အခန်း ၅၄
Vol. 4 Ch. 54
အခန်း (၅၄)
"အင်း ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် အရင်ဆုံး ဒီကနေ ထွက်သွားပြီးမှ ကြည့်ကြတာပေါ့"
လက်ရှိ အခြေအနေတွင် သူမ မည်သည့် နေရာသို့ သွားသည် ဖြစ်စေ သူမအတွက် အတူတူပင် ဖြစ်ချေသည်။ သို့ဖြစ်၍ သူတို့သည် ချက်ချင်းပင် လမ်းခရီး ထွက်ခဲ့ကြပြီး ကျောက်တုံးတောအုပ် မြို့ ဆီသို့ ဦးတည်၍ သွားကြလေတော့သည်။
နှစ်ရက်အကြာ ကျောက်တုံးတောအုပ် မြို့၌..
ကွမ်ရှီးလင်၏ စုတ်ပြဲနေသော အဝတ်အစားများတွင် သွေးများ ပေကျံနေဆဲ ဖြစ်ကာ အတော်လေး ကြည့်ကောင်းသော သူ၏ မျက်နှာသည်လည်း အညစ်အကြေးများဖြင့် အလွန်အမင်း ပေကျံနေလျှက် ရှိသည်။ သူ၏ လက်မောင်းများသည် ကြီးမားပြီးနောက် ကြွက်သားများသည်လည်း ထစ်ထစ်ထ နေသည် ဟူသော အချက်နှင့် ပေါင်းစပ် လိုက်သောအခါ သူသည် တောရိုင်းလူ တစ်ယောက်နှင့် အစစအရာရာ တူညီနေပေတေ့သည်။
ဖုန်းကျို့မှာမူ သူမ ဝတ်ဆင် ထားသော အင်္ကျီဖြူလေးသည် မီးခိုးရောင် ပြောင်းသွားပြီ ဖြစ်ကာ မျက်နှာပေါ်တွင်လည်း ဆေးပင် အရည်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူမသည် အညစ်အကြေးများနှင့် ဖုန်မှုန့်များ ပေကျံနေပြီး ညစ်ပတ်နေသော သူတောင်းစား တစ်ဦးနှင့် ကွာခြားမှု မရှိချေ။
ဤလူနှစ်ဦးကျောက်တုံးတောအုပ် မြို့အတွင်းသို့ ဝင်ရောက် လာသောအခါ သဘာဝကျကျပင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသော အကြည့်များစွာကို လက်ခံ ရရှိခဲ့ပြီး သူတို့အား ဖြတ်လျှောက် သွားသော လူများပင်လျှင် ထိတွေ့မိမည်အား စိုးရိမ်သဖြင့် အစွမ်းကုန် ရှောင်ဖယ်သွားကြကုန်သည်။
"မြို့ထဲက လေထုက အရမ်းကွာခြားတာပဲ"
ဖုန်းကျို့က လေအား ခပ်ပြင်းပြင်း ရှူသွင်းလျှက် ရေရွတ်လိုက်လေသည်။ ထိုသို့ ရှူသွင်းလိုက်ခြင်းသည် လေထုထဲတွင် အပြည့်အဝ ပျံ့နှံ့နေသော မတူညီသည့် အစားအစာ အမျိုးမျိုး၏ မွှေးကြိုင်သော ရနံ့များကိုသာ ရှူရှိုက်မိစေလေသည်။
"ရှောင်ကျို့ ငါတို့ အရင်ဆုံး အဝတ်အစား သွားလဲဖို့ လိုလိမ့်မယ် မဟုတ်ရင် တည်းခိုခန်းပဲ ဖြစ်ဖြစ် တခြားနေရာတွေကပဲ ဖြစ်ဖြစ် ငါတို့ကို အထဲဝင်ခွင့် ပြုမှာမဟုတ်ဘူး"
ကွမ်ရှီးလင်မှ သူ၏ ကိုယ်ပေါ်တွင် တွဲလောင်း ကျနေသော စုတ်ပြဲနေသည့် အဝတ်အစားများအား ဆွဲယူရင်း ပြောလိုက်လေသည်။
"အင်း အနီးအနားမှာ အဆင်သင့် ချုပ်ပြီးသား အဝတ်အစားတွေ ရောင်းတဲ့ဆိုင်တွေ ရှိမရှိ ကြည့်ရအောင်"
သူမသည် ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်။ သူမ၏ မျက်လုံးများသည် အနည်းငယ် ဝေးသော နေရာ တစ်ခုဆီသို့ ကျရောက်သွားပြီးနောက် ချက်ချင်းပင် ကွမ်ရှီးလင်အား ထိုနေရာသို့ လျှောက်သွားရန် ဆွဲခေါ်လိုက်လေတော့သည်။
"ဟိုဘက်မှာ အဲ့ဒီမှာ တစ်ဆိုင်ရှိတယ်"
"နေဦး နေဦး နေဦး နေဦး"
သူသည် သူမအား အလျင်စလို ဆွဲရပ်လိုက်ပြီးနောက် တိုးတိတ်စွာဖြင့် မေးလိုက်သည်။
"ရှောင်ကျို့ ငါတို့ဆီမှာ ပိုက်ဆံရှိလို့လား ပိုက်ဆံမရှိဘဲ အဝတ်အစားတွေကို ဘယ်လိုလုပ် ဝယ်မှာလဲ"
ထိုစကားကို ကြားသောအခါ သူမမှ မျက်လုံးအား လှန်ကြည့်လိုက်ကာ ပြန်ပြောလိုက်သည်။
"ဘာလို့ ညီမလေးမှာ ပိုက်ဆံမရှိရမှာလဲ စိတ်မပူပါနဲ့ ညီမမှာ ရှိပါတယ်"
ထိုသို့ ပြောပြီးနောက် သူမ၏ ခါးတွင် ချိတ်ဆွဲ ထားသော အိတ်ငယ်လေးအား လှုပ်ယမ်းပြကာ ပြောလိုက်သည်။
"လာပါ ဝတ်စုံတစ်စုံမပြောနဲ့ ဆယ်စုံတောင် ပြဿနာမရှိဘူး"
သူမတွင် ပိုက်ဆံရှိကြောင်း ကြားသောအခါ ကွမ်ရှီးလင်၏ ပါးစပ်မှာ အပြုံးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ထိုသူနှစ်ဦးသည် အဝတ်အစားများ ရောင်းချသည့် ဆိုင်အတွင်းသို့ အတူတကွ ဝင်ရောက် သွားကြလေတော့သည်။
"အစ်ကိုကြီး ဒါလေး ဝတ်ကြည့် ဒီဟာက အစ်ကိုနဲ့ လိုက်တယ်"
သူမသည် အတော်လေး အရည်အသွေး ကောင်းမွန်သော အနက်ရောင် ဝတ်ရုံရှည် တစ်ထည်အား ကောက်ယူကာ သူ့အား စမ်းဝတ်ကြည့်ရန် ပေးလိုက်လေသည်။
"အဆင်ပြေပါတယ် အဲ့ဒါပဲ ယူလိုက်မယ်"
သူသည် မည်သည့်ကန့်ကွက်မှုမျှ မရှိဘဲ အဝတ်အစားအား ယူကာ စမ်းဝတ်ကြည့်ရန် အတွင်းဘက်သို့ လျှောက်သွားလိုက်တော့သည်။ ခဏအကြာတွင် သူသည် အဝတ်လဲ ပြီးနောက် ပြန်ထွက်လာလေရာ ဖုန်းကျို့သည် သူမကိုယ်တိုင် အတွက် ယောကျ်ားလေး အဝတ်အစားများအား ရွေးချယ်နေသည်ကို မြင်လိုက်ရသဖြင့် ပြောလိုက်သည်။
"ရှောင်ကျို့ မင်းက ဘာလို့ ယောကျ်ားလေး အဝတ်အစားတွေကို ရွေးနေတာလဲ ငါတို့ မြို့ထဲကို ပြန်ရောက်နေပြီ ဆိုတော့ မင်း ယောကျ်ားလေးလို ဝတ်နေစရာ မလိုတော့ဘူးလေ ဂါဝန်ဝတ်ပါလား မိန်းကလေးတွေက ပိုပြီးလှပစေတဲ့ ဂါဝန်တွေကိုပဲ ဝတ်သင့်တယ်"
အဘယ်ကြောင့်ဆိုသော် အိမ်တွင် သူ၏ မိသားစု နှင့်အတူ ရှိစဉ် အချိန်များတွင် အမျိုးသမီးများ အားလုံးသည် ဂါဝန် ဝတ်ရသည်အား နှစ်သက်ကြပြီး ၎င်းတို့အား ဝယ်ယူသည့် အကြိမ်တိုင်းတွင် အမြဲတမ်း ဆယ်ထည်ထက် မနည်း ဝယ်ယူလေ့ ရှိကြပေသည်။ ထိုအချက်အား ချုံငုံကြည့်လျှင် သူ၏ ညီမငယ်လေးသည်လည်း ဂါဝန်ကိုသာ ဝတ်ဆင်သင့်ပြီး သူတောင်းစားလေး တစ်ယောက်လို အမြဲတမ်း နေထိုင်ခြင်း မပြုသင့်ဟု သူ့ကို တွေးမိစေခဲ့ခြင်း ဖြစ်သည်။
"ယောကျ်ားလေး အဝတ်အစားတွေက အဆင်ပြေတယ်"
သူမ ဖြေကြားလိုက် ပြီးနောက် သူမ ရွေးချယ်ထားသော ဝတ်စုံ အနည်းငယ်အား ဆိုင်ရှင်ထံသို့ ပေးကမ်းရန် ပြင်လိုက်ချိန်တွင် သူမသည် အမျိုးသမီး အဝတ်အထည်များရှိရာ နေရာဆီသို့ ဆွဲခေါ်ခံလိုက်ရကာ သူသည် ဆိုင်ရှင်အား အော်ခေါ်လိုက်လေတော့သည်။
"ဒီကို လာခဲ့ဦး ကျွန်တော့်ကို ဒီတစ်ထည်ရယ် ဒီတစ်ထည်ရယ် ဟိုတစ်ထည်ရယ် ယူခဲ့ပေး ပြီးတော့ ကျွန်တော့် ညီမလေးကို ပေးလိုက်ပါ"
သူ့အား ကြည့်ရင်းဖြင့် ဖုန်းကျို့မှာ ရယ်ရခက် ငိုရခက် ဖြစ်နေတော့သည်။ သို့သော် ခေတ္တမျှ ထပ်မံ စဉ်းစားပြီးနောက် သူမ အလျှော့ ပေးလိုက်တော့သည်။ ယခု သူတို့သည် မြို့တစ်မြို့တွင် ရောက်ရှိနေပြီ ဖြစ်ပြီး သူမသည် သူတောင်းစားလေးကဲ့သို့ အဝတ်အစားများအား ဝတ်ဆင်ထားရန် မလိုအပ်တော့ပေ။ သို့ဆိုလျှင် အမျိုးသမီး အဝတ်အစားများကို ပြန်လည် ဝတ်ဆင်ခြင်းသည် မည်သည့်အတွက် အန္တရာယ်ရှိ နိုင်မည်နည်း။
"ဟိုဘက်မှာရှိတဲ့ အနီရောင် ဝတ်စုံတွေကို ယူခဲ့ပေးပါ"
သူမသည် ဘေးတွင် ရပ်နေသော ဆိုင်ရှင်အား ရုတ်တရက် လှမ်းပြောလိုက်တော့သည်။
"ရပါတယ် ရပါတယ်"
ဆိုင်ရှင်သည် ညစ်ပတ်နေသည့် သူတောင်းစားလေးမှာ အမှန်တကယ်တော့ မိန်းကလေးတစ်ဦး ဖြစ်ကြောင်း သတိ မထားမိခဲ့သော်လည်း အနီရောင် ဝတ်စုံများအား အလျင်အမြန် ယူဆောင် လာပေးခဲ့လေသည်။
"မျက်နှာဖုံး ဇာပုဝါတွေ ရှိလား အနီရောင် မျက်နှာဖုံး ဇာပုဝါ နည်းနည်းလောက် ပေးပါ"
သူမသည် ဆိုင်ရှင်အား ညွှန်ကြားရင်း ကွမ်ရှီးလင် အတွက် နောက်ထပ် အထည် အနည်းငယ်ကို ရွေးချယ်ပေးလိုက်ကာ သူမ၏ ငွေတုံးအား ထုတ်ယူပြီး ပြောလိုက်သည်။
"ငွေရှင်းမယ်"
"ရှောင်ကျို့ မင်း အဝတ်အစား မလဲတော့ဘူးလား"
သူမမှ ပြုံးကာ ပြောလိုက်သည်။
"အစ်ကိုကြီးက အဝတ်အစားသစ်တွေကို လဲလိုက်လေ ကျွန်မ ဝတ်ထားတဲ့ အဝတ်အစားတွေက စုတ်ပြဲနေတာ မဟုတ်ဘူး ညစ်ပတ်နေရုံလေးပါ နောက်မှ တည်းခိုခန်းတစ်ခု ရှာပြီး ကျွန်မ အရင်ဆုံး ရေချိုးလိုက်မယ် ပြီးမှ လဲဝတ်လိုက်မယ် မဟုတ်ရင် အဝတ်အစားသစ်တွေနဲ့ နေရထိုင်ရ အဆင်မပြေ ဖြစ်နေလိမ့်မယ်"
"အဲ့ဒါလည်း ဟုတ်တာပဲ"
ကွမ်ရှီးလင်မှ ခေါင်းညိတ် ပြလိုက်ကာ သူတို့သည် တည်းခိုခန်း တစ်ခုအား ရှာဖွေရန် ထွက်ခွာခဲ့ကြတော့သည်။
"ရှောင်ကျို့ မင်း အရင်သွားပြီး ရေချိုးလိုက် အစ်ကိုကြီးက မင်းအတွက် တံခါးစောင့်ပေးမယ်"
အခန်းပြင်ပတွင် ကွမ်ရှီးလင်သည် သူမအတွက် တံခါးစောင့် နတ်မင်း တစ်ပါး အဖြစ် ရပ်စောင့် ပေးရန် ရည်ရွယ်ကာ သူမ၏ အခန်းတံခါးရှေ့တွင် နေရာယူလိုက်တော့သည်။
သူမ၏ တံခါးရှေ့တွင် နေရာယူကာ ခိုင်မာသော ရပ်တည်ချက်အား ယူထားသည်ကို မြင်သောအခါ ဖုန်းကျို့မှာ မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသည်။
"မလိုပါဘူး ဒါက တည်းခိုခန်းလေ ကျွန်မ တံခါးပိတ်ထားလိုက်ရုံပဲ အစ်ကိုကြီး စောင့်ပေးနေစရာ မလိုပါဘူး အစ်ကိုကြီးလည်း သွားပြီး ရေချိုးလိုက်ဦးလေ ကျွန်မ ဗိုက်အရမ်းဆာနေပြီ ပြီးတာနဲ့ ငါတို့ တစ်ခုခု သွားစားကြမယ်"
သူမ ထိုစကားများအား ပြောရင်း ကွမ်ရှီးလင်ကို ဘေးခန်းအတွင်းသို့ တွန်းပို့လိုက်တော့သည်။ ဖုန်းကျို့မှ ဗိုက်ဆာနေကြောင်း ပြောသည်အား ကြားသောအခါ ကွမ်ရှီးလင်တွင် အလျှော့ပေးရုံ မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
"ကောင်းပြီလေ တံခါးကို ပိတ်ထားဖို့ မမေ့နဲ့ အစ်ကိုကြီး ရေချိုးပြီးတာနဲ့ မင်းကို အပြင်ဘက်ကနေ စောင့်နေမယ်"
"အင်း"
သူမမှ အလွယ်တကူ သဘောတူလိုက် ပြီးနောက် သူမ၏ အခန်းအတွင်းသို့ ဝင်သွားလိုက်ကာ တံခါးအား တင်းကြပ်စွာ ပိတ်လိုက်တော့သည်။ ထို့နောက် သူမအတွက် ရေချိုးရန် ရေများ ပြင်ဆင် ထားသော အခန်းနှင့် ကပ်လျပ် ရှိသည့် နေရာသို့ ဝင်ရောက်သွားတော့သည်။
တစ်စုံတစ်ဦး၏ အစ်ကိုကြီး အဖြစ် ပထမဆုံး အကြိမ် နေထိုင်ရသောကြောင့် ဖြစ်နိုင်သည် ကွမ်ရှီးလင်သည် ဖုန်းကျို့အပေါ် အလွန်တရာ ကာကွယ်ပေးလိုစိတ် ပြင်းပြနေခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် သူမသည် မိန်းကလေးတစ်ဦး ဖြစ်ကြောင်း သိရှိ ပြီးနောက်တွင် ပို၍ပင် ဆိုးရွားလာတော့သည်။
သူ၏ ရေချိုးခြင်းအား အလျင်အမြန် ပြီးစီးစေပြီးနောက် အဝတ်အစားများအား ကမန်းကတန်း ဝတ်ဆင်လိုက်ကာ သူ၏ ဘေးခန်းရှိ တံခါး အပြင်ဘက်တွင် အစောင့်အဖြစ် ရပ်နေရန် ချက်ချင်း ထွက်လာခဲ့တော့သည်။ ထိုအပြုအမူသည် ဖြတ်လျှောက် သွားသော အခြား ဧည့်သည်များထံမှ စပ်စုလိုသော အကြည့်များကို ရရှိစေခဲ့သည်။
ဖုန်းကျို့ ရေချိုးရန် ကြာမြင့်သော အချိန်မှာ ထိုမျှလောက် တိုတောင်းသော ကာလတစ်ခု မဟုတ်ချေ။ အခန်းတံခါး အတွင်းဘက်မှ မပွင့်လာမီ အချိန်တစ်နာရီခန့် ကြာမြင့်ခဲ့လေသည်။
ကွမ်ရှီးလင်သည် သူ၏ အနောက်တွင် တံခါး ပွင့်လာသံအား ကြားလိုက်ရပြီး အတွင်းဘက်သို့ လှည့်ကြည့် လိုက်သောအခါ သူ၏ မျက်လုံးများမှာ အလိုအလျောက် အလွန်အမင်း ပြူးကျယ်သွားခဲ့ကာ မျက်လုံးထဲရှိ အံ့အားသင့်မှုနှင့် ယုံကြည်နိုင်စရာ မရှိမှုတို့သည် သူ၏ မျက်နှာပေါ်တွင် အပြည့်အဝ ပေါ်လွင်နေတော့သည်။
"ရှောင် ရှောင်ကျို့ လား"
"အင်း"
ဖုန်းကျို့မှ ပြန်ဖြေလိုက်ပြီးနောက် အနီရောင် မျက်နှာဖုံး ဇာပုဝါအောက်ရှိ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် မြင့်တက် သွားခဲ့ကာ အပြုံးတစ်ခု ပွင့်လန်းလာတော့သည်။
သူမ၏ မျက်နှာသွင်ပြင် ပျက်စီး နေသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အလွန်တရာ ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သည်။ မျက်စိကျ လောက်အောင် လှပသော အနီရောင် ဂါဝန်အား အလွန်လိုက်ဖက်စွာ ဝတ်ဆင်ထားပြီး သူမ၏ သွယ်လျ ရှည်လျားသော ခန္ဓာကိုယ် ကောက်ကြောင်းများသည် တောက်ပသော နေဝင်ဆည်းဆာ အလား တည့်တည့် မကြည့်ဝံ့လောက်အောင် လှပလွန်းလှနေခဲ့သည်။
သူမ၏ မျက်နှာအား ဖုံးကွယ်ထားသော အနီရောင် ဇာပုဝါသည် နက်နဲ ဆန်းကြယ်သည့် ခံစားချက်ကို ထပ်လောင်းပေးဆောင်သည့် အပြင် သူမ၏ တစ်ကိုယ်လုံးမှ ထိုဆန်းကြယ်သော ခံစားချက်အား ထပ်မံ ထုတ်လွှတ် ပေးနေခဲ့သည်။ ၎င်းသည် လူအများအား ဇာပုဝါအောက်တွင် ဖုံးကွယ်နေသော အလှတရားကို ခိုးကြည့်ချင်စိတ်များ ဖြစ်ပေါ် လာစေသော်လည်း ဇာပုဝါအား ဖောက်ထွင်း၍ မမြင်နိုင်ကြချေ။
အနီရောင် ဝတ်စုံ အပြည့်အစုံကို ဆင်ယင်ထားသဖြင့် သူမသည် ညှို့ယူ ဖမ်းစားနိုင်စွမ်းရှိပြီး ဆွဲဆောင်မှု အပြည့်ရှိကာ တစ်ချိန်တည်းမှာပင် ရိုင်းစိုင်းကြမ်းတမ်းပြီး မျက်စိကျစရာ ကောင်းနေခဲ့လေသည်။
အထူးသဖြင့် ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးများ၏ ရှက်ရွံ့နူးညံ့သည့် အမူအရာမျိုးနှင့် မတူဘဲ ဆီးနှင်းများကြားမှ အနီရောင် မက်မွန်ပွင့်လေးကဲ့သို့ အေးစက်စက် မာန ထောင်လွှားမှုများသည် သူမဆီမှ ထွက်ပေါ်နေလျှက် ရှိကာ အောင်နိုင်သူ တစ်ဦး၏ မွေးရာပါ ပိုင်ဆိုင်ထားသော မြင့်မြတ်သည့် ဂုဏ်ကျက်သရေမျိုးနှင့်လည်း ပြည့်စုံနေခဲ့ပေသည်။
သူ၏ မျက်စိရှေ့ရှိ အနီရောင်ဖြင့် အလှတရားအား မြင်သောအခါ ကွမ်ရှီးလင်မှာ အချိန် အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်သွားပြီးနောက် သူပိုင်ဆိုင် ထားသော ညီမလေးသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် လှပလွန်းလှသည်ဟုသာ တွေးတောနေမိတော့သည်။
သို့သော် သူမ၏ နောက်ကျောတွင် ဖြာကျနေသော နူးညံ့ပျော့ပျောင်းလှသည့် ဆံပင်များအား အနီရောင် ပိုးဖဲကြိုးလေးဖြင့် ခပ်လျော့လျော့ စည်းနှောင်ထားပြီး မျက်နှာဘေး တစ်ဖက် တစ်ချက် စီတွင် တွဲလောင်းကျနေသော ဆံနွယ်လေးများအား မြင်လိုက်ရခြင်းသည် ဆွဲဆောင်မှုရှိပြီး ညှို့ယူဖမ်းစားနိုင်သော မြင်ကွင်းအား ပိုမိုထင်ရှား ပီပြင် စေခဲ့သည်။ ဇာပုဝါ၏ အထက်တွင် ပေါ်လွင်နေသော မျက်လုံးများမှာ ထိုအချိန်၌ ပြုံးယောင်သန်းလျှက် အနည်းငယ် ကျဉ်းမြောင်းနေခဲ့ကာ မျက်ခုံးများမှာ ယုံကြည်မှုနှင့် တက်ကြွမှုများအား ထုတ်လွှတ်နေခဲ့သည်။
သူ မြင်တွေ့နေရသော အရာသည် သူ အမြဲတမ်း မြင်တွေ့နေကျ ညစ်ပတ်ပေရေနေသော သူတောင်းစား ကလေးမလေးနှင့် သူမအား ဆက်စပ် တွေးတောရန် အမှန်တကယ်ပင် မဖြစ်နိုင်တော့ သကဲ့သို့ ခံစားရစေသည်။
"ရှောင်ကျို့ မင်းက တကယ်ကို လှတာပဲ နတ်သမီးတွေတောင် မင်းလောက် မလှဘူး ဟီး ဟီး"
သူ၏ ပါးစပ်သည် အူကြောင်ကြောင် အပြုံးကြီး တစ်ခု အဖြစ် ပြဲကားသွားပြီးနောက် ဤမျှ လှပသော မိန်းကလေးမှာ သူ၏ ညီမ ဖြစ်ကြောင်း တွေးမိသောအခါ သူ၏ နှလုံးသားသည် ဂုဏ်ယူမှုများဖြင့် ရုတ်တရက် ပြည့်လျှံသွားခဲ့တော့သည်။
"သွားကြစို့"
သူမမှ သဲ့သဲ့လေး ရယ်မောကာ ပြောလိုက်သည်။ အမျိုးသမီး အဝတ်အစားများအား ဝတ်ဆင်ထားခြင်းဖြင့် အောက်ထပ်သို့ ဆင်းရန် ပြင်လိုက်ချိန်တွင် သူမအား အတော်လေး ကောင်းမွန်သော စိတ်အခြေအနေကို ရရှိစေခဲ့သည်။
"အို ကောင်းပြီလေ"
သူသည် သူမ၏ နောက်သို့ အမီလိုက်ရန် အလျင်အမြန် သွားလိုက်ပြီးနောက် တစ်ခုခုကို စဉ်းစား မိသွားဟန်ဖြင့် ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်တေ့ာသည်။ ထင်ထားသည့် အတိုင်းပင် အောက်ထပ်ရှိ အမျိုးသားများ အားလုံးသည် သူ၏ ညီမလေးအား အံ့အားသင့်စွာဖြင့် ကြောင်ငေး ကြည့်နေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းအား မြင်သောအခါ သူ၏ ရင်ထဲတွင် ဂုဏ်ယူမှုကို ခံစားရသည့် အပြင် ရှောင်ကျို့၏ မျက်နှာပေါ်ရှိ ထိုအမာရွတ်များအား ဖယ်ရှားပစ်ရန် နည်းလမ်း တစ်ခုကို သေချာပေါက် ရှာဖွေမည်ဟု သူ၏ ရင်ထဲတွင် တိတ်တဆိတ် သစ္စာဆိုလိုက်တော့သည်။
ထိုသူနှစ်ဦး တည်းခိုခန်းထဲမှ ထွက်ခွာသွားချိန် အထိ အတွင်းဘက်ရှိ အမျိုးသားများသည် ရုတ်တရက် သတိပြန်လည် မလာကြသေးချေ။
"အရမ်းလှတာပဲ အဲ့ဒီအမျိုးသမီးက ဘယ်သူလဲ ဒီလောက် ညှို့ယူဖမ်းစားနိုင်တဲ့ အလှပိုင်ရှင်က ငါတို့မြို့ကို ဘယ်တုန်းက ရောက်လာတာလဲဟ"
တစ်ချိန်တည်းမှာပင် တည်းခိုခန်း၏ မျက်နှာချင်းဆိုင်ရှိ စားသောက်ဆိုင် တစ်ခု၌ ပြတင်းပေါက်နားတွင် ရပ်နေသော မူရုံယီရွှမ်းသည် အနီရောင် ပုံရိပ်လေး ဖြတ်လျှောက် သွားသည်အား မြင်လိုက်ရပြီးနောက် သူ၏ မျက်လုံးများတွင် ရုတ်တရက် နားမလည်နိုင်မှုများ ဖြစ်ပေါ်လာခဲ့တော့သည်။
‘ဘာကြောင့်များ အဲ့ဒီလူရဲ့ ကျောပြင်က ဒီလောက်တောင် ရင်းနှီးနေသလို ခံစားနေရတာလဲ’