အခန်း ၅၃
Vol. 4 Ch. 53
အခန်း (၅၃)
နွေးထွေးသော နေရောင်ခြည်များ တောအုပ်အတွင်းသို့ ကျဆင်းလာပြီး ကွမ်ရှီးလင်၏ မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။ သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီးနောက် ဘယ်ဘက်လက်ရှိ လက်ချောင်းလေးများလည်း အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ခေတ္တ အကြာတွင် သူသည် မျက်လုံးများအား ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ၏ ခေါင်းထက်ရှိ ထူထပ်လှသော သစ်ရွက် အမိုးအကာများကြားမှ ဖြာကျနေသည့် နေရောင်ခြည် အစက်အပြောက်များအား အနည်းငယ် ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိလေသည်။
"နိုးပြီလား"
နူးညံ့နွေးထွေးသော အသံလေး သူ၏ နားထဲသို့ ရောက်လာသဖြင့် ကွမ်ရှီးလင်မှာ လန့်ဖြတ်သွားခဲ့ရသည်။
"ကလေးလေး"
သူသည် ထိုင်ချင်သော်လည်း ဒဏ်ရာအား ဆွဲဆန့်လိုက်သကဲ့သို့ ဖြစ်သွားသဖြင့် အလွန် နာကျင်သွားခဲ့ကာ ညည်းတွားရင်း နောက်သို့ ပြန်လန် ကျသွားလေတော့သည်။
"ခင်ဗျားရဲ့ ဒဏ်ရာတွေ မကျက်သေးဘူး သိပ်ပြီး မလှုပ်ရှားနဲ့ဦး"
ဖုန်းကျို့သည် သူ့အား ဖိထားလိုက်ပြီး ခံစားချက်များ ရောယှက်နေသော မျက်လုံးများဖြင့် သူ့အား ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော့် နာမည် ဘယ်သူလဲဆိုတာတောင် ခင်ဗျား မသိဘဲနဲ့ ကျွန်တော့် ကို ကာကွယ်ဖို့အတွက် ဘာလို့ ကိုယ့်အသက်ကို ဒီလောက်တောင် အရူးလို စွန့်စားရတာလဲ"
"ကလေးလေး မင်း ဒေါသထွက်နေတာလား"
သူသည် သူတောင်းစားလေးအား စိုးရိမ်တကြီး ကြည့်နေခဲ့သည်။
"ကျွန်တော် မေးနေတာကိုပဲ ဖြေစမ်းပါ”
ထိုမျက်လုံးများမှာ ပြင်းထန်စွာ လေးနက်နေသည်အား မြင်သောအခါ သူမှ ပြန်ဖြေလိုက်သည်။
"ကိုက ကလေးလေးထက် အသက်ကြီးတယ်လေ ပြီးတော့ ကလေးလေးက ကိုရဲ့ ညီလေး တစ်ယောက်လိုပဲ အန္တရာယ်ကြုံလာတဲ့အခါ ကလေးလေးကို ကိုက ကာကွယ်ပေးရမှာပေါ့"
ဖုန်းကျို့မှာ အံ့အားသင့်သွား ပြီးနောက် သူ၏ အကြောင်းပြချက်သည် ဤမျှ ရိုးရှင်းပြီး ရိုးသားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
"ကလေးလေး"
"ကျွန်မ နာမည် ဖုန်းကျို့"
တိတ်ဆိတ်စွာ ကြောင်အမ်းနေသော ထိုမျက်နှာအား ကြည့်ရင်း သူမမှ ရုတ်တရက် စကားဆိုလိုက်လေသည်။
"ပြီးတော့ ကျွန်မက မိန်းကလေးတစ်ယောက်ပဲ"
"ဟမ် မိန်း မိန်းကလေး မိန်းကလေးလား"
ဤတစ်ကြိမ်တွင်မူ သူ အမှန်တကယ် အံ့အားသင့်သွားခဲ့ရကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် စကားစ ပြောလေတော့သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့် ရှုထောင့်မှ ကြည့်စေကာမူ ဝံပုလွေအုပ်ကြီးအား တစ်ယောက်တည်း ရင်ဆိုင်နိုင်သော မိန်းကလေး တစ်ယောက်အား မည်သည့်နေရာတွင် ရှာတွေ့နိုင်လိမ့်မည်နည်း။
ထို့အပြင် သူသည် သူမအား ယောကျ်ားလေး တစ်ဦး အဖြစ်သာ အမြဲမြင်ခဲ့ပြီး သူမသည် မိန်းကလေး တစ်ဦး ဖြစ်လာလိမ့်မည်ဟု တစ်ခဏမျှပင် တွေးမထားခဲ့ချေ။
သူ အလွန်တရာ မှင်သက်နေသည်အား မြင်သောအခါ သူမ၏ မျက်လုံးများ တောက်ပသွားခဲ့ကာ ပြောလိုက်သည်။
"ရှင့် ရဲ့ ညာဘက်ပခုံးက အရွတ်တွေက ကျား ကိုက်ခံရလို့ ပြတ်သွားပြီ"
"အို"
သူသည် သူမအား တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ကျွန်မ ဆိုလိုတာက ရှင့်ရဲ့ ညာဘက်လက်က ကျို့းပဲ့ ပျက်စီးသွားပြီလို့ ပြောတာ"
ဤတစ်ကြိမ်တွင်မူ သူ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မျက်လွှာချကာ ပြောလိုက်လေသည်။
"အင်း"
"အခု နောင်တရနေပြီလား"
ထိုစကားအား ကြားသောအခါ ကွမ်ရှီးလင်သည် သူမ ရှိရာဆီသို့ ကြည့်ကာ ခေါင်းခါလျက် ပြောလိုက်သည်။
"ကို နောင်တမရပါဘူး အကယ်၍ ကိုသာ ရှေ့ကနေ ဝင်မကာကွယ်ခဲ့ရင် အဲ့ဒီကောင်က ကလေးလေးကို ကိုက်မိပြီး ကလေးလေး အသက်ရှင်ချင်မှ ရှင်လိမ့်မယ် ကိုက ယောကျ်ား တစ်ယောက်ပါ ပြီးတော့ ခန္ဓာကိုယ် အရွယ်အစားကလည်း ပိုကြီးတယ်လေ ကို့ လက်တစ်ဖက် ပျက်စီး သွားရုံလေးပါပဲ ကို အဆင်ပြေပါတယ် ညာဘက်လက်နဲ့ ဓားမကိုင်နိုင်ရင် ဘယ်ဘက်လက်ကို လေ့ကျင့်မှာပေါ့"
ထိုစကားများအား ကြားသောအခါ ဖုန်းကျို့မှာ အတော် ကြာအောင် အံ့အားသင့် သွားပြီးနောက် သတိ ပြန်လည်လာချိန်တွင် သူမ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့ကာပြောလိုက်သည်။
"ကျွန်မ ထင်ထားသလိုကို တုံးအတာပဲ"
"ကလေးလေး အာ မဟုတ်ဘူး မဟုတ်ဘူး ရှောင်ကျို့့ ကိုက တုံးအတာ မဟုတ်ပါဘူး ကိုက အရမ်းရိုးသားနေလို့ပါ"
သူသည် နှုတ်ခမ်းများအား တွန့်ကာ အသံထွက်အောင် ရယ်မောလိုက်ပြီးနောက် သူ၏ ညာဘက်လက် ပျက်စီးသွားခြင်းနှင့် ပတ်သက်၍ စိတ်ဓာတ်ကျနေပုံ မရချေ။
"ရိုးသားတဲ့သူက သူ့ကိုယ်သူ ရိုးသားတယ်လို့ လူတွေကို လိုက်ပြောနေမှာလား"
သူမမှ မေးငေါ့ကာ ပြောလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား သေချာပေါက် ပြန်လည် ကုသပေးမည်ဟု သူမ၏ စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ် လိုက်လေတော့သည်။
"ရှောင်ကျို့့ မင်း ဆေးပင်သွားခူးတုန်းက အန္တရာယ်တွေနဲ့ ကြုံခဲ့ရလို့လား ဘာဖြစ်လို့ ဒီလောက်တောင် အချိန်အကြာကြီး ပျောက်နေရတာလဲ"
သူသည် ထိုနေရာတွင် နေ့ရောညပါ စောင့်ဆိုင်း နေခဲ့သော်လည်း သူမ ပြန်လာသည်အား မတွေ့ရသဖြင့် သူမသည် ရက်စက် ကြမ်းကြုတ်သော သားရဲ တစ်ကောင်နှင့် ကြုံတွေ့ရသည်ဟု ထင်မှတ်ကာ သူမအား ရှာဖွေရန် ပြေးထွက်လာခဲ့ခြင်း ဖြစ်ကြောင်းကို ပြန်လည်၍ တွေးမိလိုက်လေသည်။ မျှော်လင့်မထားဘဲ သူသည် ဝံပုလွေများနှင့် ကျား၏ တိုက်ခိုက်ခြင်းကိုသာ ခံခဲ့ရသည်။
"မျှော်လင့်မထားတဲ့ ကိစ္စတချို့ ဖြစ်သွားလို့ပါ ဝက်ဝံနှစ်ကောင်က တောအုပ်ထဲမှာ ကျွန်မကို အပြေးအလွှား လိုက်ဖမ်းနေကြတာမို့လေ ရှင် ဗိုက်ဆာနေပြီလား ကျွန်မ တောကောင် သွားပစ်ပြီး ကျွန်မတို့စားဖို့ ကင်ပေးမယ်လေ"
သူမသည် ရှင်းပြချက် အများကြီး မပေးလိုဘဲ ထိုအကြောင်းအရာအား ကျော်သွားလိုက်တော့သည်။ ပြီးခဲ့သည့် နေ့ရော ညပါ သူမ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များနှင့် ပတ်သက်၍ သူမ အများကြီး ပြောပြရန် ရည်ရွယ်မထားခဲ့ချေ။
"ဆာတော့ ဆာတယ် ဒါပေမဲ့ သိပ်အဝေးကြီး မသွားနဲ့နော်"
သူသည် အနည်းငယ် စိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။
"ငါ သိပါတယ်"
သူမက ပြုံးကာ ထရပ်လိုက်ပြီးနောက် ပတ်ဝန်းကျင်အား စူးစမ်းရန် လျှောက်သွားခဲ့သည်။
ရက်အနည်းငယ် အကြာ ထောင်ချောက်ကိုးသွယ် တောအုပ်အတွင်း၌...
ရက်အနည်းငယ်ကြာ အတူတကွ နေထိုင် ပြောဆိုခဲ့ကြ ပြီးနောက် သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာကြ ပြီ ဖြစ်ကာ ဖုန်းကျို့သည် အားကိုးစရာ မရှိဘဲ တစ်ကောင်ကြွက် ဖြစ်နေကြောင်း သိရသောအခါ ကွမ်ရှီးလင်မှ သူမအား ညီမ အဖြစ် အသိအမှတ်ပြုလိုကြောင်း ပြောလာခဲ့သည်။
သူ့အား လက်လျော့ သွားအောင် ဖျောင်းဖျ၍ မရသောကြောင့် ဖုန်းကျို့သည်လည်း သူကဲ့သို့ အစ်ကိုကြီး တစ်ယောက် ရှိခြင်းသည် ဆိုးရွားသော အကြံအစည် မဟုတ်ဟု ခံစားမိသဖြင့် ထိုသူနှစ်ဦးသည် ကောင်းကင်ဘုံအား တိုင်တည်ကာ သွေးသောက် မောင်နှမ အဖြစ် အသိအမှတ်ပြုရန် အလွန် ရိုးရှင်းသော အခမ်းအနား တစ်ခုကို ကျင်းပခဲ့ကြသည်။
"ရှောင်ကျို့ကျောက်တုံးတောအုပ်အုပ် မြို့ ကို သွားကြစို့"
သူ၏ ဦးနှောက်အတွင်းရှိ သွေးခဲများ ပြယ်သွားသော အခါ သူ၏ မှတ်ဉာဏ်များ ပြန်လည် ရရှိလာသော်လည်း သူသည် အိမ်သို့ ပြန်ချင်စိတ် မရှိချေ။