အခန်း ၅၁
Vol. 4 Ch. 51
အခန်း (၅၁)
ထိုအချိန်တွင် ဖုန်းကျို့၏ မျက်နှာပေါ်တွင် အမြဲတမ်း တွေ့နေကျ ပျင်းရိပျင်းတွဲဟန်များ မရှိတော့ဘဲ သူမ၏ လက်အား သူ၏ ဘယ်ဘက် ရင်ဘတ်ပေါ်တွင် ဖိထားဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ လေးနက် တည်ကြည်နေလျှက် ရှိကာ ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
"သူ ငါ့ကို အရင်တုန်းက ကူညီခဲ့ဖူးတယ် သူ့ကို ဒီအတိုင်း သေသွားဖို့ ငါ ခွင့်မပြုနိုင်ဘူး"
မီးဖီးနစ်ငှက်လေးသည် သူမ၏ မျက်နှာပေါ်ရှိ သံမဏိကဲ့သို့ ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် အနည်းငယ် တုန်လှုပ်သွားပြီး တိုးတိတ်သော အသံဖြင့် မေးလိုက်သည်။
"သူ့ကို မင်း ဘယ်လို ကယ်တင်ချင်လို့လဲ နှစ်တစ်ထောင် ရေခဲအဆိပ်ကို ဒီကိုယ်တော်တောင် ဘာမှမတတ်နိုင်ဘူး မင်းကိုလည်း ကူညီပေးနိုင်မှာ မဟုတ်ဘူး"
"မဟုတ်ဘူး မင်း ကူညီနိုင်ပါတယ်"
ဖုန်းကျို့သည် ရုတ်တရက် နက်နဲသော အပြုံးတစ်ခုအား ပြသကာ ပြောလိုက်သည်။ ထိုစကားအား ကြားသောအခါ မီးဖီးနစ်ငှက်လေးသည် နားမလည်နိုင်စွာဖြင့် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီးနောက် အတော်လေး စပ်စုချင်သွားခဲ့လေသည်။
သူမ မည်သည်ကိုဆိုလိုသနည်းဟု သူ မေးရန် ပြင်လိုက်စဉ် ဖုန်းကျို့သည် အမျိုးသား၏ အင်္ကျီရင်ဘတ်ကို ဖြေချလိုက်ပြီးနောက် နှင်းခဲများ ဖုံးလွှမ်းနေသော ရင်ဘတ်အား ဖော်ထုတ်လိုက်သည်ကိုသာ မြင်လိုက်ရသည်။ ဖုန်းကျို့သည် သူမ၏ ချီစွမ်းအင်များအား လက်ထဲသို့ စုစည်းကာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အကြောအမှတ် တစ်ခုကို ဖိနှိပ်လိုက်သည်။
"ဒီကို လာခဲ့ဦး"
သူမသည် ရုတ်တရက် ရပ်တန့်လိုက်ကာ မီးဖီးနစ်ငှက်လေးအား လှမ်းကြည့်လိုက်လေသည်။
"ဟင် ဘာလုပ်ဖို့လဲ"
မည်သည့် အရာများ ဖြစ်နေမှန်း နားမလည်သော်လည်း မီးဖီးနစ်ငှက်လေးသည် မတ်တတ်ရပ်လျှက် သူမ၏ ဘေးသို့ သွားလိုက်လေသည်။
ဖုန်းကျို့သည် သူ၏ တစ်ကိုယ်လုံးအား ကြက်သီးထ သွားစေလောက်အောင် ယုံကြည်နိုင်စရာ မရှိလောက်သည့် နူးညံ့သော အပြုံးတစ်ခုဖြင့် သူ့အား ပြုံးပြလိုက်လေသည်။ နောက်တစ်ခဏတွင် သူသည် ရုတ်တရက် နာကျင်စွာဖြင့် သနားစရာ ကောင်းလောက်အောင် အော်ဟစ် လိုက်တော့သည်။
"အားးး ဒီကိုယ်တော်ရဲ့ လက် ဒီကိုယ်တော်ရဲ့ လက်က သွေးတွေ ထွက်နေပြီ မင်း မင်း ယုတ်မာတဲ့ မိန်းမ ဘာတွေလုပ်နေတာလဲ"
သူသည် ဖုန်းကျို့အား ဒေါသတကြီး စိုက်ကြည့်နေခဲ့ကာ ရင်ထဲတွင် အလွန်တရာ နာကြည်းနေခဲ့သည်။
"မင်းရဲ့ သွေးနည်းနည်းလောက်ကို ငါ ငှားသုံးချင်လို့ပါ သေးသေးလေး ရှမိသွားရုံပါပဲ အများကြီး မယူပါဘူး"
သူမသည် သူ၏ တိုတုတ်သော လက်ကလေးအား ဆွဲယူကာ လင်းမိုဟန်၏ နှုတ်ခမ်းနားသို့ ကပ်လိုက်ပြီးနောက် သေးငယ်သော လက်ချောင်းလေးမှ ထွက်ကျလာသည့် သွေးများအား လင်းမိုဟန်၏ ပါးစပ်ထဲသို့ ညှစ်ချလိုက်တော့သည်။
မီးဖီးနစ်ငှက်လေး၏ သွေးများ သူ၏ ပါးစပ်ထဲသို့ ဝင်ရောက် သွားသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ် အတွင်းရှိ အေးစက်သော နှင်းခဲများသည် တဖြည်းဖြည်း ပြယ်လွင့်သွားခဲ့ကာ ဖိနှိပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။ ပြင်းထန်သော အပူလှိုင်း တစ်ခုသည် သူ၏ ခန္ဓာကိုယ် တစ်လျှောက် စီးဆင်းသွားပြီးနောက် သူ၏ အေးခဲနေသော ခန္ဓာကိုယ်အား နွေးထွေး သွားစေခဲ့သည်။ အလုံး တစ်လုံးကဲ့သို့ ကွေးကောက် နေသော ခန္ဓာကိုယ် သည်လည်း တဖြည်းဖြည်း ဆန့်တန်းလာခဲ့သည်။
"ဒီကိုယ်တော်ရဲ့ သွေးက အဲ့ဒီလောက်တောင် အသုံးဝင်တာလား"
သူမ စောစောပိုင်းတွင် ပြောခဲ့သော စကားများ၏ အဓိပ္ပာယ်အား မီးဖီးနစ်ငှက်လေးသည် ယခုမှပင် နားလည်သွားတော့သည်။ လင်းမိုဟန်၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် နွေးထွေး လာသည်ကို မြင်သောအခါ ဖုန်းကျို့သည် သက်ပြင်းချ လိုက်ပြီးနောက် ဆက်လက်၍ ရှင်းပြပေးလိုက်သည်။
"မင်းက ရှေးဟောင်း မီးဖီးနစ်လေးပဲလေ မီးဖီးနစ်ရဲ့ သွေးဟာ အပူဆုံးလို့ လူသိများတယ်မလား ဒါကြောင့် သူ့ကိုယ်ထဲက ရေခဲအဆိပ်ကို သဘာဝ အလျောက် ဖိနှိပ်နိုင်တာပေါ့"
သူမသည် စကားပြောရင်း သူ၏ ခေါင်းလေးအား ပွတ်သပ်ပေးလိုက်ကာ ရယ်မောလျက် ပြောလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် သူ ငါ့အပေါ်မှာ ရှိဖူးတဲ့ ကျေးဇူးကို ပြန်ဆပ်နိုင်အောင် မင်း ကူညီပေးလိုက်တာပဲ"
"ဟွန့်"
မီးဖီးနစ်ငှက်လေးသည် မျက်နှာအား စူပုတ်ပုတ်ဖြင့် လွှဲဖယ် လိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ ဖုန်းကျို့ထံမှ ထိုစကားများအား ကြားရသဖြင့် အမှန်တကယ် ပျော်ရွှင်နေခဲ့သည်။
"သူ့ကို ဒီမှာ ဘယ်လောက်ကြာကြာ ထားဖို့ ရည်ရွယ်ထားတာလဲ သူ နိုးလာရင် မင်း ဘာလုပ်မှာလဲ"
"အပြင်မှာ သူ့အသက်ကို ရန်ရှာနေတဲ့ လူတွေရှိတယ် အဲ့ဒီလူတွေ အဝေးကြီး ရောက်သွားတဲ့အခါ သူ့ကို ငါ အပြင် ပြန်ခေါ်ထုတ်သွားပါ့မယ် သူ့ကိုယ်ထဲက အအေးဒဏ်က ဖိနှိပ်ခံလိုက်ရပြီဆိုတော့ မကြာခင် သူ သတိ ပြန်လည်လာတော့မှာပါ သူ့ရဲ့ စွမ်းအား အရ ဆိုရင် သူ နိုးလာတဲ့အခါ အဆင်ပြေသွားလိမ့်မယ်"
ထိုစကားများ ကြားပြီးနောက် မီးဖီးနစ်ငှက်လေးသည် မည်သည်ကိုမှ ထပ်မပြောတော့ချေ။ ဖုန်းကျို့သည် သူမ ပြောခဲ့သည့် အတိုင်း တစ်နာရီခန့် အကြာတွင် လင်းမိုဟန်အား နေရာလွတ် အတွင်းမှ ခေါ်ထုတ်လာပြီးနောက် မြက်ခင်းပေါ်တွင် ထားရစ်ခဲ့တော့သည်။
"ဦးလေးကြီး ဒီတစ်ခါတော့ ခင်ဗျား အသက်ကို ကျွန်မ ကယ်တင်လိုက်တယ်လို့ မှတ်ယူလို့ ရပြီနော် ကျွန်မ လုပ်စရာလေးတွေ ရှိသေးလို့ ဒီနေရာကနေပဲ လမ်းခွဲကြတာပေါ့"
သူ၏ မျက်တောင်များ အနည်းငယ် လှုပ်ရှားသွားသည်အား သူမ မြင်လိုက်ရပြီးနောက် သူ သတိရလာပြီ ဖြစ်ကြောင်း သိလိုက်သဖြင့် သူမ၏ ထူးဆန်းသော ခြေလှမ်းများအား အသုံးပြုလျှက် တောအုပ် အတွင်းသို့ အလျင်အမြန် ဝင်ရောက် ပျောက်ကွယ် သွားလေတော့သည်။
သူမ ထွက်ခွာသွားပြီး မကြာမီမှာပင် လင်းမိုဟန် သတိပြန်လည် လာခဲ့သည်။ သူ၏ ခေါင်းထဲတွင် သူတောင်းစားမလေး၏ အသံ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိနေသော သူ၏ ခန္ဓာကိုယ်အား ကြည့်လျှက် သူ အလွန်တရာ အံ့အားသင့်နေခဲ့သည်။ သူ၏ အတွင်းပိုင်းရှိ အအေးဒဏ်များ ဖိနှိပ်ခံထားရသည်အား ခံစားလိုက်ရသောအခါ သူ အံ့သြသွားပြီးနောက် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်သော်လည်း သူတောင်းစားမလေး၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။
ဖုန်းကျို့၏ ဘက်တွင်မူ လူသန်ကြီး ကွမ်ရှီးလင်သည် သူမအား ထိုနေရာ၌ပင် စောင့်နေဦးမည်အား စိုးရိမ်သဖြင့် သူမသည် ထိုနေရာသို့ အရောက်သွားရန် ညလုံးပေါက် ခရီးနှင်ခဲ့လေသည်။
မိုးလင်းစပြုချိန်တွင် သူမသည် ထိုသစ်ပင်ကြီးအောက်သို့ ရောက်ရှိလာခဲ့ပြီး ထိုလူသန်ကြီး ရှိမနေသည်အား မြင်သောအခါ သက်ပြင်းချလိုက်မိသည်။
"သူ ထွက်သွားပြီထင်တယ် အဲ့ဒါ ကောင်းပါတယ် သူ ဒီမှာ ငါ့ကို တုံးအအကြီး စောင့်နေဦးမလားဆိုပြီး စိုးရိမ်နေရတဲ့ ဒုက္ခကနေ သက်သာသွားတာပေါ့"
သို့သော်လည်း သူမ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရင်းနှီးနေသော အသံတစ်သံသည် အဝေးမှ အော်ဟစ်လိုက်သံ နှင့်အတူ ရက်စက် ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ ဒေါသတကြီး ဟိန်းဟောက်သံကိုပါ ရုတ်တရက် ကြားလိုက်ရတော့သည်