အခန်း ၅၀
Vol. 4 Ch. 50
အခန်း (၅၀)
သူမသည် သစ်ပင်၏ နောက်ကွယ်မှ ချောင်းကြည့် လိုက်လေရာ ထိုဦးလေးကြီးသည် လက်သုံးသစ်ခန့် ကျယ်သော ဓားရှည်ကြီး တစ်လက်အား ကိုင်ဆောင်ထားသည်ကိုသာ မြင်တွေ့ လိုက်ရသဖြင့် အံ့အားသင့် သွားခဲ့ရသည်။
ဓား၏ ထက်မြက်သော အရှိန်အဝါသည် တောက်လောင်နေလျှက် ရှိကာ သူ၏ တစ်ကိုယ်လုံးမှ သာမန် မျက်စိဖြင့် မြင်နိုင်သော စွမ်းအင်များ ထွက်ပေါ်နေလေသည်။ ၎င်းမှာ ချီစွမ်းအင်မဟုတ်ဘဲ ဝိညာဉ်စွမ်းအင် ဖြစ်နေခဲ့သည်။ အနည်းငယ်မျှ သံသယဖြစ်စရာမလိုဘဲ သူသည် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ့ထံ၌ တစ်စုံတစ်ခု မှားယွင်းနေသည်မှာ သိသာ ထင်ရှားလှပေသည်။ သူ့အား ထိခိုက်နေသော မည်သည့် အရာကိုမဆို သူ အလွန်ကြိုးစား၍ သည်းခံနေသော်လည်း သူ၏ မုတ်ဆိတ်မွေးများနှင့် မျက်ခုံးမွေးများပေါ်တွင် အထပ်ထပ် ဖြစ်ပေါ်နေသော အဖြူရောင် အစက်အမှုန်လေးများမှာ အေးခဲနေသည့် နှင်းခဲများ မှလွဲ၍ အခြားအရာ မဖြစ်နိုင်ချေ။
[နှင်းခဲတွေလား သူ့ကိုယ်ပေါ်မှာ ဘာလို့ နှင်းခဲတွေ ဖြစ်ပေါ်နေရတာလဲ]
"အားးး"
ပြင်းထန်သော ညည်းတွားသံကြီး နှင့်အတူ နောက်ဆုံး ကျန်ရှိနေသော ဝတ်ရုံနက် လူသတ်သမားသည် အေးစက်သော စွမ်းအင်များ ထုတ်လွှတ်နေသည့် ဓားရှည်ကြီးဖြင့် ရင်ဘတ်အား အထိုးခံလိုက်ရတော့သည်။
ဝတ်ရုံနက်လူသည် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားပြီးနောက် ပါးစပ်မှ သွေးများ ပန်းထွက်လာခဲ့သည်။ သူ၏ မျက်လုံးများသည် လင်းမိုဟန်အား စိုက်ကြည့်နေလျှက် တစ်စုံတစ်ခုအား ပြောရန် ကြိုးစားနေသကဲ့သို့ သွေးများ ပြည့်နေသော ပါးစပ်အား ဟလိုက်သည့်တိုင် မအောင်မြင်ခဲ့ချေ။ နောက်ဆုံးတွင် သူသည် နောက်ဆုံး ထွက်သက်အား ရှူရှိုက်ရင်း မလှုပ်မယှက် လဲကျ သေဆုံးသွားတော့သည်။
ထိုအချိန်တွင် လင်းမိုဟန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အေးခဲသွားသကဲ့သို့ မလှုပ်ရှားတော့ချေ။ သူသည် ရေခဲ ပန်းပုရုပ် တစ်ခုကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေလျှက် ရှိကာ နှစ်ထောင်ချီ ရေခဲတိုင်ကဲ့သို့ အေးစက်လှသော နှင်းခဲများသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးနောက် ဆယ်မီတာကျော် အကွာတွင် ပုန်းအောင်းနေသော ဖုန်းကျို့ပင်လျှင် ထိုအအေးဒဏ်အား ခံစားသိရှိနိုင်စေခဲ့သည်။
'ဘုန်းးး'
သူ၏ တောင့်တင်းနေသော ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကာ အလုံးတစ်လုံးကဲ့သို့ ကွေးကောက်ကာ ပြင်းထန်စွာ တုန်ယင်နေခဲ့သည်။ ထို့အပြင် သူ၏ မျက်နှာပေါ်ရှိ နှင်းခဲများသည်လည်း ပိုမို၍ ထူထဲလာပုံ ရလေသည်။ အခြေအနေ မကောင်းတော့သည်အား မြင်သောအခါ သူမသည် သူ့ဆီသို့ အမြန် ပြေးသွားလိုက်သည်။
"ဦးလေး ဦးလေး ဘယ်လိုနေသေးလဲ"
သူမသည် သူ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း မေးမြန်းလိုက်သည်။ သူမသည် သူ့အား အနည်းငယ် ပင့်မတင်ရန် ပြင်လိုက်စဉ် သူ့အား ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ကိုက်ခဲ နာကျင်လောက်အောင် အေးစက်မှုသည် သူမ၏ လက်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။
"အ့ အေးလိုက်တာဟ"
သူမ၏ လက်ကို အလိုအလျောက် ပြန်ရုပ်သိမ်းလိုက်ပြီးနောက် သူမအား ပြန်လည် စိုက်ကြည့်နေသော မျက်လုံးတစ်စုံကိုသာ ကြည့်လျှက် လန့်ဖြတ်သွားခဲ့သည်။
[သူ့ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ ဒီအတိုင်း ထားလိုက်ရင် သူ အအေးဒဏ်ကြောင့် သေသွားမှာပေါ့]
တစ်ချက်မျှသာ ကြည့်လိုက် ပြီးနောက် သူသည် မျက်လုံးများအား ပြန်မှိတ်သွားခဲ့ကာ သူ၏ နှုတ်ခမ်းများမှာ တဖြည်းဖြည်း ခရမ်းရောင် သန်းလာတော့သည်။
အခြေအနေ စိုးရိမ်ရသည်အား မြင်သောအခါ သူမသည် အံတင်းတင်း ကြိတ်ကာ ကိုက်ခဲ နာကျင်လောက်သော အအေးဒဏ်အား အတင်းအဓမ္မ သည်းခံ၍ သွေးခုန်နှုန်း စမ်းသပ်ရန် သူ၏ လက်ကောက်ဝတ် ပေါ်သို့ လက်ချောင်းများ တင်လိုက်လေသည်။ သူမ ရရှိသော အချက်အလက်များသည် သူမအား အလွန်အမင်း တုန်လှုပ်သွားစေသည်။
"ဒါ နှစ်တစ်ထောင် ရေခဲအဆိပ် လား"
ယုံကြည်နိုင်ဖွယ် မရှိသဖြင့် သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏ သွေးခုန်နှုန်းသည် သူ၏ ခန္ဓာကိုယ် အတွင်း၌ အေးစက်သော စွမ်းအင်လှိုင်းများ စီးဆင်းနေကြောင်း ပြသနေခဲ့ကာ သူ၏ ခန္ဓာကိုယ် တစ်လျှောက် စီးဆင်းနေသော ထို အလွန် အေးစက်သည့် အရာသည် သူ့အား ဤအခြေအနေသို့ ရောက်ရှိ သွားစေခြင်း ဖြစ်ပေသည်။
ထိုအလွန် အေးစက်သော စွမ်းအင်မှာ ရေခဲအဆိပ် ဖြစ်သည်မှာ ထင်ရှားလှကာ ၎င်းမှာ သာမန် ရေခဲအဆိပ် မဟုတ်ဘဲ နှစ်တစ်ထောင် ရေခဲအဆိပ် ဖြစ်နေခဲ့သည်။
ရုတ်တရက် အမှောင်ထုထဲမှ တိုးတိတ်သော သတိပေးသံများ သူမ၏ နားထဲသို့ ရောက်ရှိလာပြီးနောက် လူသတ်ချင်သော အရှိန်အဝါများ သူတို့ဆီ ချဉ်းကပ်လာသည်အား ခံစားလိုက်ရလေသည်။ ကြားရသော လှုပ်ရှားမှု ပမာဏအရ သူတို့အား လိုက်လံဖမ်းဆီးသူ အယောက် နှစ်ဆယ် သို့မဟုတ် သုံးဆယ်ထက် မနည်းရှိနေခဲ့သည်။
သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရင်ထဲတွင် လျှင်မြန်စွာ တွက်ချက်လိုက်တော့သည်။ ပတ်ဝန်းကျင်တွင် ပုန်းအောင်းရန် နေရာ မရှိသည်အား မြင်သောအခါ သူမသည် သူမ၏ ချီစွမ်းအင်များအား လက်ချောင်း အတွင်းသို့ ချက်ချင်း စုစည်းလျှက် လင်းမိုဟန်၏ စိတ်ဝိဉာဉ်ကြောအား ထောက်ချလိုက်လေသည်။
နောက်တစ်ခဏတွင် သူမ၏ အသိစိတ်အာရုံအား လက်စွပ် အတွင်းသို့ ပို့လွှတ်လိုက်ပြီး လင်းမိုဟန်အား လက်စွပ်၏ နေရာလွတ် အတွင်းသို့ သူမနှင့်အတူ ခေါ်ဆောင် သွားလိုက်တော့သည်။
သူတို့နှစ်ဦး ထိုနေရာမှ ပျောက်ကွယ်သွားသည် နှင့် တစ်ပြိုင်နက် လက်ထဲတွင် ဓားကိုယ်စီ ကိုင်ဆောင်ထားသော ဝတ်ရုံနက်လူ သုံးဆယ်ခန့်သည် ထိုနေရာအား ဝိုင်းရံလိုက်ကြလေသည်။ ထိုလူများ၏ ခေါင်းဆောင်သည် မြေပြင်ပေါ်တွင် လဲကျ သေဆုံးနေသော ဝတ်ရုံနက်လူ ဆယ်ဦးကျော်၏ အလောင်းများအား မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိန်းချုပ်ထားရသော ဒေါသများ ရောယှက်နေသည့် သူ၏ အသံမှာ ဩရှရှ ဖြစ်နေတော့သည်။
"လွန်ခဲ့တဲ့ ခဏလေးတင်က သူ့ရဲ့ အော်ရာ ဒီနေရာမှာ တွေ့ခဲ့တာပဲ ရေခဲအဆိပ် မိထားတဲ့ သူက အဝေးကြီး သွားနိုင်မှာ မဟုတ်ဘူး သူ့ကို ရှာကြစမ်း"
"ဟုတ်ကဲ့ပါ"
ဝတ်ရုံနက်ဖြင့် လူများသည် တစ်ပြိုင်နက် ဖြေကြား လိုက်ကြပြီး အဖွဲ့ခွဲကာ ပတ်ဝန်းကျင်အား ဖြန့်လျှက် ရှာဖွေကြတော့သည်။ ထိုအချိန်၌ လက်စွပ်၏ နေရာလွတ် အတွင်းတွင်မူ မီးဖီးနစ်ငှက်လေးသည် ဖုန်းကျို့အား ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ ကိုယ်ပေါ်မှ ပြင်းထန်သော အအေးဒဏ်များ ထုတ်လွှတ်နေသည့် လူတစ်ယောက်အား သူမ ဤနေရာသို့ ခေါ်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ထိုအချိန်တွင် ဖုန်းကျို့သည် သူမ၏ ချီစွမ်းအင်များအား အသုံးပြုကာ လင်းမိုဟန်၏ နှလုံးတွင် ရှိသည့် မရီဒန်များအား အကာအကွယ် ပေးရန် အလုပ်ရှုပ် နေသောကြောင့် ထိုကောင်လေးအား ဂရုစိုက်ရန် အချိန်မရှိပါချေ။ အကယ်၍ နှလုံးတွင် ရှိသည့် မရီဒန်ပါ အေးခဲသွားပါက သူသည် သေမင်းနှင့် မဝေးတော့ချေ။
မီးဖီးနစ်ငှက်လေးသည် ရင်ဘတ်တွင် လက်ပိုက်ထားပြီးနောက် သူ၏ နယ်မြေ အတွင်းသို့ ကျူးကျော် ဝင်ရောက်လာသော သူစိမ်းအား မျက်လုံးများကို ကျဉ်းမြောင်းလျှက် ကြည့်နေခဲ့သည်။ သူ၏ ကလေးသံလေးမှာ အေးစက်နေပြီး မနာလိုမှုများ ပြည့်နှက်နေကာ ပြောလိုက်သည်။
"အဲ့ဒါ ရေခဲအဆိပ်လေ ကောင်းကင်အောက်မှာ အအေးစက်ဆုံး စွမ်းအင်ပဲ မင်းဆီမှာရှိတဲ့ မဖြစ်စလောက် ချီစွမ်းအင်လေးက သူ့ရဲ့ နှလုံးမှာရှိတဲ့ မရီဒန်တွေကို ကာကွယ်ဖို့ လုံလောက်မှာ မဟုတ်ဘူး ဒီလူက သေဖို့ သေချာနေပြီ"