတ်ပတ်လည် ဝေ့ကြည့်လိုက်လေရာ ထောင်ချောက်ကိုးသွယ် တောအုပ် အတွင်း၌ပင် ရှိနေဆဲဖြစ်ပုံ ရသည်။ သို့သော်လည်း လူတစ်ယောက်မျှ မရှိဘဲ သားရဲ တစ်ကောင်ကိုပင် မမြင်ရချေ။ ဤနေရာသည် အလွန်ပင် တိတ်ဆိတ်နေပြီးနောက် ကြက်သီးထဖွယ်ပင် ကောင်းနေခဲ့သည်။ ထို့အပြင် ယခု အချိန်သည် ညပင်ရောက်နေပြီ ဖြစ်သည်။
"အိုက်ယား ချမ်းလိုက်တာ"
သူမသည် လက်မောင်းများအား ပွတ်သပ်လိုက်မိသည်။ တောအုပ်ထဲတွင် လမ်းလျှောက်ရင်း တွေးနေမိသည်။
[ဟို လူသန်ကြီး ကွမ်ရှီးလင်က ငါ့ကို အဲ့ဒီမှာ စောင့်နေတုန်းပဲလား မသိဘူး]
အတော်ဝေးဝေး လမ်းလျှောက် လာပြီးနောက် သူမသည် တိုက်ခိုက်နေသည့် အသံများအား ရုတ်တရက် ကြားလိုက်ရသည်။
[တိုက်ပွဲဖြစ်နေတာလား]
သူမ၏ မျက်လုံးများတွင် နားမလည်နိုင်မှုများ ဖြစ်ပေါ်လာခဲ့ကာ အသံ လာရာဆီသို့ လျှောက်သွားရင်း သူမ၏ အရှိန်အဝါအား ချက်ချင်း ဖုံးကွယ်လိုက်လေသည်။
ထိုနေရာသို့ ရောက်သောအခါ သစ်ပင်ကြီး တစ်ပင်နောက်တွင် ပုန်းကွယ်လျှက် ရှေ့အား အနည်းငယ် ခေါင်းပြူ ကြည့်လိုက်မိသည်။ ရင်းနှီးနေသော ပုံရိပ်အား မြင်လိုက်ရသောအခါ သူမ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တောင့်တင်းသွား ပြီးနောက် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့ရသည်။
[ဦးလေးကြီးလား တကယ်ကြီး သူပဲလား]
ပြီးခဲ့သည့် နှစ်ကြိမ်အပါအဝင် ယခုတစ်ကြိမ် နှင့်ဆိုလျှင် သူတို့ တွေ့ဆုံရသည်မှာ စုစုပေါင်း သုံးကြိမ်တိုင်တိုင် ရှိသွားပြီ ဖြစ်သည်။ သူတို့သည် အမှန်တကယ်ပင် ဆုံတွေ့ရမည့် ကံပါလာကြခြင်း ဖြစ်ပေမည်။ ရက်အနည်းငယ် အတွင်းမှာပင် သုံးကြိမ်တိတိ တွေ့ဆုံနိုင်ခဲ့ကြသည်။ သို့သော်လည်း သူသည် တစ်စုံတစ်ခုများ မှားယွင်းနေသလို အဘယ်ကြောင့် ဖြစ်နေရသနည်း။