အခန်း ၅၂
Vol. 4 Ch. 52
အခန်း (၅၂)
ထိုအသံများအား ကြားလိုက် ရသောအခါ သူမ၏ မျက်နှာသည် ချက်ချင်း ပျက်ယွင်းသွားပြီးနောက် မျက်စိတစ်မှိတ် အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်သည် ထိုအရပ်ဆီသို့ ပြေးသွားနှင့်ပြီး ဖြစ်လေသည်။ သို့သော်လည်း ထိုနေရာသို့ ရောက်ရှိပြီး မြင်ကွင်းအား မြင်လိုက်ရချိန်တွင် သူမသည် နေရာ၌ပင် ခေတ္တမျှ ကြက်သေသေ သွားခဲ့ရတော့သည်။
တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲရွှဲစိုနေသည့် ထိုအမျိုးသား တစ်ဦးသည် ကြောက်မက်ဖွယ် ကောင်းသည့် ကျားရိုင်း တစ်ကောင်နှင့် လက်ဗလာဖြင့်သာ တိုက်ခိုက်နေသည်ကိုသာ သူမ မြင်တွေ့လိုက် ရလေသည်။ သူ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများသည် ကျား၏ ထက်မြက်သော လက်သည်းများကြောင့် စုတ်ပြဲနေလျှက် ရှိကာ သူ၏ ကိုယ်ပေါ်ရှိ နက်ရှိုင်းလှသော ဒဏ်ရာကြီးများမှာ မြင်ရက်စရာပင် မရှိလှအောင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
ထို့အပြင် ၎င်းတို့၏ ပတ်ပတ် လည်တွင်မူ အကောင်ရေ ဆယ်ကောင်ထက် မနည်းသော မီးခိုးရောင် ဝံပုလွေများ၏ အလောင်းများ ရှိနေခဲ့သည်။
သူသည် မီးခိုးရောင် ဝံပုလွေ ဆယ်ကောင်ကျော်အား သူ၏ ကိုယ်ပိုင်ခွန် အားဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ကာ ကြောက်မက်ဖွယ် ကောင်းသည့် ကျားရိုင်းနှင့်ပါ ဆက်လက် လုံးထွေး သတ်ပုတ်နေဆဲ ဖြစ်သည် ဆိုသည့် အချက်ကြောင့် သူမ အံ့အားသင့်နေသွားခဲ့ရသည်။ ထိုကဲ့သို့ သူမ အံ့အားသင့်နေစဉ်မှာပင် သူသည် လက်သီးအား ဆုပ်၍ လှည့်လိုက်လေရာ သူ၏ လက်သီးတစ်ဝိုက်တွင် ချီစွမ်းအင်များ စုစည်းသွားသည်အား ရုတ်တရက် မြင်လိုက်ရလေသည်။
"ဘုန်း" ခနဲ ကျယ်လောင်သော အသံနှင့်အတူ အလေးချိန် ပိဿာ ရာချီမည့် ကျားကြီးအား ထိုးချလိုက်ရာ ထိုကျားကြီးမှာ လေထဲသို့ လွင့်ထွက် သွားခဲ့တော့သည်။
'ဝုန်းးး'
ကြမ်းကြုတ်လှသည့် ကျားကြီးသည် သနားစရာ ကောင်းလောက်အောင် အော်ဟစ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့ကာ လွင့်စင်၍ ပြုတ်ကြသွားသည့် အရှိန်ကြောင့် အကြိမ်အနည်းငယ်မျှ လိမ့်ထွက်သွားခဲ့လေသည်။ ကျား၏ အရိုးများ ကျို့းကြေသွားသည့် အသံကိုပင် သူမ ကြားလိုက်ရသေးသည်။
"ကလေးလေး"
ကွမ်ရှီးလင်သည် လှည့်ကြည့်ကာ ဝမ်းသာ အားရဖြင့် အော်ခေါ်လိုက်လေသည်။ သူ၏ မျက်နှာပေါ်မှ သွေးများအား လက်ဖြင့် သပ်ချလိုက်ပြီး အဝတ်အစားများဖြင့် အလျင်စလို သုတ်ပစ်လိုက်ကာ ဖုန်းကျို့ဆီသို့ ပြေးလာရင်း ပြောလိုက်သည်။
"ကလေးလေး မင်းကို တစ်ခုခု ဖြစ်သွားပြီလို့ ငါ ထင်နေခဲ့တာ သတိထား"
သူ ပြောချင်သော စကား မဆုံးမီမှာပင် ကွမ်ရှီးလင်သည် အော်ဟစ်လိုက်ပြီးနောက် သူမဆီသို့ တစ်ဟုန်ထိုး ခုန်ဝင်လာခဲ့ကာ ဖုန်းကျို့အား ဘေးသို့ လွတ်ကင်းရန် လက်နှစ်ဖက်ဖြင့် တွန်းထုတ် လိုက်လေတော့သည်။
အရာအားလုံး အလွန်လျင်မြန်စွာ ဖြစ်ပျက် သွားသောကြောင့် အနောက်မှ ချဉ်းကပ်လာသော အန္တရာယ်အား သတိပြုမိ၍ လှည့်ကြည့်လိုက်သော ဖုန်းကျို့သည် ကွမ်ရှီးလင်၏ ခုန်ဝင်လာမှုမား အချိန်မီ မရှောင်ရှားနိုင်လိုက်ဘဲ သူ၏ တွန်းချမှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားရတော့သည်။
"ဝေါင်း"
"အားး"
ကျားရိုင်းကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံ နှင့်အတူ ကွမ်ရှီးလင်၏ ညည်းတွားသံပါ အတူတကွ အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် ကွမ်ရှီးလင်မှ ပြောလိုက်လေသည်။
"ကလေးလေး မြန်မြန် ထွက်ပြေးတော့"
ရုတ်တရက် မျှော်လင့်မထားသော အခြေအနေ အပြောင်းအလဲကြောင့် ဖုန်းကျို့မှာ ကြောင်အသွားခဲ့ကာ ကျားရိုင်းကြီး၏ ပါးစပ်ထဲတွင် ပခုံးတစ်ဝက်ခန့် ဝင်နေကာ သွေးသံရဲရဲ ဖြစ်နေသည့် ကွမ်ရှီးလင်အား စိုက်ကြည့်နေမိသည်။ သူမ၏ မျက်လုံးများ နီရဲသွားပြီးနောက် ချက်ချင်းပင် ဓားမြှောင်အား ဆွဲထုတ်ကာ ရှေ့သို့ ပြေးဝင်သွားတော့သည်။
"တေ ဂျင်း ချိုး တိရစ္ဆာန်"
သူမသည် ခုန်တက်ကာ အမွှေးစုအား လက်တစ်ဆုပ်စာ ဆွဲကိုင်လိုက်ပြီးနောက် လက်ထဲရှိ ဓားမြှောင်ဖြင့် ကျားရိုင်းကြီး၏ လည်ပင်းအား အားကုန်လွှဲ၍ ရက်စက်စွာ ထိုးစိုက် လိုက်လေတော့သည်။
'ဝေါင်း'
ကျားကြီးသည် နာကျင်စွာ အော်ဟစ် လိုက်သော်လည်း ပါးစပ်ထဲတွင် ကိုက်ခဲထားသော လူကိုပါ ဆွဲယူသွားခဲ့ကာ ၎င်း၏ သားကောင်အား လွှတ်မပေးရန် ငြင်းဆန်နေခဲ့သည်။ ဖုန်းကျို့၏ ရက်စက်သော ဓားမြှောင်သည် ၎င်း၏ လည်ပင်းအား နောက်တစ်ကြိမ် နက်ရှိုင်းစွာ ထိုးစိုက် လိုက်သောအခါမှသာလျှင် ကျယ်လောင်သော အသံ နှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကာ နောက်ဆုံး ထွက်သက်အား ရှူရှိုက်ရင်း တဆတ်ဆတ် တုန်ယင်နေလေတော့သည်။
"ကွမ်ရှီးလင် ကွမ်ရှီးလင် အဆင်ပြေရဲ့လား"
သူမသည် ကျား၏ မေးရိုးအား အတင်းဆွဲဖြဲလိုက်ကာ သူ့အား ဆွဲထုတ်ရင်း အနည်းငယ် ပြာယာခတ်နေခဲ့သည်။ လွတ်လပ်စွာ အတားအဆီး မရှိ စီးကျနေသော သွေးများနှင့် အသက်မဲ့စွာ တွဲလောင်း ကျနေသော ညာဘက် လက်မောင်းအား စိုက်ကြည့်ရင်း သူမ၏ နှလုံးသားသည် ရုတ်တရက် ခေတ္တမျှ တုန်လှုပ်သွားခဲ့သည်။
[ဒီလို ဒဏ်ရာမျိုးက သူ့ရဲ့ လက်က]
"ကလေးလေး မင်း မင်း ထိခိုက်မိသေးလား"
ဟု သူက စိုးရိမ်တကြီး မေးလိုက်လေရာ သူ၏ အသံမှာ အတော်လေး အားနည်းနေခဲ့သည်။ သူ၏ စကားအား ကြားလိုက်ရသောအခါ ဖုန်းကျို့၏ နှလုံးသားမှာ ပြင်းထန်စွာ နာကျင်သွားခဲ့ရကာ ဝမ်းနည်းပူဆွေးမှုများသည် သူမ၏ စိတ်အား လွှမ်းမိုးသွားခဲ့လေတော့သည်။
သူမ၏ မျက်လုံးများ နီရဲသွားပြီးနောက် ဆေးအား ထုတ်ယူလိုက်ကာ သွေးတိတ်စေရန် ဒဏ်ရာပေါ်သို့ ဖြူးပေးရင်း အပြစ်တင် ပြောဆိုလိုက်သည်။
"ခင်ဗျား သေချင်နေတာလား ကျွန်တော့်ကို ကယ်ဖို့ ဘယ်သူက ခိုင်းလို့လဲ အဲ့ဒါကို ကျွန်တော် ရှောင်နိုင်ပါတယ် ခင်ဗျားက ဘာလို့ ကျွန်တော့် ကို လာတွန်းရတာလဲ"
[ဒီလို အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ ကိုယ်ကျို့းမဖက်ဘဲ သူမရဲ့ ရှေ့မှနေ၍ ဘယ်သူမှ ဝင်ရောက် မကာကွယ်ပေးခဲ့ဖူးချေ။ သို့သော် သူ ဤအရူးကြီး ဤလူသန်ကြီးမှာမူ ထိုအတိုင်း တိတိကျကျ လုပ်ဆောင်ခဲ့သည်]
[တုံးလိုက်တာ ဒီထက် ပိုတုံးအတဲ့သူ မရှိနိုင်တော့ဘူး]
သို့သော် ဤတစ်ကြိမ်တွင်မူ သူမ၏ အေးစက် ခဲကပ်နေသော နှလုံးသား၏ ထောင့်ငယ်လေး တစ်ခုတွင် လှိုင်းလေး တစ်ခုမျှ လှုပ်ခတ်သွားခဲ့သည်။ စိမ်းသက်သော အကျွမ်းတဝင် မရှိသော ခံစားချက်တစ်ခုသည် ဝမ်းနည်းပူဆွေးမှုများအား လှိုင်းတံပိုးများအလား ခံစားရစေခဲ့ကာ သူမ၏ မျက်လုံးများမှာ ပူနွေးလာ ပြီးနောက် မျက်စိရှေ့တွင် မြူခိုးများ ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်လာသဖြင့် သူ၏ မျက်နှာအား သေချာစွာ မမြင်နိုင်တော့ပေ။
"တောင်း တောင်းပန်ပါတယ် ငါ ငါ အရမ်းစိုးရိမ်သွားပြီး မေ့ မေ့သွားလို့ပါ"
သူသည် ရိုးသား ပွင့်လင်းသော အပြုံးတစ်ခုအား ပြုံးပြလိုက်သည်။ သို့သော် သူ၏ ဒဏ်ရာများမှာ အလွန်အမင်း ပြင်းထန်လှသောကြောင့် မျက်နှာမှာ သွေးဆုတ် ဖြူရော်နေပြီး သွေးများ ရွှဲနစ်နေသော အဝတ်အစားများဖြင့် ကွမ်ရှီးလင်သည် အချိန်မရွေး သေဆုံးသွားနိုင်သည့် အနေအထားတွင် ရှိနေခဲ့သည်။
"ကလေးလေး ကို ကို အဆင်ပြေပါတယ် နည်းနည်းလောက် ပင်ပန်းနေလို့ ခဏလောက် အိပ်လိုက်ဦးမယ်နော်"
သူ၏ အသံသည် တဖြည်းဖြည်း အားနည်း လာပြီးနောက် သတိလစ် မေ့မြောသွားခဲ့ကာ လုံးဝ သတိကင်း လွတ်သွားတော့သည်။